ထိုကျွန်းသည် နီးကပ်လာသည်နှင့်အမျှ ရှောင်းယီသည် ၎င်းမှာ လုံးဝခြောက်သွေ့ခြင်းအတိပြီးနေသည်ကို တွေ့လိုက်ရ၏ ကျွန်းတစ်ကျွန်းလုံး၏ အရောင်မှာလည်း အမည်းရောင်ဖြစ်နေခဲ့သည်။
ကျွန်းပေါ်ရှိ သစ်ပင်များမှာလည်း အမည်းရောင်ဖြစ်နေပြီး အများစုမှာ ခြောက်သွေ့နေကာ သက်ရှိအငွေ့အသက်ဟူ၍ အစအနမျှပင် မရှိချေ။
ထို့အပြင် ကျွန်းတစ်ကျွန်းလုံးမှာ ထိတ်လန့်စဖွယ်ကောင်းလောက်အောင် အလွန်တရာ ငြိမ်သက်နေခဲ့သည်။
ရှောင်းယီဘက်မှ စစ်သည်များမှာ တစ်ဖက်ရှိ မြင်ကွင်းကို ကြည့်ရင်း တံတွေးကို ခက်ခက်ခဲခဲ မျိုချကာ လေသံတိုးတိုးဖြင့် တီးတိုးပြောဆိုနေကြ၏။
“ဒါက ဘာကျွန်းကြီးလဲ။ ဘာလို့ သစ်ပင်တွေအကုန် သေနေရတာလဲ။”
“ဟုတ်တယ်။ ဒီကျွန်းက ကြည့်ရတာ တကယ် ကြောက်စရာကောင်းတာပဲ။”
“ဒီမှာ ဟော်ရာရုပ်ရှင်ရိုက်မယ်ဆိုရင် နောက်ခံတောင် ပြင်စရာမလိုဘူးလို့ ငါခံစားရတယ်။”
ကျွန်းသည် ပိုမိုနီးကပ်လာသည်နှင့်အမျှ ပုပ်စပ်စပ်အနံ့တစ်ခု လွင့်ပျံလာခဲ့သည်။
ရှောင်းယီနှင့် ကျန်သူများအားလုံး မျက်မှောင်ကျုံ့လိုက်မိကြသည်။
“ဒီအနံ့က အရမ်းနံတာပဲ။”
“ဟုတ်တယ်။ အသားတွေ အကြာကြီးပစ်ထားလို့ လုံးဝပုပ်သိုးသွားတဲ့ အနံ့မျိုးပဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
ဒုတ်
အသံတိုးတိုးလေးနှင့်အတူ ထိုကျွန်းသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အနောက်ဘက်ကျွန်းနှင့် လာရောက်တိုက်မိသွားခဲ့တော့သည်။
ငလျင်လှုပ်သကဲ့သို့ မဖြစ်ခဲ့ဘဲ မည်သူမျှ ဘာမှမခံစားလိုက်ရဘဲ ကျွန်းနှစ်ကျွန်းမှာ ရိုးရိုးလေးပင် ချိတ်ဆက်သွားခဲ့၏။
ရှောင်းယီတို့အဖွဲ့ ဆယ်မိနစ်ခန့် စောင့်ကြည့်နေခဲ့သော်လည်း တစ်ဖက်ကျွန်းတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသေးချေ။
“ကျွန်းပိုင်ရှင် ငါတို့ တက်ကြည့်သင့်လား။”
ကျန်းယွင်ထျန်းက လေသံတိုးတိုးဖြင့် အကြံပြုလိုက်သည်။
ရှောင်းယီက ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။ တစ်ဖက်အခြေအနေကို မသိရသေးဘဲ စွန့်စားတက်သွားခြင်းမှာ အကြံကောင်းမဟုတ်ချေ။
“ကျွန်းကို အရင်စောင့်ကြည့်ထားလိုက်ပါ။ အပေါ်ကို မတက်နဲ့ဦး။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် လက်အောက်ခံကျွန်း (၈) ကျွန်း၏ ဂရုချတ်ထဲသို့ ဖုန်းဖြင့် မက်ဆေ့ခ်ျပို့လိုက်သည်။
“အားလုံးပဲ သတိထားကြ။ မင်းတို့ကျွန်းတွေဆီကို ချဉ်းကပ်လာတဲ့ ကျွန်းအရေအတွက်နဲ့ ဘယ်လောက်ကြာရင် ထိတွေ့မလဲဆိုတာကို အစီရင်ခံကြပါ။”
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလာခဲ့ကြသည်။
“မဟာမိတ် အရှေ့ဘက်ကျွန်း: ကျွန်းနှစ်ကျွန်း ချဉ်းကပ်လာနေပါတယ်။ တစ်ကျွန်းက နှစ်နာရီလောက်ကြာမှာဖြစ်ပြီး နောက်တစ်ကျွန်းက ငါးနာရီလောက် ကြာပါလိမ့်မယ်။”
“မဟာမိတ် တောင်ဘက်ကျွန်း: ကျွန်းတစ်ကျွန်း ချဉ်းကပ်နေပါတယ်။ ခြောက်နာရီလောက် ကြာပါလိမ့်မယ်။”
“မဟာမိတ် အရှေ့တောင်ဘက်ကျွန်း: ဘာကျွန်းမှ ချဉ်းကပ်ခြင်းမရှိသေးပါ။”
ဤမက်ဆေ့ခ်ျကို ပို့လိုက်သောအခါ အခြားကျွန်းမှ တာဝန်ခံများမှာ မနာလိုဖြစ်သွားခဲ့ကြသည်။
“ဘာဖြစ်တာလဲ။ မဟာမိတ် အရှေ့တောင်ဘက်ကျွန်းကို ဘာလို့ ကျွန်းတစ်ကျွန်းမှ မလာတာလဲ။”
“အမျိုးသမီးတွေမှာ ဒီလောက်တောင် အားသာချက်ရှိတာလား။”
မဟာမိတ် အရှေ့တောင်ဘက်ကျွန်း၏ တာဝန်ခံမှာ ဝမ်ရှင်းဖြစ်သည်။ ၎င်းသည် ရှောင်းယီထံ ခိုလှုံလာခဲ့သည့် ကောင်းကင်တစ်ဝက်မဟာမိတ်အဖွဲ့ဟောင်းဖြစ်ပြီး ကျွန်းပေါ်ရှိ လူ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများ ဖြစ်ကြသည်။
ယခုအခါ ကျွန်းများအကြား ကူးလူးဆက်ဆံမှု များပြားလာသဖြင့် လူအများအပြားမှာ ထိုကျွန်းသို့ သွားရောက်အခြေချကြ၏။ အကြောင်းမှာ လူပျို၊ အပျိုဘဝမှ လွတ်မြောက်ရန် အခွင့်အလမ်း ပိုများသောကြောင့်ပင်။
“အားလုံးပဲ တခြားအကြောင်းတွေ ခဏရပ်ထားကြပါ။ ကျန်တဲ့ကျွန်းတွေ ဆက်ပြီး အစီရင်ခံပါ။”
“ဟုတ်ကဲ့၊း မဟာမိတ် မြောက်ဘက်ကျွန်း:...”
လူတိုင်း၏ အစီရင်ခံစာများအရ ကျွန်းတိုင်းမှာ ချဉ်းကပ်လာသည့်ကျွန်းများနှင့် ကြုံတွေ့ရသည်မဟုတ်ဘဲ အရေအတွက်လည်း မတူညီကြောင်း ရှောင်းယီ သိလိုက်ရသည်။
လက်ရှိတွင် အများဆုံးမှာ ကျွန်းနှစ်ကျွန်းသာ ဖြစ်သည်။
“မင်းတို့ဆီကို လာနေတဲ့ ကျွန်းတွေကို သေချာစောင့်ကြည့်ထားပါ။ အခု ငါတို့ဆီရောက်နေတဲ့ ကျွန်းတွေကို ဖြေရှင်းပြီးမှ မင်းတို့ဆီက ကျွန်းတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆုံးဖြတ်မယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် အန်းယွဲ့ကို ဖုန်းဆက်ကာ မေးလိုက်သည်။
“ဦးလေးအန်း ပင်မကျွန်းဆီကို ချဉ်းကပ်လာတဲ့ ကျွန်းတွေ မရှိဘူးမလား။”
“မရှိပါဘူး။”
“ကောင်းပြီ။ ကင်းလှည့်တာကို တိုးမြှင့်ထားပါ။ ဘယ်ကျွန်းကိုမှ လွတ်မသွားစေနဲ့။”
ဖုန်းချပြီးနောက် ရှောင်းယီသည် မိမိတို့ကျွန်းနှင့် ထိကပ်နေသော ကျွန်းပျက်ကြီးကို ကြည့်ကာ တစ်စုံတစ်ခုကြောင့် စိတ်ထဲတွင် သက်သောင့်သက်သာမရှိ ဖြစ်နေမိလေသည်။
“မင်းရော တစ်ခုခု နေလို့မကောင်းသလို ခံစားရလား။”
ရှောင်းယီက ကျန်းယွင်ထျန်းကို မေးလိုက်သည်။
“နေလို့မကောင်းတာလား။”
ကျန်းယွင်ထျန်းသည် ခဏတာကြောင်အသွားပြီးမှ သေချာအာရုံခံကြည့်ကာ ခေါင်းခါပြလိုက်သည်။
“မခံစားရပါဘူး။”
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်၏။ သူ အကြည့်လွှဲမည်အပြုတွင် ကမ်းခြေရှိ မြက်ပင်လေးများ ညှိုးနွမ်းသွားသည်ကို ရုတ်တရက် မြင်လိုက်ရလေသည်။
“မဟုတ်ဘူး။ အဲ့ဒီကျွန်းက သေခြင်းတရား အငွေ့အသက်တွေက ငါတို့ကျွန်းကို တိုက်စားနေတာပဲ။”
ရှောင်းယီ ချက်ချင်း ပြောလိုက်၏။ ရှောင်းယီ၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ ကျန်းယွင်ထျန်းသည်လည်း ကမ်းခြေရှိ မြက်ပင်များ အခြေအနေကို မြင်သွားခဲ့လေသည်။ သူက မျက်မှောင်ကျုံ့ကာ မေးလိုက်၏။
“ငါတို့ ဘာလုပ်သင့်လဲ။”
ရှောင်းယီ ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ငါအပေါ်တက်ပြီး ကြည့်လိုက်ဦးမယ်။”
“ဒါက အရမ်းအန္တရာယ်များတယ် ကျွန်းပိုင်ရှင် ကျုပ်ကို သွားခွင့်ပြုပါ။”
ကျန်းယွင်ထျန်းက ချက်ချင်း ကန့်ကွက်လိုက်၏။
ဘေးမှ ပိုင်ချီကလည်း ကန့်ကွက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ဒါက အနောက်ဘက်ကျွန်းရဲ့ တိုက်ပွဲပါ။ ကျုပ် သွားတာ ပိုကောင်းပါတယ်။”
ပိုင်ချီသည် အနောက်ဘက်ကျွန်း၏ တာဝန်ခံဖြစ်သည်။ အနောက်ဘက်ကျွန်းသည် တိုက်ပွဲအတွက် အသက်ရှင်သူများ ဖြစ်သဖြင့် လက်အောက်ခံကျွန်း ၈ ကျွန်းတွင် တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးပင်။
ရှောင်းယီက ခေါင်းခါယမ်းလိုက်သည်။
“ဒီလို အမည်မသိကျွန်းမျိုးမှာ ရန်သူရဲ့အဆင့်ကိုတောင် ငါတို့ မသိသေးဘူး။ ငါအရင်သွားကြည့်တာ ပိုကောင်းတယ်။ စိတ်မပူပါနဲ့။ ငါ ကိုယ်ကျပ်ဝတ်စုံ ဝတ်သွားမှာပါ။”
ရှောင်းယီမှာ SSS အဆင့် ရှိနေပြီဖြစ်ပြီး SSS အဆင့် ကိုယ်ကျပ်ဝတ်စုံပါ ထပ်ပေါင်းလိုက်လျှင် ရန်သူမှာ SSS အဆင့်ထက် မကျော်သရွေ့ အသက်အန္တရာယ် မရှိနိုင်ချေ။
ဤသည်မှာ ကမ္ဘာ့စည်းမျဉ်းများ၏ စမ်းသပ်မှုတစ်ခုသာဖြစ်သောကြောင့် SSS အဆင့်ထက် ကျော်လွန်နေသည့် ရန်သူမျိုး မရှိနိုင်ဟု ရှောင်းယီ ယုံကြည်ပေသည်။ သို့မဟုတ်ပါက မည်သည့်မဟာမိတ်အဖွဲ့မျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ကာ “ဂရုစိုက်ပါ” ဟု တိုက်တွန်းလိုက်၏။
ရှောင်ယိသည် ဝတ်စုံကိုဝတ်ကာ လက်တစ်ဖက်တွင် ရွှမ်းယွမ်ဓားနှင့် အခြားတစ်ဖက်တွင် ခြောက်လုံးပြူးသေနတ်ကို ကိုင်ကာ ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်သွားခဲ့သည်။
ကျွန်းနှင့် နီးကပ်လာလေလေ ရှောင်းယီ ပို၍ မသက်မသာ ဖြစ်လာလေလေပင်။
၎င်းမှာ သူ မကြာသေးမီက လေ့လာနေသော တာအိုတရားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ဖြစ်နိုင်ပေသည်။
ရှောင်းယီသည် ထိုကျွန်း၏ မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်းသည် ရုတ်တရက် လှုပ်ရှားလာပြီး မြေကြီးထဲမှ အရိုးစုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။
ညသန်းခေါင်ယံအချိန်တွင် ထိုကဲ့သို့ မြင်ကွင်းမျိုးကို မြင်လိုက်ရရာ လူတိုင်း၏ နှလုံးခုန်သံများ မြန်ဆန်သွားခဲ့၏။
ရှောင်းယီသည် မဟာမိတ်ကျွန်းဘက်သို့ ချက်ချင်း ပြန်ဆုတ်လာခဲ့သည်။
ထွက်ပေါ်လာသော အရိုးစုအချို့မှာ သူတို့၏ ပြောင်းပြန်တပ်ထားသော ခေါင်းများကို ၁၈၀ ဒီဂရီ လှည့်ကြည့်လိုက်ကြသည်။
အချို့က လက်တစ်ဖက်ဖြင့် မြေကြီးထဲမှ လက်ရိုးတစ်ခုကို တူးထုတ်ကာ မိမိကိုယ်ကိုယ် ပြန်တပ်နေကြ၏။
အချို့မှာမူ ကိုယ်ထည်စုံသော်လည်း လက်ထဲတွင် ခြေထောက်ရိုးတစ်ခုကို ကိုင်ကာ ရှောင်းယီထံ ပြေးလာကြပြီး သူတို့နောက်တွင် ခြေထောက်ရိုးပျောက်နေသည့် အရိုးစုတစ်ခုက တရွတ်တိုက် လိုက်လာနေခဲ့သည်။
“အရိုးစု (S အဆင့်): မသေမျိုး မျိုးနွယ်၊ ခေါင်းကို တိုက်ခိုက်ခြင်းဖြင့် သတ်ပစ်နိုင်သည်။”
စနစ်၏ လမ်းညွှန်ချက်ကို မြင်လိုက်ရသည်နှင့် ရှောင်းယီက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။
“သူတို့ခေါင်းတွေကို တိုက်....။”
“ဟုတ်ကဲ့။ အားလုံးပဲ...ခေါင်းကိုပဲ အဓိကထားပြီး ပစ်ကြ။”
ကျန်းယွင်ထျန်း၏အသံကို ကြားသည်နှင့် ကမ်းခြေတွင် ကြောင်အမ်းအမ်း ဖြစ်နေသော စစ်သည်များမှာ သတိပြန်ဝင်လာကြပြီး ၎င်းတို့လက်ထဲရှိ ရိုင်ဖယ်များဖြင့် မြေကြီးထဲမှ ထွက်လာသော အရိုးစုများ၏ ဦးခေါင်းများကို ပစ်ခတ်ခြေမှုန်းကြတော့သည်။
ဒိုင်း! ဒိုင်း! ဒိုင်း!
ထိုအရိုးစုများ၏ ဦးခေါင်းခွံမှာ မာကျောပုံမရဘဲ ကျည်ဆန်ထိသည်နှင့် ကြေမွသွားကြ၏။
ဦးခေါင်း ကြေမွသွားသော အရိုးစုများမှာလည်း ချက်ချင်းပင် မြေပေါ်သို့ ပြိုလဲကျကာ အရိုးပုံများ ဖြစ်သွားကြတော့သည်။
“ဆက်ပစ်ကြ...အရိုးစုတွေ အကုန်လုံးကို သတ်ပစ်။”
“ဟုတ်ကဲ့!”
ထိုအရိုးစုများကို သတ်နိုင်မှန်း သိသွားသောအခါ စစ်သည်များမှာ စိတ်လှုပ်ရှား တက်ကြွလာခဲ့ကြသည်။
စောစောက ခြေထောက်ရိုး ရှာမတွေ့သည့် အရိုးစုမှာလည်း ခြေထောက်ရိုး ပြန်ရသွားသည့် အခိုက်မှာပင် ကျည်ဆန်ထိမှန်ကာ ပျောက်ကွယ်သွားတော့သည်။
လူတိုင်း၏ တိုက်ခိုက်မှုအပြီးတွင် မြေကြီးထဲမှ ထွက်လာသမျှ အရိုးစုများအားလုံး အကုန်သန့်စင်သွားခဲ့၏။
ရှောင်းယီသည် ရှေ့ရှိကျွန်းပျက်ကြီးကို စိုက်ကြည့်ကာ မျက်မှောင်ကျုံ့၍ စဉ်းစားလိုက်မိသည်။
“ငါ အပေါ်ကို တက်နင်းလိုက်မှ သူတို့က နိုးထလာတာလား။”
***