ပြန်လည်ငြိမ်သက်သွားသော ရှေ့မှကျွန်းကို ကြည့်ရင်း ရှောင်းယီ မျက်မှောင်ကျုံ့ကာ စဉ်းစားနေမိသည်။
ထိုစဉ် ကျန်းယွင်ထျန်းက ရှေ့သို့လှမ်းလာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ဒီဖုတ်ကောင်သတ္တဝါတွေက တော်တော်လေး သာမန်ဖြစ်နေသလိုပဲ။”
“ဟုတ်တယ်။ သူတို့ရဲ့ အဆင့်က သိပ်မမြင့်ဘူး။ ဒါပေမဲ့ S အဆင့်တွေလည်း ပါတယ်။ တကယ်လို့ ငါတို့သာ သူတို့နဲ့ အနီးကပ် အမိခံလိုက်ရရင် ဒုက္ခရောက်သွားနိုင်တယ်။ ငါတို့မှာ ရှိတဲ့ လက်နက်တွေက ပိုသာနေလို့သာ ဒီလောက် လွယ်နေတာ။”
ရှောင်းယီက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
“ဒီအရိုးစုတွေက တကယ်ပဲ S အဆင့်တွေလား။”
ကျန်းယွင်ထျန်းက အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ခံစစ်က သိပ်မြင့်ပုံမရဘူး။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ပြီးတော့ မင်းမြင်တဲ့အတိုင်းပဲ။ ငါ အဲဒီအပေါ်ကို မတက်နင်းရင် အရိုးစုတွေက ထွက်မလာဘူး။ အဲဒီကျွန်းပေါ်ကို ခြေချလိုက်တာနဲ့ အဲဒီအရိုးစုတွေ ပေါ်လာတော့တာပဲ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“ငါလည်း တစ်ချက်လောက် စမ်းကြည့်ရင်ရော။”
“ကောင်းပြီ။ သတိထားဦး။ ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားလိုက်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ကောင်းပြီ။”
သတိထားတာ အကောင်းဆုံးပင်။
အဆုံးစွန်ပြောရလျှင် ဤသည်မှာ သေပြီးနောက် ပြန်ရှင်လာနိုင်သည့် ဂိမ်းတစ်ခု မဟုတ်ပေ။ ဤကမ္ဘာ၌ တစ်ခါသေလျှင် အမှန်တကယ်သေသွားမည် ဖြစ်သည်။
ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ပြီးနောက် ကျန်းယွင်ထျန်းသည် အနီးရှိ ကျွန်းပေါ်သို့ ဂရုတစိုက် လှမ်းတက်လိုက်၏။
ကျန်းယွင်ထျန်း ထိုကျွန်းပေါ် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မြေကြီးထဲမှ အရိုးစုများစွာ ထပ်မံတိုးထွက်လာခဲ့ပြန်သည်။
ယခုတစ်ကြိမ်တွင် ကျန်းယွင်ထျန်းသည် နောက်ဆုတ်မသွားဘဲ လက်ထဲရှိ ခြောက်လုံးပြူးသေနတ်ကို တိုက်ရိုက်အသုံးပြုလိုက်၏။
ဒိုင်း ဒိုင်း ဒိုင်း”
ခြောက်ချက်ဆက်တိုက် ပစ်ခတ်လိုက်ရာ အရိုးစု ခြောက်ကောင် ကျဆုံးသွားခဲ့သည်။ သို့သော် မြေကြီးထဲမှ အရိုးစုများက ပို၍ပို၍ တိုးထွက်လာနေဆဲပင်။
အဆုံးမရှိသယောင် တိုးထွက်လာနေသော အရိုးစုတန်းကြီးကို ကျန်းယွင်ထျန်း ကြည့်နေမိသည်။ သူ ဤကဲ့သို့မြင်ကွင်းမျိုးကို အကြိမ်ကြိမ် မြင်ဖူးသော်လည်း၊ တစ်ခါတစ်ရံ ကြောင်တောင်တောင်နိုင်ပြီး ချစ်စရာကောင်းသည်ဟု ထင်ရသော်လည်း အရေအတွက် အလွန်များပြားလွန်းသဖြင့် သူ့ဦးရေပြားများပင် စိမ့်တက်သွားရ၏။
ကျန်းယွင်ထျန်းသည် နောက်သို့ ချက်ချင်းခုန်ဆုတ်လိုက်ပြီး မဟာမိတ် အနောက်ဘက်ကျွန်း သို့ ပြန်ရောက်လာခဲ့သည်။
ထိုအခါမှသာ မြေကြီးထဲမှ အရိုးစုများ ထပ်ထွက်မလာတော့ဘဲ ထွက်နှင့်ပြီးသား ကောင်များက ကျန်းယွင်ထျန်းရှိရာသို့ လမ်းလျှောက်လာကြလေသည်။
“ပစ်!”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း
သေနတ်သံများ ဆူညံသွားပြီး ထွက်လာသမျှ အရိုးစုများအားလုံး ကြေမွသွားကြ၏။ ကျွန်းသည် တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားခဲ့ပြန်သည်။
“ဒီအကောင်တွေက အဆုံးမရှိ ထွက်နေမှာလား မသိဘူး။”
ကျန်းယွင်ထျန်းက အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“တကယ်လို့သာ အဆုံးမရှိ ထွက်နေမယ်ဆိုရင် ငါတို့ ဘယ်လိုတိုက်ရတော့မှာလဲ။”
ရှောင်းယီက ခေါင်းခါလိုက်သည်။ စနစ်က သူ့ကို ဘာအရိပ်အမြွတ်မှ ထပ်မပေးသေးပေ။
“နောက်မေးခွန်းတစ်ခုက တကယ်လို့ ငါတို့ အဲဒီကျွန်းပေါ် မတက်ရင် အရိုးစုတွေ ထွက်မလာဘူး မဟုတ်လား။ ဒါဆို ငါတို့ ဘာမှဖြစ်မှာ မဟုတ်ဘူးပေါ့။”
ကျန်းယွင်ထျန်းက သံသယဖြင့် မေးလိုက်သည်။
ထိုအခါ ရှောင်းယီက ကမ်းခြေရှိ မြက်ခင်းကို ညွှန်ပြလိုက်၏။ ညှိုးနွမ်းနေသော ဧရိယာက ပို၍ ပို၍ ကျယ်ပြန့်လာနေခဲ့သည်။
“ငါတို့ ဘာမှမလုပ်ဘဲ နေရင် အဲဒီကျွန်းပေါ်က သေခြင်းတရား စွမ်းအင်တွေက ငါတို့ကျွန်းကို အဆက်မပြတ် တိုက်စားသွားလိမ့်မယ်။ နောက်ဆုံး ငါတို့ကျွန်းက သေမင်းတမန် မြေရိုင်းကြီး ဖြစ်သွားတဲ့အထိပဲ။”
ရှောင်းယီက ပြောလိုက်၏။
ကျန်းယွင်ထျန်း နားလည်သွားသော်လည်း မကြာမီ ပြန်လည် ပဟေဠိဖြစ်သွားခဲ့ပြန်သည်။
“အရိုးစုတွေကို ကိုင်တွယ်ရတာက လွယ်ပါတယ်။ ထွက်လာတာနဲ့ ရိုက်ချလိုက်ရုံပဲ။ သူတို့က သွက်လက်မှု သိပ်မရှိတော့ ဒုက္ခမပေးနိုင်ဘူး။ ဒါပေမဲ့ ဒီသေခြင်းတရား စွမ်းအင်ကို ဘယ်လိုခုခံရမှာလဲ။”
ရှောင်းယီသည်လည်း ကျန်းယွန့်ထျန်း၏ မေးခွန်းကို အမြဲစဉ်းစားနေပြီး သေခြင်းတရား စွမ်းအင်ကို တားဆီးရန် နည်းလမ်းရှာနေခြင်းဖြစ်သည်။
“လောလောဆယ်တော့ နည်းလမ်းမရှိသေးဘူး။ အရင်စောင့်ကြည့်ကြတာပေါ့။”
ရှောင်းယီက အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။
“ငါ ဂရု ထဲသွားပြီး တခြားလူတွေ ဘယ်လိုရန်သူတွေနဲ့ ကြုံနေရလဲဆိုတာ သွားကြည့်လိုက်ဦးမယ်။”
“ဟုတ်ကဲ့။”
ရှောင်းယီသည် အနီးဆုံးရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားပြီး ယီထျန်းဂရုချက်သို့ ပြောင်းလိုက်သည်။
“သေစမ်း... ငါ ဘာတွေ မြင်နေရတာလဲ။ ကျွန်းတစ်ကျွန်းက ငါတို့ မဟာမိတ်ဆီကို ရွေ့လာနေတယ်။”
“အေး ငါလည်း မြင်တယ်။ ကျွန်းကြီးကို ကျောပေါ်တင်ထားတဲ့ လိပ်ကြီးတွေများပဲလား မသိဘူး။”
“မင်းကတော့ စိတ်ကူးယဉ်တာ လွန်ပြီ။ ဘာလိပ်မှ မမြင်ရဘူး။ ကျွန်းက ဒီတိုင်းကြီး ကပ်လာတာ။”
“ကိုယ့်လူတို့... ကျွန်းတစ်ကျွန်းက ကျုက်တို့ မဟာမိတ်ကျွန်းနဲ့ လာတိုက်မိသွားပြီ။”
“ပြီးတော့ရော။ ရန်သူတွေ ပါလား။ မြန်မြန်ပြောဦး။ ငါ ကြောက်နေပြီ။”
“ရန်သူတော့ ရှိပုံမရဘူး။ အခုထိတော့ စောင့်ကြည့်နေတုန်းပဲ။”
“တခြား ဘယ်သူတွေ အတိုက်ခိုက်ခံရသေးလဲ။”
ရှောင်းယီက ခဏစဉ်းစားပြီး ပြန်စာပို့လိုက်သည်။
“ငါတို့ဆီမှာလည်း ကျွန်းတစ်ကျွန်း လာတိုက်တယ်။”
“သူဌေး ပေါ်လာပြီ။ ဘာတွေဖြစ်နေတာလဲ မြန်မြန်ပြောပြပါဦး။”
“ဟုတ်တယ်။ ကျုပ် တော်တော်လန့်နေပြီ။ အခု ဘာလုပ်သင့်လဲ။ ကျွန်းပေါ်တက်ပြီး စူးစမ်းရမလား၊ ဒါမှမဟုတ် ဒီအတိုင်း နေလိုက်ရမလား။”
ထိုအခါ ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကျွန်းတစ်ခုချင်းစီရဲ့ အခြေအနေက တူမတူတော့ ငါမသိဘူး။ ဒါပေမဲ့ ငါကြုံရတဲ့ ကျွန်းပေါ်မှာတော့ ဘာမှမရှိဘူး။ ဒါပေမဲ့ အဲဒီကျွန်းပေါ် ခြေချလိုက်တာနဲ့ မြေကြီးထဲက အရိုးစုတွေ ထွက်လာပြီး ငါတို့ကို တိုက်ခိုက်တော့တာပဲ။”
“အား...အဲ့ဒါ တကယ်ပဲ ဖုတ်ကောင်တွေပဲ။ အရိုးစုတွေ ထွက်လာပြီး တိုက်တာပေါ့။”
“သူဌေး ရေ... ရှေ့ဆက်မပြောပါနဲ့တော့။ ကျုပ် ကြောက်လို့ပါ!”
“ဘာကြောက်တာလဲ။ မင်းကြောက်နေလို့ သူတို့က မလာဘဲ နေမှာမို့လို့လား။”
“အေးလေ၊ ငါက သရဲကြောက်တတ်တဲ့ဟာကို။ အခု ဘယ်လိုဖြစ်လို့ အရိုးစုတွေ ဖြစ်ကုန်တာလဲ။ ငါက ဘာသာမဲ့လေ။ ငါက မတ်စ် (Marx) ကိုပဲ ယုံတာ။”
“ဒီအချိန်မှာ အဲ့ဒါတွေ သွားမယုံနဲ့ဦး။ မဟုတ်ရင် အဲ့ဒီအရိုးစုတွေက မင်းကို မတ်စ်ဆီ အရောက်ပို့ပေးလိုက်လိမ့်မယ်။”
“သူဌေး ပြောတာကြားပြီး ငါ ပိုလန့်လာပြီ။”
“သူဌေး ခုနက သူဌေးပြောတာက ကျွန်းပေါ်တက်မှ အရိုးစုတွေ ထွက်လာတာဆိုတော့ တကယ်လို့ ကျုပ်တို့ ကျွန်းပေါ် မတက်ရင်ရော။”
“ဒါဆိုရင်တော့ အရိုးစုတွေ ထွက်မလာဘူး။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
“ဒါဆို ကောင်းတာပေါ့။ ငါ အဲ့ဒီကျွန်းပေါ် ဘယ်တော့မှ ခြေမချတော့ဘူး။”
“ဒီလို စစ်မြေပြင်က ဘာမှ အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ ငါတို့ ဘာမှမလုပ်ရင် ရန်သူကလည်း ဘာမှမလုပ်ဘူးပေါ့။”
“အဲဒီလောက်တော့ မရိုးရှင်းလောက်ဘူး ထင်တယ်နော် ဟုတ်တယ်မလား သူဌေး။ တခြား တိုက်ခိုက်မှု ပုံစံတွေ ရှိနိုင်သေးလား။”
“ရှိတယ်။”
ရှောင်းယီက လေးလေးနက်နက် ပြန်ပြောလိုက်သည်။
“အဲဒီကျွန်းပေါ်က သေခြင်းတရား စွမ်းအင်တွေက ငါတို့ကျွန်းဆီကို ပျံ့နှံ့လာနေတယ်။ တိုက်ရိုက်ရလဒ်ကတော့ ကမ်းခြေက ပန်းတွေ၊ မြက်တွေ ညှိုးနွမ်းလာတာပဲ။”
ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
“သေခြင်းတရား စွမ်းအင် ကျူးကျော်မှုကြောင့် ကျွန်းဧရိယာ ၅၀ စတုရန်းမီတာ လျော့နည်းသွားပါသည်။”
“သေစမ်း...။”
ရှောင်းယီ မဆဲဘဲ မနေနိုင်တော့ပေ။
ဒါက ဘာကြီးလဲ။ သူ ဘာမှတောင် မသိလိုက်ရသေးဘူး။ ကျွန်းဧရိယာ ၅၀ စတုရန်းမီတာက တိုက်ရိုက် ဝါးမြိုခံလိုက်ရပြီလား။
ရှောင်းယီ စိတ်ကို ပြန်ထိန်းပြီး ကျန်းယွင်ထျန်းကို ချက်ချင်း လှမ်းခေါ်လိုက်သည်။
“ဟိုဘက်က သေခြင်းတရား စွမ်းအင်တွေ ဘယ်လောက်အထိ ကျူးကျော်လာပြီလဲ။”
“တစ်မီတာလောက် ရှိပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“တောက်...အဲ့ဒီစွမ်းအင်က ငါတို့ရဲ့ကျွန်းဧရိယာကို သူတို့ကျွန်းအဖြစ် ပြောင်းပစ်နိုင်တာပဲ။ သေခြင်းတရား စွမ်းအင် ကျူးကျော်ခံထားရတဲ့ နေရာကို ခြေမနင်းမိအောင် သတိထား။ မဟုတ်ရင် အဲဒီအရိုးစုတွေ ထွက်လာအောင် လုပ်လိုက်သလို ဖြစ်သွားလိမ့်မယ်။”
ရှောင်းယီက အမြန်ပြောလိုက်သည်။
“ဘာ...”
ကျန်းယွင်ထျန်း မျက်လုံးများ ပြူးကျယ်သွား၏။
“ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ။ တစ်ဖက်က ကျူးကျော်မှုနှုန်းက တော်တော်မြန်နေပုံပဲ။”
“ငါ နည်းလမ်းစဉ်းစားနေတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“လောလောဆယ်တော့ သတိထားနေဦး။”
တစ်ဖက်ကျွန်းနှင့် မဟာမိတ် အနောက်ဘက်ကျွန်း တိုက်မိသည့် နေရာမှာ အရှည် မီတာ ၅၀ ခန့် ရှိပေသည်။
ဆိုလိုသည်မှာ တိုက်မိပြီးနောက် တစ်ဖက်ကျွန်းသည် ကစားသမား၏ ကျွန်းကို ထိုအလျားအတိုင်း စတင်ကျူးကျော်တော့မည် ဖြစ်သည်။
အချိန်မှာ တစ်နာရီခန့်ရှိနေပြီ ဖြစ်သည်။
တစ်နာရီဆိုသည်မှာ တိုတောင်းသော အချိန်ဖြစ်သော်လည်း တစ်နာရီတိုင်းမှာ အာတ်မြစ်ကျောက် ၅၀ ဆုံးရှုံးနေမည်ဆိုလျှင် မည်သူက ခံနိုင်ရည် ရှိမည်နည်း။
ရှောင်းယီကဲ့သို့ ပိုင်ဆိုင်မှု ချမ်းသာကြွယ်ဝသူပင်လျှင် ရေရှည်တွင် ခံနိုင်မည် မဟုတ်ပေ။
ထို့ထက် ပိုဆိုးသည်မှာ အနာဂတ်တွင် ကျွန်းချင်း ထိတွေ့သည့် ဧရိယာ ပို၍ ရှည်လျားလာပါက တစ်နာရီလျှင် ရာနှင့်ချီ၊ ထောင်နှင့်ချီသော ဧရိယာများ ပျောက်ကွယ်သွားနိုင်ခြင်းပင် ဖြစ်သည်။
***