ရှောင်းယီသည် အလေးအနက်ထား စဉ်းစားရင်း မျက်မှောင်ကျုံ့လိုက်ပြီးနောက် သူ၏ အဆင့်မြင့်အသိဉာဏ်တု ဓာတ်ခွဲခန်းသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။
“စက်ရုပ်နှစ်ရုပ်ကို အခုချက်ချင်း ဒီဘက်လွှတ်ပေးပါ။ ငါ တစ်ခုခုကို အမြန်ဆုံး ခွဲခြမ်းစိတ်ဖြာဖို့ လိုတယ်။”
ရှောင်းယီက ဖုန်းထဲမှ ပြောလိုက်သည်။
“ခဏလေး ငါ တစ်ယောက်ယောက်ကို လွှတ်ပြီး မြို့ပြန်ကျောက်နှစ်တုံး ပို့ခိုင်းလိုက်မယ်။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်”
တစ်ဖက်မှ စက်ရုပ်က ပြန်လည်ဖြေကြားလိုက်သည်။
ရှောင်းယီသည် ဖုန်းချလိုက်ပြီး အန်းရန်ကို ချက်ချင်း ထပ်မံခေါ်ဆိုလိုက်ပြန်သည်။
“ရှောင်းယီ ဘာဖြစ်လို့လဲ။”
အန်းရန်သည်လည်း မအိပ်ရသေးပေ။ ကမ္ဘာ့စစ်မြေပြင် ပွင့်သွားပြီဖြစ်ရာ အားလုံးက စိုးရိမ်တကြီး နိုးကြားနေကြသည်။
“ဓာတ်ခွဲခန်းကို မြို့ပြန်ကျောက် နှစ်တုံး အခုချက်ချင်းသွားပို့ပေးပါ။ ပြီးတော့ စက်ရုပ်တွေကို မဟာမိတ် အနောက်ဘက်ကျွန်းက ငါ့ဆီကို တိုက်ရိုက် ကူးပြောင်းခိုင်းလိုက်။”
ရှောင်းယီသည် အကြောင်းပြချက်ကိုပင် ရှင်းပြရန် အချိန်မရဘဲ စကားကို အလွန်လျင်မြန်စွာ ပြောလိုက်၏။
အန်းရန်သည် ရှောင်းယီ၏ အသံထဲမှ အရေးကြီးမှုကို နားလည်လိုက်သဖြင့် အပိုစကားမဆိုဘဲ “ကောင်းပြီ အခုချက်ချင်း သွားလိုက်မယ်” ဟုသာ ပြန်ဖြေလိုက်သည်။
ထို့နောက် အန်းရန်သည် မြို့ပြန်ကျောက် နှစ်တုံးကို ယူကာ လေအဟုန်ဖြင့် ဓာတ်ခွဲခန်းဆီသို့ ပြေးသွားလိုက်တော့လေသည်။
ကံကောင်းသည်မှာ ဓာတ်ခွဲခန်းသည် တံနတိုင်းအတွင်း၌ပင် တည်ရှိပြီး ဗီလာနှင့် သိပ်မဝေးလှပေ။ အန်းရန်သည် နှစ်မိနစ်အတွင်း ဓာတ်ခွဲခန်းသို့ ရောက်ရှိသွားခဲ့သည်။
စက်ရုပ်နှစ်ရုပ်မှာ ဓာတ်ခွဲခန်းအဝင်ဝတွင် အသင့်စောင့်နေကြပြီ ဖြစ်သည်။ အန်းရန်က သူတို့ကို ကျောက်တုံးများ ပေးအပ်ကာ လုပ်ဆောင်ရမည့်အရာများကို မှာကြားလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ကတော်...။”
စက်ရုပ်နှစ်ရုပ်က တပြိုင်နက် ပြောလိုက်ကြ၏။
မောကြီးပန်းကြီး ဖြစ်နေသော အန်းရန်မှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့သည်။
ဒီစက်ရုပ်တွေက ဒီဘွဲ့နာမည်ကို ဘယ်သူ့ဆီက သင်လာကြတာလဲ။
ဖြူရောင်အလင်းတစ်ချက် လက်သွားပြီးနောက် စက်ရုပ်နှစ်ရုပ်သည် ရှောင်းယီ၏ အနီးသို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီက “ငါ့နောက်လိုက်ခဲ့” ဟု ချက်ချင်း ခေါ်သွားလိုက်၏။
ရှောင်းယီသည် စက်ရုပ်နှစ်ရုပ်ကို ခေါ်လာခဲ့ပြီး ရှေ့မှ တိတ်ဆိတ်နေသော မသေမျိုးကျွန်းကို ညွှန်ပြလိုက်သည်။
“အဲဒီကျွန်းပေါ်က မြေကြီး၊ လေထု၊ သစ်ပင်တွေနဲ့ ကျန်တဲ့အရာတွေ အားလုံးကို စစ်ဆေးပေးဖို့ လိုတယ်။ စစ်ဆေးလို့ရသမျှ အကုန်စစ်ဆေးပြီး ရလဒ်ကို အမြန်ဆုံး အကြောင်းပြန်ပေး။”
သူက ခိုင်းစေလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
စက်ရုပ်နှစ်ရုပ်က ပြန်ဖြေပြီး တစ်ဖက်ကျွန်းဆီသို့ လျှောက်သွားလိုက်ကြသည်။
“အားလုံး သတိထားကြ။ တကယ်လို့ အရိုးစုတွေ ထွက်လာရင် ပစ်သတ်လိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့”
စက်ရုပ်နှစ်ရုပ်သည် တစ်ဖက်ကျွန်းသို့ မကြာမီ ရောက်ရှိသွားသော်လည်း ကျွန်းမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။ စက်ရုပ်များကြောင့် အရိုးစုများ ထွက်မလာခဲ့ပေ။
“ဒါက စက်ရုပ်တွေက သက်ရှိသတ္တဝါတွေ မဟုတ်လို့ပဲ ဖြစ်ရမယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။
ရှောင်းယီက ဘေးမှ ခေါင်းငြိမ့်ပြလိုက်ပြီး စက်ရုပ်များ၏ လှုပ်ရှားမှုကို စိုးရိမ်တကြီး စောင့်ကြည့်နေလိုက်သည်။
နမူနာယူခြင်း ဖြစ်သည့်အတွက် နေရာတစ်ခုတည်းမှ ယူ၍မရပေ။ သိပ္ပံနည်းကျ မှန်ကန်သော ရလဒ်များရရှိစေရန်အတွက် နေရာအနှံ့မှ နမူနာများကို ရယူရန် လိုအပ်ပေသည်။
ရုတ်တရက် ရှောင်းယီ စက်ရုပ်များ၏ ခြေထောက်များမှာ အနည်းငယ် မည်းနက်သွားသည်ကို သတိထားမိခဲ့၏။ ရွှံ့များပေကျံသွားခြင်းလား သို့မဟုတ် အခြားအကြောင်းကြောင့်လား သူ မဝေခွဲနိုင်ပေ။
တီ... တီ...
ထိုအခိုက်တွင် အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသော စက်ရုပ်တစ်ရုပ်ထံမှ သတိပေးချက် ထုတ်ပြန်လာခဲ့သည်။
“ခြေထောက်ပိုင်း လှုပ်ရှားမှုများ ချို့ယွင်းနေသည်။ ပြန်မလာနိုင်တော့ပါ။ ထပ်မံ အကြောင်းကြားနေသည်...။”
ထိုအချက်ပေးသံကို ကြားသည်နှင့် ရှောင်းယီ ကျိန်ဆဲလိုက်မိ၏။
“သေစမ်း...ဒီသေခြင်းတရား စွမ်းအင်တွေက စက်ပစ္စည်းတွေကိုတောင် ကူးစက်နိုင်တာလား။”
ထို့နောက် သူကိုယ်တိုင် ပြေးထွက်သွားပြီး ကျန်စက်ရုပ်တစ်ရုပ်ကို မဟာမိတ် အနောက်ဘက်ကျွန်းသို့ ချက်ချင်း ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ရှောငယီသည် ဒုက္ခရောက်နေသော စက်ရုပ်ရှိရာသို့ ပြေးသွားလိုက်ပြီး ၎င်းကို ပုခုံးပေါ်တင်ကာ ပြန်သယ်လာခဲ့လိုက်သည်။
ရှောင်းယီ ထိုကျွန်းပေါ် ခြေချလိုက်သည်နှင့် အရိုးစုများစွာ ဝိုင်းလာကြသော်လည်း ကျန်းယွင်ထျန်းတို့အဖွဲ့၏ ပစ်ခတ်မှုကြောင့် ချက်ချင်းပင် ရှင်းလင်းသွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စက်ရုပ်က ကျေးဇူးတင်စကား ဆိုလာခဲ့သည်။
“ဒီချို့ယွင်းချက်က ပြန်ပြင်လို့ ရလား။”
ရှောင်းယီက လက်ဝေ့ယမ်းကာ မေးလိုက်သည်။
“ဓာတ်ခွဲခန်းကို ပြန်ပြီး စစ်ဆေးမှု လုပ်ဖို့ လိုအပ်ပါတယ်။”
စက်ရုပ်က ပြန်ဖြေလာခဲ့သည်။
“နမူနာတွေ အကုန် စုဆောင်းပြီးပြီလား။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်၏။
“စုဆောင်းပြီးပါပြီ။”
စက်ရုပ်နှစ်ရုပ်က တပြိုင်နက် ပြောလိုက်သည်။
“ကောင်းပြီ၊ အခုချက်ချင်း ကူးပြောင်းပြီး ပြန်ကြတော့။ လက်ရှိ လုပ်နေတဲ့ စမ်းသပ်မှုတွေ အကုန်ရပ်ထားပြီး အဲဒီနမူနာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ပဲ အင်တိုက်အားတိုက် လုပ်ဆောင်ကြ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
စက်ရုပ်နှစ်ရုပ်သည် မြို့ပြန်ကျောက်များကို အသုံးပြုကာ ချက်ချင်း ပြန်သွားကြတော့သည်။ ရှောင်းယီသည် ပျောက်ကွယ်သွားသော စက်ရုပ်များကို ကြည့်ကာ ရေရွတ်လိုက်မိသည်။
“သေခြင်းတရား စွမ်းအင်တွေက အုတ်မြစ်ကျောက်တွေကို ဘယ်လိုနည်းနဲ့ ကူးစက်လဲဆိုတဲ့ အခြေခံသဘောတရားကို ရှာတွေ့နိုင်ဖို့ မျှော်လင့်တယ်။ ဒါမှ ငါတို့ နည်းမှန်လမ်းမှန်နဲ့ ကုစားနိုင်လိမ့်မယ်။”
ထိုအကြောင်းကို စဉ်းစားရင်းဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်၏။ ဂရုထဲတွင် သေခြင်းတရား စွမ်းအင်အကြောင်းကို ဆွေးနွေးနေကြဆဲပင်။
“သူဌေး ဘယ်ရောက်သွားတာလဲ။ ပြောလက်စနဲ့ ဘာလို့ ပျောက်သွားတာလဲ။ သေခြင်းတရား စွမ်းအင် ကူးစက်ရင် ဘာတွေဖြစ်လာမှာလဲ။”
“ဒါ မေးနေစရာ လိုသေးလို့လား။ သူဌေး ပြောပြီးသားလေ။ ကျွန်းပေါ်က အပင်တွေ အကုန်သေကုန်မှာပေါ့။ အဲဒါ အကျိုးဆက်ပဲ မဟုတ်လား။”
“ဒါပဲဆိုရင်တော့ ဘာမှ မဖြစ်ဘူး။ တကယ်တော့ ငါ့ကျွန်းမှာ ထူးထူးခြားခြား ရှုခင်းအသစ် တစ်ခုတိုးတာပေါ့။”
“ရှုခင်းအသစ်လား။ မင်း နည်းနည်းလောက် ပိုတွေးကြည့်စမ်းပါ။ တကယ်လို့ သေခြင်းတရား စွမ်းအင် ကူးစက်ခံရရင် မင်း ဘာသီးနှံမှ စိုက်လို့ရမှာ မဟုတ်ဘူး။ မင်း ဘယ်လို အသက်ရှင်မလဲ။ သေတ္တာတွေထဲက ရတဲ့ ပေါင်မုန့်လေးနဲ့ပဲ နေမလို့လား။”
“အခု သေတ္တာတွေထဲကနေ ပေါင်မုန့်တို့ အစားအစာတို့ မရနိုင်တော့ဘူး ထင်တယ်။”
“ကျွန်းတွေပေါ်မှာ လူဦးရေက အရမ်းများနေပြီ။ ရလာဦးတော့လည်း အားလုံးစားဖို့ ဘယ်လောက်မှ လောက်မှာ မဟုတ်ဘူး။”
“အေးလေ...ဒါဆို သေခြင်းတရား စွမ်းအင်ကို ဘယ်လို တားကြမလဲ။ ဒီအကောင်က ပုံမှန်ရန်သူလို သေနတ်နဲ့ ပစ်သတ်လို့ ရတာမှ မဟုတ်တာ။ ယပ်တောင်တွေနဲ့ပဲ ပြန်ယပ်ထုတ်ရမှာလား။”
“မင်းရဲ့ စိတ်ကူးယဉ်မှုကတော့ တစ်မျိုးပဲ။ မင်း ယပ်တောင်နဲ့ သွားစမ်းကြည့်ပါလား။”
“ချီးဘဲ...အားလုံး အတည်ပြောကြစမ်းပါ။ ကျုပ်ဘက်မှာ သေခြင်းတရား စွမ်းအင်က မီတာဝက်လောက် ကူးစက်နေပြီ။ ဒါကို ဘယ်လို ကိုင်တွယ်ရမှာလဲ။ အစီအစဉ်တစ်ခုလောက် ဆွေးနွေးကြစမ်းပါ။”
“နာရီဝက်မှာ မီတာဝက်ဆိုတော့ သိပ်မမြန်ပါဘူး။ စိတ်အေးအေးထားပါ။”
အားလုံး ပြောနေသည်ကို မြင်သောအခါ ရှောင်းယီက ဝင်ရောက် သတိပေးလိုက်သည်။
“စိတ်အေးအေးထားလို့ မရဘူး။ သေခြင်းတရား စွမ်းအင်က တစ်မီတာအထိ ကူးစက်သွားပြီဆိုရင် မင်းတို့ရဲ့ အုတ်မြစ်ကျောက်ကျွန်းကို ဖုတ်ကောင်ကျွန်းအဖြစ် ဝါးမြိုသွားလိမ့်မယ်။”
“ဒါက ဘာကို ဆိုလိုတာလဲ။”
“အရိုးရှင်းဆုံး ပြောရရင် မင်းတို့ရဲ့ ကျွန်းဧရိယာ လျော့သွားလိမ့်မယ်။”
ရှောင်းယီက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
“သေစမ်း...ဒီအရာက အုတ်မြစ်ကျောက်တွေကိုပါ တိုက်စားနိုင်တာလား။ ကျွန်းဧရိယာကို လျော့စေမှာလား။”
“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ငါ့ကျွန်းက ၅၀ စတုရန်းမီတာ တိုက်စားခံလိုက်ရလို့ပဲ။”
ရှောင်းယီက အသေအချာ ပြောလိုက်သည်။
“သေစမ်း တစ်နာရီမှာ ၅၀ စတုရန်းမီတာလား။”
“ဒီနှုန်းက အရမ်းမြန်လွန်းတယ်။”
ထိုအခါ ရှောင်းယီက ဆက်လက်ပြောပြလိုက်သည်။
“ဒါက တစ်နာရီ ၅၀ စတုရန်းမီတာလို့ သတ်မှတ်လို့မရဘူး။ ဖုတ်ကောင်ကျွန်းနဲ့ မင်းတို့ကျွန်း ထိတွေ့နေတဲ့ အလျားပေါ်မှာ မူတည်တာ။ ဒါကလည်း ငါ အခုမှ ခန့်မှန်းကြည့်ထားတဲ့အချက်တစ်ခုပဲ။ တကယ် ဟုတ်၊မဟုတ်တော့ အသေအချာ မသိသေးဘူး။”
“သွားပြီ၊ ငါတော့ သွားပြီ။ ငါတို့ ထိတွေ့နေတဲ့ နေရာက မီတာတစ်ရာလောက် ရှိတယ်။ သူဌေးကို တောင်းဆိုပါတယ်။ သေခြင်းတရား စွမ်းအင်ကို ဘယ်လို တားရမလဲဆိုတာ ပြောပြပေးပါ။ ဒီအတိုင်းဆို ကျုပ်ရဲ့ကျွန်းက မကြာခင် ပျောက်ကွယ်သွားတော့မယ်။”
“လောလောဆယ် ငါ့ဘက်မှာလည်း သေခြင်းတရား စွမ်းအင်ရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးနေတုန်းပဲ။ ဘာဖြေရှင်းချက်မှ မရှိသေးဘူး။”
ရှောင်းယီက အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။
“ပြီးပြီ၊ အကုန်ပြီးသွားပြီ။ သူဌေးတောင် နည်းလမ်းမရှိဘူးဆိုရင် ငါတို့တော့ သေဖို့ပဲ ထိုင်စောင့်နေရတော့မယ်။”
“ငါတော့ မယုံဘူး။ ဒီသေခြင်းတရား စွမ်းအင်ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုတော့ ရှိရမယ်။”
“အားလုံး ဝိုင်းစဉ်းစားကြပါဦး။”
“တကယ်လို့ ငါတို့က သက်ရှိတွေကို သုံးပြီး အဲဒီ သေခြင်းတရား စွမ်းအင်ကို ပြန်ခုခံရင်ရော။”
“ဘယ်လိုမျိုးလဲ။ ပြောပါဦး။”
“ထိစပ်နေတဲ့ နယ်စပ်မှာ လတ်ဆတ်တဲ့ အပင်တွေကို အဆက်မပြတ် စိုက်ကြည့်ရင်ရော ဖြစ်နိုင်မလား။”
“စမ်းကြည့်သင့်တယ်။ ငါ တစ်ချက် စမ်းကြည့်လိုက်မယ်။”
ထိုအကြံပြုချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီသည်လည်း ကျန်းယွင်ထျန်းကို လှမ်းခေါ်ပြီး ပြောလိုက်သည်။
“အစ်ကိုကျန်း ဖုတ်ကောင်ကျွန်းနဲ့ ထိစပ်နေတဲ့ နယ်စပ်မှာ လတ်ဆတ်တဲ့ အပင်တွေကို အခုချက်ချင်း လူအင်အားသုံးပြီး ပြောင်းရွှေ့စိုက်ပျိုးခိုင်းလိုက်ပါ။”
ထိုအမိန့်ကို ကြားသောအခါ ကျန်းယွင်ထျန်း အနည်းငယ် ကြောင်အသွားခဲ့ပြီးမှ “ဟုတ်ကဲ့” ဟု ပြန်လည် ဖြေကြားလိုက်သည်။
***