ဤအချိန်တွင် ထိုသေခြင်းတရားစွမ်းအင်အား မည်သို့တားဆီးရမည်ကို မည်သူမှ မသိကြသေးသည်ဖြစ်ရာ ဖြစ်နိုင်ခြေရှိသော နည်းလမ်းမှန်သမျှကို စမ်းသပ်ကြည့်ရန်မှာ ထိုက်တန်ပေသည်။
ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီး အမိန့်ပေးလိုက်သည်။
“အားလုံးပဲ ငါတို့နဲ့ ဟိုဘက်ကျွန်းကြားက နယ်စပ်မှာ အပင်တွေကို စတင်ပြောင်းရွှေ့စိုက်ပျိုးကြစမ်း။”
တပ်သားများသည် ထိုအမိန့်ကို ကြားသောအခါ ကြောင်အသွားခဲ့ကြသည်။ သူတို့သည် စစ်သည်တော်များဖြစ်ပြီး ဥယျာဉ်မှူးများ မဟုတ်ကြချေ။ ဘာကြောင့် အပင်စိုက်သည့်အလုပ်ကို လုပ်နေရသနည်း။
“မင်းတို့ နားမကြားကြဘူးလား။ လှုပ်ရှားကြစမ်း။”
ကျန်းယွင်ထျန်းက ဟောက်လိုက်၏။
“ဟုတ်ကဲ့”
တပ်သားများသည် သူတို့၏လက်နက်များကို ချိတ်ဆွဲကာ ကတုတ်ကျင်းတူးဂေါ်ပြားများကို ထုတ်ယူပြီး အနီးနားတွင် စတင်တူးကြတော့လေသည်။
အပင်များကို တူးဖော်ပြီးနောက် ဖုတ်ကောင်ကျွန်းနှင့် ထိစပ်နေသော နယ်စပ်သို့ ချက်ချင်းသွားကာ စိုက်ပျိုးလိုက်ကြသည်။
အစပိုင်းတွင် နယ်စပ်သို့ ချဉ်းကပ်သွားစဉ် အရိုးစုများ ထွက်လာမည်ကို ကျန်းယွင်ထျန်း စိုးရိမ်ခဲ့သော်လည်း မကြာမီပင် သူ အပိုတွေတွေးနေမှန်း သိလိုက်ရလေသည်။ သူတို့ဘက်ခြမ်း နယ်စပ်တွင် အပင်စိုက်ခြင်းက အရိုးစုများကို ထွက်လာစေရန် လှုံ့ဆော်နိုင်ခြင်း မရှိပေ။
တပ်သားများ စိုက်ပျိုးလိုက်သော အပင်များသည် ဖြည်းဖြည်းချင်း ညှိုးနွမ်းလာသော်လည်း လုံးဝမသေဆုံးမီမှာပင် အပင်သစ်များဖြင့် ထပ်မံ အစားထိုးလိုက်ကြသည်။
၁၀ မိနစ်ခန့် ဤသို့ အားထုတ်ပြီးနောက် သေခြင်းတရားစွမ်းအင် ကူးစက်မှုသည် ရှေ့သို့ ထပ်မတိုးတော့ဘဲ ရပ်တန့်သွား၏။ ကျန်းယွင်ထျန်းက ထိုသတင်းကို ရှောင်းယီထံသို့ ချက်ချင်း အစီရင်ခံလိုက်သည်။
“တကယ် အလုပ်ဖြစ်တာပဲ။”
ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် ဂရုထဲ၌ စမ်းသပ်နေသော အခြားတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
“တကယ် အလုပ်ဖြစ်တယ်ဟ။ ဒီနည်းလမ်းကို အကြံပေးတဲ့ ညီအစ်ကို မင်းကို ငါ အသေချစ်သွားပြီ။”
“ဖယ်စမ်းပါ...။ ငါက ယောကျ်ားစစ်စစ်ကွ။ ငါ့ရဲ့ စိတ်ဝင်စားမှုကလည်း ပုံမှန်ပဲ။ တကယ်လို့ ကျေးဇူးတင်ချင်တယ်ဆိုရင် အုတ်မြစ်ကျောက် နည်းနည်းလောက်ပဲ လက်ဆောင်ပေးလိုက်။”
“ဂရု အတွင်း သီးသန့်လဲလှယ်မှု- [အုတ်မြစ်ကျောက်] ၅၀ ကို မခမဲ့လဲလှယ်မည်။”
ထိုသူက ချက်ချင်းပင် လဲလှယ်မှုတစ်ခု ပြုလုပ်လိုက်သည်။
“ငါက စတာလေ။ မင်းက တကယ်ကြီး ပေးလိုက်တာလား။”
ထိုသို့ ပြောသော်လည်း ထိုသူက လဲလှယ်မှုကို ချက်ချင်း လက်ခံလိုက်သည်။
ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် သူလည်း လဲလှယ်မှုတစ်ခုကို တင်လိုက်သည်။
“ဂရု အတွင်း သီးသန့်လဲလှယ်မှု- [အုတ်မြစ်ကျောက်] ၅၀ ကို အခမဲ့လဲလှယ်မည်။”
“သူဌေး ခင်ဗျား ဘာမှပေးစရာ မလိုပါဘူး။ ကျုပ်က ဒီတိုင်း ပြောလိုက်ရုံပါပဲ။ တကယ်လို့ ဒီလိုကိစ္စမျိုးအတွက် အားလုံးက အုတ်မြစ်ကျောက်တွေ ပေးနေရမယ်ဆိုရင် သူဌေး ပေးထားခဲ့တဲ့ သတင်းအချက်အလက်တွေအတွက် ကျုပ်တို့ အုတ်မြစ်ကျောက် ဘယ်လောက်တောင် ပြန်ပေးရမလဲ မသိဘူး။”
ထိုသူက ပြန်ပြောလာခဲ့သည်။
ယခုတစ်ကြိမ်တွင် သူသည် အမှန်တကယ် မယူလိုသဖြင့် လဲလှယ်မှုကို လက်မခံခဲ့ပေ။
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ယူထားလိုက်ပါ။ ဒါက မင်းနဲ့ ထိုက်တန်ပါတယ်။ ကူးစက်ခံရတဲ့ ဧရိယာ ကြီးလာတာနဲ့အမျှ ကူးစက်နှုန်းကလည်း ပိုပြီးမြန်လာလိမ့်မယ်လို့ ငါ သံသယရှိတယ်။ ဘာလို့လဲဆိုတော့ ထိတွေ့တဲ့မျက်နှာပြင်က ပိုကျယ်လာလို့ပဲ။ ဒီလို ယာယီဖြေရှင်းနည်းကို တွေးမိတာကိုက တကယ် ချီးကျူးဖို့ ကောင်းပါတယ်။”
“ဒါဆိုရင်တော့ ကျုပ် အားမနာတော့ဘူးနော်။”
ထိုသူက ချက်ချင်း လက်ခံလိုက်သည်။
“အားလုံးပဲ ဒီသေခြင်းတရားစွမ်းအင် ပြဿနာကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဝိုင်းစဉ်းစားကြပါဦး။ အကြံထုတ်ကြပါ။ ပိုကောင်းတဲ့ နည်းလမ်းတွေ ထွက်လာနိုင်တယ်။”
ရှောင်းယီက အားလုံးကို တိုက်တွန်းလိုက်သည်။
ထိုအချိန်တွင် ဂရုထဲမှ တစ်ယောက်က ရုတ်တရက် အော်ဟစ်လာခဲ့သည်။
“သေးစမ်း.... ငါနဲ့တိုးတဲ့ ကျွန်းက မင်းတို့နဲ့ ဘာလို့ မတူတာလဲ။”
“ဟေ့လူ မင်းဆီမှာ ဘာတွေနဲ့ တိုးနေလို့လဲ။”
“ငါ့ကို ‘ဟေ့လူ’ လို့ လာမခေါ်နဲ့။ ငါက အဲဒီဘက်က မဟုတ်ဘူး။ ငါ့ဆီမှာ ဇွန်ဘီးတွေနဲ့ တိုးနေတာ။”
“ဘာ...အနောက်တိုင်း စိတ်ကူးယဉ်ဇာတ်လမ်းကနေ သိပ္ပံစိတ်ကူးယဉ် ဖြစ်သွားတာလား။ ခုနက အရိုးစုစစ်တပ်၊ အခုကျတော့ ဇွန်ဘီးစစ်တပ်လား။”
“ငါက ဘယ်လိုသိမှာလဲ။ ကျွန်းချင်း တိုက်မိတာနဲ့ ဇွန်ဘီးတစ်သုတ် ပြေးဝင်လာတော့တာပဲ။ ကံကောင်းလို့ သူဌေး ဆီက ဝယ်ထားတဲ့ သေနတ်တွေ ရှိလို့ပေါ့။ မဟုတ်ရင် အကိုက်ခံရတော့မှာ။”
“အင်း... ဇွန်ဘီးဆိုရင် ဇွန်ဘီးဗိုင်းရပ်စ်ရော ရှိမလား။ မင်းတို့ သတိထားဦးနော်။”
“ငါ လူတိုင်းကို Mask တပ်ခိုင်းထားပြီးပြီ။ ဒဏ်ရာရတဲ့သူတွေကိုလည်း သီးသန့်ခွဲပြီး စောင့်ကြည့်ခိုင်းထားတယ်။”
“တော်တယ်။ အရင်က ဇွန်ဘီးကားတွေ အများကြီး ကြည့်ထားတာ တကယ် အသုံးဝင်တာပဲ။ အနည်းဆုံးတော့ သတိရှိတာပေါ့။”
“သေစမ်း ကျွန်းတစ်ကျွန်းချင်းစီမှာ ရှိတဲ့ ရန်သူတွေက ကျပန်းဖြစ်နေတာပဲ။ ဒါက ရိက္ခာသေတ္တာ ဖွင့်နေရသလိုပဲ။”
“ဒါက ရိက္ခာသေတ္တာ ဖွင့်ရတာထက် အများကြီး ပိုပြီးရင်ခုန်ဖို့ ကောင်းတယ်။”
“ဒါပေမဲ့ ဇွန်ဘီးတွေက ကိုင်တွယ်ရ ပိုလွယ်မှာ မဟုတ်ဘူးလား။ အခု လူအင်အားလည်း ရှိနေပြီဆိုတော့ တံတိုင်းတစ်ခု ဆောက်ထားလိုက်ရင် အေးဆေး ပစ်သတ်လို့ ရတာပဲ။”
“ဟုတ်တယ်။ ငါ တံတိုင်းဆောက်ပြီးပြီ။ အဲဒီဇွန်ဘီးတွေကို တားရတာ သိပ်မခက်ဘူး။”
ထိုအရာကို မြင်သောအခါ ရှောင်းယီက ဝင်ရောက် သတိပေးလိုက်သည်။
“သေခြင်းတရားစွမ်းအင် ကျူးကျော်မှု ရှိ၊မရှိ စစ်ဆေးကြည့်ဦး။”
“သတိပေးလို့ ကျေးဇူးပါ သူဌေး။ ကျုပ် သွားစစ်ကြည့်လိုက်ပါဦးမယ်။”
ခဏအကြာတွင် ထိုလူ ပြန်ရောက်လာခဲ့သည်။
“တကယ် ရှိတယ်ဟ။ ဒီအရာက ရုပ်ပိုင်းဆိုင်ရာရော မှော်ဆန်တဲ့ တိုက်ခိုက်မှုရော နှစ်မျိုးလုံး ပါလာတာပဲ။”
“မြန်မြန် မြက်စိုက်ကြ။”
“ကျုပ်တို့ကျွန်းပေါ်က လူကုန်စုပြီး မြက်စိုက်ခိုင်းနေပြီ။”
အသက်ရှင်ကျန်ရစ်သူများသည် ယခုအခါ မသေမျိုးမျိုးနွယ်နှစ်မျိုးနှင့် ရင်ဆိုင်နေရ၏။
အရိုးစုများနှင့် ဇွန်ဘီးများ...။
ဇွန်ဘီများကိုလည်း မသေမျိုးမျိုးနွယ်ဝင်ဟု သတ်မှတ်၍ ရပေသည်။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် သေခြင်းတရားစွမ်းအင် ကျူးကျော်မှုကတော့ ပါလာစမြဲပင်။
ရှောင်းယီက စဉ်းစားရင်း တွေးလိုက်အိသည်။
“ရန်သူက ဘယ်အမျိုးအစားပဲဖြစ်ဖြစ် သူတို့ရဲ့ ကျွန်းတွေမှာ သေခြင်းတရားစွမ်းအင် ကူးစက်တဲ့ အာနိသင် ပါတာကတော့ သေချာသလောက်ပဲ။ ဓာတ်ခွဲခန်းကနေ တစ်ခုခု အမြန်သိရဖို့ပဲ မျှော်လင့်ရတော့မယ်။”
မကြာမီ ဓာတ်ခွဲခန်းမှ စစ်ဆေးမှုရလဒ်များ ထွက်လာခဲ့ပြီး ရှောင်းယီ၏ ဖုန်းထဲသို့ ဓာတ်ပုံများဖြင့် တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ ရှောင်းယီသည် အသေးစိတ် စစ်ဆေးမှုများကို ကျော်ဖတ်လိုက်ပြီး နောက်ဆုံးမှ ကောက်ချက်ကိုသာ တိုက်ရိုက် ကြည့်လိုက်၏။
“လေထုနမူနာများတွင် အပင်များမှ အာဟာရဓာတ်များကို လုယူပြီး မျိုးပွားနိုင်သည့် ဘက်တီးရီးယားတစ်မျိုး ပါဝင်နေသည်။ ၎င်းသည် အလွန် လျင်မြန်စွာ ပျံ့နှံ့နိုင်ပြီး အပင်၏ အာဟာရဓာတ်များ အကုန်အစင် လုယူခံရပါက အပင်သည် သေဆုံးသွားမည်ဖြစ်သည်။”
“မြေဆီလွှာ နမူနာများတွင်လည်း အထက်ပါ ဘက်တီးရီးယားများ ပါဝင်နေပြီး ၎င်း၏ သိပ်သည်းဆမှာ လေထုထဲထက် အဆပေါင်းများစွာ ပိုမိုမြင့်မားသည်။”
“ဤဘက်တီးရီးယားသည် အပူဒဏ်ကို မခံနိုင်ပါ။ အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်တွင် သေဆုံးနိုင်သည်။”
“ဒါက ဘက်တီးရီးယား ဖြစ်နေတာလား။”
ရှောင်းယီ အံ့အားသင့်သွား၏။
“ဒါဆို အပင်ပြောင်းစိုက်တဲ့ နည်းလမ်းက ဘက်တီးရီးယားတွေကို ပိုများလာအောင် လုပ်ပေးနေသလို ဖြစ်မနေဘူးလား။”
ရှောင်းယီ ချက်ချင်း ဖုန်းထုတ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းယွင်ထျန်းကလည်း သူ့ထံ ဖုန်းခေါ်လာခဲ့သည်။
“ကျွန်းပိုင်ရှင် မကောင်းတော့ဘူး။ ငါတို့ အပင်ပြောင်းစိုက်တဲ့နှုန်းက ကူးစက်မှုနှုန်းကို လိုက်မမီတော့ဘူး။”
ကျန်းယွင်ထျန်းက ပျာပျာသလဲ ပြောလာခဲ့သည်။
“အဲဒါ ဖြစ်နိုင်တယ်။ နယ်စပ်မှာ ချက်ချင်း မီးပုံတွေကို မီးရှို့လိုက်။ မီးတောက်ကို မငြိမ်းအောင် ထား။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
အပင်သစ်များကို အဆက်မပြတ် ပြောင်းရွှေ့စိုက်ပျိုးခြင်းဖြင့် ကျန်းယွင်ထျန်းတို့သည် ဘက်တီးရီးယားများကို ဆက်တိုက် မျိုးပွားခွင့် ပေးနေသလို ဖြစ်နေခဲ့ပြီး ၎င်းတို့ကို ပိုမို များပြားလာစေခဲ့သည်။
ဘက်တီးရီးယား များလေလေ အပင်မှ အာဟာရများကို ပိုမြန်မြန် လုယူခံရလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ကျန်းယွင်ထျန်း၏ အပင်စိုက်ပျိုးသည့်နှုန်းသည် ဘက်တီးရီးယားများ၏ ဖျက်ဆီးမှုနှုန်းကို လိုက်မမီတော့ပေ။
ကျန်းယွင်ထျန်းသည် အရင်းခံ အကြောင်းတရားများကို မသိသော်လည်း ယခုအချိန်က သိပ္ပံသင်ခန်းစာများ သင်ယူနေရမည့် အချိန်မဟုတ်ပေ။ သူသည် ရှောင်းယီ၏ အမိန့်ကို ချက်ချင်း လိုက်နာရမည် ဖြစ်သည်။ မဟုတ်ပါက အုတ်မြစ်ကျောက် ၅၀ မက၍ ၅၀၀ ပေးလျှင်ပင် ကယ်တင်နိုင်မည် မဟုတ်တော့ပေ။
ကျန်းယွင်ထျန်းနှင့် အခြားသူများသည် နယ်စပ်တစ်လျှောက်တွင် မီးပုံများကို ချက်ချင်း စတင်ရှို့ကြတော့၏။
ကူးစက်မှုသည် ရှေ့သို့ ထပ်မတိုးတော့ဘဲ ရပ်တန့်သွားမှသာ ကျန်းယွင်ထျန်း သက်ပြင်းချနိုင်သွားခဲ့သည်။
“ဟူး... တော်သေးတာပေါ့။”
ကျန်းယွက်ထျန်းက ဖုန်းထုတ်ပြီး ရှောင်းယီထံ ပြန်ခေါ်လိုက်သည်။
တစ်ဖက်တွင်လည်း ရှောင်းယီသည် ဂရုထဲ၌ သူရရှိထားသော အချက်အလက်များကို မျှဝေနေခဲ့သည်။
“မီးကို သုံးကြ။ အပင်စိုက်တာက အလုပ်မဖြစ်ဘူး။”
ရှောင်းယီက ရိုးရှင်းစွာ ပြောလိုက်ပြီး မသေမျိုးမျိုးနွယ်နှင့် ရင်ဆိုင်နေရသော အခြားနှစ်ယောက်ကို Tag တွဲလိုက်သည်။
“ဘာ...။ အပင်စိုက်တာ အလုပ်မဖြစ်ဘူးလား။ ဘာလို့လဲ။”
“စကားတွေ အများကြီး မပြောမနေနဲ့။ သူဌေး ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ။ သူက မင်းကို ဒုက္ခမပေးဘူးကွ။”
“ဟုတ်တယ်။ ဘာကြောင့်လဲဆိုတာ သိချင်ရင် အရင်ဆုံး လုပ်လိုက်ဦး။”
***