မသေမျိုးကျွန်းနှင့် တိုက်မိထားပြီးဖြစ်သော ကျွန်းများပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့သည် ရှောင်းယီ၏ အကြံပြုချက်အတိုင်း မီးပုံများကို ချက်ချင်းပင် မီးရှို့လိုက်ကြ၏။
ကျွန်းနှစ်ကျွန်း ဆုံသည့်နေရာတစ်လျှောက်တွင် မီးတံတိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခေတ္တမျှ စောင့်ကြည့်ပြီးနောက်တွင် သေခြင်းတရားစွမ်းအင်များ ပြန့်နှံ့လာခြင်း တကယ်ပင် ရပ်တန့်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
“သူဌေးရဲ့ နည်းလမ်းက တကယ်အလုပ်ဖြစ်တာပဲ။ ငါတို့လည်း ဥယျာဉ်မှူးလုပ်ပြီး မြက်တွေ ထိုင်စိုက်နေစရာ မလိုတော့ဘူး။”
“သူဌေး ဒါက ဘာကြောင့်လဲဆိုတာ ရှင်းပြပေးလို့ရမလား။”
“ဟုတ်တယ်။ အစတုန်းက မြက်စိုက်တာက သေခြင်းတရားစွမ်းအင်ကို နှေးကွေးစေပြီး နောက်ပိုင်းကျမှ ဘာလို့ ကျူးကျော်မှုက ပိုမြန်လာရတာလဲ။”
ထိုအခါ ရှောင်းယီက ရှင်းပြလိုက်သည်။
“ကျုပ် မသေမျိုးကျွန်းက မြေကြီးနဲ့ လေထုကို ဓာတ်ခွဲခန်းမှာ စစ်ဆေးဖို့ ယူလာခဲ့တယ်။ ရလဒ်က ခုလေးတင် ထွက်လာတာ။ ဒီ သေခြင်းတရားစွမ်းအင်ဆိုတာ တကယ်တော့ အလွန် လျင်မြန်စွာ ပွားများနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးပဲ။ သူက အပင်တွေမှာရှိတဲ့ အာဟာရဓာတ်ကို သုံးပြီး မျိုးပွားတယ်။ ပြီးတော့ အပူချိန်မြင့်တာကို မခံနိုင်ဘူး။ အဲ့ဒါကြောင့် ရိုးရိုးမီးတံတိုင်းတစ်ခုကတင် သူတို့ ကျုပ်တို့ဆီ ပြန့်မလာအောင် တားဆီးပေးနိုင်တယ်။”
“ဟား...ဒါက ဘာကြီးလဲ။ သိပ္ပံပညာက ကံကြမ္မာကို ပြောင်းလဲပေးလိုက်တာလား။”
“ကျုပ်ကတော့ ကျုပ်တို့ သိုင်းလောကထဲ ရောက်သွားပြီ ထင်နေတာ။ အခုကျတော့ ရုတ်တရက် သိပ္ပံပညာသို့ ချဉ်းကပ်ခြင်း အစီအစဉ် ဖြစ်သွားတာပဲ။”
“သူဌေးကတော့ သူဌေးပါပဲ။ ဒီလိုအချိန်မှာတောင် မသေမျိုးကျွန်းကို လေ့လာဖို့ သိပ္ပံနည်းလမ်းကို သုံးဖို့ စဉ်းစားနိုင်သေးတယ်။”
“ကျုပ် ပိုသိချင်တာက အဏုဇီဝ စမ်းသပ်ချက်တွေကိုတောင် လုပ်နိုင်တဲ့ ဓာတ်ခွဲခန်းကို သူ ဘယ်ကနေ ရခဲ့လဲဆိုတာပဲ။ တကယ့်ကို အဆင့်မြင့်လွန်းတယ်။”
“သူဌေးမှာ အဆင့်မြင့်ပစ္စည်းတွေ ဘယ်တုန်းကမှ မပြတ်ခဲ့ဖူးဘူး။ ငါတို့ မမြင်ဖူးတာပဲ ရှိတယ်။”
“မှန်တယ်။ ဟို အပန်းဖြေစခန်းနဲ့ ဟိုတယ်တွေဆိုရင်လည်း ဘယ်ကနေ ဆွဲထုတ်လာမှန်းမှ မသိတာ။”
“ဟုတ်ပါပြီ။ ဒါပေမဲ့ တစ်ခုလောက် မေးပါရစေ။ ဒီဘက်တီးရီးယားတွေက အပင်ရဲ့ အာဟာရကို စားသုံးတာဆိုရင် လူတွေကိုရော ကူးစက်ပြီး မမ်မီတွေ ဖြစ်သွားစေနိုင်လား။”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ရှောင်းယီသည် ခုနကရရှိထားသော အစီရင်ခံစာကို လှန်လှောကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။
“အသက်ရှိတဲ့ တိရစ္ဆာန်တွေကို ကူးစက်ခြင်း မရှိပါဘူး။ လောလောဆယ် အပင်တွေပဲ ထိခိုက်လွယ်တာပါ။”
“ကောင်းပြီ။ အနည်းဆုံးတော့ လူတွေ ကူးစက်ခံရမှာ စိုးရိမ်စရာ မလိုတော့ဘူး။”
“အဖြေရှိသွားပြီဆိုတော့ စိတ်အေးသွားပါပြီ။ ငါ သွားအိပ်တော့မယ်။ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။”
“မင်းက အိပ်ရဲသေးတယ်လား။ ဖုတ်ကောင်တစ်ကောင် မင်းကုတင်အောက်ထဲ ဝင်ပုန်းပြီး မင်းကို ဆီးသွားဖို့ လာနှိုးမှာ မကြောက်ဘူးလား။”
“အား... တကယ်ကြီး ကုတင်အောက်မှာ တစ်ယောက်ယောက် ရှိနေတယ်ဟ။ မင်း ဘယ်သူလဲ။”
ထိုအသက်ရှင်ကျန်ရစ်သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသံစာတို ပို့နေခြင်းဖြစ်ပြီး မပိတ်မိဘဲ ကျန်နေခဲ့ခြင်းဖြစ်သည်။
“မောင်လေး... ငါက ပိုက်လာပြင်တာပါလို့ပြောရင် မင်း ယုံမလား။”
“အရှက်မရှိလိုက်တာ...အား သေစမ်း။”
ထိုလူသည် သူ့ကျောက်တိုင်၏ မိုက်ခရိုဖုန်း ပွင့်နေသည်ကို သတိထားမိသွားပြီး ချက်ချင်း ပိတ်လိုက်သည်။
“ဟားဟားဟား...ဒီလိုအချိန်မျိုးမှာတောင် ဒီလို ပြဇာတ်လေးတွေ မြင်ရတာ တကယ် တန်ဖိုးရှိတယ်။”
“ငါ သူ့အတွက် သီချင်းတောင်းပေးလိုက်မယ်။ ‘အချစ်ဆိုတာ အလင်းရောင်တစ်ခုပါ၊ မင်း ထိတ်လန့်သွားတဲ့အထိ စိမ်းလန်းနေမယ့် အလင်းရောင်ပေါ့။”
“မစကြပါနဲ့ဦး။ အဲဒီလူက တကယ်ကြီး ပိုက်ပြင်သမား ဖြစ်နေနိုင်တာပဲလေ။”
“ကဲ... အားလုံးပဲ ပွဲဆက်ကြည့်လိုက်ကြပါဦး။ ကျုပ်တော့ ဇွန်ဘီးသွားသတ်တော့မယ်။ ကံကောင်းကြပါစေ။ မင်းတို့ ရင်မဆိုင်နိုင်တဲ့ မသေမျိုးတွေနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။”
တစ်ဖက်တွင်လည်း ရှောင်းယီသည် ကျွန်းခွဲတိုင်းသို့ လောင်စာဆီများ စုဆောင်းထားရန်နှင့် ကျွန်းချင်းတိုက်မိသည်နှင့် မီးတံတိုင်းကို ချက်ချင်း မီးရှို့ရန် အကြောင်းကြားလိုက်သည်။
ထိုအခါမှသာ သူလည်း အသက်ရှူချောင်သွားတော့သည်။ သူက “စနစ် လက်မှတ်ထိုးဝင်မယ်မယ်။” ဟု တိုးတိုးလေး ပြောလိုက်တော့သည်။
သန်းခေါင်ကျော်သွားပြီဖြစ်ရာ အချိန်ကာလအတွင်း ရောက်ရှိနေပြီဖြစ်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ရေငုပ်သင်္ဘောပုံစံကွက် (SSS အဆင့်) ၁။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောဆုလာဘ် - ရေငုပ်သင်္ဘောပုံစံကွက် (SSS အဆင့်) ၂။”
ဆက်တိုက်ထွက်ပေါ်လာသော အသိပေးချက်နှစ်ခုကို ဖတ်ပြီးနောက် ရှောင်းယီ မျက်တောင်ခတ်လိုက်မိပြီး ပြုံးလိုက်သည်။
“နှစ်ဆအခြေအနေ ထပ်ရောက်လာပြန်ပြီပဲ။”
ထို့နောက် သူသည် မိုဘိုင်းဖုန်းဂရုထဲ၌ စာရိုက်လိုက်သည်။
“ဒီနေ့ရတဲ့ ပစ္စည်းတွေကို ကျုပ်ကိုယ်တိုင် ရိတ်သိမ်းမယ်။”
အန်းယွဲ့နှင့် အခြားသူများသည် ချက်ချင်းပင် သဘောပေါက်သွားကြပြီး သဘောတူကြောင်း ပြန်ဖြေလိုက်ကြသည်။
ထို့နောက် ရှောင်းယီသည် မသေမျိုးကျွန်းဘက်သို့ လျှောက်သွားရင်း မီးတံတိုင်းအကျော်တွင် ရှိနေသေးသည့် သေဆုံးနေသော မြေပြင်ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်၏။
အကယ်၍ မီးတံတိုင်းက သေခြင်းတရားစွမ်းအင်ကို တားဆီးနိုင်ပြီး ဘယ်သူမှ မသေမျိုးများ၏ တိုက်ခိုက်မှုကို မနှိုးဆွဘူးဆိုပါက သည်အတိုင်း ခုခံထား၍ ရနိုင်မည်လော။
“ဒါက ဒီလောက် မရိုးရှင်းနိုင်ဘူး။”
သူက ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းရောက်လာပြီး သူ၏ထိုအမူအရာကို မြင်လိုက်ရကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ပြဿနာတစ်ခုခု တွေ့လို့လား။”
“မဟုတ်ပါဘူး။”
ရှောင်းယီ သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ဘာမှမဖြစ်နေတာကပဲ ငါ့ကို ပိုပြီးစိုးရိမ်စေတယ်။”
ကျန်းယွင်ထျန်း အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ နားလည်သွားခဲ့သည်။
“အမှန်ပဲ။ ရန်သူက ချီတက်လာတယ်ဆိုရင်တောင် ငါတို့ ဘာလုပ်ရမလဲ သိသေးတယ်။ အခုက နှစ်ဖက်စလုံးက မလှုပ်မယှက်ဆိုတော့ သူတို့ တစ်ခုခု ကြံစည်နေသလိုပဲ။ ဒါပေမဲ့ ဘာလဲဆိုတာ ငါတို့ မသိနိုင်ဘူး။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“ကင်းစောင့်နေတဲ့ စစ်သည်တွေကို လူလဲလိုက်ပါ။ ထူးထူးခြားခြား မရှိရင် လူတိုင်းကို အနားယူခိုင်းလိုက်တော့။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက အလေးပြုလိုက်သည်။
ရှောင်းယီသည် လက်တစ်ချက်ဝေ့ရုံဖြင့် သူ၏ မြို့ပြန်ကျောက်ကို အသုံးပြုလိုက်ရာ သူ၏ အိပ်ခန်းထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ အန်းရန်သညမလည်း ထိုနေရာတွင် ရှိနေခဲ့လေသည်။
“ရှေ့တန်းက အခြေအနေ ဘယ်လိုလဲ။”
သူမက အလျင်အမြန်မေးလိုက်သည်။ ရှောင်းယီ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ သူမ အံ့အားသင့်ခဲ့သွားသည်။
“မသေမျိုးတွေ တကယ်ရှိတာပဲ။ အရိုးစုတွေက ဘယ်လိုလုပ်ပြီး လှုပ်ရှားနိုင်တာလဲ။”
သူမ လွှတ်ခနဲ မေးလိုက်မိသည်။
“မသိဘူးလေ”
ရှောင်းယီက ခပ်အေးအေးပင် ပြောလိုက်သည်။
“တော်သေးတာပေါ့။ နင် ဓာတ်ခွဲခန်းထဲမှာ မြေကြီးနဲ့ လေထုကို စစ်ဆေးဖို့ စဉ်းစားမိလို့။”
အန်းရန်က သက်ပြင်းချလိုက်သည်။
“ဒါမှမဟုတ်ရင် ငါတို့ အမှောင်ထဲမှာ စမ်းတဝါးဝါး ဖြစ်နေဦးမှာပဲ။”
“ငါလည်း ဘာမှမသိခဲ့ပါဘူး။ ရနိုင်တဲ့ အရင်းအမြစ်တွေကို သုံးပြီး မသိရသေးတဲ့ ရန်သူကို စမ်းသပ်ကြည့်ရုံပါပဲ။”
သူက ပခုံးတွန့်ပြလိုက်သည်။
“နင်က အရမ်းတော်ပါတယ်။”
သူမက သူ့ကို ပွေ့ဖက်လိုက်သည်။
“တခြားလူဆိုရင် ဒီအတိုင်းပဲ ရမ်းသန်းခန့်မှန်းနေကြမှာ။”
သူ အနည်းငယ် ပြုံးလိုက်မိ၏။
“စူပါပေါင်းစပ်ခြင်းစက်က မင်းဆီမှာလား။”
“အင်း အခု သုံးမလို့လား။”
သူမက မေးလိုက်သည်။
သူ ခေါင်းငြိမ့်ပြလိုက်ရာ သူမ ချက်ချင်း သွားယူပေးလိုက်၏။
သူသည် ရေငုပ်သင်္ဘောပုံစံကွက်နှစ်ခုကို စနစ်အာကာသထဲမှ ထုတ်ယူလိုက်ပြီး စူပါပေါင်းစပ်ခြင်းစက်ထဲသို့ ထည့်လိုက်သည်။
“ပေါင်းစပ်မှု အောင်မြင်သည်။ ရရှိသည့်ဆုလာဘ် - အလတ်စား ရေငုပ်သင်္ဘောပုံစံကွက် (SSS အဆင့်) ၁။”
“အသေးစားပုံစံကွက်ကတည်းက အမြင့်ဆုံး SSS အဆင့်ဆိုတော့ ပေါင်းစပ်လိုက်တာက အဆင့်ကို မမြှင့်နိုင်ပေမဲ့ အရွယ်အစားကိုတော့ တိုးသွားစေတာပဲ။”
သူ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ ထို့နောက် သူသည် ၎င်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်း အသုံးပြုလိုက်တော့လေသည်။
“အဲဒါ ဘာလဲ။”
အန်းရန်က စပ်စုလိုက်သည်။
“ရေငုပ်သင်္ဘောပုံစံကွက်။ အဆင့်မြင့် ရေငုပ်သင်္ဘောလတ်တစ်စီးပေါ့။”
သူက ပြုံးပြလိုက်သည်။
“နင် တကယ်ကြီး ရေငုပ်သင်္ဘောပုံစံကွက် ရလိုက်တာလား။”
သူမ၏ လှပသော မျက်လုံးလေးများ ဝိုင်းစက်သွား၏။ သူ ခေါင်းငြိမ့်ပြလိုက်သည်။
“မိုက်လိုက်တာ။ အခု တည်ဆောက်တော့မှာလား။”
“ဒီညတော့ မဟုတ်သေးဘူး။ ဒီညက လူသားမျိုးနွယ်ကို တည်ဆောက်ရမယ့်ညလေ။”
သူက ရယ်မောရင်း သူမကို ပွေ့ချီလိုက်လေသည်။
ဤကဲ့သို့ မနက် သုံးနာရီ၊ လေးနာရီအချိန်ကြီးတွင် ရေငုပ်သင်္ဘောကို တည်ဆောက်ပြီးခဲ့လျှင်တောင် သူ သွားကြည့်နိုင်မည် မဟုတ်ပေ။
***