နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရှောင်းယီ နိုးလာခဲ့ပြီး ဝရန်တာသို့ထွက်ကာ နေ့စဉ်လုပ်နေကျ နံနက်ခင်း တရားထိုင်ခြင်းကို စတင်လိုက်လေသည်။
အန်းရန်မှာမူ မနေ့ညက ပင်ပန်းထားခဲ့သဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။
နှစ်နာရီခန့်အကြာတွင် အန်းရန် တဖြည်းဖြည်း နိုးလာခဲ့ပြီး ဖုန်းကိုလှမ်းကြည့်လိုက်ရာ အချိန်ကိုမြင်ပြီး အလန့်တကြား အော်ဟစ်လိုက်မိသည်။
“ရှောင်းယီ ဘာလို့ ငါ့ကို ထမင်းချက်ဖို့ မနှိုးတာလဲ။ အခုတော့ သွားပြီ။ အားလုံး မနက်စာ ငတ်ကုန်တော့မယ်။”
အန်းရန် အပြေးအလွှားဖြင့် အောက်ထပ်သို့ ဆင်းသွားတော့လေသည်။
ရှောင်းယီက တရားထိုင်ရာမှ မျက်လုံးဖွင့်ကြည့်ပြီး ပြာပြာသလဲ ပြေးဆင်းသွားသော သူမကိုကြည့်ကာ ပြုံး၍ ခေါင်းခါလိုက်မိသည်။
သူမ ဗီလာ၏ ပထမထပ်သို့ ရောက်သောအခါ ဆုဝမ်က မနက်စာကို စားပွဲပေါ်တွင် ပြင်ဆင်ပြီးနေပြီဖြစ်သည်။
“မောနင်း။”
ဆုဝမ်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
“မောနင်းပါ။”
အန်းရန်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။
“မနေ့ညက အိပ်ယာဝင် နောက်ကျသွားလို့ ဒီမနက် မထနိုင်ဘူး ဖြစ်သွားတယ်။ ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။”
“ငါတို့ကြားထဲ ဒီလောက် အားနာနေဖို့ လိုလို့လား။”
ဆုဝမ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“အင်း ဒါဆို ငါ အရင်ဆုံး မျက်နှာသွာစသစ်လိုက်ဦးမယ်နော်။”
ထို့နောက် အန်းရန်က ဒုတိယထပ်သို့ ပြန်တက်သွားခဲ့သည်။
အန်းရန် လှည့်ထွက်သွားပြီးနောက် ဆုဝမ်တစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူမ၏ မျက်နှာမှာ ခဏတာ စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်ထိန်းကာ တောက်ပသော မျက်နှာထားသို့ ပြောင်းလဲလိုက်လေသည်။
ရှောင်းယီသည်လည်း ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မနေ့ညက မသေမျိုးကျွန်း ကိစ္စကြောင့် အားလုံး အိပ်ရာထ နောက်ကျနေကြခြင်းပင်။
ရှောင်းယီ စားပွဲသို့ ရောက်သောအခါ အခြားသူများလည်း တစ်ပြိုင်တည်း ရောက်ရှိလာခဲ့ကြသည်။
“အစ်ကိုကျန်း မနေ့ညက အခြေအနေ ဘယ်လိုလဲ။”
ရှောင်းယီက စားသောက်ရင်းဖြင့် မေးလိုက်သည်။
“ငါတို့ မဟာမိတ်ကျွန်းစုတွေနဲ့ နောက်ထပ် ကျွန်းသုံးကျွန်း ထပ်တိုက်မိတယ်။ မီးတံတိုင်းတွေကို ကြိုတင်ပြင်ဆင်ထားလို့ သေခြင်းတရားစွမ်းအင် ကျူးကျော်မှုဒဏ်ကိုတော့ မခံရဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကျွန်းနှစ်ကျွန်းက မနေ့က ပထမဆုံးကျွန်းလို အကုန်လုံး အရိုးစုတွေချည်းပဲ။ ငါတို့ဘက်က မလှုပ်ရှားရင် သူတို့ ထွက်မလာဘူး။ ကျန်တဲ့ကျွန်းကတော့ ဖုတ်ကောင်တွေနဲ့ ပြည့်နေတယ်။ သူတို့ကို ခုခံဖို့တော့ တံတိုင်းတွေ တည်ဆောက်ထားတယ်။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“အဲဒီ ဖုတ်ကောင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မျိုးစုံကို ဂရုစိုက်ပြီး စောင့်ကြည့်မှတ်တမ်းတင်ထားပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
“ဦးလေးအန်း မသေမျိုးကျွန်းတွေ ကျုပ်တို့ရဲ့ ပင်မကျွန်းဘက်ကို ဦးတည်လာတာမျိုး မရှိဘူးမလား။”
ရှောင်းယီ ဆက်မေးလိုက်သည်။
“မရှိပါဘူး။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“လောလောဆယ် မရှိသေးပေမဲ့ ပေါ့ဆလို့တော့ မရဘူး။ အစ်ကိုကျန်း အစ်ကိုနဲ့ အစ်မရွှဲ့တို့က ကင်းလှည့်တာနဲ့ စောင့်ကြပ်တဲ့အပိုင်းကို အပြည့်အဝ တာဝန်ယူပေးပါ။ ဦးလေးအန်းကတော့ တခြားကိစ္စတွေကို စီမံထားပေးပါ။”
“မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာ တချို့လူတွေ မသိသေးဘူးလို့ထင်တယ်။ ကျုပ် အကျဉ်းချုပ် ပြောပြမယ်။”
ထို့နောက် ရှောင်းယီက မနေ့ညက ဖြစ်ရပ်ကို ရှင်းပြလိုက်လေသည်။
ယွမ်နွန်နှင့် အခြားသူများမှာ လုံးဝ ဆွံ့အသွားခဲ့ကြသည်။
“ဒါက သိပ္ပံနည်းမကျလိုက်တာ။”
ယွမ်နွန်က ရေရွတ်လိုက်၏။
“အရိုးစုတွေမှာလည်း သက်စောင့်အား ရှိနိုင်လို့လား။”
“သိပ္ပံနည်းမကျတာကို ပြောမယ်ဆိုရင် ဒီကမ္ဘာထဲကို ပစ်ချခံထားရတာက အကြီးမားဆုံး သိပ္ပံနည်းမကျတဲ့ကိစ္စပဲ။”
အန်းယွဲ့က ခေါင်းခါရင်း ပြောလိုက်သည်။ဒူခန်းသည်မူ ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့သည်။
“မိုက်တယ်။ ဖုတ်ကောင်တွေ တကယ်ရှိတာပဲ။ အဲဒီမှာ ဖုတ်ကောင်စစ်သည်တော် မသေမျိုးစစ်သည်တွေ ဘာတွေ ရှိမလား မသိဘူး။ တကယ် မြင်ချင်မိတယ်။”
ထိုအခါ ရှောင်းယီက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“လွယ်ပါတယ်။ ခဏနေရင် မင်း အဲဒီမသေမျိုးကျွန်းကို သွားပြီး စူးစမ်းလေ့လာတာကို တာဝန်ယူလိုက်။ တစ်ရက်လောက် ပြန်မလာနဲ့။”
“မလုပ်ပါနဲ့ ကျွန်းပိုင်ရှင် ကျုပ်က အပျော်ပြောတာပါ။ ပါးစပ်သရမ်းမိတာပါ ဟဲဟဲ။”
ဒူခန်း ချက်ချင်းပင် အရှုံးပေးလိုက်သည်။သူ့တွင် အရည်အချင်းကောင်းများ ရှိသော်လည်း တိုက်ခိုက်ရသည်ကို မနှစ်သက်ပေ။ သူက သူ၏ အချဉ်ဖောက်ခြင်း အတတ်ပညာဖြင့် အရက်ချက်ရသည်ကိုသာ ဝါသနာပါသူဖြစ်သည်။ ယီရန်ပင်းမဟာမိတ်အဖွဲ့မှ အရက်အားလုံးနီးပါးမှာ သူ၏ လက်ရာများပင် ဖြစ်သည်။
“ဒါပေမဲ့ ကျွန်းပိုင်ရှင်ပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ ကျုပ်ထင်တယ်။”
ကျန်းယွင်ထျန်းက ကြားဖြတ်ပြောလိုက်သည်။
“အခု ကျုပ်တို့ မသေမျိုးတွေအကြောင်း ဘာမှမသိသေးဘူး။ တကယ်လို့ တစ်နေ့မှာ သူတို့က အကြီးအကျယ် တိုက်ခိုက်လာရင် ကျုပ်တို့ အငိုက်မိသွားနိုင်တယ်။ အခုကတည်းက အစပျိုးပြီး လေ့ကျင့်တဲ့အနေနဲ့ ကျွန်းကို စူးစမ်းတာ ပိုကောင်းမယ်။”
အားလုံး စဉ်းစားကြည့်ပြီးနောက် ကျန်းယွင်ထျန်း ပြောသည်မှာ မှန်ကန်သည်ဟု လက်ခံကာ ခေါင်းငြိမ့်လိုက်ကြသည်။
“ကောင်းပြီ အစ်ကိုကျန်း ကျွန်းထဲကို ဝင်ရောက်စူးစမ်းဖို့ ထူးချွန်တဲ့ တပ်ဖွဲ့ဝင်အနည်းငယ်ကို စီစဉ်လိုက်ပါ။ သတိထားရမှာက အထဲကို အရမ်းနက်နက်ရှိုင်းရှိုင်း မဝင်ဖို့ပဲ။”
ရှောင်းယီ ညွှန်ကြားလိုက်သည်။
“ဆုဝမ် ဒီနေ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကနေ လက်နက်တွေနဲ့ တခြားပစ္စည်းတွေကို အများအပြား ရောင်းချပေးမယ်လို့ ဂရုထဲမှာ ကြေညာပေးလိုက်ပါ။ အဲဒါတွေက ဒီကမ္ဘာ့စစ်မြေပြင်မှာ ဖုတ်ကောင်တွေကို ပိုကောင်းကောင်း ရင်ဆိုင်နိုင်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်။”
ရှောင်းယီက နောက်ဆုံးအနေဖြင့် မှာကြားလိုက်သည်။
“ကောင်းပါပြီ။”
ဆုဝမ်က ခေါင်းငြိမ့်ကာ ခွက်ထဲမှ နွားနို့ကို အကုန်သောက်လိုက်ပြီး ကြော်ငြာစာမူ ရေးသားရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားတော့လေသည်။
မကြာမီ ဆုဝမ်သည် ယီထျန်းဂရုထဲ၌ အကြောင်းကြားစာ ထုတ်ပြန်လိုက်သည်။
“လူတိုင်း ဖုတ်ကောင်တွေကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်စေဖို့ ကျွန်မတို့ ယီရန်ပင မဟာမိတ်အဖွဲ့က လက်နက်နဲ့ တခြားပစ္စည်း အမြောက်အမြားကို ပြင်ဆင်ထားပါတယ်။ ခဏနေရင် ဂရုထဲမှာ တင်ပေးမှာမို့ အားလုံး အားပေးကြပါဦး။”
ဆုဝမ် တင်လိုက်သော စာကို မြင်သည်နှင့် ယီထျန်းဂရုတစ်ခုလုံး ချက်ချင်းပင် ဆူညံသွားတော့သည်။ ဆုဝမ်အသုံးပြုသော အကောင့်သည် ယီရန်ပင်း၏ ပြောရေးဆိုခွင့်ရှိသူနှင့် အတူတူပင် ဖြစ်သဖြင့် သူမ တင်သမျှမှာ အမှန်တကယ်ပင် ဖြစ်သည်။
“သူဌေးကြီးက အရမ်းသဘောကောင်းတာပဲ။ ဒါက တကယ်ကို လိုအပ်နေတဲ့အချိန်မှာ အကူအညီရလိုက်တာပဲ။”
“ဟုတ်တယ်။ ကျည်ထိုးရိုင်ဖယ်တွေ နည်းလွန်းနေသလိုပဲ။ အဲဒီဖုတ်ကောင်တွေကို ရင်ဆိုင်ဖို့ ကျည်ထိုးရိုင်ဖယ်မှ ရမှာ။ ရှေးဟောင်းသေနတ်တွေ သုံးရင် တစ်ချက်ပစ်ပြီးတာနဲ့ ဖုတ်ကောင်တွေက ငါတို့ပေါ် ခုန်အုပ်လာမှာပဲ။”
“ဟုတ်တယ်။ သူဌေး အရင်တစ်ခါ ပြောဖူးတဲ့ ဆိုင်ကယ်တွေကိုလည်း ရောင်းပေးရင် ကောင်းမယ်။ အဲဒါဆိုရင် မသေမျိုးကျွန်းပေါ်မှာ ပတ်မောင်းပြီး နယ်မြေစူးစမ်းလို့ ရလိမ့်မယ်။ အဲဒီဖုတ်ကောင်တွေက အရမ်းနှေးလွန်းတယ်။”
“လက်ပစ်ဗုံးတွေနဲ့ တော်ပီဒိုတွေလည်း ပါရင် ကောင်းမှာပဲ။”
“အခုဆို အားလုံးလည်း မသေမျိုးကျွန်းတွေနဲ့ ကြုံနေရပြီ မဟုတ်လား။”
“ဟုတ်တယ်။ တစ်ညလုံး မအိပ်ရသေးဘူး။ ငါ အရမ်းအိပ်ငိုက်နေပြီ။”
“ညီအစ်ကိုရာ အဲဒီလို လုပ်မနေပါနဲ့။ ဘာပဲဖြစ်ဖြစ် သူဆဌးကြီးက သေခြင်းတရားစွမ်းအင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ပေးထားပြီးပြီပဲဟာ။ မီးတံတိုင်း ချပြီးတာနဲ့ လက်အောက်ငယ်သားတွေကို တာဝန်ခွဲပြီး အလှည့်ကျ အနားယူခိုင်းလိုက်ပါ။ ဒီစစ်ပွဲက ရေရှည်တိုက်ရမယ့်ပွဲပဲ။ မအိပ်ဘဲ မနေနဲ့။”
“အပေါ်ကလူ ပြောတာမှန်တယ်။ ကျုပ်ကတော့ ၃ နာရီလောက် အိပ်ပြီး ပြန်ထလာပြီ။”
ရှောင်းယီသည် မနက်စာစားပြီးနောက် ပစ္စည်းသေတ္တာများကို သိမ်းဆည်းရန် ထွက်လာခဲ့လိုက်၏။ ဆုလာဘ်နှစ်ဆတိုးသည့်တိုင် ပစ္စည်းများမှာ အရင်လောက် မများသော်လည်း ရှိသမျှဖြင့် အကျိုးရှိအောင်တော့ လုပ်ဆောင်ရပေမည်။
တောအုပ်ထဲတွင်လည်း စားစရာများစွာ ရှိပေသည်။ ရှောင်းယီက ရှောင်ရှန်းကို အဆင့်မြင့်အစားအစာအချို့ကိုသာ ပို့ခိုင်းပြီး ၎င်းတို့အပေါ်၌ နှစ်ဆတိုးခြင်းစနစ်ကို အသုံးပြုလိုက်သည်။ ကျန်သည့်အရာများမှာ အဆင်ပြေပါသည်။
ယခုအခါ စားသောက်ကုန် အရောင်းအဝယ်မှာ နည်းပါးသွားပြီဖြစ်သည်။ ဆောင်းရာသီ ကျော်လွန်သွားပြီဖြစ်၍ လူတိုင်း ကိုယ်တိုင် စိုက်ပျိုးနိုင်ကြပြီ မဟုတ်ပါလော။ ထွက်နှုန်းမှာ ယွမ်လောင်ရှိသော ယီရန်ပင်း မဟာမိတ်အဖွဲ့လောက် မကောင်းသော်လည်း စားလောက်ရုံတော့ ရှိကြသည်။
သို့သော် အဆင့်မြင့် အစားအစာများမှာမူ လူကြိုက်များနေဆဲပင်။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာကာ ယီထျန်းဂရုထဲသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။
“ဒီနေ့ ရောင်းချပေးမယ့် လက်နက်တွေထဲမှာ အမြောက်တွေ၊ ပင်ဖိုင်းယားရိုင်ဖယ်တွေ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ လက်ပစ်ဗုံးတွေ ပါဝင်ပါတယ်။ သယ်ယူပို့ဆောင်ရေး အနေနဲ့ သံချပ်ကာစစ်သင်္ဘော၊ ဆိုင်ကယ်နဲ့ ဘက်စုံသုံး တပ်သားတင်ယာဉ်တွေလည်း ပါဝင်မှာပါ။ ဒါ့အပြင် အဆင့်မြင့် အစားအစာတွေလည်း အစုံအလင်ရှိပြီး ဒီနေ့အတွက်တော့ ဝယ်ယူမှု အရေအတွက် ကန့်သတ်ချက် မရှိပါဘူး။”
***