[လမ်းညွှန်တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက်ဂုဏ်ယူပါတယ် ပိုင်ရှင်...။ ခရမ်းရောင် အရည်အသွေး ဆုလာဘ် 'အသားကို အပြည့်အဝ အသုံးချခြင်း' ကို သင် ရရှိပါပြီ...။]
စနစ်၏ အသိပေးသံက သူ၏ စိတ်ထဲတွင် မြည်ဟည်းသွားခဲ့၏။
နင်းဖန်သည် ထိုအသိပေးသံကို လျစ်လျူရှုကာ သူ၏ ချိုးဖောက်ဝင်ရောက်မှု ဝမ်းသာမှုတွင် နစ်မြုပ် နေဆဲပင် ဖြစ်လေသည်။
သူ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်စိတစ်မှိတ်အတွင်း သူ၏ ကြွက်သားများနှင့် အရိုးများက အတူ တကွ မြည်ဟည်းသွားခဲ့၏။ နဂါးကဲ့သို့ ကျောရိုးက သူ၏ ကျောဘက်တစ်လျှောက် အက်ကွဲသံများ ထွက်ပေါ်လာပြီး သူ့ကို ယုံကြည်နိုင်စရာ မရှိလောက်အောင် လန်းဆန်းသွားစေခဲ့သည်။
မကြာမီမှာပင် ကြီးမားသော မောပန်းနွမ်းနယ်မှု လှိုင်းတံပိုးတစ်ခုက သူ့အပေါ် ဖုံးလွှမ်းလာခဲ့လေ၏။
ဗိုက်ဝအောင် စားသောက်ထားပြီး နယ်မြေ ချိုးဖောက်ဝင်ရောက်ကာ ကြွက်သားစွမ်းအားများ ထိုးတက် သွားသဖြင့် သူ၏ စိတ်ဝိညာဉ်နှင့် စွမ်းအင်များကို ပြန်လည်ရရှိရန် အိပ်စက်ခြင်းကို အလွန်အမင်း လိုအပ် နေခဲ့သည်ပင်။
ကုတင်ရှာရန်ပင် ပျင်းရိနေသဖြင့် သူသည် နောက်သို့ ပက်လက်လန်ကာ သိုင်းပညာ လေ့ကျင့်ရေးကွင်း ပေါ်တွင် ခြေကားယား လက်ကားယား အနေအထားဖြင့် လဲလျောင်းလိုက်၏။ ကောင်းကင်ကို စောင် အဖြစ် အသုံးပြုပြီး မြေကြီးကို ဖျာအဖြစ် အသုံးပြုကာ သူ လျင်မြန်စွာ အိပ်ပျော်သွားခဲ့လေတော့သည်။
တိတ်ဆိတ်နေသော တောင်ထိပ်တစ်လျှောက် စည်းချက်ကျကျ ဟောက်သံများသာ ပဲ့တင်ထပ်နေခဲ့၏။
တစ်ချိန်တည်းမှာပင်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။
တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများစွာသည် ဤမြင်ကွင်းကို ကြည့်နေကြပြီး တစ်ယောက် ကိုတစ်ယောက် ကြည့်ကာ အချင်းချင်း၏ မျက်လုံးများထဲရှိ အံ့အားသင့်မှုများကို မြင်တွေ့နေရ၏။
"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာမှာ လက်တစ်ဖက်တည်း အင်အား ဂျင် သုံးသောင်းသုံးထောင် ရှိတယ်ပေါ့...။"
"ဒါက သေမျိုးခန္ဓာကိုယ် ဟုတ်သေးလို့လား... ။"
ရှေးခေတ်ကတည်းက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကို အထူးပြုသော ထိုဘုရင် ခန္ဓာကိုယ်များနှင့် အရှင်သခင် ခန္ဓာကိုယ်များပင်လျှင် ဤမျှ မြင့်မားသော အဆင့်သို့ မရောက်ခဲ့ဖူးချေ။
"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်မြေရဲ့ တတိယ၊ ဆဋ္ဌမနဲ့ နဝမ အလွှာတွေကို ချိုးဖောက်ဝင်ရောက်တဲ့အခါ ကြီးမားတဲ့ မြှင့်တင်မှုတစ်ခု ရရှိပြီး ရုပ်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို နှစ်ဆ ဖြစ်စေတယ်...။"
"နင်းဖန်ရဲ့ အခြေခံအုတ်မြစ်က အရမ်း နက်ရှိုင်းတယ်...။ တကယ်လို့ သူက နောက်ထပ် နှစ်ဆတိုးတဲ့ မြှင့်တင်မှု သုံးကြိမ်ကို တွေ့ကြုံရရင် သူ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက် တဲ့အခါ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်က ဘယ်အဆင့်အထိ ရောက်မလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက် တယ် ..."
ရွှီယိုဝေသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး သူ၏ မျက်နှာမှာ တောက်ပနေခဲ့၏။
ချွမ်းကုန်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင်အနေဖြင့် သူသည် အခြားသူများထက် ကျင့်ကြံခြင်းကို ပိုမို လေ့လာခဲ့ပြီး နယ်ပယ်တိုင်းကို သေချာစွာ ကျွမ်းကျင်ထားသူ ဖြစ်သည်။
ထို့ကြောင့် နင်းဖန်၏ လက်ရှိ စတင်မှုမှာ အမှန်တကယ်ပင် အိပ်မက်တစ်ခုနှင့် တူနေခဲ့၏။
ပထမဦးစွာ သူသည် အကန့်အသတ်မဲ့ တာအိုကျမ်းစာ ကို ကျင့်ကြံခဲ့ပြီး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ဂျင် တစ်သောင်းရှစ်ထောင်ရှိသော ကြီးမားသည့် အင်အားကို ရရှိခဲ့လေသည်။
ထို့နောက် သူသည် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို ကျွမ်းကျင်ခဲ့ပြီး ထိပ်တန်းအဆင့် ယွင်မုန့် ငါးကြင်း တစ်ကောင်လုံးကို စားသုံးကာ ထိုသန့်စင်သော စွမ်းအင်များအားလုံးကို တစ်စက်မျှ မဖြုန်းတီးဘဲ အစာချေဖျက်ခဲ့၏။
ဤအချက်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာသို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် သူ၏ အင်အားကို နောက်တစ်ကြိမ် ထိုးတက်သွားစေခဲ့ပြီး ဂျင် သုံးသောင်းသုံးထောင်အထိ ရောက်ရှိသွား စေခဲ့သည်ပင်။
ဤအခြေခံအုတ်မြစ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင် ခိုင်မာစွာ တည်ဆောက်ထားသည်ဟု ဆိုနိုင်ပေသည်။
ကျင့်ကြံခြင်း သမိုင်းတစ်လျှောက်လုံးကို ကြည့်လျှင် အခြား မည်သူကမျှ ဤကဲ့သို့ အောင်မြင်ခဲ့ဖူးပုံ မရချေ။
သို့သော် ပြဿနာအချို့ နောက်ဆက်တွဲ ပါလာခဲ့၏။
ဆိုလိုသည်မှာ နင်းဖန်သည် ဤနေရာမှ သူ၏ ကျင့်ကြံခြင်းကို မည်သို့ ဆက်လက် လုပ်ဆောင်သင့် သနည်း။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တွင် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ရန် အထောက်အကူပြု နည်းလမ်း ရေတွက်မရနိုင်အောင် ရှိကြောင်း သင် သိထားရမည် ဖြစ်သည်။ နာမည်ကြီး ဆရာတစ်ဦး၏ လမ်းညွှန်မှု မပါဘဲ ပြည့်စုံသော ညွှန်ကြားချက်များ ရရှိရန် ခက်ခဲပေသည်။
နင်းဖန် ဤတစ်ကြိမ် ယွင်မုန့် ငါးကြင်း ကို စားသုံးခဲ့ခြင်းမှာ မျက်ကန်း ကံကောင်းမှုတစ်ခုသာ ဖြစ်၏။
ထို့ပြင် သတ္တမအဆင့် သွေးမျိုးဆက် ရှိသော ဤကဲ့သို့သော နတ်ဆိုးသားရဲမှာ အလွန် ရှားပါးလှသည်။ သားရဲတစ်သောင်း တောင်ထိပ် ထမင်းစားဆောင်၏ သိုလှောင်ရုံ တစ်ခုလုံးတွင် ထိုတစ်ကောင်သာ ရှိပေသည်။
ကျန်ရှိနေသော နတ်ဆိုးသားရဲ အသားများမှာ ဤမျှ မြင့်မားသော အဆင့် မရှိကြချေ။
သဘာဝကျစွာပင် ထိုအသားများ၏ အကျိုးသက်ရောက်မှုများမှာ ယွင်မုန့် ငါးကြင်း ထက် များစွာ နိမ့်ကျ ပေလိမ့်မည်။
ထို့ကြောင့် နင်းဖန်သည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန် သတ္တမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ များကို စားသုံးခြင်း တစ်ခုတည်းအပေါ် လုံးဝ မှီခိုနေရန် မဖြစ်နိုင်ချေ။
သူသည် အခြားသော ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်းများကို ရှာဖွေရမည်ပင် ဖြစ်၏။
ဤအချက်က အကြီးအကဲများအုပ်စုကို စိုးရိမ်စေသောအရာလည်း ဖြစ်သည်။ နင်းဖန်တွင် မိသားစု နောက်ခံ မရှိ၊ အဆက်အသွယ် မရှိ၊ ဗဟုသုတလည်း နည်းပါးပေသည်။
ဤမျှလောက်များပြားသော အထောက်အကူပြု နည်းလမ်းများကို သူ ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။
အကယ်၍ သူသည် သူ့ဘာသာသူ စမ်းတဝါးဝါး ရှာဖွေခြင်းကိုသာ အားကိုးနေပါက ဤအလွန်ကောင်း မွန်သော စတင်မှုကို သူ အလကား ဖြုန်းတီးပစ်လိုက်နိုင်ပေသည်။
"ငါတို့ သူ့ကို အမြန်ဆုံး ဆက်သွယ်ဖို့ လိုအပ်နေသေးတယ် ဂျူနီယာညီလေးချီ...။"
ဂိုဏ်းချုပ်က သက်ပြင်းချကာ ပြောလိုက်ပြီး သူ၏ အကြည့်များက သူ့ဘေးရှိ ချီလဲ့ကွမ်ထံသို့ ရွေ့သွား ခဲ့၏။
"စီနီယာအစ်ကို...။ ငါ အကောင်းဆုံး ကြိုးစားနေပါတယ် ဒါပေမယ့် ချုံးချီလေးက ဘာပဲဖြစ်ဖြစ် ကျရှုံးထားတဲ့ ရုပ်သေးတစ်ခုပါ...။ သူ့ကို အချိန်ပိုပေးမှ ရမယ်...။"
နောက်ဆုံးသူက ခါးသီးသော မျက်နှာဖြင့် ပြန်ဖြေလိုက်၏။
အမှိုက်သံတုံး ချုံးချီလေး သည် သူတို့အားလုံး၏ မျှော်လင့်ချက် ဖြစ်သည်ပင် မဟုတ်ပါလား။
အခြား ရုပ်သေးများကဲ့သို့ ဖြစ်နေမည်ဟု သူတို့ မမျှော်လင့်ကြချေ။ ခေါင်းညိတ်ခြင်းနှင့် ခေါင်းခါခြင်း လုပ်ဆောင်ချက် နှစ်ခုကိုသာ လုပ်ဆောင်နိုင်မည်ဆိုလျှင်ပင် ထိုအရာက အခြေအနေကို ကိုင်တွယ်ရန် များစွာ လွယ်ကူသွားစေမည် ဖြစ်၏။
ထို့ကြောင့် နင်းဖန် အနားယူနေသည့် အချိန်ကို အခွင့်ကောင်းယူကာ ချီလဲ့ကွမ်သည် သူ၏ နတ်ဘုရား စိတ်အာရုံကို လျှို့ဝှက်စွာ ပို့လွှတ်နေပြီး ချုံးချီလေးကို ထိန်းချုပ်ကာ အဆင့်မြှင့်တင်ရန် ကြိုးစားနေ ခဲ့၏။
အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေမင်းကြီး ကောင်းကင်ယံတွင် နောက်တစ်ကြိမ် မြင့်တက်လာခဲ့၏။
နင်းဖန်သည် သူ၏ ရင်ဘတ်ပေါ်တွင် တစ်ခုခု လာနင်းနေသည်ကို ခံစားလိုက်ရပြီး မူးဝေစွာဖြင့် မျက်လုံး များကို ဖွင့်ကြည့်လိုက်လေသည်။
ထို့နောက် သံချေးတက်နေသော ခေါင်းသေးသေးလေးတစ်ခု သူ၏ အမြင်အာရုံနယ်ပယ်တွင် ပေါ်လာပြီး ပတ္တမြားဖြင့် ပြုလုပ်ထားသော မျက်လုံးနှစ်လုံးက သူ့ကို စိုက်ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။
"မင်းပဲကို သံတုံးလေး...။"
နင်းဖန်သည် သမ်းဝေလိုက်ပြီး သူ၏ ရင်ဘတ်ပေါ်တွင် ရပ်နေသော ကောင်လေးကို မြေကြီးပေါ်သို့ အသာအယာ ချလိုက်ကာ အကြောလျှော့ရန် ထလာခဲ့လေသည်။
တစ်ညတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းက သူ၏ အသား၊ ကြွက်သားများနှင့် အရိုးများကို ကြီးမား သော အနားယူမှု ရရှိစေခဲ့ပြီး သူ၏ အခြေအနေ တစ်ခုလုံးကို အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိ သွားစေခဲ့၏။
မနက်စာအတွက် အများကြီး မစားသင့်ချေ။ သူသည် ထမင်းစားဆောင်သို့ ရောက်ရှိလာပြီး ဟင်းကိုး ခွက်နှင့် ဟင်းချိုတစ်ခွက် ပါဝင်သော ရိုးရှင်းသည့် အစားအစာတစ်ခုကို စားသုံးကာ ယုံကြည်မှု အပြည့် ဖြင့် ထွက်လာခဲ့လေသည်။
သားရဲတစ်သောင်း တောင်ထိပ်သည် သားရဲ ယဉ်ပါးအောင် သင်ကြားခြင်းနှင့် ဝိညာဉ်ထိန်းချုပ်ခြင်း တို့ကို အဓိက တာဝန်ယူထားသဖြင့် ထိုတောင်ထိပ်၏ မြေနေရာမှာ ကြီးမားလှပြီး အဓိက တောင်ထိပ် ဆယ့်နှစ်ခုအနက် ပထမနေရာတွင် ရှိပေသည်။
ပုံမှန် သုံ့ပန်း မွေးမြူရေး ဧရိယာများအပြင် အမဲလိုက် ဧရိယာ အချို့ကိုလည်း ခွဲခြားထား၏။
နင်းဖန်သည် လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ ကြည့်ရှုနေပြီး နောက်ဆုံးတွင် သူနှင့် အသင့်တော်ဆုံးဖြစ်မည့် သားရဲတစ်သောင်း တောင်ထိပ်၏ နက်ရှိုင်းသော တောင်ခြေရှိ တောင်ကြားတစ်ခုကို ရှာတွေ့ခဲ့သည်။
[လိဖုန်း တောင်ကြား...။ အတွင်းရှိ နတ်ဆိုးသားရဲများ၏ အင်အားသည် အများဆုံး ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်း နယ်မြေထက် မပိုပါ... ။သို့သော် အားကောင်းသော စွမ်းရည်များရှိသည့် အဆင့်မြင့် သွေးမျိုးဆက် သားရဲများစွာ ရှိပြီး အများစုမှာ တောင်ကြား၏ နောက်တစ်ဝက်တွင် နေထိုင်ကြပါသည်...။ တောင်ကြား အတွင်းသို့ ဝင်ရောက်သူများသည် မိမိတို့၏ စွမ်းရည်များအတိုင်း ပြုမူသင့်ပါသည်...။]
တောင်ကြား အဝင်ဝတွင် တောင်ကြားနှင့် ပတ်သက်သည့် မိတ်ဆက်စကား အချို့ ရေးသားထားသော ကျောက်စာတိုင် တစ်ခု ရှိနေခဲ့၏။
ဤသည်မှာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှိ တပည့်များအတွက် ဂိုဏ်းက အထူး သတ်မှတ်ပေးထား သော စမ်းသပ်မှု ကွင်းပြင်တစ်ခု ဖြစ်ကြောင်း ထင်ရှားပေသည်။
ခဏတာ ကြည့်ရှုပြီးနောက် နင်းဖန်သည် မကြောက်မရွံ့ ပြုံးလိုက်ပြီး အတွင်းသို့ တိုက်ရိုက် ဝင်သွား ခဲ့လေသည်။
[ဒင်... အိမ်ရှင်ဟာ လိဖုန်း တောင်ကြား သို့ ရောက်ရှိလာကြောင်း တွေ့ရှိပါသည်။ အပိုလမ်းညွှန်တာဝန် တစ်ခုကို အစပျိုးလိုက်ပါသည်။ မည်သည့် နတ်ဆိုးသားရဲကိုမဆို တစ်ကြိမ် သတ်ဖြတ်ခြင်းကို ပြီး မြောက်အောင် လုပ်ဆောင်ပါ...။]
[အောင်မြင်ပါက ရွှေရောင် အရည်အသွေး ဆုလာဘ် ၊ တိုက်ပွဲဝိညာဉ် ကို ရရှိပါမည်...။]
['တိုက်ပွဲ ဝိညာဉ်' - အဆက်မပြတ် တိုက်ပွဲများမှတစ်ဆင့် တိုက်ခိုက်ရေး ဉာဏ်ရည်ကို အဆုံးမရှိ တိုးတက်စေနိုင်စွမ်း ရှိပါသည်...။]
တောင်ကြားမှာ အလွန် ကြီးမားလှ၏။ နွေရာသီအလယ် ဖြစ်ပြီး တောင်ကြားအတွင်းရှိ အပင် များမှာ စိမ်းလန်းစိုပြေနေခဲ့သည်။
နင်းဖန် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရှုခင်းများကို ခံစားရန် အချိန်ပင် မရမီ သူ၏ အာရုံစိုက်မှု သည် စနစ်၏ အသိပေးချက်ကြောင့် ဆွဲဆောင်ခံလိုက်ရ၏။
"ရွှေရောင် အရည်အသွေး ဆုလာဘ်လား...။"
"တိုက်ပွဲဝိညာဉ် တဲ့လား...။"
"တော်တော် ကောင်းမယ့်ပုံပဲ...။"
ထို့အပြင် နတ်ဆိုးသားရဲများကို တိုက်ခိုက်ခြင်းနှင့် လေ့ကျင့်ခြင်းမှာ ဤနေရာသို့ သူ လာရောက်ရသည့် မူလ ရည်ရွယ်ချက် ဖြစ်၏။
ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်ခြင်းဟုပင် ဆိုနိုင်ပေသည်။
နင်းဖန်သည် သူ့ကိုယ်သူ ကျေနပ်နေချိန်တွင် လမ်းဘေး သစ်ပင်အုပ်များ၏ အရိပ်တွင် ပုန်းအောင်းနေ ခဲ့သော မြွေစိမ်းကြီး တစ်ကောင်ကိုတော့ သူ သတိမထားမိခဲ့ချေ။
သက်ရှိတစ်ဦး ချဉ်းကပ်လာသည့် အရှိန်အဝါကို ခံစားလိုက်ရပြီး မြွေကြီး၏ ခန္ဓာကိုယ်သည် မြှားတစ် စင်းကဲ့သို့ တင်းမာဖြောင့်တန်းသွားကာ နောက်စက္ကန့်တွင် ရုတ်တရက် ခုန်အုပ်လာခဲ့၏။
"ဟင်..."
စနစ် အသိပေးချက်ကြောင့် အာရုံလွင့်နေသော နင်းဖန်သည် အန္တရာယ် ဤမျှ လျင်မြန်စွာ ရောက်လာ လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သို့သော် မြွေကြီးကို သူ မမြင်ခဲ့ရသော်လည်း မြွေကြီး ခုန်အုပ်လာသည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှ အလိုအလျောက် တုံ့ပြန်မှုများက သူ့ကို ချက်ချင်း ရှောင်တိမ်းနိုင်စေခဲ့၏။
အနောက်သို့ ယိမ်းကာ ဘေးသို့ ခြေတစ်လှမ်း ဆုတ်လိုက်ခြင်းဖြင့် သူသည် ချောင်းမြောင်း တိုက်ခိုက်မှု ကို ပေါ့ပါးစွာ ရှောင်တိမ်းလိုက်လေသည်။
မြွေစိမ်းကြီးသည် ကျောက်တုံးကြီး တစ်တုံးကို တိုက်ရိုက် ဝင်တိုက်မိသွား၏။ "ဒိုင်း" ဟူသော အသံ ကျယ်ကြီးနှင့်အတူ ခိုင်မာပုံရသော ကျောက်တုံးကြီးသည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲ သွားခဲ့လေသည်။
ဤအချက်က နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ် မည်မျှ သန်မာကြောင်း ပြသရန် လုံလောက်ပေသည်။ မြွေကြီး၏ သတ်ဖြတ်နိုင်စွမ်းမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်၏။
အကယ်၍ ချောင်းမြောင်း တိုက်ခိုက်မှုသာ အောင်မြင်သွားပါက ဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ဦးပင် လျှင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရပေလိမ့်မည်။
နင်းဖန်ကို ပြန်ကြည့်လိုက်လျှင် သူသည် ဒေါသမထွက်ဘဲ ပြုံးလိုက်ကာ သူ၏ မျက်လုံးများတွင် စိတ်အားထက်သန်သော အလင်းရောင်တစ်ခု ပေါ်လာခဲ့၏။
"မြွေကောင်းလေး... ငါ့ဆီက လက်သီးတစ်ချက် မြည်းကြည့်လိုက်စမ်း...။"
ထိုသို့ပြောပြီး သူသည် ကိုယ်နေဟန်ထား ပြင်လိုက်သည်။ ခပ်ရေးရေးအားဖြင့် တောင်ငါးလုံး ၏ ပုံသဏ္ဌာန်များ စုစည်းလာကာ မြွေစိမ်းကြီးဆီသို့ တည့်တည့် ပြေးဝင်သွားခဲ့၏...။
အထက်ရှိ လျှို့ဝှက်နယ်မြေ အတွင်း၌ လေထုမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် ပူပြင်းနေခဲ့ပြီ ဖြစ် သည်။
အမှန်တကယ်တော့ နင်းဖန် အမဲလိုက် ဧရိယာကို ရှာဖွေနေစဉ်ကတည်းက တပည့်များစွာသည် သူ ဘာလုပ်မည်ကို ခန့်မှန်းမိပြီး ဖြစ်၏။
နင်းဖန် တောင်ကြားထဲသို့ အမှန်တကယ် ဝင်ရောက်သွားပြီး နတ်ဆိုးသားရဲ တစ်ကောင်နှင့် ရင်ဆိုင်နေ ရသည်ကို မြင်သောအခါ အားလုံး အလွန် စိတ်လှုပ်ရှားသွားကြသည်။
မည်သို့ပင်ဆိုစေ ဤသည်မှာ မဟာအကြီးအကဲ ကိုယ်တိုင် ရွေးချယ်ထားသော တပည့်ခေါင်းဆောင်၊ ဂိုဏ်းတွင် နှစ်တစ်သန်းအတွင်း မတွေ့ခဲ့ရသော သေမျိုးခန္ဓာကိုယ် ပါရမီရှင်အနေဖြင့် သူ၏ ဘဝတွင် ပထမဆုံးသော တိုက်ပွဲပင် ဖြစ်၏။
ရလဒ်က ဘယ်လိုဖြစ်မလဲ ဆိုတာကို ဘယ်သူက မကြည့်ချင်ဘဲ နေမှာလဲ။
ထို့ကြောင့် သူတို့သည် အပြင်စည်း သို့မဟုတ် အတွင်းစည်း တပည့်များဖြစ်စေ၊ အစစ်အမှန်တပည့် ဂုဏ်ထူးဆောင်တပည့်များဖြစ်စေ အားလုံးက စူးစိုက်စွာ ကြည့်နေကြ၏။
"ငါတို့ရဲ့ ကြီးမြတ်တဲ့ တပည့်ခေါင်းဆောင် နင်းက ဘယ်လို ရွေးရမလဲဆိုတာ တကယ် သိတာပဲ...။ သားရဲ တစ်သောင်း တောင်ထိပ်မှာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် တပည့်တွေ ကျင့်ကြံဖို့ သင့်တော်တဲ့ အမဲလိုက် ဧရိယာ သုံးခု ရှိပေမယ့် လိဖုန်း တောင်ကြား ထဲက နတ်ဆိုးသားရဲတွေက အကြမ်းတမ်းဆုံး ပဲ...။"
"တကယ်ပါပဲ... ဒါက သံမြှီးမြွေစိမ်း... တတိယအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ တစ်ကောင်ပဲ...။ သူ့ရဲ့ အမြီးမှာ အကြေးခွံ ငါးခု ရှိတယ် ဆိုလိုတာက သူ့ရဲ့ တိုက်ခိုက်မှု စွမ်းအားဟာ အနည်းဆုံး ရုပ်ခန္ဓာ ကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ ညီမျှတယ်...။"
"သံမြှီးမြွေစိမ်းက ပြေးနိုင်တယ်၊ တိုက်နိုင်တယ် ပြီးတော့ ပုန်းအောင်းတာလည်း တော်တယ်...။ လွန်ခဲ့တဲ့ ကိုးနှစ်က ငါ ဂိုဏ်းကို စဝင်တုန်းက တောင်ကြား အဝင်ဝမှာ မြွေစိမ်းကြီးကို မြင်ခဲ့ဖူးတယ်...။ ဒီနှစ်တွေ အကုန်လုံး ကြာပြီးတဲ့အထိကို အဲဒီမြွေကြီး အသက်ရှင်နေဦးမယ်လို့ ငါ မထင်ထားခဲ့ဘူး...။"
"လိဖုန်း တောင်ကြား ထဲမှာ ကိုးနှစ်တိုင်တိုင် ရှင်သန်နိုင်တာ ဒီမြွေက တကယ်ကို ရိုးရှင်းမနေဘူး...။"
အစစ်အမှန်တပည့် အချို့သည် အောက်ဘက်ရှိ တောင်ကြားအတွင်းမှ မြွေစိမ်းကြီး၏ မူလဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားကြပြီး စိတ်ခံစားမှုများဖြင့် သက်ပြင်းမချဘဲ မနေနိုင်ကြချေ။
အမှန်တကယ်တော့ အဓိက တောင်ထိပ် ဆယ့်နှစ်ခုထဲမှ တစ်ခုအနေဖြင့် သားရဲများကို အမဲလိုက်ရန် သားရဲတစ်သောင်း တောင်ထိပ်သို့ ပုံမှန် လာရောက်လေ့ရှိသူများမှာ အတွင်းစည်း သို့မဟုတ် ထို့ထက် ပိုမြင့်သော တပည့်များ ဖြစ်ကြ၏။
ထို့အပြင် အန္တရာယ်အများဆုံးနှင့် အခက်ခဲဆုံး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း စမ်းသပ်မှု ဧရိယာအနေဖြင့် လိဖုန်း တောင်ကြား သို့ အတွင်းစည်း ပါရမီရှင် အနည်းငယ်နှင့် အစစ်အမှန်တပည့် များသာ လာရောက် လေ့ ရှိကြပေသည်။
ထို့ကြောင့် သိန်းနှင့်ချီသော တပည့်များ ယခု အသံကျယ်ကျယ်ဖြင့် ပြောဆိုနေကြသော်လည်း သူတို့ထဲမှ အများစုမှာ တောင်ကြားအတွင်းရှိ မြင်ကွင်းများကို ပထမဆုံးအကြိမ် မြင်တွေ့နေရခြင်း ဖြစ်၏။
ထို့ပြင် တပည့် တစ်သိန်းကျော်တို့ အချင်းချင်း ဆွေးနွေးနေကြစဉ်မှာပင်...။
***