တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး သည် ပြင်းထန်ပြီး တားဆီး၍မရသော လွှမ်းမိုးနိုင်သည့် အင်အားကို အလေးပေး၏။
သာမန် အသိတရားထက် ကျော်လွန်၍ သန့်စင်ထားသော နင်းဖန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သော အခါ သူ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တိုင်းတွင် ပြိုကျနေသော တောင်တန်းတစ်ခုကဲ့သို့ တန်ချိန် တစ်သောင်း အလေးချိန် ရှိနေခဲ့သည်။
"ဝုန်း... "
မူလက ဂျင် သုံးသောင်းသုံးထောင်ရှိသော လက်တစ်ဖက်တည်း အင်အားကို ခန္ဓာကိုယ် တစ်ခုလုံး၏ အကန့်အသတ် အားစိုက်ထုတ်မှုနှင့် ကောင်းကင်ဘုံ အဆင့်မြင့် လက်သီး နည်းစနစ်တို့ဖြင့် မြှင့်တင် လိုက်သောအခါ ဖျက်ဆီးနိုင်စွမ်းမှာ အကြိမ်များစွာ တိုးပွားသွားခဲ့၏။
လက်သီးသည် လေထုကို ဖြတ်သန်းကာ မြည်ဟီးသံများ ထွက်ပေါ်လာခဲ့သည်။
သံမြှီးမြွေစိမ်းမှာ မှင်တက်သွားခဲ့၏။
ပိုမို တိကျစွာ ပြောရလျှင် လက်သီး၏ အရှိန်အဝါက မြွေစိမ်းကြီးကို အလွန် ထိတ်လန့်သွားစေသဖြင့် နေရာမှာပင် တောင်းတင်းသွားခဲ့ခြင်း ဖြစ်သည်။
ကြည့်ရှုနေသူများ၏ ရှုထောင့်မှကြည့်လျှင် မြွေစိမ်းကြီးသည် တုတ်ခိုင်သော ခန္ဓာကိုယ်ကို ရစ်ခွေကာ ခေါင်းကို မော့ထားပြီး တိုက်ခိုက်မှု ကျရောက်လာမည့် အချိန်ကိုသာ စောင့်နေခဲ့ရ၏။
"ဒိုင်း... "
နောက်တစ်စက္ကန့်တွင် နင်းဖန်၏ လက်သီးသည် မြွေကြီး၏ ဦးခေါင်းခွံကို တည့်တည့် ထိုးချလိုက်သည်။
လွန်ကဲသော အမြန်နှုန်းနှင့် ပေါင်းစပ်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် ပစ်မှတ် ကို ထိမှန်သွားသော စနိုက်ပါ ကျည်ဆန်တစ်ခုကဲ့သို့ ဖြစ်ပြီး မြင်သာသော တုန်လှုပ်မှု လှိုင်းတစ်ခု အပြင် ဘက်သို့ ပြန့်ထွက်သွားခဲ့၏။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သော ဤသံမြှီးမြွေစိမ်းသည် အစွမ်း ထက်ဆုံး အမြီးရိုက်ချက်ကို အသုံးပြုရန် အချိန်ပင် မရလိုက်ဘဲ နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ ရုတ်ရုတ်သဲသဲ အသံများ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
တပည့်များစွာ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်နေပြီး မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့ ကြသည်။
"တတိယအဆင့် သွေးမျိုးဆက် ရှိတဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ နဲ့ ညီမျှတဲ့ နတ်ဆိုးသားရဲ တစ်ကောင်က ဒီလိုပဲ သေသွားတာလား...။"
"နင်းဖန်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာမှာပဲ ရှိသေးတာလေ...။ အဲဒါ ရူးလောက်စရာပဲ...။"
"လက်ချည်းသက်သက် ဘာလက်နက်မှ မပါဘဲနဲ့...။ ဒါ…၊ ဒါက...။"
"တကယ်ကို နှစ်တစ်သန်းမှာ တစ်ခါပေါ်မယ့် ပါရမီရှင်ပါပဲ...။ ငါ၊ ယဲ့လျှန်ချန် ယုံကြည်သွားပါပြီ...။"
"ဒါနဲ့ နင်းဖန် တိုက်ခိုက်တုန်းက သံမြှီးမြွေစိမ်းက ဘာလို့ အဲဒီလို ရပ်နေခဲ့တာလဲ...။"
"ကြောက်လွန်းလို့ တောင့်တင်းသွားတာလေ...။ ဘယ်လို လက်သီး နည်းစနစ်မျိုး ပျံသန်းလာလဲဆိုတာ မင်း မမြင်ဘူးလား...။"
"တကယ်လား...။ နတ်ဆိုးသားရဲတွေက ကြောက်လွန်းလို့ ငတုံးတွေ ဖြစ်သွားနိုင်တာလား...။"
"ဂျူနီယာညီလေး...။ အကြီးအကဲတွေရဲ့ ဟောပြောချက်တွေကို မင်း နားထောင်ဖူးရဲ့လား...။ ဘယ် အဆင့်မြင့် သိုင်းပညာမဆို အောင်မြင်မှုအသေးစား ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့အဆင့်ကို ရောက်သွား တာနဲ့ အားနည်းတဲ့ သက်ရှိတွေကို လွှမ်းမိုးနိုင်တဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်တယ်လေ...။"
"ဟုတ်တယ်... နင်းဖန်က ငါတို့ဂိုဏ်းရဲ့ အမြင့်ဆုံး နည်းစနစ်ဖြစ်တဲ့ ကောင်းကင်ဘုံ အဆင့်မြင့် တောင်ငါး လုံး စစ်မှန်သော ပုံစံ လက်သီး ကို ကျင့်ကြံခဲ့ပြီး အဲဒါကို အောင်မြင်မှုအသေးစားအထိ ရောက်အောင် လုပ်နိုင်ခဲ့တယ်...။ ဒါကြောင့် သူ့ရဲ့ အရှိန်အဝါက ငါတို့ စိတ်ကူးကြည့်လို့ရတာထက် ပိုတယ်...။"
"တပည့်ခေါင်းဆောင် နင်းမှာ အနာဂတ် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာမယ့် အရည်အချင်းတွေ တကယ် ရှိတာပဲ...။"
တပည့်များသည် အရူးအမူး စကားပြောဆိုနေကြ၏။ အခြေခံသဘောတရားကို နားမလည်သော အပြင်စည်း ပျင်းရိသူ အချို့က မေးခွန်းများ မေးကြပြီး စီနီယာအစ်ကိုများ၏ ချက်ချင်း ပညာပေးမှုကို ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အတွင်းစည်းနှင့် အစစ်အမှန်တပည့် ဂုဏ်ထူးဆောင်များမှာလည်း မှင်တက်သွား ကြ၏။
ဂုဏ်ယူဝင့်ကြွားသော ပါရမီရှင်များအနေဖြင့် အကယ်၍ သူတို့သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယ အလွှာတွင် လိဖုန်း တောင်ကြား သို့ ဝင်ရောက်ခဲ့ပါက အတားအဆီးဖြစ်နေသော သံမြှီးမြွေစိမ်းကို သဘာဝကျကျ သတ်ဖြတ်နိုင်ပေလိမ့်မည်။
သို့သော် မည်သူကမျှ နင်းဖန်ကဲ့သို့ သန့်ရှင်းသပ်ရပ်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
သူတို့သည် အနည်းဆုံး အချီ အနည်းငယ်မျှ ယှဉ်ပြိုင် တိုက်ခိုက်ရပေလိမ့်မည်။
ထို့ကြောင့် သူ၏ ဤစွမ်းဆောင်ရည်မှာ ဝေဖန်စရာ ဘာမှမရှိအောင်ပင် ကောင်းမွန်လွန်းနေခဲ့သည်။
'ပထမဆုံး စစ်မှန်သော တိုက်ပွဲတစ်ခုအတွက် ဤစွမ်းဆောင်ရည်မှာ အတော်လေး ကောင်းမွန်နေပြီပဲ...'
ဟု ချွမ်းကုန်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင် ရွှီယိုဝေသည် အပြည့်အဝ သဘောတူသည့်အနေ ဖြင့် ခေါင်းညိတ်လိုက်လေ၏။
အလွန်ကောင်းမွန်သော ကျင့်ကြံခြင်း ပါရမီရှိသူ အများအပြားသည် လက်တွေ့ တိုက်ပွဲများတွင် အားကောင်းချင်မှ အားကောင်းမည်ဖြစ်ကြောင်း သတိပြုရမည် ဖြစ်သည်။
သူတို့သည် တိုက်ခိုက်ရန် တုံ့ဆိုင်းနေခြင်း၊ တိုက်ပွဲ၏ အခြေအနေကို မှားယွင်းစွာ အကဲဖြတ်ခြင်း သို့မဟုတ် ဖိအားများအောက်တွင် လှုပ်ရှားမှုများကြား ပြောင်းလဲရာတွင် အဆင်မပြေဖြစ်ခြင်းများ ရှိနိုင်သည်။ အားလုံးမှာ တိုက်ခိုက်ရေး ဉာဏ်ရည် မလုံလောက်ခြင်း၏ လက္ခဏာများ ဖြစ်၏။
ဖြတ်လမ်း မရှိချေ...။ တောင်ပုံရာပုံရှိသော အမှန်တကယ် တိုက်ပွဲ အတွေ့အကြုံများကသာ ထိုအရာ များကို ပြင်ဆင်ပေးနိုင်ပေသည်။
ထို့ကြောင့် ဂိုဏ်းသည် သားရဲတစ်သောင်း တောင်ထိပ်တွင် အမဲလိုက် ဧရိယာများကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
သူ မြင်တွေ့နိုင်သရွေ့တော့ နင်းဖန်သည် ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး ချီးကျူးစရာ ကောင်း အောင် စွမ်းဆောင်နိုင်ခဲ့၏။
သူသည် အစွမ်းကုန် အင်အားကို စုစည်းကာ မြွေကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီး အန္တရာယ်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရဲသော သတ္တိရှိကြောင်း သက်သေပြခဲ့သည်ပင်။ ဤအချက်မှာ အလွန် အရေး ကြီးပေသည်။
အဘယ်ကြောင့်ဆိုသော် သတ္တိသည် အဆုံးမရှိသော တိုက်ပွဲများမှတစ်ဆင့် ယုံကြည်ချက် တစ်ခုအဖြစ် သို့ ပြောင်းလဲသွားမည် ဖြစ်သောကြောင့်ပင်။
'ပြိုင်ဘက်ကင်း' ဟုခေါ်သော ယုံကြည်ချက်တစ်ခု။
အမြင့်ဆုံး ပါရမီရှင်တိုင်းသည် ဤအရာကို ပိုင်ဆိုင်ထားကြသည်။ ထိုအရာသည် ပြိုင်ဘက် အားလုံးကို ဆန့်ကျင်ပြီး တာအိုအတွက် ယှဉ်ပြိုင်ရာတွင် အခြေခံအုတ်မြစ် ဖြစ်လေ၏။
ပြိုင်ဘက်ကင်းသော နှလုံးသား ရှိမှသာ ပြိုင်ဘက်ကင်းသော လက်သီးကို ထိုးနိုင်မည် ဖြစ်သည်။
ထို့အပြင် ထိုယုံကြည်ချက်ကို တိုက်ပွဲ တစ်ပွဲပြီးတိုင်း တည်ဆောက်ရခြင်း ဖြစ်၏။
နင်းဖန်သည် နတ်ဆိုးသားရဲ တစ်ကောင်ကို တိုက်ခိုက်ရဲခဲ့သည်။ ဤအချက်မှာ သတ္တိရှိသော လုပ်ရပ် တစ်ခုဖြစ်ပြီး ထိုပြိုင်ဘက်ကင်းသော ယုံကြည်ချက်ကို ဖန်တီးရန် ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။
သဘာဝကျစွာပင် ရွှီယိုဝေ၏ 'အတော်လေး' ဟူသော စကားလုံးက ဤတိုက်ပွဲတွင် အားနည်းချက်များ ကို သူ မြင်တွေ့နေရဆဲဖြစ်ကြောင်း သွယ်ဝိုက် ဖော်ပြနေခဲ့၏။
'လက်သီးချက်က ပြင်းထန်လွန်းတယ်...။'
အမှန်တကယ် တိုက်ပွဲကျွမ်းကျင်သူ တစ်ဦးသည် မိမိနှင့် သံမြှီးမြွေစိမ်း ကြားရှိ ကွာဟချက်ကို တစ်ချက် ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကို ဖမ်းရာတွင်ပင် အစွမ်းကုန် ကြိုးစားသည် ဟူသော စကားပုံ ရှိသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် ပညာမဲ့သော အချက်များ ရှိပေသည်။
မည်သို့ပင်ဆိုစေ နတ်ဘုရားစွမ်းရည်များကို ယှဉ်ပြိုင်ရာတွင် လျှို့ဝှက် ဖဲချပ်တစ်ခုကို သိမ်းထားရန်မှာ အရေးကြီး၏။ အစကတည်းက အရာအားလုံးကို ပစ်ထုတ်လိုက်ခြင်းမှာ ပညာရှိရာ မရောက်ချေ။
သို့တိုင် ဤအရာများမှာ နင်းဖန်၏ အလုံးစုံသော စွမ်းဆောင်ရည်အပေါ် များစွာ ထိခိုက်မှုမရှိသော အသေးအဖွဲ အချက်အလက်များသာ ဖြစ်လေသည်။
နောက်မှ သူ့ကို ပိုမိုကောင်းမွန်အောင် သင်ကြားပေးနိုင်ပေသည်။ ဤသည်ကို တွေးမိသောအခါ ရွှီယိုဝေ သည် အောက်ဘက်သို့ ဆက်လက် စိုက်ကြည့်နေခဲ့၏။
တောင်ကြားထဲတွင်။
မြစိမ်းရောင် မြွေကြီးကို သတ်ပြီးနောက် နင်းဖန်သည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည်။
[လမ်းညွှန်တာဝန်ကို ပြီးမြောက်သည့်အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါသည်။ ဆုလာဘ်- ရွှေရောင်အဆင့် ပါရမီ 'တိုက်ပွဲဝိညာဉ်' ကို ရရှိပါပြီ…။]
ဆုလာဘ်ကို လက်ထဲတွင် ရရှိသွားပြီ ဖြစ်၏။ နင်းဖန် ဘာမှ မခံစားရချေ...။ ပါရမီမှာ စိတ္တဇဆန်လွန်းပြီး အမှန်တကယ် တိုက်ပွဲတွင်သာ ထင်ရှားလာနိုင်လောက်ပေသည်။
သူ၏ ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေခဲ့၏။
မည်သို့ပင်ဆိုစေ သူသည် ကြက်တစ်ကောင်ကိုပင် မသတ်ဖူးသော ခေတ်သစ် လူတစ်ယောက် ဖြစ်သည် ...။ နတ်ဆိုးသားရဲ တစ်ကောင်၏ ဦးခေါင်းခွံကို တည့်တည့် ထိုးဖောက်သွားခြင်းက နေသားကျရန် အချိန်ခဏတော့ ယူရပေသည်။
ခဏအကြာတွင် သူသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်သွားစေပြီး တောင်ကြားထဲသို့ ဆက်လက် နက်ရှိုင်း စွာ ဝင်ရောက်သွားခဲ့လေ၏။
ဤတစ်ကြိမ်တွင် နတ်ဆိုးသားရဲများနှင့် တွေ့ဆုံတိုင်း သူသည် လျင်မြန်စွာ အသားကျသွားခဲ့သည်။
သတ်ဖြတ်မှုများမှာ သွေးထွက်သံယို ဖြစ်နေလျှင်ပင် သူ မအီမသာ ဖြစ်ခြင်း မရှိတော့ချေ။
ဤစမ်းသပ်မှု တစ်လျှောက်လုံးတွင် တိုက်ပွဲဝိညာဉ် ပါရမီသည် စတင် အကျိုးသက်ရောက်လာပြီး သူ့ကို တိုက်ခိုက်ရာတွင် ပို၍ပို၍ ကျွမ်းကျင်လာစေခဲ့၏။
တစ်နာရီခန့် အကြာတွင် နင်းဖန်သည် တောင်ကြား၏ အလယ်မှတ်သို့ ရောက်ရှိသွားခဲ့သည်။
မြစ်ကြီးတစ်စင်းသည် လိဖုန်း တောင်ကြား ကို အရှေ့နှင့် အနောက် နှစ်ပိုင်း ပိုင်းခြားထား၏။
အရှေ့ဘက်ခြမ်းတွင် သူ တွေ့ခဲ့ရသော အကြမ်းတမ်းဆုံး နတ်ဆိုးသားရဲ မှာ တတိယအဆင့် သွေးမျိုး ဆက်သာ ရှိပြီး သာမန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ ကျင့်ကြံသူတစ်ဦးနှင့် အကြမ်းဖျင်း ညီမျှ ပေသည်။
အနောက်ဘက်ခြမ်းသို့ သူ မဝင်ရသေးသော်လည်း သူ၏ ထက်မြက်သော အာရုံများက ထိုနေရာတွင် ပုန်းအောင်းနေသော အန္တရာယ်များစွာနှင့် အင်အားကြီးမားသည့် အရှိန်အဝါများအကြောင်း သူ့ကို သတိ ပေးနေပြီ ဖြစ်၏။
ထိုအချက်မှာ သူ့အတွက် လုံးဝ ပြီးပြည့်စုံပေသည်။
တိုက်ပွဲဝိညာဉ် ပါရမီကို အသုံးပြုရန်ဖြစ်စေ၊ အကန့်အသတ်မဲ့ တာအိုကျမ်းစာ ကို ကျင့်ကြံရန်ဖြစ်စေ သတ်ဖြတ်ခြင်းမှာ မရှိမဖြစ် လိုအပ်ပေသည်။
ထိုအတွေးဖြင့် နင်းဖန်သည် မြစ်ကို ခုန်ကူးကာ တောင်ကြား၏ အနောက်ဘက်ခြမ်းသို့ တည့်တည့် ပြေးဝင်သွားခဲ့တော့၏...။
အထက်ရှိ လျှို့ဝှက်နယ်မြေ အတွင်း၌ တပည့်များစွာမှာ မှင်တက်သွားကြသည်။
"နေပါဦး... သူက ဘာလို့ ပိုပိုပြီး ဝေးအောင် သွားနေတာလဲ..."