ရှုံလျန်ဖုန်းသည် ဝမ်ချန်နှင့် အိမ်နီးချင်းချင်း ခင်မင်ရင်းနှီးလို၍ လာရောက်ခြင်း ဖြစ်သော်လည်း သူ၏ အဓိက ရည်ရွယ်ချက်ကား မိမိကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားသော ရတနာရှာဖွေရေး အဖွဲ့တွင် ပါဝင်ရန် ဝမ်ချန်အား ဖိတ်ခေါ်လိုခြင်းပင်။
ယင်းမှာ ဟင်းလင်းပြင်အတွင်း လွင့်မျောနေသော ဥက္ကာခဲငယ်တစ်ခုကို အတူတကွ ရှာဖွေရန်ပင် ဖြစ်ချေသည်။
ထိုမသေမျိုးအိုကြီး၏ ပြောပြချက်အရ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ပြင်ပနတ်ဆိုးများနှင့် တိုက်ခိုက်နေစဉ် ထိုဥက္ကာခဲကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။
အဆိုပါ ဥက္ကာခဲသည် အချင်း လေးငါးမိုင်ခန့်သာ ရှိသဖြင့် မကြီးမားလှသော်လည်း ၎င်းအတွင်း၌ ဝိညာဉ်ကျောက်တုံး သတ္တုတွင်း ရှိနေနိုင်ခြေ အလွန်ပင် မြင့်မားလှပေ၏။
သို့သော် ထိုစဉ်က ရှုံလျန်ဖုန်းသည် ပြင်ပနတ်ဆိုးများနှင့် လုံးပန်းနေရသဖြင့် ဥက္ကာခဲကြီး ဝေးရာသို့ လွင့်မျောသွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိခဲ့ချေ။
ထိုဥက္ကာခဲပေါ်သို့ ဝိညာဉ်တံဆိပ်ခတ်နှိပ်ခြင်းဖြင့်သာ အမှတ်အသား ပြုခဲ့လေသည်။
ဟင်းလင်းပြင်၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်တံဆိပ်မှာ အကွာအဝေး အနည်းငယ်အတွင်း၌သာ အာရုံခံနိုင်ပေရာ နတ်ဆိုးများ၏ အန္တရာယ်မှ လွတ်မြောက်လာချိန်တွင်မူ ထိုဥက္ကာခဲ တည်ရှိရာကို ရှာမတွေ့တော့ပေ။
သို့ရာတွင် ရှုံလျန်ဖုန်းသည် ကောင်းကင်လျှို့ဝှက်ချက်တွက်ချက်ခြင်း ပညာရပ်၌ ကျွမ်းကျင်သူ ဖြစ်သည့်အလျား မိမိ၏ အသက်ရှည်အင်အားကိုပင် အကုန်အစင် အသုံးပြုကာ တွက်ချက်ခဲ့လေသည်။
ထိုသို့ တွက်ချက်ရာတွင် များမကြာမီအတွင်း မဟာရတနာများ ကိန်းဝပ်နေသော ဥက္ကာခဲနှင့် ပြန်လည် ဆုံတွေ့နိုင်မည့် အခွင့်အလမ်း ရှိကြောင်း သိရှိခဲ့ရသည်ပေတည်း။
ပြဿနာမှာ ရှုံလျန်ဖုန်းအနေဖြင့် ဟင်းလင်းပြင် နက်ရှိုင်းရာသို့ တစ်ဦးတည်း သွားရောက်ရန် မဖြစ်နိုင်သဖြင့် အဖွဲ့ငယ်တစ်ခုကို လျှို့ဝှက် ဖွဲ့စည်းခဲ့ရခြင်း ဖြစ်ချေသည်။
ယခုအချိန်အထိ ရှုံလျန်ဖုန်းနှင့်အတူ ရတနာရှာဖွေရန် သဘောတူထားသော အပြင်အဆင့် အကြီးအကဲ သုံးဦး ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း သူသည် 'မဟာဒြပ်ငါးပါး အစီအရင်' ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန်နှင့် အမှားအယွင်း မရှိစေရန်အတွက် နောက်ထပ် အဖော်တစ်ဦးကို ထပ်မံ ရှာဖွေနေခြင်း ဖြစ်ပေ၏။
ထိုစကားကို ကြားပြီးနောက် ဝမ်ချန်က "စီနီယာရှုံ... စီနီယာက ဘာကြောင့် ကျွန်တော့်ကိုမှ ရွေးချယ်ရတာလဲဆိုတာ သိပါရစေ" ဟု စူးစမ်းစွာ မေးမြန်းလိုက်လေသည်။
ရှုံလျန်ဖုန်း၏ ဖိတ်ခေါ်ချက်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။ အကယ်၍ ဥက္ကာခဲပေါ်တွင် ဝိညာဉ်ကျောက်တုံး သတ္တုတွင်း အမှန်တကယ် ရှိနေပါက ဝိညာဉ်ကျောက်တုံး သိန်းနှင့်သန်းနှင့်ချီသော ဝင်ငွေများ ရရှိနိုင်ပေသည်။
အကယ်၍ အစွမ်းထက် ဝိညာဉ်ကျောက်တုံးများကိုသာ တူးဖော်ရရှိပါက ယင်းထက်ပင် ထူးကဲသော ရလဒ်များကို ရရှိပေလိမ့်မည်။
ဝမ်ချန် ဤနေရာသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ထိုမျှ ကြီးမားသော အခွင့်အလမ်းကြီးက သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်မှာ အံ့အားသင့်ဖွယ် ဖြစ်တန်ရာ၏။
ရှုံလျန်ဖုန်းက သက်ပြင်းတစ်ချက်ချကာ "အမှန်အတိုင်း ပြောရရင် မိတ်ဆွေဝမ်... ကျွန်တော့်မှာ မိတ်ဆွေထက် ပိုပြီး သင့်တော်တဲ့သူကို ရှာမတွေ့လို့ပါ" ဟု ပြန်လည် ဖြေကြားခဲ့လေသည်။
ဤကဲ့သို့သော ကိစ္စမျိုးကို မသေမျိုးအသင်းမှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများထံ အကူအညီ တောင်းရန် သူ မဝံ့ရဲပေ။ သို့မဟုတ်ပါက သူတို့၏ လွှမ်းမိုးခြင်းကို ခံရပြီး ရတနာများကို အတင်းအဓမ္မ သိမ်းယူခံရမည့် ဘေးကို စိုးရိမ်ရပေသည်။
မသေမျိုးအသင်းမှ ကျင့်ကြံသူများသည် အထူးသဖြင့် အဆင့်မြင့် ပုဂ္ဂိုလ်များမှာ မာန်မာန ကြီးမားကြပြီး လေလွင့်ကျင့်ကြံသူများကို အထင်အမြင်သေးတတ်ကြသည်။
ရှုံလျန်ဖုန်းသည် ထိုသို့သော ဘေးအန္တရာယ်ကို မကြုံတွေ့လိုသည်မှာ သဘာဝပင် ဖြစ်ချေသည်။
ထို့အပြင် တိခုကမ္ဘာဦးတံခါးတွင် အခြေစိုက်နေသော ဝိညာဉ်သန္ဓေသားအဆင့် လေလွင့်ကျင့်ကြံသူမှာလည်း အလွန်ပင် နည်းပါးလှပေသည်။
အကြောင်းမူကား မသေမျိုးအဆင့်သို့ ရောက်ရှိလာသော လေလွင့်ကျင့်ကြံသူ အများစုမှာ ဟောက်ထျန်းနယ်မြေ၏ တစ်နေရာရာတွင်သာ သီးခြား ကျင့်ကြံနေထိုင်လိုကြပြီး၊ ပြင်ပနတ်ဆိုးများနှင့် အပြင်းအထန် တိုက်ခိုက်ရမည့် ကမ္ဘာဦးတံခါးသို့ လာရောက်လိုသူ ရှားပါးလှသောကြောင့် ဖြစ်ပေ၏။
ထို့ကြောင့် ရှုံလျန်ဖုန်း ရှာဖွေတွေ့ရှိနိုင်သော ကျင့်ကြံသူ မိတ်ဆွေများမှာ အလွန်ပင် အကန့်အသတ် ရှိလှပေသည်။
ဝမ်ချန်သည် အခိုက်အတန့်မျှ စဉ်းစားပြီးနောက် "စီနီယာရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က အကန့်အသတ် ရှိနေတဲ့အတွက် အခုကိစ္စကိုတော့ ယဉ်ကျေးစွာပဲ ငြင်းပယ်ပါရစေ။ နောင်မှာ အခွင့်ကြုံရင်တော့ အတူတူ လက်တွဲလုပ်ဆောင်ကြတာပေါ့" ဟု ပြန်လည် ပြောကြားခဲ့လေသည်။
ရှုံလျန်ဖုန်း၏ ကမ်းလှမ်းချက်မှာ ရိုးသားသည်ဟု ထင်ရသလို ဝိညာဉ်ကျောက်တုံးများ ရှိနေသော ဥက္ကာခဲမှာလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
သို့သော်လည်း ဝမ်ချန်သည် ရတနာရှာရန် လာရောက်ခြင်း မဟုတ်သဖြင့် မရေရာသော ဟင်းလင်းပြင်အတွင်း ရတနာရှာဖွေရန် သွားရောက်ခြင်းမှာ ပညာရှိတို့ ပြုမူရမည့် အလုပ် မဟုတ်ဟု ယူဆပေသည်။
အရေးကြီးဆုံးအချက်မှာ လူတို့၏ စိတ်သဘောထားကို ခန့်မှန်းရ ခက်ခဲခြင်းပင် ဖြစ်သည်။ ရှုံလျန်ဖုန်းက ရန်လိုသော အမူအရာ မရှိစေကာမူ အနှစ်တစ်ထောင်နီးပါး သက်တမ်းရှိသော ကျင့်ကြံသူအိုကြီးတစ်ဦး၏ အတွင်းစိတ် အတိမ်အနက်ကို မည်သူမျှ မမှန်းဆနိုင်ပေ။
ဝမ်ချန်သည် ထိုသို့သော မရေမရာသည့် အခွင့်အရေးကို လိုက်လံ ဖမ်းဆုပ်ရန် စိတ်ဝင်စားမှု မရှိတော့ပေ။
"ဒါဆိုရင်လည်း ကောင်းပါပြီလေ"
ဝမ်ချန်၏ ငြင်းပယ်မှုကြောင့် ရှုံလျန်ဖုန်းမှာ စိတ်ပျက်သွားသော်လည်း ထိုဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအိုကြီးမှာ အမျက်မထွက်ဘဲ "ကျင့်ကြံခြင်းလမ်းက မလွယ်ကူပါဘူး။ သတိထားတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ၊ နောင်မှပဲ ပြန်ဆွေးနွေးကြတာပေါ့" ဟု နားလည်ပေးသည့်ဟန်ဖြင့် ဆိုလေသည်။
သူ၏ စကားသံထဲတွင်မူ စိတ်မကောင်းဖြစ်နေသော အငွေ့အသက်များ ပါဝင်နေဆဲပင် ဖြစ်၏။
ထိုမသေမျိုးအဆင့် ကျင့်ကြံသူကို လိုက်လံပို့ဆောင်ပြီးနောက် ဝမ်ချန်သည် သူ၏ ဂူဘုံနန်းတွင် နှစ်ရက်ခန့် နေထိုင်ကာ ဟင်းလင်းပြင်အတွင်း စူးစမ်းရန် ထွက်ခွာခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်မူ ယခင်ကကဲ့သို့ လျှောက်ကြည့်ရုံသက်သက် မဟုတ်ဘဲ တိကျသော ရည်မှန်းချက်တစ်ခု ရှိနေပေသည်။
ရတနာယာဉ်ပျံသည် ဟင်းလင်းပြင်အတွင်း၌ လျှပ်စီးကဲ့သို့ လျင်မြန်သော်လည်း အသံတစ်စုံတစ်ရာ မထွက်ဘဲ တိတ်ဆိတ်စွာ ပြေးလွှားနေလေသည်။
ယာဉ်ပျံအတွင်းရှိ ဝမ်ချန်မှာမူ စိတ်အပန်းမဖြေနိုင်ဘဲ ယာဉ်ပျံကို မောင်းနှင်ရန် ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းပေးနေရသည့်အပြင် ဟင်းလင်းပြင် အက်ကွဲကြောင်းများနှင့် ဟင်းလင်းပြင် ဝဲဂယက်များကိုလည်း အစဉ်တစိုက် သတိထား စောင့်ကြည့်နေရပေသည်။
အကယ်၍ အက်ကွဲကြောင်းများနှင့် တိုက်မိပါက တတိယအဆင့် ရတနာယာဉ်ပျံပင် ဖြစ်လင့်ကစား ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားမည် ဖြစ်ပေရာ စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့် တာအိုလက်နက်များပင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
ဟင်းလင်းပြင် ဝဲဂယက်အတွင်းသို့ မတော်တဆ ဝင်ရောက်မိပါကလည်း မည်သည့်နေရာသို့ ရောက်ရှိသွားမည်မှန်း မသိနိုင်သော ကြယ်စုတန်းများဆီသို့ လွင့်မျောသွားကာ မည်သည့်အခါမျှ ပြန်မလာနိုင်တော့မည့် ဘေးနှင့် ကြုံရနိုင်ပေသည်။
ဟင်းလင်းပြင်အတွင်း၌ ဘေးအန္တရာယ်များသည် နေရာအနှံ့ ကိန်းဝပ်လျက် ရှိနေသည်။
သုံးနာရီခန့် ပျံသန်းပြီးနောက်တွင် ဝမ်ချန်သည် ရှေ့ဘက်၌ ဧရာမ နက္ခတ်တာရာ ပတ်လမ်းကြောင်းကြီးကို တွေ့မြင်လိုက်ရလေသည်။
ထိုပတ်လမ်းကြောင်းကြီးမှာ ကြီးငယ်မဆိုသော ဥက္ကာခဲပေါင်း မြောက်မြားစွာဖြင့် ဖွဲ့စည်းထားကာ ဟင်းလင်းပြင် ဝဲဂယက်တစ်ခုကို ဗဟိုပြု၍ လည်ပတ်နေခြင်း ဖြစ်သည်။
၎င်း၏ အကျယ်အဝန်းမှာ တိခုကမ္ဘာဦးတံခါးထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ကြီးမားလှပြီး ဟင်းလင်းပြင် သတ္တဝါများ ခိုအောင်းရာ နေရာတစ်ခုလည်း ဖြစ်ချေသည်။
ယင်းထဲတွင် ပြင်ပနတ်ဆိုးများလည်း ပါဝင်ပေသည်။
တိခုကမ္ဘာဦးတံခါး၏ ပတ်ဝန်းကျင်၌ ထိုကဲ့သို့သော နက္ခတ်တာရာ ပတ်လမ်းကြောင်းများ မြောက်မြားစွာ တည်ရှိနေပေသည်။
ဝမ်ချန်သည် မသေမျိုးအသင်းမှ ပေးအပ်သော ကြယ်တာရာ မြေပုံပေါ်တွင် အမှတ်အသား ပြုထားသော ပတ်လမ်းကြောင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။
ဤပတ်လမ်းကြောင်း၏ အန္တရာယ်အဆင့်မှာ မမြင့်မားလှပေ။ မှတ်တမ်းများအရ စတုတ္ထအဆင့်ထက် မြင့်သော ဟင်းလင်းပြင် သတ္တဝါများ မရှိသဖြင့် ဝမ်ချန်အတွက် မြေပုံအသစ်များကို စူးစမ်းရန်နှင့် အတွေ့အကြုံသစ်များ ရယူရန် သင့်တော်သော နေရာတစ်ခု ဖြစ်ပေ၏။
ရတနာယာဉ်ပျံသည် နက္ခတ်တာရာ ပတ်လမ်းကြောင်း အနီးသို့ ရောက်ရှိသောအခါ ဝမ်ချန်သည် ယာဉ်တံခါးကို ဖွင့်ကာ အပြင်သို့ ခုန်ထွက်လိုက်လေသည်။
သူသည် ယာဉ်ပျံကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ဓားပျံကို အသုံးပြုကာ ပျံသန်းလေတော့သည်။
ကျင့်ကြံသူ အများစုအတွက်မူ ဟင်းလင်းပြင် ပတ်ဝန်းကျင်သို့ တိုက်ရိုက် ထိတွေ့ခြင်းမှာ ပညာရှိရာ မရောက်ပေ။
အကြောင်းမှာ ဟင်းလင်းပြင် စွမ်းအားများက ခန္ဓာကိုယ်ကို တိုက်စားကာ ပြန်လည် ကုစား၍ မရနိုင်သော ထိခိုက်မှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေ၏။
ထို့အပြင် ဟင်းလင်းပြင်အတွင်း၌ မည်သည့် ဝိညာဉ်အင်အားမျှ မရှိသဖြင့် ဓားပျံဖြင့် ပျံသန်းခြင်းသည် မိမိ၏ ဝိညာဉ်စွမ်းအင်ကိုသာ လုံးလုံးလျားလျား အားကိုးရသဖြင့် အင်အားကုန်ဆုံးမှု အလွန်ပင် များပြားလှပေသည်။
သို့ရာတွင် ဝမ်ချန်မှာမူ အခြားသူများနှင့် မတူပေ။ သူ၏ မဟာကောင်းကင်နဂါး ပညာရပ် အဋ္ဌမအဆင့်ဖြင့် တည်ဆောက်ထားသော ဝရဇိန်ခန္ဓာမှာ ဟင်းလင်းပြင်၏ တိုက်စားမှုကို ခံနိုင်ရည် ရှိသဖြင့် ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပေသည်။
ထို့အပြင် ဝမ်ချန်သည် နတ်ဆိုးသတ်ကွန်ရက် အတွင်း၌ သိုလှောင်ထားသော ဝိညာဉ်စွမ်းအင်များကို ပြန်လည် စုပ်ယူကာ အင်အား ဖြည့်တင်းနိုင်သဖြင့် အခြားသော တူညီသည့်အဆင့် ကျင့်ကြံသူများထက် ပိုမို၍ ကြံ့ကြံ့ခံနိုင်စွမ်း ရှိလေသည်။
သို့သော်လည်း ယခုအချိန်တွင်မူ နတ်ဆိုးသတ်ကွန်ရက် အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အနည်းငယ်သာ ကျန်ရှိတော့ပေသည်။
ဝမ်ချန်သည် နဂါးချောက်နက်ဓားကို စီးနင်းကာ အချင်း တစ်မိုင်ထက် ကြီးမားသော ဥက္ကာခဲများဆီသို့ စူးစမ်းရန် စတင် ထွက်ခွာခဲ့လေသည်။
ထိုကဲ့သို့သော ဥက္ကာခဲကြီးများသည် ဟင်းလင်းပြင် သတ္တဝါများ ခိုအောင်းရန် အကောင်းဆုံး နေရာများ ဖြစ်ပေ၏။
ဝမ်ချန်၏ ကြိုးပမ်းမှုမှာ များမကြာမီပင် အရာထင်လာခဲ့သည်။
အချင်း လေးငါးမိုင်ခန့် ရှိသော ဥက္ကာခဲတစ်ခုကို စူးစမ်းရန် ပြင်ဆင်နေစဉ်အတွင်း လိုဏ်ဂူများထဲမှ လင်းနို့နက် အုပ်ကြီးက သူ့ထံသို့ အလုံးအရင်းနှင့် တိုးဝှေ့ ထွက်ပေါ်လာလေတော့သည်။
ထိုလင်းနို့နက်များမှာ ဒုတိယအဆင့် ရှိသော ဟင်းလင်းပြင် သတ္တဝါများ ဖြစ်ကြပြီး ဥက္ကာခဲများ သို့မဟုတ် ပျက်စီးနေသော နယ်မြေများရှိ သဘာဝ လိုဏ်ဂူများတွင် ခိုအောင်းကာ ဟင်းလင်းပြင်မှ ဒြပ်စင်များကို စားသုံးကာ အသက်ရှင်ကြသူများ ဖြစ်ပေ၏။
လင်းနို့နက် တစ်ကောင်ချင်းစီ၏ အစွမ်းမှာ မပြောပလောက်ဘဲ ဝိညာဉ်နန်းတော်အဆင့် ကျင့်ကြံသူများပင် ကိုင်တွယ်နိုင်သော်လည်း ၎င်းတို့မှာ အုပ်စုလိုက် နေထိုင်တတ်ကြပြီး ရာနှင့်ထောင်နှင့်ချီကာ ထွက်ပေါ်လာတတ်ကြပေသည်။
၎င်းတို့သည် မိမိတို့၏ အင်အားများကို ပေါင်းစည်းကာ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်အထိ အင်အားကြီးမားသော သတ္တဝါများအဖြစ် ပြောင်းလဲနိုင်ပြီး ရွှေဝိညာဉ်ရှင်အဆင့် ကျင့်ကြံသူများကိုပင် ချေမှုန်းနိုင်စွမ်း ရှိကြပေသည်။
ဝမ်ချန်သည် လင်းနို့နက် အကောင်ရေ လေးငါးရာခန့်ကို ထိပ်တိုက်တွေ့ခဲ့ရပြီး ထိုအုပ်စုကြီးမှာ ချက်ချင်းပင် ဧရာမ သတ္တဝါနက်ကြီး တစ်ကောင်အဖြစ် ပေါင်းစည်းကာ ဝမ်ချန်အား ဝါးမျိုရန် အစွယ်တငေါငေါနှင့် အပြင်းအထန် တိုက်ခိုက်လာလေတော့သည်။
မှောင်မိုက်၍ ဆိုးယုတ်လှသော အရှိန်အဝါများက ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အလား ထင်မှတ်ရပေ၏။
ထိုသို့သော အခြေအနေတွင် ဝမ်ချန်သည် မိမိ၏ လက်ကို တစ်ချက် ခါယမ်းလိုက်ရာ မီးပွားပေါင်း ထောင်သောင်းချီ၍ ထွက်ပေါ်လာလေသည်။
ထိုမီးပွားများမှာ လျင်မြန်စွာပင် အသက်ဝင်နေသော မီးလျှံကျီးကန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး လင်းနို့အုပ်ကြီးဆီသို့ အဟုန်ဖြင့် ပျံသန်း သွားကြလေတော့သည်။
မီးလျှံကျီးကန်းများ၏ အရေအတွက်နှင့် အရှိန်အဝါမှာ လင်းနို့အုပ်ထက်ပင် သာလွန်နေပေ၏။
ခဏအတွင်းမှာပင် နှစ်ဖက်အင်အားစုများ အပြင်းအထန် ထိပ်တိုက်တွေ့ကြပြီး ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်ခဲ့လေသည်။
လင်းနို့နက်များမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြပြီး ဆိုးယုတ်လှသော အရှိန်အဝါများမှာလည်း ပြင်းထန်သော မီးလျှံများ၏ လောင်ကျွမ်းမှုကြောင့် ပျောက်ကွယ် သွားကြရလေတော့သည်။
လင်းနို့အုပ်ကြီးမှာ လုံးဝရှုံးနိမ့်သွားရပေသတည်း။
***