ဝုန်း...။
ဦးခေါင်းပြတ်တောက်သွားသော အတောင်ပံနှစ်ဖက်ပါ ကြယ်တာရာမြွေဟောက်ကြီးသည် ဥက္ကာခဲမျက်နှာပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာရာ ဖုန်မှုန့်များမှာလည်း အလိပ်လိုက် တက်လာလေတော့သည်။
ယင်းက ထိုတိုက်ပွဲ အဆုံးသတ်သွားပြီဖြစ်ကြောင်း သက်သေထူလိုက်ခြင်းပင်။
ဝမ်ချန်သည် သူ၏ ချီကျွယ်ဓားကို ပြန်လည်မသိမ်းဆည်းသေးဘဲ ထိုဓားကြီးဖြင့်ပင် မြွေဟောက်အလောင်းအား ခွဲစိတ်ကာ အဖိုးတန်သော အစိတ်အပိုင်းများကို တစ်ခုချင်းစီ ခွဲထုတ်နေလေသည်။
ဤအတောင်ပံနှစ်ဖက်ပါ ကြယ်တာရာမြွေဟောက်သည် အဆင့် (၄) ရှိ ဟင်းလင်းပြင်သတ္တဝါတစ်ကောင်ဖြစ်ပြီး နဂါးသွေးနွယ်ဝင်အဖြစ်သို့ ကူးပြောင်းရန်ပင် နီးစပ်နေပြီဖြစ်ရာ ၎င်း၏တစ်ကိုယ်လုံးမှာ ရတနာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုရပေမည်။
မြွေဟောက်၏ အရေခွံ၊ အရိုး၊ အကြောနှင့် အတွင်းအမြူတေတို့မှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။
စားသုံး၍မရသဖြင့် စွန့်ပစ်ရမည့် အသားများမှလွဲ၍ ဤမြွေဟောက်ကြီးထံမှရရှိသော ပစ္စည်းအများစုကို ဝမ်ချန်သည် သူ၏သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။
ဟင်းလင်းပြင်ရှိ ရတနာနယ်မြေဆိုသည်မှာ အဆုံးမဲ့သော သယံဇာတများ တည်ရှိရာနေရာပင် ဖြစ်ချေသည်။
နောင်တစ်ချိန်တွင် အဆင်ပြေချောမွေ့စွာ ကုန်သွယ်နိုင်ရန်အတွက် ဝမ်ချန်သည် ယခုတစ်ခေါက်ခရီးတွင် ရရှိလာမည့် ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲခြားသိမ်းဆည်းရန် သိုလှောင်အိတ်ပေါင်း ဒါဇင်နှင့်ချီ၍ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
သူသည် နေရာကျယ်ဝန်းလှသော ဆူမီးရူးလက်စွပ် သို့မဟုတ် စန်းချင်းလက်စွပ်တို့ကို အသုံးမပြုဘဲ တန်ဖိုးနည်းသော သိုလှောင်အိတ်များကိုသာ အသုံးပြုရခြင်းမှာ ဟင်းလင်းပြင်မှ ထွက်ရှိသည့် ထူးခြားသော သယံဇာတများသည် သိုလှောင်ပစ္စည်းများကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် ဖြစ်ပေရာ သိုလှောင်အိတ်များကို အသုံးပြုခြင်းကသာ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ဝမ်ချန်သည် ဟင်းလင်းပြင်နတ်ဆိုးထံမှ ကျဆင်းလာသော အမည်းရောင် ဝိညာဉ်ပုလဲကို ကောက်ယူလိုက်၏။
မသေမျိုးအသင်း၏ စည်းမျဉ်းများအရ ဟင်းလင်းပြင်နတ်ဆိုးများကို အမဲလိုက်သတ်ဖြတ်နိုင်မှသာ ကျင့်ကြံခြင်းလမ်းစဉ်အမှတ်များကို ရရှိနိုင်မည်ဖြစ်ပြီး ထိုနတ်ဆိုးသေဆုံးပြီးနောက် ကျန်ရစ်ခဲ့သည့် ဝိညာဉ်ပုလဲသည်သာ ကျင့်ကြံခြင်းလမ်းစဉ်အမှတ်များနှင့် လဲလှယ်ရန် တစ်ခုတည်းသော သက်သေအထောက်အထား ဖြစ်ချေသည်။
ယခုကဲ့သို့ အဆင့် (၄) ရှိသော ဝိညာဉ်ပုလဲတစ်လုံးကို အနည်းဆုံး ကျင့်ကြံခြင်းလမ်းစဉ်အမှတ် တစ်ထောင်နှင့် လဲလှယ်နိုင်ပေသည်။
ဤဝိညာဉ်ပုလဲသည် လက်နက်သွန်းလုပ်ခြင်းနှင့် ကျင့်ကြံခြင်းပညာရပ်များအတွက် တန်ဖိုးရှိသော ပစ္စည်းတစ်ခုဖြစ်သောကြောင့် ကိုးပြည်နယ် မသေမျိုးအသင်းအနေဖြင့်လည်း နစ်နာမှုမရှိနိုင်ပေ။
၎င်း၏တန်ဖိုးမှာ မသေမျိုးအသင်းအမှတ်များနှင့် တန်းတူပင် ဖြစ်သည်။
ထိုအမှတ်များကို အသုံးပြု၍ အဆုံးမဲ့ပင်လယ်ကုန်သည်အသင်းနှင့် ရတနာတစ်သောင်းခန်းမတို့တွင်ပင် မရရှိနိုင်သော ပစ္စည်းများကို မသေမျိုးအသင်း၏ ဘဏ္ဍာတိုက်အတွင်း၌ လဲလှယ်ရယူနိုင်ပေသည်။
ဝမ်ချန်သည် သူပထမဆုံးရရှိသော ဝိညာဉ်ပုလဲကို စစ်ဆေးကြည့်ရာ ၎င်း၏အတွင်းပိုင်းရှိ မှော်စွမ်းအားမှာ အလွန်ပင် အရည်အသွေးမြင့်မားလှသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်အမှတ် တစ်ထောင်ထက်ပင် ပိုမိုရရှိနိုင်သည်ဟု တွေးတောကာ ကျေနပ်နေမိတော့သည်။
ဝမ်ချန်အနေဖြင့် မသေမျိုးအသင်းအမှတ် သောင်းနှင့်ချီ၍ လိုအပ်နေသဖြင့် ထိုအရေအတွက်မှာ အလှမ်းဝေးလွန်းလှသည်ဟု ထင်ရသော်လည်း သူ၏လက်ဝယ်၌ အစွမ်းထက်လှသော နတ်ဆိုးသတ်ကွန်ရက် ရှိနေသရွေ့ မတော်တဆမှုတစ်စုံတစ်ရာ မရှိခဲ့ပါလျှင် ဒြပ်ငါးပါးဝိညာဉ်ပစ္စည်းများနှင့် လဲလှယ်ရန် လုံလောက်သော အမှတ်များကို ရရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်ပေတော့သည်။
စင်စစ်အားဖြင့် ဟင်းလင်းပြင်၌ အမဲလိုက်ခြင်းသည် သူ၏စိတ်ဝိညာဉ်ကို ထက်မြက်စေရုံသာမက တိုက်ခိုက်ရေးစွမ်းရည်နှင့် နည်းစနစ်များကိုလည်း ပိုမိုတိုးတက်စေသည် မဟုတ်လော။
ဘေးအန္တရာယ်ကြီးမားလေလေ၊ ရရှိမည့် အကျိုးအမြတ်ကလည်း များပြားလေလေပင် ဖြစ်ပေရာသည်။
ဆယ်ရက်ကြာပြီးနောက် ဝမ်ချန်သည် တိခုကမ္ဘာဦးတံခါးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဟင်းလင်းပြင်၏ ပတ်ဝန်းကျင်မှာ အလွန်ပင် ကြမ်းတမ်းလှပေသည်။ သဘာဝဝိညာဉ်စွမ်းအင်များ ကင်းမဲ့နေရုံသာမက ဟင်းလင်းပြင်၏ စွမ်းအားများသည် ကျင့်ကြံသူများကို တိုက်စားညစ်ညမ်းစေသဖြင့် တာအိုအခြေခံကို ထိခိုက်စေကာ နတ်ဆိုးအဖြစ်သို့ ကူးပြောင်းသွားနိုင်သည့် အန္တရာယ်လည်း ရှိပေသည်။
ထို့ကြောင့် ကျင့်ကြံသူအများစုသည် ဟင်းလင်းပြင်သို့ ဆယ်ရက်မှ လဝက်ခန့်သာ သွားရောက်လေ့ရှိကြသည်။
ပြန်လည်ရောက်ရှိလာချိန်တွင် ၎င်းတို့သည် ညစ်ညမ်းနေသော ဟင်းလင်းပြင်စွမ်းအားများကို သန့်စင်ဖယ်ရှားပစ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပေသည်။
ဝမ်ချန်သည် မပျက်စီးနိုင်သော ဝရဇိန်ခန္ဓာကို ပိုင်ဆိုင်ထားသဖြင့် ဟင်းလင်းပြင်စွမ်းအားများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိသော်လည်း အဆုံးမဲ့လှသော ဟင်းလင်းပြင်နှင့် နှိုင်းယှဉ်လျှင်မူ သူသည် သေးငယ်သော သတ္တဝါလေးတစ်ကောင်မျှသာ ဖြစ်ပေရာ မည်သည့်အခါမျှ မဆင်မခြင် မပြုမူအပ်ပေ။
ကြယ်တာရာကွင်းပြင်အတွင်း စူးစမ်းရှာဖွေခြင်းမှာလည်း အလွန်အန္တရာယ်များလှရာ တစ်လနီးပါးကြာအောင် နေထိုင်နိုင်ခြင်းမှာ သူနှင့်သက်တူရွယ်တူ ကျင့်ကြံသူများထက် များစွာသာလွန်နေပြီ ဖြစ်သည်။
ဝမ်ချန် သူ၏ဂူဘုံနန်းသို့ ပြန်ရောက်သောအခါ ပိုင်စုစုမှာ ချက်ချင်းပင် နိုးလာပြီး မျက်မှောင်ကြုတ်ကာ ဆိုလေသည်။
"နင် ဟင်းလင်းပြင်ထဲမှာ ကြာကြာနေခဲ့လွန်းတယ်၊ သတိလွတ်မသွားအောင် ဂရုစိုက်ဦး"
ဤညှို့ဓာတ်ပြင်းလှသော မသေမျိုးမလေးသည် ဝမ်ချန်၏ကိုယ်ပေါ်တွင် ကပ်ငြိနေသော ဟင်းလင်းပြင်စွမ်းအားများကို အာရုံခံမိနေခြင်း ဖြစ်ပေသည်။
ဝမ်ချန်က ပြုံးလျက်...
"စိတ်မပူပါနဲ့၊ ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်" ဟု ဆိုလိုက်၏။
ဟင်းလင်းပြင်စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူ၏ကိုယ်၌ မဟာကောင်းကင်နဂါးပညာရပ်၏ အဋ္ဌမအဆင့်ဖြင့် ကာကွယ်ထားသည့်အပြင် အသိဉာဏ်ပင်လယ်ထဲ၌လည်း ရှေးဟောင်းတာအိုကျောက်စာတိုင်က စောင့်ရှောက်ထားသဖြင့် နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားနိုင်ခြေ မရှိပေ။
ပိုင်စုစုက နှာခေါင်းလေးရှုံ့လျက်...
"မြန်မြန်ရေချိုး၊ နင့်ဆီက အနံ့က တော်တော်ဆိုးနေတာပဲ" ဟု ပြောဆိုကာ ရေပူကန်ရှိ တားမြစ်ချက်များကို ဖွင့်ပေးလိုက်လေသည်။
ဤရေပူကန်မှာ ပိုင်စုစုကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး ဝိညာဉ်စမ်းရေများကို ဂူဘုံနန်းအတွင်းသို့ စီးဆင်းစေရုံသာမက သူမ၏ကျင့်ကြံမှုအတွက် အထူးအစီအရင်တစ်ခုကိုလည်း တပ်ဆင်ထားခြင်း ဖြစ်သည်။
ဝမ်ချန် မရှိခိုက်တွင် ပိုင်စုစုသည် ဤရေပူကန်အတွင်း၌သာ အချိန်ကုန်ဆုံးနေခဲ့ခြင်း ဖြစ်ပေရာ ထိုသို့စိမ်နေခြင်းမှာလည်း ကျင့်ကြံခြင်း တစ်မျိုးပင် ဖြစ်ချေသည်။
ဝမ်ချန် ခေတ္တမျှ တွေဝေသွား၏။
ပိုင်စုစုက စနောက်သလို ရယ်မောလျက်...
"ဘာလဲ... ကြောက်နေတာလား" ဟု ဆိုလေသည်။
ဝမ်ချန် တွေဝေသွားရခြင်းမှာ ပိုင်စုစုသည် ထိုရေပူကန်ထဲတွင် ကိုယ်လုံးတီးဖြင့် စိမ်နေသောကြောင့်ဖြစ်ပြီး သူမ၏ ကိုယ်ခန္ဓာကို ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော မြူနှင်းများဖြင့်သာ ဖုံးအုပ်ထားရာ သူမ၏ လှပကျော့ရှင်းသော အချိုးအစားများမှာ အလွန်ပင် ဆွဲဆောင်မှုရှိနေသောကြောင့် ဖြစ်သည်။
အဓိကအချက်မှာ ဂူဘုံနန်း၏ အကျယ်အဝန်းမှာ ကန့်သတ်ချက်ရှိသဖြင့် ရေပူကန်မှာလည်း သိပ်မကြီးလှခြင်းပင်။
သို့သော်လည်း ပိုင်စုစု၏ စိန်ခေါ်မှုကို ဝမ်ချန်အနေဖြင့် မမှုဘဲ လွတ်လပ်စွာ ရယ်မောလိုက်ပြီးနောက် သူ၏ဝတ်ရုံကို ချွတ်ကာ ရေပူကန်ထဲသို့ ခုန်ဆင်းလိုက်ပြီး ပိုင်စုစု၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေတော့သည်။
သူသည် မျက်လုံးများကို မှိတ်လျက် သက်သောင့်သက်သာဖြင့် အသက်ရှူလိုက်၏။
ဝမ်ချန်သည် စင်ကြယ်သောခန္ဓာကို ပိုင်ဆိုင်ရန် ကျင့်ကြံထားသဖြင့် နှစ်ပေါင်းရာနှင့်ချီ၍ ရေမချိုးဘဲ နေခဲ့လျှင်ပင် သူ၏ကိုယ်မှာ အညစ်အကြေးကင်းစင်နေမည် ဖြစ်သော်လည်း ရေချိုးခြင်းမှရရှိသော သက်သောင့်သက်သာရှိမှုကမူ သူ၏စိတ်ဝိညာဉ်ထဲသို့ တိုင်အောင် စိမ့်ဝင်သွားစေသည်။
ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ထိုခံစားချက်ကိုမူ မဖျောက်ဖျက်နိုင်ပေ။
ဝမ်ချန်သည် ပိုင်စုစုအပေါ် လေးစားမှုဖြင့် မမြင်အပ်သည်များကို မမြင်စေရန် သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။
မမျှော်လင့်ဘဲ ခဏအကြာတွင် မွှေးပျံ့နူးညံ့သော ကိုယ်လုံးလေးတစ်ခုမှာ သူ့အနားသို့ တိုးကပ်လာပြီး ကျောက်စိမ်းကဲ့သို့ ချောမွတ်သော လက်အစုံမှာလည်း သူ၏လည်ပင်းကို သိုင်းဖက်လိုက်လေသည်။
ဝမ်ချန်က ခါးသက်သက် ပြုံးလိုက်ရင်း...
"... ဒီလိုလုပ်ဖို့ မလိုဘူး မဟုတ်လား" ဟု ဆိုလိုက်၏။
သူသည် ပိုင်စုစုအပေါ်တွင် မည်သည့် ရမ္မက်ဆန္ဒမျှ မရှိခဲ့ဘဲ သူမကို တာအိုလမ်းစဉ်ကို အတူတကွ လျှောက်လှမ်းမည့် အဖော်တစ်ဦးအဖြစ်သာ အစဉ်အမြဲ ရှုမြင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့အပြင် ဝမ်ချန်နှင့် ပိုင်စုစုတို့အကြား၌ မဟာမိတ်ဖွဲ့ထားခြင်းလည်း ရှိပေရာ ၎င်းတို့နှစ်ဦးသည် အရင်းနှီးဆုံးသော မိတ်ဆွေများဟုသာ ဆိုရပေလိမ့်မည်။
၎င်းတို့အကြားတွင် အနည်းငယ် သံယောဇဉ်ရှိနေသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိခဲ့ခြင်း မရှိခဲ့ပေ။
ပိုင်စုစုသည် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာများကို ဝမ်ချန်၏ နားနားသို့ ကပ်လျက်...
"ငါရဲ့ နှစ်ပေါင်းသုံးထောင်သက်တမ်းရှိတဲ့ အပျိုစင်အမြုတေအပေါ်မှာ နင် ဘာစိတ်ကူးမှ မရှိဘူးလား" ဟု တိုးတိုးလေး ဆိုလိုက်လေသည်။
ဝမ်ချန်သည် သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူ့အနားတွင် ကပ်နေသော ပိုင်စုစုကို စိုက်ကြည့်ကာ လေးနက်စွာ မေးလိုက်၏။
" မင်း တစ်ခုခု အခက်အခဲဖြစ်နေလို့လား"
ယနေ့ ပိုင်စုစု၏ အပြုအမူများမှာ ပုံမှန်မဟုတ်လှသဖြင့် ဝမ်ချန်၏ စိတ်ထဲ၌ သံသယများ ဝင်လာခြင်း ဖြစ်သည်။
ဤညှို့ဓာတ်ပြင်းလှသော မသေမျိုးမလေးသည် တစ်စုံတစ်ခုကြောင့် စိတ်လှုပ်ရှားနေသကဲ့သို့ ခံစားနေရသည်။
ပိုင်စုစု၏ နူးညံ့သော ကိုယ်လုံးလေးမှာ အနည်းငယ် တုန်ယင်သွားပြီးနောက် ခေါင်းငိုက်စိုက်ချကာ...
"ဟုတ်တယ်... နင် ရိပ်မိသွားပြီပဲ" ဟု ဆိုလေသည်။
သူမသည် စင်စစ်အားဖြင့် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။
ဟိုယခင်က ပိုင်စုစုသည် ယွမ်ယန်ဂိုဏ်း၏ အစွမ်းထက်သူများ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသဖြင့် နှစ်ပေါင်းရာနှင့်ချီ၍ သူမ၏ ကျင့်ကြံမှုအဆင့်မှာ မူလအခြေအနေ၏ ဆယ်ပုံတစ်ပုံအောက်သို့ပင် လျော့ကျသွားခဲ့ရသည်။
ထိုအနှောင်အဖွဲ့များမှ လွတ်မြောက်ရန်အတွက် သူမသည် မိမိ၏ မူလအသက်ဓာတ်များကို အကုန်အစင် အသုံးပြုခဲ့ရပြီးမှသာ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုအတွက် ပေးဆပ်ခဲ့ရမှုမှာလည်း မနည်းလှပေ။
ယနေ့အချိန်အထိ ပိုင်စုစုသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည့်အပြင် ဝမ်ချန်၏ ခဏတာမျှော်စင်ကိုပင် ငှားရမ်းအသုံးပြုခဲ့သော်လည်း သူမ၏ ကျင့်ကြံမှု ပြန်လည်ကောင်းမွန်လာရန်မှာ နှေးကွေးနေဆဲဖြစ်ပြီး အတားအဆီးတစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။
ယခုတစ်ခေါက် ဝမ်ချန်နောက်သို့ လိုက်ပါကာ တိခုကမ္ဘာဦးတံခါးသို့ လာခဲ့ခြင်းမှာလည်း ပတ်ဝန်းကျင်သစ်တွင် အခွင့်အလမ်းတစ်စုံတစ်ရာ ရရှိရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်မှာမူ စိတ်ပျက်စရာသာ ဖြစ်ခဲ့ရသည်။
ထိုသို့သော အခြေအနေမျိုးအောက်တွင် ပိုင်စုစုသည် နောက်ဆုံးနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေတော့သည်။
ယင်းမှာ အတူတကွ ကျင့်ကြံခြင်း ပင် ဖြစ်ချေသည်။
သူမ၏လက်ဝယ်၌ ယင်နှင့်ယန် စွမ်းအားများကို အသုံးပြု၍ မိမိကိုယ်ကိုယ် သန့်စင်စေပြီး ကုန်ဆုံးသွားသော မူလအသက်ဓာတ်များကို ပြန်လည်ပြုပြင်ပေးနိုင်သည့် ရှေးဟောင်းဓမ္မပညာရပ်တစ်ခု ရှိနေပေသည်။
သို့သော် ဤပညာရပ်ကို အသုံးပြုရန်အတွက် အတူတကွ ကျင့်ကြံမည့် အဖော်ဖြစ်သူတွင် မြင့်မားသော အရည်အချင်းများ လိုအပ်ပေသည်။
ယခင်က ဝမ်ချန်ဆိုလျှင်မူ ထိုသို့သော အရည်အချင်းမျိုးနှင့် အလွန်ပင် ကွာဝေးလှပေသည်။
သို့သော် ယခုအခါ ဝမ်ချန်သည် ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရုံသာမက ထိပ်တန်းအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ပြီ မဟုတ်လော။
အဓိကအချက်မှာ သူ၏ကိုယ်၌ 'လောကမူလအမြုတေ' စွမ်းအားများ ကိန်းအောင်းနေခြင်းပင် ဖြစ်ပေတော့သည်။
***