လူအများမှာ ရူးသွပ်နေကြလေပြီ။
ဝမ်ချန်သည် လှုပ်ရှားလာသော စိတ်အစုံကို ငြိမ်သက်စေရန် ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံမျှ ခပ်အေးအေး သောက်လိုက်၏။
ရတနာပြပွဲမှာ အမှန်ပင် စည်ကားလှပေသည်။ ရွှေဝိညာဉ်ရှင်အဆင့် ကျင့်ကြံသူတို့သည် မိမိတို့ အမြတ်နိုးဆုံးသော ရတနာပစ္စည်းများကို ထုတ်ဖော်၍ လဲလှယ်ရောင်းချနေကြရာ ဝမ်ချန် တစ်ခါမျှ မကြားဖူးသော အရာများပင် ပါဝင်နေသဖြင့် သူ၏ အမြင်အာရုံမှာ များစွာ ပွင့်လင်းလာခဲ့ရသည်။
သို့သော်လည်း သူ အရေးတကြီး လိုအပ်သော အရာဟူ၍ မပါရှိသဖြင့် ပွဲကြည့်ပရိသတ်အဖြစ်သာ အသာတကြည် စောင့်ကြည့်နေခဲ့၏။
သို့သော်လည်း ရွှေဝိညာဉ်ရှင်အဆင့် ကျင့်ကြံသူတစ်ဦးက စတုတ္ထအဆင့် နတ်ဆိုးအမြုတေကို ထုတ်ဖော်ပြသလိုက်သည့်အခါတွင်မူ အခြေအနေမှာ ပြောင်းလဲသွားတော့သည်။
အဆိုပါ စတုတ္ထအဆင့် နတ်ဆိုးအမြုတေများကို စတုတ္ထအဆင့်ရှိသော ပြင်ပလောကသား နတ်ဆိုးများထံမှသာ ရရှိနိုင်ခြင်း ဖြစ်ပေရာ အနည်းဆုံး မသေမျိုးအသင်းအမှတ် တစ်ထောင်ခန့် တန်ဖိုးရှိပြီး အရည်အသွေး ကောင်းမွန်ပါက အမှတ်နှစ်ထောင်အထိပင် ရရှိနိုင်သဖြင့် အလွန်တရာ တန်ဖိုးကြီးမားလှ၏။
ယင်းမှာ ဝမ်ချန် အမှန်တကယ် လိုအပ်နေသည့် အရာပင် ဖြစ်ပေသည်။
သို့ရာတွင် ဝမ်ချန်ကို အံ့အားသင့်စေသည်မှာ အလတ်စား အရည်အသွေးရှိသော ထိုစတုတ္ထအဆင့် နတ်ဆိုးအမြုတေမှာ အထက်တန်း ဝိညာဉ်ကျောက်တုံး ငါးရာအထိ ဈေးခေါ်ခြင်း ခံရခြင်းပင် ဖြစ်တော့သည်။
ထိုအခြေအနေကြောင့် ဝမ်ချန်မှာ စကားစပင် ဆွံ့အသွားရ၏။
ယခင်က ပိုင်စုစု၏ အားအင်များ ပြန်လည်ပြည့်ဖြိုးလာစေရန် သူ၌ရှိသမျှ ဝိညာဉ်ကျောက်တုံးများကို အကုန်အစင် သုံးစွဲခဲ့ရပြီး ဖြစ်ပေရာ ဟင်းလင်းပြင် ပစ္စည်းအချို့ကို ရောင်းချ၍ ဝိညာဉ်ကျောက်တုံးများ လဲလှယ်ထားခြင်း မရှိခဲ့ပါက သူသည် အမှန်တကယ်ပင် ဖျာကပ်နေသည့် သူဌေးဖြစ်နေပေလိမ့်မည်။
လောလောဆယ်တွင် ဝမ်ချန်အနေဖြင့် အထက်တန်း ဝိညာဉ်ကျောက်တုံး ငါးရာကို မည်သို့မျှ မတတ်နိုင်ချေ။ သို့ဖြစ်ရာ ထိုနတ်ဆိုးအမြုတေသည် သူတစ်ပါးလက်သို့ ကျရောက်သွားသည်ကို ဝမ်ချန်မှာ မတတ်သာဘဲ လက်ပိုက်ကြည့်နေရုံသာ ရှိတော့သည်။
အကယ်၍ သူ၌ ဝိညာဉ်ကျောက်တုံး ငါးရာ ရှိနေခဲ့လျှင်ပင် ထိုမျှ မြင့်မားသော ဈေးနှုန်းဖြင့် ဝယ်ယူမည့် လူအမျိုးအစား မဟုတ်ပေ။ မိမိဘာသာ အမဲလိုက်၍ ရှာဖွေခြင်းက ပို၍ မမြတ်ပေလော။
ထိုသို့တွေးတောရင်း ဝမ်ချန်သည် ဟင်းလင်းပြင်ဆီသို့ ဦးတည်သွားချင်စိတ်များ ရုတ်ချည်း တဖွားဖွား ပေါ်ပေါက်လာခဲ့၏။
ထိုစဉ် ကျင့်ကြံသူတစ်ဦး စင်ပေါ်သို့ တက်လာပြီး လေးနက်သော အသံဖြင့် ဆိုလေသည်။
“ကျွန်တော့်ဆီမှာ အမည်မသိ ဓားသိုင်းကျမ်း အပိုင်းအစတစ်ခု ရှိပါတယ်။ ရတနာတစ်သောင်းခန်းမရဲ့ အဆိုအရ ဒီကျမ်းဟာ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်ကြားမှာ ရှိပြီးတော့ တန်ဖိုးတူညီတဲ့ ဆေးလုံးတွေ၊ အဆောင်တွေ ဒါမှမဟုတ် ရတနာပစ္စည်းတွေနဲ့ လဲလှယ်ချင်ပါတယ်”
သူသည် ဝင်းလက်တောက်ပနေသော ကျောက်စိမ်းပြားကို ထုတ်ပြလျက် စင်အောက်ရှိ ကျင့်ကြံသူများထံမှ မျှော်လင့်တကြီး စောင့်ဆိုင်းနေ၏။
သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဈေးမပေးကြသဖြင့် အခြေအနေမှာ စိတ်ပျက်ဖွယ် ကောင်းလှသည်။
အကြောင်းရင်းမှာ ရှင်းလင်းလှ၏။
သူ ကိုင်ဆောင်ထားသည်မှာ အမည်မသိ ဓားသိုင်းကျမ်း အပိုင်းအစမျှသာ ဖြစ်ပေရာ လိုအပ်နေသော အပိုင်းများကို မဖြည့်စွက်နိုင်သရွှေ့ ကျင့်ကြံရန် မဖြစ်နိုင်သော ချို့ယွင်းချက်ရှိသည့် ပစ္စည်းတစ်ခုသာ ဖြစ်ချေသည်။
ပြဿနာမှာ ကျန်ရှိနေသော အစိတ်အပိုင်းများကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်းဟူသော အချက်ပင်။ ထိုကဲ့သို့သော ပစ္စည်းကို ဝယ်ယူခြင်းမှာ လောင်းကြေးကြီးလွန်းလှသဖြင့် မည်သူမျှ မစွန့်စားလိုကြပေ။
စင်ပေါ်မှ ကျင့်ကြံသူက ထပ်မံ၍ အော်ဟစ်ကာ ဖိတ်ခေါ်သော်လည်း ရလဒ်မှာ အတူတူပင်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်မှ ဆင်းတော့မည့်ဆဲဆဲတွင် ဝမ်ချန်က ရုတ်တရက် ဆိုလိုက်၏။
“မူလဝိညာဉ်ဆေးလုံး သုံးပုလင်း ပေးမယ်”
တိခုကမ္ဘာဦးတံခါးတွင် အခြေစိုက်သည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဝမ်ချန်သည် မသေမျိုးအသင်းမှ လစဉ် ထောက်ပံ့သော မူလဝိညာဉ်ဆေးလုံးများကို ရရှိထားပေသည်။
သူသည် ဆေးလုံးများကို အသုံးနည်းသူ ဖြစ်သဖြင့် ထိုဆေးလုံးများမှာ စန်းချင်းလက်စွပ်ထဲတွင် တစ်ခါမျှ အသုံးမပြုရသေးဘဲ စုပုံနေခဲ့ခြင်း ဖြစ်၏။
အဆိုပါ အမည်မသိ ဓားသိုင်းကျမ်း အပိုင်းအစမှာ ဝမ်ချန်၏ စိတ်ဝင်စားမှုကို အနည်းငယ် ဆွဲဆောင်နိုင်သဖြင့် သူက စမ်းသပ်ဈေးပေးလိုက်ခြင်းပင် ဖြစ်သည်။
ဝမ်ချန်နှင့် အပြိုင်ဈေးပေးမည့်သူ မရှိသဖြင့် စင်ပေါ်မှ ကျင့်ကြံသူမှာ အလွန်အမင်း ဝမ်းသာသွားပြီး ကျောက်စိမ်းပြားကို မြှောက်ပြကာ “ကျေးဇူးတင်ပါတယ် အကြီးအကဲ” ဟု ခရီးဦးကြို ဆိုလေသည်။
စင်အောက်ရှိ လူများမှာလည်း အထက်ရှိ သီးသန့်ခန်းများတွင် ထိုင်နေကြသူများမှာ ဝိညာဉ်သန္ဓေသားအဆင့် မသေမျိုးများဖြစ်ကြောင်း ကောင်းစွာ သိရှိကြပေသည်။
ဝမ်ချန်သည် ဆေးဘူးသုံးဘူးကို ပစ်ပေးလိုက်ပြီးနောက် ကျောက်စိမ်းပြားကို လက်ထဲသို့ ယူလိုက်၏။ သူသည် အသေအချာ စစ်ဆေးကြည့်ရှုပြီး အဆင်ပြေကြောင်း အတည်ပြုပြီးနောက် စန်းချင်းလက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်လေသည်။
ရတနာပြပွဲမှာ ငါးနာရီမျှ ကြာမြင့်ပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ရွှေဝိညာဉ်ရှင်အဆင့် ကျင့်ကြံသူများ ခန်းမထဲမှ ထွက်ခွာသွားကြပြီးနောက် ဝမ်ချန်နှင့် အခြား ဝိညာဉ်သန္ဓေသားအဆင့်ရှိသူတို့မှာ 'ဗျိုင်းဖြူမျှော်စင်'၏ အပေါ်ဆုံးထပ်သို့ စုရုံးရောက်ရှိလာကြ၏။
အကြောင်းမှာ ထိုနေရာတွင် မသေမျိုးများအတွက်သာ သီးသန့်ရည်ရွယ်သော အခြား ကုန်သွယ်မှုပွဲတစ်ခု ရှိနေသောကြောင့် ဖြစ်ပေသည်။
ရတနာပြပွဲသို့ လာရောက်ကြသူ အများစုမှာ လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ဝိညာဉ်သန္ဓေသားအဆင့်မှာ များစွာမရှိလှချေ။ ဝမ်ချန် အပါအဝင် စုစုပေါင်း ၃၄ ဦးသာ ရှိလေသည်။
ရှုံလျန်ဖုန်းမှာလည်း ထိုသူများထဲတွင် ပါဝင်နေ၏။ ဤပွဲတွင် ထုတ်ဖော်ပြသကြသော ရတနာများမှာ ယခင်ပြပွဲထက် များစွာ အဆင့်အတန်း မြင့်မားလှပေရာ သဘာဝအလျောက် ဖြစ်ပေါ်လာသော ရတနာအချို့မှာ ဝမ်ချန်၏ နှလုံးခုန်သံကိုပင် မြန်ဆန်စေခဲ့သည်။
သို့ရာတွင် ပစ္စည်းကောင်းဟူသည် တန်ဖိုးကြီးမားလှပေရာ ဝမ်ချန်၌ ဝိညာဉ်ကျောက်တုံးလည်း လုံလောက်စွာ မရှိ၊ လဲလှယ်ရန် အဖိုးတန်ပစ္စည်းများလည်း မရှိသဖြင့် အခြေအနေကိုသာ ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ရ၏။
ယခင် လူပေါင်းရာချီသော ပွဲနှင့် နှိုင်းယှဉ်လျှင် ဤပွဲမှာ များစွာ သေးငယ်လှသော်လည်း ရတနာပစ္စည်းများမှာမူ တစ်ဦးနှင့်တစ်ဦးအကြား တိတ်ဆိတ်စွာပင် ပိုင်ရှင်အသစ်များ လက်သို့ ကူးပြောင်းသွားခဲ့ကြသည်။
လူတိုင်းမှာ မိမိတို့ လိုအပ်သောအရာများကို ရရှိသွားကြသဖြင့် အားလုံးအတွက် ပျော်ရွှင်ဖွယ်ကောင်းသော ရလဒ်ပင် ဖြစ်ချေသည်။
ကုန်သွယ်မှုများ ပြီးဆုံးသွားသည့်အခါ မသေမျိုးများမှာ တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကာ ထွက်ခွာသွားကြလေပြီ။
ဝမ်ချန်သည်လည်း ထွက်ခွာရန် ပြင်လိုက်စဉ် ရှုံလျန်ဖုန်းက သူ့ကို လှမ်း၍ ခေါ်လိုက်၏။
“မိတ်ဆွေဝမ်၊ ခဏလောက် အချိန်ပေးလို့ ရမလား”
ဝမ်ချန်အနေဖြင့် ဤကုန်သွယ်မှုပွဲသို့ တက်ရောက်ခွင့်ရခြင်းမှာ တစ်ဖက်လူ၏ ကျေးဇူးကြောင့်ဖြစ်ရာ ငြင်းပယ်ရန် မသင့်လျော်ပေ။
“စီနီယာ... တခြား လိုအပ်တာများ ရှိလို့လား”
ထိုအချိန်တွင် 'ဗျိုင်းဖြူမျှော်စင်' အပေါ်ဆုံးထပ်၌ ၎င်းတို့နှစ်ဦးသာ ကျန်ရှိတော့သည်။
ရှုံလျန်ဖုန်းသည် သူ၏ မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း “မိတ်ဆွေဝမ်၊ အစောပိုင်းက မင ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်တာ သတိထားမိလို့ပါ။ မင်းသဘောကျတဲ့ ရတနာ မပါလို့လား” ဟု မေးမြန်းလေသည်။
ဝမ်ချန်က သိမ်ငယ်စွာ ပြုံးလျက် “ကျွန်တော့်ရဲ့ အရည်အချင်းက နည်းပါးလွန်းလို့ အရှက်မကွဲချင်လို့ပါ” ဟု ပြန်လည် ဖြေကြား၏။
ရှုံလျန်ဖုန်းက အားရပါးရ ရယ်မောကာ “မင်းကလည်း နှိမ့်ချလွန်းနေပြီ မိတ်ဆွေဝမ်” ဟု ဆိုကာ ဆက်လက်၍ -
“မိတ်ဆွေဝမ်... မင်းအနေနဲ့ ဟင်းလင်းပြင်ရဲ့ အပြင်ဘက်ဒေသမှာ စတုတ္ထအဆင့် နတ်ဆိုးအမြုတေတွေကို မကြာခဏ ရရှိနိုင်တယ်ဆိုကတည်းက မင်းရဲ့ ခွန်အားကဟငါတို့ ရွယ်တူတွေထက် အများကြီး သာလွန်နေတာ သိသာပါတယ်။ အရည်အချင်းတွေကို ဖုံးကွယ်ထားဖို့ မလိုပါဘူး”
‘မသေမျိုးအသင်းရဲ့ အမှတ်ပေးဌာနဟာ ဒီလောက်တောင် ပေါက်ကြားလွယ်နေတာလား’ ဟု ဝမ်ချန်က စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း အပြင်ပန်းတွင်မူ “ဒါက အရင်က ကံကောင်းလို့ပါ၊ အခုတလောမှာတော့ ဘာမှ မရသေးပါဘူး” ဟုသာ တုံ့ပြန်လိုက်၏။
“ဒါဟာ ကံတရားသက်သက် မဟုတ်ပါဘူး”
ရှုံလျန်ဖုန်းက ခေါင်းယမ်းလျက် “မိတ်ဆွေဝမ်... အကယ်၍ မင်းအနေနဲ့ ဝိညာဉ်ကျောက်တုံး အခက်အခဲ ရှိနေမယ်ဆိုရင် ကျွန်တော် ဝိညာဉ်ကျောက်တုံးတွေ ချေးပေးနိုင်ပါတယ်။ အထက်တန်း ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ ငါတတ်နိုင်ပါတယ်”
ဝမ်ချန်မှာ အံ့အားသင့်သွားရ၏။ ယခုခေတ်ကာလတွင် လူတိုင်းမှာ ကျပ်တည်းနေကြပြီး အထူးသဖြင့် လေလွင့်ကျင့်ကြံသူများအတွက် ပို၍ ဆိုးဝါးလှပေသည်။
ရွှေဝိညာဉ်ရှင်အဆင့်မှာပင် ရုန်းကန်နေရသူများ ဒုနဲ့ဒေး ရှိနေပြီး ဝိညာဉ်သန္ဓေသားအဆင့်မှာလည်း ထူးခြားစွာ ကြွယ်ဝလှသည် မဟုတ်ချေ။ ဤကမ္ဘာဦးနယ်စပ်ဒေသသို့ လာရောက်၍ အသက်မွေးကြသော လေလွင့်ကျင့်ကြံသူများမှာ မိမိတို့ အသက်ကို ရင်း၍ စည်းစိမ်ရှာဖွေနေကြရသူများသာ ဖြစ်ကြသည်။
ဝိညာဉ်ကျောက်တုံးဟူသည် မိမိကိုယ်တိုင် သုံးစွဲရန်ပင် မလောက်မင ဖြစ်နေချိန်တွင် မည်သူက သူတစ်ပါးကို ချေးငှားလိုပါမည်နည်း။ ချေးငှားရန် လွယ်ကူသော်လည်း ပြန်လည်ရရှိရန် ခဲယဉ်းကြောင်းကို လူတိုင်း သိရှိကြပေသည်။
ဟင်းလင်းပြင်ထဲတွင် ကျင့်ကြံသူများ၏ အသက်ဆုံးရှုံးမှုနှုန်းမှာလည်း အလွန် မြင့်မားလှသည် မဟုတ်လော။
သို့ဖြစ်ရာ ရှုံလျန်ဖုန်းက ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ ချေးငှားလိုကြောင်း ပြောဆိုလာခြင်းမှာ ဝမ်ချန်အတွက် အမှန်ပင် အံ့ဩစရာ ဖြစ်ခဲ့ရသည်။
သူက ခေါင်းယမ်းလိုက်ကာ “စီနီယာရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်တော် မလိုအပ်သေးပါဘူး” ဟု ဆိုလိုက်၏။
ဝမ်ချန်သည် ဤဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲအပေါ် အစဉ်တစိုက် သတိထားနေပြီး ကျေးဇူးအကြွေး အတင်မခံလိုပေ။
ရှုံလျန်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “မိတ်ဆွေဝမ်... မင်းအနေနဲ့ အဲဒီလောက်အထိ သံသယ မဝင်ပါနဲ့။ငါက နေဝင်ချိန် ရောက်နေတဲ့သူ တစ်ယောက်ပါ။ မသေခင်မှာ ငါရဲ့ မျိုးနွယ်စုအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ချန်ထားခဲ့ချင်ရုံသက်သက်ပါ” ဟု ဆိုလေသည်။
တစ်ကိုယ်တည်း ကျင့်ကြံသူ ဝမ်ချန်နှင့် မတူဘဲ ရှုံလျန်ဖုန်း၌ ဟောက်ထျန်းနယ်မြေတွင် မျိုးဆက်ပေါင်း ထောင်ချီသော မျိုးနွယ်စုကြီး ရှိနေ၏။ သို့သော်လည်း သူ၏ အရိုက်အရာကို ဆက်ခံနိုင်မည့် ထိုက်တန်သော အမွေခံဟူ၍ မရှိပေ။
ထို့ကြောင့် မျိုးနွယ်စုကို ထောက်ပံ့ရန်အတွက် ရှုံလျန်ဖုန်းသည် တိခုကမ္ဘာဦးတံခါးသို့ လာရောက်ကာ ငွေကြေးရှာဖွေနေရခြင်း ဖြစ်သည်။ ဝမ်ချန်နှင့် သိကျွမ်းသည်မှာ မကြာသေးသော်လည်း ဝမ်ချန်၏ စရိုက်မှာ ကောင်းမွန်သည်ဟု သူ ယူဆသဖြင့် ကောင်းမွန်သော ပတ်သက်မှုတစ်ခု ဖန်တီးလိုခြင်း ဖြစ်ပေသည်။
ရှုံလျန်ဖုန်းသည် မြေပုံတစ်ခုကို ထုတ်ဖော်လိုက်ပြီး “မိတ်ဆွေဝမ်... ဒါက ငါ ကိုယ်တိုင် ရေးဆွဲထားတဲ့ ကြယ်တာရာမြေပုံပါ။ ငါလှည့်လည်သွားလာရင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ကြယ်တာရာကွင်းတွေနဲ့ ပျက်စီးနေတဲ့ နယ်မြေတွေကို မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ မင်းအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်” ဟု ဆိုကာ ပေးအပ်လေသည်။
လျှို့ဝှက်စွာ ရေးဆွဲထားသော ကြယ်တာရာမြေပုံ။
ဤဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲသည် သူ့ထံမှ “ကောင်းသော ကံကြမ္မာ” ကို ရရှိရန်အတွက် ဤကဲ့သို့သော အရာကို ပေးအပ်လိမ့်မည်ဟု ဝမ်ချန် မထင်မှတ်ထားခဲ့ပေ။
ကိုယ်တိုင်ရေးဆွဲထားသော ကြယ်တာရာမြေပုံတစ်ခုသည် ဝိညာဉ်ကျောက်တုံး တန်ဖိုးအားဖြင့် များစွာ မရှိနိုင်သော်လည်း အဆုံးမဲ့သော ဟင်းလင်းပြင်ထဲတွင်မူ ယင်းသည် ရတနာသိုက်မြေပုံနှင့် အလားတူပေသည်။
ဝမ်ချန်အနေဖြင့် ထိုမြေပုံအတိုင်း လိုက်လံရှာဖွေပါက ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်နေသော ဓနဥစ္စာများကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။
ဧကန်စင်စစ် ရှုံလျန်ဖုန်းသည် ဝမ်ချန်နှင့် မိတ်ဖွဲ့ရန်အတွက် သူ၌ရှိသမျှ အစွမ်းကုန် ထုတ်ဖော်ခဲ့ခြင်းပင် ဖြစ်တော့သည်။
***