ဤကား ရှုံလျန်ဖုန်းကဲ့သို့သော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝါရင့်ဝေဖန်ပိုင်းခြားနိုင်စွမ်းပင် ဖြစ်ချေသည်။
၎င်းပေးအပ်သော တိတ်တဆိတ် ရေးဆွဲထားသည့် မြေပုံမှာ အလွန်ပင် တန်ဖိုးရှိလှပေရာ ဝမ်ချန်အတွက် အမှန်တကယ် လိုအပ်နေသော အရာလည်း ဖြစ်ပေသည်။
ဝမ်ချန်သည် တိခုကမ္ဘာဦးနယ်စပ်သို့ ရောက်ရှိသည်မှာ မကြာသေးသလို ဟင်းလင်းပြင်အတွင်း စူးစမ်းရှာဖွေမှုများမှာလည်း အစပျိုးရုံသာ ရှိပါသေးသည်။
မသေမျိုးအသင်းက ထုတ်ပေးထားသော အခြေခံမြေပုံကိုသာ အမှီပြုနေရသဖြင့် ဟင်းလင်းပြင်သတ္တဝါများနှင့် မိစ္ဆာနတ်ဆိုးများကို ရှာဖွေနှိမ်နင်းရာတွင် ထိရောက်မှု အားနည်းနေခဲ့သည်။
ထို့အပြင် ကံတရားအပေါ်၌သာ အလွန်အမင်း အမှီပြုနေရ၏။
မသေမျိုးအသင်း၏ မြေပုံပေါ်ရှိ 'သယံဇာတနယ်မြေ' များမှာလည်း အခြားသူများ၏ အကြိမ်ကြိမ် အမြတ်ထုတ်ခြင်းကို ခံထားရပြီး ဖြစ်ပေရာ အစောပိုင်းတွင် ဝမ်ချန်အနေဖြင့် ကံကောင်းထောက်မစွာ ရရှိမှုအချို့ ရှိခဲ့သော်ငြား အခက်အခဲများ ကြုံလာရသည့်အခါ တစ်ကိုယ်တော် အားထုတ်စူးစမ်းရပြန်သည်။
ယင်းက အချိန်နှင့် လုပ်အားကို များစွာကုန်ဆုံးစေရုံသာမက ဘေးအန္တရာယ်လည်း ပို၍ကြီးမားလှပေသည်။
သို့သော် ရှုံလျန်ဖုန်း၏ လျှို့ဝှက်မြေပုံသာ လက်ဝယ်ရှိပါက အခြေအနေများမှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။
ဝမ်ချန်သည် ခဏမျှ စဉ်းစားပြီးနောက် "ဘယ်အတိုင်းအတာအထိ စောင့်ရှောက်ပေးဖို့ လိုအပ်လဲ" ဟု မေးမြန်းလိုက်သည်။
'တွက်ချက်မှု တိကျမှ ခင်မင်မှု တည်မြဲသည်' ဟူသော စကားအတိုင်း သူနှင့် ရှုံလျန်ဖုန်းမှာ မိတ်ဆွေများလည်း မဟုတ်ကြပေရာ စေတနာကို အပေးအယူတစ်ခုကဲ့သို့ သဘောထားခြင်းကသာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။
ရှုံလျန်ဖုန်းက လက်ညှိုးတစ်ချောင်းကို ထောင်ပြကာ "ကျွန်တော့်မျိုးနွယ်စုထဲက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်ကို စောင့်ရှောက်ပေးဖို့ ဘယ်လိုသဘောရလဲ" ဟု ဆိုလာသည်။
ဝမ်ချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်နှစ်ဖက်ကို ပူးယှက်ကာ "ဒါဆိုရင်တော့ ခွင့်ပြုပါဦး" ဟု နှုတ်ဆက်စကား ဆိုလိုက်တော့သည်။
မြေပုံတစ်ခုနှင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးကို လဲလှယ်ရန်မှာ ရယ်စရာပင် ကောင်းလှသည်။ ဝမ်ချန်အနေဖြင့် မြည်းကန်ခံရသည့်အလား ဦးနှောက်ထိခိုက်နေမှသာ ထိုတောင်းဆိုချက်ကို သဘောတူပေလိမ့်မည်။
ရွှေဝိညာဉ်ရှင်အဆင့် ကျင့်ကြံသူများကို ဆေးလုံးများဖြင့် ပျိုးထောင်နိုင်သော်ငြား ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန်မှာမူ ပါရမီ၊ ရင်းမြစ်နှင့် ကံတရားတို့ ဆုံစည်းရန် လိုအပ်လှပေသည်။
ဝမ်ချန် ကိုယ်တိုင်ပင်လျှင် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းစဉ်က လောကမူလအမြုတေကိုပင် စတေးခဲ့ရသည် မဟုတ်လော။
ရှုံလျန်ဖုန်းသည် အိပ်မက်ယောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
"မိတ်ဆွေ... မလောပါနဲ့ဦး"
ရှုံလျန်ဖုန်းသည် ဝမ်ချန်ကို အလျင်အမြန်ပင် တားဆီးလိုက်ပြီး "လျှို့ဝှက်မြေပုံက ကဏ္ဍတစ်ခုပဲ ရှိပါသေးတယ်၊ တခြားဆုလာဘ်တွေလည်း ရှိပါသေးတယ်" ဟု အပြာအလဲ ရှင်းပြလေသည်။
၎င်းပေးအပ်သော အပိုဆုလာဘ်မှာ စတုတ္ထအဆင့် မိစ္ဆာအမြုတေ (၁၀) လုံးနှင့် အဆင့်မြင့်ထိပ်တန်းဝိညာဉ်ကျောက်တုံး (၅၀၀၀) ပင် ဖြစ်သည်။
ယင်းတို့၏ စုစုပေါင်းတန်ဖိုးမှာ မြင့်မားလှသည်မှာ အမှန်ပင်။
သို့သော် ဝမ်ချန်၏ စိတ်မှာ မလှုပ်ရှားသည့်အပြင် ရယ်ပင် ရယ်ချင်နေမိသည်။ "စီနီယာ... ကျွန်တော့်ထက် ပိုပြီး သင့်တော်တဲ့သူကို ရှာလိုက်တာ ပိုကောင်းပါလိမ့်မယ်"
ရှုံလျန်ဖုန်းက အတိအလင်း မပြောသေးသော်ငြား ဝမ်ချန်အနေဖြင့် ထိုမျိုးနွယ်စု၏ အခြေအနေကို ခန့်မှန်း၍ ရနေပြီ ဖြစ်သည်။
ရှုံလျန်ဖုန်း၏ အသက်အရွယ်အရ ဟောက်ထျန်းနယ်မြေရှိ ၎င်း၏ မျိုးနွယ်စုမှာ အင်အားကြီးမားပေလိမ့်မည်။
ရွှေဝိညာဉ်ရှင်အဆင့် ကျင့်ကြံသူ (၃) ဦးမှ (၅) ဦးခန့်နှင့် ဝိညာဉ်နန်းတော်အဆင့် ကျင့်ကြံသူ ရာဂဏန်းအထိ ရှိနိုင်ကာ စီရင်စုတစ်ခုလုံးကို အခြေပြု စိုးမိုးထားဖွယ် ရှိသည်။
ရှုံလျန်ဖုန်းမှာ လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် မျိုးနွယ်စု၏ အဆင့်အတန်းမှာ ထိုအခြေအနေထက် ပို၍ မတိုးတက်နိုင်တော့ပေ။
ဒုတိယမြောက် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာမှသာ မျိုးနွယ်စု၏ အာဏာစက်မှာ ရာစုနှစ်ပေါင်းများစွာ ဆက်လက် တည်တံ့နိုင်ပေလိမ့်မည်။
သို့သော် ရှုံမျိုးနွယ်စုတွင် ဒုတိယမြောက် ဝိညာဉ်သန္ဓေသားအဆင့် မရှိသကဲ့သို့ နောင်လာနောက်သားများတွင်လည်း ထိုအဆင့်သို့ ရောက်ရန် အခွင့်အလမ်း နည်းပါးပုံရသည်။
သို့မဟုတ်ပါက ရှုံလျန်ဖုန်းအနေဖြင့် အဘယ်ကြောင့် အဖိုးတန်ရင်းမြစ်များကို ဝမ်ချန်အား ကမ်းလှမ်းနေပါမည်နည်း။ မိမိ၏ နောင်လာနောက်သားများအတွက်သာ အသုံးပြုခြင်းက ပို၍ မကောင်းပေဘူးလော။
ပြဿနာမှာ ၎င်းကမ်းလှမ်းသော အရာများက ဝမ်ချန်ကို မဆွဲဆောင်နိုင်ခြင်းပင်။
မထိုက်တန်သည့်အပြင် အလုပ်လည်း ရှုပ်လှပေသည်။
ဝမ်ချန်သည် လုံးဝ စိတ်မဝင်စားသည့်ဟန်ကို မြင်သောအခါ ရှုံလျန်ဖုန်းသည် အံကိုကြိတ်ကာ ၎င်း၏ ဆူမီးရူးလက်စွပ်အတွင်းမှ ရွှေရောင်ဓားငယ်တစ်စင်းကို ထုတ်ယူလိုက်လေသည်။
ထိုဓားငယ်မှာ လက်ဖဝါးခန့်သာရှိပြီး အလွန်ပင် လက်ရာမြောက်လှသည့်အပြင် တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။
ဝမ်ချန်မှာ ထိုဓားမှ ထွက်ပေါ်နေသော ဓားချီများကြောင့် မျက်စိပင် ကျိန်းစပ်သွားရ၏။
ယင်းက အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှပေသည်။
ဝမ်ချန်မှာ ယခုအခါ မပျက်စီးနိုင်သော ဝရဇိန်ခန္ဓာကို ပိုင်ဆိုင်ထားပြီး မှော်ရတနာများကိုပင် တိုက်ရိုက် ခုခံနိုင်စွမ်း ရှိသော်လည်း ဤဓားငယ်ထံမှ ခြိမ်းခြောက်မှုကို ခံစားနေရခြင်း ဖြစ်သည်။
ယင်းမှာ အနည်းဆုံး အဆင့် (၅) ရှိသော ရတနာတစ်ပါး ဖြစ်တန်ရာ၏။
ရှုံလျန်ဖုန်း၏ မျက်ဝန်းတွင် နှမြောတသဟန်များ အရိပ်ထင်သွားပြီးနောက် "မိတ်ဆွေဝမ်... ဒီမျိုးစေ့ ကို ရှေးဟောင်းဂူဗိမာန်တစ်ခုကို စူးစမ်းရှာဖွေရင်း ရရှိခဲ့တာပါ၊ စတုတ္ထအဆင့် မြင့်မားတဲ့ ဓားပျံတစ်စင်းကို ပဉ္စမအဆင့်အထိ မြှင့်တင်ပေးနိုင်သလို ထူးကဲတဲ့ စွမ်းအားတွေကိုလည်း နိုးထစေနိုင်ပါတယ်" ဟု ဆိုလေသည်။
ဝမ်ချန်သည် ဤဝါရင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ၏ ကြွယ်ဝမှုကို ယခုမှသာ ကောင်းစွာ သဘောပေါက်တော့သည်။
လျှို့ဝှက်မြေပုံ၊ မိစ္ဆာအမြုတေနှင့် ဝိညာဉ်ကျောက်တုံးများမှာ ဤမျိုးစေ့နှင့် နှိုင်းယှဉ်ပါက အရေးမပါလှချေ။
စတုတ္ထအဆင့် မှော်လက်နက်မှာ ဝိညာဉ်ရတနာ ဖြစ်သော်လည်း ပဉ္စမအဆင့်မှာမူ ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ လက်ထဲတွင်ပင် အနည်းငယ်သာရှိသော ရတနာထူး ဖြစ်ပေရာ ၎င်း၏တန်ဖိုးမှာ တွက်ဆ၍ပင် မရနိုင်ချေ။
အရေးအကြီးဆုံးမှာ ဝမ်ချန်၏ အသက်သခင် ဓားပျံဖြစ်သော နဂါးချောက်နက်ဓားမှာ စတုတ္ထအဆင့် ဝိညာဉ်ရတနာ ဖြစ်နေခြင်းပင်။ ဤပညာရပ်မျိုးစေ့၏ အကူအညီဖြင့် ပဉ္စမအဆင့်သို့ မြှင့်တင်နိုင်ခဲ့ပါက...
ဝမ်ချန်အနေဖြင့် ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ပေလိမ့်မည်။
ဤပညာရပ်မျိုးစေ့ကို မရမက ရယူရပေမည်။
ဝမ်ချန်၏ ရင်ထဲတွင် လှိုင်းထန်နေသော်ငြား အပြင်ပန်းတွင်မူ အေးစက်သော အမူအရာကိုသာ ထိန်းထားဆဲပင်။
ခဏမျှ စဉ်းစားပြီးနောက် "စီနီယာ... အရင်ဆုံး စီနီယာ့မျိုးနွယ်စုရဲ့ အခြေအနေကို ပြောပြပါဦး" ဟု ဆိုလိုက်သည်။
ပညာရပ်မျိုးစေ့မှာ ကောင်းမွန်လှသော်လည်း ရှုံလျန်ဖုန်း၏ တောင်းဆိုချက်ကို ဖြည့်ဆည်းရန်မှာ မလွယ်ကူလှပေ။
အကယ်၍ ရှုံမျိုးနွယ်စု၏ အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေပါက ဝမ်ချန်အနေဖြင့် သေချာစွာ ပြန်လည် စဉ်းစားရပေလိမ့်မည်။
ရှုံလျန်ဖုန်းမှာမူ ဝမ်းမြောက်သွားသော်လည်း ရင်ထဲတွင်တော့ ပြောမပြတတ်သော ဝမ်းနည်းမှုတို့ ကိန်းအောင်းနေမိသည်။
မိမိ၏ နောင်လာနောက်သားများမှာ အသုံးမကျသဖြင့်လည်းကောင်း၊ မိမိကိုယ်တိုင်လည်း သက်တမ်းကုန်ဆုံးခါနီးပြီ ဖြစ်သဖြင့်လည်းကောင်း ဤမျှ ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးကို ဦးညွှတ်နေရခြင်း မဟုတ်လော။
ရှုံလျန်ဖုန်းသည် နောင်တပင် ရမိသည်။
လေလွင့်ကျင့်ကြံသူ အများစုမှာ ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိပြီးနောက် ကံကြမ္မာ အရှုပ်အထွေးများကို ရှောင်ရှားရန် မျိုးနွယ်စုနှင့် အဆက်အသွယ် ဖြတ်တောက်လေ့ ရှိကြသည်။
သို့သော် ၎င်းကမူ သံယောဇဉ် မပြတ်နိုင်ခဲ့ပေရာ ယခုအခါ ပြဿနာများထဲတွင် နစ်မွန်းနေရတော့သည်။
မည်သို့ပင်ဖြစ်စေ...
ဤအခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ရာ ရှုံလျန်ဖုန်းအနေဖြင့် ရွေးချယ်စရာ မရှိတော့ပေ။
ထို့ကြောင့် ၎င်းမျိုးနွယ်စု၏ အခြေအနေကို အသေးစိတ် ရှင်းပြလေတော့သည်။
ဝမ်ချန် ခန့်မှန်းထားသည့်အတိုင်းပင် ရှုံမျိုးနွယ်စုမှာ ဟောက်ထျန်းနယ်မြေတွင် အင်အားကြီးမားသော မျိုးနွယ်စုကြီး ဖြစ်လာခဲ့ပြီး ကိုယ်ပိုင် မသေမျိုးမြို့ကိုပင် တည်ထောင်ကာ စီရင်စုတစ်ခုကို အုပ်ချုပ်နေခြင်း ဖြစ်သည်။
ယခုအခါ ဟောက်ထျန်း ရှုံမျိုးနွယ်စုတွင် ရွှေဝိညာဉ်ရှင်အဆင့် (၅) ဦးနှင့် ဝိညာဉ်နန်းတော်အဆင့် (၃၀၀) ကျော် ရှိနေပြီ ဖြစ်ရာ သာမန် မသေမျိုးဂိုဏ်းတစ်ခုထက်ပင် အင်အားမနည်းလှချေ။
သို့သော် အရေးပါဆုံးသော အင်အားမှာ ဤဝါရင့် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးကြီးပင် ဖြစ်သည်။
ရှုံမျိုးနွယ်စု၏ ရွှေဝိညာဉ်ရှင်အဆင့် (၅) ဦးအနက် (၃) ဦးမှာ ပါရမီ ကန့်သတ်ချက်ကြောင့် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး မရှိတော့ပေ။
ကျန်တစ်ဦးမှာမူ ပါရမီနှင့် ဉာဏ်ရည်မှာ ကောင်းမွန်သော်လည်း ကျင့်စဉ်လွဲချော်မှုကြောင့် အခြေခံ ထိခိုက်ခဲ့ရသဖြင့် ဝိညာဉ်သန္ဓေသားအဆင့်မှာ မဖြစ်နိုင်သလောက်ပင်။
ရှုံလျန်ဖုန်း၏ (၁၅) ယောက်မြောက် မြေးဖြစ်သူ ရှုံကျောက်ယွမ် တစ်ဦးသာလျှင် ရှုံလျန်ဖုန်း၏ အမွေကို ဆက်ခံနိုင်မည့် အလားအလာ ရှိပေသည်။
ရှုံလျန်ဖုန်းသည်လည်း ထိုမြေးဖြစ်သူအတွက် ရင်းမြစ်များစွာကို ပုံအောပေးခဲ့သည်။
ယခုအခါ ရှုံကျောက်ယွမ်မှာ ရွှေဝိညာဉ်ရှင်အဆင့်၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ရှုံလျန်ဖုန်းက မိမိ၏ သက်တမ်းကို စတေးကာ တွက်ချက်ကြည့်ရာတွင် ရှုံကျောက်ယွမ်အနေဖြင့် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းမှာ ၂၀ ရာခိုင်နှုန်းအောက်သာ ရှိပြီး ရတနာများ၏ အကူအညီဖြင့်ပင် ၃၀ ရာခိုင်နှုန်းထက် မကျော်နိုင်ပေ။
ဤသည်မှာ အလွန်ပင် နည်းပါးလှသော အခွင့်အလမ်းပင်။
အကယ်၍ ကျင့်ကြံမှု မအောင်မြင်ခဲ့ပါက ရှုံမျိုးနွယ်စုအနေဖြင့် ရာစုနှစ်တစ်ခုအတွင်း နောက်ထပ် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ပေါ်ထွက်လာရန် မျှော်လင့်ချက် မရှိတော့ပေ။
ရှုံလျန်ဖုန်းမှာလည်း သက်တမ်းမှာ များစွာ မကျန်တော့ချေ။
၎င်း ကွယ်လွန်သွားသည်နှင့် ရှုံမျိုးနွယ်စု၏ ရန်သူများက ကျိန်းသေပေါက် တိုက်ခိုက်လာကြပေလိမ့်မည်။
ထို့ကြောင့် ရှုံလျန်ဖုန်းအနေဖြင့် ဝမ်ချန်အား ရှုံကျောက်ယွမ် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးစေလိုပြီး မြေးဖြစ်သူ အဆင့်မတက်မီအထိ မျိုးနွယ်စုကို စောင့်ရှောက်ပေးစေလိုခြင်း ဖြစ်သည်။
ထိုအတွက် အဖိုးအခအဖြစ် လျှို့ဝှက်မြေပုံ၊ မိစ္ဆာအမြုတေ၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများနှင့်အတူ...
ပညာရပ်မျိုးစေ့ကိုပါ ပေးအပ်ရန် ဆန္ဒရှိနေခြင်း ဖြစ်ပေတော့သည်။
***