အင်အားချို့တဲ့နေခြင်းကြောင့်မဟုတ်ဘဲ တစ်ဖက်မှ ပေးကမ်းသော လက်ဆောင်မွန်တို့မှာ များပြားလွန်းလှသဖြင့် ဝမ်ချန်မှာ ငြင်းပယ်ရန် ခက်ခဲနေခြင်းသာ ဖြစ်ချေသည်။
ဝမ်ချန်၏ အမြင်အရ ရှုံလျန်ဖုန်း၏ ကမ်းလှမ်းမှုထဲ၌ တန်ဖိုးအရှိဆုံးမှာ ‘အသွင်မျိုးစုံပြောင်းလဲနိုင်သော ဓားမျိုးစေ့’ ဖြစ်ပေရာ ယင်းမှာ တစ်ခုလုံး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းမျှ တန်ဖိုးရှိနေသည်။
ကျန်ရှိသော အရာများမှာမူ ဖြည့်စွက်ပစ္စည်းများသာ ဖြစ်၏။ ထိုပစ္စည်းတို့ကို ဝမ်ချန်ကိုယ်တိုင် ရှာဖွေနိုင်သည်ဖြစ်ရာ ရှုံလျန်ဖုန်းနှင့် လဲလှယ်ရန် အကြောင်းမရှိပေ။
ထို့ကြောင့်ပင် သူသည် အစပိုင်း၌ စိတ်လှုပ်ရှားခြင်းမရှိခဲ့ဘဲ အေးစက်စွာသာ နေခဲ့ခြင်းဖြစ်၏။
သို့သော်လည်း အသွင်မျိုးစုံပြောင်းလဲနိုင်သော ဓားမျိုးစေ့ကိုပါ ထည့်သွင်းလိုက်ချိန်တွင်မူ အခြေအနေမှာ လုံးဝပြောင်းလဲသွားခဲ့လေပြီ။ ထူးခြားသော အခွင့်အရေးတစ်ရပ်မရှိဘဲ ‘နဂါးချောက်နက်ဓား’ ကို ပဉ္စမအဆင့် မြင့်မြတ်သောလက်နက်အဖြစ် မြှင့်တင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှကြောင်း ဝမ်ချန် ကောင်းစွာသိရှိထားပေသည်။
ယခုမူ ထိုအခွင့်အရေးမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်လော။
သို့ပါသော်လည်း ဝမ်ချန်သည် လောဘကြောင့် ဆင်ခြင်တုံတရား ပျောက်ဆုံးမသွားခဲ့ပေ။
ရှုံလျန်ဖုန်း၏ ပြောပြချက်အရ ဝမ်ချန်အနေဖြင့် ရှုံကျောက်ယွမ်အား ‘ဝိညာဉ်သန္ဓေသားအဆင့်’ သို့ ရောက်ရှိစေရန် ကူညီပေးရမည်ဖြစ်ပြီး ရှုံကျောက်ယွမ်မှာ ထိုအဆင့်သို့ တက်လှမ်းနိုင်ရန် ရာခိုင်နှုန်းနည်းပါးသူဖြစ်၍ ‘လောကမူလအမြုတေ’ ကို အသုံးပြုကာ ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပေသည်။
လောကမူလအမြုတေဟူသည် ကျင့်ကြံသူပေါင်းများစွာ အသည်းအသန် ရှာဖွေနေကြသော်လည်း မရနိုင်သော အလွန်အဖိုးတန်လှသည့် ရတနာတစ်ပါးဖြစ်၏။
သို့သော် ဝမ်ချန်အတွက်မူ သူ၏ ဝိညာဉ်ကိုယ်ပွားများမှာ ကမ္ဘာနှစ်ခုလုံး၌ ရှိနေသောကြောင့် အခြားသူများနှင့်ယှဉ်လျှင် ထိုရတနာကို ပို၍ လွယ်ကူစွာ ရရှိနိုင်ပေလိမ့်မည်။
‘နက္ခတ်တာရာ ပင်လယ်ပြင်’ ကို ခဏတာ ဘေးဖယ်ထားလျှင်ပင် ‘စန်းချင်း’ နယ်မြေမှ လောကမူလအမြုတေ အချို့ကို ရယူနိုင်မည်ဟု သူက ယုံကြည်နေမိသည်။
အချိန်ကာလကို တွက်ချက်ကြည့်လျှင် စန်းချင်းနယ်မြေမှာ ရိတ်သိမ်းရန် အသင့်ဖြစ်နေပေပြီ။ ဝမ်ချန်သည် အတွေးတို့ကို အဆုံးသတ်ကာ တည်ငြိမ်စွာဖြင့် -
“စီနီယာရှုံ... ယခုကိစ္စမှာ အရမ်းအရေးကြီးလို့ သေချာစွာ စဉ်းစားခွင့်ပြုပါဦး။ နောက်ရက်အနည်းငယ်ကြာရင် အဖြေပြန်ပေးပါမယ်” ဟု ဆိုလေသည်။
ရှုံလျန်ဖုန်းမှာလည်း ကန့်ကွက်ခြင်းမရှိဘဲ ‘နက္ခတ်တာရာမြေပုံ’ ကို ဝမ်ချန်၏လက်ထဲသို့ ထည့်ပေးလိုက်ကာ -
“မိတ်ဆွေဝမ်...မင်းသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စ ဒီမြေပုံက မင်းအတွက်ပဲ” ဟု ဆို၏။
ဝမ်ချန်မှာ စိတ်မသက်မသာဖြင့် ပြုံးလိုက်မိသည်။ အကြီးအကဲတစ်ဦးက ဤမျှအထိ နှိမ့်ချကာ ပြောဆိုလာလျှင် ငြင်းပယ်ရန် အလွန်ပင် ခက်ခဲလှပေတော့သည်။ ထို့ကြောင့်ပင် သူသည် ထပ်မံငြင်းဆန်ခြင်းမပြုတော့ဘဲ မြေပုံကို လက်ခံလိုက်လေသည်။
အကယ်၍ နောက်မှ စိတ်ပြောင်းသွားခဲ့လျှင်လည်း တစ်ဖက်သူထံ ပြန်လည်ပေးအပ်ရုံသာ ဖြစ်ပေရာ ယင်းမှာလည်း ခက်ခဲလှသော ကိစ္စမဟုတ်ပေ။
ဂူဗိမာန်သို့ ပြန်ရောက်သောအခါ ဝမ်ချန်သည် လဲလှယ်၍ ရရှိလာသော ‘အမည်မဲ့ဓားသိုင်း အပိုင်းအစ’ ကို ထုတ်ယူလိုက်၏။
ဤအပိုင်းအစအတွက် ‘ဝိညာဉ်မူလဆေးလုံး’ သုံးပုလင်း ပေးခဲ့ရသဖြင့် ဈေးပေါသည်ဟု မဆိုနိုင်သော်လည်း ဈေးကြီးလှသည်ဟုလည်း မဆိုသာပေ။ အခြားသူများသာဆိုလျှင် ဤအပိုင်းအစကို ဝယ်ယူရန် စဉ်းစားမည်ပင် မဟုတ်ချေ။
ဝမ်ချန်သည် အခဏမျှ တွေးတောပြီးနောက် ‘ဝိညာဉ်စွမ်းအင်’ အနည်းငယ်ကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ စတင်လှုပ်ရှားစေလိုက်သည်။ ထိုခဏ၌ ကျောက်စိမ်းပြားမှာ တကျွတ်ကျွတ်မြည်ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်လာလေတော့သည်။
တစ်ချိန်တည်းမှာပင် အချက်အလက်များစွာတို့သည် ဝမ်ချန်၏ ‘အသိဉာဏ်ပင်လယ်’ ထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သော်လည်း သူ၏ စိတ်ဝိညာဉ်မှာ ကျောက်ဆောင်သဖွယ် ခိုင်ခံ့လှသဖြင့် မည်သို့မျှ သက်ရောက်မှုမရှိခဲ့ပေ။
ရွှေရောင်စာလုံးများနှင့် သင်္ကေတများစွာတို့သည် ဝမ်ချန်၏ စိတ်အာရုံထဲ၌ ပေါ်ပေါက်လာပြီး ထူးခြားဆန်းပြားလှသော စီစဉ်မှုများဖြင့် ‘ထိုက်ယီဓားသိုင်း’ ဟူသော နက်နဲသည့် ပညာရပ်တစ်ခုအဖြစ် သူ၏ မှတ်ဉာဏ်ထဲ၌ စွဲထင်သွားလေတော့သည်။
ဝမ်ချန်မှာ အံ့အားသင့်သွားရ၏။ သူသည် အမှန်တကယ်ပင် ရတနာတစ်ပါးကို တွေ့ရှိခဲ့လေပြီ။ ကျင့်ကြံခြင်းပညာရပ်တိုင်းမှာ ‘ထိုက်ယီ’ ဟူသော အမည်ကို ခံယူနိုင်ခြင်းမရှိပေ။
အမည်အပြည့်အစုံ မဟုတ်သည့်တိုင် ဤစာလုံးလေးလုံး၏ အရှိန်အဝါမှာပင် ယင်းပညာရပ်၏ ထူးခြားမှုကို ပြသနေချေပြီ။
အရေးကြီးဆုံးအချက်မှာ ဝမ်ချန်သည် ‘ထိုက်ယီမူလ ဒြပ်ပေါင်းစုပညာရပ်’ ကို ရရှိထားပြီးဖြစ်ရာ ဤဓားသိုင်းနှင့်သာ ပေါင်းစပ်နိုင်ပါက ယင်းတို့၏ စွမ်းပကားမှာ အဆမတန် တိုးပွားလာမည်မှာ အမှန်ပင် ဖြစ်တန်ရာ၏။
သို့သော်လည်း ဤ ‘ထိုက်ယီဓားသိုင်း’ မှာ အစိတ်အပိုင်းများစွာ ပျောက်ဆုံးနေသော အပိုင်းအစတစ်ခုသာ ဖြစ်နေသေးသည်။
ကျောက်စိမ်းပြား ပျက်စီးနေခဲ့သဖြင့် အချက်အလက်အချို့သာ ကျန်ရှိနေခြင်းဖြစ်ရာ ယင်းမှာလည်း ဤပညာရပ်ကို ဈေးပေါပေါဖြင့် ရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းပင် ဖြစ်၏။
ကျင့်ကြံခြင်းပညာရပ်တစ်ခုတွင် စာလုံးတစ်လုံး လွဲချော်သွားရုံမျှဖြင့် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသွားနိုင်ပေရာ ဤမျှလောက် အပိုင်းအစများ ပျောက်ဆုံးနေခြင်းမှာမူ ပြောမနေသာတော့ပေ။
အခြားသူများသာဆိုလျှင် ‘ဝိညာဉ်သန္ဓေသားအဆင့်’ မဆိုထားနှင့် ‘မဟာယာနအဆင့်’ ကျင့်ကြံသူများပင်လျှင် ဤပညာရပ်ကို ပြည့်စုံအောင် ဖြည့်စွက်ရန် ခက်ခဲပေလိမ့်မည်။
ထိုမျှမြင့်မားသော ကျင့်ကြံသူတစ်ဦးအား ကူညီရန် တောင်းဆိုရမည်ဆိုလျှင်လည်း ပေးဆပ်ရမည့် တန်ဖိုးမှာ မခန့်မှန်းနိုင်လောက်အောင်ပင် ကြီးမားလှပေမည်။
သို့သော် ဝမ်ချန်ကား အခြားသူများနှင့်မတူပေ။ သူ၏ ‘ကျင့်ကြံခြင်းအချက်အလက်ပြား’ တွင် ‘ပညာရပ်များအား တွက်ချက်ဖော်ထုတ်နိုင်ခြင်း’ ဟူသော ထူးခြားသည့် စွမ်းရည်တစ်ခု ပါရှိနေလေသည်။
ယင်းစွမ်းရည်မှာ ဤပြဿနာကို တိကျစွာ ဖြေရှင်းပေးနိုင်ပေလိမ့်မည်။ အမှန်တကယ်ပင် ဤစွမ်းရည်သာမရှိခဲ့ပါက ဝမ်ချန်သည် ဤအပိုင်းအစကို ဝယ်ယူခဲ့မည်မဟုတ်ချေ။
ဝမ်ချန်သည် မဆိုင်းမတွဘဲ အချက်အလက်ပြားကို ခေါ်ယူလိုက်ကာ သူ၏ အသိဉာဏ်ပင်လယ်ထဲရှိ ‘ထိုက်ယီဓားသိုင်း’ အား ပြည့်စုံအောင် တွက်ချက်ဖော်ထုတ်ရန် ညွှန်ကြားလိုက်လေသည်။
ထိုခဏ၌ သူ၏ ဦးခေါင်းထဲတွင် ပြင်းထန်သော ဟိန်းသံကြီးတစ်ခု မြည်ဟည်းသွားပြီး သူ၏ အတွေးစများမှာလည်း အရှိန်အဟုန်ဖြင့် ပြေးလွှားလာကာ ခန္ဓာကိုယ်မှ အပူရှိန်များပင် ထွက်ပေါ်လာလေတော့သည်။
သူ၏ မှတ်ဉာဏ်ထဲရှိ ပညာရပ်မှာလည်း တဖြည်းဖြည်းနှင့် စတင်ပြောင်းလဲလာခဲ့ပြီး ပျောက်ဆုံးနေသော နေရာများ၌ ရွှေရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ လင်းလက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဝမ်ချန် စုဆောင်းထားသော ‘လူသားကျင့်ကြံခြင်းလမ်းစဉ်အမှတ်’ များမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ လျော့နည်းသွားလေတော့သည်။
တစ်ကြိမ်လျှင် အမှတ်တစ်သောင်းနှုန်းဖြင့် အဆက်မပြတ် လျော့ကျနေခြင်းဖြစ်ရာ ဝမ်ချန်သာ အမှတ်များစွာ စုဆောင်းမထားခဲ့ပါက ဤတွက်ချက်မှုကို ဆက်လက်လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
ပညာရပ်တစ်ခုကို တွက်ချက်ရန် ဤမျှအမှတ်များစွာ ကုန်ဆုံးမည်ဟု ဝမ်ချန် မထင်မှတ်ထားခဲ့ပေ။ ယင်းမှာ ‘ထိုက်ယီဓားသိုင်း’ ၏ အဆင့်အတန်းမှာ အလွန်မြင့်မားလွန်းနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ဝမ်ချန်သည် အခြားအရာများကို မစဉ်းစားတော့ဘဲ အာရုံကို တစ်ချက်တည်း၌ စုစည်းကာ သူ၏ စိတ်ဆန္ဒကို ခိုင်မြဲအောင် ထိန်းထားလိုက်၏။
အချိန်အနည်းငယ်ကြာလာသောအခါ ဝမ်ချန်၏ နဖူးပေါ်တွင် ချွေးစက်များ ထွက်ပေါ်လာပြီး ထိုချွေးစက်တို့မှာလည်း ခန္ဓာကိုယ်၏ အပူရှိန်ကြောင့် အငွေ့ပျံကာ သူ၏ ဦးခေါင်းအထက်၌ မြူနှင်းများသဖွယ် ဝိုင်းရံနေလေတော့သည်။
သူ၏ လူသားကျင့်ကြံခြင်းလမ်းစဉ်အမှတ်မှာ ငါးဂဏန်းအောက်သို့ ကျဆင်းသွားချိန်တွင်မှ ‘ထိုက်ယီဓားသိုင်း’ မှာ တောက်ပသော အလင်းတန်းများနှင့်အတူ ဝမ်ချန်၏ စိတ်ဝိညာဉ်အောက်ခြေသို့ နက်ရှိုင်းစွာ စွဲထင်သွားလေပြီ။
တွက်ချက်မှုမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ချေပြီ။ အချက်အလက်ပြားသည် မဖြစ်နိုင်လောက်သော အခြေအနေမှနေ၍ အမည်မဲ့ဓားသိုင်းကို တန်ဖိုးမဖြတ်နိုင်သော ပညာရပ်တစ်ခုအဖြစ်သို့ အဆင့်မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်၏။
ပြည့်စုံသွားသော ‘ထိုက်ယီဓားသိုင်း’ မှာ သတ္တမအဆင့်အထိ ရောက်ရှိနိုင်သော ဓားသိုင်းတစ်ရပ် ဖြစ်နေလေသည်။ သတ္တမအဆင့် ဓားသိုင်းဟူသည် ‘မဟာယာနအဆင့်’ ကျင့်ကြံသူတို့၏ ပညာရပ်ပင် မဟုတ်လော။
ယင်းမှာ ဝမ်ချန်အနေဖြင့် ဝိညာဉ်သန္ဓေသားအဆင့်မှသည် မဟာယာနအဆင့်အထိ ဤဓားသိုင်းတစ်ခုတည်းဖြင့် ကျင့်ကြံသွားနိုင်ပြီဟု ဆိုလိုခြင်းဖြစ်ပေသည်။
‘ထိုက်ယီဓားသိုင်း’ ၏ နက်နဲလှသော အနှစ်သာရများမှာ မြင့်မားလှသော တောင်ကြီးတစ်တောင်ကို မော့ကြည့်နေရသကဲ့သို့ ဝမ်ချန်အား အံ့သြကြည်ညိုမှုတို့ကို ဖြစ်ပေါ်စေလေသည်။
[ထိုက်ယီဓားသိုင်း (အခြေခံ): ၁/၁,၀၀၀,၀၀၀]
ဤအဆင့်မြင့်ဓားသိုင်းမှာ တွက်ချက်မှုပြီးသည်နှင့် အချက်အလက်ပြား၏ ကျင့်ကြံခြင်းကဏ္ဍတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
သို့သော်လည်း အဆင့်မြှင့်တင်ရန် လိုအပ်သော အမှတ်မှာ တစ်သန်းအထိ ရှိနေခြင်းမှာ အလွန်ပင် များပြားလှပေသည်။
ထို့ပြင် ယင်းမှာ ကျွမ်းကျင်မှုကဏ္ဍတွင် မဟုတ်ဘဲ ကျင့်ကြံခြင်းကဏ္ဍတွင် ရှိနေခြင်းဖြစ်ရာ အဆင့်မြှင့်ရန်အတွက် လွယ်ကူစွာရနိုင်သော လူသားအမှတ်ကို မသုံးနိုင်ဘဲ ‘နတ်ဘုရား ကျင့်ကြံခြင်းလမ်းစဉ်အမှတ်’ ကိုသာ အသုံးပြုရမည်ဖြစ်ပေသည်။
ယင်းမှာ ဝမ်ချန်အား သတ်ဖြတ်မှုများ ပိုမိုပြုလုပ်ရန် တွန်းအားပေးနေသကဲ့သို့ပင် ရှိနေပါတော့သတည်း။
***