ဟစ်ခနဲ အသံနှင့်အတူ စူးရှပြင်းပြလှသော နာကျင်မှုဝေဒနာကြောင့် ဝမ်ချန်၏ အသိစိတ်တို့မှာ ကိုယ့်ခန္ဓာကိုယ်ထံ ချက်ချင်းပင် ပြန်လည်ရောက်ရှိလာလေသည်။
သူသည် အလိုအလျောက် မျက်လုံးကို ဖွင့်ကြည့်လိုက်မိရာ မိမိ၏ မျက်ခွံများမှာ စေးကပ်နွေးထွေးလှသော အရည်များဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရှိရ၏။
ဦးနှောက်အတွင်းသို့လည်း ရဲရဲနီနေသော သံအပ်တစ်ချောင်းဖြင့် ထိုးစိုက်ခံထားရသကဲ့သို့ အလွန်အမင်း ဝေဒနာခံစားနေရလေသည်။
ဝမ်ချန်သည် အလိုအလျောက် မိမိမျက်နှာကို လက်ဖြင့်သုတ်လိုက်ရာ လက်ဝါးတွင် လတ်လတ်ဆတ်ဆတ် သွေးစများဖြင့် စွန်းထင်းသွားချေသည်။
ထိုအခါမှသာ သူသည် ညစ်ပတ်မှောင်မည်းနေသော လမ်းကြားလေးတစ်ခုအတွင်း လဲလျောင်းနေကြောင်း သိရှိလိုက်ရ၏။
ရှေ့ဆီမှလည်း "မြန်မြန်... အဲဒီခွေးကို အတူတူ ဝိုင်းဖမ်းကြစို့" ဟု အော်ဟစ်ကာ ပြေးလွှာလာသော ခြေသံများကို ကြားလိုက်ရလေသည်။
ထိုအသံကို ကြားရလျှင်ပင် ဝမ်ချန်၏ စိတ်ထဲ၌ အန္တရာယ်အငွေ့အသက်တို့ကို ပြင်းထန်စွာ ခံစားလိုက်ရတော့သည်။
သူသည် ဘာမျှမစဉ်းစားတော့ဘဲ ခါးတွင်ချိတ်ထားသော တုတ်တိုကို ဆွဲထုတ်ကာ ဘယ်လက်ဖြင့် မြေကြီးကို အားပြုလျက် တစ်ဟုန်ထိုး ခုန်ထလိုက်လေ၏။
သန်မာထွားကြိုင်းသော လူတစ်ယောက်မှာ သူ့ထံသို့ ပြေးဝင်လာပြီး ခြေထောက်ဖြင့် ကန်ရန် ပြင်လိုက်သည်။
သို့သော်လည်း ဝမ်ချန်၏ လှုပ်ရှားမှုက ပို၍ လျင်မြန်လှပေရာ လက်ထဲရှိ တုတ်တိုကို လျှပ်စီးပမာ ဝှေ့ယမ်းကာ ထိုသူ၏ ဒူးဆစ်ကို အားကုန်လွှဲရိုက်လိုက်တော့သည်။
"ဂွမ်း" ခနဲ အသံနှင့်အတူ ထိုလူမှာ အော်ဟစ်ကာ မြေကြီးပေါ်သို့ လဲကျသွားချေသည်။ ဝမ်ချန်သည် မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေလျက်ပင် ကျန်ရှိနေသော လူနှစ်ဦးကို ကြမ်းတမ်းလှသော မျက်နှာပေးဖြင့် ရင်ဆိုင်လိုက်လေ၏။
"သေပေတော့"
သူသည် လည်ချောင်းထဲမှ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး ညာဘက်ရှိ လူဆီသို့ တုတ်တိုဖြင့် ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။
ထိုရိုက်ချက်မှာ အားပါလှပေရာ လေတိုးသံမှာ နားထဲတွင် တဝုန်းဝုန်း မြည်ဟည်းနေ၏။
ထိုလူသည် လက်ထဲတွင် ဓားမြှောင်တစ်စင်း ကိုင်ဆောင်ထားသော်လည်း ဝမ်ချန်၏ အရှိန်အဝါကို ကြောက်လန့်ကာ မရင်ဆိုင်ရဲဘဲ နောက်သို့ ရှောင်တိမ်းလိုက်ရလေသည်။
ထိုသို့ ရှောင်လိုက်သဖြင့် ဝမ်ချန်၏ ရိုက်ချက်မှာ လေထဲတွင် ဝိုက်ကာ ဘယ်ဘက်ရှိ လူ၏ လက်မောင်းကို ထိမှန်သွားတော့သည်။ အရိုးကျိုးသံမှာ ထပ်မံ၍ ထွက်ပေါ်လာပြန်၏။
ခဏချင်းအတွင်းမှာပင် ရန်သူသုံးဦးလုံး ဗရုတ်သုတ်ခ ဖြစ်သွားကြလေသည်။ သို့သော် ဝမ်ချန်မှာ ထိုသူတို့ကို ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ လမ်းကြားထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
သူသည် ပြင်ပရှိ လမ်းမကြီးပေါ်သို့ ရောက်ရှိသွား၏။ လမ်းသွားလမ်းလာများမှာ သွေးသံရဲရဲနှင့် ဝမ်ချန်ကို မြင်သောအခါ အလန့်တကြား ရှောင်ဖယ်သွားကြသလို အချို့မှာလည်း အော်ဟစ်နေကြသည်။
ဝမ်ချန်မှာမူ ထိုသူတို့ကို ဂရုမစိုက်ဘဲ မှတ်ဉာဏ်ထဲရှိ လမ်းအတိုင်း ဆက်လက် ပြေးနေမိသည်။ နဖူးမှ သွေးများမှာလည်း ဆက်တိုက် စီးကျနေဆဲဖြစ်ရာ ဒဏ်ရာကို လက်တစ်ဖက်ဖြင့် ဖိကာ ရှေ့မှ စက်ဘီးများထားရာဆီသို့ ရောက်သည်အထိ ပြေးသွားလေ၏။
ထိုနေရာသို့ ရောက်မှသာ ဝမ်ချန်မှာ သက်ပြင်းချနိုင်တော့သည်။ မှတ်ဉာဏ်များအရ ဤနေရာမှာ လန်ဒီမြို့၏ မြို့အောက်ပိုင်း တတိယစခန်း ဖြစ်ပေသည်။
၎င်းမှာ ဝမ်ချန်၏ ယခုဘဝတွင် အမှုထမ်းနေသော ဌာနလည်း ဖြစ်၏။ သူသည် ဖွင့်ထားသော တံခါးအတွင်းသို့ ပြေးဝင်လိုက်ရာ စားပွဲတွင် အမှီပြုလျက် ဆေးလိပ်သောက်နေသော အလယ်အလတ်အရွယ် အရာရှိတစ်ဦးနှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။
"တောက်... ဘာလဲဟ"
ထိုအရာရှိမှာ အလစ်အငိုက် မိသွားသဖြင့် သူ့ကို တိုက်ခိုက်သည်အမှတ်နှင့် ခါးရှိ သေနတ်အိမ်ကို လက်ဖြင့် အုပ်လိုက်မိသည်။
သို့သော် ဝမ်ချန်၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါမှ "ယာလာ နတ်ဘုရားကို တိုင်တည်ပါတယ်... အလုပ်သင်အရာရှိ ရိုနန်၊ မင်းကို ဘယ်သူ ဒီလောက်တောင် ထိုးကြိတ်လိုက်တာလဲ" ဟု ထိတ်လန့်တကြား မေးမြန်းလိုက်လေ၏။
ဝမ်ချန်သည် အမောတကောဖြင့် ဘေးရှိ ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပြီး စကားပင် မပြောနိုင်တော့ဘဲ လက်ကိုသာ ယမ်းပြလိုက်မိသည်။
ဤသည်ကို မြင်လျှင်ပင် စခန်းအတွင်းရှိ အရာရှိများမှာ တစ်ယောက်ပြီးတစ်ယောက် ဝိုင်းလာကြတော့သည်။ အမျိုးသမီးအရာရှိ တစ်ဦးက ရှေးဦးသူနာပြုသေတ္တာကို ယူလာပေး၏။
ဒဏ်ရာကို ဆေးထည့်ပေးပြီးနောက် ဝမ်ချန်၏ ခေါင်းတွင် ပတ်တီးထူထူကြီး ပတ်ထားလိုက်ရာမှ သူသည် အားအင်ပြန်လည် ပြည့်ဖြိုးလာလေတော့သည်။
သူ၏ ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း သွေးထွက်လွန်ခဲ့သဖြင့် အားနည်းနေခြင်းသာ ဖြစ်သည်။
အလယ်အလတ်အရွယ် အရာရှိဖြစ်သူက "အဘိုးကြီးဟတ်ရော... သူ မင်းနဲ့အတူ ရှိမနေဘူးလား" ဟု ထပ်မံ မေးမြန်းလိုက်သည်။
ဝမ်ချန်သည် ရေတစ်ငုံ သောက်လိုက်ပြီးမှ ခါးသီးစွာ ပြုံးလျက် "ကျွန်တော်တို့ သူခိုးတစ်စုနောက်ကို လိုက်ရင်း လူကွဲသွားတာပါ။ လမ်းကြားထဲမှာ ချုံခိုတိုက်ခိုက်ခံရလို့ အသက်ပျောက်လုနီးပါး ဖြစ်သွားတယ်" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ အရာရှိများမှာ တစ်ဦးကိုတစ်ဦး ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ ဒုတိယ အရာရှိချုပ် ရှောင်အိုကော့က ဝမ်ချန်၏ ပုခုံးကို ပုတ်ကာ "ရိုနန်... မင်းက အလုပ်သင်အရာရှိပဲ ရှိသေးတာ၊ သေနတ်ကိုင်ခွင့်တောင် မရှိသေးဘူး။ အဲဒီလောက်အထိ အသက်ကို မစွန့်စားသင့်ဘူး" ဟု ဆုံးမစကား ဆိုလေသည်။
"မင်း အရာရှိအစစ် ဖြစ်ချင်တာကို နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်အသက်က ပိုအရေးကြီးတယ် မဟုတ်လား"
ဝမ်ချန်ကလည်း ခေါင်းညိတ်ပြလျက် "ဟုတ်ကဲ့... ဒုတိယအရာရှိချုပ်ရှောင်၊ ကျွန်တော် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
ယခုသူ၏ အနေအထားဖြင့် အရာရှိချုပ်က သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးလိမ့်မည် မဟုတ်ကြောင်း သူကောင်းစွာ သိရှိပေရာ ထိုသူမှာ မြို့အောက်ပိုင်း တတိယစခန်းမှ ဒုတိယအရာရှိချုပ် ရှောင်ပင် ဖြစ်လေသည်။
"အေး... ကောင်းပြီလေ"
ရှောင်က ကျေနပ်သည့်လေသံဖြင့် "မင်းက တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရတာဆိုတော့ အိမ်ပြန်ပြီး အနားယူလိုက်ဦး၊ သန်ဘက်ခါမှပဲ အလုပ်ပြန်လာခဲ့တော့" ဟု ခွင့်ပေးလိုက်လေသည်။
ဝမ်ချန်ကလည်း "ကျေးဇူးတင်ပါတယ် အရာရှိချုပ်၊ " ဟု ပြန်လည်ပြောကြားလိုက်ရာ ရှောင်မှာ ရယ်မောလျက် "သွား... သွားတော့" ဟု ဆိုလေ၏။
စခန်းရှိ အရာရှိများကို နှုတ်ဆက်ပြီးနောက် ဝမ်ချန်သည် လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး ဟောင်းနွမ်းနေသော တိုက်ခန်းကြီးတစ်ခုသို့ ရောက်ရှိလာသည်။
တံခါးစောင့် အဘိုးကြီးကို နှုတ်ဆက်ကာ သူသည် လေးလံသော ခြေလှမ်းများဖြင့် လှေကားအတိုင်း တက်လာခဲ့သည်။
ငါးထပ်မြောက်သို့ ရောက်သောအခါ...
သူသည် တံခါးကို သော့ဖွင့်ကာ ကျဉ်းမြောင်းသော အခန်းငယ်လေးအတွင်းသို့ ဝင်လိုက်ပြီး သစ်သားခုတင်ပေါ်သို့ မှောက်ခုံ လဲချလိုက်တော့သည်။
ထိုအခါ ဝမ်ချန်၏ စိတ်အစဉ်၌ မရေမတွက်နိုင်သော မှတ်ဉာဏ်များမှာ တစ်ဖွဲဖွဲ ပေါ်ပေါက်လာလေတော့သည်။
ရိုနန်ရေးမွန်... အသက် ၁၉ နှစ်၊ အင်ဗီယာနိုင်ငံ အရှေ့ပိုင်း လန်ဒီမြို့ ဆင်ခြေဖုံးရှိ မြေပိုင်ရှင်တစ်ဦး၏ မိသားစုတွင် မွေးဖွားခဲ့သူ ဖြစ်သည်။
သူသည် တရားမဝင် သားတစ်ဦးဖြစ်ပြီး မိခင်မှာ ထိုအိမ်မှ အစေခံမလေးဖြစ်ကာ ရိုနန်ကို မွေးဖွားပြီး မကြာမီမှာပင် ရောဂါဖြင့် ကွယ်လွန်ခဲ့၏။
အသက် ၁၆ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက သူ့ကို လန်ဒီမြို့ရှိ ကျောင်းတစ်ခုသို့ ပို့ဆောင်ကာ သုံးနှစ်စာ ကျောင်းလစာကို တစ်ခါတည်း ပေးချေလျက် သားအဖအဖြစ်မှ စွန့်လွှတ်ခဲ့လေသည်။
ရိုနန်သည် အလုပ်တစ်ဖက်နှင့် ကျောင်းတက်ကာ ပညာသင်ကြားခဲ့ပြီး လန်ဒီမြို့ ရဲဌာနချုပ်၏ စာမေးပွဲကို အောင်မြင်ခဲ့သည်။ သင်တန်းခြောက်လ တက်ရောက်ပြီးနောက် မြို့အောက်ပိုင်း တတိယစခန်းတွင် အလုပ်သင်အရာရှိ ဖြစ်လာခဲ့ခြင်းပင်။
ယခုမှာ သူ အလုပ်စတင်ဝင်ရောက်သည်မှာ တစ်လသာ ရှိသေးသော်လည်း တာဝန်ထမ်းဆောင်ရင်း အသက်ပျောက်ကွယ်ခဲ့ရရှာသည်။
အမှန်စင်စစ်... ရိုနန်စစ်စစ်မှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခုခန္ဓာကိုယ်ကို ဝမ်ချန်က လွှဲပြောင်းရယူလိုက်ခြင်း ဖြစ်ပေသည်။ သွေးလနက္ခတ်နယ်မြေရှိ သူ၏ ဘဝသစ်အတွက် ဝမ်ချန်မှာ ကျေနပ်မှုရှိပေသည်။
ရိုနန်၏ အခြေအနေမှာ မကောင်းလှသော်လည်း အဆိုးကြီးတော့ မဟုတ်ပေ။ အနည်းဆုံးတော့ သူသည် သူတောင်းစားတစ်ဦး မဟုတ်သလို အန္တရာယ်ရှိသော်လည်း ဝမ်းရေးဖူလုံသော အလုပ်တစ်ခု ရှိနေသည် မဟုတ်လော။
ဝမ်ချန်သည် ယခင်ကလည်း လူ့လောကသို့ အကြိမ်ကြိမ် ဆင်းသက်ခဲ့ဖူးသဖြင့် ယခုဘဝသစ်နှင့် ခန္ဓာကိုယ်အသစ်ကို အမြန်ဆုံး လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်ခဲ့သည်။ သူသည် ထိုင်လိုက်ပြီး ကုတင်ဘေးရှိ မှန်ကလေးကို ယူကြည့်လိုက်၏။
မှန်ထဲ၌ နုပျိုသော လူငယ်လေးတစ်ဦး၏ မျက်နှာကို တွေ့မြင်ရသည်။ ရိုနန်ရေးမွန်သည် ဆံပင်နက်ကာ ညိုသော မျက်လုံးများ ရှိသည်။ ချောမောလှပသည်ဟု မဆိုနိုင်သော်လည်း နှာတံပေါ်ပေါ်နှင့် ကြည့်ပျော်ရှုပျော်ရှိသော ရုပ်ရည်မျိုး ဖြစ်ပေသည်။
နှစ်ရှည်လများ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခဲ့သဖြင့် သူ၏ ကြွက်သားများနှင့် ခန္ဓာကိုယ်မှာလည်း ကျန်းမာကြံ့ခိုင်လှသည်။ ထို့ကြောင့်သာ ရဲဌာန၏ စာမေးပွဲကို အောင်မြင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယခု ရိုနန်မှာ အတွေ့အကြုံမရှိသေးသော လူသစ်တစ်ဦးသာ ဖြစ်ပေသည်။ ဝမ်ချန်အနေဖြင့် ယခင် ရိုနန် တိုက်ခိုက်ခံရခြင်းမှာ တိုက်ဆိုင်မှုလော သို့မဟုတ် တစ်စုံတစ်ဦး၏ လက်ချက်လော ဆိုသည်ကို မသိရှိသေးသော်လည်း သူသည် ဤကိစ္စအတွက် ကိုယ်တိုင် လက်စားချေရန် သန္နိဋ္ဌာန် ချလိုက်မိသည်။
ယခုအချိန်မှစ၍ သူသည် 'ရိုနန်ရေးမွန်' ပင် ဖြစ်တော့သည်ဟု ဝမ်ချန်မှာ မိမိကိုယ်ကို တိုးတိတ်စွာ ပြောကြားလိုက်လေတော့သတည်း။
***