ဤသွေးလနက္ခတ်နယ်မြေ အတွင်း၌ အရှေ့နှင့် အနောက်ဟူ၍ တိုက်ကြီးနှစ်တိုက် ရှိချေသည်။ ဝမ်ချန် အမည်ရှိ ရိုနန်ရေးမွန် နေထိုင်ရာ လန်ဒီမြို့ သည် အနောက်ဘက်တိုက်ကြီးပေါ်တွင် တည်ရှိပေရာ ယင်းနယ်မြေမှာ အရွယ်အစားမျိုးစုံရှိသော တိုင်းနိုင်ငံနှင့် နယ်စားပယ်စား နယ်မြေများစွာဖြင့် ပိုင်းခြားထားသည့် ကျယ်ပြောလှသော နယ်ပယ်ကြီး ဖြစ်သည်။
သို့သော်လည်း ထိုနယ်မြေ၏ အစိတ်အပိုင်းအတော်များများကိုမူ နှစ်ရှည်လများ ကိန်းဝပ်နေသည့် မြူထုကြီးများက ဖုံးလွှမ်းထားလေသည်။
ထိုသို့သော တိုင်းနိုင်ငံများထဲတွင် အင်ဗီယာနိုင်ငံ မှာ နယ်မြေကျယ်ဝန်းမှု၊ စီးပွားရေးနှင့် စစ်ရေးအင်အား တောင့်တင်းမှုတို့ကြောင့် သိသိသာသာ ထင်ရှား၍ အစွမ်းထက်လှသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။
သို့ရာတွင် အင်ဗီယာနိုင်ငံသည်လည်း ခက်ခဲကြမ်းတမ်းသည့် ရန်သူတော်ကြီးများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ရိုနန်သည် ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ပြန်လည်စုစည်းကြည့်ရာမှ ဤသွေးလနက္ခတ်နယ်မြေ သည် ခေတ်မီနည်းပညာနှင့် လျှို့ဝှက်နက်နဲသော အတတ်ပညာများ ဒွန်တွဲတည်ရှိနေသည့် ကမ္ဘာတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။
ယင်းကမ္ဘာ၏ နည်းပညာအဆင့်အတန်းမှာ သူ၏ယခင်ဘဝက ၁၉ ရာစု အစောပိုင်းနှင့် အလယ်ပိုင်းကာလများနှင့် ဆင်တူလှပေသည်။ ရေနွေးငွေ့သုံး စက်ကိရိယာများမှာ အလွန်ပင် ခေတ်စားနေပြီး ရေနွေးငွေ့သုံး ရထားနှင့် သင်္ဘောများကိုလည်း စောစီးစွာပင် အသုံးပြုနေကြပြီ ဖြစ်သည်။
မြို့ကြီးပြကြီးများတွင်မူ လျှပ်စစ်မီးနှင့် လျှပ်စစ်ပန်ကာကဲ့သို့သော အခြေခံလျှပ်စစ်ပစ္စည်းများကိုပင် အသုံးပြုနိုင်သည့် အဆင့်ရှိနေချေပြီ။
မော်တော်ကားများမှာမူ အလွန်သစ်လွင်ကာ အဖိုးတန်လွန်းလှသဖြင့် လူအများစုမှာ နေ့စဉ် သွားလာရေးအတွက် မြင်းရထား၊ ဆိုက်ကားနှင့် စက်ဘီးများကိုသာ အားကိုးနေကြရသည်။
လက်နက်များတွင်မူ ဓားရှည်၊ ပုဆိန်နှင့် ဓားမြှောင်ကဲ့သို့သော လက်နက်များအပြင် ပစ္စတို၊ ရိုင်ဖယ်နှင့် အမြောက်ကဲ့သို့သော မီးပေါက်လက်နက်များကိုလည်း အသုံးပြုနေကြသည်။
ထိုသို့သော နည်းပညာများ တည်ရှိနေသော်လည်း တစ်ဖက်တွင်မူ နတ်ဆိုးများ၊ နတ်ဆိုးမုဆိုးများ၊ စုန်းမများနှင့် သွေးစုပ်မျိုးနွယ်စုများကလည်း ရှိနေပြန်သေးသည်။
နတ်ဆိုးဟူသည်မှာ သွေးလနက္ခတ် ၏ စွမ်းအားကြောင့် သန္ဓေပြောင်းသွားသည့် တိရစ္ဆာန်များကို ခေါ်ဆိုခြင်းဖြစ်ပြီး ထိုထူးဆန်းသော နတ်ဆိုးများမှာ မြို့ပြင်နှင့် တောတောင်များအတွင်း သွားလာနေသူတို့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုပင် ဖြစ်သည်။
လူသားတို့ထဲတွင်မူ ထိုနတ်ဆိုးများကို အမဲလိုက်ရန် အထူးလေ့ကျင့်ထားသည့် နတ်ဆိုးမုဆိုးများ ရှိလေသည်။
စုန်းမများမှာမူ သွေးလနက္ခတ် ၏ စွမ်းအားကို အသုံးပြု၍ မန္တန်များ ရွတ်ဖတ်နိုင်သည့် ထူးခြားစွမ်းအင်ရှိသူများ ဖြစ်ကြပြီး အရေအတွက် အလွန်နည်းပါးကာ လျှို့ဝှက်လွန်းလှသည်။
စုန်းမများနှင့် ပတ်သက်၍ ပုံပြင်များစွာ
ရှိသော်လည်း အမှန်တကယ် သေချာသည့် အချက်တစ်ခုမှာ ယင်းတို့သည် ယာလာ ချပ်ကျောင်းတော်၏ ရန်သူတော်များ ဖြစ်ကြပြီး အကယ်၍ အဖမ်းခံရပါက လူပုံအလယ်တွင် မီးရှို့သတ်ဖြတ်ခြင်း ခံရမည် ဖြစ်သည်။
ယာလာသည်ကား အလင်းနတ်ဘုရားမ ဖြစ်ပြီး နေမင်း၏ ကိုယ်ပွားပင် ဖြစ်ပေရာ အနောက်ဘက်တိုက်ကြီးရှိ လူအများစုမှာ သူမအား ကိုးကွယ်ကြသော်လည်း စုန်းမများကမူ သွေးလနက္ခတ် ကိုသာ ကိုးကွယ်ကြလေသည်။
သွေးစုပ်မျိုးနွယ်စုများမှာလည်း ထူးခြားစွမ်းအင်ရှိသူများ ဖြစ်ကြပြီး ထာဝရအသက်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာ မှန်သမျှမှာ လျှို့ဝှက်ချက်များဖြင့်သာ ဖုံးလွှမ်းနေလေသည်။
ရိုနန်၏ ယခင်ပိုင်ရှင်မှာ နိမ့်ကျသည့် နောက်ခံမှ ဆင်းသက်လာသူဖြစ်ပြီး တက္ကသိုလ်တက်ရောက်ရန် အရည်အချင်းရော အစွမ်းအစပါ မရှိခဲ့သူ ဖြစ်ပေရာ သူ၏ ဤကမ္ဘာအပေါ် နားလည်မှုမှာ သာမန်လူတစ်ယောက်၏ အသိအမြင်ထက် မပိုခဲ့ချေ။
ရိုနန်ရေးမွန်၏ ဖခင်ဖြစ်သူ မယ်လ်ကွန်ရေးမွန်မှာ ဘာရွန် ဘွဲ့ရရှိထားပြီး လယ်ယာမြေပေါင်း တစ်ထောင်ကျော်ကို ပိုင်ဆိုင်ထားသဖြင့် စီးပွားရေးအရ အလွန်ပင် ပြည့်စုံလှသူ ဖြစ်သည်။
သို့သော် ထိုဘာရွန်မှာ အလွန်ပင် ကာမဂုဏ် လိုက်စားသူဖြစ်ပြီး သားသမီးရနိုင်စွမ်းမှာ ဝက်တစ်ကောင်ထက်ပင် သာလွန်နေသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၌ သားသမီး ၃၀ ကျော် ရှိလာခဲ့ပြီး ယင်းတို့အထဲမှ အများစုမှာ တရားမဝင် သားသမီးများသာ ဖြစ်ကြလေသည်
ရိုနန်ရေးမွန်မှာလည်း ထိုတရားမဝင် သားသမီးများထဲမှ တစ်ဦး ဖြစ်ပေသည်။ ထိုသို့သော သားသမီးများမှာ အမွေဆက်ခံခွင့် မရှိသကဲ့သို့ မယ်လ်ကွန်ရေးမွန်ကလည်း ၎င်းတို့အတွက် မည်သည့်အရင်းအမြစ်ကိုမျှ ရင်းနှီးမြှုပ်နှံပေးမည် မဟုတ်ချေ။
အသက် ၁၆ နှစ် ပြည့်သည်နှင့် ငွေကြေးအနည်းငယ် ပေးကာ အိမ်မှ နှင်ထုတ်ခြင်း သို့မဟုတ် အိမ်ထောင်ချပေးခြင်း ခံကြရသည်။
ထိုအချက်မှာ မဆိုးလှဟု ထင်ရသော်လည်း ရိုနန်သည် အသိတရား ဝင်စကတည်းကပင် လယ်ယာမြေများထဲ၌ ကျွန်များ၊ အလုပ်သမားများနှင့်အတူ ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရပြီး မှူးမတ်မျိုးနွယ် သခင်လေး တစ်ယောက်၏ ခံစားခွင့်များကို အနည်းငယ်မျှပင် မရရှိခဲ့ချေ။
သို့သော်လည်း ရိုနန်သည် အလွန်ပင် ဝီရိယရှိသူ ဖြစ်ပေသည်။ သူသည် ကျောင်းတွင် အလွန်ကြိုးစား၍ စာသင်ကြားခဲ့သလို လေ့ကျင့်မှုများကိုလည်း ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သဖြင့် အင်ဗီယာ တိုက်ခိုက်ရေးပညာနှင့် ဓားသိုင်းပညာများကို ကျွမ်းကျင်ခဲ့သည့်အပြင် သေနတ်ပစ်ပညာကိုပင် လေ့ကျင့်ထားခဲ့သေးသည်။
ကံဆိုးလှသည်မှာ အလုပ်သင်အရာရှိ များမှာ ဓားနှင့် သေနတ်များကို ဆောင်ထားခွင့် မရှိပေ။ ထို့ကြောင့်လည်း ဖြစ်ရပ်တစ်ခု ဖြစ်ပွားစဉ်အခါက သူသည် ရဲတုတ်တစ်ချောင်းကိုသာ ကိုင်ဆောင်ထားနိုင်ခဲ့ပြီး ဦးခေါင်းကို ခဲဖြင့် အပစ်ခံရကာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရလေသည်။
မှတ်ဉာဏ်များကို စီစစ်ပြီးနောက် ဝမ်ချန် သို့မဟုတ် ရိုနန်သည် သူ ဆက်လက်လျှောက်လှမ်းရမည့် လမ်းစဉ်ကို စတင်စဉ်းစားလေတော့သည်။ ဤကမ္ဘာတွင် ဝိညာဉ်စွမ်းအင် ကင်းမဲ့နေပြီး အနည်းငယ်မျှပင် မခံစားရချေ။
သွေးလနက္ခတ်နယ်မြေ ၏ နိယာမများသည် တာအိုပညာရပ်များ၏ ကျင့်ကြံမှုနှင့် အသုံးချမှုကို အတတ်နိုင်ဆုံး ကန့်သတ်ထားပြီး ယင်း၌ ကိုယ်ပိုင် ထူးခြားစွမ်းအင်စနစ် တစ်ခု ရှိနေဟန် တူသည်။
ရိုနန်သည် သူ၏ ကျင့်ကြံခြင်းစနစ် ကို ပြန်လည်ခေါ်ယူရန် ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။ ယင်းမှာလည်း ဤကမ္ဘာ၏ နိယာမများကြောင့်ပင် ဖြစ်တန်ရာ၏။
သို့သော်လည်း ရိုနန်မှာ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်ခြင်း မရှိချေ။ အကြောင်းမူကား သူ၌ အားကောင်းသည့် စိတ်ဝိညာဉ်အမှတ်အသား ရှိနေပြီး သူကိုယ်တိုင် ဖန်တီးထားသည့် စိတ်အာရုံစွမ်းအားကို ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။
ဤသို့သော ဝိညာဉ်စွမ်းအင် ကင်းမဲ့သည့် ကမ္ဘာတွင် စိတ်အာရုံစွမ်းအားမှာ ဝမ်ချန်၏ အကြီးမားဆုံးသော အားကိုးရာပင် ဖြစ်ပေသည်။ သူသည် ကိုယ်ခန္ဓာကို ကြံ့ခိုင်အောင် ပြုလုပ်ခြင်း၊ စိတ်ဓာတ်ကို မြှင့်တင်ခြင်းနှင့် စိတ်အာရုံစွမ်းအားကို ပိုမိုအားကောင်းအောင် ပြုလုပ်ခြင်းဖြင့် လောကမူလအမြုတေ ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤနယ်မြေ၏ လောကမူလအမြုတေ ကို ရယူနိုင်သည်ဆိုလျှင် သူလည်း ရယူနိုင်မည်ဟု ရိုနန်က အပြည့်အဝ ယုံကြည်နေလေသည်။
သူသည် အိပ်ရာပေါ်တွင် ပြန်လည်လဲလျောင်းကာ မျက်စိကို မှိတ်၍ သူ၏ အတွင်းစိတ်ကို ဆန်းစစ်ကြည့်လေသည်။ သူ၏ အတွေးများကို အသိဉာဏ်ပင်လယ် အတွင်းသို့ တဖြည်းဖြည်း နှစ်မြှုပ်လိုက်ရင်း ပတ်ဝန်းကျင်ကမ္ဘာကို တိတ်တဆိတ် အာရုံခံကြည့်နေမိသည်။
သူ မသိလိုက်သည်မှာ သူ၏ အသိဉာဏ်ပင်လယ် အနက်ရှိုင်းဆုံး၌ ရှိနေသော ရှေးဟောင်းတာအိုကျောက်စာတိုင်ကြီးမှာ တိတ်တဆိတ် ပေါ်ထွက်လာပြီး မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။
ရှည်လျားလှသည့် ညတာကြီး ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့ နံနက်တွင် ရိုနန်သည် အပြင်ဘက်မှ ဆူညံသံများကြောင့် နိုးလာခဲ့သည်။
ကျောက်ခင်းလမ်းပေါ်တွင် လှည်းဘီးကြီးများ၏ တကျိကျိ မြည်သံနှင့်အတူ "အားလုံး သတိထားကြ၊ အညစ်အကြေးလှည်း လာနေပြီဟေ့" ဟူသော အဘိုးကြီးတစ်ဦး၏ အက်ရှရှ အော်ဟစ်သံကြီးက နီးကပ်လာလေသည်။
ရိုနန်သည် အိပ်ရာမှ ထကာ အခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်လေးကို ဖွင့်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။
နွားလှည်းတစ်စီးမှာ လမ်းမပေါ်တွင် တဖြည်းဖြည်း ဖြတ်သန်းသွားနေပြီး ယင်းပေါ်ရှိ သစ်သားစည်ပိုင်းကြီးများမှာ ယိမ်းထိုးနေကာ မနှစ်မြို့ဖွယ် အနံ့အသက်ဆိုးများကို ထုတ်လွှတ်နေလေသည်။
အိမ်ဘေးဝဲယာရှိ အမျိုးသမီးအချို့မှာ သစ်သားအညစ်အကြေးအိုးများကို ကိုင်ဆောင်ကာ ပြေးထွက်လာကြပြီး ယခင်နေ့က စုဆောင်းထားသည့် အညစ်အကြေးများကို လာရောက် စွန့်ပစ်နေကြသည်။
လန်ဒီမြို့ မှာ နှစ်ပေါင်းရာနှင့်ချီသည့် သမိုင်းကြောင်းရှိသော မြို့ကြီးဖြစ်ပြီး ရေနုတ်မြောင်းစနစ်များ ရှိသော်လည်း လူအများစုအတွက် ဘိုထိုင်အိမ်သာများမှာ အထူးအဆန်း ဖြစ်နေဆဲ ဖြစ်သည်။
၎င်းတို့ကို မှူးမတ်များနှင့် ကုန်သည်ကြီးများ၏ အိမ်များတွင်သာ တွေ့ရတတ်သည်။
ရိုနန် နေထိုင်ရာ အရပ်မှာ သာမန်အရပ်သားများ နေထိုင်သည့် နယ်မြေဖြစ်သဖြင့် လူတိုင်းမှာ အများသုံးအိမ်သာ သို့မဟုတ် အညစ်အကြေးအိုးများကိုသာ အသုံးပြုကြရလေသည်။
ထိုအညစ်အကြေးများကို ကျေးလက်တောရွာများသို့ ပို့ဆောင်၍ မြေသြဇာအဖြစ် အသုံးပြုကြပေရာ ယင်းမှာ လမ်းမပေါ်တွင် အညစ်အကြေးများကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခြင်းထက်စာလျှင် အဆပေါင်းများစွာ ပိုမိုကောင်းမွန်လှပေသည်။
ရိုနန်သည် အပြင်ဘက်သို့ တစ်ချက်မျှ ကြည့်ပြီးနောက် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။ သူ၏ ယခင်ပိုင်ရှင်မှာ ဤနေရာတွင် အိမ်ငှားနေစဉ်က အောက်၌ အညစ်အကြေး လာစွန့်သည့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုကို ချောင်းကြည့်တတ်သည့် အကျင့်ရှိခဲ့သည်။
လူပျိုဖော်ဝင်စ လူငယ်တစ်ယောက်၏ သဘာဝအရ စပ်စုလိုစိတ်နှင့် စိတ်လိုက်မာန်ပါ ရှိခဲ့သော်လည်း သူ၏ စိတ်ရင်းမှာမူ ကြင်နာတတ်၍ တက်ကြွလှသူ ဖြစ်သည်။
ရိုနန်သည် စားပွဲငယ်လေးတွင် ထိုင်ကာ သူ၏ ဦးခေါင်းပေါ်ရှိ ပတ်တီးကို ဖြေလိုက်သည်။
ရဲစခန်းမှ ပေးလိုက်သည့် ဆေးမှာ အလွန်စွမ်းလှသဖြင့် သူ၏ ဒဏ်ရာမှာ အနာဖေး တက်နေပြီ ဖြစ်သည်။ ရိုနန်သည် သူ၏ ဒဏ်ရာကို ပြန်စမ်းကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် အေးစက်သည့် အလင်းတန်းများ ဖြတ်ပြေးသွားလေသည်။
တစ်ညတာ ကျင့်ကြံပြီးနောက် သူ၏ စိတ်အာရုံစွမ်းအား မှာ အဆင့်၁သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုစွမ်းအားမှာ အလွန်အားနည်းနေသေးသော်လည်း ရိုနန်အတွက်မူ ယခင်ခန္ဓာကိုယ်ပိုင်ရှင်အတွက် လက်စားချေရန် လုံလောက်နေချေပြီ။
***