အသစ်အဆန်းဖြစ်သော လောကတစ်ခုအတွင်းသို့ ကျရောက်သွားချိန်ဝယ် မိမိကိုယ်မိမိ ယင်းပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် ဖန်တီးယူခြင်းသည် အလွန်ပင် အရေးကြီးလှပေသည်။
ယင်းကဲ့သို့သော အချက်မှာ ဝမ်ချန်အနေဖြင့် အခြားသောကမ္ဘာလောကများစွာသို့ ကူးပြောင်းရောက်ရှိခဲ့သည့် အတွေ့အကြုံများမှ ရရှိလာသော အဖိုးတန် သင်ခန်းစာတစ်ခုပင် ဖြစ်တော့သည်။
ဟောက်ထျန်းနယ်မြေမှ ကျင့်ကြံသူတို့သည် အသစ်စက်စက် ကမ္ဘာတစ်ခုအတွင်းသို့ ဆင်းသက်ကြသည့်အခါ မိမိတို့၏ မူလကိုယ်ဟန်နှင့် အလေ့အကျင့်ဟောင်းများကို မသိမသာ ထုတ်ဖော်မိတတ်ကြရာ ထိုစိမ်းသက်သော ပတ်ဝန်းကျင်သစ်အတွင်းသို့ စီးမျောဝင်ရောက်ရန် ခဲယဉ်းနေတတ်ကြချေသည်။
ယခင်လူသား၏ အမှတ်သညာများကို ပိုင်ဆိုင်ထားသူများပင် ဖြစ်လင့်ကစား ထိုသို့သော အမှားမျိုးကို ကျူးလွန်မိတတ်ကြစမြဲပင်။
ဤသို့သော အမှားများကြောင့်ပင် လောကသစ်များကို စူးစမ်းရှာဖွေခြင်းမှာ အလွန်ပင် အန္တရာယ်ကြီးမားလှပေရာ အထူးသဖြင့် ဝိညာဉ်စွမ်းအင် ကင်းမဲ့နေသော ကမ္ဘာများတွင်မူ စွမ်းအားမဲ့နေသော ကျင့်ကြံသူတို့အဖို့ များစွာသော အခက်အခဲတို့နှင့် ရင်ဆိုင်ရတတ်လေသည်။
အချို့သောသူများမှာမူ ထူးဆန်းသော ဒေသခံတို့၏ ရိပ်မိခြင်းကို ခံရကာ ရင်နာဖွယ်ရာ ဇာတ်သိမ်းမျိုးနှင့် ကြုံတွေ့ကြရလေ၏။
ဝမ်ချန်၏ ထူးခြားသော စွမ်းရည်မှာမူ ဝိညာဉ်စွမ်းအင် ကင်းမဲ့နေသော ပတ်ဝန်းကျင်နှင့် အမြန်ဆုံး လိုက်လျောညီထွေရှိအောင် ပြုပြင်နိုင်ခြင်းပင် ဖြစ်သည်။
မိမိသိရှိနားလည်ထားသော စွမ်းအားများကို အသုံးပြုကာ လွန်ကဲသော အဆင့်အတန်းတစ်ခုသို့ တက်လှမ်းနိုင်ခြင်းဖြင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရုံသာမက ယင်းကမ္ဘာတစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
ထို့ပြင် ဝမ်ချန်ကိုယ်တိုင်မှာလည်း နည်းပညာထွန်းကားရာ နယ်မြေမှ လာသူဖြစ်သဖြင့် နည်းပညာအခြေပြု ကမ္ဘာတစ်ခုအတွင်းသို့ ဝင်ရောက်ရခြင်းမှာ ယင်းအဖို့ အဆန်းတကြယ် မဟုတ်ပေ။
အရေးကြီးဆုံးအချက်မှာ သူသည် ဆင်းသက်ရောက်ရှိသွားသည့် ခန္ဓာကိုယ်၏ အမှတ်သညာများနှင့် မိမိကိုယ်မိမိ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်နိုင်ပြီး မည်သည့် ထူးခြားချက်မျှ မပြဘဲ သဟဇာတဖြစ်အောင် နေထိုင်နိုင်ခြင်းပင် ဖြစ်တော့သည်။
ဝမ်ချန်အနေဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကြီးထွားခွင့် ရရှိမည်ဆိုပါက ဧကန်မလွဲ ဤကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေမည်မှာ ဖြစ်တန်ရာ၏။
နံနက်စာအတွက်မူ ရိုနန်သည် လမ်းဘေးဆိုင်လေးတစ်ခုတွင်သာ ဖြေရှင်းလိုက်ရပေသည်။ အမဲသားဘာဂါတစ်လုံး၊ အာလူးကြော်တစ်ဝက်နှင့် သကြားပါသော နွားနို့ပူပူတစ်ခွက်အတွက် ကြေးနီပြား (၁၂) ပြား ကုန်ကျခဲ့လေသည်။
အောက်မြို့တော်၏ တတိယမြောက် ရဲစခန်းမှ အလုပ်သင်အရာရှိတစ်ဦး ဖြစ်သော ရိုနန်၏ လက်ရှိလစာမှာ ရွှေဒင်္ဂါး (၁) ပေါင်၊ ငွေဒင်္ဂါး (၃) ပြားနှင့် ကြေးနီပြား (၂၅) ပြားသာ ရှိပေရာ ယခင်ကမ္ဘာမှ ငွေကြေးနှင့် နှိုင်းယှဉ်ပါက ယွမ် (၂၀၀၀) ခန့်သာ တန်ဖိုးရှိပေသည်။
ထို့ကြောင့်ပင် ကြေးနီပြား (၁၂) ပြားတန်သော နံနက်စာမှာ ရိုနန်အဖို့ အတော်ပင် မြိန်လှသည်ဟု ဆိုရပေမည်။ ယခင် ရိုနန်အစစ်သာ ဖြစ်ပါက နံနက်စာအတွက် ဤမျှ အကုန်အကျခံမည် မဟုတ်ပေ။
သူသည် နေ့စဉ်အသုံးစရိတ်ကို အသေအချာ တွက်ချက်နေထိုင်သူဖြစ်ရာ အသုံးစရိတ် အနည်းငယ် ပိုသွားသည်နှင့် အိမ်လစာပေးရန် အခက်တွေ့နိုင်ပေသည်။
သို့သော် ယခု ဝမ်ချန်ဝင်ရောက်နေသော ရိုနန်၏ အတွေးအခေါ်မှာမူ လုံးဝ ခြားနားနေပြီ ဖြစ်သည်။
လက်ရှိ ရိုနန်အဖို့ ဤကမ္ဘာတွင် ကောင်းမွန်စွာ ရှင်သန်နိုင်ရန်နှင့် အနာဂတ် ကိစ္စရပ်ကြီးများကို ဆောင်ရွက်နိုင်ရန်အတွက် ရှေးဦးစွာ မိမိ၏ ခန္ဓာကိုယ်စွမ်းအားကို ပြန်လည် တည်ဆောက်ရန် လိုအပ်သည်ဟု ယူဆထားပေသည်။
အာဟာရ မပြည့်ဝဘဲ ဟောင်းလောင်းဖြစ်နေသော အစာအိမ်ဖြင့် မည်သို့လျှင် ခွန်အားများ ရရှိနိုင်ပါအံ့နည်း။ သန်မာသော စိတ်ဝိညာဉ်ဖြစ်ပေါ်ရန်အတွက်လည်း ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိရန် လိုအပ်သည်မဟုတ်လော။
အငွေ့တထောင်းထောင်း ထနေသော နံနက်စာကို အားပါးတရ စားသောက်လိုက်သည့်အခါတွင်မူ ရိုနန်သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။
နဖူးပေါ်မှ ဒဏ်ရာလေးမှာပင် အနာသက်သာသွားသယောင် ရှိတော့သည်။ သို့သော်လည်း သူသည် ဗိုက်ပြည့်သည်အထိ မစားရသေးချေ။
အင်္ကျီအိတ်ကပ်အတွင်းရှိ ဒင်္ဂါးပြားများကို တစ်ချက်ပွတ်သပ်ကြည့်ရင်း တတိယရဲစခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည်လိုက်တော့သည်။
လန်ဒီမြို့မှာ ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည့်အားလျော်စွာ အထက်မြို့တော်၊ အောက်မြို့တော်၊ ဆိပ်ကမ်းနယ်မြေနှင့် ဆင်ခြေဖုံးနယ်မြေဟူ၍ ပိုင်းခြားထားပြီး လူဦးရေ သိန်းနှင့်ချီကာ နေထိုင်ကြလေသည်။
အင်ဗီယာနိုင်ငံအတွင်းရှိ စီးပွားရေး ထွန်းကားသော မြို့ကြီးများအနက် တစ်မြို့ အပါအဝင်လည်း ဖြစ်ပေသည်။ လူဦးရေအထူထပ်ဆုံးဖြစ်သော အောက်မြို့တော်ကို ရပ်ကွက်ပေါင်း (၁၅) ခုဖြင့် ပိုင်းခြားထားပြီး ရဲစခန်း (၁၅) ခုက တာဝန်ယူ စောင့်ရှောက်ရလေသည်။
ရိုနန် တတိယရဲစခန်းသို့ ရောက်ရှိသွားချိန်တွင် စခန်းအတွင်း၌ ရဲအရာရှိများမှာ မိမိတို့၏ တာဝန်အသီးသီးဖြင့် အလုပ်ရှုပ်နေကြပြီး စခန်းမုခ်ဝ၏ ထောင့်တစ်နေရာတွင်မူ လက်ထိပ်ခတ်ခံထားရသော အမျိုးသားအချို့ ထိုင်နေကြသည်ကို တွေ့ရပေသည်။
“ဟင်...”
စာရွက်စာတမ်းများ ကိုင်ဆောင်ထားသော အမျိုးသမီး ရဲအရာရှိတစ်ဦးက ရိုနန်ကို မြင်သည်နှင့် စိုးရိမ်တကြီး မေးမြန်းလိုက်လေသည်။
“ရိုနန်... နင် ဘာလို့ ဒီကို ရောက်နေတာလဲ။ ဒုတိယရဲအရာရှိချုပ် ရှောင်က နင့်ကို ဒီနေ့ အနားယူပြီး မနက်ဖြန်မှ လာဖို့ ပြောထားတယ် မဟုတ်လား”
“ကျွန်တော် သိပါတယ်” ဟု ရိုနန်က ခပ်နွမ်းနွမ်းလေး ပြုံးကာ ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီနေ့က လစာထုတ်ရမယ့်နေ့လေ”
ဆယ်လီနာဟု အမည်ရသော ဤအမျိုးသမီး အရာရှိလေးမှာ ယမန်နေ့က သူ၏ ဒဏ်ရာများကို ဆေးထည့်ပေးခဲ့သူ ဖြစ်သည်။
ချိုသာသော မျက်နှာထားနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူမကို တတိယရဲစခန်း၏ “နှင်းဆီပန်းလေး” ဟုပင် တင်စားကြပြီး ပိုးပန်းသူများလည်း အခိုင်အမာ ရှိပေသည်။
သူမ၏ ဖခင်မှာ မှူးမတ်အငယ်စားတစ်ဦး ဖြစ်သလို ဒုတိယရဲအရာရှိချုပ် ရှောင်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူ ဖြစ်ကြောင်းကိုလည်း ရိုနန် သိထားလေသည်။
ဆယ်လီနာက ပြုံးရင်း “အေးပါ... ကြိုးစားပြီး လုပ်စမ်းပါဦး။ မကြာခင်မှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံရတော့မှာပဲ။ အဲဒီကျရင် နင့်လစာက အခုထက် နှစ်ဆတိုးလာမှာ” ဟု အားပေးစကား ဆိုလေသည်။
အလုပ်သင်အရာရှိဘဝမှာ ပုံမှန်အားဖြင့် သုံးလမှ ခြောက်လအထိ ကြာမြင့်တတ်သော်လည်း ထူးချွန်သူများ သို့မဟုတ် အထက်လူကြီး၏ မျက်နှာသာပေးမှုကို ရရှိသူများမှာမူ အချိန်တိုအတွင်း ရာထူးတိုးတတ်ကြလေသည်။
ဆယ်လီနာဆိုလျှင် အလုပ်သင်ကာလ တစ်လမျှဖြင့် အမြဲတမ်းဝန်ထမ်း ဖြစ်ခဲ့သူ ဖြစ်သည်။
ရိုနန်က “ဟုတ်ကဲ့ပါ” ဟု လေးလေးနက်နက် ပြန်လည်ဖြေကြားလိုက်သော်လည်း မိမိအပေါ် ရန်လိုသော အကြည့်အချို့ ကျရောက်နေသည်ကို သတိထားမိလိုက်သည်။
ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုလည်း သူ ကောင်းကောင်း သိနားလည်ပေသည်။ အမျိုးသား ရဲအရာရှိ ၇၀ ရာခိုင်နှုန်းခန့်မှာ လူပျိုကြီးများ ဖြစ်နေသော ဤစခန်းဝယ် ဆယ်လီနာမှာ အလွန်ပင် ရေပန်းစားနေသည် မဟုတ်လော။
သူမနှင့် စကားအနည်းငယ် ပိုပြောမိသည်နှင့် အခြားသူတို့၏ ငြိုးတေးခြင်းကို ခံရမည်မှာ ဧကန်မလွဲပင်။
သို့သော်လည်း ရိုနန်အစစ်ရော၊ ယခု ဝမ်ချန်ပါ ဆယ်လီနာအပေါ် မည်သည့် စိတ်ကူးမှ မရှိကြပေရာ သူသည် အမြန်ဆုံး နှုတ်ဆက်ကာ ငွေစာရင်းဌာနသို့သာ ဦးတည်လိုက်တော့သည်။
ဌာနအတွင်းရှိ အဘွားအိုတစ်ဦးထံတွင် လက်မှတ်ရေးထိုးကာ လွန်ခဲ့သောလအတွက် သူ၏ လစာငွေကို လက်ခံရရှိခဲ့လေသည်။
ရွှေဒင်္ဂါး (၁) ပေါင်၊ ငွေဒင်္ဂါး (၃) ပြားနှင့် ကြေးနီပြား (၂၅) ပြား။
ဤကမ္ဘာ၏ ငွေကြေးစနစ်မှာ ရွှေ၊ ငွေ၊ ကြေးနီဟူ၍ တန်ဖိုးအလိုက် ခွဲခြားထားပြီး ပုံနှိပ်ပညာမှာလည်း အဆင့်မြင့်လှရာ ဒီဇိုင်းလှပရုံသာမက အတုပြုလုပ်ရန် ခက်ခဲသော အထစ်ကလေးများလည်း ပါဝင်ပေသည်။
အိတ်ကပ်အတွင်း ထည့်ထားသော ဒင်္ဂါးပြားများမှာ လှုပ်ရှားလိုက်တိုင်း တချွင်ချွင်နှင့် မြည်သံပေးနေကြရာ ရိုနန်အဖို့ ယုံကြည်ချက်များကို ပိုမို တိုးပွားစေတော့သည်။
ဤလစာငွေမှာ သူ၏ ရှေ့ဆက်ရမည့် ခရီးအတွက် အလွန်ပင် အရေးကြီးလှပေသည်။
ငွေစာရင်းဌာနမှ အထွက်တွင်မူ ရင်အုပ်ကို မတ်ကာ ဗိုက်ကလေး ပူထွက်နေသော ဝါရင့်အရာရှိကြီး တစ်ဦးနှင့် တိုးလေတော့သည်။
ရိုနန်သည် ချက်ချင်းပင် ရပ်ကာ အလေးပြုလိုက်ပြီး -
“မင်္ဂလာနံနက်ခင်းပါ... အရာရှိကြီး ဟတ်” ဟု နှုတ်ခွန်းဆက်လိုက်သည်။
နှာခေါင်းကြီးကြီးနှင့် ခပ်ပုပု အဘိုးကြီးမှာ တတိယရဲစခန်း၏ စီနီယာအရာရှိကြီး ဟတ်ဖြစ်သလို ရိုနန်၏ အလုပ်သင်ဆရာလည်း ဖြစ်ပေသည်။
“ဒဏ်ရာက သက်သာရဲ့လား” ဟု ဟတ်က ပြုံးလျက် ရိုနန်၏ ပခုံးကို ပုတ်ကာ မေးမြန်းလိုက်သည်။
“မနေ့ကတော့ ငါ့ကို အတော်လေး ထိတ်လန့်သွားစေတာပဲ။ တော်သေးတာပေါ့... မင်း အပြင်းအထန် ဒဏ်ရာမရလို့။ မဟုတ်ရင် ငါလည်း စိတ်မကောင်းဖြစ်နေမှာ။ နောက်ကို ဒီလိုမျိုး စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး။ ဒီလောက် လစာလေးရတာကို ဒီလောက်ထိ စွန့်စားစရာ မလိုပါဘူးကွာ”
ရိုနန်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပြုံးမိတော့သည်။ ယမန်နေ့က သူခိုးတစ်ဦးကို လိုက်လံ ဖမ်းဆီးစဉ် အဘိုးကြီးဟတ်က တားမြစ်ခဲ့သော်လည်း ရိုနန်က နားမထောင်ဘဲ ရှေ့မှ အတင်းပြေးဝင်သွားရာမှ လမ်းကြားတစ်ခုအတွင်း ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
အကယ်၍သာ ဟတ်၏ စကားကို နားထောင်ပြီး အတူရှိနေခဲ့ပါက ဤကဲ့သို့သော ကိစ္စမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။ အဘိုးကြီးဟတ်တွင် ဓားနှင့် သေနတ်များ ရှိနေသဖြင့် သာမန် လူမိုက်များမှာ ယင်းကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ကြပေ။
အလုပ်သင်ကာလအတွင်း ဟတ်သည် ရိုနန်အား ကင်းလှည့်အရာရှိတစ်ဦး ဖြစ်စေရန် များစွာသော အတွေ့အကြုံများကို သင်ကြားပေးခဲ့သူ ဖြစ်သည်။ ယင်းတို့အနက် အရေးကြီးဆုံး သင်ခန်းစာမှာ “မိမိ၏ လုံခြုံရေးကို ပထမဦးစားပေးရန်” ပင် ဖြစ်သည်။
သို့သော်လည်း အသက် (၁၉) နှစ်အရွယ် ရိုနန်မှာမူ အတွေ့အကြုံ နုနယ်လွန်းနေသေးသည် မဟုတ်လော။
ယခုမူ သူသည် ဆရာသမား၏ ဆုံးမစကားကို လေးစားစွာ လက်ခံလိုက်ပြီး “ကျွန်တော် နားလည်ပါပြီ ဆရာ။ နောက်ကို ဒီလို အမှားမျိုး မဖြစ်စေရပါဘူး” ဟု ကတိပေးလိုက်တော့သည်။
“အေး... အဲဒီလို ဖြစ်ရမယ်”
ဟတ်က ရယ်မောရင်း “လစာလည်း ထုတ်ပြီးပြီဆိုတော့ ငါ့ကို တစ်ခွက်လောက် မတိုက်ဘူးလား” ဟု စနောက်လိုက်လေသည်။
ရိုနန်ကလည်း တုံ့ဆိုင်းမနေဘဲ -
“ရတာပေါ့ ဆရာ။ ဆရာ တာဝန်ပြီးတာနဲ့ ကျွန်တော်တို့ ‘ အရက်ဘားဆိုင်’ ကို သွားကြတာပေါ့” ဟု ပြန်လည် ဖြေကြားလိုက်သည်။
ဟတ်မှာ အံ့အားသင့်သွားပြီး “မင်းက တကယ်ပဲ လူတတ်ကြီး ဖြစ်နေပြီပဲ” ဟု ရေရွတ်လိုက်မိသည်။
အဘိုးကြီးဟတ် သိထားသော ရိုနန်မှာ အလွန်ပင် ခြိုးခြံချွေတာသူ တစ်ဦးဖြစ်ရာ ယနေ့တွင် ဤကဲ့သို့ ရက်ရက်ရောရော တိုက်ကျွေးမည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ဖြစ်တော့သတည်း။
***