သို့သော် ဝိညာဥ်စုစည်းခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီး ရှားပါးသော အခွင့်အရေးအချို့ကို ရရှိပြီးနောက်တွင် သူ၏ ပင်ကိုဝိညာဉ်လက်နက်ကို ပို၍ကောင်းမွန်သော ဝိညာဉ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။
ထို့နောက် ဤဝိညာဉ်လက်နက်ကို သွေးကြာပန်းတာအိုဆရာ ထားရစ်ခဲ့ခြင်းဖြစ်၏။
ထိုအရာကို ဖူရွှမ်နီ ရရှိသွားခဲ့သည်။
အဆုံးတွင်...
ဤအထူး ဝိညာဉ်လက်နက်သည် ပိုင်ယီ၏ လက်ထဲသို့ ကျရောက်လာခဲ့ဆဲပင်။
[ထပ်ဆောင်းဆုလာဘ် - ကောင်းကင်မိစ္ဆာရုပ်တု (ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ စွမ်းအားကြီးမားသော မိစ္ဆာတစ်ကောင်သာ အသုံးပြုနိုင်သည့် လျှို့ဝှက်ကျင့်စဉ်တစ်ခု။ အသုံးပြုပြီးနောက် အသက်ရှူကြိမ် ဆယ်ကြိမ်တိုင်အောင် ကြာရှည်ခံနိုင်သည်)]
ဤဆုလာဘ်ကို လက်ခံရရှိပြီးနောက် ပိုင်ယီသည် ၎င်းနှင့်ပတ်သက်သော သတင်းအချက်အလက် အချို့ကိုပါ ရရှိခဲ့လေသည်။
အတိုချုပ်ပြောရလျှင်... ၎င်းမှာ တစ်ခါသုံး အထွတ်အထိပ် လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်သည်။
အသုံးပြုပြီးနောက် အသက်ရှူကြိမ်ဆယ်ကြိမ်တိုင်အောင် ကြာရှည်ခံနိုင်ပေသည်။
၎င်း၏ စွမ်းအားမှာ သွေးကြာပန်းတာအိုဆရာ၏ အထွတ်အထိပ်အချိန်က စွမ်းအားနှင့် ရင်ပေါင်တန်းနိုင်ပေသည်!
ပိုင်ယီ၏မျက်လုံးများ အရောင်လက်သွား၏။
ဤဆုလာဘ်သည် ကြီးမားသော လျှို့ဝှက်လက်နက် တစ်ခုအဖြစ် သေချာပေါက် မှတ်ယူနိုင်ပေသည်။
အသက်ရှူကြိမ် ဆယ်ကြိမ်သာ အသုံးပြုနိုင်မည်ဆိုလျှင်တောင်မှ အသက်ရှူကြိမ် ဆယ်ကြိမ်ဆိုသည်မှာ မူလဝိညာဉ်အဆင့် စွမ်းအားရှင် အများအပြားကို သတ်ဖြတ်ရန် လုံလောက်နေပေသည်။
မူလဝိညာဉ်အဆင့် ကျင့်ကြံသူများကို ကြောက်စရာမလိုတော့သည်နှင့် ညီမျှနေ၏။
[ထပ်ဆောင်းဆုလာဘ် - ဧကရာဇ်ဝါးမြိုခြင်း အငွေ့အသက် (အထူးပါရမီစွမ်းရည်၊ ရန်သူတွင် မည်သည့် မင်းဆက်မှမဆို တော်ဝင်သွေးဆက် ရှိနေပါက ရန်သူကို သင်ပေးမည့် ထိခိုက်မှု ပမာဏသည် ၅၀% အထိ တိုးလာမည်ဖြစ်သည်)]
"ဒါက မဟာဝေမင်းဆက်ရဲ့ အိမ်ရှေ့မင်းသားကို ဖူရွှမ်နီ၊ ချန်ချန်ရွှယ်နဲ့ ချင်းကျောက်တို့ သတ်ပစ်ပြီးတဲ့နောက် သူတို့ဖွင့်လှစ်နိုင်ခဲ့တဲ့ အောင်မြင်မှု ဆုလာဘ်တစ်ခု ဖြစ်ရမယ် ဟုတ်တယ်မလား။"
"ဒါက တကယ်တော့ အထူးပါရမီစွမ်းရည်တစ်ခုပဲ၊ ဒါပေမဲ့ ငါ့မှာ တော်ဝင်သွေးဆက်ရှိတဲ့ ရန်သူတွေ ရှိနေပုံမပေါ်ဘူး။"
ပိုင်ယီ သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ ဤဆုလာဘ်က အနည်းငယ် စိတ်ပျက်စရာ ကောင်းနေ၏။
သူ၏ ရန်သူဖြစ်လာစေရန် တိကျသော အုပ်စုတစ်စုကို သူ ရှာဖွေဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ ဤအထူးပါရမီစွမ်းရည်ကို အသုံးပြုနိုင်မည် ဖြစ်သည်။
သို့သော် ဘာမှမရှိခြင်းထက်တော့ ပိုကောင်းပေသည်။ အနာဂတ်တွင် ထိုကဲ့သို့သော ရန်သူမျိုးနှင့် ဆုံတွေ့လာရမလာဆိုတာကို မည်သူမျှ ကြိုမသိနိုင်ပေ။
ဘာပဲဖြစ်ဖြစ် သူ မယူလိုက်လျှင် နှမြောစရာပင်။
[ထပ်ဆောင်းဆုလာဘ် - မြို့တစ်မြို့ (မိမိစိတ်ကြိုက် အကြီးအသေး ပြောင်းလဲနိုင်သော မြို့တစ်မြို့)]
ပိုင်ယီသည် အလားတူ ဆုလာဘ်မျိုးကို အကြိမ်အနည်းငယ် ရရှိခဲ့ဖူးပြီ ဖြစ်သည်။
ဤကဲ့သို့သော ဆုလာဘ်မျိုးက သူ့ကို နဂါးဘောလုံးများ စုဆောင်းနေရသကဲ့သို့ ခံစားရစေ၏။
'မြို့ကိုးမြို့ကို စုဆောင်းပြီးသွားရင် မိစ္ဆာချိတ်ပိတ်အစီရင်တစ်ခုခုကိုများ တည်ဆောက်နိုင်မလားပဲ..'
ပိုင်ယီသည် သူ၏ရှေ့တွင် ပေါ်လောနေသော အလွန်သေးငယ်သည့် မြို့လေးကို ကြည့်လိုက်သည်။
စိတ်အာရုံတစ်ခုဖြင့် ပိုင်ယီ ၎င်းကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။
စကားစပ်မိ၍ ပြောရလျှင် ပိုင်ယီ၏ သိုလှောင်အိတ်ထဲတွင် ရတနာအမျိုးမျိုးဖြင့် ပြည့်နှက်နေပေပြီ။
အကယ်၍ ဤသိုလှောင်အိတ်ကို ကျင့်ကြံခြင်းလောကထဲတွင် ချထားလိုက်မည်ဆိုလျှင်...
သေဆုံးသူ ဆယ်သန်းထက်မနည်းသော စစ်ပွဲတစ်ပွဲကို စတင်ရန် လုံလောက်လိမ့်မည်ဟု ပိုင်ယီ ခံစားမိလိုက်သည်။
သေဆုံးသူ သန်း ၁၀၀ကျော်အထိ ရှိလာနိုင်ချေလည်း အလွန်မြင့်မားလှပေသည်။
[ထပ်ဆောင်း ဆုလာဘ် - အခြေတည်အဆင့် ဆယ်လွှာ ဝိညာဉ်စွမ်းအင်]
နောက်ဆုံးဆုလာဘ်မှာ တကယ်တမ်းတွင် ပိုင်ယီ၏ မျှော်လင့်ချက်များထက် ကျော်လွန်နေခြင်း မရှိခဲ့ချေ။ ဤကဲ့သို့သော ဆုလာဘ်မျိုး ရှိလာမည်ကို သူ သိထားခဲ့ပြီးဖြစ်သည်။
ယခုအချိန်တွင် သူသည် ရွှေအမြုတေအဆင့် ပထမအလွှာသို့ ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့် ရွှေအမြုတေအဆင့် ဆယ်လွှာ ဝိညာဉ်စွမ်းအင်သည် သူ ရွှေအမြုတေအဆင့် ဒုတိယအလွှာသို့ ထိုးဖောက်ဝင်ရောက်ရန် လုံလောက်မှု မရှိချေ။ ၎င်းက သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်ကိုသာ တိုးမြှင့်ပေးနိုင်လေသည်။
ဖူရွှမ်နီတွင် အောင်မြင်မှုများစွာ ရှိခဲ့သော်လည်း ၎င်းက ပိုင်ယီကို ရွှေအမြုတေအဆင့် ဒုတိယအလွှာသို့ ထိုးဖောက်ဝင်ရောက်ခွင့် မပေးနိုင်ခဲ့ပေ။
အဓိက အကြောင်းရင်းမှာ ဖူရွှမ်နီ၏ ကျင့်ကြံမှုမှာလည်း အထူးတလည် မြင့်မားနေခြင်း မရှိခဲ့ချေ။
ဘာပဲဖြစ်ဖြစ် ဖူရွှမ်နီသည် အလွန်နိမ့်ကျသော ကျင့်ကြံခြင်း ကန့်သတ်ချက်ရှိသည့် လမင်းကျီးကန်းမိစ္ဆာသားရဲတစ်ကောင်သာ ဖြစ်သည် မဟုတ်ပါလား။
ဤအချက်အောက်တွင် ၎င်းက ပိုင်ယီအတွက် မည်မျှအထိ တိုးတက်မှု ယူဆောင်လာပေးနိုင်မည်နည်း။
"ဟူး... ဒါပေမဲ့လည်း အဆင်ပြေပါတယ်။" ပိုင်ယီ လုံးဝ စိတ်ပျက်မသွားခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ အတော်လေး ကျေနပ်နေခဲ့ရသည်။
ဖူရွှမ်နီ သူ့အတွက် ဤဆုလာဘ်များကို ယူဆောင်လာပေးခြင်းက သူ့ကို အတော်လေး ကျေနပ်သွားစေခဲ့ပြီ ဖြစ်သည်။
...
ချင်းဟယ်ခရိုင်၊ ယာယီ ခရိုင်ရုံးချုပ်။
ဖူရွှမ်နီသည် လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမ၏ လှပသော မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ အစပိုင်းတွင် သူမ၏ မျက်လုံးများထဲ၌ မည်သည့်ခံစားချက်မျှ မရှိခဲ့ဘဲ အသက်ရှူကြိမ် အနည်းငယ်မျှ ရပ်တန့်သွားခဲ့ရသည်...
ထို့နောက်မှသာ သူမ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေသည်။ သူမ၏ မျက်လုံးများထဲတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမ ရယ်မောလိုက်၏။ "ငါက သရုပ်ဖော်စနစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ပထမဆုံးသူ ဖြစ်သွားပြီလား မသိဘူး။ ချန်ချန်ရွှယ်နဲ့ ချင်းကျောက်တို့က သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖူးလားဆိုတာ ငါ့ကို မပြောပြခဲ့ကြဘူး။"
အကယ်၍ လက်တွေ့ကမ္ဘာမှာသာဆိုပါက ဖူရွှမ်နီ ဤကဲ့သို့သော လုပ်ရပ်မျိုးကို သေချာပေါက် လုပ်ဆောင်မည် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်သွားသည်မှာ သူမ၏ ကိုယ်ပိုင်ဘဝပင်။
သူမက အဲဒီလောက်ထိ ရက်စက်တတ်သူ မဟုတ်ပေ။
သူမသည် နှစ်အနည်းငယ်၊ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာတိုင်အောင် အသက်ရှင်ချင်သေးသည်။ ဖြစ်နိုင်ချေ အနည်းငယ်မျှသာရှိမည်ဆိုလျှင်တောင်မှ သူမသည် ထာဝရအသက်ရှင်ချင်သေး၏။
သို့သော် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲတွင်မူ သူမ၏ဘဝကို ဤကဲ့သို့ အဆုံးသတ်ရန် ရွေးချယ်လိုက်ခြင်းနှင့်ပတ်သက်ပြီး သူမတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ တောင်တန်းရှိ မြို့များသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူမ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတူတူပင် ဖြစ်၏။
သူမ၏ နောက်ထပ် အသက်ရှင်ရမည့် နှစ်ရာပေါင်းများစွာသော အချိန်များတွင် အခြေအဆင့် ဆယ်လွှာ၌သာ တစ်ဆို့နေမည်ကို ဖူရွှမ်နီ လက်မခံနိုင်ခဲ့ချေ။
ထို့ကြောင့် သူမ ပြန်လာခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်၏ အသိပေးချက်က ထွက်ပေါ်လာခဲ့၏။
၎င်းက ဖူရွှမ်နီ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
"ဆုလာဘ်တွေ ရောက်လာပြီပဲ..."
သူမ မျက်နှာပေါ်ရှိ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေမှုများကို ဖယ်ရှားပစ်လိုက်ပြီး မျှော်လင့်ချက်နှင့် ဝမ်းမြောက်မှုတို့ဖြင့် အစားထိုးလာခဲ့သည်။
ဆုလာဘ်များကို ရေတွက်ရမည့်အချိန် ရောက်လာသောအခါ အမြဲတမ်း ပျော်ရွှင်စရာအချိန်တစ်ခု ဖြစ်ခဲ့ပြီး သူမလည်း ချွင်းချက်မဟုတ်ချေ။
[ဆုလာဘ် - နိုင်ငံတော်ကံကြမ္မာနှစ်စ (သရုပ်ဖော်စနစ်ထဲတွင် သင်တည်ဆောက်ခဲ့သော မြို့များမှ သင် စုစည်းရရှိခဲ့သည့် နိုင်ငံတော်ကံကြမ္မာ စွမ်းအား)]
"နိုင်ငံတော်ကံကြမ္မာစွမ်းအား ထပ်ရပြန်ပြီလား။" ဖူရွှမ်နီ အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း သူမ စိတ်ပျက်မသွားခဲ့ပေ။ ယင်းအစား သူမ ပို၍ပင် ဝမ်းသာသွားခဲ့၏။
နိုင်ငံတော်ကံကြမ္မာ စွမ်းအားက မည်မျှ စွမ်းအားကြီးမားကြောင်း သူမ ကောင်းကောင်း သိထားပေသည်။
နိုင်ငံတော်ကံကြမ္မာ စွမ်းအားသည် သူမကို နောက်ထပ် ကျင့်ကြံခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် မကူညီနိုင်သော်လည်း သူမ၏ခွန်အားကို အတော်လေး တိုးတက်လာစေနိုင်သည်။
ဆုလာဘ်ကို ပေးအပ်ပြီးနောက် ဖူရွှမ်နီသည် သူမ၏ ဝိညာဉ်စွမ်းအင်ထဲမှ သိမ်မွေ့သော ပြောင်းလဲမှုတစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
သူမ ဖြည်းညင်းစွာ အသက်ပြင်းပြင်း ရှူလိုက်၏။ "ငါ အဲဒါကို သန့်စင်ဖို့ အချိန်ယူစရာ မလိုဘူး။ မသေမျိုး ကျင့်ကြံခြင်း သရုပ်ဖော်စနစ်က ဒီနိုင်ငံတော်ကံကြမ္မာ စွမ်းအားနှစ်စကို လုံးဝ သန့်စင်ပေးဖို့ ငါ့ကို ကူညီပေးခဲ့တယ်။ အရင်ကလိုပဲ အံ့မခန်းဖြစ်ပြီး ထူးဆန်းအံ့ဩဖွယ်ကောင်းနေတုန်းပဲ။"
[ထပ်ဆောင်းဆုလာဘ် - အရိုးတွယ်တက်ဓား (သွေးကြာပန်းတာအိုဆရာ ငယ်စဉ်က အသုံးပြုခဲ့သော ဝိညာဉ်ဓားတစ်လက်)]
ဖူရွှမ်နီ၏ လက်ထဲတွင် ဝိညာဉ်ဓားတစ်လက် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့၏။
ဤဝိညာဉ်ဓားသည် အလွန်ထူးခြားပုံပေါ်ပြီး ၎င်း၏ ကိုယ်ထည်တစ်ခုလုံးကို အရိုးများဖြင့် ပြုလုပ်ထား၏။ ဓားရိုးကပင် အရိုးများနှင့်တူကြောင်း ခံစားရပေသည်။
"ဒါက မိစ္ဆာသားရဲတစ်ကောင်ရဲ့အရိုးတွေ ဖြစ်ပုံရတယ်... လူအရိုးတွေတော့ မဖြစ်နိုင်ဘူး မဟုတ်လား။"
ဖူရွှမ်နီ ရယ်မောကာ ခေါင်းခါလိုက်မိသည်။ ၎င်းမှာ မိစ္ဆာသားရဲတစ်ကောင်၏ အရိုးများဖြစ်ကြောင်း သူမ သိနိုင်ပေသည်။
မည်သည့် မိစ္ဆာသားရဲဖြစ်သည်ဆိုသည်ကိုတော့ သူမ ခွဲခြားသိနိုင်စွမ်း မရှိခဲ့ချေ။
"အရမ်းကောင်းတဲ့ ဝိညာဉ်လက်နက်ပဲ။ အကယ်၍ ဒါကို အပြင်ဘက်က အံ့မခန်းခွန်အားတွေရှိတဲ့ ကျင့်ကြံသူတွေဆီ ရောင်းလိုက်မယ်ဆိုရင် ရွှေအမြုတေအဆင့် ဒါမှမဟုတ် မူလဝိညာဉ်အဆင့်ကျင့်ကြံသူတွေတောင် ဒါကို သဘောကျလောက်တယ်။"
ဖူရွှမ်နီသည် အရိုးတွယ်တက်ဓားကို သူမ၏ သိုလှောင်အိတ်ထဲသို့ သိမ်းလိုက်သည်။
အကယ်၍ ဤကဲ့သို့သော ပစ္စည်းကောင်းမျိုးကို အပြင်ဘက်တွင် အချိန်အတော်ကြာအောင် ထားရှိခဲ့မည်ဆိုလျှင် အခြားသူများ၏ လိုချင်တပ်မက်သော အကြည့်များကို ဆွဲဆောင်နိုင်ချေ အလွန်များပြားလှပေသည်။
ထိုအရာက ပြဿနာများစွာကို ဖိတ်ခေါ်လာပေလိမ့်မည်။
ယခု လက်တွေ့ကမ္ဘာတွင် သူမသည် ပြဿနာမျိုးစုံနှင့် လုံးပန်းနေရပြီဖြစ်ရာ သူမ ပြဿနာ ထပ်မတက်ချင်တော့ချေ။
[ထပ်ဆောင်းဆုလာဘ် - ကောင်းကင်မိစ္ဆာရုပ်တု အတု (သွေးကြာပန်းတာအိုဆရာ၏ ကောင်းကင်မိစ္ဆာရုပ်တုကို သင်အသုံးပြုနိုင်သော်လည်း သင်သည် မူလဝိညာဉ်အဆင့် စွမ်းအားကိုသာ ရရှိမည်ဖြစ်ပြီး အသက်ရှူကြိမ် ငါးကြိမ်တိုင်အောင်သာ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်)]
ဒုတိယမြောက် ဆုလာဘ်ကို ပေးအပ်လိုက်ချိန်တွင် ဖူရွှမ်နီ ဆွံ့အမသွားဘဲ မနေနိုင်ခဲ့ချေ။
ဤကဲ့သို့သော ဆုလာဘ်မျိုးကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ ဤဆုလာဘ်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပေသည်။
တစ်ကြိမ် အသုံးပြုပြီးနောက်တွင် နောက်တစ်ကြိမ် ထပ်မံအသုံးပြုရန် နည်းလမ်းမရှိတော့ချေ။
သို့သော် ဤကဲ့သို့သော ဆုလာဘ်မျိုးသည် တစ်ကြိမ်သာ အသုံးပြုနိုင်လျှင်တောင်မှ ပြဿနာအများစုကို ဖြေရှင်းပေးနိုင်လေသည်။
"မူလဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားကို အသုံးပြုနိုင်တဲ့ ကောင်းကင်မိစ္ဆာရုပ်တုတစ်ခုလား..." ဖူရွှမ်နီက အာမေဍိတ်သံဖြင့် ပြောလိုက်သည်။ "မူလဝိညာဉ်အဆင့် စွမ်းအားဆိုတာက သရုပ်ဖော်စနစ်ရှေ့မှာ ဘာမှမဟုတ်ပါဘူး၊ အဲဒါကို ဆုလာဘ်တစ်ခုအနေနဲ့ အသုံးပြုလို့ရတယ်။"
[ထပ်ဆောင်းဆုလာဘ် - ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဥ် (ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဥ်၏ ဆယ်ပုံတစ်ပုံ)]
တတိယမြောက်ဆုလာဘ် ထွက်ပေါ်လာခြင်းက ဖူရွှမ်နီ၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့၏။
ယခင် ဆုလာဘ်များနှင့် ထပ်ဆောင်းဆုလာဘ်များသည် မည်မျှပင် တန်ဖိုးကြီးပါစေ သူမ ပုံမှန်အတိုင်း လက်ခံနိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲတွင် သူမသည် သူမ၏ စံနှုန်းများကို မြှင့်တင်ခဲ့ပြီးဖြစ်သည် မဟုတ်ပါလား။
ဆုလာဘ်များကို ကြည့်ရုံမျှဖြင့် သူမ ဤမျှလောက် စိတ်လှုပ်ရှားနေမည် မဟုတ်ချေ။
သို့သော်... ကောင်းကင်ဝါးမြိုခြင်း မိစ္ဆာကျင့်စဥ်ကတော့ ချွင်းချက်ပင်။
ဒီကျင့်စဥ်က မည်မျှ ထိတ်လန့်ဖွယ်ကောင်းပြီး စွမ်းအားကြီးမားကြောင်းကို ချန်ချန်ရွှယ်ပြောပြ၍ ဖူရွှမ်းနီ ကြားဖူးခဲ့လေသည်။
ဒီတစ်ကြိမ် သူမ၏ဆုလာဘ်က ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဥ် ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
"ဟူး" သူမ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး သူမ တည်ငြိမ်မှု ပျက်ပြားသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ "ဒါက သေချာပေါက် အကောင်းဆုံး ဆုလာဘ်ပဲ။"
"..."
***