[ထပ်ဆောင်းဆုလာဘ် - မပြည့်စုံသော ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ် (ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ် အရှည်၏ ဆယ်ပုံနှစ်ပုံ)]
တတိယမြောက်ဆုလာဘ် ထွက်ပေါ်လာခြင်းက ပိုင်ယီ၏မျက်လုံးများကို အရောင်လက်သွားစေခဲ့၏။
ပြီးခဲ့သည့်အကြိမ်က ကျင့်ကြံခြင်း သရုပ်ဖော်ခဲ့စဉ်တွင် ရွေးချယ်ခံသုံးယောက်စလုံးသည် ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ် ဆုလာဘ်ကို ရရှိခဲ့ခြင်း မရှိချေ။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူတို့သည် ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ်ကို ထပ်မံရရှိခဲ့ပြန်ပြီ ဖြစ်သည်။
"အခု ဆယ်ပုံနှစ်ပုံ ထပ်ရတယ်၊ အရင်က ရထားတဲ့ ဆယ်ပုံငါးပုံနဲ့ ပေါင်းလိုက်ရင် ဆယ်ပုံခုနစ်ပုံဖြစ်သွားပြီ။ တစ်နည်းပြောရရင် ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ်ရဲ့ ဆယ်ပုံသုံးပုံကိုသာ ထပ်ရလိုက်ရင် ပြီးပြည့်စုံတဲ့ ကျင့်စဉ်တစ်ခုကို ငါရနိုင်တော့မှာပဲ။"
ပြီးပြည့်စုံသော ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ်သည် မည်မျှ ထိတ်လန့်ဖွယ်ကောင်းမည်ကို ပိုင်ယီ မသိခဲ့ချေ။
ဘာပဲဖြစ်ဖြစ် ဤကျင့်စဉ်နှင့် ပတ်သက်သော အရိပ်အမြွက်အချို့ကို သူ၏ယခင်ဘဝက ဝတ္ထုများထဲတွင်သာ သူ မြင်တွေ့ခဲ့ဖူးသည် မဟုတ်ပါလား။
အသက်ပြင်းပြင်းရှူလိုက်ရင်း တီးတိုးရေရွတ်လိုက်လေသည်။ "ဒါပေမဲ့ ဒါက ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဉ်ရဲ့ နောက်ဆက်တွဲအခန်းတွေကို ရဖို့အတွက် အခက်အခဲက ပိုပိုပြီး မြင့်မားလာတယ်ဆိုတာကို ပြသနေတာပဲ။"
"ကျင့်ကြံခြင်းသရုပ်ဖော်ဘဝမှာ ချန်ချန်ရွှယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးကို အသုံးပြုပြီး ကိစ္စတွေ အများကြီးလုပ်ခဲ့သလို မိစ္ဆာတွေအများကြီးကိုလည်း ဝါးမြိုခဲ့တယ်။"
"နောက်ဆုံးတော့ သူမက ကျန်နေတဲ့ အပိုင်းတွေကို ထပ်ပြီး ဖွင့်လှစ်နိုင်ခဲ့တာပဲ။"
ပိုင်ယီ ခေတ္တရပ်သွားပြီးနောက် ခေါင်းကိုက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။ "ဒါဆိုရင် နောက်ဆုံးကျန်နေတဲ့ ဆယ်ပုံသုံးပုံကို ဖွင့်ဖို့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးနဲ့ မိစ္ဆာဘယ်နှကောင်ကိုများ သူမ ဝါးမြိုဖို့ လိုအပ်ဦးမလဲ။"
"သူမက သွေးကြာပန်းတာအိုဆရာလို ရှေးဟောင်း မိစ္ဆာကြီးမျိုး ရှစ်ကောင် ဒါမှမဟုတ် ဆယ်ကောင်လောက်ကို ဝါးမြိုရမယ်လို့တော့ မပြောနဲ့နော်။"
ချန်ချန်ရွှယ်အနေဖြင့် ထိုမျှများပြားသော မိစ္ဆာကြီးများကို ကိုင်တွယ်နိုင်မလားဆိုသည်ကို ဘေးဖယ်ထားလိုက်ပြီး သရုပ်ဖော်စနစ်၏ ကျင့်ကြံခြင်းလောကထဲတွင် ဤမျှစွမ်းအားကြီးမားသော မိစ္ဆာများကို ရှာတွေ့ရန် ဆိုသည်ကပင် စိတ်ကူးယဉ်ဆန်လွန်းနေပေလိမ့်မည်။
၎င်းမှာ လက်တွေ့မကျလှချေ။
[ထပ်ဆောင်းဆုလာဘ် - နတ်တောင်ပံမင်းဆက်ထံမှ လျော်ကြေးငွေ (နတ်တောင်ပံမင်းဆက်က မဟာဝေ မင်းဆက်ကို လျော်ကြေးပေးခဲ့သော ပထမဆုံး သယံဇာတ အသုတ်)]
စတုတ္ထမြောက်ဆုလာဘ်မှာ ယခင်ဆုလာဘ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ် သာမန်ဆန်နေခဲ့သည်။
နတ်တောင်ပံမင်းဆက်က မဟာဝေမင်းဆက်ကို လျော်ကြေးပေးခဲ့သော အရာများသည် အမှန်တကယ်ပင် မဆိုးလှချေ။
သို့သော် ဤမဆိုးလှဘူးဆိုသော အရာသည် မည်သည့်အရာနှင့် နှိုင်းယှဉ်သလဲဆိုသည့်အပေါ်တွင်လည်း မူတည်နေပြန်သည်။
ယခင် ဆုလာဘ်များနှင့် နှိုင်းယှဉ်ပါက ၎င်းမှာ သိပ်ပြီး ကောင်းမွန်လွန်းနေခြင်း မရှိပေ။
သူ၏ စိတ်ထဲရှိ အတွေးများက ဤနေရာသို့ ရောက်ရှိသွားချိန်တွင် ပိုင်ယီ၏မျက်နှာပေါ်၌ နောင်တရမှု အရိပ်အယောင် အနည်းငယ်ရှိနေခဲ့၏။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ၏မျက်နှာအမူအရာကို မြင်တွေ့ပြီး သူ၏ရင်တွင်းမှ စကားများကို ကြားလိုက်ရမည်ဆိုလျှင် သူတို့သည် သွေးအန်ရလောက်အောင်ပင် ဒေါသထွက်သွားကြပေလိမ့်မည်။
ချန်ချန်ရွှယ်သည် ကျင့်ကြံခြင်းသရုပ်ဖော်ဘဝတွင် ရှိနေစဉ်က နတ်တောင်ပံမင်းဆက်ထံမှ ပစ္စည်းကောင်း အမြောက်အမြားကို ခြိမ်းခြောက် တောင်းယူခဲ့သည် မဟုတ်ပါလား။
ဝိညာဉ်ကျောက်တုံးများ။
ဝိညာဉ်လက်နက်များ။
ဆေးလုံးများ။
ဝိညာဉ်ဆေးပင်များ။
ကျင့်ကြံခြင်း ကျင့်စဉ်များ။
အစီရင်ပုံစံကြမ်းများ။
ဤအရာများတွင် အရာအားလုံး ပါဝင်နေသည်ဟု ဆိုနိုင်ပေသည်။ နတ်တောင်ပံမင်းဆက်ထံမှ ဤလျော်ကြေးသည် ဂိုဏ်းကြီးတစ်ခုက နှစ်ထောင်ပေါင်းများစွာတိုင်အောင် စုဆောင်းထားခဲ့သော ကြွယ်ဝချမ်းသာမှု အားလုံးနှင့် ညီမျှနေခဲ့၏။
တစ်ခုတည်းသော အားနည်းချက်မှာ အဆင့်မြင့် ပစ္စည်းများ မပါဝင်ခြင်းပင်။ ဝိညာဉ်လက်နက်များ၊ ဆေးလုံးများ၊ သို့မဟုတ် ကျင့်ကြံခြင်း ကျင့်စဉ်များ မည်သည့်အရာပဲဖြစ်ဖြစ် ၎င်းတို့ကို ပျမ်းမျှအဆင့်ထက် အနည်းငယ်သာလွန်သည်ဟုသာ သတ်မှတ်၍ရနိုင်ပေသည်။
၎င်းတို့ကို ထိပ်တန်းအဆင့်ဟု မသတ်မှတ်နိုင်ချေ။
ဤသည်မှာ ပိုင်ယီ အနည်းငယ် နောင်တရနေရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။
[ထပ်ဆောင်းဆုလာဘ် - တက်လှမ်းရန် အခွင့်အရေး တစ်ကြိမ် (မသေမျိုးစံအိမ်၏ ဘိုးဘေးဆရာသခင် ချန်ရစ်ခဲ့သော အသိအမြင် ပွင့်လင်းမှုများမှတစ်ဆင့်)]
"ဒါက..." ပိုင်ယီ ဆွံ့အသွားခဲ့ရသည်။ "ဒါက တက်လှမ်းခြင်းလမ်းကြောင်းပေါ်မှာ မသေမျိုးစံအိမ်ရဲ့ ဘိုးဘေးဆရာသခင် ချန်ရစ်ခဲ့တဲ့ အသိအမြင်ပွင့်လင်းမှုတွေ မဟုတ်ဘူးလား။ အဲဒါက မသေမျိုးစံအိမ်ရဲ့ ဘိုးဘေးဆရာသခင် မတက်လှမ်းခင် တောင်ပေါ်ကို တက်သွားခဲ့တဲ့ လမ်းကြောင်းဆိုတာ ငါ မှတ်မိသေးတယ်။"
"သူ လမ်းလျှောက်သွားရင်း ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုကို နားလည်သဘောပေါက်သွားခဲ့တာ။ ဒီထိုးထွင်းသိမြင်မှုတွေက သူ လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ကျန်ရစ်နေခဲ့တာလေ။"
"ချန်ချန်ရွှယ်နဲ့ တခြားသူတွေကလည်း ဒီလမ်းကြောင်းပေါ်မှာ ဘိုးဘေးဆရာသခင် ချန်ရစ်ခဲ့တဲ့ အသိအမြင် ပွင့်လင်းမှုတွေကို နားလည်သဘောပေါက်နိုင်ခဲ့ကြတယ်။"
သူပြောလိုက်သော စကားများမှာ အနည်းငယ် လျှာလိပ်သွားစေသည်ဟု ပိုင်ယီ ခံစားလိုက်ရ၏။
ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် မသေမျိုးစံအိမ်ရှိ မဆသမျိုးလမ်းကြောင်းပေါ်တွင် နှစ်အနည်းငယ်အတွင်း၌ပင် ကျင့်ကြံခြင်းအဆင့် အနည်းငယ်ကို ထိုးဖောက်သွားခဲ့ကြောင်းကို သူ မှတ်မိနေခဲ့သည်။ ထို့အပြင် ၎င်းမှာ ရွှေအမြုတေအဆင့်ပင်။
သူ ဤထပ်ဆောင်းဆုလာဘ်ကို ရရှိလိုက်ချိန်တွင် ချန်ချန်ရွှယ်တို့လိုမျိုး ဖြစ်သွားမည်လား။
ပိုင်ယီ စဉ်းစားမနေနိုင်မီမှာပင် ဆုလာဘ်ကို ပေးအပ်ပြီးဖြစ်နေလေပြီ။
နောက်တစ်ခဏတွင် သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားသော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားကြောင်း ခံစားလိုက်ရ၏။
သူ၏ ဝိညာဉ်၊ စွမ်းအင်နှင့် စိတ်ဓာတ်တစ်ခုလုံးသည် အမြင့်ဆုံး အခြေအနေတစ်ခုသို့ မြင့်တက်သွားခဲ့သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က သူ၏ဝိညာဉ်ကို ဆက်လက် မထိန်းချုပ်ထားနိုင်တော့သည့်အလားပင်။ သူ၏ စိတ်အာရုံမှာ ပြိုင်ဘက်ကင်းစွာ ကြည်လင်နေခဲ့သည်။
သူ၏ မျက်နှာကို လေပြေလေးတစ်သုတ် တိုက်ခတ်သွားလျှင်ပင် ပိုင်ယီသည် ဤလေပြေလေးထံမှ အလွန်ထူးခြားသော တာအိုနိယာမတစ်ခုကို နားလည်သဘောပေါက်နိုင်မည်ဟု ခံစားနေရ၏။
ဤထူးခြားသော အခြေအနေအောက်တွင် အချိန်မည်မျှ ကုန်ဆုံးသွားခဲ့ပြီကို ပိုင်ယီ မသိခဲ့ချေ။
တွေဝေငေးမောနေသည့် အခြေအနေမှ သူ နိုးထလာခဲ့သည်။
ရေဝေကုန်းတန်းတစ်ခုကို ဖြတ်ကျော်လာခဲ့ရသည့်အလား သူခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် အထူးပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းနေခဲ့ရသည်။
သူ၏အာရုံစိုက်မှုကို အများဆုံး ဆွဲဆောင်သွားခဲ့သည်မှာ သူ၏ ဒန်ထျန်း(စွမ်းအင်အချက်အချာ)ထဲရှိ ရွှေအမြုတေသည် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းနေခြင်းဖြစ်သည်။
လုံးဝန်းနေသော ရွှေအမြုတေသည် ပုံမှန်မဟုတ်သော ပုံသဏ္ဍာန်တစ်ခုသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
"ဒါက... မူလဝိညာဉ်အဆင့်ဆီကို တဖြည်းဖြည်း အသွင်ပြောင်းနေတာလား။"
"နောက်ထပ် အဆင့်တက်တာလား။"
ပိုင်ယီ တီးတိုးရေရွတ်လိုက်၏။
"ဟူး" သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။ "ဒီထပ်ဆောင်းဆုလာဘ်က မဆိုးဘူးလို့ ထင်ရတယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ငါက ကျင့်ကြံခြင်းအဆင့်တစ်ခုကို ထိုးဖောက်ဝင်ရောက်သွားပြီး ရွှေအမြုတေအဆင့် ပဉ္စမအလွှာကို တစ်ဟုန်ထိုး ရောက်သွားတာပဲ။"
သူ၏ မျက်လုံးများထဲတွင် ဝိညာဉ်အလင်းတစ်ချက် တောက်ပသွားပြီး သူ၏အငွေ့အသက် တစ်ခုလုံးသည် နောက်တစ်ကြိမ် မြင့်တက်လာခဲ့ပြန်သည်။ အဆုံးအစမဲ့သော ဝိညာဉ်စွမ်းအင်များက သူဝတ်ဆင်ထားသော ဝတ်ရုံကို လွင့်ခါသွားစေပြီး သူတစ်ယောက်တည်းသာ ကြားနိုင်သော ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည့်အလားပင်။
သူ အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည့် အချည်အနှောင် အချို့ ရှိနေသည့်အလား ဖြစ်နေ၏။
တစ်ချိန်တည်းမှာပင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသည် ဤအချိန်၌ ကောင်းကင်ယံသို့ ချက်ချင်း ထိုးတက်သွားခဲ့လေသည်။
သူက ကောင်းကင်ကို ထိုးခွဲလိုက်ပြီး တိမ်စတိမ်နွယ်များကို ကျန်ရစ်စေခဲ့သည်။
သူ၏နောက်တွင် အဆုံးအစမဲ့သော လေလှိုင်းများလည်း ကျန်ရစ်နေခဲ့၏။
***