ထိုအချိန်တွင် ကိုးလွှာအသူရာ၏ အနက်ရှိုင်းဆုံးနေရာ၌... အနက်ရောင် မီးတောက်များ ဝန်းရံထားသော အရိပ်တစ်ခုသည် ဟင်းလင်းပြင်အတွင်း လျှင်မြန်စွာလှုပ်ရှားရင်း ပိုမိုနက်ရှိုင်းသော နေရာသို့ တိုးဝင်နေသည်။ "ကောင်းကင်ဘုံက ကပ်ဘေးနဲ့ ကြုံနေရပြီ။ ဒီလို လူသူကင်းမဲ့တဲ့ နေရာမျိုးမှာတော့ သက်ရှိဆိုတာ မရှိဘူး။ ရှေးဟောင်းနတ်ဆိုးတွေ ကောင်းကင်ဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်ရင်တောင် ဒီနေရာအထိတော့ ရောက်လာမှာ မဟုတ်ဘူး" ထိုအရိပ်သည် တစ်ယောက်တည်း ရေရွတ်ရင်း ရှေ့သို့ ဆက်သွားနေသည်။ မကြာမီမှာပင် သူသည် ဟင်းလင်းပြင်အတွင်း ချည်နှောင်ထားသော သံကြိုးကြီးများကို ဖြတ်ကျော်သွားခဲ့သည်။ သူ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ လွန်ခဲ့သော အချိန်များစွာက အရင်းအမြစ်ဘိုးဘေးနှင့် မဟာသူတော်စင်အချို့ ပူးပေါင်းကာ သူ့ကို ဤနေရာ၌ ပိတ်လှောင်ရန် ထိုသံကြိုးများကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ ဤနေရာတွင် ကြယ်အလင်းတန်းများ မရောက်ရှိနိုင်သလို မိုးမြေစွမ်းအင်မှာလည်း အလွန် နည်းပါးသဖြင့် ကျင့်ကြံရန် မဖြစ်နိုင်ပေ။ သို့သော် ဤဆိုးရွားသော အခြေအနေမှာပင် သူသည် 'အသူရာမီးတောက်' ဖြင့် ပြန်လည် လေ့ကျင့်နိုင်ခဲ့ပြီး ကိုးလွှာအသူရာအတွင်း လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။ ဤသည်မှာ သူ၏ 'အဆုံးစွန်နတ်ဘုရားနယ်ပယ်' စွမ်းအားပြီးလျှင် ဒုတိယမြောက် အစွမ်းထက်ဆုံး စွမ်းရည်ပင် ဖြစ်သည်။ "ရှေးဟောင်းနတ်ဆိုးတွေ လောကကြီးကို ဖျက်ဆီးပြီးရင် သူတို့ ပြန်ထွက်သွားကြလိမ့်မယ်။ ငါသာ အသက်ရှင်နေသရွေ့တော့ သူတို့ ချန်ထားခဲ့တဲ့ အက်ကြောင်းတွေကတစ်ဆင့် 'အစစ်အမှန်နယ်မြေ' ထဲကို ခိုးဝင်သွားလို့ ရတယ်။ အဲဒီကျရင် အင်မော်တယ်လမ်းစဉ်က ငါ့အတွက် ပွင့်နေတုန်းပဲ" ထိုအရိပ်သည် မီးတောက်များဖြင့် ဝန်းရံလျက် ပိုမိုနက်ရှိုင်းသော နေရာသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။ နှစ်ရက်တာအတွင်း လီဟောင်သည် မရပ်မနား လိုက်လံနှိမ်နင်းခဲ့ရာ... လောကငယ် တစ်ဆယ်ကျော်ကို တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဆိုး အားလုံးကို လီဟောင် သုတ်သင်နိုင်ခဲ့သည်။ သူ၏ အချိန်အများစုမှာ လောကတစ်ခုမှ တစ်ခုသို့ ခရီးသွားခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။ ရှေးဟောင်းနတ်ဆိုး ကပ်ဘေးကို ဖြေရှင်းနိုင်ခဲ့ပြီးနောက် လီဟောင်သည် ယခင်ကထက် ဆယ်ဆမက ပိုများသော ယုံကြည်ကိုးကွယ်မှုစွမ်းအင်များကို ရရှိခဲ့သည်။ ယခုအခါ သူတော်စင်များ သူ့အပေါ် စွပ်စွဲချက်များကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်သဖြင့် ကောင်းကင်ဘုံ တစ်ခုလုံးရှိ လူသားများ၏ ယုံကြည်ကိုးကွယ်မှုများမှာ လီဟောင်ထံသို့ စုပြုံရောက်ရှိလာခဲ့သည်။ လောကငယ်လေးများမှ လူသားများကို ကယ်တင်ပေးခဲ့ခြင်းကြောင့် လီဟောင်၏ ဂုဏ်သတင်းမှာ ကောင်းကင်ဘုံအနှံ့ ပျံ့နှံ့သွားခဲ့ပြီး နေ့စဉ်နှင့်အမျှ ယုံကြည်မှုစွမ်းအင်များစွာ စီးဝင်လာနေသည်။ လီဟောင်သည် သူ၏ ယုံကြည်မှုစွမ်းအင်တစ်ခုတည်းဖြင့်ပင် ကပ်ဘေး၃ပါးသူတော်စင်တစ်ဦးနှင့် ယှဉ်နိုင်နေပြီဟု ခံစားရသည်။ အကယ်၍ ဤနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုပါက ရာစုနှစ်တစ်ခုအတွင်း သူသည် ယုံကြည်မှုစွမ်းအင် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။ စဉ်းစားကြည့်လျှင်... အရင်းအမြစ်ဘိုးဘေးသည် ထိုနယ်ပယ်သို့ ရောက်ရန် နှစ်ပေါင်း တစ်သိန်းတိုင်တိုင် စုဆောင်းခဲ့ရသည်။ ယခုအခါ ကောင်းကင်ဘုံ၃၃ခု၏ လူဦးရေမှာ ရှေးဟောင်းခေတ်ကထက် များပြားသဖြင့် ယုံကြည်မှုစွမ်းအင်များကိုသာ စုစည်းနိုင်ပါက အချိန်တိုအတွင်း နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ယုံကြည်မှုစွမ်းအားများအပြင် လီဟောင်သည် ရှေးဟောင်းနတ်ဆိုးများ သတ်ဖြတ်ထားသော နေရာများမှ အဆုံးစွန်တာအိုစွမ်းအင်များကိုလည်း အမြောက်အမြား စုပ်ယူနိုင်ခဲ့သည်။ အကယ်၍ လီဟောင်သာ ကိုယ်ကျိုးကြည့်၍ ထိုလောကငယ်လေးများကို ပျက်စီးခွင့်ပေးလိုက်မည်ဆိုပါက သူ ရရှိမည့် တာအိုစွမ်းအင်မှာ အဆုံးစွန်နတ်ဘုရားနယ်ပယ်သို့ပင် ရောက်ရှိသွားနိုင်သည်။ သို့သော် လီဟောင်မှာ ထိုသို့ ရက်စက်သောသူ မဟုတ်ပေ။ ရှေးဟောင်းနတ်ဆိုးများကို နှိမ်နှင်းပြီးနောက် လီဟောင်သည် သူ တည်ထောင်ထားသော နယ်မြေသို့ ပြန်လာခဲ့သည်။ "ကျေးဇူးတင်ပါတယ်... ရှင်သာ မရှိရင် မရေမတွက်နိုင်တဲ့ သက်ရှိတွေ သေဆုံးကုန်ကြမှာ" သူ ပြန်ရောက်သည်နှင့် ဆေးသူတော်စင်က ချက်ချင်းပင် လာရောက်နှုတ်ဆက်သည်။ သူမသည် လီဟောင်၏ လှုပ်ရှားမှုများကို သတင်းအဆက်အသွယ်များမှတစ်ဆင့် သိရှိထားပြီး ဖြစ်သည်။ "ဒါက ကျွန်တော့်အတွက်တော့ သာမန်ကိစ္စပါပဲ" လီဟောင် အေးဆေးစွာ တုံ့ပြန်လိုက်သည်။ သူသည် ယခုအခါ နယ်မြေကို အသက်သွင်းရန်နှင့် မဟာယုနတ်ဘုရားမင်းဆက်မှ လူသားများကို ဤနေရာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသည်။ နေရာမှာ အကန့်အသတ် ရှိသဖြင့် သူသည် မဟာယုမှ လူသားများကိုသာ ဦးစားပေးမည် ဖြစ်သည်။ "မင်းရဲ့ သူငယ်ချင်းဟောင်းတစ်ယောက် လာတွေ့နေတယ်" ဓားဆရ။သခင် ရောက်လာပြီး လီဟောင်ကို ပြောလိုက်သည်။ လီဟောင်မှာ အံ့ဩသွားခဲ့သည်။ သူငယ်ချင်းဟောင်းလား။ သူသည် အဘိုးကြီးဖုန်းသို့မဟုတ် ကောင်းကင်လှည့်စားသူတော်စင်တို့ ဖြစ်မည်ဟု ထင်မိသော်လည်း နတ်ဝိညာဉ်ဖြင့် စစ်ဆေးကြည့်သောအခါ ထိုသူများ မဟုတ်ဘဲ အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် သူတော်စင်တောင်ထိပ်ရှိ ခန်းမကြီးအတွင်း ကျေးဇူးတင်နေသော ပုံစံဖြင့် ထိုင်နေသည်။ သူမ၏ မျက်ဝန်းများမှာ ဆွဲဆောင်မှုအပြည့် ရှိနေပြီး ဖြူဖွေးသော မြေခွေးမွှေး ဦးထုပ်လေးကို ဆောင်းထားသဖြင့် ချစ်စရာလည်း ကောင်းနေသည်။ သူမ ဝတ်ဆင်ထားသော ဝတ်ရုံမှာ ပေါင်အထိ ခွဲထားသဖြင့် ဖြူဖွေးသွယ်လျသော ခြေတံများကို မြင်တွေ့နေရသည်။ သူမ၏ ပခုံးပေါ်တွင် ဖြူဖွေးသော မြေခွေးမြီးကဲ့သို့ အမွှေးပွကြီး တစ်ခု တင်ထားပြီး လက်သည်းများကိုမူ အနီရဲရဲ ဆိုးထားသည်။ ဆွဲဆောင်မှုရှိသလို အေးစက်သော အရှိန်အဝါလည်း ရှိနေသည်။ လီဟောင်မှာ ခေတ္တမျှ မှင်သက်သွားခဲ့သည်။ ဤအရှိန်အဝါမှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ဖြစ်သည်။ "သူမက ကိုးပြည်ထောင် အင်မော်တယ်ကျွန်းရဲ့ မြေခွေးသခင်မပဲ" ဓားဆရ။သခင်က ရှင်းပြလိုက်သည်။ လီဟောင်မှာ အံ့အားသင့်သွားပြီး တောင်ထိပ်ရှိ ခန်းမအတွင်းသို့ ဆင်းသက်လိုက်သည်။ ထိုအမျိုးသမီးသည် လီဟောင်ကို မြင်သည်နှင့် မျက်ဝန်းများ တောက်ပသွားပြီး လီဟောင်၏ ရှေ့သို့ ချက်ချင်း ရောက်လာခဲ့သည်။ "ဟောင်ထျန်း..." သူမသည် လီဟောင်နှင့် တစ်ပေအကွာအဝေးသို့ ရောက်လာပြီး သင်းပျံ့သော ရနံ့များက လီဟောင်၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ သူမ၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ လီဟောင်သည် ထိုရနံ့ကို ရလိုက်သောအခါ ချက်ချင်းပင် သတိထားမိသွားခဲ့သည်။ သူ၏ မျက်လုံးများ ပြူးသွားပြီး "မြေခွေးဖြူလေးလား" ဟု အံ့ဩတကြီး မေးလိုက်သည်။ "ကျွန်မ မှတ်မမှားပါဘူး... တကယ်ပဲ သခင်လေးဖြစ်နေတာပဲ" မြေခွေးသခင်မသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ရယ်လိုက်ပြီး လီဟောင်၏ လက်မောင်းကို လာရောက် တွဲဖက်လိုက်သည်။ "သခင်လေးရဲ့ သတင်းတွေကို ကြားရတုန်းက ကျွန်မသူငယ်ချင်းများလားလို့ တွေးမိခဲ့တာ။ နောက်မှ သခင်လေးရဲ့ အနံ့က ပြောင်းလဲသွားတာကို သတိထားမိလို့ တကယ်ပဲ သခင်လေးဖြစ်နေတာကို သိလိုက်ရတာ" သူမ၏ နူးညံ့သော ရင်သားများမှာ လီဟောင်၏ လက်မောင်းနှင့် ထိကပ်နေသော်လည်း သူမက ဂရုမစိုက်ဘဲ ပြုံးရင်း "ကျွန်မစောစောကတည်းက တွေးမိသင့်တာ။ တတိယအင်မော်တယ်နယ်ပယ် အကန့်အသတ်အဆင့်ကို ပိုင်ဆိုင်ထားတဲ့ သခင်လေးက သခင်လေးရဲ့ သွေးမျိုးဆက်ကို ဖြတ်တောက်ပြီး ပုံစံအသစ်နဲ့ ပြန်လည် မွေးဖွားနိုင်တယ်ဆိုတာလေ။ ဒါကြောင့်လည်း သခင်လေးရဲ့ အနံ့က ပြောင်းသွားတာပေါ့ ဟုတ်တယ်မလား" လီဟောင်မှာ ခေတ္တမျှ ကြောင်နေပြီးမှ သူမကို သူ၏ ငယ်ဘဝက ကောက်ရခဲ့သော မြေခွေးဖြူလေးအဖြစ် အသိအမှတ်ပြုလိုက်မိသည်။ သူက တိုးတိုးလေး "မင်း... မင်းက အဘိုးကြီးဖုန်းလိုမျိုးလား" ဟု မေးလိုက်သည်။ သူမက ရယ်မောရင်း "တူသလိုလိုပါပဲ၊ ဒါပေမဲ့ ကျွန်မရဲ့ ဇာတ်လမ်းက ပိုပြီး ရှုပ်ထွေးတယ်။ ကျွန်မ သေမျိုးလောကမှာ ပြန်လည်မွေးဖွားခဲ့ပြီး ချင်ကျူတောင်ရဲ့ မြေခွေးသခင်မ ဖြစ်လာခဲ့တယ်။ အဲဒီမှာ သေဆုံးသွားပြီးတော့ ကျွန်မရဲ့ နတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုက 'မြေခွေးဖြူလေး' အဖြစ် ပြန်လည် မွေးဖွားလာခဲ့တာ" လီဟောင်မှာ နားလည်သွားပြီး "ဒါကြောင့် မင်း ရုတ်တရက် ပျောက်သွားတာက ဒီကောင်းကင်ဘုံကို ပြန်ရောက်လာပြီး အတိတ်ဘဝ မှတ်ဉာဏ်တွေ နိုးထလာလို့ပေါ့" "ဟုတ်တယ်" ထိုဆွဲဆောင်မှုရှိသော မြေခွေးမလေးမှာ လီဟောင်၏ ရှေ့တွင်တော့ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ကာ ချိုသာသော အသံဖြင့် ရယ်မောရင်း ပြန်ဖြေလိုက်သည်။
***