ရှီရေကန်မှာ ဟန်ကျိုးမြို့၏ အနောက်ပိုင်း မြို့အပြင်ဘက်တွင် ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ရှီရေကန်၌ သရဲနက် ထွက်ပေါ်လာပြီး လူငယ်မျိုးဆက် သိုင်းသမားရာချီ သတ်ဖြတ်မှုကြီး ဖြစ်သွားခဲ့သော်လည်း သိုင်းလောကသားများ ချက်ချင်း မရောက်လာနိုင်ခဲ့ပေ။
သမားတော်ခြံဝင်း၌ သရဲနက် ပေါ်ထွက်လာစဉ်က သိုင်းလောကသားများ ချက်ချင်းရောက်လာခြင်းမှာ သမားတော်ခြံဝင်းက မြို့လယ်ခေါင်တွင် တည်ရှိသည်။ ပတ်ဝန်းကျင်တွင်လည်း တည်းခိုခန်းများနှင့် စားသောက်ဆိုင်များ ရှိနေသည်။ အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသော သိုင်းလောကခရီးသွားဧည့်သည်များ အစုရုံးဆုံးနေသော နေရာလည်း ဖြစ်သည်။ ထို့အပြင် တောင်နှင့်မြစ် လက်သီးသိုင်းသင်တန်းကျောင်းနှင့် ‘ကျိုး’အာမခံဌာနကလည်း မလှမ်းမကမ်းတွင် ရှိနေသည်။
ထို့ကြောင့် သရဲနက်၏ လှုပ်ရှားမှု ပေါ်ထွက်လာသည်နှင့် သိုင်းလောကသားများ ချက်ချင်းရောက်လာခဲ့ကြခြင်းဖြစ်သည်။
ယခု ရှီရေကန်ပတ်လည် ကန်ဘောင်ပေါ်တွင် လူငယ်သိုင်းသမားများ အတုံးအရုံး လဲကျသေဆုံးနေကြသည်။ အလောင်းတိုင်းက ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရှိပေ။ အလောင်းတိုင်းက ခြေလက်အင်္ဂါ အပြည့်အစုံ ရှိသည်။
သို့သော် အလောင်းတိုင်း၏ မျက်လုံးများက ထိတ်လန့်စရာကောင်းအောင် ပြူးကျယ်နေကြပြီး မျက်နှာများမှာ အကြောဆွဲထားသောကြောင့် ရွဲ့စောင်းလျက် ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။ ခန္ဓာကိုယ်နှင့် ခြေလက်များလည်း တွန့်လိမ်ကွေးကောက်နေကြသည်။
မသေဆုံးခင်က မည်မျှအထိ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြပြီး မည်မျှအထိ နာကျင်ခံစားခဲ့ရသည်ကို မမှန်းဆနိုင်အောင်ပင်။ လွန်စွာ နာကျင်ခံခက်လျက် ထိတ်လန့်ကြောက်ရွံ့စွာ ရုန်းကန်ရင်း သေဆုံးခဲ့ကြပုံရသည်။
ဤလက္ခဏာများက သရဲနက်၏ ရက်ရက်စက်စက် သတ်ဖြတ်တတ်သည့် လက္ခဏာပင် ဖြစ်သည်။
ရှီရေကန်တစ်ခုလုံး သေဆုံးခြင်း၏ အငွေ့အသက်များနှင့် မကောင်းဆိုးဝါးအငွေ့သက်များ လွှမ်းခြုံကာ တိတ်ဆိတ်နေသည်။
လရောင်ဝိုးတဝါးအောက် ရေခိုးရေငွေ့ ခပ်ပါးပါး လွင့်ပျံနေသော ရှီရေကန်ထဲတွင် လှေငယ်တစ်စင်းက လရိပ်ကျွန်းဘက်သို့ ဦးတည်၍ သွားနေသည်။ လှေက မမြန်ပါ။ အလျင်လိုပုံ မရပေ။ ဖြည်းဖြည်းချင်းသာ သွားနေသည်။
လှေသမားက လရောင်ကို ခံစား၍ ကန်ရေပြင်က လတ်ဆတ်အေးမြသော ညလေကို ရှူရှိုက်ရန် လှေလှော်ထွက်လာသကဲ့သို့ပင်။ အေးအေးလူလူ ရှိလှသည်။
ဟုတ်သည်။ သရဲနက်က မလောပါ။ ကမ်းပေါ်မှ လူငယ်သိုင်းသမားများကို ခပ်မြန်မြန်သတ်လိုက်သည်က ထွက်မပြေးနိုင်အောင်နှင့် ဟန်ကျိုးမြို့ထဲက သိုင်းလောကသားများ သတိမထားမိစေရန် အမြန်ဆုံး လက်စသတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း မနာကျင်မခံစားရဘဲ သက်တောင့်သက်သာတော့ သေခွင့် မပေးခဲ့ပေ။ မြန်မြန်သေစေရန် ပို၍ နာကျင်ခံစားစေပြီး ပို၍ ထိတ်လန့်ခြောက်ခြားစေလိုက်ခြင်းသာ ဖြစ်သည်။
သရဲနက်က မီးရောင်မှိတ်တုတ်မှိတ်တုတ် လင်းနေသော လရိပ်ရိပ်ကျွန်းကို လှမ်းကြည့်ပြီး ပြုံးနေသည်။ သူ ပျော်နေသည်။ ရာချီသော လူငယ်သိုင်းသများ၏ နာနာကျင်ကျင် အော်ဟစ်ရုန်းကန်ပြီး မချိမဆန့် သေသွားကြသည့် မြင်ကွင်းကို သူက ပြန်သတိရပြီး ကျေနပ်နေသည်။
“အဟင်းဟင်း…”
လှေကလေးက ရေလယ်ခေါင်သို့ ရောက်လာခဲ့သည်။
ထိုစဉ်…
“ဒုံး…”
“ဖြောင်း…”
“ဗွမ်း…”
လှေငယ်မှာ သိမ့်ကနဲ တုန်သွားပြီး လှေဝမ်းက ကွဲကြေကာ ပေါက်ထွက်သွားသည်။ လှေဝမ်းထဲသို့ ရေများ တရဟော ဝင်လာသည်။
“ဘယ်သူလဲ…၊ ထွက်ခဲ့စမ်း…”
သရဲနက်က ဟိန်းဟောက်ပြီး ရေထဲသို့ ကြည့်လိုက်သည်။ လှေဝမ်းကို တစ်ယောက်ယောက်က တိုက်ခိုက်ဖျက်ဆီးလိုက်မှန်း သူက သိသည်။
“ဒုန်း…”
လူတစ်ယောက် ရေထဲမှ ခုန်ပျံတက်လာပြီး လှေဦးတွင် ရပ်လိုက်သည်။
လူတစ်ယောက်လား။
သရဲနက်က ရေထဲမှ ငါးတစ်ကောင်လို ခုန်ပျံတက်လာသော လူကို ကြည့်ပြီး တွေးလိုက်သည်။
ထိုလူ့ပုံစံက လူတစ်ယောက်လား။ သရဲတစ္ဆေတစ်ကောင်လား မသဲကွဲပါ။ လရောင်အောက်တွင် ဝိုးတဝါး ဖြစ်နေသည်။ လူတစ်ယောက်နှင့် မတူနေပေ။ လူတစ်ယောက်က ဤသို့ မဝေဝါးနေသင့်ပေ။
သရဲတစ္ဆေလား။
ထိုဝိုးတဝါးလူရိပ်က တစ်ကိုယ်လုံး ရေများစိုရွှဲနေပြီး ဆံပင်များက ဖားလျားကျနေသည်။ အင်္ကျီလည်း မရှိပေ။ စုတ်ပြတ်နေသော ဘောင်းဘီတစ်ထည်ကိုသာ ဝတ်ထားသည်။ မျက်နှာကို အဝတ်စုတ်ဖြင့် စည်းထားသည်။
“သရဲတစ္ဆေဆိုရင်လည်း ငါ သရဲနက်ရှေ့မှာ လာပိတ်ရပ်ရင် သတ်ပစ်မယ်။ မသေချင်ရင် လမ်းဖယ်စမ်း…”
သရဲနက်က ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။ တစ်ဘက်မှ ဝိုးတဝါးလူရိပ်က ထူးဆန်းနေသောကြောင့် ဖြစ်သည်။ အန္တရာယ်ကိုလည်း ခံစားမိနေ၍ ဖြစ်သည်။
ထိုစဉ်…၊ ဝိုးတဝါးလူရိပ်က ခပ်အက်အက်နှင့် ပြောလာသည်။
“ငါ့ကို တချို့လူတွေက မိုးကောင်းကင်လို့ ခေါ်တယ်”
“… …”
ထို ဝိုးတဝါးလူရိပ်၏ စကားကြောင့် သရဲနက်မှာ ကြောင်အသွားသည်။ တစ်ယောက်ယောက်က သူ့ကိုယ်သူ မိုးကောင်းကင်ဟု ပြောခြင်းကို ခုမှ ကြားဖူးခြင်းကြောင့် ဖြစ်သည်။
ဝိုးတဝါးလူရိပ်က ထပ်ပြောလာပြန်သည်။
“တချို့လူတွေကတော့ ငါ့ကို မိုးနတ်မင်းလို့ ခေါ်တယ်”
တော်တော် ဆိုးရွားသွားလေပြီ။ ထိုတစ္ဆေလိုလို သရဲလိုလို အကောင်ကား သူ့ကိုယ်သူ မိုးနတ်မင်းဟုပင် ထင်နေသည်။ မိုးကြိုးပစ်ချခံမှာ မကြောက်လေသလော။
သရဲနက်က ငရဲကိုလည်း မကြောက်၊ မိုးကောင်းကင်ကိုလည်း မကြောက်၍ မကောင်းဆိုးဝါးလမ်းစဉ်လျှောက်နေသူ ဖြစ်သည်။ ကလေးလူကြီး ခွေးကြောင်မကျန်အောင် အသက်ပေါင်းများစွာကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ဖူးသည်။ သို့သော်လည်း သူ့ကိုယ်သူတော့ မိုးနတ်မင်းပါဟု မပြောရဲပေ။
သရဲနက်က မရူးနေသောကြောင့် ဖြစ်သည်။ ရူးနေသူမှသာ သူ့ကိုယ်သူ မိုးနတ်မင်းဟု ထင်ရဲမည် မဟုတ်ပါလား။
“ရူးနေတဲ့ သရဲတစ္ဆေတစ်ကောင်ပဲ”
သရဲနက်က တီးတိုးပြောရင် လှေငယ်ကို တစ်ချက်ကြည့်လိုက်သည်။ ရေများ အဆက်မပြတ် ဝင်နေသဖြင့် လှေငယ်မှာ နစ်မြုပ်ပေတော့မည်။
“လှေနစ်တော့မယ်။ အရူးကောင်သရဲတစ္ဆေ ဖယ်စမ်း”
သရဲနက်က ပြောလည်းပြော တိုက်ခိုက်ရန်လည်း ဟန်ပြင်လိုက်သည်။
သရဲနက်မှာ ဘာမှ မလှုပ်ရှားရသေးခင်မှာပင် ဝိုးတဝါးလူရိပ်က ပျောက်သွားခဲ့သည်။
“ဟုတ်တယ်၊ ငါက သရဲတစ္ဆေ၊ ဒါပေမဲ့ မရူးဘူး”
စကားသံက သရဲနက်၏ နောက်မှ ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သရဲနက်၏ လက်မောင်းနှစ်ဖက်ကို အလွန်အေးစက်နေသော လက်နှစ်ဖက်ဖြင့် အဖမ်းချုပ်ခံလိုက်ရသည်။
“ဘယ်လို…”
သရဲနက်မှာ ထိတ်လန့်သွားသည်။
ထိုဝိုးတဝါးလူရိပ်၏ လှုပ်ရှားမှုကို သူ လုံးဝ မမြင်ခဲ့ရသောကြောင့်ပင်။ သူ့မျက်စိရှေ့မှ ဖျတ်ကနဲ ပျောက်သွားပြီး သူ့အနောက်တွင် ဖျတ်ကနဲ ပေါ်လာကာ သူ့လက်မောင်းနှစ်ဖက် ချုပ်ကိုင်ခံလိုက်ရသည် မဟုတ်ပါလား။
မြန်လွန်းသည်။ ကြောက်စရာကောင်းအောင် မြန်လွန်းသည်။
“လွှတ်စမ်း…”
သရဲနက်က ရုန်းသည်။ သို့သော် လုံးဝ မရုန်းနိုင်ခဲ့ပေ။ သရဲတစ္ဆေ၏ အေးစက်နေသော လက်နှစ်ဖက်က သန်မာလွန်းသည်။
“လွှတ်…”
နောက်တစ်ကြိမ် ထပ်ရုန်းရန် ပြင်လိုက်စဉ်မှာပင်
ဝိုးတဝါးလူရိပ်က သရဲနက်ကို ဖမ်းချုပ်ဆွဲခေါ်ပြီး ရေထဲ ခုန်ချသွားခဲ့သည်။
သရဲနက်မှာ အော်ဟစ်ရုန်းကန်ရင်းယက်ကန်ယက်ကန်နှင့် ရေထဲသို့ နစ်မြုပ်သွားသည်။
“အူး…ဝူး…”
ပါးစပ်ထဲ နှာခေါင်းထဲသို့ ရေများ ဝင်ကုန်သည်။ ရုန်းကန်ကူးခတ်ရန် သတိရချိန်တွင် မှောင်မည်းနေသော ရေအနက်ပိုင်းသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
သရဲနက်မှာ သူ၏ အထွတ်ထိပ်အဆင့်ဟူသော သိုင်းပညာများ၊ မကောင်းဆိုးဝါးလမ်းစဉ် လျှို့ဝှက်ပညာများကို ထုတ်သုံးခွင့်ပင် မရဘဲ ရေအောက်သို့ ဆွဲချခံနေရသည်။
သရဲနက်တစ်ယောက် မဖြစ်ဖူးသော ကြောက်စိတ်တစ်ခု ဖြစ်လာသည်။ သူတောင်းစားဂိုဏ်း၏ အပြင်ကြီးကဲဆိုသူကိုပင် ထိုမျှ မကြောက်ခဲ့ပေ။ ရက်ရက်စစက်စက် ရိုက်နှက်ခံရ၍ တစ်ကိုယ်လုံး ကျိုးကြေခဲ့ခြင်းက နာကျင်ရုံထက် မပိုပေ။ သူ၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် ထိုဒဏ်ရာများကို ကြောက်စရာလည်း မရှိပေ။
သို့သော် ယခုတွင်တော့ ရူးနေသော သရဲတစ္ဆေတစ်ကောင်က သူ့ကို ရေထဲ ဆွဲချနေသည်။ သူ့တွင် ခုခံနိုင်စွမ်း၊ ရုန်းကန်နိုင်စွမ်းပင် မရှိပေ။ အော်ဟစ်ရန်ပင် မစွမ်းသာပေ။ အံကြိတ်လျက် ပါးစပ်ကို တင်းတင်းစေ့အောင် ပိတ်ထားရသည်။ မဟုတ်လျှင် ရေများက ပါးစပ် ဝင်လာမည် မဟုတ်ပါလား။
ရေအောက် ရောက်လာလေလေ မှောင်မည်း အေးစက်လေ ဖြစ်လာသည်။
‘ငါ အစားခံတော့မှာလား…’
“ဝူး…အူး…”
အသတ်ခံရမည်က်ို သူ မကြောက်ပါ။ သေရမည်ကိုလည်း သူ မကြောက်ပါ။ သေပြီး သူ့အလောင်းကို ကျီးပဲ စားစား၊ လင်းတပဲ စားစား သူ ဂရုမစိုက်ပါ။ သို့သော် မသေသေးဘဲ သားရဲများ၏ ကိုက်ဖြတ်စားသောက်ခံရခြင်းမျိုးကိုတော့ သူကြောက်သည်။ ယခု သရဲတစ္ဆေတစ်ကောင်က သူ့ကို ရေအောက်ထဲ ဆွဲချနေသည်။ ရေအောက်ထဲ အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်ခံရလျှင်ဟူသော အတွေးတစ်ခု ဝင်လာပြီး ကြောက်လာတော့သည်။
မှောင်မည်းအေးစက်နေသော ရေအောက်ထဲတွင် သူ့ကို သရဲတစ္ဆေတစ်ကောင်က အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်နေသည်ဟူသော အတွေးက တွေးမိလေ ကြောက်လေ ဖြစ်ပြီး အတင်းအော်ဟစ်ရုန်းကန်တော့သည်။
ထိုအခါ ဗိုက်ထဲသို့ ရေများ အလုံးလိုက် တိုးဝင်ကုန်သည်။
“ဒုတ်…”
“အင့်…”
သို့သော် သရဲနက်မှာ တစ်ချက်နှစ်ချက်သာ ရုန်းလိုက်ရသည်။ သရဲနက်၏ နောက်စေ့တွင် ကျင်ကနဲ ဖြစ်သွားပြီး ဘာမှ မသိနိုင်တော့သည့် အခြေနေသို့ ရောက်သွားခဲ့သည်။
ဝိုးတဝါးလူရိပ်က သရဲနက်၏ နောက်စေ့ကို သူ့ခေါင်းနှင့် ဆောင့်တိုက်လိုက်ခြင်း ဖြစ်သည်။
သရဲနက်တစ်ယောက် သတိလစ်မေ့မျောသွားခဲ့လေပြီ။
ထိုအခါမှ ဝိုးတဝါးလူရိပ်က သရဲနက်၏ လည်ဂုတ်အင်္ကျီစကို ဆွဲ၍ ရေပေါ်သို့ ပြန်ကူးခတ်ကာ တက်သွားသည်။
လရိပ်ကျွန်း။
ဝိုးတဝါးလူရိပ်က သရဲနက်ကို လရိပ်ကျွန်း ရေစပ်က ကျောက်တုံးကျောက်ဆောင်များကြားထဲသို့ ဆွဲခေါ်ခဲ့သည်။
“ဘုန်း…”
လူရိပ်က သရဲနက်ကို ကျောက်တုံးကြီးနှစ်တုံးကြားထဲ ပစ်ချပြီး လက်ကို တရိပ်ရိပ် လှုပ်ရှားလိုက်သည်။
“ထောက်ထောက်ထောက်…”
သတိရလာအောင် လုပ်ခြင်းမဟုတ်ဘဲ သတိမရလာအောင် အကြောပိတ်ထားလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ထိုလူရိပ်က သရဲနက်ကို ကြည့်နေခဲ့သည်။
‘သူ့ပုံစံက မနေ့ညကထက် ပိုကောင်းလာသလိုပဲ။ မနေ့ညကဆိုရင် သူ့ပုံစံက တော်တော်နက်မှောင်နေခဲ့တာ။ မကောင်းဆိုးဝါးအငွေ့အသက်ကလည်း ပြင်းထန်နေခဲ့တယ်။ အခုကျတော့ သိပ်မနက်မှောင်နေတော့ဘူး။ မကောင်းဆိုးဝါးအငွေ့သက်ကလည်း သိပ်မပြင်းထန်တော့ဘူး။ သိပ်သည်းပြီး ငြိမ်ဝပ်နေတယ်။ ခွန်အားလည်း ပိုကောင်းလာတယ်။ တော်တော် ထူးဆန်းတဲ့ လူပဲ’
ထိုသရဲနက်မှာ သူ့ကိုယ်သူ မကောင်းဆိုးဝါးပါဟု ပြောနေခဲ့သော်လည်း လူတစ်ယောက်သာ ဖြစ်လေ၏။ မည်သည့်အကြောင်းကြောင့် ထိုပုံစံ ဖြစ်သွားမှန်း မသိရသော်လည်း လူသားတစ်ယောက်သာ ဖြစ်နေသေးသည်။ သို့သော်လည်း လူသားတစ်ယောက်နှင့် သိပ်မတူတော့ပေ။ အထူးသဖြင့် နာကြည်းမုန်းတီးမှုများနှင့် ပြည့်နေသော စိတ်နှင့် ရက်စက်သတ်ဖြတ်ရသည်ကို ခုံမင်နေသော စိတ်က လူသားတစ်ယောက်၏ စိတ်မျိုး မဟုတ်တော့ပေ။
‘သူက အထွတ်ထိပ်အဆင့်ဆိုတော့ သူ့ခွန်အားတွေကို ငါ ချိပ်ပိတ်မထားနိုင်ဘူး။ သူ့အတွင်းနဲ့ သူ့သိုင်းပညာကို ဖျက်ဆီးလိုက်ရင် ကောင်းမလား’
သို့သော် ထိုသရဲနက်နှင့် ပတ်သက်၍ သူ ကြားခဲ့သော စကားတချို့ကြောင့် သိုင်းပညာကို မဖျက်ဆီးနိုင်ခဲ့ပေ။
‘ဘယ်လို ကိစ္စမျိုးက လူတစ်ယောက်ကို ဒီလို သတ်ဖြတ်ချင်စိတ်နဲ့ ရန်ငြိုးတွေ ပြည့်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားစေတာလဲ။ ဟင်း…’
လူရိပ်က သက်ပြင်းချရင်း ခေါင်းခါသည်။သရဲနက်၏ တစ်ကိုယ်လုံးကိုလည်း စစ်ဆေးလိုက်သည်။ ထို့နောက် သူက သရဲနက်၏ အင်္ကျီအတွင်းအိတ်ထဲသို့ လက်နှိုက်ကာ ပစ္စည်းများအားလုံး ယူလိုက်သည်။
‘ဟီးဟီး…၊ ဘာတွေလဲဆိုတာ နောက်မှ ကြည့်ကြည့်ရမယ်။ အိုး…နေဦး…’
လူရိပ်က သရဲနက်၏ ခါးစည်းကြိုးကို ဖြေပြီး ရေထဲသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် သရဲနက်၏ အင်္ကျီကိုလည်း ဖရိုဖရဲဖြစ်အောင် လုပ်လိုက်သည်။
‘ဒါဆိုရင် သူ့ပစ္စည်းတွေ ရေထဲ ကျပျောက်ကုန်ပြီလို့ တွေးနေလိမ့်မယ်’
ထို့နောက် လူရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လရိပ်ကျွန်းပေါ်တွင်တော့ လူငယ်သိုင်းသမားများအားလုံး ပြန်စုရုံးမိနေကြပြီ ဖြစ်သည်။ လှေငါးစင်းဖြင့် လူရှာထွက်သွားကြသူများလည်း အားလုံး ပြန်ရောက်နေကြပြီ ဖြစ်သည်။
လူတချို့ကိုလည်း ကယ်လာနိုင်ခဲ့ကြသည်။
တချို့မှာ အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်သည့် အနေထားမျိုး ဖြစ်နေ၍ သမားတော်လေး ဟန်ကောင်းရှင်းက ကုသပေးနေသည်။ သို့သော်လည်း အချိန်မီ ကယ်တင်နိုင်ခဲ့၍ အသက်အန္တရာယ် စိုးရိမ်ရသော အခြေနေတော့ မရှိပေ။
နှင်းပန်းက အဝေးသို့ လှမ်းလှမ်း ကြည့်နေသည်။ သူမ၏ မောင်လေး ပြန်မလာသေး၍ လှမ်းကြည့်နေခြင်း ဖြစ်သည်။
‘အဲဒီ ကလေးကတော့ ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ မသိဘူး’
တချို့လူငယ်သိုင်းသမားများကလည်း ကျွန်းအပြင်ဘက်သို့ စိုးရိမ်သော မျက်လုံးများဖြင့် မကြာမကြာ လှမ်းကြည့်နေကြသည်။ သူတို့က သရဲနက် လရိပ်ကျွန်းအထိ လိုက်လာမှာကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ထိုစဉ်…၊ လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
အားလုံး ထိတ်ကနဲ ဖြစ်သွားပြီး သတိအနေအထား ဖြစ်သွားကြသည်။
နှင်းပန်းကတော့ ထိုလူရိပ်ကို မြင်လျှင် အသာပြုံးလိုက်လေ၏။ သူမ စောင့်မျှော်နေသူ ရောက်လာ၍ ဖြစ်သည်။
ဟုတ်သည်။ ရောက်လာသည့် လူရိပ်မှာ ရှောင်လုံပင် ဖြစ်သည်။
“အီးဟီးဟီး…၊ အေး အေး လိုက်တာ။ အီးဟီးဟီး…”
ရှောင်လုံမှာ တစ်ကိုယ်လုံ စိုရွှဲနေပြီး ကြွက်စုတ်တစ်ကောင်လို ဖြစ်နေ၏။ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လျက် တုန်တုန်ချည့်ချည့်နှင့် လာနေသည်။
“ရှောင်အစ်ကို လာပြီ”
“ရှောင်လုံ ပြန်လာပြီ”
နာရာကီလေယာ၊ ကျန်းရှီနှင့် ဖန်းချင်းတို့က အပြေးလာပြီး ရှောင်လုံကို ဖေးမကာ တွဲခေါ်ကြသည်။
“အား…၊ တစ်ကိုယ်လုံး အေးစက်နေတာပဲ။ မြန်မြန်…”
ကျန်းရှီက ရှောင်လုံ၏ အေးစက်နေသော လက်ကို ကိုင်မိပြီး တွန့်ကနဲ ဖြစ်သွားသည်။ သူက ချက်ချင်းပင် ရှောင်လုံ၏ လက်မောင်းတစ်ဖက်မှ ဆွဲကိုင်ကာ ဖေးမထားလိုက်သည်။ ဖန်းချင်းကလည်း အခြားတစ်ဖက်မှ ဖေးမထားလိုက်သည်။
“ရှောင်အစ်ကို…၊ အဆင်ပြေရဲ့လား”
“ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ဘူး။ နည်းနည်း အေးရုံပဲ။ ဟတ်ချိုး…။ အီးဟီးဟီး…”
ရှောင်လုံက မေးချင်း တဂတ်ဂတ် ရိုက်ရင်း တစ်ကိုယ်လုံး တုန်လျက်နှင့် ကျန်းရှီနှင့် ဖန်းချင်းကို အားယူကာ တုန်တုန်ချည့်ချည့် လျှောက်နေသည်။
နာရာကီလေယာမှာ စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
“မြန်မြန် ခေါ်လာကြ”
ကျန်းရှီနှင့် ဖန်းချင်းလည်း ရှောင်လုံကို တွဲခေါ်မနေတော့ဘဲ တစ်ဖက်တစ်ချက်မှ တစ်ခါတည်း ပွေ့ချီကာ သမားတော်လေး ဟန်ကောင်းရှင်းထံ ခေါ်လာခဲ့သည်။
နှင်းပန်းကတော့ လှမ်း၍သာ ကြည့်နေခဲ့သည်။ စိတ်ထဲကတော့ ကြိတ်ပြုံးရင်း ခေါင်းအသာ ခါနေမိသည်။
‘ဒီကလေးကတော့လေ…’
ဟန်ကောင်းရှင်းလည်း ရှောင်လုံကို ဆေးတစ်လုံး ကျွေးလိုက်သည်။
“ကျေး..ကျေးဇူးတင်ပါတယ် အစ်ကိုဟန်…‘
အားလုံးကလည်း ရှောင်လုံကို ကြည့်နေကြသည်။
မည်သူမှ စကားမပြောကြပေ။ အားလုံးက သတိထားလျက် ပတ်ဝန်းကျင်ကို အာရုံစိုက်ထားကြသည်။
လူသုံးယောက်ကတော့ ရှောင်လုံကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ ထိုလူသုံးယောက်မှာ ရောင်လုံတို့ ကယ်လာခဲ့သော လူသုံးယောက်ပင် ဖြစ်သည်။ မိုးနတ်မင်းနှင့် မိုးကောင်းကင်ကို ယုံကြည်ကိုးကွယ်သူများလည်း ဖြစ်သည်။
ရှောင်လုံကတော့ သူတို့ကို ပြန်မကြည့်ပါ။ သူက မိုးနတ်မင်း မဟုတ်ကြောင်း၊ မိုးကောင်းကင်လည်း မဟုတ်ကြောင်း၊ သူက သရဲတစ္ဆေသာ ဖြစ်ကြောင်း ထိုလူများကို နားလည်အောင် မည်သို့ ရှင်းပြရမှန်း မသိ၍ ဖြစ်သည်။
အချိန်က နှေးကွေးလေးလံလွန်းနေသလိုပင်။ ထိုအခြေနေမှ မြန်မြန် လွတ်မြောက်ချင်လေလေ အချိန်က နှေးကွေးနေလေလေ ဖြစ်နေသည်။
ရေနစ်ထားသူများလည်း ပုံမှန်အခြေနေသို့ ပြန်ရောက်လာကြသည်။
ယခု လရိပ်ကျွန်းပေါ်တွင် လူငယ်အားလုံး သတိအပြည့်ဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။
အချိန်က တရွေ့ရွေ့နှင့် ဆက်ကုန်နေသည်။
“ဒီလောက် အချိန်ထိ သရဲနက် မလာဘူးဆိုတော့ အဲဒီမကောင်းဆိုးဝါးက ကျွန်းပေါ်ကိုတော့ မလိုက်လာဘူး ထင်တယ်”
ဝမ်လူငယ်က အခြေနေကို သုံးသပ်ပြီး ပြောသည်။
ကိုယ်ရံတော်ကောက ခေါင်းညိတ်သည်။
“လိုက်လာမယ်ဆိုရင်တော့ အခုလောက်ဆို ရောက်ပြီးနေလောက်ပြီ။ အခုထိ မရောက်လာတာက မလာခဲ့လို့ပဲ ဖြစ်လိမ့်မယ်”
ချီးကုံးယောင်ကလည်း ပြောသည်။
“ရှီရေကန်က မြို့ပြင်မှာ ဆိုပေမဲ့ ဒီလှုပ်ရှားမှုက မသေးဘူး။ ဟန်ကျိုးမြို့စွန်က လူတွေ သတိထားမိမှာပဲ။ မြို့ထဲက သိုင်းလောကသားတွေဆီ သတင်းရောက်သွားရင် အလုံးအရင်းနဲ့ လိုက်လာကြမှာပဲ။ လူငယ်တွေထဲမှာ တချို့က နောက်ခံကောင်းတဲ့ သခင်လေးတွေလည်း ပါတာမို့ အမြန်တုံ့ပြန်လာနိုင်တယ်”
ယွဲ့လူငယ်ကလည်း ခေါင်းညိတ်သည်။
“ငါသာ သရဲနက်ဆိုရင် ကျွန်းပေါ်အထိ လာချင်ရင် ခပ်မြန်မြန်လာမှာပဲ။ မလာဘူးဆိုရင်လည်း သိုင်းလောကသားတွေ မလာခင် ရှောင်သွားမှာပဲ။ အခုချိန်ထိ ကျွန်းပေါ်ကို မရောက်လာဘူးဆိုတော့ ရှောင်ထွက်သွားတာပဲ ဖြစ်လိမ့်မယ်”
ဝူချန်အန်းနှင့် လီကျီးတို့ကလည်း ခေါင်းညိတ်ပြကြသည်။ သူတို့က သိုင်းလောကသားများ၏ စိတ်သဘောထားကို သိပ်မရင်းနီးသော်လည်း အခြေနေကိုတော့ တွက်ဆနိုင်ပေသည်။ ထို့ကြောင့် ယခုအခြေနေကို သုံးသပ်လျှင် သရဲနက် ရှောင်သွားခြင်းသာ ဖြစ်မည်ဟု ခန့်မှန်းမိကြသည်။
ထိုထင်မြင်သုံးသပ်ချက်များကို ကြားလျှင် လူငယ်သိုင်းသမားများလုံး စိတ်သက်သာသွားကြသည်။
“ဒါဆို ငါတို့ အသက်ရှင်ပြီပေါ့”
အသက်ဘေးမှ လွတ်မြောက်ပြီဟူသော အသိဖြင့် အားလုံး စိတ်သက်သာရာ ရလာကြသည်။
“အရမ်းကောင်းတာပဲ”
သို့သော်လည်း အပြည့်အဝ မပျော်နိုင်ကြပေ။ ကမ်းပေါ်တွင် လူငယ်သိုင်းသမား ရာချီ သေဆုံးခဲ့သည် မဟုတ်ပါလား။ ထိုသေဆုံးမှုကြီးထဲတွင် သူတို့၏ မိတ်ဆွေများ၊ ဂိုဏ်းတူညီအစ်ကိုများ၊ မိသားစုများ ပါဝင်နေသည် မဟုတ်ပါလား။
ဝူချန်အန်းက လီကျီးကို အားပေးသည်။
“အရမ်းလည်း မစိုးရိမ်ပါနဲ့”
လီကျီးက အသာခေါင်းညိတ်သည်။ သို့သော် သူက စိတ်ပူနေသည်သာ။ သူ၏ အစ်ကိုက သူ့အတွက် အဖေလိုပင် မဟုတ်ပါလား။ သူ့အစ်ကိုနှင့် သူ့မရီးက သူ့အပေါ် အဖေနှင့်အမေလို အလွန်ဂရုစိုက်ကာ ကောင်းကြသည်လေ။ သူ ဟန်ကျိုးသို့ လာချင်သည် ပြောသဖြင့် တကူးတက လိုက်ပို့ခဲ့ကြသည်။ အကယ်၍ သူ့အစ်ကိုနှင့် မရီးသား တစ်ခုခု ဖြစ်သွားခဲ့လျှင် သူ အပြစ်မကင်းသလို နေသွားရပေတော့မည်။
“ဝုန်း…"
“အား…”
ကမ်းဘက်မှ ဆူညံသံများ လွင့်ပျံလာသည်။
ထိုအခါ အားလုံး၏ အကြည့်က အသံလာရာဘက်သို့ ကြည့်မိကြသည်။
“မီးရောင်တွေ…”
ဟုတ်သည်။ ကမ်းဘက်တွင် မီးရောင်များကိုလည်း မြင်လိုက်ရသည်။
“ဟန်ကျိုးမြို့ထဲက သိုင်းလောကသားတွေ ရောက်လာကြပြီ ထင်တယ်”
“ဟုတ်လိမ့်မယ်”
“သရဲနက်ဆိုရင်တော့ အဲဒီလို လုပ်နေမှာ မဟုတ်ဘူး”
ချီးကုံးယောင်က ပြောရင်း မီးတိုင်တစ်ခုကို ကိုင်မြှောက်၍ အချက်ပြပုံစံဖြင့် ဝှေ့ယမ်းပြလိုက်သည်။
ထိုအခါ ကမ်းဘက်မှ မီးရောင်များလည်း အချက်ပြပုံစံဖြင့် လှုပ်ယမ်းလာကြသည်။
“ဟုတ်တယ်။ ဟန်ကျိုးမြို့ထဲက သိုင်းသမားတွေ လိုက်လာကြတာ”
ချီးကုံးယောင်၏ အတည်ပြုစကားကို ကြားလျှင် အားလုံး ပျော်ရွှင်သွားကြသည်။
သူတို့ ကြည့်နေစဉ်မှာပင် မီးရောင်တချို့က တလှုပ်လှုပ် ရွေ့လျားလျက် ကျွန်းဘက်သို့ လာနေသည်။ သိပ်မကြာလိုက်ပါ။ လှေသုံးစင်း ရောက်လာခဲ့သည်။
လှေတစ်စင်းပေါ်တွင် စစ်သည်တော်များလို ဝတ်ဆင်ထားသော စစ်သုံးလှံကိုင် သိုင်းသမားများ ပါလာကြသည်။ လှေတစ်စင်းပေါ်တွင်တော့ ယွဲ့လူငယ်၏ အဝတ်စားနှင့် ဆင်တူသော လေးသည်တော်များ ပါလာကြသည်။ ကျန်လှေတစ်စင်းတွင်တော့ သူတောင်းစားဂိုဏ်းသားများ ပါလာသည်။ ဦးဆောင်လာသူမှာ အနောက်ပိုင်း အကြီးကဲကျန်း ကိုယ်တိုင် ဖြစ်သည်။
“သခင်လေးချီးကုံးယောင်…”
လှံသမားများက လှမ်းခေါ်ရင်း ချီးကုံးယောင်နားသို့ ရောက်လာကာ ဝန်းရံထားလိုက်ကြသည်။
“ဒီလောက်ကြီး ဟန်ရေးပြမနေပါနဲ့။ ငါ အဆင်ပြေပါတယ်”
“သခင်လေး အဆင်ပြေတာ ကောင်းတယ်။ သခင်လေးသာ အဆင်မပြေရင်…”
လှံသမားတစ်ယောက်က ပြောလက်စစကားကို အဆုံးထိ မပြောဘဲ ရပ်ထားလိုက်သည်။
“သခင်လေး ယွဲ့ကျဲ့မို…”
လေးသည်တော်များကလည်း ယွဲ့လူငယ်အနားတွင် ဝန်းရုံလိုက်ကြသည်။
ချီးကုံးယောင်က ယွဲ့လူငယ်ဘက်သို့ ကြည့်လာသည်။
“ရောင်းရင်းယွဲ့က အဲဒီ ယွဲ့ကျဲ့မိုဖြစ်နေတာကိုး”
“ဟားဟား…၊ ကျုပ်တို့ ယွဲ့အိမ်သားတွေက စကားချဲ့ကားပြောတတ်ပါတယ်။ ရောင်းရင်းချီး အတည်မယူပါနဲ့”
ချီးကုံးယောင်က ဘာမှ မပြောဘဲ ပြုံး၍သာ နေလိုက်သည်။
“အကြီးကဲ ကျန်း…”
လုချွမ်း၊ ကျိတောင်နှင့် ကျန်သူတောင်းစားဂိုဏ်းသားနှစ်ယောက်က အကြီးကဲကျန်းကို နှုတ်ဆက်ကြသည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်”
အကြီးကဲကျန်းက ကျေနပ်ဝမ်းသာစွာဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ သူတောင်းစားဂိုဏ်းမှ ဂိုဏ်းသားလေးယောက်လုံးကို အသေပျောက်မရှိဘဲ ပြန်တွေ့ခဲ့ရသည် မဟုတ်ပါလား။
“ကောင်းပြီ။ အားလုံး ကမ်းကို ပြန်ကြစို့…”
ရောက်လာသော လှေသုံးစင်းက အတော်ကြီးသဖြင့် လှေတစ်စင်းတွင် လူငါးယောက်လောက် ထပ်ခေါ်သွားနိုင်လောက်သည်။ ကျွန်းပေါ်တွင်လည်း လှေငယ်ငါးစင်း ရှိနေပြီးဖြစ်၍ အားလုံး အတူတကွ ပြန်သွားကြရန် လုံလောက်နေသည်။
ဝမ်လူငယ်က သူ့လူများကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ကျွန်းပေါ်မှ လူငယ်သိုင်းသမားများအားလုံး နီးရာလှေပေါ်သို့ မျှ၍ တက်လိုက်ကြသည်။
“အကြီးကဲကျန်း…၊ ကမ်းပေါ်မှာ အခြေနေဘယ်လိုလဲ”
လုချွမ်းက အကြီးကဲကျန်းကို မေးလိုက်သည်။
“တော်တော် ဆိုးတယ်”
အကြီးကဲကျန်းက ထိုမျှသာပြောသည်။ သူ့မျက်နှာက ခက်ထန်နေ၏။ သရဲနက်က အမှန်ပင် ရက်စက်ဆိုးရွားလွန်းသည်။ လူငယ်မျိုးဆက်သိုင်းသမားများ စုဝေးနေရာသို့ လာရောက်တိုက်ခိုက်သတ်ဖြတ်သွားခဲ့သည်။
‘သိုင်းလောကသားတွေနဲ့ သရဲနက်ကြားက ရန်ငြိုးကတော့ ကမ္ဘာကြေရင်တောင် မကြေတဲ့ ရန်ငြိုးဖြစ်သွားပြီ’
အသတ်ခံရသော လူငယ်မျိုးဆက်သိုင်းသမားများမှာ သိုင်းအိမ်တော်များ၊ သိုင်းမိသားစုများမှ လူငယ်မျိုးဆက်ပါရမီရှင်လေးများနှင့် သခင်ငယ်လေးများ ဖြစ်သည် မဟုတ်ပါလား။ သိုင်းအိမ်တော်များနှင့် သိုင်းမိသားစုများက အဘယ်မှာ အခဲကြေနိုင်ပါမည်နည်း။
သရဲနက်ကို တွေ့ရာသင်္ချိုင်း လိုက်သတ်ကြပေတော့မည်။
‘သရဲနက်က အရှောင်တိမ်း ကောင်းလွန်းတယ်။ အရင်ကလည်း ဒီလိုပဲ သိုင်းလောကထဲ ဝင်မွှေနှောက်ပြီး ပျောက်ကွယ်သွားခဲ့တာ။ အခုလည်း ဘယ်မှာ သွားပုန်းနေမလဲ မသိဘူး။ သူ့ရဲ့ လမ်းကြောင်းတွေကို သိတဲ့သူ မရှိတာက ဆိုးတာပဲ။ သရဲနက်ရဲ့ ခြေကုပ်နေရာကိုသာ သိရင် သိုင်းလောကသားတွေ အလုံးအရင်းနဲ့ ရှင်းလင်းကြမှာပဲ။ ဟင်း…၊ အဲဒီမကောင်းဆိုးဝါးကောင်ကတော့…’
အကြီးကဲကျန်းလည်း တွေးရင်း စိတ်ပင်ပန်းနေရတော့သည်။ သရဲနက်၏ ခွန်အားကပင် သူတို့လို သိုင်းထိပ်သီးအဆင့်များ မချဉ်းကပ်နိုင်သော အဆင့်မျိုး ဖြစ်နေသည်လေ။ သရဲနက်၏ မကောင်းဆိုးဝါးနည်းစနစ်များကလည်း အလွန်ရင်ဆိုင်ရခက်သည်။ သရဲနက် အထွတ်ထိပ်အဆင့်သို့ ရောက်သွားခဲ့ခြင်းက သိုင်းလောကထဲ မွှေချင်သလို မွှေနှောက်နိုင်သော အခြေနေမျိုး ဖြစ်နေခဲ့သည်။ သရဲနက်တစ်ယောက်ကို ထိန်းချုပ်ရန် အထွတ်ထိပ်အဆင့် နှစ်ယောက်လောက်က အနည်းဆုံး လိုအပ်သည်။ တစ်ယောက်တည်းက ဘာမှ မလုပ်နိုင်ပေ။
‘သေဆုံးသွားတဲ့ လူငယ်သိုင်းသမားတွေထဲမှာ နောက်ခံကြီးကြီးမားမားတွေ ရှိနေရင်တော့ သရဲနက် သိုင်းလောကထဲ ခြေရှုပ်နိုင်မှာ မဟုတ်လောက်တော့ပါဘူး’
အကြီးကဲကျန်းလည်း သရဲနက်အကြောင်း ထပ်မစဉ်းစားတော့ဘဲ ခေါင်းခါလိုက်သည်။ သူတောင်းစားဂိုဏ်း၏ လက်ရှိ ရင်ဆိုင်နေရသော အခက်ခဲက သရဲနက်ကို ရင်ဆိုင်ရသည်ထက် ပိုဆိုးသည် မဟုတ်ပါလား။
ထိုအချိန်တွင် ကာယကံရှင်ဖြစ်သော သရဲနက်မှာတော့ လရိပ်ကျွန်း၏ ချောင်ကျသော ကျောက်တုံးများကြားထဲတွင် သတိလစ်လျက် ငြိမ်သက်နေခဲ့လေ၏။
အခန်း(၃၃၁)ပြီး
***