“အား…၊ သရဲနက်၊ မကောင်းဆိုးဝါးကောင်။ ငါ သတ်ချင်တယ်။ ငါ သရဲနက်ကို သတ်ချင်တယ်”
“ညီလေး…၊ အီးဟီးဟီး…၊ ဖြစ်မှ ဖြစ်ရလေ ညီလေးရာ…၊ အား…”
“ငါ့ရဲ့ ကလေး၊ ငါ့ရဲ့ ကလေး…။ ရှာကြစမ်း…၊ အဲဒီ မကောင်းဆိုးဝါးကောင်ကို ရှာကြစမ်း…”
“ရှာကြဟေ့…၊ မကောင်းဆိုးဝါးကောင်ကို ရှာကြ။ သေသင့်တဲ့ မကောင်းဆိုးဝါးကောင်”
လှေရှစ်စင်းလုံး ကမ်းဘက်သို့ နီးကပ်လာခဲ့သည်နှင့် ကမ်းပေါ်တွင် ဟိုမှသည်မှ အော်ဟစ်နေကြသော အသံများ၊ မချိတင်ကဲ ဖြစ်နေကြသော အသံများ၊ ငိုကြွေးနေကြသော အသံများကို ကြားလိုက်ရသည်။
ကမ်းပေါ်တစ်လျှောက် သိုင်းလောကသား အများအပြား ရောက်နေကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်။
“အစ်ကိုကြီး…”
ကမ်းပေါ်ရောက်သည်နှင့် လီကျီးက သူ့အစ်ကိုကြီးကို ရှာသည်။
“ဖြစ်လို့ မရဘူး။ အစ်ကိုကြီး ဘာမှ ဖြစ်လို့မရဘူး”
“ဟိုဘက်မှာ လူတွေ စုနေတယ်။ သွားကြည့်ကြရအောင်”
ဝူချန်အန်းက လီကျီးကို ဖေးမတွဲခေါ်ရင်း လူများ စုရုံးနေသော နေရာသို့ သွားလိုက်သည်။
“အသက်တော့ ရှိနေသေးတယ်။ ဒါပေမဲ့ ပြန်ကောင်းလာဖို့ကတော့…”
“အဲဒါ သရဲနက်ရဲ့ မကောင်းဆိုးဝါးပညာပဲ”
ထိုလူစုရုံးရာနေရာမှ စကားသံများ ဖြစ်သည်။
“အသက်ရှင်တဲ့သူတွေ ရှိသေးတယ်တဲ့”
လှေပေါ်မှ လူငယ်အားလုံး ထို လူစုရုံးနေရာသို့ ပြေးလာကြသည်။
လူများ ဝိုင်းအုံကြည့်နေသည့်ကြားတွင် လူရှစ်ယောက်က လူသေများလို လဲလျောင်းငြိမ်သက်နေသည်။
“တဆိတ်လောက် လမ်းပေးပါ”
ဟန်ကောင်းရှင်းနှင့် ဝမ်ယောက်ရှီးလည်း ရောက်လာသည်။
ဟန်ကောင်းရှင်းက လဲလျောင်းနေသူတစ်ယောက်ကို စစ်ဆေးကြည့်သည်။
“ဒါက…”
ဟန်ကောင်းရှင်းမှာ မျက်ခုံးတွန့်ကာ မျက်နှာအမူရာ လေးနက်သွားသည်။
“ဘာဖြစ်လို့လဲ ဂိုဏ်းတူညီလေး”
ဝမ်ယောက်ရှီးက မေးရင်း သူကိုယ်တိုင်လည်း လူတစ်ယောက်ကို စစ်ဆေးကြည့်သည်။
“အင်း…”
ဝမ်ယောက်ရှီးက ဟန်ကောင်းရှင်းကို ကြည့်သည်။ လျှို့ဝှက်အသံဖြင့် မေးလိုက်သည်။
~~ဂိုဏ်းတူညီလေး…၊ တစ်ခုခု ပြောနိုင်တာ ရှိလား~~
ဟန်ကောင်းရှင်းက ခဏစဉ်းစားပြီး ပြောသည်။
~~ဒီလက္ခဏာက အရင်က တွေ့ဖူးခဲ့တဲ့ လက္ခဏာတွေနဲ့ ကွဲပြားနေတယ်~~
~~ဘယ်လို ကွဲပြားနေတာလဲ~~
~~ပထမတစ်ချက်က သွေးလည်ပတ်နှုန်း နှေးကျတာ မြန်နေတယ်။ ဒီအဆင့်က ထိတ်လန့်ခြောက်ခြားတဲ့ အဆင့်ကို လွန်ပြီး မိန်းမောတဲ့ အဆင့်မှာပါ။ သွေးလည်ပတ်နှုန်းက နှေးကွေးလေးလံနေရမှာ ဖြစ်ပေမဲ့ တည်ငြိမ်တဲ့ အရှိန်တစ်ခုနဲ့ လည်ပတ်နေရမှာပါ။ ဒါပေမဲ့ အခုက ဆက်ပြီး နှေးကျနေတယ်။ ဒါက…~~
~~ဒါက ဘာအဓိပ္ပါယ်လဲဆိုတာ ကောက်ချက်ချလို့ ရလား~~
ဟန်ကောင်းရှင်းက ခေါင်းညိတ်လိုက်ပြီး သမားတော်ခြံဝင်းအလုပ်သမားများ ခံစာူခဲ့ရသည့် အခြေနေနှင့် ချိန်ထိုး၍ ပြောပြသည်။
~~မိန်းမောတဲ့အဆင့်ရဲ့ အလွန်မှာ မနိုးတဲ့ အိပ်စက်ခြင်းအဆင့် ရှိတယ်။ နောက်ပြီးရင် သေဆုံးခြင်းအဆင့် ရှိတယ်။ ပထမဆုံး ထိတ်လန့်ခြောက်ခြားခြင်းအဆင့်မှာ နာကျင်ခံခက်မှုနဲ့ တွဲနေလို့ မမိန်းမောနိုင်ဘူး။ စိတ်ရောခန္ဓာကိုယ်ရော အချိန်တစ်ခုအထိ နာကျင်ပင်ပန်း ခံစားရပြီးမှ မိန်းမောသွားနိုင်တယ်။ မိန်းမောမှုအဆင့်မှာလည်း အချိန်တစ်ခုအထိ မိန်းမောနေတတ်တယ်~~
~~အချိန်တစ်ခုလား။ အဲဒါကို ဘယ်လို သတ်မှတ်တာလဲ~~
~~အသိစိတ်က ခန္ဓာကိုယ်ရဲ့ ရှင်သန်မှုကို သိနေတဲ့အထိ မိန်းမောပါတယ်။ မိန်းမောမှုက အချိန်တစ်ခု ကြာသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ရှင်သန်မှုကို မသိနိုင်တော့ဘူး။ အဲဒီအချိန်ကို ရောက်သွားရင် အသိစိတ်လည်း အိပ်မောကျသွားတယ်။ ပြန်မနိုးလာနိုင်တော့ဘူး။ ဒါပေမဲ့ သေတော့ မသေသေးဘူး။ ပြန်မနိုးတဲ့အိပ်မောကျချိန်ကို လွန်ရင်တော့ သေပါပြီ
။ ဒီနည်းစနစ်က သရဲနက်ရဲ့ သတ်ဖြတ်တဲ့ နည်းစနစ်ပါပဲ~~
ဝမ်ယောက်ရှီးက ခေါင်းညိတ်လိုက်သည်။
~~အဲဒီ သရဲနက်ရဲ့ လူသတ်တဲ့ နည်းလမ်းက သာမန်မဟုတ်ဘူးပဲ။ ဂိုဏ်းတူညီလေး ပြောပုံအရဆိုရင် အခု ဒီလူတွေက တစ်ဆင့်ပြီးတစ်ဆင့် ခံစားနေရတာမဟုတ်ဘဲ တရှိန်ထိုး ခံစားနေရတဲ့ အဓိပ္ပါယ်ပေါ့။ သရဲနက်က သူတို့ကို မြန်မြန်သေသွားစေချင်ပုံပဲ~~
ဟန်ကောင်းရှင်းကလည်း ခေါင်းညိတ်သည်။ သူ့မျက်နှာက လေးနက်နေသည်။
~~ဂိုဏ်းတူညီလေးအတွက် အခက်ခဲရှိနေလား~~
~~အရှိန်က မြန်လွန်းနေတယ်။ မကြာခင် အသိစိတ်က အိပ်မောကျသွားမှာ စိုးရိမ်ရတယ်။ ဒါဆို မသေအောင် အတင်းဆွဲထားရင်တောင် ပြန်မနိုးလာဘဲနဲ့ မျောနေလိမ့်မယ်~~
~~အင်း…~~
ဝမ်ယောက်ရှီးက ခေါင်းညိတ်ပြီး သူ့ အင်္ကျီရင်ဘတ်အတွင်းအိတ်ထဲက ကြွေပုလင်းလေးနှစ်လုံး ယူထုတ်ပြီး ဟန်ကောင်းရှင်းကို ပေးလိုက်သည်။ ကြွေပုလင်းတစ်လုံးက အနည်းငယ်ကြီးပြီး လုံးလုံးဝိုင်းဝိုင်းနှင့် ဖြစ်သည်။ ကြွေပုလင်းတစ်လုံးက ခပ်သေးသေးနှင့် ရှည်ရှည်မျောမျောလေး ဖြစ်သည်။
~~ဂိုဏ်းတူအစ်ကို ဒါက…~~
ဟန်ကောင်းရှင်းက ဆေးပုလင်းကို မြင်သည်နှင့် သာမန် မဟုတ်ကြောင်း ခန့်မှန်းမိသည်။
~~ပုလင်းအကြီးထဲက ဆေးလုံးက ခန္ဓာကိုယ်သွေးသားအသက်ဓာတ်ကို အားဖြည့်ပေးထားလိမ့်မယ်။ ဒါက အသိစိတ် အိပ်မောမကျအောင် ထိန်းထားပေးနိုင်လိမ့်မယ်။ ပုလင်းအသေးထဲက ဆေးရည်က စိတ်မပျံ့လွင့်အောင် စိတ်အာရုံစုစည်းပေးတဲ့ ဆေးရည်ပဲ။ မိန်းမောနေတာကို ထိန်းနိုင်လိမ့်မယ်။ ဒီလောက်ဆိုရင် ဂိုဏ်းတူညီလေးအတွက် အချိန်ရပြီလား~~
ဟန်ကောင်းရှင်းက အမြန်ခေါင်းညိတ်လိုက်သည်။
~~ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို~~
~~ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဂိုဏ်းတူညီတစ်ယောက် ရပေမဲ့ ဘာလက်ဆောင်မှ မပေးရသေးဘူးလေ။ လက်ဆောင်သေးသေးလေး ပေးတယ်လို့ပဲ သဘောထားလိုက်ပါ~~
ဟန်ကောင်းရှင်းက နူးညံ့စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ဝိုင်းကြည့်နေသူများကို ကြည့်၍ အကူညီတောင်းသည်။
“အားလုံးပဲ…၊ ဆေးတိုက်လိုက်ရင် ဆေးလုံး အမြန်ပျော်ပြီး သွေးထဲ မြန်မြန်ရောက်အောင် အတွင်းအားနဲ့ ဝိုင်းကူပေးနိုင်တဲ့လူတွေ လိုပါတယ်”
ဝိုင်းကြည့်နေသူများကလည်း သမားတော်လေးဟန် စစ်ဆေးစမ်းသပ်မှုကို မြင်ခဲ့ကြပြီးနောက် ချက်ချင်း ဝိုင်းကူကြသည်။
“ကျုပ် ကူညီမယ်”
“အဲဒီအတွက် ကျုပ်တာဝန်ထားလိုက် သမားတော်လေးဟန်”
အတွင်းအား ခိုင်မာအားကောင်းသော သိုင်းသမားများ ရှေ့ထွက်လာပြီး လဲလျောင်းငြိမ်သက်နေသူများကို ဆွဲထူပြီး ထိုင်နိုင်အောင် ကူညီကြသည်။ နောက်ကျောကို လက်ဖြင့် ဖိကပ်၍ အတွင်းအား ပို့လွှတ်နိုင်အောင် အဆင်သင့် ပြင်ထားလိုက်ကြသည်။
“အစ်ကိုကြီး၊ မရီး…”
ထိုအချိန်တွင် လီကျီးလည်း ရောက်လာပြီး လဲလျောင်းနေသူများထဲတွင် သူ့အစ်ကိုကြီးနှင့် သူ့မရီးကို တွေ့သွားခဲ့သည်။ စိုးရိမ်ပူပန်စွာဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်က မကျန်းမာသူဖြစ်၍ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသော်လည်း မိခင်ဖခင်လို သူအပေါ် အလွန်ကောင်းပြီး အလွန်ဂရုစိုက်ကြသော အစ်ကိုကြီးနှင့် မရီး၏ သေရေးရှင်ရေးကို မြင်သောအခါ လီကျီးတစ်ယောက် မတည်ငြိမ်နိုင်တော့ပေ။
“မဖြစ်ရဘူး…၊ အစ်ကိုကြီး ဘာမှ ဖြစ်လို့ မရဘူး…”
လီကျီးတစ်ယောက် တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။ နဂိုကမှ အားနည်းဖျော့တော့နေသော မျက်နှာကလည်း သွေးမရှိတော့ပေ။
ထိုစဉ် လီကျီး၏ ပခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာပြီး ဆုပ်ကိုင်ထားခဲ့သည်။ ထိုလက်က အေးမြနေခဲ့သည်။ ပခုံးမှတစ်ဆင့် လီကျီး၏ တစ်ကိုယ်လုံးကို အေးမြသွားစေပြီး သက်တောင့်သက်သာ ဖြစ်သွားစေခဲ့သည်။ လီကျီး၏ စိတ်ထဲက စိုးရိမ်ပူပန်နေမှုများကို ငြိမ်းအေးသွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရင်းနှီးနေသော စကားသံကိုလည်း ကြားလိုက်ရသည်။
“အရမ်း မစိုးရိမ်နဲ့။ သမားတော်လေးဟန်က အဲဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ပုံရတယ်”
လီကျီးက လှည့်ကြည့်လိုက်သည်။
ရှောင်လုံ။
ရှောင်လုံက ပြုံး၍ လီကျီးကို ခေါင်းတစ်ချက် ညိတ်ပြပြီး ပခုံးကို အသာပုတ်ကာ ရှေ့တက်သွားသည်။
ရှောင်လုံ၏ နောက်တွင် နှင်းပန်းလည်း ပါလာသည်။
ရှောင်လုံက လီကျီး၏ အစ်ကိုကြီးကို ဆွဲထူ၍ ထထိုင်စေပြီး နောက်ကျောကို လက်ဝါးဖြင့် ဖိကပ်ပေးထားလိုက်သည်။
နှင်းပန်းကလည်း လီကျီး၏ မရီးကို ထူပေးပြီး နောက်ကျောကို လက်ဝါးဖြင့် အသာဖိကပ်ထားလိုက်သည်။
“ကောင်လေးတွေ၊ မင်းတို့ ဘေးဖယ်။ မင်းတို့ ခွန်အားနဲ့ ကူညီနိုင်မှာ မဟုတ်ဘူး။ ငါတို့ ကူညီလိုက်မယ်”
သိုင်းသမားကြီးနှစ်ယောက်က ပြောပြီး ရှောင်လုံနှင့် နှင်းပန်းကို ဖယ်ခိုင်းသည်။ အခြေခံသိုင်းအဆင့်မျှသာ ရှိသော သူတောင်းစားလေးနှစ်ယောက်က လူနာကို မည်သို့ ကူညီနိုင်ပါမည်နည်း။
ရှောင်လုံရော နှင်းပန်းရောက မဖယ်ပေးခဲ့ပေ။
ဟန်ကောင်းရှင်းက ထိုအခြေနေကို မြင်ပြီး လာတားသော သိုင်းသမားကြီးနှစ်ယောက်ကို အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော် ညီငယ်တွေပါ။ သူတို့ ကူညီပေးနိုင်ပါတယ်”
“ဪ…၊ သူတို့က သမားတော်ခြံဝင်းက အလုပ်သမားတွေကိုး…”
ဟန်ကောင်းရှင်း၏ စကားကြောင့် သိုင်းသမားကြီးနှစ်ယောက်လည်း ရှောင်လုံတို့ကို မတားတော့ဘဲ ရပ်ကြည့်နေလိုက်ကြသည်။ သမားတော်ခြံဝင်းတွင် အခြေခံဆေးပညာကျွမ်းကျင်သူများရှိပြီး သမားတော်ကို ကူညီ၍ လူနာများကို စောင့်ရှောက်ပေးနိုင်မှန်း သိထားကြသည်။ ထို့ကြောင့် ရှောင်လုံနှင့် နှင်းပန်းကို သမားတော်ခြံဝင်းမှ ဆေးပညာတတ်ကျွမ်းသော အကူအလုပ်သမားများဟု ထင်သွားကြသည်။
ဟန်ကောင်းရှင်းက လီကျီး၏ အစ်ကိုကြီးနှင့် မရီးကို ဆေးတစ်လုံးစီ တိုက်ကျွေးလိုက်သည်။ သူက ရှောင်လုံနှင့် နှင်းပန်းကို တစ်ချက်ကြည့်ပြီး အသာခေါင်းညိတ်ပြသည်။
ရှောင်လုံနှင့် နှင်းပန်းလည်း အသာခေါင်းညိတ်၍ ဆေးလုံးအရည်ပျော်ပြီး သွေးထဲမြန်မြန်ရောက်အောင် အတွင်းအားဖြင့် ကူညီပေးလိုက်ကြသည်။
ဝမ်ယောက်ရှီး၏ ဆေးက အမှန်ပင် အစွမ်းထက်သည်။ ဖျော့တော့နေသော လူနာများအားလုံး မျက်နှာသွေးရောင် ပြန်ပေါ်လာသည်။
“ကောင်းလိုက်တာ။ သမားတော်လေးဟန်က ကျော်တဲ့အတိုင်း တကယ်လည်း တော်လွန်းပါတယ်။ လူနာတွေ ချက်ချင်းအခြေနေကောင်းလာတယ်”
“ဟုတ်တယ်။ သမားတော်ခြံဝင်းက ဟန်ကျိုးမြို့ရဲ့ အစစ်မှန် ဂုဏ်သိက္ခာပဲ”
ဟန်ကောင်းရှင်းက လူများ၏ စကားကို အာရုံမထားဘဲ လူနာများ၏ အခြေနေကိုသာ စောင့်ကြည့်နေခဲ့သည်။ သူလိုချင်သော အခြေနေသို့ ရောက်သောအခါ ဆေးရည်တစ်စက်စီ ထပ်တိုက်ကျွေးလိုက်သည်။
“ဒီလောက်ဆိုရင်တော့ မစိုးရိမ်ရတော့ဘူး။ လူနာတွေကို သမားတော်ခြံဝင်းမှာ ဆက်ပြီး ကုသပေးဖို့ လိုပါသေးတယ်။ အားလုံးပဲ ကူညီပေးကြပါဦး”
အားလုံးကလည်း တက်ကြွစွာ ကူညီကြသည်။
“အဲဒီအတွက် စိတ်ချ”
“ကျုပ်တို့ လိုက်ပို့ပေးပါ့မယ် သမားတော်လေးဟန်”
ရှောင်လုံနှင့် နှင်းပန်းလည်း လီကျီး၏ အစ်ကိုကြီးနှင့် မရီးကို ကျောပေါ်တင်၍ ကုန်းပိုးလိုက်ကြသည်။
ထို့နောက် သမားတော်လေးဟန်နှင့် ဝမ်ယောက်ရှီးတို့ ဦးဆောင်သော အဖွဲ့က လူနာများကို သယ်၍ ရှီရေကန်မှ ထွက်လာခဲ့လိုက်ကြသည်။
တခြားသိုင်းလောကသားများကတော့ သေဆုံးသွားသော လူငယ်သိုင်းသမားများကို စစ်ဆေးသူက စစ်ဆေး၊ အလောင်းရှာသူကရှာနှင့် ကျန်ရစ်ခဲ့ကြသည်။ တချို့ကလည်း သူတို့၏ လူငယ်မျိုးဆက် သိုင်းသမားများ သေဆုံးမှုအတွက် ဒေါသတကြီးနှင့် အော်ဟစ်နေကြသည်။ တချို့က ငိုကြွေးနေကြသည်။ တချို့က သရဲနက်ကို လိုက်ရှာနေကြသည်။
ရှီရေကန်တစ်ဝိုက်တွင် သိုင်းလောကသားနှင့် ရုတ်ရုတ်သဲသဲ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေခဲ့သည်။ ထိုအခြေနေတစ်ခုလုံးကို ကောင်းကင်ပေါ်မှ ဆယ်ရက်ည၏ လတစ်ခြမ်းက မသိလေရော့သလား မသိ။ သိသော်လည်း ဂရုမစိုက်လေရော့သလား မသိ။ မလှုပ်မယှက်နှင့် တိတ်ဆိတ်ငြိမ်သက်စွာ သာနေခဲ့လေ၏။
ကိုးလပိုင်း ဆယ်ရက်ညကား ရုတ်ရုတ်သဲသဲနိုင်လွန်း၏။ သိုင်းလောကလူငယ်မျိုးဆက်များကြားက သိုင်းပညာအသိမြင်ဖလှယ်ပွဲက ထိုပုံစံဖြင့် အကြည်းတန်စွာ အဆုံးသတ်သွားခဲ့သည်။ သရဲနက်၏ နာမည်ကလည်း လူတိုင်း၏ နားထဲ ရောက်သွားသည်။
သရဲနက်။ သေသင့်တဲ့ မကောင်းဆိုးဝါးကောင်။
သရဲနက်အပေါ် ထားသော လူတိုင်း၏ အမုန်းတရားနှင့် ရန်ငြိုးအာဃာတများက ပို၍ ကြီးထွားလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သရဲနက်ကို ပို၍ ကြောင်ရွံ့လာကြသည်။ သရဲနက်ကို မည်မျှပင် အခဲမကြေ၍ သတ်ဖြတ်ချင်နေကြပါစေ တော်ရုံလူများက မလှုပ်ရှားရဲကြပေ။ မရှာဖွေရဲကြပေ။ သရဲနက် မည်သည့်နေရာက ပေါ်ထွက်လာပြီး မည့်သည့်အချိန်တွင် ဆိုးယုတ်ကြမ်းကြုတ်သော သတ်ဖြတ်မှုကြီး ထပ်ကျူးလွန်မည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။
အရဲစွန့်၍ ရှာဖွေကြသူများ ရှိသော်လည်း သရဲနက်ကို ရှာမတွေ့ခဲ့ကြပေ။ ဟန်ကျိုးတစ်မြို့လုံးကိုရော ဟန်ကျိုးမြို့ ပတ်ဝန်းကျင်ကိုရော လိုက်ရှာကြသော်လည်း သရဲနက်မှာ ပျောက်ခြင်းမလှ ပျောက်နေခဲ့လေ၏။
သူတို့ လိုက်ရှာနေသော သရဲနက်က လရိပ်ကျွန်းပေါ်က ကျောက်တုံးများကြားတွင် သတိလစ်မေ့မျောနေလိမ့်မည်ဟု မည်သူကမှ မတွေးမိခဲ့ကြပေ။
‘အဝေးကြီးကို မြင်နိုင်သော မျက်လုံးသည် မျက်တောင်ကိုတော့ မမြင်နိုင်’ဟူသော စကားအတိုင်းပင် သရဲနက်က သူတို့၏ လက်တစ်ကမ်းတွင် ရှိနေပြီး သူတို့ သတ်လိုက အလွယ်တကူသတ်လိုက်နိုင်သော အနေထားတွင် ရှိနေခဲ့သော်လည်း မည်သူမှ ရှာမတွေ့ခဲ့ကြပေ။
ထိုသို့ဖြင့် ဆယ်ရက်ညကို လွန်၍ ဆယ့်တစ်ရက်နေ့သို့ ရောက်လာခဲ့သည်။
ဟန်ကျိုးမြို့၏ နံနက်ခင်းကား ပုံမှန်နေ့ရက်များအတိုင်း နိုးထလာခဲ့သည်။ နှစ်ရက်ဆက်တိုက် ကိစ္စကြီးများ ဖြစ်ပွားခဲ့သည့်တိုင် ဟန်ကျိုးမြို့က ဟန်ချက်မပျက်သွားခဲ့ပေ။ လူများက ပုံမှန်အတိုင်း နိုးထလာကြသည်။ အသက်ရှင်ရပ်တည်မှုအတွက် နေ့စဉ် လုပ်နေကျအလုပ်များ လုပ်ကြသည်။ ရောင်းသူများက ရောင်း၍ ဝယ်သူများက ဝယ်ကြသည်။ ချက်ပြုတ်သူများက ချက်ပြုတ်၍ စားသောက်သူများက စားသောက်ကြသည်။ လမ်းပေါ်ထွက်၍ ဆော့ကစားတတ်သော ကလေးများကလည်း ဆော့ကစားမြဲ ဆော့ကစားနေကြသည်။
ဤကား ဘဝလော။ သက်ရှိတို့၏ ဖြစ်တည်မှုလော။ မသေချာသော်လည်း သေချာမှုတစ်ခုကား သက်ရှိလူသားများဖြစ်၍ ရှင်သန်ရန် လိုအပ်သည်။ ရှင်သန်ရန် စားရသောက်ရဖို့ လိုအပ်သည်။ စားရသောက်ရဖို့ အလုပ်လုပ်ရန် လိုအပ်သည်။ ၎င်းကား သက်ရှိလူသားတို့၏ နေ့စဉ်လည်ပတ်နေသော ယန္တရားဖြစ်သည်။ မည်သူမှ မရပ်တတ်နိုင်ပေ။
‘သရဲဖြစ်သွားရင်တောင် စားဖို့သောက်ဖို့ ရှာရဖွေရသေးတယ်’ဟူသော စကားပင် ရှိသည် မဟုတ်ပါလား။ အသက်ရှင်နေသော လူဖြစ်ပါမူ အဘယ်ကြောင့် စားဖို့သောက်ဖို့ မလုပ်မကိုင်ရဘဲ နေပါမည်နည်း။
ဤကား သက်ရှိတို့၏ ဖြစ်တည်မှုအမှန်တရားပင်တည်း။
သမားတော်ခြံဝင်း။
ရသေ့ကြီး၊ ရှောင်လုံ၊ နှင်းပန်း၊ ကျန်းရှီနှင့် ဖန်းချင်းတို့ ငါးယောက် ခရီးဆက်ရန် အဆင်သင့် ဖြစ်နေကြလေ၏။
သမားတော်ကြီးဟန်က ရသေ့ကြီးကို တွေဝေစွာ ကြည့်နေခဲ့သည်။
“အဲဒီလိုကြီး ကြည့်နေတာက မသိရင် ကျုပ်တို့က ပြန်မတွေ့ကြတော့မယ့် လူတွေလိုပဲ။ စိတ်ချ…၊ ကျုပ်တို့ ပြန်တွေ့ဦးမှာပါ”
“ကောင်းတယ် အဖိုးကြီး။ ခင်ဗျားစကားနဲ့ ခင်ဗျားနော်။ ပြီးမှ ပြန်မလာလို့ကတော့ ခင်ဗျားကို မတွေ့တွေ့အောင် လိုက်ရှာပြီး ရိုက်ပစ်မယ်”
“ဟားဟား…၊ ကျုပ်က နည်းနည်းတော့ အပုန်းကောင်းတယ်နော်”
ရသေ့ကြီးက ရယ်မောရင်း လှည့်ထွက်သွားခဲ့သည်။
“သွားပြီဗျို့…”
“သတင်းကောင်းရှိရင် ကျုပ် ဆက်သွယ်လိုက်မယ်”
သမားတော်ကြီးဟန်က လှမ်းပြောရင်း ထွက်ခွာသွားသော သူ့ငယ်ပေါင်း မိတ်ဆွေရင်းကြီး၏ ကျောပြင်ကို ကြည့်နေမိခဲ့သည်။ တစ်ချိန်က ဇွဲကြီးပြီး အလွန်တက်ကြွသော လူငယ်လေးက အခုတော့လည်း အိုမင်းချည့်နဲ့နေခဲ့လေပြီ။ သက်တမ်းအကန့်သတ်ဖြင့် သေခြင်းတရားကို အမိအရ ဆုပ်ကိုင်ထားခဲ့ပြီးလေပြီ။
“ဟင်း…”
သမားတော်ကြီးဟန်က သက်ပြင်းချရင်း ခေါင်းခါသည်။ ကောင်းကင်ပေါ်က တက်သစ်စ နေမင်းကြီးကိုလည်း လှမ်းကြည့်မိသည်။
သူတို့လည်း တစ်ချိန်က တက်သစ်စ နေမင်းလို လန်းဆန်းတက်ကြွစွာ တောက်ပခဲ့ဖူးကြသည်ပင်။ အခုတော့…
သမားတော်ကြီး တွေးနေစဉ်မှာပင် သမားတော်လေးဟန်နှင့် ဝမ်ယောက်ရှီးတို့ ရောက်လာကြသည်။
“ဘိုးဘိုး…”
သမားတော်လေးဟန်သည်လည်း အထုပ်ပိုးများနှင့် ခရီးထွက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ဟန်ကောင်းရှင်းက မြေပေါ်တွင် ဒူးထောက်၍ သူ့အဘိုးကို အရိုသေပြုသည်။
သမားတော်ကြီးဟန်က ပြုံး၍ ကြည့်နေခဲ့သည်။
“ကောင်းတယ်…၊ ဘိုးဘိုးအတွက် ဘာမှ နောက်ဆံမတင်းနေနဲ့။ အဲဒီလမ်းကို လူလေး ခြေလှမ်းလိုက်ပြီးပြီ။ အဝေးဆုံးရောက်အောင်သာ ဆက်သွားပေတော့။ အဲဒီလမ်းကို ဘိုးဘိုးလည်း မလျှောက်ဖူးတော့ လူလေးကို ဘာမှ ပြောပြနိုင်တာ မရှိဘူး။ အဲဒါက လူလေးအတွက် လမ်းသစ်တစ်ခု ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ စိုးရိမ်နေဖို့မလိုဘူး။ အမှားတွေ အခက်ခဲတွေ တွေ့မှာ မစိုးရိမ်နဲ့။ အဲဒါတွေက သေချာပေါက် တွေ့မယ့်အရာတွေပဲ။ ခြေလှမ်းတိုင်းကို သတိထားပြီးသာ ဆက်လျှောက်။ အမှားတွေကနေ သင်ယူနိုင်အောင် ကြိုးစား။ အခက်ခဲတွေရဲ့ နောက်မှာ ဆုလာဘ်တွေ အမြဲရှိတယ်။ မှားမှာ မကြောက်နဲ့ အခက်ခဲတွေကို မကြောက်နဲ့။ တစ်ကြိမ်တည်းနဲ့ မကျော်ဖြတ်နိုင်အောင် ကြီးမားတဲ့ အခက်ခဲတွေနဲ့လည်း တွေ့လိမ့်မယ်။ လက်လျှော့ဖို့ မလိုဘူး။ တစ်ကြိမ်နဲ့ မကျော်ဖြတ်နိုင်ရင် ဆယ်ကြိမ် ထပ်ကြိုးစား။ ဆယ်ကြိမ်နဲ့ မကျော်ဖြတ်နိုင်ရင် အကြိမ်တစ်ရာ အကြိမ်တစ်ထောင် ထပ်ကြိုးစား။ တချို့အမှားတွေက လူလေးကို လဲကျသွားအောင် လုပ်လိမ့်မယ်။ နောက်တစ်ခေါက် ပြန်ထနိုင်အောင် ကြိုးစား။ အမှားတွေကနေ သင်ယူ။ အမှားတွေကနေ သင်ယူနိုင်ရင် ရှေ့ကို ပိုရောက်လိမ့်မယ်။ လူလေး ဘယ်လောက် ဝေးဝေးအထိ လျှောက်သွားမလဲဆိုတာ ဒီအဘိုးက ဒီခြံဝင်းလေးထဲကနေ စောင့်ပြီး နားထောင်နေမယ်။ ကောင်းကောင်းသွား…”
ဟန်ကောင်းရှင်းက မြေပေါ်တွင် ဒူးထောက်၍ သူ့အဘိုး၏ စကားများကို နှလုံးသားဖြင့် နားထောင်နေခဲ့သည်။ သူ့အဘိုး၏ စကားများကို နောက်ထပ် မည်မျှကြာမှ ပြန်ကြားရတော့မည်မှန်း မသိပေ။ ထို့ကြောင့် စကားလုံးတိုင်းကို သေချာ နားထောင်ကာ စိတ်ထဲ နှလုံးသားထဲ မှတ်သားသိမ်းဆည်းထားလိုက်သည်။ သူ့မျက်လုံးများထဲတွင်လည်း မျက်ရည်တချို့ ရစ်ဝဲနေခဲ့သည်။ အလွန်တည်ငြိမ် ဣန္ဒြေကြီးသော လူငယ်လေးက မျက်ရည်မဝဲစဖူး မျက်ရည်ဝဲနေခဲ့သည်။ သူ့တွင် ဆွေမျိုးဟူ၍ ထိုအဘိုးတစ်ယောက်သာ ရှိသည် မဟုတ်ပါလား။
သမားတော်ကြီးဟန်၏ မျက်လုံးများထဲတွင်လည်း မျက်ရည်များ ရစ်ဝဲနေခဲ့သည်။ ဤနေ့ကား သူ၏ တစ်ဦးတည်းသော မြေးလေးက နှုတ်ဆက်နေသည်လေ။ သူ၏ တစ်ဦးတည်းသော ငယ်ပေါင်းမိတ်ဆွေကြီးကလည်း နှုတ်ဆက်သွားခဲ့သည်လေ။ လူအိုကြီး၏ ရင့်ကျင့်သော စိတ်နှလုံးသည်ပင် ဆို့နစ်ကာ ဝမ်းနည်းနေခဲ့ရသည်။
“ကောင်းပြီ…၊ နေမမြင့်ခင် သွားကြ။ သမားတော်လေးဝမ်…၊ ကျုပ်ရဲ့မြေးလေးကို ဂရုစိုက်ပေးပါလို့ ဒီအဘိုးကြီးက အပ်နှံပါတယ်”
“စိတ်ချပါ ဆရာကြီး၊ ညီလေးဟန်ကို ဂရုစိုက်လိုက်ပါ့မယ်”
“ကျေးဇူးတင်ပါတယ် သမားတော်လေးဝမ်…”
“အားနာဖို့ မလိုပါဘူး ဆရာကြီး။ ညီလေးဟန်က ကျွန်တော် တာဝန်ယူ ခေါ်သွားရတဲ့သူ ဖြစ်နေတော့ အဲဒါက ကျွန်တော့် တာဝန်ပါ”
သမားတော်ကြီးဟန်က ပြုံး၍ ခေါင်းညိတ်နေလိုက်သည်။ သူ့မြေး ရွေးချယ်လျှောက်သော လမ်းက သိပ်တော့ မဆိုးလောက်ဟုလည်း တွေးရင်း စိတ်ဖြေလိုက်ရသည်။
ဟန်ကောင်းရှင်းက နောက်ဆုံးအကြိမ် အရိုသေပေးပြီးနောက် ထရပ်လာသည်။
“မြေး သွားတော့မယ် ဘိုးဘိုး…၊ ဘယ်လောက်ကြာမှ ပြန်လာနိုင်မလဲ မသိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘိုးဘိုးဆီ မြေး ရောက်အောင် ပြန်လာခဲ့ပါ့မယ်”
“ကောင်းတယ်။ ဟောဒီ ခြံဝင်တံခါးကို ဒီနေ့ကစပြီး ဘယ်တော့မှ မပိတ်ထားတော့ဘူး။ လူလေး ဘယ်တော့ ပြန်လာလာ။ ဘယ်အချိန် ပြန်လာလာ။ အဘိုးမြေးအတွက် ခြံတံခါးက အမြဲတမ်း ဖွင့်ထားပြီးသားပါပဲ”
မြေးအဘိုးနှစ်ယောက် စကားမဆိုကြဘဲ တစ်ယောက်နှင့်နစ်ယောက် ကြည့်နေခဲ့ကြသည်။
ထို့နောက် ဟန်ကောင်းရှင်းက အသာနောက်ဆုတ်ပြီး ထွက်သွားခဲ့သည်။ ဝမ်ယောက်ရှီးလည်း နောက်က လိုက်သွားခဲ့သည်။
“သွားပေဦးတော့ လူလေးရေ…”
သမားတော်ကြီးဟန်မှာ ခြံဝင်းလေးရှေ့၌ အကြာကြီး ရပ်၍ အဝေးသို့ မျှော်ကြည့်နေခဲ့သည်။ ထွက်သွားကြသူများကို သူ့မျက်လုံးဖြင့် မမြင်ရတော့သော်လည်း သူ့စိတ်ထဲတွင်တော့ တရွေ့ရွေ့ ထွက်ခွာသွားသော လူအိုကြီးတစ်ယောက်၏ နောက်ကျောနှင့် လူငယ်လေးတစ်ယောက်၏ နောက်ကျောကို မြင်ယောင်နေခဲ့လေ၏။
ခွဲခွာခြင်းကား ထွက်သွားသူက ဝေး၍ ဝေး၍ ဝေးသွားသည်သာ။ ကျန်ရစ်သူက ငေး၍ တွေး၍ မြင်ယောင်နေမိမည်သာ။
ထိုအချိန်တွင်…
ရှီရေကန်၊ လရိပ်ကျွန်း၏ ချောင်ကျသော ကျောက်တုံးများကြားတွင် လူတစ်ယောက် လဲလျောင်းနေရာမှ ဖျတ်ကနဲ မျက်လုံးပွင့်လာပြီး ငေါက်ကနဲ ထထိုင်လိုက်သည်။
“ငါ ဘယ်ရောက်နေတာလဲ”
သရဲနက်မှာ သူ့ကိုယ်သူ ဘယ်နေရာရောက်၍ ရောက်နေမှန်းမသိ ဖြစ်နေခဲ့သည်။
“ဒီနေရာက…”
သူ့မျက်စိရှေ့မှ ရေပြင်နှင့် မြားတစ်ကမ်းခန့်က ရှီရေကန်ကမ်းစပ်ကို လှမ်းကြည့်ပြီး သူရောက်နေသော နေရာကို မှတ်မိလာသည်။
ညက ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သော ရှီရေကန်က အခုတော့ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေခဲ့သည်။
“ဒါက လရိပ်ကျွန်းပဲ။ ညက…”
သရဲနက်က ညတုန်းက သူကြုံတွေ့ခဲ့သော အဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်နေသည်။
“အဲဒါက ဘာကောင်လဲ။ တကယ်ပဲ သရဲတစ္ဆေတစ်ကောင်လား။ ရေကန်ထဲမှာ သရဲတစ္ဆေတစ်ကောင် ရှိနေတာလား”
သရဲနက်က စဉ်းစားရင်းနှင့် သူ့ကိုယ်သူ လက်နဲ့ ပြန်လိုက်စမ်းကာ စစ်ဆေးနေခဲ့သည်။
“ဘာမှ မဖြစ်ထားဘူးပဲ။ အဲဒိီ သရဲနစ္ဆေက ငါ့ကို မကိုက်စားခဲ့ဘူးပဲ”
သရဲနက်က ရေပြင်ကို ကြည့်ပြီး ညတုန်းက သူ့အခြေနေကို ပြန်မြင်ယောင်ကာ ကျောထဲ စိမ့်သွားသည်။ သူ၏ ခွန်အားဖြင့် ဘာမှ ခုခံတုံ့ပြန်နိုင်စွမ်း မရှိအောင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သူ၏ ခွန်အားများ၊ သူ၏ မကောင်းဆိုးဝါးနည်းစနစ်များက ထိုအရာ၏ ရှေ့တွင် ဘာမှ လုပ်နိုင်စွမ်း မရှိခဲ့ပေ။
“ငါ ဟန်ကျိုးက ထွက်သွားမှ ဖြစ်တော့မယ်။ ဒီဟန်ကျိုးမှာ ထူးဆန်းတာတွေ များလွန်းနေတယ်။ ငါ လုပ်ချင်သလို လျှောက်လုပ်နေလို့ မဖြစ်သေးဘူး။ အရင်တစ်ခါ သူတောင်းစားဂိုဏ်းက အပြင်အကြီးကဲ၊ အခု ရှီရေကန်ထဲက သရဲတစ္ဆေ။ မဖြစ်ဘူး။ ငါ ထွက်သွားမှ ဖြစ်မယ်”
သရဲနက်က အမြန်ထရပ်လိုက်သည်။ ထိုအခါမှ ခါးစည်းကြိုးမရှိဖြစ်နေသည်ကို သတိထားမိသွားသည်။ တစ်ဆက်တည်း သူ့အင်္ကျီ ဖရိုဖရဲဖြစ်နေပြီး အတွင်းအိတ်ထဲက သူ့ပစ္စည်းများ ပျောက်နေသည်ကိုလည်း သတိထားမိသွားသည်။
သရဲနက်တစ်ယောက် ခေါင်းပေါ် မိုးကြိုးပစ်ချခံလိုက်ရသလို တုန်သွားသည်။
သူ့တစ်ကိုယ်လုံး ကပျာကယာ လျှောက်စမ်းပြီး လိုက်ရှာသည်။ ဘေဘီကိုလည်း ပြူးပြဲ၍ လိုက်ရှာသည်။
“သွားပြီ။ အဲဒါ မရှိတော့ဘူး”
သရဲနက်တစ်ယောက် ယိုင်ကနဲ ဖြစ်သွားသည်။
“အဲဒါ မရှိတော့ဘူးဆိုရင် ငါက ဘယ်လို ပြန်သွားရတော့မှာလဲ။ မဖြစ်ဘူး။ သရဲနီကို အမြန်ဆုံး တွေ့အောင် ရှာမှ ဖြစ်တော့မယ်”
သရဲနက်က တီးတိုးပြောဆိုရင် ရေစပ်သို့ သွားလိုက်သည်။ သို့သော် သူက ရေထဲသို့ မဆင်းရဲ ဖြစ်နေသည်။
သရဲနက်က ရေပြင်ကို စိုက်ကြည့်ပြီး အရိုအသေပြုလိုက်သည်။ ထို့နောက် သူက အနည်းငယ် အူကြောင်ကြောင်ပုံစံဖြင့် တီးတိုး ပြောကာ တိုင်တည်လေ၏။
“ကျွန်တော်မျိုး အရှင့်ရဲ့ ရေကန်မှာ မကောင်းတာတွေ ထပ်မလုပ်ရဲတော့ပါဘူး။ ဒီတစ်ကြိမ်ကိုတော့ ခွင့်လွှတ်ပြီး ရေကန်ကို ဖြတ်ကူးခွင့် ပေးပါ အရှင်…”
သရဲနက်က ပြောပြီးနောက် ရေပြင်ကို အကဲခတ်သလို ကြည့်နေခဲ့သည်။
ရေပြင်က ပကတိအတိုင်း ငြိမ်သက်နေ၏။
ထိုတော့မှ သရဲနက်လည်း မဝံ့မရဲနှင့် ရေထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားသည်။
“အရှင်…၊ ကျွန်တော်မျိုး ဖြတ်ကူးပါတော့မယ်…”
သရဲနက်က ထိုစကားကို နောက်ဆုံးပြောပြီး ရေထဲသို့ အရဲစွန့်၍ ငုံ့ချလိုက်သည်။
ထိုသို့ဖြင့် သရဲနက်တစ်ယောက် ရှီရေကန် လရိပ်ကျွန်းမှ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့လေ၏။
အခန်း(၃၃၂)ပြီး
***