စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့၊ နဂါးစိမ်းဂိုဏ်း စီချွမ်ပြည်နယ်ဌာနချုပ်၊ စာဖတ်ခန်းထဲတွင် ဖြစ်သည်။
ဌာနချုပ်မှူးကျိန်းဟွာတစ်ယောက် အလွန်လေးနက်သော မျက်နှာထားဖြင့် စာရွက်များကို ဖတ်လိုက်၊ အလေးနက် စဉ်းစားလိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့သည်။
နောက်ဆုံး ရရှိထားသော သတင်းအချက်အလက်များကို စစ်ဆေးနေခြင်း ဖြစ်သည်။
ပီကင်းမှ ဟန်ကျိုးသို့ လာခဲ့ကြသော သူတောင်းစားဂိုဏ်းသားအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်သော အစီစဉ်က ကျဆုံးပြီး နဂါးစိမ်းဂိုဏ်း၏ လက်ရွေးစင်ဂိုဏ်းသားများနှင့် အထူးဂိုဏ်းသားများ ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် နဂါးစိမ်းဂိုဏ်း၏ လျှို့ဝှက်အင်အားကိုပင် ထုတ်သုံး၍ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။ သို့တိုင် ဆုံးရှုံးတုန်းပင်။
ထိုကိစ္စက နဂါးစိမ်းဂိုဏ်းအတွက် ကြီးမားသော လှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်။ ထိုကြားဖြတ်တိုက်ခိုက်မှုကို အဓိကတာဝန်ယူခဲ့သော ဒေါင်းမြီးစိမ်းမှာ ဌာနချုပ်မှူးအဖြစ်မှ ရုပ်သိမ်းခံခဲ့ရပြီး ဌာနချုပ်မှူးအသစ်က အစားထိုးနေရာယူခဲ့သည်။
ဌာနချုပ်မှူးကျိန်းဟွာထံသို့လည်း ညွှန်ကြားချက်များ ရောက်လာခဲ့သည်။ ကြားဖြတ်တိုက်ခိုက်မှု ကျဆုံးရခြင်း အကြောင်းရင်းကို ပြန်ပြီး စုံစမ်းစစ်ဆေးရန်ဟူ၍ ဖြစ်သည်။ ထိုအတွက် ဌာနချုပ်မှူးကျိန်းဟွာလည်း သူလက်လှမ်းမီသမျှ သူ့လက်တံများဆန့်ထုတ်၍ ကြားဖြတ်တိုက်ခိုက်မှူ ဖြစ်စဉ်အားလုံးကို အစအဆုံး ပြန်စုံစမ်းခဲ့ရသည်။ သဲလွန်စများ ရှာဖွေခဲ့ရသည်။ မြေကြီးထဲက နဂါးစိမ်းဂိုဏ်းသားအလောင်းများကိုပင် ပြန်တူးထုတ်၍ စစ်ဆေးမှုများ လုပ်ခဲ့ရသည်။
အဖြစ်အပျက်ကို ပြောပြနိုင်သော အသက်ရှင်သူ မရှိသဖြင့် လူသေအလောင်းများမှ သဲလွန်စကိုသာ ပြန်ရှာခဲ့ရသည်။
ရှာဖွေတွေ့ရှိသော သဲလွန်စအားလုံးကို စုစည်းပြီးနောက် ဖြစ်နိုင်ခြေအရပ်ရပ်ကို သုံးသပ်ရသည်။ အချက်အလက်များ တင်ပြရာတွင် အမှားယွင်းများ ပါသွားမည်ကို စိုးရိမ်၍ အထပ်ထပ် စစ်ဆေးနေရသည်။ ထို့ကြောင့်လည်း လေးနက်နေခြင်း ဖြစ်သည်။
မလေးနက်၍လည်း မဖြစ်ပေ။ ထိုကိစ္စက နဂါးစိမ်းဂိုဏ်းကို အတော်လေး အထိနာစေခဲ့သည်။ အကယ်၍ သူသာ အမှားထပ်လုပ်မိလျှင် သူလည်း ဒုတိယဒေါင်းမြီးစိမ်း ဖြစ်သွားပေလိမ့်မည်။ ထိုညွှန်ကြားချက်က သူ့အတွက် ကြီးလေးသော တာဝန်တစ်ခုသာမကပေ။ စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။
သူ ကောင်းကောင်း လုပ်နိုင်ရန် လိုသည်။ မဟုတ်လျှင် သူ့နေရာကို အစားထိုးမည့်သူ ရောက်လာပေလိမ့်မည်။
ဌာနချုပ်မှူး ကျိန်းဟွာက အချက်လက်များကို စစ်ဆေးပြီးနောက် မျက်မှောင်ကုတ်နေခဲ့သည်။
“အလောင်းတွေအားလုံးက ဦးခေါင်းခွံ ကွဲကြေနေကြတယ်။ ဘာလို့ ဦးခေါင်းတွေပဲ အခွဲခံထားရတာလဲ”
အလောင်းတချို့ ဦးခေါင်းခွံကွဲကြေနေလျှင် သိပ်မထူးဆန်းပေ။ သူတောင်းစားဂိုဏ်းသားများက ဝါးစိမ်းတုတ်လက်နက် ကိုင်သူများဖြစ်၍ ဦးခေါင်းခွံ ကွဲကြေအောင် ရိုက်နှက်တိုက်ခိုက်တတ်ကြသည်သာ။
သို့သော် အလောင်းအားလုံး ဦးခေါင်းခွံ ကွဲကြေနေခြင်းက ထူးဆန်းသည်။ ထိုအချက်က တစ်ခုခုကို ပြောပြနေသည်။
“သူတို့က ဦးခေါင်းကွဲကြေရင် ပြန်မကုသနိုင်ဘူးဆိုတဲ့ အချက်ကို ရှာတွေ့သွားတာများလား။ ဒါပေမဲ့ တချို့အလောင်းတွေက ခြေလက်ကျိုးကြေတာမျိုး မရှိဘဲ ဦးခေါင်းခွံတစ်ခုတည်း ကျိုးကြေနေတယ်။ ဒါက နည်းနည်းထူးဆန်းနေတယ်။ ဂိုဏ်းသားတွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ခံနိုင်ရည်ကို ကျော်ပြီး ဦးခေါင်းခွံကို ကွဲကြေအောင် တိုက်ခိုက်ဖို့က မလွယ်ဘူးလေ။ အလစ်ချောင်းတိုက်ခိုက်မှပဲ ရမယ်။ ဒါဆိုရင်လည်း လူအနည်းစုကပဲ ဒီလို ဒဏ်ရာနဲ့ သေရမှာ။ လူတိုင်းကိုတော့ အလစ်ချောင်းတိုက်ခိုက်လို့ မရဘူး။ ဂိုဏ်းသားတွေက ဦးခေါင်းကို ကာကွယ်ဖို့ မေ့နေတာတော့ မဖြစ်နိုင်ဘူး”
ဌာနချုပ်မှူး ကျိန်းဟွာမှာ သဲလွန်စများကို ရှာတွေ့ထားသော်လည်း တချို့အချက်လက်များကို အဖြေမထုတ်နိုင် ဖြစ်နေခဲ့သည်။
“အချက်အလက်တွေအရဆိုရင် မြင်းစီးဓားပြအဖွဲ့ကိုလည်း အဆိပ်ထုတ်ပေးပြီး လုပ်ကြံခိုင်းထားသေးတယ်။ ဒါပေမဲ့ သူတောင်းစားဂိုဏ်းသားတွေ အဆိပ်မိတဲ့ ကိစ္စမျိုး မဖြစ်ခဲ့ဘူး။ ဒါက ထူးဆန်းတယ်။ သူတောင်းစားဂိုဏ်းမှာ အဆိပ်ပညာနားလည်တဲ့သူလည်း ရှိနေတာလား။ အဲဒီလိုဆိုရင်တောင် အသုံးပြုတဲ့ အဆိပ်ခတ်နည်းက တော်တော်သိမ်မွေ့တာပဲလေ။ အဆိပ်ပညာရှင်ရှိနေရင်တောင် အဖြေရှာတွေ့ဖို့ မလွယ်ဘူး”
ထိုအချက်ကိုလည်း ဌာနချုပ်မှူးကျိန်းဟွာက အဖြေရှာမရဘဲ ဖြစ်နေခဲ့သည်။
“နောက်ဆုံးတစ်ချက်က ဓားသုံးလက်ကို ဆုံးရှုံးလိုက်ရတဲ့ ကိစ္စပဲ။ တခြားလူတွေရဲ့ အလောင်းအားလုံး ပြန်ရှာတွေ့ပေမဲ့ ဓားသုံးလက်ရဲ့ အလောင်းတွေကို ရှာမတွေ့ခဲ့ဘူး။ ယောင်ချင်းရဲ့ အလောင်းကလည်း ဦးခေါင်း ပျောက်နေတယ်။ ဓားသုံးလက်မှာမှ အလောင်းမတွေ့တာနဲ့ အလောင်းမပြည့်စုံတာ ဖြစ်နေတယ်။ ဒီတစ်ချက်က ဖြစ်စဉ်တစ်ခုလုံးထဲမှာ သိသိသာသာ ကွဲထွက်နေတယ်”
ဌာနချုပ်မှူး ကျိန်းဟွာက သူ အဖြေရှာမရသော အချက်များကို ထင်ကြေးလည်းမပေးသလို ခန့်မှန်း၍လည်း သုံးသပ်ချက် မပေးဘဲ အချက်လက်များအတိုင်းသာ ရေးမှတ်ထားလိုက်သည်။
“အချက်လက်တွေ တင်ပြပေးဖို့က အဓိကဆိုတော့ ငါ့ထင်မြင်သုံးသပ်ချက်တွေ မပေးတာ အကောင်းဆုံးပဲ။ မဟုတ်ရင် မှားယွင်းတဲ့ ကောက်ချက်တွေ ချနေမိလိမ့်မယ်”
ဌာနချုပ်မှူးကျိန်းဟွာက အချက်လက်များအားလုံးကို စစ်ဆေးပြီးနောက် စာအိတ်ထဲထည့်၍ ချိပ်ပိတ်လိုက်သည်။
“တစ်ယောက် လာစမ်း…”
ဌာနချုပ်မှူး ခေါ်လိုက်သည်နှင့် အစောင့်တစ်ယောက် ရောက်လာသည်။
“ဒါကို အထူးနယ်မြေက ဒုဂိုဏ်းချုပ်လက်ထဲ ရောက်အောင် ပို့လိုက်”
“ဟုတ်ကဲ့ ဌာနချုပ်မှူး”
အစောင့်က ချိပ်ပိတ်ထားသော စာအိတ်ကို ယူ၍ ပြန်ထွက်သွားသည်။
ဌာနချုပ်မှူး ကျိန်းဟွာက ထရပ်လိုက်ပြီး ပြတင်းပေါက်နားတွင် သွားရပ်ကာ အပြင်သို့ လှမ်းမျှော်ကြည့်နေသည်။
“အထွတ်ထိပ်ကို ကျော်လွန်တဲ့ အဆင့်တဲ့လား။ အထွတ်ထိပ်အဆင့် ဂိုဏ်းလို့ မပြောရဘူး။ သူတို့မှာ ဒီလို ဝှက်ဖဲမျိုး ရှိနေခဲ့တယ်။ ကြည့်ရတာ ဂိုဏ်းကြီးကိုးဂိုဏ်းကို လွှမ်းမိုးဖို့က ထင်သလောက်တော့ လွယ်ကူချောမွေ့နေမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့လည်း အဲဒါက အထွတ်ထိပ်ကို ကျော်လွန်တဲ့ အဆင့်လေးပါပဲလေ။ ဟားဟားဟား…”
—————
နဂါးစိမ်းဂိုဏ်း၊ အထူးနယ်မြေ။
သီသန့်အဆောက်ဦးတစ်ခုထဲတွင် အစိမ်းရောင်တောက်တောက် ဝတ်စုံနှင့် အစိမ်းရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော လူတစ်ယောက်နှင့် ဆံပင်၊ မုတ်ဆိတ်များသာမက မျက်ခုံးမွေးနှင့် မျက်လုံးနှစ်လုံးပါ ဖြူနေသော အဖိုးအိုတစ်ယောက် ရှိနေသည်။
ဝတ်စုံစိမ်း၊ မျက်နှာဖုံးစိမ်းနှင့်လူမှာ နဂါးစိမ်းဂိုဏ်းချုပ်ဖြစ်သည်။ မျက်လုံးဖြူနှင့် အဖိုးအိုမှာ အဆိပ်ပညာရှင်ကြီး မျက်လုံးဖြူကောင်းထုံး ဖြစ်သည်။ သူတို့နှစ်ယောက်က နဂါးစိမ်းဂိုဏ်း၏ နောက်ကွယ်မှ ကြိုးကိုင်၍ လျှို့ဝှက်စွာ လှုပ်ရှားနေသူများလည်း ဖြစ်သည်။
ယခု နဂါးစိမ်းဂိုဏ်းချုပ်နှင့် မျက်လုံးဖြူအဖိုးအို ကောင်းထုံးတို့နှစ်ယောက် အေးအေးလူလူ ထိုင်၍ လက်ဖက်ရည်အတူသောက်နေကြသည်။
နဂါးစိမ်းဂိုဏ်းချုပ်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးနောက် မျက်လုံးဖြူအဖိုးအို ကောင်းထုံးကို ကြည့်လိုက်သည်။
“မိတ်ဆွေကြီးကောင်းထုံးကို ကြည့်ရတာ တစ်ခုခုကို ကျေနပ်နေသလိုပဲ။ အမှန်ဆိုရင် မကျေမနပ် ဖြစ်နေသင့်တာ မဟုတ်လား။ ကျုပ်က မိတ်ဆွေကြီး စမ်းသပ်ထားတဲ့ လူတွေကို ဖြုန်းတီးမိလိုက်တယ်လေ”
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက ပေါ့ပါးစွာပြုံး၍ သူ၏ မျက်လုံးဖြူဖြူများဖြင့် နဂါးစိမ်းဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။
“ဟားဟား…၊ ဂိုဏ်းချုပ်ကြီးရဲ့ အမြင်က တကယ်စူးရှတယ်။ ကျုပ်ကောင်းထုံးရဲ့ စိတ်ကို မြင်နိုင်တယ်။ ဟုတ်တယ်။ ကျုပ် ကျေနပ်နေတာပါ”
“အို…၊ ဒါဆိုရင် သိပါရစေ။ မိတ်ဆွေကြီးကောင်းထုံးရဲ့ လူတွေကို ကျုပ်က ဖြုန်းတီးလိုက်တာတောင် ကျေနပ်နေတယ်ဆိုတော့ တော်တော်စိတ်ဝင်စားဖို့ ကောင်းနေပြီ”
“အဲဒါက တခြား မဟုတ်ပါဘူး။ ကျုပ်စမ်းသပ်ထားတဲ့ လူတွေကို ကျုပ်က ပြည့်စုံနေပြီလို့ ထင်ထားခဲ့တာပါ။ ကျုပ်ရဲ့ မနာမသေစေလိုရာစေ ဆေးကိုလည်း ပြည့်စုံနေပြီလို့ ထင်ခဲ့တာပါ။ ဂိုဏ်းချုပ်ကြီးက ကျုပ်လူတွေကို ယူသုံးလိုက်တော့မှ အားနည်းချက်ကို ရှာတွေ့လိုက်ရတယ်။ ဒါက ကျုပ်ကိုယ်တိုင် မမြင်ခဲ့တဲ့ ကျုပ်ရဲ့ လိုအပ်ချက်ကို ဖော်ထုတ်ပေးလိုက်တာပဲ မဟုတ်လား။ ဒါကြောင့် ကျုပ်က ကျေနပ်နေတာပါ”
နဂါးစိမ်းဂိုဏ်းချုပ်က ခေါင်းညိတ်နေခဲ့သည်။ သူ၏ မျက်လုံးစိမ်းများထဲတွင်လည်း ကျေနပ်သော အရိပ်ယောင်များ ရှိနေခဲ့သည်။
“ကြည့်ရတာ မိတ်ဆွေကြီးကောင်းထုံးက အားနည်းချက်ကို ပြန်ပြင်ဖို့လည်း နည်းလမ်း ရှာထားပြီးပြီထင်တယ်”
“အရင်ကတည်းက မနာမသေစေလိုရာစေဆေးက ကြမ်းတမ်းပြီး အရိုင်းဆန်တယ်”
“ကြမ်းတမ်း အရိုင်းဆန်တာကို အားနည်းချက်လို့ ပြောချင်တာလား။ အဲဒါက ခွန်အားလည်း ဟုတ်နေတာပဲ မဟုတ်လား”
“ခွန်းအားကြီးတာက ဟုတ်ပါတယ်။ ဒါပေမဲ့ အားနည်းချက်လည်း ဟုတ်နေတယ်။ ဆေးအာနိသင် ပြတဲ့အခါ အရိုင်းစိတ်ဝင်ကြီး ရက်စက်ကြမ်းကြုတ်သွားတယ်။ သဲကြီးမဲကြီး တိုက်ခိုက်တယ်”
“နားထောင်ရသလောက် အဲဒါက အားနည်းချက်လို့ မခံစားရဘူး”
“ဟုတ်တယ်။ ဒီအတိုင်းဆိုရင် အားနည်းချက်လို့ မထင်ရဘူး။ ဒါကြောင့်လည်း ကျုပ်က ပြည့်စုံသွားပြီလို့ ထင်ထားခဲ့တာပါ။”
“ဒါဆို အားနည်းချက်က ဘာများလဲ”
“လုံလောက်အောင် မခက်ထန်မကြမ်းကြုတ်သေးတာပဲ”
နဂါးစိမ်းဂိုဏ်းချုပ်က မျက်လုံးဖြူအဖိုးအိုကောင်းထုံး၏ စကားကို နားမလည်ဟန်ဖြင့် ကြည့်နေခဲ့သည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက ရှင်းပြသည်။
“ကျုပ်ဆေးက အဲဒီလူတွေကို လုံလောက်အောင် မခက်ထန်မကြမ်းကြုတ်စေနိုင်သေးဘူး။ ဆေးအာနိသင်ကို ဒီထက် မြှင့်လိုက်ရင်လည်း အဲဒီလူတွေက စိတ်ရော ခန္ဓာကိုယ်ရော ဖေါက်ပြန်ကုန်တယ်။ သုံးလို့ မကောင်းတော့ဘူး”
နဂါးစိမ်းဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး ဆက်၍ နားထောင်နေခဲ့သည်။
ဆေးလွန်ပြီး တချို့သော အစမ်းသပ်ခံများမှာ ခန္ဓာကိုယ် ပုံပျက်ပြီး စိတ်လည်း မူမှန်ဖြစ်ကုန်သည်မှာ အမှန်ပင် မဟုတ်ပါလား။ သူတို့၏ အစီစဉ်တွင် ထည့်သုံးရန် အဆင်မပြေတော့ပေ။ သို့သော်လည်း မြေအောက်သိုင်းပြိုင်ပွဲတွင်တော့ လူကြိုက်များသော တိုက်ခိုက်သတ်ဖြတ်ရေး အရုပ်များအဖြစ် အသုံးပြုပြီး ငွေရှာနိုင်သေးသည်သာ။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက ပြုံးလိုက်ပြီး ဆက်ပြောသည်။
“အဲဒါက အဲဒီလူတွေရဲ့ သိုင်းအဆင့်နဲ့ သွေးသားဗီဇက အားနည်းနေလို့ပါ”
“သိုင်းအဆင့် မြင့်မားရင် မိတ်ဆွေကြီးရဲ့ ဆေးက ပိုအလုပ်ဖြစ်တာတော့ ဟုတ်တယ်။ ခွန်အားတိုးပြီး ရက်စက်ကြမ်းကြုတ်လာပေမဲ့ စိတ်ကို မထိန်းချုပ်နိုင်တာမျိုးတော့ မဖြစ်သွားဘူး။ စဉ်းစားတွေးခေါ်နိုင်တဲ့ အသိစိတ် မဆုံးရှုံးသွားဘူး။ သိုင်းအဆင့် နိမ့်ကျတဲ့ လူတွေမှာပဲ အသိစိတ်ပျောက်သွားတာမျိုး ဖြစ်တယ်။ သိုင်းအဆင့် နိမ့်ကျတာက အားနည်းချက် ဖြစ်စေတယ်။ ဒါပေမဲ့လည်း သိုင်းအဆင့်ကို အစစ်အမှန်မြှင့်တင်ဖို့က ပုံမှန်အတိုင်း လေ့ကျင့်မှပဲ ရတာ”
“ဟုတ်တယ်။ သိုင်းအဆင့်ကို လိုသလို မြှင့်တင်လို့ မရဘူး။ ဒါပေမဲ့ တကယ်လို့ အဲဒီလူတွေရဲ့ သွေးသားဗီဇကို အပြောင်းလဲဖြစ်အောင် လုပ်ပေးနိုင်ရင်တော့…”
မျက်လုံးဖြူအဖိုးအိုကောင်းထုံး၏ ဖြူဖွေးနေသော မျက်လုံးများထဲက နက်ရှိုင်းသော အငွေ့အသက်များ ထွက်လာသည်။
“အဲဒါက ဘယ်လိုများလဲ။ မိတ်ဆွေကြီးကောင်းထုံးရဲ့ နည်းလမ်းတွေက လေးနက်ဆန်းကြယ်လွန်းလို့ ကျုပ် ဉာဏ်မမီတော့ဘူး”
“ဟားဟား…၊ အဲဒါက သာမန်လူသားတွေနဲ့ သားရဲတွေကြားက ကွာခြားချက်ပါပဲ။ သာမန်လူသားတွေက ဒေါသနဲ့ ခက်ထန်ကြမ်းကြုတ်မှု ကြီးထွားလာရင် ခွန်အားတချို့ တိုးလာပေမဲ့ စဉ်းစားနိုင်တဲ့ အသိက အရမ်းအားနည်းသွားတယ်။ အဲဒါက အားနည်းချက်ကြီး ဖြစ်သွားစေတယ်။ ခုခံကာကွယ်တာတွေ နောက်ဆုတ်တာတွေ မလုပ်တော့ဘဲ တဇွတ်ထိုး လုပ်လာတတ်တယ်”
“အဲဒါကတော့ ဟုတ်တယ်။ ဒေါသတကြီးနဲ့ ရက်စက်ကြမ်းကြုတ်လာရင် ကြောက်ဖို့ကောင်းပေမဲ့ ဆင်ခြင်းစဉ်းစားနိုင်မှု မရှိတာက အားနည်းချက်ကြီး ဖြစ်သွားရော။ ဒါကြောင့်လည်း စဉ်းစားဆင်ခြင်တတ်တဲ့ တည်ငြိမ်တဲ့သူမျိုးနဲ့ ရင်ဆိုင်ရရင် ဒေါသကြီးတဲ့သူကပဲ ရှုံးသွားရတာပေါ့”
“ဟုတ်တယ်။ သာမန်လူတွေအတွက် ဒေါသနဲ့ ရက်စက်ကြမ်းကြုတ်မှုက ခွန်အားကို ဖြစ်စေပေမဲ့ အသိစိတ် ပျောက်စေတယ်။ ဒီတော့ သွေးအေးတည်ငြိမ်သူဆီက လာတဲ့ တိုက်ခိုက်မှုကို မခံနိုင်ဘူး။ ခွန်အား တိုးနေပေမဲ့ ခုခံနိုင်စွမ်းက မတိုးလာဘူး။ ခုခံရှောင်တိမ်းရကောင်းမှန်းလည်း မသိဘူး။ ဒီတော့ အဆုံးမှာ အရှုံးကိုပဲ လက်ခံရတာပဲပေါ့”
နဂါးစိမ်းဂိုဏ်းချုပ်က ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
“ဒီတော့ မိတ်ဆွေကြီး ပြောတဲ့ သာမန်လူသားနဲ့ သားရဲတွေရဲ့ ကွာခြားချက်လို့ ပြောခဲ့တယ်။ အဲဒီကွာခြားချက်က ဘာများလဲ”
“သားရဲတွေမှာလည်း ဒေါသနဲ့ ရက်စက်ကြမ်းကြုတ်မှု ရှိတယ်။ အဲဒါအပြင် ရူးသွပ်တဲ့ အဆင့်ဆိုတာလည်း ရှိတယ်။ သားရဲတွေမှာ အဲဒီလို ရက်စက်ကြမ်းကြုတ်လာရင် ခွန်အား ကြီးလာရုံတင်မကဘူး တိုက်ခိုက်မှုရော ရှောင်တိမ်းမှုရော လှုပ်ရှားမှုရောက ပုံမှန်ထက် ပိုအားကောင်းလာတယ်။ ပိုလျင်မြန်လာတယ်။ သားရဲတွေမှာက အရိုင်းစိတ် နိုးထလေလေ သားရဲသဘာဝအသိက ပိုထက်မြက်လေလေ ဖြစ်လာတယ်။ တုံ့ပြန်မှုတွေ ပိုမြန်လာတယ်။ ခံနိုင်ရည်တွေကလည်း မြင့်လာတယ်။ ဒါကြောင့် ခက်ထန်ကြမ်းကြုတ်နေတဲ့ သားရဲတွေ ရူးသွပ်နေတဲ့ သားရဲတွေက အရမ်းကြောက်စရာကောင်းတယ်။ အင်မတန် ထိန်းရသိမ်းရ လွယ်ပြီး ယဉ်ပါးပါတယ်ဆိုတဲ့ မြင်းတွေ၊ ကျွဲတွေ၊ နွားတွေတောင် အရိုင်းစိတ်ဝင်သွားရင် တော်တော် ကိုင်တွယ်ထိန်းသိမ်းရ ခက်တယ်။ ကျားတို့ ဝံပုလွေတို့လို့ တောရိုင်းသားရဲတွေဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲ”
မျက်လုံးဖြူအဖိုးအိုကောင်းထုံး၏ စကားကြောင့် နဂါးစိမ်းဂိုဏ်းချုပ်၏ မျက်လုံးများ အစိမ်းရောင် တဖျပ်ဖျပ် တောက်ပသွားသည်။
“မိတ်ဆွေကြီးကောင်းထုံး ပြောချင်တာကို ကျုပ် ရိပ်မိလာပြီ။ ဒါကြောင့် မိတ်ဆွေကြီးက အဲဒီ ရှေးဟောင်းသားရဲလူသားမျိုးနွယ်စုတွေကို ခက်ခက်ခဲခဲ ရှာထားတာကိုး”
“ဟုတ်တယ်။ ကျုပ်ရဲ့ အဲဒီ စမ်းသပ်မှုကို ပြည့်စုံပြီလို့ ထင်ထားပေမဲ့ ကျုပ်ရဲ့ မသိစိတ်မှာ လိုအပ်ချက်ရှိနေတာကို ခံစားမိနေတယ်။ ဒါကြောင့် လိုအပ်ချက်ကို ပြင်ဆင်ဖို့ အဲဒီ ရှေးဟောင်းသားရဲလူသားမျိုးနွယ်တွေကို ရှာထားခဲ့တာပါ။ ရှေးဟောင်းကျားလူသားမျိုးနွယ်ရော ရှေးဟောင်းဝံပုလွေလူသားမျိုးနွယ်ရောက အရိုင်းစိတ်ဝင်သွားတဲ့အခါ လူသားခန္ဓာကိုယ်ကနေ ကျားခန္ဓာကိုယ် ဝံပုလွေခန္ဓာကိုယ်အထိ ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ ရှေးစကားတွေ ရှိတယ်။ အဲဒါက သူတို့ရဲ့ သွေးသားဗီဇက ဘယ်လောက် အားကောင်းလဲဆိုတာ ဖော်ပြနေတာပါပဲ။ သာမန်လူတစ်ယောက်ရဲ့ ခွန်အားနဲ့ လျင်မြန်မှုထက် အဆပေါင်းများစွာ မြင့်မားသွားနိုင်တယ်”
နဂါးစိမ်းဂိုဏ်းချုပ်က စိတ်ဝင်တစား နားထောင်နေခဲ့သည်။
“တကယ်လို့ ကျုပ်သာ အဲဒီ ရှေးဟောင်သားရဲလူသားမျိုးနွယ်စုတွေရဲ့ သွေးသားဗီဇကို ကျုပ်ရဲ့ မနာမသေစေလိုရာစေဆေးနဲ့ ပေါင်းစပ်ဖန်တီးနိုင်ခဲ့ရင် ကျုပ်ဖန်တီးလိုက်တဲ့ လူတွေက အခုထက် ပိုပြီး ရက်စက်ကြမ်းကြုတ်လာ လိမ့်မယ်။ လုံလောက်အောင် ရက်စက်ကြမ်းကြုတ်သွားလိမ့်မယ်။ အဲဒါက စစ်မှန်တဲ့ ခွန်အား၊ စစ်မှန်တဲ့ လျင်မြန်မှုနဲ့ သားရဲသဘာဝသိစိတ် ဝင်သွားလိမ့်မယ်။ ဒါက လူသားတွေ စဉ်းစားနိုင်တဲ့ အသိထက် ပိုလျင်မြန်တဲ့ တုံ့ပြန်မှုတွေ ထုတ်ဖော်နိုင်လာလိမ့်မယ်။ အားနည်းချက်ကိုလည်း ဖာထေးပြီးသားလည်း ဖြစ်သွားလိမ့်မယ်”
နဂါးစိမ်းဂိုဏ်းချုပ်၏ မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။
“မိတ်ဆွေကြီး ဖန်တီးမယ့် လူတွေကို ကျုပ်မြင်ချင်မိတယ်။ အဲဒီလို လူတွေကိုသာ ရရင် ကျုပ်တို့ရဲ့ ကစားပွဲက ပိုလှသွားမှာပဲ။ လမ်းမှန်အထွတ်ထိပ်ဂိုဏ်းဆိုတာတွေ အိပ်မက်ဆိုးတွေ မက်ကုန်လောက်အောင် လှသွားလိမ့်မယ်။ ဟားဟားဟား…”
“ဟားဟားဟား…”
သိုင်းလောကကြီးကို ကစားပွဲတစ်ခုလို သဘောထား၍ နောက်ကွယ်က ခြယ်လှယ်ကစားနေကြသော လူနှစ်ယောက် အားရပါးရ ရယ်မောသံက အဆောက်ဦးလေးအပြင်သို့တိုင် လွင့်ပျံသွားလေ၏။
နဂါးစိမ်းဂိုဏ်းချုပ်က မေးလိုက်သည်။
“ဒါဆို မိတ်ဆွေကြီးရဲ့ စမ်းသပ်မှုအသစ်ကို ဘယ်တော့ စမလဲ။ လိုအပ်တာတွေ ကျုပ်ကို ပြောပါ။ ကျုပ်ရဲ့ အဆက်သွယ်တွေ ကျုပ်တို့ထင်ထားတာထက်တောင် နက်ရှိုင်းနေသေးတယ်။ အတွင်းသိုင်းလောကလို့ မပြောရဘူး။ သူတို့ဆီက အရင်းမြစ်တွေက တကယ်ကို နက်ရှိုင်းတယ်”
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက အနည်းငယ် စဉ်းစားပြီး ပြောသည်။
“စစ်ဆေးဖို့ လိုနေတဲ့ လက်ရှိအခြေနေလေးတွေ စစ်ဆေးပြီးရင် စမ်းသပ်မှုကို စလို့ရပါပြီ”
“ကောင်းတယ်။ သိုင်းလောကရော အင်ပါယာနန်းတွင်းရေးရော ရှုပ်ထွေးလာတာက ကျုပ်တို့အတွက် အခွင့်ကောင်းအချိန်ကောင်းတွေပဲ မဟုတ်လား”
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက နဂါးစိမ်းဂိုဏ်းချုပ်ကို မျက်လုံးဖြူဖြူများဖြင့် ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်ကြီး ပြောနေတဲ့ စကားက သိုင်းလောကနဲ့ အင်ပါယာ မငြိမ်သက်တာကို အခွင့်ရေးယူပြီး ဆိုးရွားတာတွေ လုပ်မလိုလို အဓိပ္ပါယ်သက်ရောက်နေတယ်”
“ဟားဟား…၊ ကျုပ်က ဘာလို့ ဆိုးရွားတာတွေ လုပ်ရမှာလဲ။ သိုင်းလောကကြီးကို တည်ငြိမ်သွားအောင် တစ်စုတစ်စည်းတည်း ဖြစ်သွားအောင် လုပ်ပေးချင်တာပါ။ အဲဒီလိုပဲ အင်ပါယာနန်းတွင်းရေးကိုလည်း တည်ငြိမ်သွားစေချင်တာပါ။ တည်ငြိမ်သွားအောင် လုပ်မှာပါ။ အဲဒါက ဘယ်လိုလုပ်ပြီး ဆိုးရွားတဲ့ ကိစ္စ ဖြစ်ရမှာလဲ။ အင်မတန်ကောင်းတဲ့ ကိစ္စကြီးပဲ မဟုတ်ဘူးလား။ အားလုံးက ကြည်ညိုလေးစားရတဲ့ နဂါးစိမ်းဂိုဏ်းအဖြစ် ကျုပ်တို့က ရှိနေတာပါ။ မဟုတ်ဘူးလား မိတ်ဆွေကြီး ကောင်းထုံး…”
“ဟုတ်ပြီးလားလေ၊ ကျုပ်တို့ရဲ့ နဂါးစိမ်းဂိုဏ်းကို လူတွေက ယုံကြည်လေးစားပြီး အားကိုးနေကြမှာပါ”
“ပြောတာကောင်းတယ်။ ပြောတာ အဓိပ္ပါယ်ရှိတယ်။ ဟားဟားဟား…”
“အမှန်တွေပဲလေ။ ဒါကြောင့် အဓိပ္ပါယ်ရှိပြီး နားထောင်ကောင်းနေတာ။ ဟားဟားဟား…”
အားရပါးရ ရယ်မောနေကြစဉ် အဆောက်ဦးထဲသို့ လူတစ်ယောက် ဝင်လာသည်။ နဂါးစိမ်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် ဖြစ်လေ၏။
“ဂိုဏ်းချုပ်နဲ့ ဆရာကြီးကို လေးစားပါတယ်”
ဒုဂိုဏ်းချုပ်က တလေးတစား နှုတ်ဆက်ပြီး စာတချို့ကို ဂိုဏ်းချုပ်ထံ ပေးလာသည်။
“ဒါက စီချွမ်ဌာနချုပ်မှူးနဲ့ ကွေ့ကျိုးဌာနချုပ်မှူးတို့ဆီက နောက်ဆုံး ပို့လာတဲ့ အချက်အလက်တွေပါ”
နဂါးစိမ်းဂိုဏ်းချုပ်က စာကို လက်ခံပြီး ဖတ်ကြည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးဖြူအဖိုးအိုကောင်းထုံးထံ ပေးလိုက်သည်။
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက စာကို ယူပြီး ဖတ်ကြည့်နေသည်။ မျက်ခုံး အနည်းငယ် တွန့်သွားသည်။
“ဘဝင်မကျစရာ တွေ့လို့လား မိတ်ဆွေကြီး။ ကျုပ်ဖတ်ကြည့်ရသလောက်တော့ အလောင်းတွေအားလုံး ဦးခေါင်းခွံကွဲကြေနေတာက ခုနက ကျုပ်တို့ ပြောနေသလို ရန်သူက ကျုပ်တို့လူတွေရဲ့ အားနည်းချက်ကို ရှာတွေ့သွားလို့ပဲ ဖြစ်ပါလိမ့်မယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးပြီး တဇွတ်ထိုးတိုက်ခိုက်တာက အေးဆေးတည်ငြိမ်သူနဲ့ တွေ့ရင် အားနည်းချက်ဆိုတာ ပေါ်သွားမှာပဲလေ။ ရန်သူထဲမှာလည်း အထွတ်ထိပ်အဆင့်ကို ကျော်လွန်တဲ့သူ ပါနေတာဆိုရင် အားနည်းချက်က ပိုပြီးတော့တောင် ပေါ်နေလိမ့်ဦးမယ်။ အလွယ်တကူ ဖြေရှင်းသွားလိမ့်မယ်”
“ဟုတ်တယ်။ ဒါကြောင့်လည်း ကျုပ်တို့လူတွေအားလုံး ဆုံးရှုံးသွားတာပဲ။ ဒါပေမဲ့ ကျုပ်ဘဝင်မကျတာက အဲဒါကို မဟုတ်ဘူး”
“အို…၊ ဒါဆို ဘာကိုများလဲ မိတ်ဆွေကြီး”
“ကျုပ်စီစဉ်ပေးလိုက်တဲ့ အဆိပ်ခတ်အစီစဉ်ကို အထိခိုက်မရှိဘဲ ကျော်ဖြတ်သွားတာကို ကျုပ် ဘဝမကျတာပါ။ အဲဒါက အဆိပ်ပညာနားလည်ရုံနဲ့ ကျော်ဖြတ်သွားလို့ ရတာမျိုး မဟုတ်ဘူးလေ”
နဂါးစိမ်းဂိုဏ်းချုပ်လည်း အနည်းငယ် လေးနက်သွားသည်။
“အဆိပ်ပညာနှင့် ပတ်သက်ရင် အပြင်သိုင်းလောကမှာ မိတ်ဆွေကြီးကောင်းထုံးကို မီနိုင်တဲ့သူက ဘယ်သူ ရှိလို့လဲ။ မတော်တဆ ကျော်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
“မတော်တဆ ကျော်သွားတယ်ဆိုရင် မစားမသောက်ဘဲ ကျော်သွားတာမျိုးပဲ ဖြစ်သင့်တာပါ၊ အခု အချက်အလက်တွေကသူတောင်းစားဂိုဏ်းသားတွေက ဓားပြတွေ ကျွေးတာ စားသွားတယ်လို့ ပြောထားတယ်။ ဒါက မတော်တဆ ဖြတ်ကျော်သွားတာ မဟုတ်တော့ဘူး။ ဖြေရှင်းပြီး ကျော်ဖြတ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ”
နဂါးစိမ်းဂိုဏ်းချုပ်က တစ်ခုခုကို သတိရဟန်ဖြင့် ပြောသည်။
“အဲဒီအစီစဉ်ကို ဆွဲတုန်းက မိတ်ဆွေကြီးပြောခဲ့တာကို ကျုပ်မှတ်မိသေးတယ်။ အဲဒီအစီစဉ်က နက်နဲပေမဲ့ အကြောင်းရင်းကို သိရင်တော့ ဖြေရှင်းဖို့က လွယ်တယ်လို့ ပြောခဲ့သေးတယ်လေ”
“ဟုတ်တယ်။ အကြောင်းရင်းကို သိရင် ဖြေရှင်းဖို့က လွယ်တယ်။ အကြောင်းရင်းကို သိဖို့ကတော့ တကယ်ခက်တယ်။ ဒီအစီစဉ်မျိုးကို တခြားတစ်ယောက်က ချထားရင် ကျုပ်အတွက်တောင် သတိမထားရင် ကျော်ဖြတ်ဖို့ မလွယ်ဘူး။ ကျုပ်စီစဉ်ထားတဲ့ အစာအဆိပ်ကို ရှာတွေ့နိုင်တဲ့ ကျွမ်းကျင်သူမျိုးက တကယ်ရှားတယ်။ တစ်ယောက်တော့ ရှိဖူးပေမဲ့ အဲဒီလူကလည်း သေသွားတာ တော်တော် ကြာပြီ”
“အို ဘယ်သူများပါလိမ့်”
“အဆိပ်ကဝေလို့ခေါ်တဲ့ တစ်ယောက်လေ။ သူရဲ့ အဆိပ်ပညာကလည်း တကယ်ထူးခြားပါတယ်။ သူလည်း အဲဒီ ရဲတိုက်မှာ ခိုလုံပြီး အဆိပ်ပညာ လေ့လာခဲ့တဲ့သူမို့ ကျုပ်ရဲ့ ပညာတွေကို သိမြင်နိုင်စွမ်း ရှိတယ်”
“အဆိပ်ကဝေလား…၊ သူ့ကို ကျုပ်မှတ်မိတယ်။ အော်မေ့တောင်ပေါ်တက်ပြီး အော်မေ့ဂိုဏ်းချုပ်ကို တစ်ယောက်တည်း တက်လုပ်ကြံသွားတဲ့ တစ်ယောက် မဟုတ်လား။ သူ့ခြေလှမ်းကို မိတ်ဆွေကြီးက မြင်ခဲ့လို့ အော်မေ့ဂိုဏ်းကို သိမ်းပိုက်တဲ့နေရာမှာ အချိန်ကိုက်ဖြစ်အောင် ကျုပ်တို့ စီစဉ်နိုင်ခဲ့တယ်လေ။ ကျုပ်တို့အစီစဉ်ကို ပိုလွယ်ကူစေခဲ့တဲ့ တစ်ယောက်မို့ ကျုပ်သေချာ မှတ်မိနေတယ်”
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက လေးနက်စွာ တွေးနေသည်။
“အဆိပ်ကဝေမှာ မြေးလေးတစ်ယောက် ရှိသေးတယ်။ ပျောက်နေတာ တော်တော် ကြာပြီ။ အော်မေ့တောင်ပေါ်မှာ သူ့အဘွားနဲ့အတူ သေသွားပြီလို့ ထင်ထားခဲ့တာ။ ကြည့်ရတာ အဆိပ်ကဝေရဲ့ အဲဒီမျိုးစေ့က ကျန်နေခဲ့ပုံပဲ”
နဂါးစိမ်းဂိုဏ်းချုပ်၏ မျက်နှာက ပိုလေးနက်သွားသည်။
“မိတ်ဆွေကြီးရဲ့ စကားအရဆိုရင် အဲဒီမျိုးစေ့က မိတ်ဆွေကြီးရဲ့ အစာအဆိပ်အစီစဉ်ကို မြင်နိုင်ပါ့မလား။ အဲဒါက နောက်ပေါက် ကလေးတစ်ယောက်ပဲလေ။ အဆိပ်ကဝေရဲ့ အဆိပ်ပညာကို အမွေရထားတယ် ဆိုရင်တောင် အဲဒီလောက်ထိ မသိမြင်နိုင်ဘူး မဟုတ်လား”
“အဆိပ်ကဝေရဲ့ မျိုးစေ့သာ မှန်ရင် အဆိပ်ကဝေဆီက အမွေနှစ်တွေသာ ရထားရိုးမှန်ရင် ကျုပ်အစီစဉ် မြင်နိုင်လိမ့်မယ်”
“ဒါက…”
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက တွေးတွေးဆဆဖြင့် ပြောသည်။
“ကြည့်ရတာ ကိစ္စလေးတချို့ကို ကျုပ်ကိုယ်တိုင် သွားစစ်ဆေးဖို့ လိုနေပုံပဲ”
နဂါးစိမ်းဂိုဏ်းချုပ်က တိတ်ဆိတ်သွားသည်။ သူ့မိတ်ဆွေကြီးကိုယ်တိုင် လှုပ်ရှားဖို့ လိုအပ်သည်ဟု ပြောခြင်းအားဖြင့် အဆိပ်ကဝေ၏ မျိုးစေ့နှင့် အမွေအနှစ်က မည်မျှ အရေးကြီးသည်ကို ခန့်မှန်းမိခဲ့၍ ဖြစ်သည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးကတော့ သူ၏ မျက်လုံးဖြူဖြူများဖြင့် အဝေးကို လှမ်းကြည့်နေလေ၏။ သူ့အတွေးထဲတွင် ရုပ်ဆိုးအကြည်းတန်သော အဘွားအိုတစ်ယောက်နှင့် ချစ်စဖွယ် ကလေးမလေးတစ်ယောက်၏ ပုံရိပ်က ထင်ဟပ်လာသည်။
‘တကယ်လို့ အဲဒီကလေးမလေးက အသက်ရှင်နေသေးရင်တော့…၊ ဟင်းဟင်း…၊ စိတ်ဝင်စားစရာပဲ၊ တကယ်စိတ်ဝင်စားစရာပဲ’
မျက်လုံးဖြူအဖိုးအိုကောင်းထုံး၏ မျက်နှာပေါ်တွင် တစ်ခါမှ မဖြစ်ဖူးသော စိတ်လှုပ်ရှားမှုများနှင့် စိတ်အားထက်သန်မှုများ ဖြစ်ပေါ်နေခဲ့လေ၏။
အခန်း(၃၃၃) ပြီး
***