ခုနစ်ရက်ဟူသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ဟန်ကျိုးမြို့မှ အဖြစ်အပျက်သတင်းများကလည်း သိုင်းလောကအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
သူတောင်းစားဂိုဏ်းမှ အထွတ်ထိပ်အဆင့်ကို ကျော်လွန်သည့် အပြင်အကြီးအကဲသတင်းက လမ်းမှန်သိုင်းလောကသားကို အားတက်သွားစေပြီး လမ်းလွဲသိုင်းလောကသားများကို အားငယ်သွားစေခဲ့သည်။ လမ်းလွဲသိုင်းလောကတွင် တစ်ဦးတစ်ယောက်ကမှ အထွတ်ထိပ်အဆင့်ကို မကျော်လွန်နိုင်သောကြောင့် ဖြစ်သည်။
သရဲနက်၏ ရှီရေကန်တွင် လူငယ်မျိုးဆက်များကို သတ်ဖြတ်ခဲ့သည့် သတင်းကတော့လမ်းမှန်သိုင်းလောကကိုရော လမ်းလွဲသိုင်းလောကကိုပါ တုန်လှုပ်သွားစေခဲ့သည်။ သသိုင်းလောက၏ လူငယ်မျိုးဆက်များမှာလည်း သွားချင်တိုင်းသွား လာချင်တိုင်းလာ မလုပ်ရဲအောင် ဖြစ်ကုန်ကြသည်။
အကျဉ်းသားများ လွတ်မြောက်သွားသည့် သတင်းကတော့ တခြားနေရာများထက် အင်ပါယာနန်းတွင်းတွင် လှုပ်ခတ်မှု ကြီးမားခဲ့သည်။ အထူးသဖြင့် အင်ပါယာမိသားစုအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
သို့သော်လည်း တစ်ပတ်ဟူသော အချိန်က တချို့အရာများကို တည်ငြိမ်သွားစေရန်နှင့် အသားကျသွားစေရန် လုံလောက်နေခဲ့သည်။ ခုနစ်ရက်ကြာပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော သတင်းများက လူများ၏ ပါးစပ်ဖျားမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
—————
ပီကင်းမြို့တော်၊ အနောက်ရေကန်၊ ကြာဖြူဇရပ်။
ဇရပ်ရှေ့ ရေထဲတွင် လှေငယ်နှစ်စင်း ရှိနေသည်။
ဇရပ်ပေါ်တွင် ကြာဖြူရောင် ဝတ်စုံနှင့် အသက်ဆယ့်ငါးနှစ်ခန့်ရှိ ရုပ်ရည်သန့်ရှင်းလှပသော မိန်းကလေးတစ်ယောက်နှင့် အစိမ်းရောင်ဝတ်စုံနှင့် အသက်ငါးဆယ်ခန့်ရှိ စားပေသမားနှင့်တူသူ လူကြီးတစ်ယောက် ရှိနေသည်။
မိန်းကလေးက မြေပုံသစ်တစ်ခုနှင့် ရှေးဟောင်းမြေပုံတစ်ခုကို နှိုင်းယှဉ်၍ မြေပုံတစ်ခုကို ရေးဆွဲနေသည်။ ထိုမိန်းကလေးက သူမ ရေးဆွဲနေသော မြေပုံကို အထူးအာရုံစိုက်၍ ရေးဆွဲနေခဲ့သည်။
အချိန်တစ်ခုစာ ကြာသောအခါမှ မိန်းကလေးက မြေပုံရေးဆွဲမှုက ရပ်လိုက်သည်။
“နောက်ဆုံးတော့ ဒါကို လက်စသတ်နိုင်ခဲ့ပြီ”
သူမက ပြုံးရွှင်စွာ ပြောရင်း ဝတ်စုံစိမ်းနှင့်လူကို တစ်ချက်ကြည့်ပြီး ပြုံးပြသည်။
“မိန်းကလေး ပင်ပန်းသွားပြီ”
ဝတ်စုံစိမ်းနှင့်လူက ဇွဲကောင်းသော မိန်းကလေးကို လှမ်းပြောသည်။ မြေပုံဆွဲနေသူကို မပြောနှင့် ဘေးက ရပ်ကြည့်နေရသူပင် ပင်ပန်းသလို ခံစားရသည် မဟုတ်ပါလား။
မိန်းကလေးက အသာခေါင်းညိတ်ပြီး အကြောဆန့်ကာ အညောင်းဖြေသည်။ ထို့နောက် ရှေးဟောင်းမြေပုံ၊ မြေပုံသစ်နှင့် သူမ ရေးဆွဲထားသော မြေပုံတို့ကို တိုက်ဆိုင်စစ်ဆေးသည်။ အနီးကပ်ကြည့်လိုက်၊ အနည်းငယ်ခွာ၍ ကြည့်လိုက်၊ ခပ်လှမ်းလှမ်းမှ သွားကြည့်လိုက်နှင့် လုပ်နေသည်။ တစ်ခါ မြေပုံကို အတည့်ကြည့်လိုက်၊ ဘေးစောင်းကြည့်လိုက်၊ အောက်ဘက်က ကြည့်လိုက်နှင့် အမျိုးမျိုး လှည့်ပတ်ကြည့်သည်။
မြေပုံကို ခပ်စွေစွေ ကြည့်လိုက်ပြီးနောက် သူမ၏ သေးသွယ်လှပသော မျက်ခုံးလေးက တွန့်ကွေးသွားပြီး မျက်နှာကလည်း လေးနက်သွားသည်။
ဘေးတွင် ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက မေးလိုက်သည်။
“မိန်းကလေး…၊ တစ်ခုခု တွေ့လိုက်လို့လား”
မိန်းကလေးက ရှေးဟောင်းမြေပုံကို စူးစိုက်ကြည့်နေပြီး အသာခေါင်းညိတ်သည်။
“မြေပုံက နေရာတစ်ခုကို ညွှန်ပြနေတယ် ဦးလေးနှစ်”
ဦးလေးနှစ်ဆိုသူ ဝတ်စုံစိမ်းနှင့်လူလည်း ရှေ့တိုးလာပြီး မြေပုံသုံးခုကို မိန်းကလေးကြည့်သလို ကြည့်သည်။ ထို့နောက် မိန်းကလေး ရေးဆွဲထားသော မြေပုံကို ခပ်စွေစွေကြည့်သည်။
“အဲဒါ တောင်ကုန်းတွေကို ညွှန်းထားသလိုပဲ”
“တောင်ကုန်းတွေလား။ ဒီလို ပုံစံတောင်ကုန်းတွေ ရှိတာလား”
ဦးလေးနှစ်က ခေါင်းညိတ်သည်။
“ရှိတယ်။ ရှီအန်းမြို့တစ်ဝိုက်မှာ ဒီလို တောင်ကုန်းတွေက ရှိတယ်”
ဦးလေးနှစ်၏ စကားကို ကြားလျှင် မိန်းကလေးက အနားတွင် ရှိနေသော သေတ္တာတစ်လုံးကို ဖွင့်လိုက်သည်။ သေတ္တာထဲတွင် ရှည်မျောမျော စာလိပ်များ ရှိနေ၏။
မိန်းကလေးက စာလိပ်များထဲမှ တစ်ခုကို ရွေးထုတ်ပြီး စားပွဲပေါ်တွင် ဖြန့်ချလိုက်သည်။
မြေပုံကားချပ်တစ်ခု ပေါ်လာသည်။ မြေပုံထိပ်တွင် ရှီအန်း’ဟု ရေးထားသည်။ ရှီအန်းမြို့နှင့် အနီးတစ်ဝိုက်ကို ရေးဆွဲထားသော မြေပုံကားချပ် ဖြစ်သည်။
မိန်းကလေးက သူမရေးဆွဲထားသော မြေပုံထဲက ညွှန်ပြချက်များကို ရှီအန်းမြေပုံနှင့် တိုက်ဆိုင် စစ်ဆေးသည်။
“ဟုတ်တယ်။ ရှေးဟောင်းမြေပုံမှာ ညွှန်ပြနေတာက ရှီအန်းတစ်ဝိုက်ပဲ”
မိန်းကလေးက ရှေးဟောင်းမြေပုံကို ပြန်ကြည့်သည်။
“ဦးလေးနှစ်…၊ ဒီအမှတ်သားကို တစ်ချက်ကြည့်ကြည့်။ တြိဂံပုံက ဘာအဓိပ္ပါယ်လဲ။ တောင်ကုန်းတစ်ခုပဲလား”
ရှေးဟောင်းမြေပုံထဲက မှုန်ဝါးဝါး ပုံရိပ်များထဲတွင် တြိဂံပုံလေးတစ်ခု ရှိနေသည်။ အနီးပတ်ဝန်းကျင်တွင် စတုဂံပုံများလည်း ဝိုးတဝါး ရှိနေသည်။
ဦးလေးနှစ်က ရှေးဟောင်းမြေပုံထဲက တြိဂံအမှတ်သားကို ကြည့်လိုက် ရှီအန်းမြေပုံကို ကြည့်လိုက်နှင့် လုပ်နေသည်။
“အဲဒီ တြိဂံအမှတ်သားက ရှီအန်းမြေပုံထဲမှာတော့ မရှိနေဘူး။ စတုဂံအမှတ်သားတွေကတော့ ရှီအန်းတစ်ဝိုက်က တောင်ကုန်းတွေကို ပြောချင်တာပဲ ဖြစ်မယ်။ ရှီအန်းတစ်ဝိုက်က အဲဒီတောင်ကုန်းတွေက ထူးထူးခြားခြား အောက်ခြေပတ်လည်က စတုဂံလို လေးထောင့်ကျနေတယ်။ တောင်ကုန်းနံရံမျက်နှာပြင်က လေးဘက်နဲ့။ ဒါပေမဲ့ တြိဂံပုံစံ တောင်ကုန်းတော့ မရှိဘူးထင်တယ်။ အဲဒါမျိုး မကြားဖူးဘူး”
မိန်းကလေးက အလွန်လေးနက်စွာ စဉ်းစားနေသည်။
“ဒီရှေးဟောင်းမြေပုံနဲ့ ရှေးဟောင်းစာလိပ်အပျက်အစီးတွေကို ခက်ခက်ခဲခဲ စုဆောင်းထားခဲ့ရတာ။ အခု ရတဲ့ သဲလွန်စက အဓိပ္ပါယ်တစ်ခုခုတော့ ရှိနေလိမ့်မယ်”
ဦးလေးနှစ်က ခေါင်းညိတ်လိုက်သည်။
ဟုတ်သည်။ ထိုရှေးဟောင်းမြေပုံနှင့် ရှေးဟောင်းစာလိပ် အပျက်အစီးများကို ယခင်ဧကရာဇ်၏ လူယုံများက လျှို့ဝှက်စွာ ရှာဖွေ စုဆောင်းခဲ့ကြရသည်။ ထိုရှာဖွေမှုထဲတွင် ဦးလေးနှစ်လည်း ပါဝင်ခဲ့သည်။ ရှေးဟောင်းဂူသင်္ချိုင်းများကို တူးဖော်ရှာဖွေရခြင်းက လွယ်ကူသော ကိစ္စတော့ မဟုတ်ပေ။
ယခင်ဧကရာဇ်က ရှေးဟောင်းဂူသင်္ချိုင်းများကို အဘယ်ကြောင့် ရှာဖွေတူးဖော်ခဲ့သနည်း။
ထိုကိစ္စက ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ ယခင်ဧကရာဇ်၏ အနီးကပ်ဆုံး လူယုံတချို့ကသာ သိကြသည်။ အဓိကအကြောင်းရင်းမှာ ယခင်ဧကရာဇ် ဉာဏ်ပညာကြီးမှုနှင့် လေ့လာစူးစမ်းမှုများကြောင့် ဖြစ်သည်။ နောက်တစ်ချက်မှာ ယခင်ဧကရာဇ်၏ ကျန်းမာရေး ချူချာမှုကြောင့် ဖြစ်သည်။
ယခင်ဧကရာဇ်က ဆုတ်ယုတ်အားနည်းလာသော အင်ပါယာကို ပြန်ခိုင်မာတိုးတက်အောင် ခေတ်နှင့်အညီ နည်းစနစ်အမျိုးမျိုးကို လေလာစူးစမ်း၍ သုတေသနများနှင့် လေ့လာစမ်းသပ်မှုများလည်း လုပ်ခဲ့သလို ရှေးဟောင်း အကြွင်းအကျန်များကိုလည်း ရှာဖွေစူးစမ်းခဲ့သည်။ တစ်ဖက်တွင် အင်ပါယာကို ခိုင်မာအားကောင်းစေရန် ဖြစ်သည်။ တစ်ဖက်တွင် သူ၏ ကျန်းမာရေးအတွက် အဖြစ်သည်။
ယခင်ဧကရာဇ်မှာ ဉာဏ်ပညာကြီးမားပြီး ချစ်ခြင်းမေတ္တနှင့် စိတ်ကောင်းစေတနာ ပြည့်ဝသော်လည်း ကျန်းမာရေးကတော့ မကောင်းခဲ့ပေ။ ကျန်းမာရေး ချူချာသည့်ကြားထဲ ဧကရာဇ်တာဝန်ကို နေ့ညမနား ထမ်းဆောင်ခဲ့သောကြောင့် ပို၍ ထိခိုက်ခဲ့သည်။
ဧကရာဇ်အမွေခံလောင်းလျာ သားသမီး ထွန်းကားဖို့ပင် ခက်ခဲခဲ့သည်။ အစွမ်းကုန်ကြိုးစားပြီးနောက်တွင် သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါး ထွန်းကားခဲ့သော်လည်း သားတော်ရော သမီးတော်ရော ချူချာနေခဲ့သည်။
သမီးတော်လေးမှာ ချူချာလွန်း၍ အရွယ်မရောက်ခင် ကွယ်လွန်သွားခဲ့ရသည်။
ထိုအခါ ယခင်ဧကရာဇ်က သူ့ကျန်းမာရေး သူ့အသက်ရှည်ရေးနှင့် သားတော်လေး၏ ကျန်းမာရေး အသက်ရှည်ရေးအတွက် နည်းလမ်းမျိုးစုံကို လေ့လာစူးစမ်း ရှာဖွေတော့သည်။ ခေတ်မီ နည်းလမ်းသစ်များကို လေ့လာစူးစမ်းသလို ရှေးဟောင်းနည်းစနစ်များကိုလည်း ရှာဖွေခဲ့သည်။ ရှေးဟောင်းနယ်မြေများ၊ ရှေးဟောင်းဂူသင်္ချိုင်းများကို လျှို့ဝှက်စွာ ရှာဖွေ့တူးဖော်ခဲ့သည်။
နန်းတွင်း စာကြည့်ဆောင်၏ လျှို့ဝှက်ခန်းထဲက စာအုပ်ဟောင်းများ၊ စာလိပ်ဟောင်းများက ရှေးဟောင်းနယ်မြေများနှင့် ရှေးဟောင်းဂူသင်္ချိုင်းများမှ လျှို့ဝှက်စွာ ရှာဖွေ့တွေ့ရှိခဲ့သည့် အရာများ ဖြစ်သည်။
အပျက်စီးများကိုသာ ရှာတွေ့ခဲ့သော်လည်း ယခင်ဧကရာဇ်က လက်မလျှော့ဘဲ လေ့လာခဲ့သည်။ သို့သော်လည်း ယခင်ဧကရာဇ်၏ သက်တမ်းက တိုလွန်းနေခဲ့သည်။ လေ့လာမှုများ မပြီးဆုံးခင် ကွယ်သွားခဲ့ရသည်။
ယခု ထိုမိန်းကလေးသည်ကား မိဖုရားကြီး၏ မွေးစားသမီး ဖြစ်သည်။ ကွယ်လွန်သွားသော မင်းသမီးလေးနှင့် ရုပ်ချင်းဆင်နေခဲ့သောကြောင့် မိဖုရားကြီးက မွေးစားခဲ့ခြင်း ဖြစ်သည်။ ဆုံးပါးသွားသော သမီးတော်လေးကို အလွမ်းဖြေရန် မွေးစားခဲ့ပြီး မင်းသမီးအရာ ချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုမွေးစားသမီးတော်လေးက စာပေပညာတွင် ထူးထူးခြားခြား ပါရမီကြီးမားပြီး ရှေးဟောင်းစာပေများကို လေ့လာနိုင်သည်အထိ စာပေအရာ၌ ထူးချွန်နေခဲ့သည်။ ထို့ကြောင့်လည်း ယခင်ဧကရာဇ် ရှာဖွေစုဆောင်း၍ လေ့လာခဲ့သော ရှေးဟောင်းစာပေများ စာလိပ်များကို သူမက ဆက်၍ လေ့လာနေခဲ့သည်။
သူမက ယခင်ဧကရာဇ်လို အင်ပါယာကြီး ခိုင်မာအားကောင်းအောင် ကူညီပေးချင်၍တော့ မဟုတ်ပေ။ အစ်ကိုတော် ဧကရာဇ်ငယ်ကို ကူညီပေးနိုင်ရန်သာ ဖြစ်သည်။ အစ်ကိုတော်ဧကရာဇ်က သူ့ကျန်းမာရေးနှင့် သူ့အခြေနေကို သိထားသူ ဖြစ်၍ အင်ပါယာအရေးကိုလည်း စိတ်မဝင်စားပေ။ အင်ပါယာနန်းတွင်းရေးကိုလည်း စိတ်မဝင်စားပေ။ သူ အသက်ရှင်နေနိုင်သည့် အချိန်အတွင်း ပျော်ပျော်ရွင်ရွှင်နေသွားရန်သာ အာရုံစိုက်နေခဲ့သူ ဖြစ်သည်။
မိမိ၏ အသက်ကိုပင် လက်လျှော့ထားသူအတွက် တခြား မည်သည့်အရာကို အာရုံစိုက်ချင်ပါတော့မည်နည်း။
အင်ပါယာနန်းတွင်းရေး ရှုပ်ထွေးအားနည်းသွားသည်ဖြစ်စေ၊ အင်ပါယာကြီး ဆုတ်ယုတ်သွားသည်ဖြစ်စေ၊ ပြည်သူများ ခက်ခဲဆင်းရဲသည်ဖြစ်စေ၊ အင်ပါယာနယ်မြေများ ဆုံးရှုံးရသည်ဖြစ်စေ ဧကရာဇ်ငယ်က ဂရုမစိုက်ပေ။ ဖခင် ဧကရာဇ် ချန်ထားပေးသော ဧကရာဇ်ပလ္လင်ကို ဆက်ခံရယူထားခဲ့ခြင်းမှာလည်း ဧကရာဇ်စည်းစိမ်ကို လိုချင်၍ မဟုတ်ပေ။ သူ အသက်ရှင်နေစဉ်ကာလအတွင်း သူ၏ မယ်တော်ကို နန်းတွင်းရေးအရှုပ်ထွေးကြားမှ လွတ်ကင်းအောင် စောင့်ရှောက်ပေးထားနိုင်ရန်သာ ဖြစ်သည်။ သူသာ ဧကရာဇ်မဟုတ်ခဲ့လျှင် သူ၏ အသက်သည်လည်းကောင်း မယ်တော်၏ အသက်သည်လည်းကောင်း စိုးရိမ်ရပေသည်။ အင်ပါယာနန်းတွင်းရေး အာဏာကစားပွဲများကြားတွင် လှိုင်းကြားလေကြားက လှေငယ်လေးလို လှုပ်ခါယိမ်းထိုး၍ အားကိုးစရာ မရှိဘဲ တိမ်းမှောက်သွားပေလိမ့်မည်။
ထိုသို့ မဖြစ်ရလေအောင် သူက ဧကရာဇ်ပလ္လင်ကို ဆက်ခံရယူခဲ့ခြင်း ဖြစ်သည်။ အင်ပါယာအရေးသာမက သူ၏ နာမည်နှင့် ဂုဏ်သိက္ခာ ပျက်စီးပြီး သမိုင်းတွင် အညံ့ဖျင်းဆုံး ဧကရာဇ်အဖြစ် အမည်တွင်မည်ကိုပင် သူက ဂရုမစိုက်ခဲ့ပေ။
သူ အသက်ရှင်နေသမျှ ပျော်ပျော်သာ နေသွားမည်။ သူ့မယ်တော်ကို စောင့်ရှောက်သွားမည်။ ထိုမျှကိုသာ သူက ဂရုစိုက်သည်။ သူက အရာအားလုံးကို လက်လျှော့ထားပြီး ဖြစ်သည်။ သူ၏ ထိုနောက်ဆုံးဆန္ဒလေးကိုသာ ဆုပ်ကိုင်၍ အသက်ဆက်လျက် ဧကရာဇ်ဆက်လုပ်နေခြင်း ဖြစ်သည်။
မင်းသမီးလေးက သူ့အစ်ကိုတော် ဧကရာဇ်ကို တစ်ခုခု ကူညီပေးချင်သည်။ ယခင်ဧကရာဇ် ရှာဖွေစုဆောင်းထားသော ရှေးဟောင်းစာများကို ရှာဖွေ ဖတ်ရှုလေ့လာရင်းက ရှေးဟောင်းမြေပုံတစ်ခုကို ရရှိခဲ့သည်။ ထိုရှေးဟောင်းမြေပုံကို လေ့လာပြီးနောက် ယခုလို သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် မင်းသမီးလေးက ထိုသဲလွန်စကို လက်မလွှတ်နိုင်ပေ။
“ဦးလေးနှစ်…၊ ရှီအန်းကို သွားပြီး စစ်ဆေးကြည့်ပေးပါ။ ဒီတြိဂံအညွှန်းက တစ်ခုခုတော့ တစ်ခုခု ဖြစ်လိမ့်မယ်”
“အကျဉ်းသားတွေကို ဆက်ကာကွယ်ပေးထားဖို့ လိုသေးလား။ ကြည့်ရသလောက် သူ့ကို သေစေချင်တဲ့လူက များနေတယ်။ ဘယ်လောက်ကြာကြာ ရှောင်တိမ်းပြီး အသက်ရှင်နေနိုင်မလဲ မသိဘူး”
“လောလောဆယ်တော့ အကျဉ်းသားကိစ္စကို လွှတ်ထားလိုက်ပါဦး။ တခြားလူတွေက သေစေချင်နေရင်တောင် သူက မသေချင်သေးရင် သူ့မှာ ပုန်းစရာနေရာ ရှိပါလိမ့်မယ်”
“မိန်းကလေး ပြောချင်တာက…”
“ဟုတ်တယ်။ သူက စွန့်လွှတ်အနစ်နာခံချင်စိတ် ဝင်သွားရင်တော့ ပုန်းမနေတော့ဘဲ ထွက်လာလိမ့်မယ်။ သူ့ကိုယ်သူ ကျားစေ့တစ်စေ့ဆိုတာ သိနေရင်တောင် စွန့်လွှတ်အနစ်နာခံသူဆိုတဲ့ နာမည်တစ်ခု ချန်ထားခဲ့ချင်တာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”
“ဒါဆို…”
“သူကိုယ်တိုင်က သူ့ကိုယ်သူ လက်လျှော့လိုက်ရင် ဘေးလူက ဆွဲထားဖို့ အရမ်းခက်တယ်။ ဟင်း…”
မင်းသမီးလေးက ပြောရင်း သက်ပြင်းချသည်။
“ကောင်းပြီ…၊ ဒါဆိုရင် ဦးလေးနှစ် ရှီအန်းကို သွားလေ့လာလိုက်မယ်။ အချိန်တော့ ပေးရလိမ့်မယ်။ ဒီအတောအတွင်း မိန်းကလေး ဂရုစိုက်ပါ”
“ဟုတ်ကဲ့ ဦးလေးနှစ်။ ကြိုးစားပေးပါဦး”
ဦးလေးနှစ်က ခေါင်းညိတ်ပြီး ခန္ဓာကိုယ်ကို အသာလှုပ်ရှားလိုက်ရာ ရိပ်ကနဲ ပေါ့ပါးစွာ လွင့်မျောသွားပြီး ဇရပ်ရှေ့က လှေငယ်တစ်စီးပေါ် ရောက်သွားသည်။
မိန်းကလေးက ဦးလေးနှစ်၏ လျင်မြန်ပေါ့ပါးသော လှုပ်ရှားမှုကို ကြည့်ပြီး ပြုံးနေခဲ့သည်။
“ဦးလေးနှစ်က ထပ်ပြီး တိုးတက်လာပြန်ပြီ”
ထို့နောက် ဦးလေးနှစ်က လှေကို လှော်ခတ်၍ ထိုနေရာမှ ထွက်သွားခဲ့သည်။
ရေလယ်ခေါင်က ကြာဖြူဇရပ်ပေါ်တွင် မိန်းကလေးတစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ရစ်ခဲ့လေ၏။
ပီကင်းမြို့တော်ဈေး…။
ထုံးစံအတိုင်း ဈေးထဲတွင် ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားနေ၏။
ဈေးထဲတွင် ဝဝကစ်ကစ်နှင့် ချစ်စရာကောင်းသော အသက်ဆယ့်လေးနှစ်ခန့်ရှိ မိန်းကလေးတစ်ယောက်က အဖော်နှစ်ယောက်နှင့်အတူ ဟိုကြည့်သည်ကြည့်နှင့် လျှောက်နေ၏။ သူမက ဈေးဆိုင်တိုင်းကို လိုက်ကြည့်၍ သူမ ဝယ်လိုသည်များကိုလည်း ဝယ်သွားသည်။ သူမ ဝယ်သမျှကို သူမနောက်မှ လိုက်လာသော အဖော်နှစ်ယောက် သယ်ပေးကြသည်။
တစ်နေရာအရောက်တွင် သူမ၏ မျက်လုံးများက တောက်ပသွားသည်။
“တုံချွမ်း တုံတုံချွမ်း…”
မလှမ်းမကမ်းတွင် ဗုံတီးသံ လင်းကွင်းတီးသံများနှင့်အတူ လူများ ဝိုင်းအုံကြည့်နေသည်။ လူစည်လှ၏။ ကလေးလူကြီး လူငယ် လူလတ် အရွယ်စုံ တိုးကြည့်နေကြသည်။
“မျက်လှည့်ဝိုင်းပဲ”
မိန်းကလေးက ပြောလိုက်ပြီး သူမ၏ ပါးဖောင်းဖောင်းလေးတွင် ပါးချိုင့်လေးနှစ်ခု ပေါ်သွားသည်အထိ ပြုံးသည်။ ထို့နောက် သူမက ထိုနေရာသို့ သွားလိုက်သည်။
မိန်းကလေးက လူများကြားထဲ တိုးဝင်သွားသည်။
“ဟင်…၊ မျက်လှည့် မဟုတ်ဘူးလား”
လူများရှေ့သို့ ရောက်လျှင် မိန်းကလေးက သူမ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အနည်းငယ် အံ့ဩသွားသည်။ သူမ ထင်သလို မျက်လှည့်ဝိုင်း မဟုတ်နေပေ။ မည်သူမှ မျက်လှည့် မပြနေပေ။ လူကြီးတစ်ယောက်က ဗုံနှင့် လင်းကွင်းကို ထိုင်တီးနေရုံသာ တီးနေခဲ့သည်။ ထိုလူကြီးရှေ့တွင် သစ်သားရုပ်များ ကစားစရာများ ချခင်းထားသည်။
တချို့လူကြီးများနှင့် လူငယ်များက ထိုကစားစရာ သစ်သားရုပ်များကို စူးစမ်းနေကြသည်။ တချို့က ကိုင်ကြည့်နေကြသည်။ တချို့က ဖြုတ်ကြည့်နေကြသည်။
“အဲဒါက ဘာကစားစရာလေးတွေလဲ”
ကစားစရာများက မြင်ဖူးနေကျ ကစားစရာများနှင့် မတူနေပါ။ တချို့က သေတ္တာလေးများဖြစ်သည်။ တချို့က သစ်ပြားလေးများ ဖြစ်သည်။ တချို့က သစ်သားကွင်းကို ကြိုးနှင့် တွဲချိတ်ထားသော ကစားစရာများ ဖြစ်နေသည်။ ပုံစံအမျိုးမျိုး ဖြစ်သည်။
ဗုံနှင့် လင်းကွင်း တီးနေသော လူကြီးက အတီးရပ်ပြီး ပြောသည်။
“ပဟေဠိရုပ်တစ်ရုပ်ကို ကြေးပြားငါးပြား။ဂပဟေဠိကို ဖြေနိုင်ရင် တစ်ရုပ် အလကားယူသွား”
“ပဟေဠိရုပ်တွေလား”
မိန်းကလေးလိုပင် တချို့လူများက စိတ်ဝင်တစား ကြည့်နေမိကြသည်။ တချို့ကတော့ အရုပ်များကို ယူပြီး ဖြုတ်ကြည့် ဖြေကြည့်နေကြသည်။
ထိုစဉ်…
“ဟားဟား…၊ ရသွားပြီကွ။ ဒါကို ငယ်ငယ်က ကစားခဲ့ဖူးတယ်။ ကြာတော့ မေ့သွားတာ။ တော်တော် ကြိုးစားလိုက်ရတယ်”
“ဖြောင်းဖြောင်းဖြောင်း…”
ကစားစရာရောင်းနေသော လူကြီးရော ကြည့်နေကြသူများရော လက်ခုပ်တီးကြသည်။
“ကောင်းပြီ။ တစ်ရုပ် အလကားယူသွား”
“ဟဲဟဲ…”
ပဟေဠိရုပ်ကို ဖြေနိုင်ခဲ့သော လူကြီးက ကြေးပြားငါးပြားပေးပြီး သူ ဖြေနိုင်ခဲ့သော ပဟေဠိအရုပ်နှင့် သူစိတ်ဝင်စားသော အခြားပဟေဠိအရုပ်တစ်ခုကို ယူလိုက်သည်။
“ဒီအရုပ်လေး စိတ်ဝင်စားတယ်။ အိမ်ရောက်မှ သေချာ ဖြေကြည့်ရမယ်”
ထိုအချိန်တွင် လူငယ်တစ်ယောက်ကလည်း ကြက်ခြေခတ်သစ်သားရုပ်လေးကို ဖြုတ်ဖို့ အမျိုးမျိုးကြိုးစားနေခဲ့သည်။ ဆွဲလိုက်၊ တွန်းလိုက်၊ လှုပ်လိုက်၊ ခေါက်လိုက်နှင့် အမျိုးမျိုး လျှောက်လုပ်ကြည့်နေသော်လည်း ကြက်ခြေခတ်ချိတ်ဆက်ထားသော အနီရောင်နှင့် အဖြူရောင် သစ်သားနှစ်ခြမ်းက မပြုတ်သွားခဲ့ပေ။ တလှုပ်လှုပ်နှင့်သာ ဖြစ်နေခဲ့သည်။
“ထူးဆန်းတာပဲ”
မိန်းကလေးကလည်း စိတ်ဝင်စားသွားပြီး ပဟေဠိအရုပ်များကို လိုက်ကြည့်သည်။ သူမ၏ မျက်လုံးက လေးရောင်ရောစပ်ထားသော အံစာတုံးအကြီးတစ်ခုလို လေးထောင့်သစ်သားတုံးလေးဆီသို့ အကြည့်ရောက်သွားသည်။ ထို့နောက် သူမက ချက်ချင်း ယူလိုက်ပြီး စစ်ဆေးကြည့်သည်။
လေးထောင့် သစ်သားတုံးက အရောင်မတူသော သစ်သားလေးခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အသေအခိုင် ဖြစ်နေအောင် လုပ်ထားခြင်းမဟုတ်ဘဲ ကိုင်ကြည့် လှုပ်ကြည့်လျှင် တလှုပ်လှုပ် ဖြစ်နေသည်။
“လေးရောင် လေးစ ပေါင်းစပ်ထားတာကို တစ်ရောင်စီ တစ်စစီဖြစ်အောင် ဖြုတ်ထုတ်ရမှာပါ”
ပဟေဠိအရုပ်ရောင်းသော လူကြီးက လှမ်းပြောသည်။
“သိပြီ”
မိန်းကလေးက ပဟေဠိအရုပ်ကို စိတ်ဝင်တစားစူး လှည့်ပတ်ကြည့်သည်။ ခဏအကြာတွင် သူမ၏ မျက်လုံးများက အရောင်တောက်ပသွားသည်။ ထို့နောက် သူမက သစ်သားတုံးလေးကို ဟိုလှည့်သည်လှည့် ဟိုတွန်းသည်တွန်းနှင့် လျှောက်လုပ်လိုက်ရာ လေးရောင်စပ် လေးထောင့်သစ်သားတုံးလေးက တစ်ရောင်စီ တစ်စစီ ပြုတ်ထွက်လာခဲ့သည်။
“ယေး…”
“တော်တယ်ဟေ့…”
“အဲဒီကလေးမလေးက တကယ်တော်တာပဲ…”
“ဟုတ်တယ်။ သူက ခဏလေးနဲ့ ရသွားတာ”
အားလုံးက ချီးမွမ်းနေကြပြီး လက်ခုပ်တီးကြသည်။
“တစ်ရုပ် ဖိုးပဲပေး။ တစ်ရုပ်ကို အလကားယူသွား”
ပဟေဠိအရုပ်ရောင်းသူက ပြောသည်။
မိန်းကလေးက ဆော့ကစားရသည်ကို သဘောကျဟန်ဖြင့် အရုပ်များကို လိုက်ကြည့်သည်။
“ထပ်ကစားလို့ ရသေးလား”
“ရတာပေါ့…၊ ဒီမှာ ရှိတဲ့ အရုပ်အားလုံးကို ဖြေနိုင်ရင် အားလုံး အလကား ယူသွားလို့ ရတယ်”
မိန်းကလေးက ပါးချိုင့်လေးပေါ်အောင် ချစ်စဖွယ်ရယ်၍ ခေါင်းခါသည်။
“ဟီးဟီး…၊ အားလုံးတော့ မဖြေနိုင်လောက်ပါဘူး”
သူမက ပြောရင်း လူငယ်တစ်ယောက် ဖြေမရဖြစ်နေသော အရုပ်နှင့် တူသော ကြက်ခြေခတ်အရုပ်ကို ယူကြည့်လိုက်သည်။ အရုပ်ကို ကိုင်၍ လှုပ်ခါကြည့်လိုက်သောအခါ အသံမြည်နေသည်။
“ခလောက် ချောက်…”
“ဟီးဟီး…၊ အဲဒါ ဒီလိုကိုး”
မိန်းကလေးက တီးတိုးပြောရင်း ကြက်ခြေခတ်အရုပ်ကို ပြန်ချပြီး အသာလှည့်လိုက်သည်။
“ခလောက် ချောက်”
အသံတိုးတိုးမြည်သံနှင့်အတူ ကြက်ခြေခတ်အရုပ်က နှစ်ပတ် သုံးပတ် လည်သွားသည်။
မိန်းကလေး လုပ်နေသည်ကို အရုပ်သည်လူကြီးက စိတ်ဝင်စားသော မျက်လုံးဖြင့် ကြည့်နေခဲ့သည်။
မိန်းကလေးက အရုပ်ကို လှည့်ပြီးနောက် ကြက်ခြေခတ်သစ်သားအပေါ်တစ်ခြမ်းကို ကောက်ယူလိုက်သည်။ ဖြုတ်မရဖြစ်နေခဲ့သော သစ်သားက ပြုတ်နေခဲ့ပြီး သူမလက်ထဲ ပါလာခဲ့သည်။ တစ်ခြမ်းက မြေပေါ်တွင် ကျန်ခဲ့သည်။
“ဟင် ဘယ်လို ဖြုတ်လိုက်တာလဲ”
“လှည့်လိုက်တာ”
“လှည့်လိုက်တာလား”
“ဟုတ်တယ် ဟောဒီလို လှည့်လိုက်တာ”
ပြောပြောဆိုဆိုနှင့် ခုနက ဖြုတ်မရဖြစ်နေသော လူငယ်ကလည်း မိန်းကလေး လုပ်သလိုမျိုး ကြက်ခြေခတ်သစ်သားရုပ်ကို မြေပေါ်ချပြီး လည်သွားအောင် လှည့်လိုက်သည်။
“ချောက် ချောက်…”
အသံတိုးတိုးလေး မြည်သွားသည်။
လူငယ်က စိတ်လှုပ်ရှားလျက် ကြက်ခြေခတ်သစ်သားရုပ် အပေါ်ခြမ်းကို အသာ ကောက်ယူကြည့်လိုက်သည်။
“ဟားဟား…၊ တကယ် ပြုတ်သွားတာပဲဟ။ ဟားဟား…”
လူငယ်က ပျော်ရွှင်စွာ ရယ်မောနေခဲ့သည်။
“ဟုတ်တယ်ဟ။ ဒီလိုကျတော့လည်း တကယ်ကို လွယ်နေတာပဲ”
တချို့က ပြောလည်းပြော ကြက်ခြေခတ် သစ်သားရုပ်ကိုလည်း ယူကြည့်ကြသည်။
“လက်စသတ်တော့ ဒီလိုကိုး။ ဟားဟား…၊ လုပ်ထားတာ တော်တော် စိတ်ကူးကောင်းတယ်”
“ဟုတ်ပါ့ကွာ။ ကြံကြံဖန်ဖန် လုပ်လည်း လုပ်တတ်တယ်။ အဲဒီလို လုပ်ထားမှတော့ လှည့်ပြီးသာ မဖြုတ်ရင် ဘယ်လိုဖြုတ်ဖြုတ် မပြုတ်နိုင်ဘူးပဲလေ”
“ဟုတ်ပါ့…၊ ဟားဟား…၊ စိတ်ဝင်စားဖို့ကောင်းတယ်”
ထိုကြက်ခြေခတ်ရုပ်က သစ်သားတစ်စကို စရွေးထစ်ပြီး နောက်တစ်စကို အံကျဖြစ်အောင် ထည့်ထားခြင်း ဖြစ်သည်။ ချိတ်ဆက်နေရန်ကိုကား စရွေးထစ်ရာ တစ်ဖက်စီ၌ စူးသွားဖြင့် ဖောက်၍ သပ်အရှင်ကလေးနှစ်ခု ထည့်ထားသည်။ ထိုသပ်အရှင်နှစ်ခုက စူးသွားပေါက်ထဲ ချောင်ချိနေပြီး ရှေ့တိုးနောက်ဆုံး အဝင်အထွက် ဖြစ်နေသည်။ ကိုင်ကြည့် လှုပ်ကြည့်သောအခါ သပ်အရှင်တစ်ခုက ပြုတ်လျှင် နောက်တစ်ခု ချိတ်ပြီးသား ဖြစ်နေတော့သည်။
ထို့ကြောင့် မည့်သို့ပင် လှုပ်၍ ခါ၍ ဖြုတ်သော်လည်း မပြုတ်ဘဲ တစ်ပတ်နှစ်ပတ်လည်အောင် ဆတ်ကနဲ လှည့်ပြီး ဖြုတ်မှသာ ပြုတ်တော့သည်။ လှည့်လိုက်သောအခါ လည်အားက စရွေးနှစ်ဖက်မှ သပ်အရှင်နှစ်ခုကို စူးသွားပေါက်ထဲ ဝင်သွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားသည်။ ထိုတော့မှသာ စရွေးအံကျကလည်း တကူးတက ဖြုတ်နေစရာ မလိုတော့ဘဲ အလိုလျောက် ပြုတ်ပြီးသား ဖြစ်သွားရသည်။
မိန်းကလေးက တခြားအရုပ်များကို ထပ်ကြည့်နေသည်။ သူမက ထိုပဟေဠိအရုပ်များကို သဘောကျနေပုံရသည်။
ကြည့်နေသူများကလည်း ထိုမိန်း ထပ်ဖြေပြမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။
မိန်းကလေး၏ မျက်လုံးများက ပဟေဠိအရုပ်တစ်ခုကို အကြည့်ရောက်သွားသည်။ ထိုအရုပ်က သစ်သားရုပ်တော့ မဟုတ်ပေ။ ငွေရုပ်လေး ဖြစ်သည်။ အတိအကျဆိုလျှင် ငွေရောင်တောက်ပနေသော ငွေဘောလုံးလေး ဖြစ်သည်။
“အဲဒီ အရုပ်ကို ဖြေနိုင်ရင်ရော အလကား ရမှာလား”
မိန်းကလေး၏ အမေးကြောင့် လူကြီးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
“အဲဒီ ပဟေဠိအရုပ်ကို ဖြေနိုင်ရင် နောက်ထပ် နှစ်ရုပ် အလကား ပေးဦးမယ်”
“ဟီးဟီး…၊ တကယ်နော်”
မိန်းကလေးက တက်ကြွစွာဖြင့် ငွေဘောလုံး ပဟေဠိရုပ်လေးကို ယူကြည့်လိုက်သည်။
“နည်းနည်းတော့ တူတာပဲ”
မိန်းကလေးက တီးတိုးပြောပြီး ငွေဘောလုံးအရုပ်လေးကို ဟိုလှည့်သည်လှည့် ဟိုတွန်းသည်ရွှေ့နှင့် ဖြေကြည့်နေသည်။
အရုပ်သည်လူကြီးက မိန်းကလေးကို ပြုံး၍ ကြည့်နေခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ စိတ်ထက်သန်သော အငွေ့အသက်တစ်ခုက သိုဝှက်စွာ ရှိနေခဲ့သည်။
မိန်းကလေးကလည်း ငွေဘောလုံးပဟေဠိရုပ်လေးကို စိတ်ထက်သန်စွာ ဖြေနေခဲ့သည်။
ကြည့်နေသူများကလည်း မျက်တောင်မခတ်ဘဲ ဝိုင်းကြည့်နေကြသည်။
ထို့ကြောင့် လူများစည်ကားနေသော ပဟေဠိရုပ်ရောင်းသည့်နေရာက တိတ်ဆိတ်နေခဲ့သည်။
အချိန်အနည်းငယ် ကြာသောအခါ
“ချောက်…”
အသံတိုးတိုးလေး မြည်သွားပြီး ငွေဘောလုံးလေးက နှစ်ခြမ်းကွဲကာ ပြုတ်သွားခဲ့သည်။
“ဒီကလေးမ တကယ် ဖြေလိုက်နိုင်တယ်ဟ”
“တော်လိုက်တဲ့ ကလေးမပါလား”
“ငါ သေချာလိုက်ကြည့်ထားတာတောင် ဘယ်လို ပြုတ်သွားမှန်း မသိလိုက်ဘူး။ ပဟေဠိရုပ်တွေထဲမှာ အဲဒီအရုပ်က အခက်ဆုံး ဖြစ်နိုင်တယ်”
“ဟုတ်တယ်။ လုပ်ထားတာ တကယ်အနုစိတ်ပြီး သေသပ်တယ်”
“ဟီးဟီး…၊ တကယ် အလကားယူလို့ ရလား”
မိန်းကလေးက အရုပ်သည်လူကြီးကို ပြုံးရယ်ပြလျက် မေးသည်။
အရုပ်သည်လူကြီးက အလွန်ကျေနပ်နေဟန်ဖြင့် မိန်းကလေးကို ခေါင်းညိတ်ပြသည်။
“ယူသွားပါ။ ခုနက ပြောထားတဲ့ အတိုင်းပဲ နောက်ထပ် နှစ်ရုပ် ယူလို့ ရသေးတယ်”
“ဟီးဟီး…၊ ဟုတ်ကဲ့”
မိန်းကလေးက နောက်ထပ်နှစ်ရုပ် ယူလိုက်သည်။
“ဒီနှစ်ရုပ်ကို အလကား မယူချင်ပါဘူး။ ဒီမှာ ကြေးပြား ဆယ်ပြား”
မိန်းကလေးက ပြောပြီး အရုပ်သစ်နှစ်ခုအတွက် ကြေးပြား ဆယ်ပြား ပြေးလိုက်သည်။
လူကြီးကလည်း မငြင်းဘဲ ပြုံး၍ လက်ခံလိုက်သည်။
“ကဲကဲ…၊ ပဟေဠိအရုပ်တွေနော်၊ ဘယ်သူ ဖြုတ်နိုင်မလဲ၊ ဘယ်သူ ဖြေနိုင်မလဲ။ တစ်ရုပ်ဖြေနိုင်ရင် တစ်ရုပ် အလကားရမယ်။ တစ်ရုပ်မှ ကြေးပြားငါးပြား။ လာထားကြ။ ဉာဏ်မများထားဘူး။ ဉာဏ်ကစားပြီး ဖြေကြည့်ကြပါ ဖြုတ်ကြည့်ကြပါ။ ဉာဏ်လည်းကောင်း ပျော်ဖို့လည်းကောင်းတဲ့ ပဟေဠိအရုပ်တွေနော်…”
“ဒုံးချွမ်း ဒုံးဒုံးချွမ်း…”
အရုပ်သည်လူကြီးက အော်ပြောရင်း ဗုံနှင့် လင်းကွင်းကို စိတ်ပါလက်ပါ တီးခတ်နေခဲ့သည်။ သူ့မျက်လုံးကတော့ ထွက်ခွာသွားသော ပါးချိုင့်နှင့် မိန်းကလေးကို လှမ်းကြည့်နေခဲ့သည်။ သူ့အကြည့်ထဲတွင် နားလည်ရခက်သော သိုဝှက်သည့် အရိပ်တစ်ခု ပုံးကွယ်နေခဲ့လေ၏။
အခန်း(၃၃၄)ပြီး
***