ပဟေဠိရုပ် ရောင်းသမား လူကြီးက ဝိုင်းအုံကြည့်နေသည့် လူများထဲက လူတစ်ယောက်ကို အသာမျက်ရိပ်ပြလိုက်သည်။
လူအုပ်ထဲက လူက နားလည်ဟန်ဖြင့် အသာနောက်ဆုတ်ထွက်သွားပြီး ခုနက ထွက်သွားသော မိန်းကလေးနောက်မှ မသိမသာ နောက်ယောင်ခံလိုက်သွားလေ၏။
“မမလေးက တော်လိုက်တာ၊ ဒီလောက်ခက်တဲ့ ပဟေဠိရုပ်တွေကို ဖြုတ်ပြနိုင်ခဲ့တယ်”
“မမလေးက ဟင်းချက်ပဲ တော်တာမဟုတ်ဘူး။ ဒီလိုနေရာမှာလည်း တော်တာပဲ”
“မင်းက မသိသေးလို့။ မမလေးက သိုင်းပညာမှာလည်း တော်တယ်။ မမလေး လေ့ကျင့်နေတာ ငါ မတော်တဆ တွေ့ခဲ့ဖူးတယ်။ ငါထင်တာသာ မမှားရင် အဲဒါက အလယ်အလတ်အဆင့်လောက် ရှိမယ် ထင်တယ်”
“ဟင်…၊ တကယ်လား”
မိန်းကလေးနောက်က လိုက်၍ ပစ္စည်းကူသယ်ပေးနေသော လူနှစ်ယောက်က စကားပြောရင်း သူတို့၏ မမလေးကို အထင်ကြီးသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
မိန်းကလေးက မျက်နှာထားဖြင့် လှည့်ကြည့်လာသည်။
“ရှင်တို့နှစ်ယောက် လျှောက်ပြောမနေကြနဲ့။ အရုပ်လိုချင်နေတာ မဟုတ်လား။ ရော့ တစ်ယောက်တစ်ခုယူကြ။ ဟွန့်…”
“ဟဲဟဲ မမလေး…”
မိန်းကလေးက မျက်စောင်းဖြင့်ကြည့်ပြီး ဆက်လျှောက်သွားခဲ့သည်။ သူမ၏ မျက်နှာမှာတော့ ကျေနပ်သော အရိပ်များ ထင်ဟပ်နေလေ၏။
တကယ်တော့ သူမက တော်လွန်းနေ၍ ထိုပဟေဠိရုပ်များကို ဖြေနိုင်ခဲ့ခြင်း မဟုတ်ပေ။ ထိုပဟေဠိရုပ်များထက် ပိုဖွင့်ရခက်သော ငွေကြုပ်လေးကို ပိုင်ဆိုင်ခဲ့ဖူးပြီး ဖွင့်နည်းပိတ်နည်းကို သင်ခဲ့ဖူးသောကြောင့်သာ ဖြစ်သည်။
ထိုမိန်းကလေးသည်ကား ရွေငါးစားတော်ဆက်၏ မြေးမလေး ပေါက်စီပင် ဖြစ်လေ၏။ ထိုပဟေဠိရုပ်များက အရင်က ရှောင်တုံး လက်ဆောင်ပေးဖူးသော ငွေသော့ကြုပ်လေးကို ဖွင့်ရသည်လောက် မခက်ပေ။
‘ရှောင်တုံးဆိုရင် အဲဒီပဟေဠိအရုပ်တွေအကုန်လုံးကို ခဏလေးနဲ့ ဖြေနိုင်လောက်တယ်’
ပေါက်စီကတွေးရင်း ကျေနပ်စွာ ပြုံးနေခဲ့သည်။ တစ်ဆက်တည်း သူမက ထွက်သွားကြသည်မှာ ရက်အတော်ကြာပြီဖြစ်သော သူမ၏ အစ်ကိုကြီးကို သတိရနေမိသည်။
‘အစ်ကိုကြီးရှောင်လုံတစ်ယောက် ဘယ်တွေရောက်နေပြီလဲ မသိဘူး။ သိုင်းလောကထဲ လျှောက်သွားနေတာ ဖြစ်မယ်။ အရမ်းကောင်းတာပဲ။ ငါလည်း တစ်ခါလောက် အဲဒီလို လျှောက်သွားကြည့်ချင်တယ်။ သိုင်းလောကကြီးက တော်တော် ရှုပ်ထွေးတာတဲ့။ နည်းနည်းတော့ ကြောက်ဖို့ကောင်းတဲ့ပုံပဲ။ ဟီးဟီး…၊ ဆရာဘိုးဘိုးရော နေကောင်းရဲ့လား မသိဘူး’
ပေါက်စီတစ်ယောက် တောင်စဉ်ရေမရ လျှောက်တွေးရင်းနှင့် ဝယ်စရာရှိသည်များကို ဆက်ဝယ်သည်။
“ဝယ်စရာတွေလည်း စုံပြီဆိုတော့ ပြန်ကြစို့”
“ဟုတ်ကဲ့ မမလေး”
ထို့နောက် ပေါက်စီနှင့် စားတော်ဆက်မှ အလုပ်သမားနှစ်ယောက်တို့သည် ဈေးထဲမှ ထွက်သွားကြလေ၏။
သူတို့နောက်တွင် လူတစ်ယောက် နောက်ယောင်ခံ၍ လိုက်လာသည်ကိုတော့ ပေါက်စီတို့က မသိခဲ့ပေ။
ပေါက်စီတို့ ရွှေငါးစားတော်ဆက်သို့ ပြန်ရောက်လာသည်။
ပေါက်စီတို့ ရွှေငါးစားတော်ဆက်ထဲ ဝင်သွားမှသာ နောက်ယောင်ခံလိုက်သူက ထွက်သွားခဲ့သည်။
ပေါက်စီတို့က နောက်ယောင်ခံလိုက်သူကို မသိခဲ့သော်လည်း လူတစ်ယောက်ကတော့ သိခဲ့သည်။ ထိုလူက ရွှေငါးစားတော်ဆက်မှ ခပ်လှမ်းလှမ်း သစ်ပင်အောက်တွင် မူး၍ အိပ်နေပုံရသော အဖိုးအိုတစ်ဦး ဖြစ်သည်။
အဖိုးအိုက ဗူးသီးခြောက်အရက်ဗူးကို မော့သောက်ရင်း အိပ်ချင်နေသည်လား အမူးလွန်နေသည်လား မသဲကွဲသော မျက်လုံးများဖြင့် ပေါက်စီတို့ကိုလည်းကောင်း နောက်ယောင်ခံလိုက်လာသူကိုလည်းကောင်း လှမ်းကြည့်နေခဲ့လေ၏။
“အိုက်ယား…၊ တပည့်လေး တစ်ယောက် တွေ့ရမလား လာရှာပါတယ်။ အရှုပ်အထုပ်နဲ့ လာတွေ့နေတယ်”
အဘိုးအိုက တီးတိုးညည်းတွားရင်း သစ်ပင်ကို မှီ၍ ပြန်အိပ်နေလိုက်လေ၏။
ပေါက်စီတို့ ရွှေငါးစားတော်ဆက်ထဲ ရောက်လျှင် စားဖိုဆောင်ထဲမှ ကောင်လေးတစ်ယောက် အပြေးထွက်လာသည်။
“မမပေါက်စီ ပြန်လာပြီလား”
ကောင်လေးက အသက်ဆယ်နှစ်ခန့်သာ ရှိပြီး သွက်လက်တက်ကြွလှ၏။ သူက ပေါက်စီကို ပြုံးရွှင်ရင်းနှီးစွာ ကြည့်နေခဲ့သည်။
“အင်း…၊ ငါ ပြန်လာပြီ၊ ဒီနေ့ နင့်ကို ဟင်းလျာအသစ်တွေ သင်ပေးဖို့ စီစဉ်ထားတယ်။ ရော့ ဒါက နင် ကစားဖို့”
ပေါက်စီက သူရလာခဲ့သော ငွေဘောလုံးပဟေဠိရုပ်ကို ကောင်လေးအား ပေးလိုက်သည်။
ကောင်လေးက အလွန်ပျော်သွားသည်။ ဟင်းချက်နည်းအသစ်လည်း သင်ရမည်ဖြစ်ပြီး ကစားစရာ အသစ်လည်း ရလိုက်၍ ဖြစ်သည်။
ကျင်းချွမ်။ ဟုတ်သည်။ ထိုကောင်လေးမှာ ကျင်းချွမ် ဖြစ်သည်။ တစ်နေ့တွင် ထူးခြားသော စားဖိုမှူးကြီး ဖြစ်လာချင်သော အိပ်မက်ဖြင့် ရှောင်လုံနောက်သို့ လိုက်လာခဲ့သော ကောင်လေးဖြစ်သည်။ အခု သူက ရွှေငါးစားတော်ဆက်တွင် သူ သင်ချင်သော စားဖိုမှူးပညာများ သင်နေခဲ့ခြင်း ဖြစ်သည်။
လက်တွေ့ မဟုတ်သော စိတ်ကူးယဉ်အိပ်မက်သည် လှပဆန်းကြယ်သော်လည်း လက်တွေ့ မဟုတ်နေ၍ အရာအားလုံးမှာ လေများလိုသာ ဖြစ်သည်။ ကျင်းချွမ်အတွက်ကား ရွှေငါးစားတော်ဆက်တွင် ပညာသင်နေရခြင်းက သူ၏ စိတ်ကူးယဉ်အိပ်မက်ကို လက်တွေ့ ဆုပ်ကိုင်နေရခြင်း ဖြစ်သည်။
ထိုမျှ မကသေးပေ။ ရွှေငါးစားတော်ဆက်မိသားစုက ကျင်းချွမ်ကို မိသားစုလို ဆက်ဆံပြီး ဂရုစိုက်ကြသည်။ ကျင်းချွမ်ကို လီသူဌေးကြီး ဇနီးမောင်နှံကလည်း မြေးတစ်ယောက်လို ဆက်ဆံကြသည်။ လီရှင်းဟွာတို့ ဇနီးမောင်နှံကလည်း သားတစ်ယောက်လို ဆက်ဆံကြသည်။ ပေါက်စီကလည်း မောင်တစ်ယောက်လို ဆက်ဆံကြသည်။
ရှောင်လုံက ကျင်းချွမ်ကို သူ့ညီလေးအဖြစ် အပ်နှံထားခဲ့သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ မိသားစုချစ်ခြင်းနှင့် နွေးထွေးမှုကို ကျင်းချွမ်တစ်ယောက် အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ ထိုကြောင့် သူ့ အိပ်မက်ဖြစ်သော စားဖိုမှူးပညာ သင်နေရသည်ထက် ထိုနွေးထွေးမှုကို ကျင်းချွမ်က ပိုခုံမင်သည်။ ပိုတွယ်တာသည်။ ပိုပျော်ရွှင်သည်။
အခုလည်း ကျင်းချွမ်က သူရလိုက်သော ငွေဘောလုံးလေးကို နှစ်ခြိုက်စွာ ကိုင်ထားခဲ့သည်။ သူ့အတွက် ထိုငွေဘောလုံးလေးက ကစားစရာတစ်ခုထက် ပိုသည်။ အဓိပ္ပါယ်များစွာ ရှိနေသည်။ သူ့စိတ်ထဲ နှလုံးသားထဲအထိ ပျော်ရွှင်ကြည်နူးရသော အရုပ်လေး ဖြစ်သည်။ ယခင်က သူရဖူးသော လက်ဆောင်များနှင့် ကစားစရာများလိုပင် ကျင်းချွမ်က အလွန်သဘောကျနေခဲ့သည်။
ပေါက်စီက ကျင်းချွမ် ပျော်ရွှင်ကြည်နူးနေပုံကို ကြည့်ပြီး သဘောကျဟန်ဖြင့် ကျင်းချွမ်၏ ခေါင်းကို ပွတ်ပေးသည်။
“အဲဒီလောက်တောင် အရုပ်ကြိုက်လား။ ကလေးလည်း မဟုတ်တော့ဘဲနဲ့”
“ဟီး…၊ ကြိုက်တယ်။ မမပေါက်စီ အရင်ဝင်သွားလိုက်နော်။ ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ်”
ပေါက်စီက ကျင်းချွမ်၏ လက်ထဲမှ အထုပ်ကို ကြည့်ပြီး အသာပြုံး၍ ခေါင်းညိတ်ပြသည်။ ကျင်းချွမ်ဘယ်ကိုသွား၍ ဘာလုပ်မည်ကို သူမက သိနေ၍ ဖြစ်သည်။
“မြန်မြန်လည်း ပြန်လာခဲ့နော်။ ဓားကိုင်နည်း ဟင်းလျာလှီးနည်းလည်း သင်ပေးစရာ ရှိတယ်”
“ဟုတ်ကဲ့ မမပေါက်စီ”
ကျင်းချွမ်က ပြောပြီးနောက် ပျော်ရွှင်စွာ ခုန်ပေါက်၍ ပြေးထွက်သွားသည်။
“ဒီကောင်လေးက အမြဲတမ်း ခုန်ပေါက်ပြေးလွှားနေတာပဲ။ ဖြည်းဖြည်းသွားလည်း ရတာကို”
ပေါက်စီက တီးတိုးရေရွတ်ပြီး စားတော်ဆက်ထဲသို့ ဝင်သွားခဲ့သည်။
ကျင်းချွမ်က အပြင်ရောက်လျှင် မလှမ်းမကမ်းက သစ်ပင်အောက်တွင် အိပ်နေသော အဘိုးအိုထံ သွားလိုက်သည်။
“ဆရာကြီး…၊ အိပ်နေတာလား။ ဒါ ဒီနေ့ ကျွန်တော် ချက်ထားတဲ့ ဟင်းလျာအသစ်။ မြည်းကြည့်ပါဦး”
ကျင်းချွမ်က ပြောရင်း အဘိုးအိုရှေ့တွင် သူယူလာသော အထုပ်ထဲမှ စားစရာများ ထုတ်၍ ချပေးသည်။
“ပြီးတော့ ဒါက ဆရာကြီး သင်ပေးတဲ့ အရက်စပ်နည်းသစ်နဲ့ စပ်ထားတဲ့ အရက်ပါ”
ကျင်းချွမ်က ပြောရင်း သူယူလာသော အထုပ်ထဲမှ အရက်အိုးကို ထုတ်ပေးသည်။
အဘိုးအိုက မျက်လုံးပွင့်လာပြီး ကျင်းချွမ်ကို ကြည့်သည်။
“ဟင်း…”
အဘိုးအိုက တီးတိုးသက်ပြင်းချရင်း ကျင်းချွမ်ချပေးထားသော အစားသောက်နှင့် အရက်များကို မြည်းစမ်းစားသောက်သည်။
“ကောင်လေး…၊ မင်း သိုင်းပညာကို စိတ်မဝင်စားဘူးလား။ ငါ့မှာ အရမ်းထူးခြားတဲ့ သိုင်းပညာတွေ ရှိတယ်။ မင်း မသင်ချင်ဘူးလား”
“ဆရာကြီးကလည်း တွေ့တိုင်း အဲဒါပဲ မေးနေတယ်။ ကျွန်တော်က သိုင်းပညာကို စိတ်မဝင်စားပါဘူးလို့ အမြဲပြောပြတယ်လေ။ မေ့သွားပြန်ပြီလား။ ကျွန်တော့်အစ်ကိုကြီးကတော့ သိုင်းပညာကို အရမ်းစိတ်ဝင်စားတယ်။ သူ့ရဲ့ အိပ်မက်ကလည်း သိုင်းလောကကြီးထဲ လှည့်လည်မလို့တဲ့။ ကျွန်တော့်ရဲ့ အိပ်မက်က စားဖိုမှူးကြီး ဖြစ်လာဖို့ပါ။ အရမ်းထူးခြားပြီး အရသာရှိတဲ့ ဟင်းတွေ ချက်တတ်ချင်တယ်”
အဘိုးအိုက ကျင်းချွမ်ကို ကြည့်ပြီး မှတ်မိသွားဟန်ဖြင့် ခေါင်းညိတ်သည်။
“ဟုတ်သားပဲ။ ငါ မေ့သွားလို့ပါ။ မင်းက စားဖိုမှူးဖြစ်ချင်တာ။ ဟုတ်တယ်။ ငါ မှတ်မိပြီ”
ထိုအဘိုးအိုသည်ကား မေ့တတ်သော အဘိုးအိုပင် ဖြစ်လေ၏။
“ဒါနဲ့ မင်းရဲ့ အစ်ကိုကြီးက ဘယ်သူလဲ”
“ရှောင်လုံ။ အရှေ့ဖျားက ကုလားအုတ်ဖြူသူရဲကောင်းလေးလို့ နာမည်ကျော်ခဲ့သေးတယ်။ အဲဒါလည်း နေ့တိုင်း ပြောပြဖူးတယ်လေ”
ကျင်းချွမ်မှာ ထိုအဘိုးအို၏ မေ့တတ်မှုကို နေ့တိုင်း တွေ့နေရသည့်တိုင် အံ့ဩယူ
ရသည်။ ဤမျှအထိ မေ့တတ်သူမျိုးကို မတွေ့ဖူးသောကြောင့် ဖြစ်သည်။
“ဪ…၊ မှတ်မိပြီ။ အရှေးဖျားက ကုလားအုတ်ဖြူသူရဲကောင်းလေး။ ဟုတ်တယ်”
ကျင်းချွမ်မှာ ခေါင်းခါ၍သာ နေမိသည်။
ခဏအကြာတွင် အဘိုးအိုက စားသောက်၍ ပြီးသွားခဲ့သည်။
“ကျွန်တော် သွားတော့မယ်”
ကျင်းချွမ်က ပြောပြီး အဘိုးအိုကို ရပ်ကြည့်နေလိုက်သည်။
အဘိုးအိုက ကျင်းချွမ်ကို မျက်ခုံးတွန့်၍ ကြည့်သည်။
“သွားတော့မယ်ဆို၊ သွားတော့လေ။ ဘာလို့ ရပ်နေတာလဲ”
“ကျွန်တော့် ဟင်းတွေကို သုံးသပ်ပေးရဦးမယ်လေ။ အရက်ကိုလည်း အကဲဖြတ်ပေးရဦးမယ်”
“ဟင်…အဲဒီလို လုပ်ရဦးမှာလား။ မင်းဟင်းတွေက အဲ ဟို…”
အဘိုးအိုမှာ မည်သို့ပြောရမှန်း မသိဖြစ်နေခဲ့သည်။
ကျင်းချွမ်က သူ့နဖူးကို ဖတ်ကနဲ ပြန်ရိုက်ပြီး ပြောသည်။
“ဖတ်…”
“ကျွန်တော် မေ့သွားတာ။ စားနေတုန်း မေးရမှာကို။ စားပြီးမှ မေးလိုက်မိတယ်။ အရက်တော့ ကျန်သေးတယ်။ အရက်ပဲ မြည်းပြီး ပြောပေးပါတော့”
“ကောင်လေး…၊ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ် မေ့တတ်နေပြီလား”
“ဆရာကြီးဆီက မေ့တတ်တာတွေ ကူးကုန်တာထင်တယ်”
“မဖြစ်နိုင်တာ။ မေ့တာက ကူးတတ်လို့လား။ တစ်ခါမှ မကြားဖူးဘူး”
“မေ့တာက ကူးတတ်တယ်”
“ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ”
“ဆရာကြီး ကြားဖူးပေမဲ့ မေ့သွားတာနေမှာ”
“ဟုတ်လား။ ဒါဆို အဲဒါကို ငါ ကြားဖူးတယ်ပေါ့”
ကျင်းချွမ်က ခေါင်းညိတ်ပြပြီး ပြုံးစိစိ လုပ်နေခဲ့သည်။
“မေ့တာက ကူးတတ်လား။ မှတ်ထားရမယ်”
“ဆရာကြီး မြည်းကြည့်ပါဦး”
ကျင်းချွမ်ပြောလိုက်မှ အရက်အိုးက သတိရဟန်ဖြင့် အရက်အိုးကို ယူသောက်သည်။
“ဆန်အရက် များနေတယ်။ မီးတောက်အရက်က နည်းနေတယ်။ ဝါးစိမ်းအရက်က သက်တမ်းလိုနေတယ်။ ကြာပန်းအရက်ကို နွေးပြီးမှ မစပ်ထားဘူး။ ဒါကြောင့် အနံ့က လိုနေတယ်”
“ဟုတ်သားပဲ။ ကြာပန်းအရက်ကို နွေးဖို့ မေ့သွားတယ်”
“မင်း မေ့ပြန်ပြီလား”
အဘိုးအိုက ဤအသက်အရွယ်နှင့် မေ့တတ်ရန်ကောဟူသော မျက်လုံးမျိုးဖြင့် ကြည့်နေခဲ့သည်။
“ဆရာကြီးဆီက မေ့တတ်တာတွေ ကူးကုန်လို့လေ”
“… …”
အဘိုးအိုက မည်သည့်စကားမှ ဆက်မပြောတော့ပေ။ သစ်ပင်ကို မှီ၍ မှိန်းနေလိုက်တော့သည်။
ကျင်းချွမ်က ကျိတ်ရယ်၍ ပန်းကန်များကို ပြန်သိမ်းဆည်းသည်။ ထို့နောက် အဘိုးအိုကို ဦးညွှတ်ကာ ထိုနေရာမှ ခုန်ပေါက်၍ ပြေးထွက်သွားလေ၏။
—————
ညဦးအချိန်။
ကိုးလပိုင်း လပြည့်နေ့ကို ကျော်လွန်လာခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်၍ လက အထွက်နောက်ကျနေ၏။ နေအလင်းရောင် ပျောက်ပြီး လမထွက်ခင် ထိုအချိန်က ညဦးအချိန်သာ ဖြစ်သော်လည်း ပုံမှန်ထက် ပို၍ မှောင်မိုက်နေသယောင်ရှိ၏။
နေရောင်ကလည်း ကွယ်ပျောက်။ လရောင်ကလည်း မရောက်သေး။ မီးရောင်ကလည်း မထွန်းတောက်သေးသော ထိုအချိန်တွင် အင်ပါယာနန်းတွင်း၌ မီးအိမ်များနှင့် မီးတိုင်များ ဟိုမှသည်မှ နေရာအနှံ့ လင်းလာကြသည်။
ဤကား သာမန် မြင်ကွင်းသာ ဖြစ်သည်။
သို့သော် အင်ပါယာစာကြည့်တိုက်ရှေ့တွင် ထွန်းညှိထားသော မီးအိမ်တစ်လုံးကတော့ အနည်းငယ် ထူးခြားနေသည်။
ဟုတ်သည်။ အနည်းငယ်သာ ထူးခြားသည်။
ထိုမီးအိမ်က တခြားမီးအိမ်များလို ထုရှည်ပုံစံ ရှစ်ဒေါင့်ချိုး မီးအိမ်တစ်လုံးပင် ဖြစ်သည်။ အင်ပါယာစာကြည့်တိုက်ရှေ့တွင် ထွန်းညှိထားသော မီးအိမ်အားလုံးက ရှစ်ဒေါင့်ချိုး မီးအိမ်များချည်း ဖြစ်နေ၍ ထိုမီးအိမ်ကို ထူးခြားသည်ဟု သတိထားမိရန် ခက်သည်။ သို့သော် ထိုမီးအိမ်၏ မီးအိမ်အုပ်ဆောင်းက တခြားမီးအိမ်အုပ်ဆောင်းများနှင့် မတူပါ။ ထိုမီးအိမ်၏ အုပ်ဆောင်းပေါ်တွင် ရွှေရောင် နဂါးရုပ်တစ်ရုပ် ပါရှိနေသည်။
တခြားမီးအိမ်များနှင့် မတူသည်မှာ ထိုမျှသာ ဖြစ်သည်။ သတိထားမိရန် ခက်သည်။ နေ့စဉ်ထွန်းညှိနေကျ တခြားမီးအိမ်များနှင့်အတူ အနည်းသာ ထူးခြားသော မီးအိမ်တစ်ခု ထွန်းညှိထားခြင်းက လူများ သတိထားကြည့်ရလောက်သည့် ထူးခြားမှု မဟုတ်နေပေ။ ထို့ကြောင့်လည်း မည်သူကမှ ထိုရွှေနဂါးရုပ်နှင့် ရှစ်ဒေါင့်ချိုးမီးအိမ်ကို သတိမထားမိကြပေ။
သို့သော် လူအားလုံးက သတိမထားမိသည်တော့ မဟုတ်ပေ။ လူတချို့က သတိထားမိကြသည်။ ထိုသတိထားမိသူများမှာ ထိုနေရာတွင် ထိုမီးအိမ် ထွန်းမထွန်းကို အမြဲသတိထားစောင့်ကြည့်သူများလည်း ဖြစ်သည်။
‘ရွှေနဂါးမီးအိမ်…’
သတိထားမိသူတို့က စိတ်ထဲတွင် တီးတိုးရေရွတ်ပြီး မီးအိမ်ကို မမြင်သယောင် ပြုသွားကြသည်။
ညရောက်လာသည်နှင့် အင်ပါယာစာကြည့်တိုက်သို့ စာလာဖတ်သူများ စာလေ့လာသူများ အလျိုအလျို ရောက်လာကြသည်။ အားလုံးက အင်ပါယာနန်းတွင်းမှ အရေးပါအရာရောက်သူများနှင့် စာပေပညာရှင်များ ဖြစ်ကြသည်။
ထိုစာလာဖတ်သူများထဲတွင် လူတချို့ ယူဖတ်လိုက်သော စာအုပ်ကြား၌ ‘ရှီအန်း၊ တြိဂံ’ဟူသော စာရွက်လေးတစ်ရွက် ကြားညှပ်လျက် ရှိနေခဲ့သည်။ ထိုလူများက ထိုစာရွက်ကို တိတ်တဆိတ်ယူကြည့်ပြီး လုံးချေဖျောက်ဖျက်ပစ်လိုက်ကြသည်။ သူတို့က မည်သည့် ထူးခြားသည့် အမူအရာကိုလည်း မပြခဲ့သလို မည်သူ့ကိုမှလည်း မကြည့်ခဲ့ကြပေ။
သို့သော် သူတို့၏ စိတ်ထဲ၌ကား ‘ရှီအန်းမှာ တြိဂံ သွားရှာရမှာလား’ဟူသော တူညီသော အတွေးကိုယ်စီ ရှိနေခဲ့ကြသည်။
ညနက်လာသောအခါ အင်ပါယာစာကြည့်တိုက်တွင် စာလာဖတ်သူများ အလျိုအလျို ပြန်ထွက်သွားကြသည်။ နောက်ဆုံးတွင် အင်ပါယာစာကြည့်တိုက်၌ လူတစ်ယောက်မှ မရှိတော့ပေ။ စာကြည့်တိုက်လည်း ပိတ်သွားခဲ့သည်။
စာကြည့်တိုက်ရှေ့တွင် ထွန်းညှိထားခဲ့သော ရွှေနဂါးမီးအိမ်လည်း မရှိတော့ပေ။ တခြားရှစ်ဒေါင့်ချိုး မီးအိမ်တစ်ခု အစားထိုး၍ လင်းနေခဲ့သည်။ ညနက်လာ၍ မီးအိမ်ပြောင်းလဲ ထွန်းညှိသူက လဲသွားခြင်း ဖြစ်ပေမည်။
ထိုဖြစ်စဉ်လေးက သာမှန်ဖြစ်စဉ်များကြား၌ လူများ မသိလိုက်ဘဲ ဖြစ်သွားခဲ့လေ၏။
ရွှေနဂါးမီးအိမ်။ ဤကား ယခင်ဧကရာဇ်ရှိစဉ်က လျှို့ဝှက်စွာ ဖွဲ့စည်းထားသော အဖွဲ့တစ်ခု ဖြစ်သည်။ ရွှေနဂါးမီးအိမ်လျှို့ဝှက်အဖွဲ့၏ တာဝန်မှာ ရှေးဟောင်းနယ်မြေများနှင့် ရှေးဟောင်းဂူသင်္ချိုင်းများကို လျှို့ဝှက်စွာ လေ့လာစူးစမ်း၍ ရှေးဟောင်းပညာရပ်များကို ရှာဖွေဖော်ထုတ်ရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဆုတ်ယုတ်အားနည်းနေသော အင်ပါယာကို ရှေးဟောင်းခေတ် စစ်ပညာ၊ လက်နက်ပညာ၊ ဆေးပညာ၊ လျှို့ဝှက်ပညာများဖြင့် အားဖြည့်၍ အင်ပါယာကြီးကို ခိုင်မာအားကောင်းလာစေရန် ဖြစ်သည်။
ယခင်ဧကရာဇ် ကွယ်လွန်သွားပြီးကတည်းက ပျောက်ကွယ်နေခဲ့သော ရွှေနဂါးမီးအိမ်က ယနေ့ညတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ရွှေနဂါးမီးအိမ် လျှို့ဝှက်အဖွဲ့ဝင်များထံ ညွှန်ကြားချက်များ ရောက်လာခဲ့သည်။
ရှီအန်းတြိဂံ။
လျှို့ဝှက်ညွန်ကြားချက်က ရှီအန်းတြိဂံဟူ၍ ဖြစ်၏။ ညွှန်ကြားချက်က မများပါ။ ရှည်လည်း မရှည်ပါ။ တည်နေရာတစ်ခုနှင့် တာဝန်တစ်ခုသာ ပါသည်။ ကျွမ်းကျင်သူများ လျှို့ဝှက်အဖွဲ့ဝင်များဖြစ်၍ ညွှန်ကြားချက်ကို ရှင်းရှင်းလင်းလင်း သိကြသည်။
ဤသို့ဖြင့် ငြိမ်သက်နေခဲ့သော ရွှေနဂါးမီးအိမ်လျှို့ဝှက်အဖွဲ့က ပြန်လည် လှုပ်ရှားလာခဲ့လေ၏။
ရှီအန်းမြို့၊ ကျားဖြူရဲတိုက်။
ညနက်နေပြီ ဖြစ်သော်လည်း ကျားဖြူရဲတိုက်သခင်ကြီး ဝမ်လောင်ဟုတစ်ယောက် မအိပ်သေးဘဲ စာဖတ်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ သူ့လက်ထဲတွင် တစ်ခုခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ခဏကြာသောအခါ ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုက သူ့လက်ထဲက အရာကို ကြည့်လိုက်သည်။
စာပို့ခိုဖြင့် ပိုလိုက်သော သတင်းပို့စာရွက်လေးတစ်ခု ဖြစ်သည်။
‘ပီကင်းမြို့တော်၊ ရွှေငါးစားတော်ဆက်’
သတင်းပို့စာထဲတွင် စာက ထိုမျှသာ ပါသည်။ စာက မည်သည့် ထူးခြားချက်ကိုမှ မပြောထားပေ။
ထိုသတင်းပို့စာက မထူးခြားသော်လည်း ကျားဖြူရဲတိုက်သခင်ကြီးမှာ မအိပ်နိုင်အောင် စိတ်လှုပ်ရှားနေခဲ့သည်။ သူ စိတ်လှုပ်ရှားနေသည်မှာ ထိုသတင်းပို့စာကြောင့် မဟုတ်ပေ။ သတင်းပို့စာပေါ်က အမှတ်သားတစ်ခုကြောင့် ဖြစ်သည်။
လူ…
သတင်းပို့စာပေါ်တွင် လူဟူသော ရှေးခေတ်သုံး အမှတ်သားလေးတစ်ခု ပါနေခဲ့သည်။
ဤအမှတ်သားက ကျားဖြူရဲတိုက်၏ အမှတ်သား မဟုတ်ပေ။
ကျားဖြူရဲတိုက်အမှတ်သားမဟုတ်သော သတင်းပို့စာက အဘယ်ကြောင့် ကျားဖြူရဲတိုက်၏ ဆက်သွယ်ရေးစာပို့ခိုဖြင့် ပို့လာရသနည်း။
ဤကား ကျားဖြူရဲတိုက်က နှစ်တချို့ကြာအောင် လျှို့ဝှက်စွာ ပြုလုပ်နေသော ကိစ္စကြီးနှင့် သက်ဆိုင်နေ၏။
ဤနှစ်များအတွင်း ကျားဖြူရဲတိုက်က လက်နက်နှင့် ချပ်ဝတ်တန်ဆာ ထုတ်လုပ်ရောင်းချမှုဖြင့် အလွန်ကြီးပွားတိုးတက်လာခဲ့သည်။ ထိုလက်နက်နှင့် ချပ်ဝတ်တန်များကို ရဲတိုက်သခင်ငယ်လေး ဝမ်တျန်းဖန်းက ပုံစံရေးဆွဲပေးသည်ဟုသာ ကျားဖြူရဲတိုက်မှ လူများ သိထားကြသည်။
တကယ့်အမှန်တရားနှင့် လျှို့ဝှက်ချက်ကိုတော့ ကျားဖြူရဲတိုက်သခင်ကြီး ဝမ်လောင်ဟု တစ်ယောက်သာ သိသည်။
ရဲတိုက်သခင်ငယ်လေး ဝမ်တျန်းဖန်းမှာ သိုင်းပညာသာမက စာပေပညာ၊ ပန်းချီပညာ၊ ဂီပညာများတွင်လည်း အလွန်ပါရမီ မြင့်မားသည်။ ထိုကြောင့် ရဲတိုက်သခင်ငယ်လေး ဖန်တီး ရေးဆွဲသော ချပ်ဝတ်ပုံစံများက ပီပြင်နေခဲ့ပြီ လက်တွေ့တွင်လည်း အလွန်အသုံးဝင်ကာ ရောင်းအားကောင်းသော ချပ်ဝတ်တန်ဆာများ ဖြစ်နေခဲ့သည်။
သို့သော် ရဲတိုက်သခင်ငယ်လေးဝမ်တျန်းဖန်းက ထိုချပ်ဝတ်ပုံစံများကို ရေးဆွဲနိုင်အောင် လေ့လာခဲ့ရသော ချပ်ဝတ်တန်ဆာ ပုံစံများ၊ ဖန်တီးနည်းများကား ရှိခဲ့လေ၏။ ထိုပညာရပ် စာအုပ်များကို ကျားဖြူရဲတိုက်သခင်ကြီးက ရှာဖွေစုဆောင်း၍ သူ့မြေးကို လေ့လာစေခဲ့ခြင်း ဖြစ်သည်။
ထိုမျှ ရှားပါးသော စာအုပ်များကို အင်ပါယာတစ်ဝှမ်းမှ လက်နက်ပညာရှင်များနှင့် ချပ်ဝတ်ဖန်တီးသူများက မရှာဖွေမစုဆောင်းနိုင်ဘဲ ကျားဖြူရဲတိုက်သခင်ကြီး ဝမ်လောင်ဟုက မည်သို့ ရှာဖွေ စုဆောင်းနိုင်ခဲ့သနည်း။ မည်သည့်နေရာက ရှာဖွေစုဆောင်းခဲ့ပါသနည်း။ ထိုမေးခွန်းအတွက်ကား ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုတစ်ယောက်သာ သိသော လျှို့ဝှက်ကြီး ဖြစ်နေလေ၏။
‘အဲဒီ အဆက်သွယ်တွေက တုံ့ပြန်လာနေပြီဆိုတော့ ဟိုအရူးကြီး ရှာနေတာ တွေ့ပြီထင်တယ်။ အဲဒီ အရူးကြီးက ဘာရှာနေတာလဲ’
အရူးကြီး။ ကျားဖြူရဲတိုက်၏ လျှို့ဝှက်လှိုဏ်ဂူထဲက အခန်းထဲတွင် အရူးကြီးနှစ်ယောက် ရှိနေသည်။ တစ်ယောက်က အရူးသမားတော် ဖြစ်သည်။ ကျန်တစ်ယောက်မှာ နာမည် မသိရပေ။ သို့သော် အရူးသမားတော်လိုပင် ရူးသွပ်သော ကိစ္စများ ပြုလုပ်နေသည်။
ထိုအရူးကြီးက ကျားဖြူရဲတိုက်သခင်ထံ ရောက်လာပြီး သံမဏိအရုပ်ကလေးတစ်ရုပ်နှင့် စာရွက်တစ်ချို့ ပေးခဲ့သည်။ သံမဏိအရုပ်ကလေးက အံ့ဩစရာကောင်းလောက်အောင် လက်ရာမြောက်သည်။ သေသပ်သည်။ တိကျသည်။ သံမဏိကို ဤမျှအထိ ပိုင်နိုင်ကျွမ်းကျင်စွာ ထုလုပ်ပုံဖော်နိုင်ခြင်းက ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုအတွက်ပင် အံ့ဩမဆုံး ဖြစ်ခဲ့ရသည်။ စာရွက်ပေါ်တွင်တော့ တစ်ခါမှ မမြင်ဖူးသော ချပ်ဝတ်တန်ဆာပုံစံများ ပါနေခဲ့သည်။
အံ့ဩစရာကောင်းအောင် လက်ရာမြောက်သော သံမဏ်လူရုပ်နှင့် ချပ်ဝတ်တန်ဆာ ပုံစံများ ဖြစ်နေသည်။
ထိုနှစ်ခုလုံးက ကျားဖြူရဲတိုက်ကို အတောင်ပံတပ်ပေးနိုင်သည့် အရာများ ဖြစ်သည်။
ထိုအရူးကြီးက ကျားဖြူရဲတိုက်သခင်ကြီးနှင့် အပေးအယူ လုပ်ခဲ့သည်။
ကျားဖြူရဲတိုက်ထဲတွင် လုံခြုံစွာနေ၍ သူလုပ်ချင်သော စမ်းသပ်မှုများ လုပ်မည်။ သူ့စမ်းသပ်မှုတွင် လိုအပ်သော ကုန်ကြမ်းများကို ကျားဖြူရဲတိုက်မှ ထောက်ပံ့ပေးရမည်။ ကျားဖြူရဲတိုက်၏ ဆက်သွယ်ရေးကို သုံး၍ ရှာဖွေလေ့လာမှုတချို့ လုပ်မည်။
အရူးကြီးက ထိုချပ်ဝတ်ပုံစံနှင့် လက်နက်ထုတ်လုပ်နည်း၊ သတ္တုသန့်စင်နည်း၊ သွန်းလောင်းနည်းများ ပြန်ပေးမည်။
ထိုကမ်းလှမ်းမှုကို ကျားဖြူရဲတိုက်သခင်ကြီးက လက်ခံခဲ့သည်။ ကမ်းလှမ်းမှု သဘောတူချက်အတိုင်း ဆောင်ရွက်ခဲ့သည်။
လျှို့ဝှက်လှိုဏ်ဂူထဲတွင် အရူးကြီးက စမ်းသပ်မှုများ လုပ်နေခဲ့သည်။
ကျားဖြူရဲတိုက်သခင်ကြီးမှာလည်း ထိုအရူးကြီးထံမှ ချပ်ဝတ်ပုံစံများစာအုပ်များနှင့် လက်နက်သွန်းလုပ်ပညာရပ် စာအုပ်များ ရခဲ့သည်။
ထိုစာအုပ်များကို ရဲတိုက်သခင်ငယ်လေး ဝမ်တျန်းဖန်းက လေ့လာခဲ့ပြီး ပုံစံများ ရေးဆွဲပေးခဲ့သည်။ ကျားဖြူချပ်ဝတ်ဟူသော ချပ်ဝတ်ပုံစံကိုလည်း ရေးဆွဲပေးခဲ့သည်။
အရင်းစစ်လျှင် အမြစ်မြေက ဟူသော စကားအတိုင်းပင် ကျားဖြူရဲတိုက်၏ ချပ်ဝတ်များ ပေါ်ထွက်လာခြင်း၏ နောက်ကွယ်က အကြောင်းရင်းမှန်မှာ ကျားဖြူရဲတိုက်သခင်ကြီး ဝမ်လောင်ဟု၏ လျှို့ဝှက်ချက်ကြီးမှ ဖြစ်တည်လာခြင်း ဖြစ်သည်။
အရူးကြီးက ကျားဖြူရဲတိုက်၏ ဆက်သွယ်ရေးကို အသုံးပြု၍ သူရှာချင်သော အရာကို ရှာနေခဲ့သော်လည်း နှစ်တချို့ကြာသည့်တိုင် မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
ယခုတော့ အရူးကြီး၏ ရှာဖွေမှုက တုံ့ပြန်လာခဲ့လေပြီ။
လူပုံစံ အမှတ်သားနှင့် ထိုခိုပို့စာမှာ အရူးကြီးအတွက် ရောက်လာခြင်း ဖြစ်သည်။ ကျားဖြူရဲတိုက်၏ ဆက်သွယ်ရေးကို ကြားခံသုံးထားသဖြင့် ရဲတိုက်သခင်ကြီး ဝမ်လောင်ဟု လက်ထဲသို့ အရင်ရောက်လာခြင်းလည်း ဖြစ်သည်။
‘သူက ဘာကို ရှာနေတာလဲ။ နှစ်တွေတောင် တော်တော် ကြာနေပြီ။ အခုမှ တုံ့ပြန်လာတယ်။ သာမန်တော့ မဟုတ်နိုင်ဘူး…’
ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုမှာ အမျိုးမျိုး တွေးတောစဉ်းစားသော်လည်း ထိုအရူးကြီး ရှာဖွေနေသော အရာကို မစဉ်းစားနိုင်ခဲ့ပေ။
‘သူ့ကို သွားပေးလိုက်တာပဲ ကောင်းပါတယ်လေ…’
ထို့နောက် ရဲတိုက်သခင်ကြီး ဝမ်လောင်ဟုက ခိုပို့စာကို ကိုင်၍ စာဖတ်ခန်းလျှို့ဝှက်တံခါးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေ၏။
အခန်း(၃၃၅)ပြီး
***