ရေတစ်တန် ကုန်းတစ်တန်ဖြင့် ခုနစ်ရက်ကြာ ခရီးဆက်လာခဲ့ပြီးနောက် ရှစ်ရက်မြောက်နေ့တွင် ရှောင်လုံတို့အဖွဲ့မှာ လုံဟူတောင်သို့ ရောက်လာခဲ့ကြသည်။
လုံဟူတောင်။
မြင့်မားသော ကျောက်တောင် ကျောက်ဆောင်များနှင့် ပြည့်နက်နေသော နေရာတစ်ခုဖြစ်သည်။ တောင်ဟုဆိုသော်လည်း တောင်ကြီးတစ်လုံးတည်း တည်ရှိနေခြင်းမျိုး မဟုတ်ပေ။ တောင်တန်းဟု ပြောရန်လည်း မသင့်တော်ပေ။ မြင့်မားသော ကျောက်တောင်ကြီးများက ဟိုတစ်တောင် သည်တစ်တောင် ရှိနေကြသောကြောင့် ဖြစ်သည်။
တောင်ထွတ်များစွာနှင့် ကျောက်တောင်အစုဝေးကြီးတစ်ခု ဖြစ်သည်။
ထိုကျောက်တောင်များကြားတွင် အုံ့ဆိုင်းမှိုင်းညို့နေသော တောအုပ်များရှိသည့် တောင်ကြားကြီးများ ရှိလေ၏။
လုံဟူတောင်ကား လျှို့ဝှက်ဆန်းကြယ်မှုများ၊ ဒဏ္ဍာရီများနှင့် ပြည့်နက်နေသော နေရာ ဖြစ်၏။ တာအိုလမ်းစဉ်လျှောက်သူတို့၏ မြင့်မြတ်သော နေရာလည်း ဖြစ်၏။ တာအိုဝါဒ၏ ဘူမိနက်သန်နေရာလည်း ဖြစ်လေ၏။
ထိုနေရာ၌ သိုင်းလောက၏ လျှို့ဝှက်ဂိုဏ်းကြီးတစ်ခုဖြစ်သော ကျားနဂါးဂိုဏ်းလည်း တည်ရှိသည်ဟု ဆိုကြသည်။
အရင်တုန်းက နှင်းပန်းက ရှောင်လုံကို လုံဟူတောင်အကြောင်း ပြောပြခဲ့ဖူးသည်။ ကြေးစားဓားသုံးလက်ထဲမှ လုပ်ကြံသတ်ဖြတ်ရေးသမား ယောင်ရှင်းကို အနိုင်ယူပြီးနောက် ယောင်ရှင်းထံမှ မြေခွင်းဓားမြှောင်တစ်စုံကို ရှောင်လုံ ရရှိခဲ့သည်။ ထိုဓားမြှောင်နှင့်အတူ မြေအောက်တိုးဝင်လှုပ်ရှားနိုင်သော ရှေးဟောင်းပညာ ကြေးစာလိပ်တစ်ခုကိုလည်း ရရှိခဲ့သည်။
ထိုဓားမြှောင်နှင့် ထိုရှေးဟောင်းကြေးစာလိပ်အကြောင်း ပြောကြရင်းမှ နှင်းပန်းက ရှောင်လုံကို ရှေးဟောင်းနယ်မြေများ၊ ရှေးဟောင်းဂူသင်္ချိုင်းများနှင့် ရှေးဟောင်းရတနာသိုက်များအကြောင်းလည်း ပြောဖြစ်ခဲ့သည်။
ထိုသို့ ပြောခဲ့စဉ် ရှောင်လုံက ရှေးဟောင်းနေရာများကို အလွန်စိတ်ဝင်စားခဲ့သည်။
နှင်းပန်းက လုံဟူတောင်တွင် ရှိသော ရှေးဟောင်းကျားနဂါးဂိုဏ်း၏ ရှေးဟောင်းနယ်မြေအကြောင်း ပြောပြဖြစ်ခဲ့သည်။ လုံဟူတောင်က ဟန်ကျိုးမြို့နှင့် မဝေးလှသဖြင့် ပီကင်း-ဟန်ကျိုး ခရီးစဉ်အပြီးတွင် သွားကြည့်နိုင်ကြောင်းကိုလည်း ပြောဖြစ်ခဲ့သည်။
ယခုတွင် ရှောင်လုံက ပီကင်း-ဟန်ကျိုး ခရီးစဉ်အပြီးတွင် စီချွမ်ပြည်နယ်၊ အော်မေ့တောင်သို့ ခရီးဆက်လာခဲ့သည်။
လုံဟူတောင်မှာ ဟန်ကျိုးမှ အော်မေ့တောင်သို့အသွား လမ်းကြောင်းပေါ်တွင် ရှိသည်။ ထို့ကြောင့် ဟန်ကျိုး-အော်မေ့တောင် ခရီးလမ်းကြောင်းကို တခြားဘက်က မသွားတော့ဘဲ လုံဟူတောင်မှ ဖြတ်သွားရန် ဆုံးဖြတ်ပြီး လာခဲ့ကြခြင်း ဖြစ်သည်။
နန်ကျင်းမှ ဟန်ကျိုးအထိ ခရီးလမ်းတွင် အနှောက်ယှက် မကြုံခဲ့ရသကဲ့သိုပင် ဟန်ကျိုးနှင့် လုံဟူတောင် ခရီးလမ်းတွင်လည်း အနှောက်အယှက်အဟန့်အတား ကြီးကြီးမားမား မကြုံခဲ့ပေ။
ဤဒေသတစ်ဝိုက်ကား ဟန်ကျိုးဘက်ခြမ်းကလည်း အင်ပါယာမြို့စောင့်တပ်များ၏ အုပ်ချုပ်ရေးယန္တရား အားကောင်းသောကြောင့် ဓားပြဂိုဏ်းများ ခေါင်းမထောင်နိုင်ကြပါ။ ထို့အတူ လုံဟူတောင်ဘက်ခြမ်းတွင်လည်း ရှေးဟောင်းဂိုဏ်းကြီး၏ အရှိန်ဝါကြောင့် ဓားပြဂိုဏ်းများ ခြေမချရဲကြပါ။ တခြား အထွတ်ထိပ်ဂိုဏ်းကြီးများ၏ ဩဇာရိပ်အောက်တွင် ဓားပြဂိုဏ်းများ မနေရဲကြသကဲ့သို့ပင်။
ကျားနဂါးဂိုဏ်း။
~~မမ…၊ ကျားနဂါးဂိုဏ်းက ဒီလုံဟူတောင်မှာပဲ ရှိတာလား~~
~~မှတ်တမ်းတွေထဲမှာတော့ အဲဒီလိုပဲ ရေးထားတယ်။ ဒါပေမဲ့ ကျားနဂါးဂိုဏ်းက ရှေးဟောင်းဂိုဏ်းတွေထဲမှာမှ လျှို့ဝှက်ဂိုဏ်းတစ်ခုဖြစ်နေတော့ မမလည်း သိပ်အများကြီး မသိဘူး။ ကျားနဂါးဂိုဏ်းအကြောင်း မှတ်တမ်းတွေက သိပ်မရှိဘူး။ ဒီလုံဟူတောင်မှာ ကျားနဂါးဂိုဏ်းရဲ့ တပည့်သစ်ခေါ်တဲ့ နေရာတစ်ခု ရှိတယ်ဆိုတာလောက်ပဲ သိတယ်~~
ရှောင်လုံက သူ့မမပင် သိပ်မသိဟု ဆိုသဖြင့် သူ့ဘိုးဘိုးကို မေးကြည့်ပြန်သည်။
“ဘိုးဘိုး…၊ ကျားနဂါးဂိုဏ်းက ဒီလုံဟူတောင်မှာ ရှိတာလား”
“ကျားနဂါးဂိုဏ်းလား…”
ရသေ့ကြီးက တီးတိုးရေရွတ်ရင်း လုံဟူတောင်ပတ်ဝန်းကျင်ကို ရိုသေလေးစားစွာ ကြည့် လှည့်ပတ်ကြည့်နေခဲ့သည်။ ဤနေရာသည်ကား တာအိုလမ်းစဉ်၏ ဒဏ္ဍာရီလာ မြင့်မြတ်သော နေရာဖြစ်သောကြောင့်ပင်။
ခွန်လွန်ဂိုဏ်းဖြစ်စေ၊ ဝူတန်ဂိုဏ်းဖြစ်စေ၊ အင်ပါယာတစ်ဝှမ်းက တခြားနောက်ပေါ် တာအိုလမ်းစဉ်ဂိုဏ်းများအားလုံး၏ မူလဘူတ တာအိုဝါဒမှာ ဤလုံဟူတောင်မှ ဆင်းသက်လာခဲ့သည်။
တာအိုဝါဒ၏ ဖခင်ဖြစ်သူ ကျန်းတောက်လင်သည် ဤ လုံဟူတောင်၌ ကျင့်ကြံနေစဉ် ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံခဲ့ရပြီး ထိုနတ်ဘုရားထံမှ တာအိုလမ်းစဉ်ကို သင်ယူခဲ့ရသည်ဟု ဒဏ္ဍာရီများ ရှိသည်။
တာအိုဖခင် ကျန်းတောက်လင်သည်လည်း တာအိုလမ်းစဉ်ကို ကျင့်ကြံပေါက်မြောက်ပြီးနောက် ကောင်းကင်ဝိဇ္ဇာတစ်ပါး ဖြစ်သွားခဲ့သည်ဟူသော ဒဏ္ဍာရီများလည်း ရှိခဲ့သည်။
ထိုကြောင့် ဤလုံဟူတောင်ကို နတ်ဘုရားလောကမှ လူသားလောကသို့ တာအိုဝါဒ ဆင်းသက်ရာ မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်ထားကြသည်။
ရသေ့ကြီးမှာ ခွန်လွန်ဂိုဏ်းမှ ထွက်လာပြီး သိုင်းလောကအနှံ့ လှည့်လည်နေသော်လည်း တာအိုဝါဒကိုတော့ မစွန့်လွှတ်ခဲ့ပေ။ သို့ဖြစ်၍ ရသေ့ကြီးအတွက် ဤလုံဟူတောင်ပတ်ဝန်းကျင်က ရိုသေလေးစားရသော နယ်မြေဖြစ်နေသည်။
“ဒီလုံဟူတောင်က ရှေးဟောင်းမူလ တာအိုဝါဒကို သင်ကြားပေးနေတဲ့ နေရာဆိုလည်း ဟုတ်တယ်။ တာအိုဆရာသခင်တွေ ဂူအောင်းကျင့်ကြံကြတဲ့ နေရာဆိုလည်း ဟုတ်တယ်။ တချို့ဆရာသခင်တွေ အရိုးထုတ်ခဲ့ကြတဲ့ နေရာဆိုလည်း ဟုတ်တယ်။ ပထမတောင်ကြားမှာ တာအိုဘုရားကျောင်း ရှိတယ်။ အဲဒါက မူလတာအိုဝါဒကို သင်ကြားပို့ချပေးတဲ့ နေရာပေါ့။ ဒုတိယ တောင်ကြားမှာ တာအိုနန်းဆောင် ရှိတယ်။ အဲဒါက ဆရာသခင်တွေ နေထိုင်ကျင့်ကြံကြတဲ့ နေရာပေါ့။ တတိယတောင်ကြားမှာတော့ တာအိုဗိမာန် ရှိတယ်။ အဲဒါက တာအိုဘိုးဘေး နေထိုင်ခဲ့တဲ့ နေရာပေါ့။ နောက်ပိုင်းဘိုးဘေးဆရာသခင်တွေလည်း နေထိုင်သွားကြတယ်”
“ဘိုးဘိုး…၊ လာဖူးတာလားဟင်”
“ဟားဟား…၊ မလာဖူးဘဲနဲ့ အဲဒါတွေ ဘယ်ပြောတတ်မှာလဲ။ ဒါပေမဲ့ ဘိုးဘိုးလည်း လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က တစ်ခေါက်ပဲ ရောက်ခဲ့ဖူးတာပါ။ အဲဒီတုန်းက ခွန်လွန်ဂိုဏ်းချုပ် ဂန္ဓာရီ ခရီးမထွက်ခင် ဒီလုံဟူတောင်ကို လာခဲ့သေးတယ်။ ဘိုးဘိုးလည်း အတူလိုက်လာခဲ့ရတယ်”
“ဒါနဲ့ ဘိုးဘိုး…၊ လုံဟူတောင်က တာအိုဂိုဏ်းရဲ့ နေရာဆိုတော့ ကျားနဂါးဂိုဏ်းက ဘယ်နေရာမှာလဲ”
“ဒီလုံဟူတောင်က တာအိုဂိုဏ်းရဲ့ နေရာလို့ မပြောပါဘူး။ ရှေးဟောင်းတာအိုဝါဒကို သင်ကြားပေနေတဲ့ တာအိုဘုရားကျောင်းမှာ ကွန်ဖျူးရှပ်ဝါ၊ ဗုဒ္ဓဝါဒတွေကိုလည်း လေ့လာလို့ ရပါတယ်။ သင်ကြားပေးတာတော့ မဟုတ်ပေမဲ့ ကျမ်းစာတွေ ထားပေးတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ လာရောက်ဆွေးနွေးကြတာမျိုးလည်း ရှိပါတယ်။ ကျားနဂါးဂိုဏ်းကတော့…”
ရသေ့ကြီးက ကျားနဂါးဂိုဏ်းအကြောင်း သိပုံရသော်လည်း သိပ်ပြောချင်ပုံ မရပေ။
“ကျားနဂါးဂိုဏ်းက ဘာဖြစ်လို့လဲ ဘိုးဘိုး…”
ရသေ့ကြီးက မြင့်မားမတ်စောက်နေသော လုံဟူတောင်ကြီးကို မော့ကြည့်ရင်း တီးတိုး ပြောပြသည်။
“တာအိုဆိုတာ ဘာလဲ။ ဒါက တာအိုဝါဒမှာ မေးတတ်တဲ့ အရိုးရှင်းဆုံးနဲ့ အသိမ်မွေ့ဆုံး မေးခွန်းပဲ။ တာအိုဆိုတာ လမ်းစဉ်လို့ နားလည်ထားရမယ်။ သက်ရှိတွေမှာ သက်ရှိသဘာဝရှိတယ်။ ရေမြေတောတောင်မှာ သူ့သဘာဝနဲ့သူ ရှိတယ်။ နေ့မှာ နေ့သဘာဝရှိသလို ညမှာ ညသဘာဝ ရှိတယ်။ နေ့နဲ့ ည၊ အလင်းနဲ့ အမှောင်၊ အပူနဲ့ အအေး၊ အဖိုနဲ့ အမ၊ ယင်နဲ့ ယန်၊ ဒီလို ဆန့်ကျင်ဘက်သဘာဝတွေဟာ အပြန်အလှန် ဆန့်ကျင်ရင်းနဲ့ အပြန်အလှန်ထောက်ပံ့ပေးနေတယ်။ အပြန်အလှန် လိုက်လျောညီထွေ ဖြစ်တည်နေကြတယ်။ ဒါဟာ လမ်းစဉ်ပဲ။ တာအိုဝါဒကို နားလည်ဖို့ လမ်းစဉ်ကို နားလည်ရမယ်။ လမ်းစဉ်ကို လိုက်နာရမယ်။ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရမယ်။ အရာအားလုံးဟာ တာအိုဆိုတဲ့ စကားတစ်ခွန်း ရှိတယ်။ ဒီတော့ အရာအားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းက တာအိုလမ်းစဉ်လို့ ပြောရမယ်”
ရသေ့ကြီး၏ စကားကို ရှောင်လုံနှင့် နှင်းပန်းသာမက ကျန်းရှီနှင့် ဖန်းချင်းလည်း သေချာ နားထောင်နေကြသည်။ သူတို့က တာအိုဝါဒကိုလည်းကောင်း တာအိုလမ်းစဉ်ကိုလည်းကောင်း နားမလည်ကြသော်လည်း စိတ်ဝင်စားမှုတော့ ရှိကြသည်။
ရှောင်လုံကတော့ သူ နားလည်ထားသော ရပ်တန့်ခြင်းဓားချက်နှင့် ချိန်ထိုး၍ စဉ်းစားရင်း နားထောင်နေခဲ့သည်။
“အရာအားလုံးက တာအိုလား။ ဒါဆို ဘိုးဘိုး…၊ အလင်းက တာအိုလား၊ အမှောင်က တာအိုလား၊ အလင်းနဲ့ အမှောင် လိုက်လျောညီထွေဖြစ်မှုက တာအိုလား။ အမြန်နှုန်းက တာအိုလား၊ နှေးတာကရော တာအိုလား။ အနှေးလည်းမဟုတ် အမြန်လည်းမဟုတ်တဲ့ ရပ်တန့်နေတာကရော တာအိုလား…”
ရှောင်လုံက သူတစ်စွန်းတစ်စ ဆုပ်ကိုင်မိထားသော အကြောင်းရာတချို့ကို မေးလိုက်သည်။
“မေးတာ ကောင်းတယ်၊ မေးတာ ကောင်းတယ်…၊ လူငယ်လေးက စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒီအရွယ်လေးနဲ့တောင် တာအိုလမ်းစဉ်ကို ဆင်ခြင်တတ်နေပြီ”
စကားသံနှင့်အတူ လုံဟူတောင်ပေါ်မှ လူရိပ်တစ်ခု လျင်မြန်ပေါ့ပါးစွာ ဆင်းလာသည်။
“ဝှစ်…”
အဝတ်လေတိုးသံနှင့်အတူ ရှောင်လုံတို့ ရှေ့သို့ လူတစ်ယောက် ရောက်လာလေ၏။
သန့်ရှင်းစင်ကြယ်သော တာအိုဝတ်စုံနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ သန့်ရှင်းကြည်လင်သော အရှိန်ဝါတစ်ခုလည်း ရှိနေခဲ့သည်။
ထိုအဘိုးအိုမှာ ဆံပင်မုတ်ဆိတ်များသာမက မျက်ခုံးမွေးများပါ ဖြူဖွေးနေသော်လည်း မျက်နှာအသားရေက နုပျိုအရွယ်တင်လှသည်။ ပါးရေနားရေ တွန့်ခြင်း မရှိနေပေ။ ထို့ကြောင့် အသက်များစွာ မကြီးသေးသလို ထင်ရသည်။ ဖြူဖွေးနေသော ဆံပင် မုတ်ဆိတ်များနေရာတွင် ဆံပင်မုတ်ဆိတ် အနက်များသာ ဖြစ်နေပါလျှင် အသက်ငါးဆယ် ခြောက်ဆယ် လူကြီးတစ်ယောက်နှင့် တူသွားပေလိမ့်မည်။
ထိုအဖိုးအိုက လက်ထဲက သားမြီးယပ်ကို အသာ လှုပ်ခတ်ပြီး ရသေ့ကြီးကို ကြည့်သည်။ ထိုအကြည့်က လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ကြည့်သော အကြည့်မျိုးဖြစ်နေသည်။
ရသေ့ကြီးမှာ အလိုလို ခါးညွှတ်မိပြီး ရိုသေလေးစားမှုကို ဖော်ပြမိလျက်သား ဖြစ်သွားခဲ့သည်။
“ဒီဆရာသခင်က…”
“ဆရာသခင် မဟုတ်ပါဘူး။ ဒီအတိုင်း ဗိမာန်စောင့်တဲ့ အဘိုးကြီးတစ်ယောက်ပါ”
ဗိမာန်အစောင့်ဆိုသူ ထိုအဘိုးအိုက ရသေ့ကြီး၏ မေးခွန်းကို အတိအကျမဖြေဘဲ ရှောင်လုံကိုသာ ကြည့်၍ ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
“ကောင်လေး…၊ တာအိုဆိုတာ ဘာလဲ”
အဘိုးအိုက အလွန်သာမန်ဆန်စွာ မေးလိုက်သော်လည်း မျက်လုံးများက လေးနက်နေခဲ့သည်။ သူက ရှောင်လုံ၏ အဖြေကို သိချင်နေပုံ ရသည်။
“တာအိုလား။ အဲဒါ ခုနကမှ ဘိုးဘိုးပြောလို့ ကြားဖူးတာပါ”
“ဟားဟား…”
အဘိုးအိုက သဘောကျစွာရယ်သည်။ သူက ရှောင်လုံ၏ ထိုအဖြေကို ကြိုသိနေပုံလည်း ရသည်။
“မင်း အဲဒီလို ပြောမှာ ဒီအဘိုးကြီး သိနေတယ်။ ဒါဆိုရင် ဒီလို ပြန်မေးကြည့်မယ်။ ခုနက မင်းရဲ့ မေးခွန်းတွေက အတွေးထဲက လာတာလား၊ နှလုံးသားထဲက လာတာလား၊ မြင်ကြားတွေ့မှုတွေက လာတာလား”
ထိုအဘိုးအို၏ မေးခွန်းက ရသေ့ကြီးကိုပင် လေးနက်သွားစေသည်။ ထိုမေးခွန်းက တာအိုကို ဆင်ခြင်မှု၊ နားလည်မှုနှင့် ထိတွေ့မှုဟူသော အလွန်လေးနက်သော မေးခွန်းဖြစ်သည်။ ရသေ့ကြီး၌ပင် ထိုမေးခွန်းအတွက် အဖြေမရှိပေ။
ရှောင်လုံက မျက်ခုံးအနည်းငယ် တွန့်သွားသည်။ သူက တာအိုကို မသိပေ။ သူ တစ်စွန်းတစ်စ ဖမ်းဆုပ်မိထားသော သဘောတရားကို သေချာနားလည်ချင်၍ မေးကြည့်ခြင်းသာ ဖြစ်သည်။ သူ ဆင်ခြင်နေသည်က တာအိုဟု ဆိုလျှင် တာအိုလမ်းစဉ်လျှောက်သူများနှင့် ဆွေးနွေးပြီး သူသိချင်သော အဖြေကို ရှာချင်ရုံသာ ဖြစ်သည်။
ခုနက သူ၏ မေးခွန်းများက အတွေးထဲက လာခြင်း မဟုတ်ပေ။ သူ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်နယ်မြေအတွင်းက အလင်းနှင့်အမှောင်ကြား တည်ရှိနေသော တတိယဥပဒေသကို ရှာတွေ့ရာမှ အပြင်လောကရှိ အရာများစွာတွင်လည်း ထိုတတိယဥပဒေသတစ်ခု တည်ရှိနေသည့် အရိပ်အယောင်ကို မြင်ခဲ့ရသည်။ ပန်းချီကားတစ်ချပ်၏ စုတ်ချက်တစ်ချက်တွင်ပင် အနားသတ်အစွန်းနှင့် အဆက်အစပ်အကြားဟူသော တတိယတည်ရှိမှုလေး ရှိနေသည်ကို တွေ့ခဲ့ရသည်။
“မေးခွန်းတွေက အတွေးထဲက လာတာ မဟုတ်ဘူး။ နှလုံးသားထဲက လာတာလည်း မဟုတ်ဘူး။ မြင်ကြားတွေ့မှုက လာတာလားဆိုတော့ မြင်မှုကနေ လာတာပါ။ ကြားမှု တွေ့မှုတွေက မလာဘူး”
ရှောင်လုံလည်း သူ ဖြေတတ်သလို ဖြေလိုက်သည်။ သူက တတိယဥပဒေသကို စိတ်ဝိညာဉ်ဟင်းလင်းပြင်ထဲ၌ ဖြစ်စေ၊ အပြင်၌ ဖြစ်စေ၊ ပန်းချီကား၌ ဖြစ်စေ မြင်ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် မြင်မှုမှ လာသော မေးခွန်းများဟု ဖြေလိုက်ခြင်း ဖြစ်သည်။
ထိုအဖိုးအို၏ မျက်လုံးများက တည်ငြိမ်လေးနက်သွားခဲ့သည်။
“တာအိုကို မကြားဖူးဘူး။ တာအိုကို မတွေးဘူး။ တာအိုက နှလုံးသားမှာ မတည်ဘူး။ တာအိုကို မြင်တယ်တဲ့လား”
အဖိုးအိုက တစ်ယောက်တည်း ပြောသလို တီးတိုးရေရွတ်ပြီး ရှောင်လုံ၏ မျက်လုံးကို သေချာ ကြည့်နေခဲ့သည်။
“ကောင်လေး…၊ မင်းရဲ့ မျက်လုံးက…”
အဖိုးအိုက စကားကို ဆုံးအောင် မပြောဘဲ ရပ်လိုက်သည်။
ရသေ့ကြီးလည်း မျက်ခုံးတွန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့မြေး ငယ်ငယ်က မျက်လုံးတွင် ပြာလဲ့တောက်ပသော အလင်းရောင်များ ထွက်ခဲ့ဖူးသည် မဟုတ်ပါလား။ ထိုမျက်လုံးပြာအလင်းက အခုတွင် မပေါ်လာတော့ပေ။ ထိုအဖိုးအိုက ရှောင်လုံ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခုကို တွေ့ခဲ့သလိုမျိုး ပြောနေခဲ့သည်။
“ကောင်းပြီ ကောင်းပြီ…၊ ကျားနဂါးဂိုဏ်းအကြောင်းလည်း မေးနေတာ ကြားခဲ့တယ်။ ကျားနဂါးဂိုဏ်းရဲ့ တပည့်ရွေးတဲ့ နေရာတစ်ခုတော့ ဒီတောင်ကြားထဲ ရှိပါလေရဲ့။ သိုင်းလောကသားလူငယ်တွေ လာကြည့်တတ်ကြပါတယ်။ ဒီလမ်းအတိုင်း တက်သွားပြီး တောင်ကြားနှစ်ခုကို လွန်ရင် အဲဒီနေရာကို တွေ့လိမ့်။ ဒီလို ဆိုပေမဲ့ ပထမတောင်ကြားနဲ့ ဒုတိယတောင်ကြားကိုလည်း ဝင်ကြည့်ကြည့်ပေါ့”
အဖိုးအိုက ပြောပြီး သားမြီးယပ်မှာ သားမြီးအမွေးတစ်ပင် ဆွဲထုတ်လိုက်သည်။ ထို့နောက် လက်ကို ညင်သာမြန်ဆန်စွာ လှုပ်ရှားလိုက်ရာ လိမ်ကျစ်ထားသော သားမြီးကြိုးကွင်းလေးတစ်ခု ဖြစ်သွားခဲ့သည်။
“တောင်ကြားထဲ ဝင်ကြည့်တဲ့အခါ အစောင့်တွေက မတားအောင် ဒါလေးကို ဆောင်ထား”
အဖိုးအိုက သားမြီးကြိုးကွင်းလေးကို ရှောင်လုံအား ပေးလိုက်သည်။
“ကောင်းပြီ…၊ နောက်မှ ပြန်တွေ့ကြတာပေါ့”
အဖိုးအိုက ပြောပြီးနောက် တောင်အောက်သို့ ဆက်ဆင်းသွားလေ၏။
အားလုံးက ထိုဗိမာန်စောင့်ဟူသော အဖိုးအိုကို ကြည့်နေမိကြသည်။
“ကဲ…၊ ဘိုးဘိုးတို့လည်း ဆက်သွားကြစို့”
“ဟုတ်ကဲ့ ဘိုးဘိုး…”
အားလုံး ရှေ့ဆက်သွားလိုက်ကြသည်။ တောင်တက်လမ်းတစ်ခုကို ကျော်ပြီး တောင်ကျောတစ်ခုကို ကွေ့ပြီးနောက်တွင် တောင်ကြားကြီးတစ်ခုကို ဘွားကနဲ တွေ့လိုက်ရလေ၏။
တောင်ကြားက ကျယ်ဝန်းသလို သစ်ပင်များကလည်း ပေါများအုံ့ဆိုင်းနေ၏။ တောင်ကြားထဲဝင်သော လူသွားလမ်း ရှိနေသော်လည်း လူရိပ်လူယောင်ကိုတော့ မမြင်ရပါ။ လူသံကိုလည်း မကြားရပါ။
“ဒီတောင်ကြားထဲမှာ တာအိုဘုရားကျောင်း ရှိတယ်”
ရှောင်လုံက ကျားနဂါးဂိုဏ်းရှိရာသို့သာ သွားကြည့်ချင်သောလည်း ခုနက ဗိမာန်စောင့်အဖိုးအိုက ဤပထမတောင်ကြားကိုလည်း ဝင်ကြည့်ဖို့ ပြောသွားခဲ့သည်။
“ခဏ ဝင်ကြည့်လိုက်ကြမလား”
ရှောင်လုံက နှင်းပန်း၊ ကျန်းရှီနှင့် ဖန်းချင်းတို့ကို မေးလိုက်သည်။
“ဝင်ကြည့်ကြမယ်လေ။ ဒီလို ဒဏ္ဍာရီလာ နေရာတစ်ခုကို ရောက်လာပြီးမှတော့ ဝင်ကြည့်လိုက်တာ ကောင်းပါတယ်”
“ဒါဆို ဝင်ကြည့်ကြတာပေါ့”
ထို့နောက် အားလုံး တောင်ကြားလမ်းအတိုင်း ဝင်သွားလိုက်ကြသည်။ တောင်ကြားအထဲ အတော်လေး ဝင်လာပြီးနောက်တွင် မုခ်ဦးကြီးတစ်ခုကို တွေ့လိုက်ရသည်။ ကျောက်ဖြင့် ထုဆစ်ထားသော မုခ်ဦးကြီး ဖြစ်သည်။ အလွန်ရှေးကျသော အငွေ့အသက်မျိုးကို ခံစားရသည်။ သို့သော် ရေညှိတက်ခြင်း၊ နွယ်တက်ခြင်း၊ ဖုန်ကပ်ခြင်း မရှိနေဘဲ ရှင်းလင်းသန့်ရပ်နေခဲ့သည်။ ထိန်းသိမ်းစောင့်ရှောက်၍ ပုံမှန် ရှင်းလင်းထားပုံရသည်။ လမ်းတစ်လျှောက်တွင်လည်း အမှိုက်မရှိဘဲ ရှင်းလင်းနေခဲ့သည်။
“မုခ်တံခါးအထဲကို ရောက်ရင် စကားကျယ်ကျယ် မပြောကြနဲ့”
ရသေ့ကြီးက သတိပေးသဖြင့် လူငယ်အားလုံး အသာခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ရသေ့ကြီးက ဦးဆောင်၍ အားလုံး မုခ်ဦးကြီးထဲ ဝင်သွားလိုက်ကြသည်။
“မုခ်ဦးကြီးတော့ ရှိပြီး အစောင့်တော့ မရှိဘူးလား ဘိုးဘိုး”
“အစောင့်က ရှိတယ်။ ဒါပေမဲ့ ဘိုးဘိုးတို့ကိုတော့ အစောင့်က ထွက်မတားပါဘူး”
ရသေ့ကြီးက ပြောရင်း ရှောင်လုံလက်ထဲက သားမြီးကြိုးကွင်းလေးကို ကြည့်လိုက်သည်။
“အဲ…၊ ဟုတ်သားပဲ။ ခုနက ဗိမာန်စောင့်ဆိုတဲ့ အဘိုးကြီး ပြောသွားတယ်။ ဒါလေးပါရင် အစောင့်တွေက မတားတော့ဘူးတဲ့”
ရှောင်လုံက ပြောရင်း သူ့လက်ထဲက သားမြီးကြိုးကွင်းလေးကို ကြည့်မိသည်။
“ကြည့်ရတာ ဒါလေးက အသုံးဝင်သားပဲ။ ဟီးဟီး…”
အတော်ကြာအောင် ဆက်လျှောက်လိုက်သောအခါ လျှောက်လမ်းကို တံမြက်လှည်းနေသော တာအိုဝတ်စုံနှင့် ရသေ့လေးတစ်ပါးကို တွေ့လိုက်ရသည်။ ရသေ့လေးက အသက်နှစ်ဆယ်ခန့် ရှိ၏။ အမှိုက်လှည်းနေသော်လည်း အမှိုက်လှည်းသံကို မကြားရပါ။ အလွန်ညင်သာစွာ လှည်းနေသောကြောင့် ဖြစ်သည်။
“ဒီလိုလေး ဖြည်းဖြည်းလှည်းနေရင် တစ်နေ့လုံး လှည်းလို့တောင် ပြီးပါတော့မလား”
ဖန်းချင်းက ပြောလိုက်ခြင်း ဖြစ်သည်။
ဟုတ်သည်။ လမ်းပေါ်တွင် မလှည်းရသေးသော သစ်ရွက်များက အတော်များများ ကျန်နေသေးသည်။ လှည်းပြီးထားသည့် နေရာက ရှည်လျားသော တောင်ကြားလမ်း၏ ဆယ်ပုံတစ်ပုံပင် မရှိသေးပေ။ လှည်းမပြီးခင် နောက်ထပ် သစ်ရွက်များ ထပ်ကြွေလာပေလိမ့်ဦးမည်။
ဖန်းချင်း၏ စကားသံက တိုးသော်လည်း ထိုတံမြက်စည်းလှည်းနေသော တာအိုရသေ့လေးက ကြားပုံရသည်။ ရှောင်လုံတို့ဘက်သို့ တစ်ချက် လှမ်းကြည့်သည်။ သို့သော် မည်သည့်စကားမှ မပြောဘဲ တံမြက်စည်းကိုသာ ဆက်လှည်းနေခဲ့သည်။
“ကဲကဲ…၊ လာကြ။ သူများကို အနှောက်ယှက်မဖြစ်စေနဲ့”
ရသေ့ကြီးက ပြောရင်း တောင်ကြားထဲ ဆက်ဝင်လာခဲ့လိုက်သည်။
နောက်တစ်နေရာအရောက်တွင် ကျိုးကျနေသော သစ်ခက်ခြောက်များကို ထင်းခုတ်နေသော တာအိုရသေ့လေးများကို တွေ့လိုက်ရပြန်သည်။
“သူတို့ ထင်းခုတ်နေကြတာကလည်း…”
ဖန်းချင်းမှာ နားမလည်စွာ ပြောမိပြန်သည်။
ဟုတ်လည်းဟုတ်သည်။ ထင်းခုတ်နေကြသည်လား ထင်းတုံးကို ဓားဖြင့် ထိရုံ ထိကစားနေကြသည်လား မသဲကွဲပါ။ ထင်းခုတ်နေသည်ကို မြင်ရပါလျက် ထင်းခုတ်သံကို မကြားရလောက်အောင် အသာအယာ လုပ်နေကြသည်။
“ထူးဆန်းတယ်…”
ရှောင်လုံက တီးတိုးရေရွတ်သည်။ သူ့မျက်လုံးများက စိတ်ဝင်စားသည့် အရိပ်များ ထင်ဟပ်နေသည်။
“တစ်ခုခု သတိထားမိလို့လား”
ကျန်းရှီက မေးသည်။
ရှောင်လုံက ကျန်းရှီ၏ အမေးကို မဖြေဘဲ ထင်းခုတ်နေကြသော တာအိုရသေ့များကိုသာ ကြည့်နေခဲ့သည်။ ကြည့်ရင်းနှင့် ရှောင်လုံက တဖြည်းဖြည်း ပြုံးလိုက်သည်။ ထို့နောက် ရှောင်လုံက ခုနက တံမြက်စည်းလှည်းနေသော တာအိုရသေ့ကို ပြန်လှည့်ကြည့်သည်။ ထို့နောက် ပြုံးလိုက်ပြန်သည်။
“ဘာတွေ ပြုံးနေတာလဲ”
နှင်းပန်းက မနေနိုင်တော့ဘဲ မေးလိုက်သည်။
“သေချာကြည့်ကြည့်လိုက်။ သူတို့ လုပ်နေတာ တကယ်မဆိုးဘူး”
နှင်းပန်းလည်း သေချာ ကြည့်သည်။ သို့သော် သူမက ထူးခြားမှုကို မမြင်ခဲ့ပေ။
ရှောင်လုံက သူ့မမ မမြင်နိုင်မှန်း သိသဖြင့် ပြောပြသည်။
“ကျွန်တော် ငယ်ငယ်က ဝူတန်ဂိုဏ်းချုပ်ကြီးဆီကနေ စကားတစ်ခွန်း လက်ဆောင်ရဖူးတယ်။ ‘ရေက ပျော့ပျောင်းပေမဲ့ ကျောက်တုံးကို ဖြတ်နိုင်တယ်’တဲ့”
ရှောင်လုံ၏ စကားကို ကြားလျှင် နှင်းပန်း၏ မျက်လုံးများ ဖျပ်ကနဲ လင်းလက်သွားသည်။ သူမ သင်ယူထားရသော သိုင်းပညာများက အော်မေ့ဂိုဏ်း၏ သိုင်းပညာများ ဖြစ်သည်။
အော်မေ့ဂိုဏ်း၏ သိုင်းပညာမှာ တာအိုဝါဒ၏ အငွေ့သက်များလည်း ပါဝင်သလို ဗုဒ္ဓဝါဒ၏ အငွေ့သက်များလည်း ပေါင်းစပ်ထားသော သိုင်းပညာ ဖြစ်သည်။ ထို့ကြောင့် ထိုတာအိုရသေ့များ ထင်းခုတ်နေသော ညင်သာသိမ်မွေ့သော ဓားလှုပ်ရှားဟန်ကို မြင်နိုင်သွားခဲ့သည်။
ခုနကအထိ မမြင်နိုင်ခြင်းမှာ အော်မေ့ဂိုဏ်း၏ သိုင်းပညာတွင် ပါဝင်သော တာအိုဝါဒ အငွေ့အသက်များက အော်မေ့ဂိုဏ်း၏ ကိုယ်ပိုင်ဟန်ပန်များ ဖြစ်လာသည်အထိ ပြောင်းလဲနေခဲ့၍ ဖြစ်သည်။ ထိုတာအိုရသေ့များ လေ့ကျင့်နေသည်က ရှေးဟောင်းတာအိုဂိုဏ်း၏ မူလတာအိုဝါဒများ ဖြစ်နေသည်။ တာအိုဝါဒခြင်း တူသော်လည်း သစ်ပင်၏ အတွင်းအရင်းအနှစ်သားနှင့် သစ်ကိုင်းဖျားတို့ မတူသကဲ့သို့ မူလတာအိုဝါဒနှင့် နောက်ပိုင်းကိုယ်ပိုင်ဟန် ကိုယ်ပိုင်ပုံစံ ပြောင်းလဲသွားသော တာအိုအငွေ့သက်များက မတူကြတော့ပေ။
ရှောင်လုံကတော့ ဘိုးဘေးမှတ်တမ်းသိုင်းပညာကို သင်ယူထားသူ ဖြစ်သည့်အတွက် ဝူတန်ဂိုဏ်း၏ ကိုယ်ပိုင်ဟန်တာအိုဝါဒနှင့် ယခု ဤရှေးဟောင်းတာအိုဂိုဏ်း၏ မူလတာအိုဝါဒကို အလွယ်တကူ ချိတ်ဆက်သိမြင်နိုင်ခဲ့သည်။
ဝူတန်ဂိုဏ်းတွင် ရေလိုစီးဆင်းသော ဓားချက်ဟူသော ဓားသိုင်းနည်းစနစ် ရှိသည်။ ထိုဓားနည်းစနစ်နှင့် ယခု တာအိုရသေ့များ ထင်းခုတ်နေသော ဓားချက်က တာအိုသဘောတရားချင်း တူညီနေသည်။ ညင်သာခြင်း၊ ပျော့ပျောင်းခြင်း၊ တိတ်ဆိတ်ခြင်း၏ စွမ်းအားကို အသုံးချနေခြင်းပင် ဖြစ်သည်။
ရေသည် ပျော့ပျောင်းသော်လည်း ကျောက်တုံးကို ဖြတ်နိုင်၏။ မြစ်ရေသည် ညင်သာစွာ စီးဆင်းသော်လည်း မြေကမ်းပါးကို တိုက်စားသယ်ဆောင်နိုင်၏။
ထင်းခုတ်နေသော ရသေ့များက ရေလိုဖြတ်တောက်ခြင်းဟူသော တာအိုဝါဒကို ဓားသိုင်းနှင့် ပေါင်းစပ်လေ့ကျင့်နေကြခြင်း ဖြစ်သည်။ လေ့ကျင့်မှုကလည်း သာမန်နေ့စဉ်ဘဝ လုပ်ငန်းတစ်ခုဖြစ်သော ထင်းခုတ်ခြင်းဖြင့် လေ့ကျင့်နေခဲ့သည်။
တံမြက်စည်းလှည်းသော တာအိုရသေ့ကလည်း မြစ်ရေလို စီးဆင်းခြင်းဟူသော တာအိုဝါဒကို တံမြက်လှည်းခြင်း ခြေလှမ်းခြင်း လှုပ်ရှားမှုဖြင့် လေ့ကျင့်နေခဲ့သည်။ အလွန်ညင်သာသော်လည်း သစ်ရွက်များက ပါသွားကြသည်သာ ဖြစ်သည်။ မြစ်ရေက အပေါ်ယံမျောပါနိုင်သော အမှိုက်သရိုက်များကိုလည်း သယ်ဆောင်သလို မြစ်ကြမ်းပြင်က အနယ်အနှစ်များကိုလည်း သယ်ဆောင်သလိုပင်။ ထို့ကြောင့် လျှောက်လမ်းတွင် အမှိုက်လည်း မရှိသလို မြေမှုန့် ဖုန်မှုန့်များလည်း မရှိဘဲ ရှင်းနေခြင်း ဖြစ်သည်။
နှင်းပန်းလည်း ပြုံးနေခဲ့သည်။
‘လရောင်လင်းဖြာ…’
အော်မေ့ဂိုဏ်း၏ လရိပ်ဓားသိုင်းထဲမှ ဓားကွက်တစ်ကွက် ဖြစ်သည်။
‘ပွင့်လန်း ကြာ…’
မယ်တော်လက်ဝါးသိုင်းထဲမှ လက်ဝါးသိုင်းဖြစ်သည်။
ထိုဓားသိုင်းကွက်နှင့် လက်ဝါးသိုင်းကွက်မှာ ညင်သာသိမ်မွေ့ခြင်းဟူသော စွမ်းအားကို အသုံးပြုထားသော သိုင်းကွက်များ ဖြစ်သည်။ လရောင်၏ ညင်သာသိမ်မွေ့အေးချမ်းစွာ သာနေသော သဘာဝနှင့် ကြာပန်းတစ်ပွင့် ညင်သာစွာ ပွင်းလန်းလာသော သဘာဝကို ဆင်ခြင်၍ တီထွင်ထားသော သိုင်းကွက်များ ဖြစ်သည်။
“မြင်သွားပြီလား”
“အင်း…၊ မြင်သွားပြီ။ သူတို့က ဒီလို နေ့စဉ်လှုပ်ရှားမှုထဲမှာ တာအိုကိုရော သိုင်းပညာကိုပါ လေ့ကျင့်နေကြတာပဲ။ အံ့ဩဖို့ကောင်းလိုက်တာ”
နှင်းပန်းက တအံ့တဩနှင့် ပြောသည်။
ရှောင်လုံကတော့ ပြုံး၍သာ နေလိုက်သည်။ သူသည်လည်း ထိုကဲ့သို့ပင် လေ့ကျင့်ခဲ့ဖူးသည် မဟုတ်ပါလား။ ခြေလှမ်းတစ်လှမ်း လှုပ်ရှားမှုတစ်ခုတည်းတွင် အက္ခရာဓားသိုင်း၊ လေဟုန်စီးကိုယ်ဖော့ပညာ၊ အသံနိမ့်လှိုင်းသိုင်းပညာ အားလုံးပါအောင် လေ့ကျင့်ခဲ့ဖူးသည်လေ။
ထို့ကြောင့်လည်း ထိုတာအိုရသေ့များ၏ နေ့စဉ်ဘဝ သာမန်လုပ်ငန်းဆောင်တာ၌ တာအိုဝါဒနှင့် သိုင်းပညာ ပါဝင်စေလျက် လေ့ကျင့်နေမှုကို မြင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
“တာအိုဂိုဏ်းက စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ”
ရှောင်လုံမှာ အစက ဤတောင်ကြားထဲက တာအိုဘုရားကျောင်းကို ဝင်ကြည့်ရန် စိတ်မဝင်စားလှသော်လည်း အခုတော့ သူက စိတ်ဝင်စားနေခဲ့ပြီ ဖြစ်လေ၏။
“တာအိုဘုရားကျောင်းကို သွားကြည့်ရအောင်”
ရှောင်လုံ၏ ဦးဆောင်မှုနောက်သို့ လိုက်သွားကြရင်း အားလုံး တောင်ကြားထဲသို့ ဆက်ဝင်သွားလိုက်ကြလေ၏။
အခန်း(၃၃၆)ပြီး
***