တောင်ကြား၏ အဆုံးတွင် တောင်နံရံကို မှီကပ်၍ တည်ဆောက်ထားသော ရှေးဟောင်းအဆောက်ဦးတစ်ခု ရှိနေသည်။
တာအိုဘုရားကျောင်း။
ရှေးဟောင်းမူလတာအိုဝါဒကို သင်ကြားပို့ချရာ နေရာဖြစ်သော်လည်း တာအိုကျမ်းစာများအပြင် ဗုဒ္ဓဝါဒကျမ်းစာများနှင့် ကွန်ဖျူးရှပ်စာပေများကို လေ့လာနိုင်သည့် နေရာလည်း ဖြစ်သည်။
တာအိုဘုရားကျောင်းရှေ့က မြေကွက်လပ်တွင် တာအိုရသေ့ တစ်ရာခန့် သိုင်းလေ့ကျင့်နေကြသည်။ အသက် နှစ်ဆယ်ဝန်းကျင်နှင့် သုံးဆယ်ဝန်းကျင် လူရွယ်များ ဖြစ်သည်။ အားလုံးက အနက်ရောင်အနားကွပ်နှင့် ရိုးရှင်းသော အဖြူရောင်ဖျင်ကြမ်းဝတ်စုံကို ဆင်တူ ဝတ်ဆင်ထားကြသည်။
ရှေ့ဆုံးမှ ဦးဆောင်၍ သင်ပြနေသော တာအိုရသေ့က အသက်ငါးဆယ်ခန့် ရှိသည်။ သူက သစ်သားဓားရှည်တစ်ကို ကိုင်၍ ညင်သာစွာ လှုပ်ရှားပြနေသည်။
နောက်မှ တာအိုတပည့်များကလည်း သစ်သားဓားရှည်ကိုယ်စီဖြင့် ညီညီညာညာနှင့် လိုက်ပါလှုပ်ရှားကာ လေ့ကျင့်နေကြသည်။
ခြေကြွ၊ ခြေချ၊ ခြေအရွှေ့၊ ခြေကွက်၊ ကိုယ်နေဟန်ထား အလှည့်အပြောင်း အတိမ်းအစောင်းနှင့် ဓားအပင့်၊ ဓားအရစ်၊ ဓားအဝှေ့၊ ဓားအဝိုက်၊ ဓားအရွယ်၊ ဓားအထိုး၊ ဓားအဆုတ်၊ ဓားအခုတ်၊ အားလုံးသော ဓားသွားဓားလာ လှုပ်ရှားမှုများက တအိအိ တငြိမ့်ငြိမ့် လှုပ်ရှားနေသော ရေလှိုင်းသဖွယ် ညင်သာငြိမ့်ညောင်းနေခဲ့သည်။
တာအိုရသေ့များ၏ လက်ထဲက သစ်သားဓားမှာ ရေထဲတွင် ညင်သာစွာ ကူးခတ်နေသော ငါးတစ်ကောင်နှင့် တူလှသည်။ သို့မဟုတ် တငြိမ့်ငြိမ့် တအိအိ လှိုင်းထနေသော မြစ်ရေထဲတွင် အလှုပ်အရှား ညီညာစွာ ကူးခတ်နေကြသော ငါးတစ်အုပ်နှင့် တူနေလေ၏။
ခြေလှမ်းခြေကွက်များကို တိကျညီညာစွာ ရွှေ့၍ လှမ်း၍ လှုပ်ရှားသွားသည်များကလည်း ညီညာလှသလို ညင်သာလှသည်။ ရသေ့တစ်ရာကျော်မှာ လေ့ကျင့်ရေးကွင်းအတွင်း ရှေ့မှနောက်သို့လည်းကောင်း တောင်မှမြောက်သို့လည်း ဟိုမှသည်သို့ ခန့်မှန်းရခက်သော ဦးတည်ရာများသို့ တညီတညာတည်း တရိပ်ရိပ်နှင့် ရွေလျားသွားနေသည်ကလည်း အလွန်ကြည့်ကောင်းလှသည်။
ခုန်ပျံလှုပ်ရှား၍ ထုတ်ဖော်လိုက်သော ဓားကွက်များလည်း ရှိသည်။ ထိုအခါ ဟူးကနဲ ထွက်ပေါ်လာသော အဝတ်လေတိုးသံက သိမ်မွေ့သော အားတစ်ခုကို ထုတ်ဖော်ပြနေသယောင် ရှိသည်။
တာအိုရသေ့ တစ်ရာကျော် လှုပ်ရှားလေ့ကျင့်နေသော်လည်း ထိုခုန်ပျံလှုပ်ရှားခိုက် ထွက်ပေါ်လာသော အဝတ်လေတိုးသံမှတပါး တခြားလှုပ်ရှားသံများ မရှိဘဲ ပကတိ တိတ်ဆိတ် ညင်သာလှသည်။ လှုပ်ရှားမှုအားလုံးက ပျေပျစ်ညက်ညောလွန်းနေခဲ့သည်။
ရှောင်လုံနှင့် နှင်းပန်းက ထိုတာအိုရသေ့များ၏ ဓားသိုင်းလေ့ကျင့်မှုကိုကြည့်ပြီး အသာခေါင်းညိတ်မိကြသည်။
‘ရှေးဟောင်းတာအိုဂိုဏ်းလို့ မပြောရဘူး။ သာမန်လေ့ကျင့်နေတဲ့ ဓားသိုင်းကတောင် ဒီလို အနှစ်သာရတွေနဲ့ ပြည့်နှက်နေတယ်’
ရှောင်လုံက တာအိုရသေ့များ၏ ဓားသိုင်းထဲက ဓားလမ်းစဉ်၏ အငွေ့အသက်ကို ခံစားနေရသည်။ ခြေလှမ်းခြေကွက်များကလည်း သာမန် ခြေလှမ်းခြေကွက်များ မဟုတ်ဘဲ ဝင်္ကပါပညာ၏ အရိပ်အငွေ့ကို မြင်နေရသည်။ လှုပ်ရှားမှုတိုင်း၏ ညင်သာညက်ညောနေမှုထဲတွင် ဟန်ချက်ထိန်းညှိမှုနည်းစနစ်ကိုလည်း မြင်နေခဲ့သည်။
တာအိုရသေ့များ၏ ဓားသိုင်းလေ့ကျင့်မှုကို ရှောင်လုံနှင့် နှင်းပန်းက စိတ်ဝင်တစား ကြည့်နေကြသော် ဖန်းချင်းနှင့် ကျန်းရှီက နားမလည်ဟန်ဖြင့် ကြည့်နေကြသည်။
“ဓားသိုင်းတစ်ခုက ဒီလောက် ညင်သာနေမှတော့ တိုက်ခိုက်လို့ရော ရပါ့မလား”
ကျန်းရှီက တီးတိုးပြောသည်။
ကျန်းရှီ ပြောလျှင်လည်း ပြောချင်စရာပင်။ တာအိုရသေ့များ၏ ဓားသိုင်းက ညင်သာငြိမ့်ညောင်း၍ သဘောတရားများ ပြည့်နှက်နေသော်လည်း စွမ်းအားကင်းမဲ့နေသလို ဖြစ်နေသည်။ ညင်သာသိမ်မွေ့သော်လည်း စွမ်းအားမဲ့နေသည်။ သိုင်းပညာဆိုသည်မှာ သဘောတရား ကင်းမဲ့သော အရာ မဟုတ်သော်လည်း သဘောတရားသာ ရှိပြီး စွမ်းအားကင်းမဲ့နေလျှင် အလှပြရုံသက်သက် ဖြစ်သွားပေလိမ့်မည်။ ခုခံတိုက်ခိုက်ရန် စွမ်းအား လိုပေသည်။
ယခု တာအိုရသေ့များ လေ့ကျင့်နေသော ဓားသိုင်းကလည်း သဘောတရားအနှစ်သာရများ ပြည့်နှက်နေသော်လည်း တိုက်ခိုက်ရာတွင် အသုံးမဝင်ဘဲ စွမ်းအားမဲ့ချက် အလှပြဖို့သက်သက်လို ဖြစ်နေခဲ့သည်။
ရှောင်လုံနှင့် နှင်းပန်းလည်း ထိုအချက်ကို သတိထားမိကြသည်။ သို့သော် သူတို့က ထိုအချက်ထက် နက်နဲသိမ်မွေ့သော သိုင်းပညာသဘောတရားနှင့် အနှစ်သာရများကိုသာ အာရုံစိုက်၍ လေ့လာနေခဲ့ကြသည်။
ရသေ့ကြီးက ပြောပြသည်။
“ဒါက ရှေးဟောင်းမူလတာအိုဝါဒရဲ့ အခြေခံအတွေးခေါ်အယူအဆတွေက ဒီနေ့ခေတ်ရဲ့ သိုင်းလောကသားတွေရဲ့ အတွေးခေါ်အယူအဆတွေနဲ့ မတူလို့ပါ။ ဒီနေ့ခေတ်မှ မဟုတ်ပါဘူး သိုင်းလောကမှာ သိုင်းပညာကို တိုက်ခိုက်ဖို့မဟုတ်ရင်တောင် ခုခံကာကွယ်ဖို့ဆိုတဲ့ အတွေးခေါ်မျိုးနဲ့ လေ့လာလိုက်စားကြတယ်”
“သိုင်းပညာက တိုက်ခိုက်ဖို့ရော ခုခံကာကွယ်ဖို့ရော မဟုတ်ဘဲ တခြား ရှိသေးလို့လား”
“ရှိသေးတာပေါ့။ ဒီရှေးဟောင်းတာအိုဝါဒမှာက သိုင်းပညာဆိုတာ တိုက်ခိုက်ဖို့လည်း မဟုတ်ဘူး၊ သတ်ဖြတ်ဖို့လည်း မဟုတ်ဘူး။ ခုခံကာကွယ်ဖို့လည်း မဟုတ်ဘူး။ တာအိုကို နားလည်ဖို့ သိုင်းပညာဆိုတဲ့ အစိတ်အပိုင်းတစ်ခုကနေ လေ့လာသင်ယူနေတာပါ။ အရာအားလုံးမှာ တာအိုရှိတယ်
အရာအားလုံးက တာအိုဖြစ်တယ်ဆိုတဲ့ စကားအတိုင်းပဲ သိုင်းပညာထဲမှာလည်း တာအိုရှိတယ်။ သိုင်းပညာထဲက တာအိုကို နားလည်ဖို့ သိုင်းပညာကို လေ့လာသင်ယူကြတာပါ”
ကျန်းရှီရော ဖန်းချင်းရော မျက်ခုံးတွန့်လျက် စဉ်းစားနေကြတော့သည်။
“တာအိုကို နားလည်ဖို့ သိုင်းပညာကို လေ့ကျင့်ကြတာလား”
“ဟုတ်တယ်။ သိုင်းပညာကို လေ့ကျင့်တဲ့အခါ သိုင်းကွက်နဲ့ တစ်သားတည်းဖြစ်တယ်ဆိုတာ ရှိတယ် မဟုတ်လား”
“ဟုတ်ကဲ့”
“သိုင်းကွက်နဲ့ တစ်သားတည်းဖြစ်တယ်ဆိုတာ သိုင်းကွက်ဆိုတဲ့ ပုံစံ၊ လှုပ်ရှားနည်းစနစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ တစ်သားတည်း ပေါင်းစပ်သွားတာကို ပြောတာမဟုတ်ဘား”
“ဟုတ်ပါတယ် ဆရာကြီး”
သိုင်းကွက်နှင့် တစ်သားတည်းဖြစ်ခြင်းက သိုင်းပညာ၏ အခြေခံသဘောတရားဖြစ်၍ ကျန်းရှီရော ဖန်းချင်းရောက နားလည်ကြသည်။
“တာအိုဝါဒမှာ သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်စေရမယ်ဆိုတာ ရှိတယ်။ ဒီတော့ သိုင်းပညာကို လေ့ကျင့်ပြီး ခုနကပြောတဲ့ လူနဲ့သိုင်းကွက် တစ်သားတည်းဖြစ်ခြင်းကို နားလည်တာဟာ တာအိုကို နားလည်တယ်လို့ ပြောလို့ရတယ်”
ရသေ့ကြီးက သူ့စကားကို ဖန်းချင်းတို့ နားလည်မလည် အကဲခတ်ပြီး ဆက်ပြောပြသည်။
“သိုင်းသမားတစ်ယောက်ကတော့ သိုင်းကွက်နဲ့ တစ်သားတည်းဖြစ်သွားရင် သိုင်းကွက်ကို အဆင့်တစ်ခုအထိ နားလည်သွားတယ်လို့ပဲ သတ်မှတ်လိမ့်မယ်။ တာအိုကို လေ့လာသူကတော့ အဲဒီလို သိုင်းကွက်ကို နားလည်မှုကနေ ရှေ့ဆက်ပြီး တာအိုသဘောတရားကို နားလည်ဆင်ခြင်နိုင်တယ်”
ဖန်းချင်းနှင့် ကျန်းရှီက အာရုံစိုက်၍ နားထောင်ကြသည်။ ထိုသို့ လေးနက်သော သဘောတရားများကို ကြားနာခွင့်ရခြင်းက သူတို့ဘဝနှင့် သူတို့သိုင်းလမ်းကြောင်းကို များစွာ အကျိုးရှိစေမှန်း နားလည်နေ၍ ဖြစ်သည်။ ရသေ့ကြီးလို အဆင့်တန်းရှိသူတစ်ယောက်ထံမှ လေ့လာသင်ယူခွင့်ရခြင်းက သူတို့လို လူငယ်နှစ်ယောက်အတွက် အမှန်လည်း အကျိုးများလှပေသည်။
ရသေ့ကြီးက ဆက်ပြောပြသည်။
“တံငါသည်တစ်ယောက်ရဲ့ မြစ်တစ်စင်းကို ကြည့်တဲ့ အကြည့်ဟာ စာပေသမားတစ်ယောက်ရဲ့ ကြည့်တဲ့အကြည့်နဲ့ မတူနိုင်ဘူး။ ကြည့်တဲ့ အကြည့် မတူတဲ့အတွက် သိတဲ့အသိကလည်း မတူကြဘူး။ အဲဒိလိုပဲ သိုင်းပညာကို သိုင်းသမားတစ်ယောက်က ရှုမြင်တာနဲ့ တာအိုလေ့လာသူတစ်ယောက် ရှုမြင်တာခြင်းက မတူဘူး။ ရှုမြင်တာ မတူရင် နှလုံးသွင်းဆင်ခြင်တာ မတူဘူး။ သိုင်းပညာကို သိုင်းသမားတွေက ခုခံဖို့နဲ့ တိုက်ခိုက်ဖို့အတွက်လို့ ရှုမြင်ကြတယ်။ လေ့လာသင်ယူကြတယ်။ ခုခံကာကွယ်မှုတွေ တိုက်ခိုက်မှုတွေမှာ သိုင်းပညာကို အသုံးချတယ်။ ရှေးဟောင်းတာအိုဝါဒလက်ကိုင်ထားသူတွေကတော့ သိုင်းပညာကို ခုခံကာကွယ်ဖို့အတွက်လို့လည်း မလေ့လာကြဘူး။ တိုက်ခိုက်ဖို့အတွက်လည်း မလေ့ကျင့်ကြဘူး။ တာအိုကို လေ့လာဖို့အတွက် သိုင်းပညာကို သင်ယူလေ့ကျင့်ကြတယ်။ ဒီတော့ ဒီတာအိုရသေ့တွေ လေ့ကျင့်တဲ့ သိုင်းပညာက တိုက်ခိုက်ဖို့ အသုံးမဝင်ဖြစ်တာက သာမန်ပါပဲ။ သူတို့က တိုက်ခိုက်ဖို့ လေ့ကျင့်နေကြတာလည်း မဟုတ်ဘူးလေ”
ဖန်းချင်းနှင့် ကျန်းရှီလည်း အလိုလို ခေါင်းညိတ်မိကြသည်။ သူတို့ နားလည် သွားကြသည်။
မုဆိုးတစ်ယောက်က ယုန်တစ်ကောင်ကို သားကောင်ဟုမြင်၍ အမဲလိုက်ကာ သတ်ဖြတ် စားသောက်ပေလိမ့်မည်။ ယုန်ချစ်သူတစ်ယောက်က ယုန်ကို ချစ်စရာဟု မြင်၍ အစာရေကျွေးကာ မွေးထားပေမည်။
အမြင်များ မတူသောအခါ အပြုမူများ ကွဲပြားကြပေလိမ့်မည်။
“နားလည်ပါပြီ ဆရာကြီး။ အခုလို သွန်သင်ပေးတာကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ ရန်သူတွေ ရှိလာခဲ့ရင်ရော ဆရာကြီး။ ခုခံတိုက်ခိုက်လို့မရတဲ့ သိုင်းပညာတွေ လေ့ကျင့်ထားတော့ ရန်သူကို ဘယ်လို ခုခံမလဲ။ ဘယ်လို တိုက်ခိုက်မလဲ။ ရန်သူ မရှိအောင် နေမှာလား။ ‘ သစ်ငုတ်က မတိုက်ပေမဲ့ ခြေထောက်က သစ်ငုတ်ကို လာတိုက်တယ်’ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား ဆရာကြီး”
ရသေ့ကြီးက မုတ်ဆိတ်ကို အသာပွတ်သပ်၍ ပြောသည်။
“အိမ်း…၊ လူလေးတို့က သိုင်းသမားတွေဖြစ်နေတော့ စဉ်းစားတွေးခေါ်မှုတွေက သိုင်းပညာမှာပဲ ဗဟိုပြုပြီး တွေးလိုက်ကြတာပါ။ ဒီလောကကြီးမှာ လူတိုင်းက သိုင်းပညာကို လေ့လာသင်ယူနေကြတာ မဟုတ်ပဲလေ။ လူတိုင်းမှာ ချစ်သူလည်း ရှိနိုင်သလို မုန်းသူလည်း ရှိနိုင်တာပါပဲ။ ရန်သူလည်း ရှိမှာပါပဲ။ ဒီလိုဆိုရင်တောင် ရန်သူကို သိုင်းပညာနဲ့ပဲ ရင်ဆိုင်ရမယ်လို့ မဆိုနိုင်ဘူး။ သိုင်းပညာအပြင် တခြားနည်းလမ်းတွေနဲ့လည်း ဖြေရှင်းလို့ ရပါတယ်။ သာမန်လူတွေက ဘယ်မှာ သိုင်းပညာ တတ်ကြလို့တုန်း။ ဒါပေမဲ့ သူတို့မှာလည်း သူတို့နည်းသူတို့ဟန်နဲ့ ရန်သူကို ရင်ဆိုင်ဖြေရှင်းတဲ့ နည်းလမ်းတွေ ရှိတယ်။ အဲဒီလိုပဲ ရှေးဟောင်းတာအိုဝါဒမှာလည်း သူ့နည်းသူဟန်နဲ့ ဖြေရှင်းတဲ့ နည်းလမ်းတွေ ရှိတာပဲပေါ့။ တာအိုဝါဒဆိုတာ ပေါ်ပေါက်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲလေ။ ခေတ်တွေအများကြီး စနစ်တွေအများကြီးကို ဖြတ်ကျော်လာခဲ့ပြီးပြီ။ ရန်သူမရှိဘဲ ဘယ်နေပါ့မလဲ။ ရန်သူကို ရင်ဆိုင်ဖြေရှင်းတဲ့ နည်းလည်း ရှိနေလို့ တာအိုဝါက ဒီနေ့အထိ တည်တန့်နေတာပေါ့။ နောင်နှစ်ပေါင်းများစွာလည်း ဆက်တည်တန့်နေဦးမှာပါပဲ။ ဒါပေမဲ့…”
ရသေ့ကြီးက စကားကို ဆက်မပြောတော့ဘဲ ခေါင်းအသာယမ်း၍ သက်ပြင်းချသည်။
ဖန်းချင်းနှင့် ကျန်းရှီလည်း သူတို့၏ အတွေးများက ကျဉ်းမြောင်းနေသည်ကို သတိထားမိပြီး ခေါင်းကုတ်ကာ ရယ်နေကြသည်။
ပိုးဟပ်တစ်ကောင် စာရွက်ကိုက်စားသွားသည်ကို ‘ဘာအရသာမှ မရှိဘဲ ဘာလို့ စားတာလဲ မသိဘူးဟု’ ပိုးဟပ်တစ်ကောင်ကို လူတစ်ယောက်လို သွားတွေးပြီး စဉ်းစားနေ၍ မရနိုင်ပေ။
သိုင်းသမားအတွက်ပင် ရန်ငြိုးနှင့် အာဃာတကို သိုင်းပညာဖြင့် မဖြေရှင်းဘဲ ခွင့်လွှတ်ခြင်းဖြင့် ဖြေရှင်းရန် ပြောတတ်ကြသေးသည် မဟုတ်ပါလား။
ထိုစဉ်…
သိုင်းလေ့ကျင့်နေကြသော တာအိုရသေ့များ သိုင်းလေ့ကျင့်မှု ပြီးဆုံးသွားသည်။
ထိုအခါ ရှောင်လုံက သူ့အဘိုးကို ကြည့်လိုက်သည်။ သူက သူ့အဘိုး ဆက်မပြောဘဲ ရပ်လိုက်သော စကား၏ နောက်ဆက်တွဲကို အနည်းငယ် ရိပ်မိခဲ့၍ ဖြစ်သည်။ သို့သော် သူက ထိုစကားကို ထုတ်မပြောခဲ့ပေ။
တာအိုရသေ့များကို သိုင်းသင်ကြားပေးနေသော ခေါင်းဆောင်ရသေ့က သူ့တပည့်များကို အသာခေါင်းညိတ်၍ အနားပေးသည်။
တာအိုတပည့်များက ရှောင်လုံတို့ဘက်သို့ တစ်ချက်မျှ လှမ်းကြည့်အကဲခတ်ပြီး သူတို့ချင်း တီးတိုးပြောကာ အနားယူကြသည်။
တာအိုဆရာက ရသေ့ကြီးထံ လာ၍ နှုတ်ဆက်သည်။
“ဒီ တာအိုရောင်းရင်းက…”
“ခွန်လွန်ဂိုဏ်းမှာ တာအိုကို သင်ယူခဲ့ဖူးတဲ့ တပည့်တစ်ယောက်ပါ။ တာအိုဘွဲ့က ‘ကျင့်’ပါ”
“ဪ…၊ ခွန်လွန်ဂိုဏ်းက တပည့်ကိုး။ ကျွန်တော့်တာအိုဘွဲ့က ‘ပိုင်’ပါ။ အခုလို တွေ့ဆုံရတာကို ဝမ်းသာပါတယ် တာအိုရောင်းရင်း ကျင့်”
ရသေ့ကြီးက တာအိုဆရာ‘ပိုင်’ကို မေးလိုက်သည်။
“တာအိုဆရာပိုင်က လက်ထောက်တာအိုဆရာထင်တယ်”
“ဟုတ်ပါတယ်။ ဆရာသခင်တွေက တာအိုနန်းတော်တောင်ကြားမှာပါ။ ဒီတောင်ကြားမှာ လက်ထောက်တာအိုဆရာတွေနဲ့ တပည့်တွေပဲ ရှိပါတယ်။ တာအိုရောင်းရင်းကျင့်က ဆရာသခင်တွေနဲ့ တာအိုဆွေးနွေးချင်ရင် ဟိုဘက်တောင်ကြားကို သွားလိုက်ပါ”
“တာအိုဆွေးနွေးဖို့ မဟုတ်ပါဘူး။ ဒီနောက်မျိုးဆက်လေးတွေနဲ့ လာလည်ပတ်ရုံပါ”
“လာရောက်လည်ပတ်ကြတာလား။ ဝမ်းသာပါတယ် ဝမ်းသာပါတယ်”
တာအိုဆရာပိုင်က တလေးတစားနှင့် ဝမ်းပန်းတသာ ပြောနေခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က ခွန်လွန်ဂိုဏ်းချုပ်နဲ့ တစ်ခေါက် လာလည်ဖူးသေးတယ်။ အဲဒီတုန်းက ဒီမှာ တာအိုတပည့်တွေ အတော်များတယ်။ ခုတော့…”
“ဟုတ်တယ်…၊ ဒီနှစ်တွေမှာ တပည့်တွေ နည်းသွားတယ်”
တာအိုလက်ထောက်ဆရာပိုင်က ထိုမျှသာပြောပြီး ပြုံး၍သာ နေခဲ့သည်။
ထိုစဉ် ရှောင်လုံက ဝင်ပြောလာသည်။
“တာအိုဆရာပိုင်…၊ ဒီက တာအိုတပည့်တွေနဲ့ သိုင်းပညာဆွေးနွေးလို့ ရလား”
တာအိုဆရာပိုင်က မျက်ခုံးတွန့်သွားပြီး ရှောင်လုံကို ကြည့်လာသည်။
သိုင်းပညာဆွေးနွေးခြင်းဆိုသည်မှာ သိုင်းလောကသားတို့၏ အမြင်တွင် သိုင်းပညာယှဉ်ပြိုင်ရန် ပြောခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စိန်ခေါ်ခြင်းလည်း ဖြစ်သည်။ သို့သော် တာအိုဆရာပိုင်က ထိုသို့ မမြင်ပါ။ သိုင်းပညာဆွေးနွေးခြင်းကို တာအိုဆွေးနွေးခြင်းအဖြစ်သာ မြင်သည်။
“မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်သူ ဆွေးနွေးမှာလဲ။ သူတို့လား”
တာအိုဆရာပိုင်က ဖန်းချင်းနှင့် ကျန်းရှီတို့ကို ကြည့်၍ မေးသည်။
လူငယ်လေးယောက်ထဲတွင် ဖန်းချင်းနှင့် ကျန်းရှီတို့ နှစ်ယောက်ကသာ အလယ်အလတ်သိုင်းအဆင့် ဖြစ်နေ၍ပင်။ ရှောင်လုံနှင့် နှင်းပန်းကို အခြေခံအဆင့်များ အဖြစ်သာ မြင်နေ၍ တာအိုဆရာ ဖန်းချင်းနှင့် ကျန်းရှီ သိုင်းပညာဆွေးနွေးမည်ဟု ထင်သွားခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်”
“ဟင်…”
“အမ်…”
ရှောင်လုံ၏ စကားကြောင့် ဖန်းချင်းနှင့် ကျန်းရှီမှာ ကြောင်သွားသည်။ သူတို့က တာအိုတပည့်များနှင့် သိုင်းပညာဆွေးနွေးရလိမ့်မည်ဟု မထင်ထားသောကြောင့် ဖြစ်သည်။
“ငါတို့လား…”
“ဟုတ်တယ်။ မင်းတို့…”
ဖန်းချင်းနှင့် ကျန်းရှီလည်း မည်သို့ ဆက်ပြောရမှန်း မသိသဖြင့် နှုတ်ဆိတ်သွားကြသည်။
ရှောင်လုံက တာအိုဆရာပိုင်ကို ပြုံးပြလိုက်ပြီး ပြောသည်။
“သူတို့က အလယ်လတ်အဆင့်ပဲ ရှိသေးတာမို့ တာအိုဆရာပိုင်ရဲ့ တပည့်တွေက နည်းနည်း အလျှော့ပေးပါလို့”
“ကိစ္စ မရှိပါဘူး။ သိုင်းပညာဆွေးနွေးတာပဲလေ။ ခွန်အားက အဓိကမဟုတ်ပါဘူး။ သိုင်းပညာကို ဘယ်သိမြင်နားလည်လဲဆိုတာကပဲ အရေးကြီးတာပါ။ ကြွပါ…”
တာအိုဆရာပိုင်က ကျန်းရှီနှင့် ဖန်းချင်းကို မြေကွက်လပ်သို့ ဖိတ်ခေါ်သည်။ ထို့နောက် သူက သူ့တပည့်များကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“ဒီသိုင်းလောက မိတ်ဆွေလေးနှစ်ယောက်က သိုင်းပညာဆွေးနွေးချင်လို့တဲ့။ ဆွေးနွေးချင်တဲ့ တပည့်တွေ လာဆွေးနွေးကြပါ”
တာအိုဆရာပိုင်က ခေါ်လိုက်သောအခါ တာအိုတပည့် နှစ်ယောက် မြေကွက်လပ်သို့ ဝင်လာကြသည်။ နှစ်ယောက်လုံးက အသက်နှစ်ဆယ်ခန့် ရှိသော လူရွယ်များ ဖြစ်ကြသည်။ တာအိုတပည့်များထဲတွင် အငယ်ဆုံးများလည်း ဖြစ်သည်။
“ညီငယ်လေးတို့ ကျေးဇူးပြုပြီး အဆင်သင့်ပြင်ပါ”
တာအိုတပည့်နှစ်ယောက်က ပြောပြီး သူတို့ကိုယ်တိုင်လည်း သစ်သားဓားရှည်ကိုယ်စီဖြင့် အသင့်ပြင်ထားလိုက်ကြသည်။
ဖန်းချင်းနှင့် ကျန်းရှီက တာအိုတပည့်နှစ်ယောက်၏ ကိုယ်နေဟန်ထားနှင့် လက်ထဲမှ သစ်သားဓားရှည်ကို ကြည့်ပြီး အနည်းငယ် အံ့ဩနေသည်။
တာအိုတပည့်နှစ်ယောက်က ဓားကိုင်လက်ကို နောက်ပို့ထားပြီး သစ်သားဓားကို နောက်ကျောတွင်ကပ်ထားကာ ခြေအနည်းငယ် ချဲရပ်၍ သက်တောင့်သက်သာ ပုံစံဖြင့် ရပ်နေကြသောကြောင့် ဖြစ်သည်။ ထိုပုံစံက တိုက်စစ်လည်း ထုတ်ဖော်ရန် မဟုတ်သလို ခံစစ်လည်း အသင့်ပြင်ထားခြင်း မဟုတ်နေပေ။
ကိုင်ထားကြသည်ကလည်း သစ်သားဓားများ ဖြစ်နေသေးသည်။
“ညီငယ်လေးတို့ရဲ့ လက်စွဲဓားကို သုံးနိုင်ပါတယ်”
“ဒါက ဓားအစစ်တွေလေ”
တာအိုတပည့်က အသာပြုံး၍ သူ့လက်ထဲက သစ်သားဓားကို ကြည့်သည်။
“ဒါကလည်း ကျုပ်တို့ရဲ့ လက်စွဲဓားပါပဲ။ တစ်လျှောက်လုံး ဒီဓားကိုပဲ ကိုင်ခဲ့တာပါ။ ဓားကို သစ်သားနဲ့ပဲ လုပ်လုပ် သံမဏိနဲ့ပဲ လုပ်လုပ် ဓားက ဓားပဲ မဟုတ်ဘူးလား”
“ဒါက…”
ကျန်းရှီတို့မှာ ဤရှေးဟောင်းတာအိုဂိုဏ်းသား တပည့်များ၏ ဓားအပေါ် အမြင်က အန္တရာယ်များလှသည်ဟု ထင်လာကြသည်။
‘သစ်သားဓားက သစ်သားဓားလေ။ အဲဒါက ဓားသိုင်းလေ့ကျင့်ဖို့ပဲ သင့်တော်တာလေ။ ဘယ်လိုလုပ်ပြီး သံမဏိဓားနဲ့ ယှဉ်ခုတ်နိုင်မှာလဲ’
တာအိုလုလင်က ကျန်းရှီ၏ အတွေးကို သဘောပေါက်ဟန်ဖြင့် ပြုံးသည်။ သူတို့၏ ဓားအပေါ် အမြင်ကို သိုင်းလောကသားများက ထိုသို့ပင် နားမလည်ဖြစ်သွားတတ်ကြမှန်း သိထား၍ ဖြစ်သည်။
“မင်းတို့ဓားကိုပဲ သုံးလိုက်ပါ”
ရှောင်လုံက လှမ်းပြောလိုက်သည်။
တာအိုဆရာပိုင်က ရှောင်လုံကို ကြည့်လာသည်။ ဤသူတောင်းစားလေးက သိုင်းပညာဖလှယ်ဖို့လည်း စကားပြောခဲ့သည်။ ဓားသမားလူငယ်နှစ်ယောက်ကို ရှေ့ထွက်ဖို့လည်း ဤသူတောင်းစားလူငယ်လေးကပင် ပြောခဲ့သည်။ ယခုလည်း ဓားထုတ်သုံးဖို့ ပြောနေပြန်သည်။
‘ကြည့်ရတာ ဒီသူတောင်စားလေးက သိပ်မရိုးရှင်းဘူးထင်တယ်’
တာအိုဆရာပိုင်က တွေးရင်း ရှောင်လုံကို သတိထား၍ ကြည့်မိသည်။ ထိုအခါ ရှောင်လုံ၏ လက်ကောက်ဝတ်တွင် ပတ်ထားသော ငွေရောင်သားမြီးကြိုးကွင်းကို မြင်သွားသည်။
‘ဟင်…၊ အဲဒါက…’
တာအိုဆရာပိုင်က ရှောင်လုံကို အမြင်တစ်မျိုးဖြင့် ကြည့်လာခဲ့သည်။ ထို့နောက် သူကလည်း ကျန်းရှီတို့ကို လှမ်းပြောသည်။
“မိတ်ဆွေလေးတို့ရဲ့ ဆောင်ဓားကိုပဲ သုံးလိုက်ပါ”
‘ဒါက နည်းနည်းတော့ အန္တရာယ်များတယ် မဟုတ်ဘူးလား…’
ကျန်းရှီနှင့် ဖန်းချင်းလည်း အတွေးကိုယ်စီဖြင့် သူတို့၏ ဓားရှည်များကို ဆွဲထုတ်လိုက်ကြတော့သည်။
“ရွှမ်း…”
အထိခိုက်အပွန်းပဲ့များနှင့် ဟောင်းနွမ်းနေသော ဓားပျော့နှစ်လက်က ကျန်းရှီနှင့် ဖန်းချင်းတို့၏ လက်ထဲတွင် ယိမ်းနွဲ့လှုပ်ခါနေခဲ့သည်။
“ဓားပျော့တွေလား…၊ ကောင်းတယ်။ အဆင်သင့်ဖြစ်ရင် စပါ”
“ကောင်းပြီ။ သတိထားပါ”
ကျန်းရှီနှင့် ဖန်းချင်းလည်း ဓားပျော့များကို ဝှေ့ယမ်း၍ ဓားကွက်များ စထုတ်သည်။
“ဝှစ် ဝှစ်…”
“ရွှမ်း ရွှမ်း…”
ဓားပျော့နှစ်လက်က တရွှမ်းရွှမ်း အော်မြည်လျက် တာအိုတပည့်နှစ်ယောက်ထံ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။
စတင် တိုက်ခိုက်လေပြီ။ တာအိုတပည့်နှစ်ယောက်က တိုက်စစ်ရော ခံစစ်ရော မထုတ်ထားသဖြင့် ကျန်းရှီတို့က တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
ဓားချက်က အကဲစမ်းသော သဘောဖြင့် အသာအယာ တိုက်ခိုက်ခြင်း မဟုတ်ပေ။ အားမာန်အပြည့်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ဖန်းနှင့် ကျန်းမျိုးရိုး၏ ဓားသိုင်းက ခံစစ်ဖြစ်စေ တိုက်စစ်ဖြစ်စေ အားနှင့်မန် အပြည့်ထုတ်သုံးရသော ဓားသိုင်းများ ဖြစ်သည်။ ဖန်းနှင့် ကျန်း မျိုးရိုးက စစ်သည်တော်များ၊ ကိုယ်ရံတော်များ၊ လူယုံတော်များ မွေးထုတ်ပေးသော မျိုးရိုးဖြစ်ပြီး တာဝန်နှင့် ကတိသစ္စာကို အသက်ထက် တန်ဖိုးထားကြသူများ ဖြစ်လေရာ သူတို့၏ ဓားသိုင်းများက ပြင်းထန်မှုပြတ်သားမှုကိုသာ အလေးနက်ထားသည်။
ယခုလည်း ကျန်းရှီနှင့် ဖန်းချင်းတို့၏ ဓားချက်များက စတင်လိုက်သည်နှင့် အားမာန်အပြည့် ပါနေတော့သည်။ ဓားကို ဓားအိမ်ထဲ ထည့်ထားလျှင် ထည့်ထား။ ဓားကို ဓားအိမ်ထဲက ထုတ်လိုက်လျှင်တော့ တိုက်ခိုက်လျှင် ဖြစ်စေ ခုခံလျှင်ဖြစ်စေ အားမန်အပြည့်ဖြင့်သာ ခုခံမည် တိုက်ခိုက်မည် ဖြစ်သည်။
သူ့တို့ ရင်ဆိုင်တိုက်ခိုက်ရသူက သူတို့ထက် မည်မျှ အင်အားကြီးသည်ဖြစ်စေ မည်မျှ အင်အားနည်းသည်ဖြစ်စေ တိကျပြတ်သားသော စိတ်နှင့် တိကျပြတ်သားသော ဓားချက်များကိုသာ ထုတ်ဖော်တိုက်ခိုက်မည် ဖြစ်သည်။
ရှောင်လုံက ဖန်းချင်းနှင့် ကျန်းရှီတို့၏ ဓားချက်များကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
ရသေ့ကြီးနှင့် နှင်းပန်းလည်း ကြည့်နေကြသည်။
တာအိုတပည့်နှစ်ယောက်က ခြေကွက်တစ်ကွက်စီ ရွှေ့ပြီး ခန္ဓာကိုယ်ကိုလည်း ဖျတ်ကနဲ တစ်ပတ်လှည့်ကာ တိမ်းလိုက်သည်။ တစ်ဆက်တည်းမှာပင် သူတို့ထံ တိုးဝင်လာသော ဓားပျော့ကို သစ်သားဓားဖြင့် ရင်ဆိုင်သည်။
“ချပ်…ချပ်…”
ဓားချင်း ထိပ်တိုက်ရင်ဆိုင်၍ ခုတ်ပိုင်းခြင်း မဟုတ်ပေ။ တာအိုတပည့်နှစ်ယောက်၏ ဓားက ဖန်းချင်းတို့၏ ဓားပျော့နှင့် အလိုက်သင့်ပူးကပ်၍ ဓားချင်းပွတ်ဆွဲကာ လမ်းကြောင်းပြောင်းသွားစေသည်။
ထိုအခါ ဖန်းချင်းတို့၏ ဓားပျော့မှာ တာအိုတပည့်၏ သစ်သားဓားဖြင့် ထိန်းချုပ်ခံလိုက်ရသလိုမျိုး ဖြစ်သွားသည်။ ဓားချက်က မပျက်သွားသော်လည်း ဓားလမ်းကြောင်းက ပြောင်းကာ အချည်းနှီးဖြစ်သွားခဲ့သည်။
တာအိုတပည့်နှစ်ယောက်၏ ခန္ဓာကိုယ်ကို တစ်ပတ်အလှည့်၊ ဟန်ချက်ကို အသာတိမ်း၊ ဓားပျော့ကို သစ်သားဓားဖြင့် ဖိကပ်ထိန်းချုပ်၍ လမ်းကြောင်း ပြောင်းလိုက်ခြင်းက ခုခံခြင်းလည်း မဟုတ်သလိုတိုက်ခိုက်ခြင်းလည်း မဟုတ်ပေ။
ချေဖျက်ခြင်း။
ဟုတ်သည်။ ဖန်းချင်းနှင့် ကျန်းရှီတို့၏ အားမာန်အပြည့်ပါသော ဓားချက်က သဲထဲ ကျဆင်းသွားသော ရေလို ပျောက်ပျယ်သွားခဲ့သည်။
“စိတ်ဝင်စားစရာပဲ”
ရှောင်လုံက တီးတိုးရေရွတ်ပြီး ဆက်ကြည့်နေခဲ့သည်။
ဖန်းချင်းတို့လည်း မျက်ခုံးတွန့်သွားပြီး နောက်ထပ် ဓားချက်များကို ဆက်တိုက်ထုတ်ဖော်၍ တိုက်ခိုက်လိုက်ကြသည်။
ဓားပျော့နှစ်လက်၏ ဓားလေတိုးသံနှင့် ဓားပျော့ယိမ်းနွဲ့ခါယမ်း၍ အော်မြည်သံများ ဆူညံသွားသည်။ ဓားရိပ်များကလည်း တဖျပ်ဖျပ် တရိပ်ရိပ် ထွက်ပေါ်လာသည်။
ပြင်းထန်၍ တိကျပြတ်သားမှုများ ပြည့်နှက်နေသော ဓားချက်များက အားနှင့်မာန်နှင့် ထွက်ပေါ်လာသည်။
“ကောင်းတယ်…”
တာအိုတပည့်နှစ်ယောက်က တည်ငြိမ်စွာ ပြုံးလျက် ခန္ဓာကိုယ်ကို ဘယ်သို့ လှည့်လိုက် ညာသို့ လှည့်လိုက်နှင့် တဖျပ်ဖျပ် လှည့်ပတ်လှုပ်ရှားလျက် ခြေကွက်များကိုလည်း တဖျတ်ဖျတ် ရွှေ့ပြောင်းသွားသည်။ ခန္ဓာကိုယ်ဟန်ချက်ကို ခြေနှင့် ဓားပေါ် ထား၍ ဝင်လာသမျှသော ဓားချက်များကို ချေဖျက်ကြသည်။
“ဖျပ်…ဖျပ်…”
အံ့ဩစရာပင်။ ဖန်းချင်းနှင့် ကျန်းရှီတို့၏ ဓားချက်များမှာ ကြေပျက်ပျောက်ကွယ်သွားကြသည်။ အချည်းနှီး ဖြစ်သွားကြသည်။ ဓားချက်များသာမက ဓား၌ ပါဝင်နေသော အားမာန်များလည်း ပျက်ပျယ်ပျောက်ကွယ်သွားခဲ့သည်။
ပထမပိုင်းတွင် ရေပြင်ကို ထိုးခုတ်နေရသလို ဓားချက်များက လမ်းကြောင်းပြောင်းကာ ပျက်ပြယ်သွားကြသည်။ နောက်ပိုင်းတွင် သဲပြင်ကို ထိုးခုတ်နေရသလို ဓားချက်များက နှေးကွေးလေးလံလာသည်။ အခု နောက်ဆုံးတွက် ရှုပ်ထွေးနေသော ခြုံနွယ်ကြားထဲ ဝှေ့ယမ်းခုတ်ထစ်နေရသလိုမျိုး ဓားချက်များကို လွတ်လွတ်လပ်လပ် မထုတ်ဖော်နိုင်အောင် ဖြစ်သည်။
“ယား…”
“ဟိုင်း…”
ဖန်းချင်းနှင့် ကျန်းရှီလည်း သူတို့ ဓားချက်များ ချေဖျက်ခံရပြီး သူတို့ ဓားချက်များကို တာအိုတပည့်များက တဖြည်းဖြည်း ပူးကပ်ထိန်းချုပ်နေကြောင်း သိလာပြီး မာန်သွင်းကာ အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။
“ဝှစ်…ဝှစ်…”
“ထောက် ထောက်…”
“အင့်”
“အာ့”
“ချွမ်း ချွမ်း…”
ဖန်းချင်းတို့ အပြင်းထန် တိုက်ခိုက်လိုက်စဉ်မှာပင် တာအိုတပည့်နှစ်ယောက်၏ သစ်သားဓားက ဖန်းချင်းတို့၏ ဓားကိုင်လက် ကျဆင်းလာရာ လမ်းတွင် ရောက်နေခဲ့သည်။ သစ်သားဓားဖျားနှစ်ခုက ဖန်းချင်းနှင့် ကျန်းရှီ၏ လက်ကောက်ဝတ်ကို ထောက်မိသွားသည်။
ဖန်းချင်းရော ကျန်းရှီရော လက်တစ်ဖက်လုံး ထုံကျင်သွားပြီး လက်ထဲက ဓားများ လွတ်ကျသွားခဲ့သည်။
ထိုအခိုက်မှာပင် တာအိုတပည့်နှစ်ယောက်က ဖန်းချင်းနှင့် ကျန်းရှီ၏ နောက်သို့ ရိပ်ကနဲ ရောက်လာကြပြီး သစ်သားဓားဖျားဖြင့် ပျော့ခွေကြောကို ဖိထောက်ထားလိုက်ကြသည်။ အနည်းငယ်အားစိုက်၍ ထိုးနှက်လိုက်လျှင် ဖန်းချင်းရော ကျန်းရှီရော ပျော့ခွေကျသွားပေလိမ့်မည်။
“သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ်”
ဖန်းချင်းတို့မှာ သူတို့ မည်သို့ ရှုံးသွားမှန်း မသိဘဲ သူတို့၏ အရှုံးကို နားမလည် ဖြစ်နေကြလေ၏။
အခန်း(၃၃၇)ပြီး
***