“ကောင်းတယ်ဟေ့”
“ဖြောင်းဖြောင်းဖြောင်း…”
ရှောင်လုံက ပြောပြီး လက်ခုပ်တီးသည်။
တာအိုတပည့် တစ်ရာကျော်၏ မျက်လုံးများက ရှောင်လုံထံ ရောက်လာခဲ့သည်။
“အဲ…၊ ဟီးဟီး…”
ရှောင်လုံလည်း ဆူဆူညံညံ မလုပ်ရမှန်း သတိရပြီး အမြန်ရပ်လိုက်သည်။
ဖန်းချင်းနှင့် ကျန်းရှီသာမက တာအိုတပည့်နှစ်ယောက်ကလည်း ရှောင်လုံကို ကြည့်လာကြသည်။
ကောင်းသည်လား။ လက်ခုပ်တီး၍ ဝမ်းသာနေသည်လား။ ရှုံးသွားသူက မည်သူနည်း။
ဖန်းချင်းနှင့် ကျန်းရှီမှာ သူတို့ မည်သို့ရှုံးသွားရသည်ကို နားမလည်သလို ရှောင်လုံက အဘယ်ကြောင့် ကောင်းသည်ဟု ပြောနေမှန်း နားမလည် ဖြစ်နေကြသည်။
‘တကယ်ထူးခြားတဲ့ သိုင်းပညာပဲ။ ခုခံတာလည်း မဟုတ်ဘူး။ တိုက်ခိုက်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ တိုက်ခိုက်မှုတွေကို ချေဖျက်နိုင်တယ် ရပ်တန့်နိုင်တယ်…’
ဖန်းချင်းက တွေးရင်း သူနှင့် တိုက်ခိုက်ခဲ့သော တာအိုရသေ့ကို ကြည့်နေသည်။
ကျန်းရှီကလည်း သူ ရင်ဆိုင်ခဲ့ရသော တာအိုရသေ့ကို ကြည့်၍ တွေးနေမိသည်။
‘ဒါက ရှေးဟောင်းမူလတာအိုဝါဒရဲ့ သိုင်းပညာနည်းစနစ်လား။ တိုက်ခိုက်မှုတွေကို ဒီလို ချေဖျက်တဲ့ သိုင်းပညာမျိုးလည်း ရှိသေးတာပဲလား’
တိုက်ခိုက်မှုက သိပ် မကြာခဲ့ပေ။ မြန်မြန်ဆန်ဆန် အဆုံးသတ်ပြီး အနိုင်အရှုံး အဖြေပေါ်သွားခဲ့သည်။
“သိုင်းညီငယ်လေးတွေက ဘာကြောင့် ရှုံးသွားတာလဲဆိုတာကို တွေးနေကြတာလား”
တာအိုတပည့်တစ်ယောက်က မေးလာသည်။
“ဟုတ်ကဲ့”
ဖန်းချင်းရော ကျန်းရှီရော ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်သည်။ သူတို့ တွေးနေသော်လည်း အခုထိ နားမလည်ကြသေးပေ။
“ဘာလို့ အနိုင်အရှုံးကို အာရုံစိုက်နေတာလဲ။ အနိုင်အရှုံးကို အာရုံစိုက်ရင် ဘာကြာင့် နိုင်တယ်၊ ဘာကြောင့် ရှုံးတယ်ဆိုတာကိုပဲ တွေးနေမိလိမ့်မယ်။ ဒါက သိုင်းပညာဆွေးနွေးမှုတစ်ခုပဲ မဟုတ်ဘူးလား။ သိုင်းပညာကိုပဲ အာရုံစိုက်ပြီး နားလည်အောင် ဆင်ခြင်ကြည့်ပါလား”
တာအိုတပည့်၏ စကားကို ကြားလျှင် ဖန်းချင်းနှင့် ကျန်းရှီမှာ တစ်ချက် တုန်သွားသည်။ သူတို့ စိတ်များ တုန်လှုပ်သွားခဲ့သည်။ သူတို့ တွေးနေသော အတွေးကိုရော သူတို့ မတွေးသော အတွေးကိုရော တာအိုတပည့်က သိနေခဲ့၍ဖြစ်သည်။
“ဖန်းချင်း…၊ ကျန်းရှီ…၊ တာအိုရောင်းရင်းတွေကို ကျေးဇူးတင်လိုက်လေ”
ရှောင်လုံက လှမ်း၍ သတိပေးသည်။
“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း၊ အခုလို သင်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဉာဏ်နည်းလို့ သိပ်နားမလည်ခဲ့ပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ထပ်သင်ပြပေးပါဦး”
ဖန်းချင်းရော ကျန်းရှီရောက မအကြပါ။ သူတို့ စိတ်ကို တုန်လှုပ်စေခဲ့သော အသိတစ်ခု ရိပ်ကနဲ ပေါ်လာခဲ့သည်ကို ခံစားမိခဲ့ကြသည်။ သို့သော် ထိုအသိက လုံလောက်အောင် အားမကောင်း၍ သူတို့ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ကြပေ။ ထို့ကြောင့် နောက်တစ်ခေါက် ထပ်သင်ပြဖို့ တောင်းဆိုလိုက်ကြသည်။
တစ်ဆက်တည်း သူတို့၏ ဓားပျော့နှစ်လက်ကို ပြန်ကောက်ယူလိုက်ကြသည်။
တာအိုတပည့်နှစ်ယောက်က တာအိုဆရာပိုင်ကို လှမ်းကြည့်ကြသည်။
တာအိုဆရာပိုင်က ရှောင်လုံကို အနည်းငယ် ငဲ့ကြည့်သည်။
‘ဒီလူငယ်လေးက သူ့အဖေါ်နှစ်ယောက်ကို တစ်ခုခု နားလည်စေချင်နေတာပဲ…’
တာအိုဆရာပိုင်လည်း သူ့တပည့်နှစ်ယောက်ကို လှမ်းပြောလိုက်သည်။
“သိုင်းညီငယ်လေးတွေကို သေချာ သင်ပြပေးလိုက်ပါ”
တာအိုတပည့်နှစ်ယောက်လည်း သူတို့ဆရာ၏ စကားကို နာခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ကောင်းပြီ၊ နောက်တစ်ခေါက် ထပ်လေ့လာကြည့်ပါ”
တာအိုတပည့်နှစ်ယောက်က ခုနကအတိုင်း ဓားကိုင်လက်ကို နောက်ပစ်ပြီး သစ်သားဓားကို ကျောတွင် ဒေါင်လိုက်ကပ်ထားလိုက်ကြသည်။ သို့သော် ခုနကလိုတော့ တစ်ယောက်ချင်း မျက်နှာချင်းဆိုင်၍ ရပ်မနေကြပေ။ ဖန်းချင်းနှင့် ကျန်းရှီကို ဗဟိုပြု၍ လှည့်ပတ်ကာ လျှောက်နေကြသည်။
‘တိုက်ခိုက်ကြမလို့လား’
တာအိုတပည့်နှစ်ယောက်၏ လှည့်ပတ်လျှောက်နေမှုက လျှပ်တစ်ပြက် တိုက်စစ်ဖွင့်၍ စတင်တိုက်ခိုက်လိမ့်မည်ဟု ထင်ရသော လှုပ်ရှားမှုမျိုး ဖြစ်နေသည်။ လှည့်ပတ်၍ အလစ်ချောင်းနေခြင်းနှင့် တူနေသည်။
ထို့ကြောင့် ဖန်းချင်းနှင့် ကျန်းရှီးလည်း ခံစစ်ပုံစံပြင်၍ ဓားများကို အသင့်ကိုင်ထားလိုက်သည်။
သို့သော် တာအိုတပည့်နှစ်ယောက်က မတိုက်ခိုက်ဘဲ ထိုပုံစံအတိုင်းသာ လှည့်ပတ်နေခဲ့သည်။ ထိုပုံစံအတိုင်းသာ ဆိုသော်လည်း သူတို့က သည်အတိုင်း ပုံစံသေဖြင့် တစ်သမတ်တည်း လှည့်ပတ်အလစ်ချောင်းနေခြင်းတော့ မဟုတ်ပေ။ သူတို့၏ ခြေလှမ်းခြေကွက်များက စနစ်တကျရှိနေပြီး တိုက်စစ်တစ်ခု လျှပ်တစ်ပြက်ပေါ်ထွက်လာစေနိုင်သော အနေထားတွင် ရှိနေသလို လက်ဟန်နှင့် ဓားကိုလည်း အပြောင်းအလဲလုပ်၍ နည်းစနစ်တစ်ခုကို ပုံဖော်လျက် လှည့်ပတ်နေကြသည်။
ထိုအနေထားမှာ မည်သူက မုဆိုး၊ မည်သူက သားကောင်ဟု လှုပ်ရှားမှုတစ်ခုမျှဖြင့် ကွဲပြားသွားစေမည့် အနေထားမျိုး ဖြစ်သည်။ စလှုပ်ရှားသူက အမှားဖြစ်သွားနိုင်သည့် အနေထားမျိုးလည်း ဖြစ်သည်။
နဂါးနှင့် ကျားတို့ မျက်နှာချင်းဆိုင်လျက် အပြန်အလှန် စောင့်ကြည့်နေကြသည်နှင့် တူနေသည်။ ကျားက နဂါးကို လှုပ်ရှားခွင့် မပေးဘဲ စောင့်ကြည့်ထားသလို နဂါးကလည်း ကျားကို လှည့်ပတ်၍ အလစ်ချောင်းနေသည်နှင့် တူနေသည်။
ဖန်းချင်းနှင့် ကျန်းရှီမှာ ထိုထက် ပို၍ အခြေနေဆိုးနေသည်။ သူတို့က တာအိုတပည့်နှစ်ယောက်ထက် အားနည်းကြပြီး ခံစစ်အနေထားကိုလည်း ယူထားလိုက်ရသည့်အတွက် ခုခံနိုက်ရန်သာ အဆင်သင့် ပြင်ထားရသည်။ ခံစစ်ကို ပြန်ပြင်၍ တိုက်စစ်ပုံစံ ပြောင်းရန် အခွင့်ရေး မရ ဖြစ်နေသည်။ သူတို့ ခံစစ်ပုံစံကို ဖြုတ်လိုက်သည်နှင့် တာအိုလုလင်တို့၏ တိုက်စစ်ဝင်လာမည်ကို ခံစားမိနေသည်။
ထို့ကြောင့် နှစ်ယောက်သားမှာ ကျောချင်းကပ်လျက် ခံစစ်ကို ပိုလုံအောင် မြှင့်ထားလိုက်ရသည်။ နည်းနည်းပင် အလစ်မပေးရဲပေ။
တာအိုတပည့်နှစ်ယောက်ကတော့ တိုက်စစ်ကို မစဘဲ ဟန်ရေးပြင်၍ လှည့်ပတ်နေခြင်းဖြင့်သာ ဖန်းချင်းတို့ကို ထိန်းချုပ်ထားသည်။
‘ဒါက ဘယ်လို နည်းစနစ်လဲ။ ငါ ဘာလို့ စလှုပ်ရှားဖို့တောင် အခွင့်ရေး မရှိသလို ဖြစ်နေတာလဲ…’
ကျန်းရှီက တွေးရင်း ချွေးပြန်လာသည်။ လုံးဝအထိန်းချုပ်ခံထားရခြင်း ဖြစ်သည်။
ရှောင်လုံက တာအိုတပည့်နှစ်ယောက်၏ လှုပ်ရှားမှုကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
‘ခုနကတော့ ချေဖျက်ခြင်း။ အခုကတော့ ထိန်းချုပ်ခြင်း။ ဝင်္ကပါပုံစံနဲ့ လှည့်ပတ်ပြီး ပြိုင်ဘက်ကို လှုပ်ရှားမရအောင် ထိန်းချုပ်ထားလိုက်တယ်။ တကယ်ကို လေးနက်တဲ့ နည်းစနစ်ပါလား’
ရှောင်လုံက တာအိုတပည့်နှစ်ယောက်၏ လှည့်ပတ်နေသော ခြေလှမ်းများနှင့် လှည့်ပတ်နေသော ပုံစံက ဝင်္ကပါတစ်ခုကို ပုံဖော်၍ လှည့်ပတ်နေခြင်း ဖြစ်ကြောင်း မြင်နေခဲ့သည်။
‘ရှေးဟောင်းတာအိုဂိုဏ်းရဲ့ နည်းစနစ်တွေက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ’
ရှောင်လုံက တွေးရင်းနှင့် ဖန်းချင်းတို့၏ အခြေနေကို ကြည့်သည်။
‘ဒီပုံအတိုင်းဆိုရင် သူတို့နှစ်ယောက် ဘာမှ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး။ ဘာမှ မလှုပ်ရှားဘဲ ဒီအတိုင်း ထိန်းချုပ်ခံနေရင် သူတို့နှစ်ယောက်က ပိုအခြေနေဆိုးလာလိမ့်မယ်။ အခုတောင် စိတ်ဖိအားရပြီး ချွေးပြန်နေကြပြီ။ တာအိုတပည့်တွေက ဝင်္ကပါပုံစံအတိုင်း လှည့်ပတ်ပြီး ထိန်းချုပ်ထားဖို့ပဲ လိုတယ်။ ပြီးတော့ သူတို့ရဲ့ အသက်ရှူတဲ့ ပုံစံက…’
ရှောင်လုံက တာအိုတပည့်နှစ်ယောက်၏ အသက်ရှူနေသည့် ပုံစံကို အနည်းငယ်ထူးခြားနေကြောင်း အာရုံခံမိခဲ့သည်။
‘ဒါက ဝင်္ကပါပုံစံ လှည့်ပတ်နေရင်းနဲ့ အသက်ရှူနည်းစနစ်တစ်ခုကို အသုံးပြုနေတာပဲ။ ဒါက အဆက်မပြတ် လှည့်ပတ်လှုပ်ရှားနေရလို့ ကုန်ဆုံးသွားတဲ့ ခွန်အားကို ခြွေတာဖို့များလား’
ရှောင်လုံက ပို၍ စိတ်ဝင်စားလာသဖြင့် အသံနိမ့်လှိုင်းသိုင်းပညာဖြင့် တာအိုတပည့်နှစ်ယောက်၏ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းနှင့် သွေးလည်ပတ်မှုတို့ကို အာရုံခံကြည့်လိုက်သည်။
‘ဟင်…၊ အဲဒါက…’
ရှောင်လုံမှာ အံဩသွားရသည်။ သူ အာရုံမိလိုက်သော တာအိုတပည့်နှစ်ယောက်၏ အသက်ရှူနည်းစနစ် သူထင်သလို ခွန်အားကို ခြွေတာနိုင်ခြင်းမျှပင် မကပေ။ ခွန်အားကို ပြန်ဖြည့်တင်းပေးနိုင်စွမ်းရှိနေသည်။ တာအိုတပည့်နှစ်ယောက်၏ သွေးလည်ပတ်မှုနှင့် နှလုံးခုန်နှုန်းက အားနည်းသွားခြင်း မရှိဘဲ အားအပြည့်နှင့် တည်ငြိမ်နေခဲ့သည်။ အဆက်မပြတ် လှည့်ပတ်လှုပ်ရှား၍ ပြိုင်ဘက်ကို ထိန်းချုပ်နေရခြင်းအတွက် ပင်ပန်းခြင်းလည်း မရှိသလို ခွန်အားကုန်ခမ်းခြင်းလည်း မရှိနေပေ။ ထိုဝင်္ကပါထိန်းချုပ်နည်းစနစ်က ခွန်အား မကုန်၍ မဟုတ်ဘဲ ကုန်ဆုံးသွားသော ခွန်အားကို အသက်ရှူနည်းစနစ်ဖြင့် ပြန်ဖြည့်ထား၍ ဖြစ်သည်။
‘အံ့ဩစရာပဲ။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒီနည်းစနစ်အတိုင်းသာ ထိန်းချုပ်ခံရရင် သူတို့ရဲ့ ပြိုင်ဘက်က တဖြည်းဖြည်းနဲ့ စိတ်ရောကိုယ်ရော ပင်ပန်းသွားမှာပဲ။ ပြိုင်ဘက်ကို ရင်ဆိုင်မတိုက်ခိုက်ဘဲ ဝင်္ကပါပုံစံနဲ့ ထိန်းချုပ်ထားလိုက်တယ်။ ပြီးတော့ တဖြည်းဖြည်း အားနည်းသွားစေတယ်’
ရှောင်လုံက တာအိုတပည့်နှစ်ယောက်၏ နည်းစနစ်ကို သုံးသပ်ဆင်ခြင်ရင်း ကျန်းရှီနှင့် ဖန်းချင်း၏ အခြေနေကိုလည်း အကဲခတ်သည်။
‘ဒီပုံအတိုင်းဆိုရင် ဖန်းချင်းနဲ့ ကျန်းရှီက သိပ်ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ အဲဒီထိန်းချုပ်မှုကို ချိုးဖျက်ဖို့ဆိုရင်တော့ ဖန်းချင်းတို့ရဲ့ ခွန်အားနဲ့ လျင်မြန်မှုက အခုလက်ရှိထက် သုံးဆလောက် အားကောင်းဖို့ လိုလိမ့်မယ်… ’
ရှောင်လုံ သုံးသပ်ခဲ့သည့် အတိုင်းပင်။ အချိန်သိပ်မကြာခင် ဖန်းချင်းနှင့် ကျန်းရှီတို့၏ လက်ထဲက ဓားရှည်နှစ်လက်မှာ မသိမသာ တုန်ခါလာသည်။ ထို့နောက် သိသိသာသာ တုန်ခါလာသည်။ နှစ်ယောက်လုံး၏ မျက်နှာက အလွန်လေးနက်နေ၏။ မမြင်ရသော ဖိအားတစ်ခုကို ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေသည်။ နှစ်ယောက်လုံး ချွေးပြန်ကာ လက်ထဲက ဓားကို ဆုပ်ကိုင်ထားဖို့ ခက်သလို ဖြစ်နေကြသည်။ ခံစစ်က အလိုလို ပျက်ချင်လာသည်။
ထိုအခိုက် တာအိုတပည့်နှစ်ယောက်က လှုပ်ရှားမှုကို ရပ်လိုက်သည်။
ထိုတော့မှ ဖန်းချင်းတို့လည်း အသက်ရှူချောင်သွားတော့သည်။
“ဟူး…”
သက်မော ရှိုက်ရင်း ဓားကို ပြန်သိမ်းလိုက်ကြပြီး ဓားကိုင်လက်တွင် စိုနေသော ချွေးကို အဝတ်နှင့် သုတ်လိုက်ကြသည်။
တာအိုတပည့်တစ်ယောက်က ဖန်းချင်းနှင့် ကျန်းရှီးကို ပြုံးပြ၍ မေးလိုက်သည်။
“ဒီတစ်ကွက်ကိုရော ဘယ်လို မြင်ကြလဲ”
ဖန်းချင်းက သက်ပြင်းချရင်း ပြန်ပြောသည်။
“ဟူး…၊ လုံးဝ ထိမ်းချုပ်ခံထားရသလိုပဲ။ ဘာမှ မလှုပ်ရှားနိုင်အောင် ဖြစ်ရတယ်”
ကျန်းရှီက စဉ်းစား၍ မေးလိုက်သည်။
“ဒါက တိုက်ခိုက်ဖို့လည်း မဟုတ်ဘူး။ ခုခံဖို့လည်း မဟုတ်ဘူးဆိုတဲ့ နည်းစနစ်လား”
ကျန်းရှီ၏ အမေးကို တာအိုတပည့်က အသာပြုံး၍ ခေါင်းညိတ်ပြသည်။
“မြစ်ရေက စီးဆင်းနိုင်တယ်။ လှိုင်းထန်နိုင်တယ်။ တိုက်စားနိုင်တယ်။ ဒီလိုဆိုရင်တောင် မြစ်ရေကို မြေဆိုတဲ့ ကမ်းပါးတွေက ထိန်းချုပ်ထားတုန်းပဲ”
ကျန်းရှီက တာအိုတပည့်၏ စကားကို တွေးကြည့်နေသည်။
တာအိုတပည့်က ကျန်းရှီကို မေးသည်။
“သိုင်းညီငယ်လေး…၊ မြစ်တွေဟာ ကွေ့ကွေ့ကောက်ကောက်နဲ့ ဆီးဆင်းနေကြတယ်။ မြစ်တွေက ကမ်းပါးကို တိုက်စားသွားလို့ ကွေ့ကောက်စီးဆင်းနေကြတာလား။ ဒါမှမဟုတ် ကမ်းပါးတွေက မြစ်ရေစီးဖို့ လမ်းကြောင်း ဖန်တီးပေးတာလား”
ကျန်းရှီက စဉ်းစားသည်။ အတန်ကြာအောင် စဉ်းစားသည့်တိုင် အဖြေမထုတ်နိုင်ခဲ့ပေ။
“ကျွန်တော် စဉ်းစားလို့ မရဘူ။ ကျေးဇူးပြုပြီး သင်ပြပါဦး”
တာအိုတပည့်က ပြုံးလိုက်ပြီး ပြောပြသည်။
“မြစ်မှာ မြစ်သဘာဝရှိတယ်။ တွန်းမယ်၊ တိုးမယ်၊ လှိုင်းထမယ်၊ စိမ့်ဝင်မယ်၊ တိုက်စားမယ်၊ မြင့်ရာက နိမ့်ရာကို စီးဆင်းမယ် စသည်ဖြင့်ပေါ့။ ဒါတွေက မြစ်ရဲ့ သဘာဝပဲ။ ကမ်းပါးကလည်း တည်တံ့မယ်။ ခိုင်ခံ့မယ်။ ပြိုကျမယ်။ ရေထဲ ပျော်ဝင်မယ်။ ရေစီးကြောင်းကို ဆီးတားကန့်သတ်မယ်။ လမ်းကြောင်းပြောင်းမယ်။ မြစ်တွေထဲ သောင်ထွန်းစေမယ်။ တိမ်ကောစေမယ်။ စသည်ဖြင့်ပေါ့။ ဒါတွေက ကမ်းပါးရဲ့ သဘာဝတွေပဲ။ မြစ်မှာ မြစ်ရဲ့ သဘာဝရှိပြီး ကမ်းပါးမှာ ကမ်းပါးရဲ့ သဘာဝရှိတယ်။ မြစ်က ကမ်းပါးကို တိုက်စားဖြိုချနိိုင်သလို ကမ်းပါးကလည်း မြစ်ကို ထိန်းချုပ်တားဆီးနိုင်တယ်”
တာအိုတပည့်က စကားကို ခဏနား၍ ကျန်းရှီနှင့် ဖန်းချင်းကို ကြည့်သည်။
ကျန်းရှီနှင့် ဖန်းချင်းက စိတ်ဝင်တစား နားထောင်နေကြသည်။
“တာအိုဂိုဏ်းမှာလည်း ရန်သူတွေ ရှိတာပဲပေါ့။ ရန်သူတွေဆိုမှတော့ တိုက်ခိုက်ကြတာပဲပေါ့။ ဒါပေမဲ့ တာအိုဂိုဏ်းက ရန်သူကို ပြန်မတိုက်ခိုက်ဘူး။ ပြန်မတိုက်ခိုက်ဘူးဆိုလို့ ရန်သူ လာတိုက်ခိုက်သမျှကို ခံနေတယ်လို့ ပြောတာလည်း မဟုတ်ဘူး။ တိုက်ခိုက်မှုတွေ ခုခံနေရုံ ခုခံနေတာလည်း မဟုတ်ဘူး။ တာအိုဂိုဏ်းရဲ့ သွန်သင်မှုက ခုခံခြင်းနဲ့ တိုက်ခိုက်ခြင်းကို အသားမပေးဘူး။ ခုနကလို တိုက်ခိုက်မှုကို ခြေဖျက်တဲ့ နည်းစနစ်ကို အသားပေးတယ်။ ရန်သူရဲ့ တိုက်စစ်ကို ထိန်းချုပ်တဲ့ နည်းစနစ်ကို အသားပေးတယ်။ မြစ်ရေဆိုတာကြောင့် ကမ်းပါးဆိုတာ ထင်ရှားရှိသလို ကမ်းပါးဆိုတာကြောင့် မြစ်ရေစီးကြောင်းဆိုတာ ရှိနေတာပါ။ တာအိုဝါဒဆိုတာ ရှိလာမှတော့ တာအိုဝါဒကို သွေဖယ်ဆန့်ကျင်မှု ဆိုတာလည်း ရှိလာမှာပဲ မဟုတ်လား။ ဒါဟာ ဆန့်ကျင်ဘက်တွေရဲ့ အပြန်အလှန်သက်ရောက်မှုပါ။ ဒါက အပြန်အလှန် လိုက်လျောညီထွေဖြစ်မှုလည်း ဟုတ်ပါတယ်။ ဒါဟာ တာအိုပါပဲ”
ဖန်းချင်းက မေးလိုက်သည်။
“ဒါဆိုရင် ရန်သူကို မွေးထားတာနဲ့ မတူနေဘူးလား။ ရန်သူကို အပြီးတိုင် တိုက်ခိုက်ခြေမှုန်းပြီး ဖယ်ရှားသင့်တာ မဟုတ်ဘူးလား”
တာအိုတပည့်က အသာပြုံးသည်။
“သိုင်းညီငယ်လေးက ကိုယ်လက်ခံထားတဲ့ သိုင်းလမ်းစဉ်အတိုင်း တွေးတောထားတော့ အဲဒါက မှန်နေတယ်လို့ပဲ သတ်မှတ်ထားမှာပါပဲ။ ဒါပေမဲ့ တာအိုကို လက်ခံပြီး သင်ယူနေတဲ့ အကိုတို့က ရန်သူကို ချေမှုန်းလိုက်ရင် ရန်သူပဲ ပျက်စီးမှာ မဟုတ်ဘူး။ အကိုတို့ရဲ့ တာအိုနှလုံးသားလည်း ပျက်စီးသွားလိမ့်မယ်။ ရန်သူကို ရန်သူလိုပဲ မြင်ဖို့ လိုအပ်တယ်ဆိုတဲ့ စကားက မမှားဘူး။ ရန်သူက ရန်သူပဲလေ။ မိတ်ဆွေမှ မဟုတ်တာ။ ရန်သူကို ချေမှုန်းဖျက်ဆီးတယ်ဆိုတာကတော့ မမှန်ဘူး။ တာအိုကို လိုက်နာတယ်ဆိုတာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတာပါပဲ။ သဘာဝဆိုတာဆန့်ကျင်ဘက်တရားတွေနဲ့ ပေါင်းစပ်ဖြစ်တည်နေတာပါ။ ရန်သူကို လက်မခံဘဲ ချေမှုန်းမယ်ဆိုရင် တာအိုကို လက်မခံတာ ဖြစ်သွားမယ် မဟုတ်လား။ အဲဒါက ရန်သူကိုပဲ ချေမှုန်းဖျက်ဆီးလိုက်တာ မဟုတ်ဘဲ ကိုယ့်ရဲ့ တာအိုလမ်းစဉ်ကိုပါ ဆန့်ကျင်ဖျက်ဆီးလိုက်တာ ဖြစ်မသွားဘူးလား”
ကျန်းရှီတို့သာမက ရှောင်လုံတို့လည်း သေချာ နားထောင်၍ ဆင်ခြင်စဉ်းစား နေကြသည်။
တာအိုတပည့်က စကားကို ဆက်မပြောဘဲ ကျန်းရှီနှင့် ဖန်းချင်းကို ပြုံး၍သာ ကြည့်နေခဲ့သည်။ သူက သူ၏ တာအိုလမ်းစဉ်ကိုသာ ပြောပြနေခြင်း ဖြစ်သည်။ တာအိုဂိုဏ်း၏ သိုင်းပညာက တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းကို အသားမပေးရခြင်း၏ အကြောင်းကို နားလည်အောင် ပြောပြနေခြင်းသာ ဖြစ်သည်။ ဖန်းချင်း၏ အတွေးအမြင်နှင့် သိုင်းလမ်းစဉ်ကို အမှားဟုလည်း မပြောသလို သူ့တာအိုလမ်းစဉ်ကသာ အမှန်ဟုလည်း မပြောပေ။ အရာအားလုံးသည် တာအို ဖြစ်နိုင်သောကြောင့် ဖန်းချင်း၏ အတွေးကိုလည်း နားလည်လက်ခံပေးရမည်သာ ဖြစ်သည်။
ကျန်းရှီက သက်ပြင်းချရင်း ခေါင်းခါသည်။
“ကျွန်တော် ဉာဏ်မကောင်းလို့ တာအိုအကိုရဲ့ စကားကို အကုန်လုံး နားမလည်ဘူး။ ဒါပေမဲ့ တာအိုဂိုဏ်းရဲ့ သိုင်းပညာက တိုက်ခိုက်မှုနဲ့ ခုခံမှုကို အသားမပေးဘဲ ချေဖျက်မှုနဲ့ ထိန်းချုပ်မှုကို အသားပေးတာ ကိုတော့ နားလည်သွားပါပြီ။ အခုလို သင်ပြပေးလို့ ကျေးဇူးတင်ပါတယ်”
“သိုင်းညီငယ်လေး နားလည်သွားလို့ ဝမ်းသာပါတယ်”
ဖန်းချင်းနှင့်ကျန်းရှီက တာအိုတပည့်နှစ်ယောက်ကို သိုင်းလောကထုံးစံဖြင့် လေးစားမှု ဖော်ပြပြီးနောက် ပြန်လာခဲ့လိုက်ကြသည်။
သူတို့က ရှောင်လုံကို ကြည့်လိုက်ကြသည်။ ထိုအကြည့်က အဘယ်ကြောင့် တာအိုတပည့်များနှင့် သိုင်းပညာဖလှယ်ခိုင်းသနည်းဟူသော မေးခွန်းထုတ်သည့် အကြည့် ဖြစ်သည်။ တာအိုတပည့်များထံမှ တာအိုသဘောတရားများကို နားထောင်ခိုင်းရန်တော့ မဟုတ်မှန်း သူတို့က သိနေကြသည်။
ရှောင်လုံက သူ့ပုံစံအတိုင်း စပ်ဖြီးဖြီးနှင့် ရယ်ပြသည်။
“ဟီးဟီး…၊ အဲဒါက မင်းတို့ရဲ့ ဓားသိုင်း တိုးတက်စေချင်လို့ပါ”
ဖန်းချင်းက မျက်ခုံးတွန့်လျက် မေးသည်။
“အဲဒီလောက် ရိုးရှင်းလား”
“ဟီးဟီး…၊ ဟုတ်တယ် အဲဒီလောက် ရိုးရှင်းတယ်”
ကျန်းရှီကတော့ ရှောင်လုံ၏ စကားက ရှင်းရှင်းလင်းလင်းမဟုတ်၍ မရိုးရှင်းမှန်း သိနေသည်။ သူတို့ သတိမထားမိခဲ့သော တစ်စုံတစ်ခု ရှိနေဦးမည်ကိုလည်း တွေးမိခဲ့သည်။
‘တာအိုသဘောတရားကို နားလည်စေချင်လို့ မဟုတ်ဘူးဆိုရင် သူက ဘာလို့ ငါတို့ကို ရှေ့ထွက်ခိုင်းတာလဲ။ အဲဒါက ဘာဖြစ်မလဲ။ တကယ်ပဲ ငါတို့ရဲ့ ဓားသိုင်းကို တိုးတက်စေချင်လို့ပဲလား…’
ရှောင်လုံက ကျန်းရှီတစ်ယောက် အတွေးနက်နေသည်ကို ကြည့်ပြီး ပြုံး၍သာ နေခဲ့သည်။ အမှန်တကယ်လည်း သူက ကျန်းရှီနှင့် ဖန်းချင်း၏ ဓားသိုင်းကို တိုးတက်စေချင်၍ ဖြစ်သည်။
ဖန်းနှင့် ကျန်းတို့၏ ဓားသိုင်းက သူတို့၏ တာဝန်၊ ဝတ္တရားနှင့် ကတိသစ္စာကို လေးစားလိုက်နာရမည်ဟူသော ခံယူချက်အတိုင်း ဓားကို ထုတ်လိုက်သည်နှင့် အားမာန်အပြည့်ဖြင့် ခုခံလျှင် ခုခံမည်။ တိုက်ခိုက်လျှင် တိုက်ခိုက်မည်။ ရန်သူက မည်သူ ဖြစ်နေပါစေ၊ မည်မျှအားကောင်းနေပါစေ မကြောက်မရွံ့နှင့် တိုက်ရဲခိုက်ရဲ သေရဲကြသည့် ကျန်းနှင့် ဖန်းဖြစ်သည်။
တိုက်ခိုက်ရန် တာဝန်ရှိက တိုက်ခိုက်ရင်းနှင့် သေရဲသည်။ ခုခံရန် တာဝန်ရှိက ခုခံရင်းနှင့် သေရဲသည်ဟူသော စိတ်ဓာတ် ဖြစ်သည်။
ရှောင်လုံက ဖန်းချင်းနှင့် ကျန်းရှီကို စတွေ့ခဲ့စဉ်ကတည်း သူတို့နှစ်ယောက်၏ ရင်ဘတ်ပေါ်မှ ဓားဒဏ်ရာကို ကြည့်ပြီး သိုင်းပညာ အလွန်မြင့်မားသူဆီက ရခဲ့သော ဒဏ်ရာမှန်း သိခဲ့သည်။ ထိုမျှ သိုင်းပညာမြင့်မားသူကို ကျန်းရှီနှင့် ဖန်းချင်းက သေမှာ မကြောက်ဘဲ သူသေကိုယ်သေ တိုက်ကွက်ထုတ်၍ တိုက်ခိုက်ခဲ့မှန်းလည်း သိခဲ့သည်။
၎င်းမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုနှင့် မခြားပါ။
ကျန်းနှင့်ဖန်းတို့၏ တာဝန်ဝတ္တရားနှင့် ကတိသစ္စာကို အလွန်လေးစားလိုက်နာကြသည်က မကောင်းသော ကိစ္စတော့ မဟုတ်ပေ။ သို့သော် ဓားသိုင်းကို ထိုခံယူချက်ဖြင့် အသုံးပြုခြင်းကတော့ အနည်းငယ် ပြုပြင်ရန် လိုနေခဲ့သည်။ ထိုအတွက် ရှောင်လုံက ပြင်ပေးချင်ခဲ့သည်။
ယခု တာအိုဂိုဏ်း၏ သိုင်းပညာက တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းကို အသားမပေးဘဲ ခြေဖျက်ခြင်းနှင့် ထိန်းချုပ်ခြင်းကို အသားပေးထားသည်။ ထိုနည်းစနစ်က ကျန်းရှီနှင့် ဖန်းချင်းတွင် လိုအပ်နေသော အရာဖြစ်သည်။ ကျန်းနှင့်ဖန်းက ခုခံခြင်းနှင့် တိုက်ခိုက်ခြင်းကို တာဝန်အဖြစ် အသက်ပေး၍ ခုခံတိုက်ခိုက်လိုကြသည်။
အသက်ရှင်ဖို့အတွက် နောက်ဆုတ်ခြင်း၊ ထွက်ပြေးခြင်း၊ လက်လျှော့ခြင်းတို့ကိုပင် မတွေးကြပေ။
ရှောင်လုံက နောက်ဆုတ်သင့်လျှင် နောက်ဆုတ်၊ ထွက်ပြေးသင့်လျှင် ထွက်ပြေး၊ လက်လျှော့သင့်လျှင် လက်လျှော့ဟု မပြောခဲ့ပါ။ ထိုသို့ ပြောလျှင် ကျန်းနှင့် ဖန်းတို့၏ ခံယူချက်နှင့် ဆန့်ကျင်နေပေလိမ့်မည်။ ကျန်းနှင့်ဖန်းကလည်း လက်ခံမည် မဟုတ်ပေ။ အသက်သေလျှင်ပင် သေစေ။ နောက်ကား မဆုတ်ဟူသော ခံယူချက်ကြီးမားလွန်းကြသည် မဟုတ်ပါလား။
ထို့ကြောင့် တာအိုဂိုဏ်း၏ သိုင်းပညာအမြင်နှင့် သိုင်းနည်းစနစ်မှ လေ့လာသင်ယူပြီး ကျန်းနှင့်ဖန်း၏ ဓားသိုင်းကို ပိုပြည့်စုံစေချင်ခဲ့သည်။
ဓားလမ်းစဉ်ကို လျှောက်နေသူဖြစ်၍ ကျန်းနှင့်ဖန်း၏ ဓားသိုင်း၌ လိုအပ်ချက်ရှိနေသည်ကို ရှောင်လုံက သေချာ မြင်ခဲ့သည်။ ထိုအားနည်းချက်ကို မပြင်လျှင် ကျန်းရှီရော ဖန်းချင်းရောက အသက်ရှည်ရှည် နေရရန် မလွယ်ပေ။
ကျန်းနှင့် ဖန်းတို့ မိသားစုနှစ်ခုလုံး ဆုတ်ယုတ်တိမ်ကောပြီး ဆွေမျိုးသားချင်းပင် ရှားပါးနေရသည်မှာလည်း ထိုခံယူချက်နှင့် ထိုဓားသိုင်းကြောင့် ဖြစ်နေနိုင်သည်။
တာဝန်ဝတ္တရားနှင့် ကတိသစ္စာကို အလေးနက်ထားခြင်းက ကောင်းသည်။ အသက်ရှင်ခြင်းကလည်း ကောင်းသည်ပင်။ သို့ဖြစ်လျှင် အဘယ်ကြောင့် အချည်းနှီး အသက်ကို စတေး၌ တိုက်ခိုက်ရင်း သေဖို့ ရွေးသင့်ပါမည်နည်း။ ခုခံရင်း သေရခြင်းကိုလည်း ရွေးချယ်ရန် မလိုပေ။ ဓားသိုင်းနည်းစနစ်ကို ဖြည့်စွက်ပြုပြင်လိုက်လျှင် ဖန်းနှင့်ကျန်းတို့ အသက်ရှင်ဖို့ အခွင့်လမ်း ပိုများလာပေလိမ့်မည်။
“ငါတို့ရဲ့ ဓားသိုင်းကို တိုးတက်စေချင်လို့ဆိုတော့ ငါတို့ရဲ့ ဓားသိုင်းကို ပြုပြင်ဖို့ လိုတယ်လို့ ပြောချင်တာလား”
ကျန်းရှီက အလေးနက်စဉ်းစားပြီးနောက် မေးလာခဲ့သည်။
ဖန်းချင်းကလည်း ကြည့်လာသည်။
ထိုဓားသိုင်းက သူတို့၏ မျိုးရိုးအမွေအနှစ် ဓားသိုင်းဖြစ်နေသည်လေ။ ကျန်းနှင့်ဖန်းတို့ မျိုးရိုးစဉ်ဆက် လက်ဆက်ကမ်းလာသော ဓားသိုင်းဖြစ်သည်။ ကျန်းနှင့် ဖန်းမိသားစုကို စစ်မြေပြင်တွင် ရန်သူကို မကြောက်ရွံ့ နောက်မတွန့်ဘဲ ခုခံတိုက်ခိုင်ရဲသော စစ်သည်တော်များအဖြစ် ဂုဏ်တက်စေသော ဓားသိုင်းဖြစ်သည်လေ။
တာအိုဆရာပိုင်က ရှောင်လုံနှင့် ကျန်းရှီတို့ ပြောဆိုနေသည်ကို အသာ ကြည့်နေခဲ့သည်။
‘လက်စသတ်တော့ ဒီကောင်လေးက သူ့အဖေါ်နှစ်ယောက်ရဲ့ ဓားသိုင်းကို တိုးတက်စေချင်လို့ ငါ့တပည့်တွေဆီက လေ့လာခိုင်းခဲ့တာကိုး။ အဲဒီ ကောင်လေးတွေရဲ့ ဓားသိုင်းက ပြင်းထန်ပြီး အားမာန်ကြီးလွန်းတာကတော့ အမှန်ပဲ။ အဲဒါကပဲ အားနည်းချက်ကြီး ဖြစ်နေတယ်။ သူတို့ ကိုင်ထားတဲ့ ဓားတွေက ဓားပျော့ဖြစ်နေလို့သာပဲ။ မာကျောတဲ့ ဓားသာဆိုရင် ပိုပြီး ဒုက္ခရောက်ကြမှာ…’
ကျန်းနှင့်ဖန်းတို့၏ မျိုးရိုးဓားသိုင်းက ပြင်းထန်ပြီး အားမာန်ကြီးမှုကို အလေးထားလွန်းနေသည်။ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ခုခံတိုက်ခိုက်ခြင်းဘက်ကို အလေးပေးထားသော ဓားသိုင်း ဖြစ်နေသည်။ ထိုအချက်က အားနည်းချက်တစ်ခုလည်း ဖြစ်နေပြန်သည်။ ထိုအတွက် ဖန်းနှင့်ကျန်းမျိုးရိုးက ဓားပျော့သုံး၍ ပြင်းထန်အာမာန်ကြီးမှုကို ပြန်ထိန်းညှိထားသည်။
‘တကယ်လို့ ဒီကောင်လေးနှစ်ယောက်ကသာ သူတို့ဓားသိုင်းကို ပြုပြင်ဖြည့်စွက်နိုင်လိုက်ရင် တော်တော် ကောင်းသွားနိုင်တယ်…’
တာအိုဆရာပိုင်က ထိုသို့ တွေးရင်းနှင့် ရှောင်လုံကို လေးနက်စွာ ကြည့်လိုက်မိပြန်သည်။
‘ဒီကောင်လေးက အဲဒီအချက်ကို မြင်နေခဲ့တာလား။ ဘယ်လိုလုပ်ပြီးတော့…၊ သူက အခြေခံအဆင့်သိုင်းသမားလေး တစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး အဲဒီလို မြင်နိုင်မှာလဲ…’
တာအိုဆရာပိုင်က တွေးရင်းမှ ရှောင်လုံကို သာမန်ကောင်လေးတစ်ယောက်မဟုတ်မှန်း ပိုရိပ်မိလာသည်။
‘ငါက သူ့နောက်ခံ ဆရာသမားတွေကြောင့် အဲဒါကို ရထားတယ် ထင်ခဲ့တာ။ ကြည့်ရတာ သူက တကယ် သာမန်မဟုတ်ဘူးပဲ…’
တာအိုဆရာပိုင်၏ အကြည့်က ရှောင်လုံ၏ လက်ကောက်ဝတ်တွင် ပတ်ထားသော သားမြီးကြိုးကွင်းလေးကို အကြည့်ရောက်သွားသည်။
သားမြီးကြိုးကွင်း။ တာအိုဂိုဏ်း၏ တောင်ကြားသုံးခုကို အတားအဆီးမရှိ ဝင်နိုင်သော အမှတ်သား။ ထိုအရာက သာမန်လူတစ်ယောက်၏ လက်ထဲတွင် မရှိနေနိုင်သော အရာလည်း ဖြစ်လေ၏။
အခန်း(၃၃၈) ပြီး
***