“မင်းတို့ ကိုင်ထားတာက ဓားပျော့တွေဆိုတော့ အသုံးပြုတဲ့ သိုင်းကလည်း အလှည့်အပြောင်းတွေပါရင် ပိုပြည့်စုံသွားမယ်ထင်လို့ပါ။ မင်းတို့ရဲ့ သိုင်းပုံစံက ထိပ်တိုက်ရင်ဆိုင်ပြီး ခုခံတိုက်ခိုက်တာကိုပဲ အသားပေးထားတယ်။ ဓားပျော့တွေဆိုတာက အလှည့်အပြောင်း ဓားချက်တွေ၊ အလစ်အငိုက် ဓားချက်တွေ၊ လျှပ်တစ်ပြက်ဟာကွက်ထောက်တဲ့ ဓားချက်တွေနဲ့လည်း လိုက်ဖက်တယ်။ ခုနက တာအိုအကိုတွေ မင်းတို့သိုင်းကွက်ကို ချေဖျက်လိုက်တဲ့ နည်းစနစ်မျိုးကလည်း လိုက်ဖက်တာပါပဲ”
ရှောင်လုံက ရှင်းရှင်းလင်းလင်း တိတိကျကျ မထောက်ပြဘဲ အရိပ်အယောင်မျှသာ ပြောပြလိုက်သည်။
ဓားသမားတစ်ယောက်အတွက် ကိုယ်ပိုင်သိမြင်နားလည်ခြင်းက အရေးကြီးသည်။ ထို့ကြောင့် အသေးစိတ် မရှင်းပြခြင်းဖြစ်သည်။
ကျန်းရှီနှင့် ဖန်းချင်းက ရှောင်လုံ၏ အရည်အချင်းကို တိတိကျကျ မသိကြသော်လည်း သာမန်မဟုတ်သည်ကိုတော့ သိထားကြသည်။ ထို့ကြောင့် တာအိုတပည့်များနှင့် ရင်ဆိုင်ခဲ့ရသည်ကိုလည်း ယခု ပြောပြသည့်စကားကိုလည်းကောင်း အလေးနက်ထား၍ ပြန်စဉ်းစားဆင်ခြင်လိုက်ကြသည်။
ခုနကလည်း တာအိုတပည့်၏ သိုင်းနည်းစနစ်ကို တွေ့ပြီး သူတို့ ဖျပ်ကနဲ ထိတ်လန့်နိုးကြားသွားခဲ့သေးသည်။
‘ငါတို့ရဲ့ ဓားသိုင်းက ထိပ်တိုက်ရင်ဆိုင်ပြီး ခုခံတိုက်ခိုက်တာကို အပြည့်အဝ အားထားတယ်။ တာအိုဂိုဏ်းရဲ့ ဓားသိုင်းက ချေဖျက်ခြင်းနဲ့ ထိန်းချုပ်ခြင်းကို အားထားတယ်။ ဆန့်ကျင်ဘက် ဓားသိုင်းတွေလို ဖြစ်နေတာပဲ။ အဲ…၊ နေဦး။ ခုနက တာအိုတပည့်တွေ ပြောတာက ဆန့်ကျင်ဘက်တွေက အပြန်အလှန်အားပြုပြီး လိုက်လျောညီထွေ ဖြစ်နေကြတာတဲ့။ ဒါဆို…’
ကျန်းရှီက တွေးရင်း ရှောင်လုံကို ကြည့်လိုက်သည်။
‘အဲဒါတွေက ငါတို့ဓားသိုင်းအတွက် ထည့်ဖြည့်လို့ရတဲ့ သဘောတရား ဖြစ်နေမလားပဲ…’
ကျန်းရှီက တွေးရင်းတွေးရင်းနှင့် တရေးရေးတရိပ်ရိပ် သိလာသည်။
“ဖန်ချင်း…၊ သတိထား”
ကျန်းရှီက ပြောရင်း ဓားကို ရွှမ်းကနည်း ဆွဲထုတ်လိုက်သည်။ တစ်ဆက်တည်းမှာပင် လျှပ်တစ်ပြက် တိုက်ခိုက်လိုက်သည်။
“ရွှမ်း…”
“ဝှစ် ဝှစ်…”
ဓားပျော့က ဝှေ့ဝဲခါယမ်း၍ ဖန်းချင်းထံ တိုးဝင်သွားသည်။
“ကျန်းရှီ…၊ မင်း ဘာလုပ်တာလဲ”
ဖန်းချင်းကလည်း ဓားထုတ်၍ ခုခံသည်။
“ရွှမ်း…၊ ထန်းထန်း…”
နှစ်ယောက်လုံးက သိုင်းအဆင့်ချင်း တူနေရုံသာမက တစ်ယောက်ဓားကွက်ကိုလည်း တစ်ယောက်က နားလည်ထားကြပြီးဖြစ်၍ တိုက်စစ်နှင့် ခံစစ်က အားမျှနေခဲ့သည်။
ထိုစဉ်…
ကျန်းရှီက ဓားချက်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေရာမှ ပုံစံအနည်းငယ်ပြောင်းကာ ဓားပျော့ကို ဝှေ့ဝဲစေလျက် ဘယ်ဘက်မှပတ်၍ တိုက်ခိုက်လိုက်သည်။
“ရွှစ် ရွှစ်…”
ထိုအခါ ဖန်းချင်းမှာ အနည်းငယ် ပျာယာခတ်သွားသည်။
“ဘာလဲဟ ဒီဓားကွက်က”
“သိချင်ရင် ထပ်ပြပေးမယ်”
“ရော့…၊ ဝှစ်ဝှစ် ရွှစ်ရွှစ်…”
ကျန်ရှီက ခုနကအတိုင်း ဓားချက်ကို ဝှေ့ဝဲ၍ ညာဘက်မှ ပတ်၍ တိုက်ခိုက်လိုက်ပြန်သည်။
ဖန်းချင်းက ကျန်းရှီ၏ ဓားချက်က ကျန်းမိသားစုဓားသိုင်းမှ သွေဖယ်၍ အပြောင်းအလဲ အနည်းငယ်ပါဝင်နေကြောင်း သိသွားသည်။
“ဟမ့်…၊ ငါ့ရှေ့မှာ ဉာဏ်ကောင်းသလို လာမလုပ်နေနဲ့”
“ဟိတ်…၊ ရွှမ်းရွှမ်း…၊ ထန်းထန်း…”
ဖန်းချင်းက အမြန်ခုခံထားလိုက်သည်။
ကျန်းရှီ၏ ဓားချက် အနည်းငယ်ပြောင်းလဲသွားခြင်းက မူလဓားကွက်ကို သိသိသာသာ ပြောင်းလဲမသွားစေသော်လည်း တည့်တိုးသာ တိုက်ခိုက်တတ်သော ဓားချက်ကို ဝှေ့ဝဲလှည့်ပတ်၍ တိုက်ခိုက်လိုက်နိုင်ခြင်းက ကျန်းရှီကိုယ်တိုင်ရော ဖန်းချင်းပါ အသိဉာဏ်တစ်ခု ဖြစ်သွားစေခဲ့သည်။
“အဲဒီလိုလည်း ရတယ်လား”
“အင်း…၊ ရသလိုပဲ”
“ငါလည်း စမ်းကြည့်ရသေးတာပေါ့”
ဖန်းချင်းက ကျန်းရှီ၏ ဓားချက်များကို ပုံမှန်အတိုင်း ထိပ်တိုက်ရင်ဆိုင်ခုခံနေရင်းက မည်သို့ခုခံ၍ ရသေးသနည်းဟု စဉ်းစားကြံဆနေသည်။ ဓားကိုင်ပြီး စတင်လေ့ကျင့်စဉ်ကတည်းက ဖန်းမိသားစုဓားသိုင်းကို မည်သို့ပြောင်းလဲ၍ ခုခံရသေးသနည်းဟု စဉ်းစားဆင်ခြင်ခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။
ကျန်းရှီ၏ တိုက်ခိုက်မှုက အစစ်မှန်တိုက်ခိုက်မှု မဟုတ်သလို ကျန်းရှီကိုယ်တိုင်လည်း စဉ်းစားဆင်ခြင်ကာ လေ့ကျင့်တိုက်ခိုက်နေခြင်းဖြစ်၍ ဓားချက်များက နှေးကွေးနေသေးသည်။ သို့ဖြစ်၍ ဖန်းချင်းအတွက်လည်း ပြန်လည်စဉ်းစားဆင်ခြင်ရန် အခွင့်ရေးရသည်။
ဖန်းနှင့်ကျန်းက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လေ့ကျင့်ရင်း အပြန်အလှန့်လေ့လာနေကြသည်။ သူတို့၏ ကျန်းနှင့်ဖန်း မိသားစု ဓားသိုင်းကို အပြောင်းလဲများ ဖန်တီးနိုင်ရန် ကြိုးစားနေကြသည်။
ထိုအခြေနေကို ကြည့်၍ ရှောင်လုံက ပြုံးနေခဲ့သည်။
ရသေ့ကြီးနှင့် နှင်းပန်းလည်း ပြုံး၍ ကြည့်နေကြသည်။
‘ဒီကောင်လေးနှစ်ယောက်ကလည်း မဆိုးကြဘူး။ လေ့လာသင်ယူချင်စိတ် ရှိကြတယ်။ သူတို့က လူလေးပြောတာကို ရွယ်တူချင်းဆိုပြီး ပေါ့ပေါဆဆ သဘောမထားကြဘူး။ လေးလေးစားစားနဲ့ အလေးနက်ထားကြတယ်… ’
ရသေ့ကြီးက တွေးရင်း ခေါင်းတညိတ်ညိတ်လုပ်နေခဲ့သည်။
ထိုအချိန်တွင် ဖန်းချင်းက ထိပ်တိုက်ခုခံခြင်းအစား ခန္ဓာကိုယ်ကို တိမ်း၍ ခြေလှမ်းခြေကွက် ပြောင်းလဲ၍ ခုခံလာခဲ့သည်။ ထိုအခါ သူ၏ ခုခံမှုက ခုနကထက် ပိုပျော့ပျောင်းသွားသည်။ ပိုသွက်လက်သွားသည်။ ခံစစ်တွင် ခန္ဓာကိုယ် ဟန်ချက် အပြောင်းအလဲနှင့် နေရာယူပုံ အပြောင်းအလဲများ ပါဝင်လာသည်။
“ကောင်းတယ်ဟေ့…”
ရှောင်လုံက ချီးမွမ်းလိုက်သည်။
အခုဆိုလျှင် ကျန်းရှီ၏ တိုက်စစ်တွင်လည်း အလှည့်အပြောင်းတချို့ ပါဝင်လာပြီး ကျန်းမိသားစု တိုက်စစ်ပုံစံ အားမာန်နှင့် အရှိန်အဟုန်အပြင် ပေါ့ပါးလျင်မြန်မှုလည်း ပါဝင်လာခဲ့သည်။ ထိုအပြောင်းအလဲက ကြီးကြီးမားမား မဟုတ်သော်လည်း ကျန်းရှီအတွက် လမ်းစတစ်ခု ရသွားပြီ ဖြစ်သည်။
ထို့အတူ ဖန်းချင်းကလည်း ခံစစ်ကို ထိပ်တိုက် ရင်ဆိုင်ခုခံမှုအပြင် ဟန်ချက်အပြောင်းအလဲဖြင့် ခုခံနိုင်လာသည်။ ထိုအခါ ဖန်းချင်း၏ ခံစစ်တွင် ခုခံမှုအပြင် ချေဖျက်မှုလည်း ပါဝင်လာခဲ့သည်။
“ကောင်းတယ်။ အခု ဘယ်လိုလဲ။ အပြောင်းအလဲ ဖြစ်သွားတဲ့ တိုက်စစ်ပုံစံနဲ့ ခံစစ်ပုံစံကို ဘယ်လို မြင်လဲ”
ကျန်းရှီနှင့် ဖန်းချင်းက ရပ်လိုက်ကြပြီး ဓားများကို သိမ်းလိုက်ကြသည်။ သူတို့၏ သဘောပေါက်မှုက အစပျိုးရုံသာ ရှိသေး၍ တိုက်ခိုက်လေ့ကျင့်စရာ များများ မရှိပေ။ အချိန်ယူဆင်ခြင်၍ တဖြည်းဖြည်း လေ့ကျင့်သွားရမည် ဖြစ်သည်။
“မဆိုးဘူးလို့ ခံစားရတယ်”
“ဟုတ်တယ်။ အဲဒါက သိပ်မဆိုးသလိုပဲ”
“မဆိုးရင် ရပြီ”
ရှောင်လုံက ကျန်းနှင့် ဖန်းကို ပြောပြီးနောက် တာအိုဆရာပိုင်ကို အားနာဟန်ဖြင့် ပြောသည်။
“အားနာမိပါတယ်။ တာအိုဆရာ။ ကျွန်တော့်သူငယ်ချင်းတွေကြောင့် ဆူညံသွားရတယ်”
တာအိုဆရာပိုင်က ပေါ့ပါးစွာ ပြုံးလိုက်သည်။
“အားနာဖို့ မလိုပါဘူး။ အခုလို အပြန်အလှန်သင်ယူပြီး အသိဉာဏ်တွေ ရသွားတာကို ဝမ်းသာပါတယ်။ တာအိုကို ကျင့်ကြံတာက သဘာဝကို နားလည်ပြီး အသိဉာဏ်ဖြစ်ဖို့အတွက်ပဲလေ။ နည်းနည်းပါးပါး ဆူညံတာက ကိစ္စမရှိပါဘူး”
“ကျေးဇူးတင်ပါတယ် တာအိုဆရာပိုင်”
ရှောင်လုံက ကျေးဇူးတင်စကားပြောသလို ကျန်းရှီနှင့် ဖန်းချင်းတို့လည်း ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် တာအိုဆရာ”
တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် သူတို့က ဓားသံတချွမ်းချွမ်းနှင့် ဆူဆူညံညံ လေ့ ကျင့်ခဲ့မိကြသည် မဟုတ်ပါလား။
တာအိုဆရာပိုင်က အသားပြုံး၍ ခေါင်းညိတ်သည်။
“သိုင်းညီငယ်လေးတွေ…၊ ဘုရားကျောင်းထဲဝင်ပြီး ကျမ်းစာတွေ လေ့လာကြည့်ဦးမလား”
“ကျမ်းစာတွေလား”
ရှောင်လုံနှင့် ဖန်းချင်းတို့ အပြန်အလှန် ကြည့်မိကြသည်။ သူတို့၏ မျက်လုံးထဲတွင် စိတ်ဝင်စားသည့် အရိပ်ယောင် မရှိနေပေ။ ရှောင်လုံကလည်း စာဖတ်ဖို့ဆိုလျှင် အပျင်းဆုံးအလုပ် ဖြစ်နေပြီး ကျန်းရှီနှင့်ဖန်းချင်းကလည်း တာအိုဝါဒဖြစ်စေ ဗုဒ္ဓဝါဒဖြစ်စေ စိတ်မဝင်စားကြသောကြောင့် တာအိုဘုရားကျောင်းထဲဝင် ကျမ်းစာကို လေ့လာဖတ်ရှုဖို့ကို သုံးယောက်လုံး ပြိုင်တူ ခေါင်းခါလိုက်ကြသည်။
“ဟီးဟီး…၊ ကျွန်တော်တို့က မရောက်ဖူးလို့ ဒီအတိုင်း လာကြည့်ရုံပါ။ ခရီးဆက်စရာလည်း ရှိနေသေးလို့ ကျမ်းစာတွေကို လေ့လာဖို့ အချိန်မရသေးပါဘူး”
ရှောင်လုံက အားတုံ့အားနာနှင့် ပြောရင်း ထိုနေရာမှ ထွက်သွားဖို့ ပြင်သည်။
ရသေ့ကြီးကလည်း တလေးတစားဖြင့် နှုတ်ဆက်သည်။
“ကျုပ်တို့မှာ ခရီးဆက်စရာ ရှိသေးလို့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါတယ် တာအိုရောင်းရင်းပိုင်”
“ကောင်းပါပြီ။ ကောင်းပါပြီ။ အခုလို လာရောက်လည်ပတ်ကြတာကို ဝမ်းသာပါတယ်။ တာအိုရောင်းရင်းတို့မှာ ခရီးဆက်စရာရှိနေသေးတာဆိုတော့ ခရီးဆက်ကြပါ”
“နှုတ်ဆက်ပါတယ်”
အားလုံး အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ရှောင်လုံတို့အားလုံး တာအိုဘုရားကျောင်းတောင်ကြားမှ ထွက်လာခဲ့လိုက်ကြသည်။
တောင်ကြားအပြင်သို့ ရောက်လာသည့်တိုင် အားလုံး စကားမပြောဖြစ်ကြဘဲ အသူတို့ သိမြင်နားလည်လာသမျှကို ဆင်ခြင်စဉ်းစားနေမိကြသည်။
“ဒီတာအိုဂိုဏ်းက တော်တော် သဘောကောင်းတယ်”
“ဟုတ်တယ်နော်။ သိုင်းပညာဆွေးနွေးဖို့ ကူညီပေးခဲ့ရုံမကဘူး ဘုရားကျောင်းထဲဝင်ပြီး ကျမ်းစာတွေ လေ့လာဖို့တောင် ဖိတ်ခေါ်နေတယ်။ တာအိုဂိုဏ်းတွေက အဲဒီလိုပဲ သဘောကောင်းကြတာလား”
လူငယ်များ၏ အကြည့်က ရသေ့ကြီးထံ ရောက်သွားသည်။
“အိမ်း…၊ တာအိုဂိုဏ်းအားလုံးက ဒီလို သဘောမကောင်းကြပါဘူး။ ဒီရှေးဟောင်းမူလတာအိုဂိုဏ်းကတော့ တာအိုဝါဒလက်ခံတဲ့ တခြားတာအိုဂိုဏ်းတွေနဲ့ တကယ်မတူဘူး။ သူတို့က တာအိုလမ်းစဉ်ကို ပြည့်ပြည့်ဝဝ အလေးနက်ထားကြတယ်။ သူတို့ကိုယ်တိုင်လည်း တာအိုအသိဉာဏ်ရရှိအောင် ကျင့်ကြံကြသလို ရောက်လာတဲ့ ဧည့်သည်ကိုလည်း တာအိုသဘောတရားတွေ လိုလိုလားလား ဆွေးနွေးပေးကြတယ်။ သိုင်းပညာကို ဒီလောက် အလေးနက်မထားကြဘူး။ ခွန်လွန်ဂိုဏ်းတို့ ဝူတန်ဂိုဏ်းတို့တောင် ဒီလို သဘောထား မကြီးဘူး။ ကျမ်းစာတွေ လေ့လာဖို့ ဖိတ်ခေါ်ဖို့ နေနေသာသာ တောင်ပေါ်တက်ဖို့တောင် အတားဆီးအစစ်ဆေးတွေက မနည်းဘူး ကြုံရနိုင်တယ်။ ဒါကလည်း သူတို့ သဘောထား မကြီးလို့ မဟုတ်ပါဘူး။ သူတို့ လက်ခံထားတဲ့ တာအိုဝါဒနဲ့ သူတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့ကြုံတွေအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ ဂိုဏ်းစည်းကမ်းကို သတ်မှတ်ထားကြတာပါ”
ထိုသဘောတရားကိုတော့ လူငယ်များက နားလည်ကြသည်။ သူ့အိမ်တွင် သူ့စည်းကမ်းနှင့်သူ ရှိသည်က သဘာဝကျသော ကိစ္စပင် ဖြစ်သည်။
“ကိုင်း…၊ ကောင်းပြီ။ ခရီးဆက်စရာက ရှိနေသေးတော့ လေ့လာစရာရှိတာ လေ့လာပြီး ခရီးဆက်ကြစို့ရဲ့”
“ဟုတ်ကဲ့ ဘိုးဘိုး”
သူတို့တွင် အမှန်ပင် ဖြုန်းစရာအချိန် သိပ်မရှိပေ။ သူတို့တွက် ရှေ့ဆက်စရာခရီးက ရှည်လွန်းနေသေးသည်။ အရင်ဆုံး အင်ပါယာ အနောက်ပိုင်းက စီချွမ်ပြည်နယ်အထိ သွားပြီး အော်မေ့တောင်တွင် လူကယ်ရမည်။ ထိုမှတစ်ခါ အင်ပါယာအရှေ့ပိုင်း ပီကင်းမြို့တော်အထိ ပြန်၍ ရှောင်တုံးကို ပြန်ခေါ်ရမည်။ ထိုမှတစ်ဖန် ချယ်ရီဂိုဏ်းသို့ သွားကြရမည် ဖြစ်သည်။ ဤကား သူတို့ ကြိုတင် ရေးဆွဲထားသော ခရီးစဉ် ဖြစ်သည်။ တခြား မည်သည့် အပြောင်းအလဲ ဖြစ်လာဦးမည် မသိရသေးပေ။ လောလောဆယ် အနည်းငယ် ပြောင်းလဲခဲ့သည်က ပီကင်းသို့ အပြန်ခရီးတွင် ဟန်ကျိုးသို့ ဝင်၍ နာရာကီလေယာကိုပါ ဝင်ခေါ်ရဦးမည် ဖြစ်သည်။
ရှောင်လုံက ဟန်ကျိုးမှ အော်မေ့တောင် ခရီးတွင် နာရာကီလေယာကို လိုက်ခွင့် မပေးဘဲ သမားတော်ကြီးဟန်နှင့်သာ ချန်ထားခဲ့လိုက်သည်။ ငွေတုံးတချို့လည်း ပေး၍ လောက်လေးသီးများ ပြန်လုပ်ခိုင်းထားလိုက်သည်။
ရှောင်လုံမှာ နာရာကီလေယာအကြောင်း တွေးမိရင်းက အသာခေါင်းခါမိသည်။ နမော်နမဲ့နိုင်သော ကလေးမလေးတစ်ယောက်က သိုင်းလောကထဲကို မကြောက်မရွံ့နှင့် လာရဲသည်ကို အံ့ဩနေရသည်။ ထို့ကြောင့် နဂါးစိမ်းဂိုဏ်း၏ နယ်မြေထဲသို့ ဝင်ပြီး လူကယ်ရမည့် ခရီးစဉ်တွင် မခေါ်လာဘဲ ချန်ထားခဲ့ခြင်း ဖြစ်သည်။ တစ်ယောက်တည်း လျှောက်မသွားနေအောင်လည်း သမားတော်ခြံဝင်းတွင် နေခိုင်းထားခဲ့လိုက်ရသည်။
သူတို့၏ ခရီးစဉ်က မည်သို့သော အပြောင်းလဲများ ဖြစ်လာမည်ကို ကြိုတင်မခန့်မှန်းနိုင်သဖြင့် ခရီးကိုပင် အလောတကြီး မသွားဘဲ ပုံမှန်အတိုင်း သွားနေကြသည်။ အခြေနေအားလုံးကို သတိထားနေရ၍ အလောတကြီး ခရီးမဆက်ဘဲ သိုင်းလောကအခြေနေနှင့် အင်ပါယာအခြေနေကို နားစွင့်၍ ခရီးဆက်နေကြရသည်။ အလောတကြီး လှုပ်ရှားလိုက်လျှင် တချို့မျက်လုံးများက သတိပြုမိသွားနိုင်သည် မဟုတ်ပါလား။
“ဒုတိယတောင်ကြားမှာ တာအိုနန်းတော်ရှိတယ်။ တာအိုဆရာသခင်တွေ တာအိုကျင့်ကြံနေကြတဲ့ တောင်ကြားပေါ့။ ဝင်ကြည့်ကြဦးမလား”
လူငယ်များအားလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ ရှေးဟောင်းတာအိုဂိုဏ်းက သဘောထားကြီးသလို ဧည့်သည်များကို တာအိုမျှဝေပေးသဖြင့် လူငယ်များက သဘောကျနေကြသည်။ တာအိုကို နားမလည်ကြသော်လည်း တာအိုကို နားထောင်ရခြင်းက သူတို့၏ သိုင်းပညာအတွက် တစ်စုံတစ်ခု အကျိုးရှိသည်ဟု ခံစားကြရသည်။ ထို့ကြောင့် လူငယ်အားလုံးက ဒုတိယတောင်ကြားက တာအိုနန်းတော်ကို ဝင်လေ့လာဖို့ စိတ်အားထက်သန်နေကြသည်။
“ဒါဆို တောင်ကြားထဲ ဝင်ကြည့်ကြတာပေါ့။ ဒါပေမဲ့ တောင်ကြားထဲမှာ စကားမပြောရဘူး။ တိုးတိုးလေးတောင် မပြောရဘူး”
ရသေ့ကြီးက ပြောရင်း ရှောင်လုံနှင့် နှင်းပန်းကို အဓိပ္ပါယ်ပါသော မျက်လုံးဖြင့် ကြည့်လိုက်သည်။ လျှို့ဝှက်အသံဖြင့်ပင် မပြောကြရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
“ဘာလို့လဲဟင် ဘိုးဘိုး”
ရှောင်လုံက သိချင်သွားသည်။ တိတ်ဆိတ်မှုကို လိုလားပြီး ဆူညံသံမဖြစ်အောင် သတိထားဖို့ လိုသည်ဆိုလျှင်ပင် ထိုမျှအထိ တိတ်ဆိတ်ဖို့ လိုအပ်သလားဟု သူက သိချင်သွားသည်။ လျှို့ဝှက်အသံဖြင့်ပင် မပြောရဟု ဆိုခြင်းက အတော်တင်းကြပ်လွန်းနေသည် မဟုတ်ပါလား။
“ဘာလို့လဲဆိုတော့ ဒီတောင်ကြားမှာ တာအိုဆရာသခင်တွေ တာအိုကျင့်ကြံနေကြလို့လေ”
တာအိုကျင့်ကြံနေသည်လား။
လူငယ်များမှာ ထိုစကားလုံးကို ကြားနေရသည်က ပထမဆုံးအကြိမ် မဟုတ်သော်လည်း တာအိုကျင့်ကြံခြင်းက ဘာကို ဆိုလိုမှန်း မသိကြပေ။ သိုင်းကျင့်ခြင်း အတွင်းအားလေ့ကျင့်ခြင်းဟုသာ ထင်နေကြသည်။
“တာအိုကျင့်ကြံတယ်ဆိုတာက ဘာလဲဟင် ဘိုးဘိုး”
“တာအိုကျင့်ကြံတယ်ဆိုမှတော့ တာအိုကျင့်ကြံတာပဲပေါ့”
“အာ ဘိုးဘိုးကလည်း…”
“ဟားဟား…၊ ဟုတ်တယ်လေကွယ်။ လူလေးကို သိုင်းလေ့ကျင့်တယ်ဆိုတာက ဘာလဲလို့ မေးရင် ဘယ်လို ပြောမှာလဲ”
“ဟီးဟီး…၊ သိုင်းလေ့ကျင့်တာက သိုင်းလေ့ကျင့်တာပဲပေါ့။ ဒါပေမဲ့ ဟောဒီလို ဟောဒီလို လက်သီးထိုးလေ့ကျင့်တာလို့ ပြောလို့လည်း ရတယ်လေ ဘိုးဘိုးရဲ့”
ရှောင်လုံက ပြောရင်း လေထဲတွင် လက်သီးထိုးပြသည်။
“ဟားဟား…၊ လက်သီးကို အဲဒီလို ထိုးပြရုံနဲ့ကတော့ သိုင်းပညာကို မသိတဲ့လူက နားလည်မယ် မထင်ဘူး”
ဟုတ်လည်း ဟုတ်သည်။ ရှောင်လုံ လက်သီးထိုးပြနေသည်က ကလေးများ လက်သီးဆုပ်၍ ဝှေ့ယမ်းကစားနေသည်နှင့် တူနေသည်။ ထိုသို့ ကလေးလို လက်သီးထိုးနေသည်ကို သိုင်းလေ့ကျင့်သည်ဟု ပြောပါလျှင် သိုင်းပညာကို မသိသူက သိုင်းလေ့ကျင့်ခြင်းဆိုသည်မှာ ဆော့ကစားခြင်းဟု နားလည်မှုလွဲသွားပေလိမ့်မယ်။
“ဒါဆို တကယ်သိုင်းကွက်တွေ ထုတ်ပြပြီး လေ့ကျင့်ပြလိုက်မယ်”
“ဟားဟား…၊ ဒါပေါ့။ အဲဒါမှ နားလည်မှာပေါ့။ အဲဒီလိုပဲ။ တာအိုလေ့ကျင့်တယ်ဆိုတာကိုလည်း စကားနဲ့ ပြောပြတာက နားလည် ဖို့ခက်တယ်။ တကယ်လေ့ကျင့်နေတာကို မြင်ရင်တောင် နားလည်ဖို့ ခက်တယ်။ ဘာလုပ်နေမှန်း သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူလေးတို့ နည်းနည်း သဘောပေါက်အောင် ပြောပြပါ့မယ်။ ဒါမှ တောင်ကြားထဲ ဝင်ကြည့်တဲ့အခါ တာအိုဆရာသခင်တွေ တာအိုလေ့ကျင့်နေတာကို နားလည်ကြမှာ။ မဟုတ်ရင် မျက်စိနဲ့ မြင်နေရတာတောင် ဘာမှ မသိဘဲ ဖြစ်နေလိမ့်မယ်”
“ဟုတ်ကဲ့ ဘိုးဘိုး ပြောပြ”
ရသေ့ကြီးက မုတ်ဆိတ်ကို လက်ဖြင့်သပ်လိုက်ပြီး ပြောပြသည်။
“တာအိုကျင့်ကြံတယ်ဆိုတာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတာပါပဲ။ ဒီလိုပြောလိုက်တော့ နားလည်သလိုလိုနဲ့ နားမလည် ဖြစ်နေလိမ့်မယ်‘
လူငယ်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။ ထိုစကားကိုလည်း သူတို့ အကြိမ်ကြိမ်ကြားဖူးနေကြသော်လည်း တကယ် နားမလည်ကြပေ။
ရသေ့ကြီးက ဖန်းချင်းနဲ့ ကျန်းရှီကို ကြည့်၍ မေးလိုက်သည်။
“လူလေးတို့နှစ်ယောက်က ဓားသိုင်းအတူလေ့ကျင့်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှပြီး တိုက်စစ်တွေ ခံစစ်တွေ ထုတ်ဖော်လေ့ကျင့်နိုင်ကြတယ် မဟုတ်လား။ အဲဒါက ဘာကြောင့်များလဲ”
ဖန်းချင်းနှင့် ကျန်းရှီက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြပြီး ရသေ့ကြီး၏ မေးခွန်းကို တလေးတစား ဖြေလိုက်ကြသည်။
“တစ်ယောက်ရဲ့သိုင်းကွက်ကို တစ်ယောက် သိနေလို့ပါ ဆရာကြီး”
“ဟုတ်တယ်ကွဲ့။ တကယ်လို့ တစ်ယောက်သိုင်းကွက်ကို တစ်ယောက် မသိနေရင် အပြန်အလှန် အတွဲညီညီနဲ့ လေ့ကျင့်နိုင်ပါ့မလား”
“မလေ့ကျင့်နိုင်ပါဘူး ဆရာကြီး”
“အိမ်း…၊ ဒါက သိုင်းကွက်တွေကို အပြန်အလှန် သိနေကြတယ်ဆိုတဲ့ အပေါ်ယံအဆင့်ကိုပဲ ပြောနေတာပါ။ အဲဒါအပြင် တစ်ယောက်ရဲ့စိတ်ကို တစ်ယောက် နားလည်နေကြတာက ပိုအဓိကကျတယ်”
ဤအချက်ကလည်း အမှန်ပင် ဖြစ်သည်။ တစ်ယောက်၏ သိုင်းကွက်ကို တစ်ယောက်က မည်မျှပင် သိနေပါစေ တစ်ယောက်၏ စိတ်ကို တစ်ယောက် မသိနေလျှင် လက်တွဲညီညီလည်း လေ့ကျင့်နိုင်မည် မဟုတ်သလို လက်တွဲညီညီလည်း တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ရသေ့ကြီးက ဆက်ပြောပြသည်။
“အဲဒါကို နားလည်ရင် တာအိုကျင့်ကြံတယ်ဆိုတဲ့ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတယ်ဆိုတာကိုလည်း နည်းနည်း နားလည်နိုင်လိမ့်မယ်။ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ဆိုရင် သဘာဝကို နားလည်ဖို့က လိုတာပဲ မဟုတ်ဘူးလား။ သဘာဝကို နားမလည်ဘဲနဲ့ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေနိုင်မှာလဲ”
လူငယ်များက အနည်းငယ်နားလည်ဟန်ဖြင့် ခေါင်းညိတ်ကာ ဆက်နားထောင်နေကြသည်။
“သဘာဝကို နားလည်ဖို့ဆိုတာကလည်း ဒီအတိုင်း လေ့လာနေလို့ နားမလည်နိုင်ဘူး။ သဘာဝကို နားလည်အောင် ဘယ်လို လေ့လာရမယ်၊ သဘာဝဆိုတာ ဘယ်လိုပါဆိုပြီး သင်ပြချက်တွေ သွန်သင်မှုတွေ လိုမှာပဲ”
လူငယ် အားလုံး ခေါင်းညိတ်လိုက်ကြသည်။ တစ်ဆက်တည်း တာအိုဘုရားကျောင်းက တာအိုကို သင်ကြားပေးနေသည် မဟုတ်ပါလား။ တာအိုတပည့်များက တာအိုကို သင်ယူနေကြသည် မဟုတ်ပါလား။
လူငယ်များ နားလည်သည်ကို ရသေ့ကြီးက လည်း မြင်သည်။ ထို့ကြောင့် ဆက်ပြောပြသည်။
“အဲဒီလို တာအိုကို သင်ယူတယ် လေ့လာတယ်ဆိုရင်တောင် တာအိုကို တကယ် မသိနိုင်သေးဘူး။ တကယ်လည်း နားမလည်နိုင်သေးဘူး။ တာအိုကို ကျမ်းစာကနေ သင်ယူပြီး သိတာနားလည်တာက ကျမ်းစာရဲ့ ဖော်ပြမှုကို နားလည်တာပဲ ရှိလိမ့်မယ်။ ကျမ်းစာရဲ့ ဖော်ပြချက်တွေကို ကိုယ်တိုင် ဆင်ခြင်ဖို့လိုသေးတယ်။ အဲဒီ ဆင်ခြင်ပြီး သိလာတဲ့အခါမှ ကျမ်းစာရဲ့ ဆိုလိုရင်းကိုလည်း ပိုပြီး သိလာနိုင်တယ်။ အဲဒီလို ကျမ်းစာရဲ့ ဖော်ပြမှုကို ပိုနားလည်လာတယ်ဆိုရင်တောင် အဲဒါက တာအိုကို နားလည်တာ မဟုတ်သေးဘူး။ သဘာဝကို နားလည်တာ မဟုတ်သေး”
ရသေ့ကြီး၏ စကားများက တဖြည်းဖြည်း လေးနက်လာသဖြင့် လူငယ်များက သေချာအာရုံစိုက်၍ နားထောင်နေကြသည်။
“ဥပမာ_ မိုးထိတောင်က ဘယ်လောက် မြင့်တယ်။ အရှေ့ပင်လယ်ရေက ဘယ်လောက်နက်တယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့ စာကို ဖတ်ရုံနဲ့ မိုးထိတောင်ရဲ့ တကယ့်အမြင့်ကို နားမလည်နိုင်ဘူး။ အရှေ့ပင်လယ်ရေရဲ့ တကယ့်နက်ရှိုင်းမှုကိုလည်း နားမလည်နိုင်ဘူး။ ဟုတ်တယ်မလား”
လူငယ်အားလုံး ခေါင်းညိတ်ကြသည်။
“ဆင်တူယိုးမှား အကြောင်းရာတွေ တည်ရှိမှုတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး ဆင်ခြင်စဉ်းစားရင်တော့ နည်းနည်း ပိုနားလည်လာလိမ့်တယ်”
ထိုအချက်ကိုလည်း လူငယ်များက နားလည်လက်ခံကြသည်။
“အဲဒီလိုဆိုရင်တောင် မိုးထိတောင်ရဲ့ တကယ့်အမြင့်ကို နားမလည်နိုင်ဘူး။ အရှေ့ပင်လယ်ရဲ့ တကယ့်နက်ရှိုင်းမှုကို နားမလည်နိုင်သေးဘူး။ တကယ်နားလည်ဖို့ဆိုရင် အနည်းဆုံး မိုးထိတောင်ကို မျက်မြင်တွေ့ရတဲ့အထိ သွားကြည့်ဖို့ လိုတယ်။ ဒါတောင် မလုံလောက်သေးဘူး။ တောင်ခြေအထိ သွားကြည့်ဖို့ လိုအပ်တယ်။ ဒါတောင် မိုးထိတောင်ရဲ့ တကယ့်အမြင့်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူး။ တောင်ထိပ်ရောက်တဲ့အထိ တောင်ပေါ် တက်ကြည့်မှပဲ မိုးထိတောင်က ဘယ်လောက်မြင့်တယ်ဆိုတာကို တကယ်သိနိုင်မှာပါ။ အဲဒီလိုပဲ အရှေ့ပင်လယ်က ဘယ်လောက်နက်တယ်ဆိုတာကို သိဖို့ပင်လယ်ကမ်းခြေလောက်အထိ အနည်းဆုံး သွားကြည့်ဖို့ လိုတယ်။ ဒါတောင် မလုံလောက်သေးဘူး။ ပင်လယ်ပြင်ကို ထွက်ပြီး ပင်လယ်ထဲ ငုပ်လျှိုးဆင်းကြည့်မှပဲ တကယ်သိနိုင်လိမ့်မယ်”
လူငယ်အားလုံး တည်ငြိမ်လေးနက်လျက် စိတ်ဝင်တစား နားထောင်နေကြသည်။
ရသေ့ကြီက ဆက်ပြောပြသည်။
“တာအိုကို နားလည်ဖို့ သဘာဝကို နားလည်ဖို့ ဆိုတာက အဲဒီဥပမာထက် ပိုလေးနက်တယ်။ တောင်အမြင့်ကို သိဖို့ တောင်ပေါ် တက်ကြည့်ရတာထက် အများကြီး ပိုလေးနက်တယ်။ ပြီးတော့ အများကြီးလည်း ပိုခက်ခဲတယ်။ အများကြီးလည်း ပိုအန္တရာယ်များတယ်။ အဲဒါက မိုးထိတောင် ဘယ်လောက်မြင့်လဲ သိရအောင် တောင်ပေါ် တက်ကြည့်တာနဲ့ မတူတော့ဘူး။ မိုးထိတောင်က ဘယ်လောက်လေးတယ်၊ မိုးထိတောင်က ဘယ်လောက် သိပ်သည်းတယ်၊ မိုးထိတောင်က ဘယ်လောက် ခိုင်မာအားကောင်းတယ်၊ မိုးထိတောင်ရဲ့ မြေပေါ်မြေအောက်မှာ ဘာတွေ ရှိတယ်ဆိုတဲ့အထိ သိရအောင် လေ့လာတာနဲ့ တူသွားပြီ။ တာအိုကို လေ့ကျင့်တယ်ဆိုတာ အဲဒီလို သဘောမျိုးပဲ။ သဘာဝကို သေသေချာချာ နားလည်ဖို့ လိုတယ်။ သေသေချာချာ နားလည်မှလည်း သဘာဝနဲ့ လိုက်လျောညီထွေဖြစ်နိုင်မှာပေါ့”
လူငယ်အားလုံး ရင်ထဲ လေးနင့်နေကြသည်။ အလွန်မလွယ်ကူသော ခံစားချက်များ ရနေသောကြောင့် ဖြစ်သည်။
“ဒါက တကယ်မလွယ်ဘူးလို့ ခံစားရတယ်”
“ဟုတ်တယ်”
“အိမ်း…၊ မလွယ်လို့လည်း တချို့လူတွေဟာ တစ်ဘဝလုံးစာ အချိန်ပေးပြီး တာအိုကို လေ့လာသင်ယူပြီး ကျင့်ကြံကြရတယ်။ ဒါကြောင့် တောင်ကြားထဲ ဝင်တဲ့အခါ စကားမပြောကြနဲ့လို့ ပြောခဲ့တာ။ တချို့တာအိုဆရာသခင်တွေက တစ်ဘဝလုံးစာ အချိန်ပေးပြီး တာအိုကျင့်ကြံနေကြတာ။ သူတို့ တာအိုကို နားလည်မယ့် အခြေနေရောက်ချိန်မှ ကိုယ့်အသံကြောင့် အနှောက်ယှက်ဖြစ်ပြီး တာအိုဉာဏ်ကို လက်လွတ်လိုက်ရရင် မကောင်းဘူးလေ။ တချို့တာအိုလမ်းစဉ်တွေက ခက်ခဲပြီး အန္တရာယ်များတယ်။ အနှောက်ယှက်ကြုံရင် အန္တရာယ်ဖြစ်သွားတတ်တယ်။ ဥပမာ_မတ်စောက်တဲ့ တောင်ထိပ်ပိုင်းကို ရောက်နေတဲ့အခါ အနှောက်ယှက်ကြောင့် ခြေချော်သွားတာက အထက်မရောက်ရုံတင်မကဘဲ ပြုတ်ကျသွားနိုင်တဲ့ အန္တရာယ်လည်း ရှိသလိုမျိုးပဲ။ နားလည်ကြလား”
“နားလည်ပါပြီ ဘိုးဘိုး”
“အိမ်း…၊ နားလည်တာ ကောင်းတယ်။ ကိုင်း တောင်ကြားထဲ ဝင်ကြည့်ကြစို့ရဲ့”
ရသေ့ကြီးက ပြောပြီးသည်နှင့် တောင်ကြားထဲသို့ ဦးဆောင်၍ ဝင်သွားသည်။ ခြေလှများကိုပင် သတိထား၍ ညင်ညင်သာသာ လှမ်းသွားသည်။
ထိုကြောင့် ရှောင်လုံတို့ လူငယ်လေးယောက်လည်း သတိထားလျက် ခြေသံကိုပါ ဂရုစိုက်၍ ရသေ့ကြီးနောက်မှ လိုက်ဝင်သွားကြလေ၏။
အခန်း(၃၃၉)ပြီး
***