တောအုပ်ကို ဖြတ်ကျော်၍ တောင်ကြားအတွင်းပိုင်းသို့ အရောက်တွင် ကျောက်ပြားခင်း ကွင်းပြင်ကျယ်ကြီးကို ဘွားကနဲ တွေ့လိုက်ရသည်။
ထိုကွင်းပြင်ကျယ်ကြီး၏ တစ်ဖက်တွင်တော့ ကျောက်တောင်နံရံကပ် အဆောက်ဦးကြီးတစ်ခု ရှိနေသည်။
ကျောက်တောင်နံရံတွင် ကပ်နေသော အဆောက်ဦးကြီး။ သို့မဟုတ် တာအိုနန်းတော်။
တာအိုနန်းတော်မှာ မြင့်မားမတ်စောက်သော ကျောက်တောင်နံရံကြီးကို ထွင်းထု၍ ဖန်တီးတည်ဆောက်ထားသော အဆောက်ဦးကြီး ဖြစ်သည်။ လက်ရာမြောက်မှုကို အသာထား၍ ကျောက်တောင်နံရံကြီးကို ထိုကဲ့သို့ နန်းတော်အဆောက်ဦးကြီးတစ်ခု ဖြစ်အောင် ထွင်းထု တည်ဆောက်ထားခြင်းကပင် အံ့ဩစရာကောင်းသော ဖန်တီးမှု ဖြစ်နေခဲ့လေပြီ။ လက်ရာမြောက်မှုကလည်း ရင်သပ်ရှုမောဖွယ်ရာ ကောင်းလောက်အောင် သေသပ်လှသည်။
ကျောက်ကမ်းပါးနံရံကြီးကို အဆောင်အဆောင် အခန်းခန်းနှင့် လက်ရာမြောက်သော နန်းတော်ကြီးအဖြစ် ဖန်တီးထားခြင်းက ရှေးဟောင်းတာအိုဂိုဏ်း၏ တည်ရှိမှုကို လေးနက်သော အဓိပ္ပါယ် သက်ရောက်စေသည်။
တောင်ကြားထဲတွင် သိုဝှက်တိတ်ဆိတ်စွာ နေထိုင်ကြသော်လည်း စွမ်းအားကင်းမဲ့ပြီး ဖန်တီးနိုင်စွမ်း မရှိသော ချည့်နဲ့ကာ ပျောက်ကွယ်သွားမည့် ရှေးဟောင်းဂိုဏ်းတစ်ခုဟူသော အမြင်ကို ဖယ်ရှားချေဖျက်ထားသည်။ စကားလုံးများဖြင့် ပြောပြနေရန်ပင် မလိုအပ်ဘဲ တာအိုနန်းတော်၏ တည်ရှိမှုတစ်ခုတည်းဖြင့် ရှေးဟောင်းမူလတာအိုဂိုဏ်း၏ နက်နဲမှုကို မြင်နိုင်သည်။
‘ဒီရှေးဟောင်းတာအိုဂိုဏ်းက တကယ်ကို သာမန်မဟုတ်ဘူးပဲ…’
ရှောင်လုံက ထိုက်ဆန်းဂိုဏ်းသို့ ရောက်ဖူးခဲ့ပြီး ဖြစ်သည်။ ထိုက်ဆန်းဂိုဏ်းဆိုသည်မှာ သိုင်းလောက၏ အစဉ်လာကြီးသော အထိတ်ထိပ်အဆင့် ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ သို့တိုင် ဤရှေးဟောင်းတာအိုဂိုဏ်း၏ တည်ရှိမှုနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုက်ဆန်းဂိုဏ်းက တက်ကြွနေသော သိုင်းလုလင်ပျိုတစ်ယောက်နှင့် တူနေပြီး ဤရှေးဟောင်းတာအိုဂိုဏ်းက သိုသိပ်ငြိမ်သက်စွာ နေထိုင်သော ရသေ့အိုကြီးတစ်ပါးနှင့် တူနေသည်။
ပတ်ဝန်းကျင်က လွန်စွာ တိတ်ဆိတ်ငြိမ်သက်နေ၏။ လူသူကင်းမဲ့သော ရှေးဟောင်းနေရာတစ်ခုသို့ ရောက်နေသလို ခံစားရစေသည်။
ကျောက်ပြားခင်းကွင်းပြင်ပေါ်သို့ ရောက်လာကြသောအခါ ခင်းထားသော ကျောက်ပြားတစ်ချပ်စီတွင် အနုစိတ်ထုဆစ်ထားသော ကျောက်ထွင်းလက်ရာများကို မြင်လိုက်ရပြန်သည်။
‘တကယ်ကို အနုစိတ်တာပဲ…’
ခုနက ထိုကျောက်ပြားများကို သတိမထားမိကြခြင်းမှာ သူတို့၏ မျက်လုံးကို တာအိုနန်းတော်ကြီးက ဖမ်းစားထားသော ကြောင့် ဖြစ်သည်။
ကျောက်ပြားချပ်များကလည်း များသလို ထုဆစ်ရေးထွင်းထားသော ပုံစံများကလည်း များလွန်သည်။ ထို့ကြောင့် လူငယ်များမှာ ထိုကျောက်ပြားများကို အကုန်လုံး လိုက်မကြည့်နိုင်သလို မည်သည့်ပုံများ ရှိမှန်းလည်း အတိကျ မသိခဲ့ပေ။
ရှောင်လုံတစ်ယောက်သာလျှင် ကွင်းပြင်တစ်ခုလုံးက ကျောက်ပြားများအားလုံးကို အာရုံခံပြီး မြင်နိုင်ခဲ့သည်။
ထိုကွင်းပြင်ကြီးတစ်ခုလုံးရှိ ကျေက်ပြားချပ်တိုင်းက ထုဆစ်ပုံဖော်ထားသော ကျောက်ပြားချပ်များချည်း ဖြစ်သည်။ တချို့ကျောက်ပြားများတွင် ရှေးဟောင်းစာလုံးများ ရေးထွင်းထားလေ၏။ တချို့ကျောက်ပြားများတွင်တော့ ရေ၊ မြေ၊ တော၊ တောင်၊ ကောင်းကင်၊ တိမ်တိုက် အစရှိသော သဘာဝရုပ်ပုံများ ထွင်းထုပုံဖော်ထားသည်။ တချို့ကျောက်ပြားများတွင်ကား ကျား၊ နဂါး၊ မြွေ၊ ငှက် အစရှိသော သားရဲများ၏ ပုံကို ထွင်းထုပုံဖော်ထားသည်။ တချို့ကျောက်ပြားများတွင် ဟန်အမျိုးမျိုးနှင့် လူပုံများ ရှိပြီး တချို့ကျောက်ပြားများတွင်တော့ လူပုံမဟုတ်ဘဲ လက်ဟန်အမျိုးမျိုးကိုသာ ပုံဖော်ထုဆစ်ထားသည်။ တချို့ကျောက်ပြားများတွင်တော့ မည်သည့်အရာမှန်း မသိရသော တစ်စိတ်တစ်ပိုင်းပုံများ ထွင်းထုထားသည်။
လူပုံ ထုဆစ်ထားသော ကျောက်ပြားများနှင့် လက်ဟန်ပုံစံ ကျောက်ပြားများ ရှိသည်ဆိုသော်လည်း တစ်စုတစ်စည်းတည်း ရှိနေခြင်း မဟုတ်ပေ။ ဟိုမှာသည်မှာ လျှောက်ခင်းထားခြင်း ဖြစ်သည်။ ထို့အတူပင် စာလုံးပုံပါသော ကျောက်ပြားများနှင့် တခြားကျောက်ပြားများသည်လည်း တူရာတူရာ ဆက်စပ်စုစည်း၍ ခင်းမထားဘဲ ဟိုရောက်သည်ရောက်နှင့် ခင်းထားသည်။
‘ဒီကျောက်ပြားတွေက ဘာတွေလဲ။ ဒီအတိုင်း အလှခင်းထားတာတော့ မဟုတ်ဘူးထင်တယ်…’
အလှခင်းကျောက်ပြားများ ဖြစ်ပါက လှပသော ကျောက်ဆစ်လက်မှုပုံစံများကိုသာ ထွင်းထုထားရမည် ဖြစ်သည်။ အခုတော့ ထိုကျောက်ပြားက ကျောက်ဆစ်လက်မှုအလှပုံစံများ မဟုတ်နေပေ။
‘ရှေးဟောင်းတာအိုဂိုဏ်းက အဓိပ္ပါယ်တစ်ခုခု မရှိဘဲနဲ့တော့ ကျောက်ဆစ်လက်မှုအလှသက်သက် ဖန်တီးထားမှာ မဟုတ်လောက်ဘူး။ ဒီကျောက်ပြားတွေက အဓိပ္ပါယ်တစ်ခုတော့ ရှိလိမ့်မယ်…’
ရှောင်လုံမှာ သိချင်လွန်း၍ သူ့အဘိုးကို မေးကြည့်ချင်နေသော်လည်း ထိုနေရာတွင် စကားလည်း ပြောခွင့်မရ လျှို့ဝှက်အသံဖြင့်လည်း ပြောခွင့်မရ၍ မေးမရဘဲ ဖြစ်နေတော့သည်။
‘အပြင်ပြန်ရောက်မှပဲ မေးကြည့်တော့မယ်…’
ရှောင်လုံက တွေးရင်း ထူးဆန်းသော ကျောက်ပြားများကို အာရုံခံ၍ မှတ်သားထားလိုက်တော့သည်။
ရှောင်လုံမှာ ထိုကျောက်ပြားများက အဓိပ္ပါယ်တစ်ခုခု ရှိသည်ဟု ထင်မြင်မိသော်လည်း အဓိပ္ပါယ်ဖော်နိုင်ဖို့က ခက်နေခဲ့သည်။ ကျောက်ပြားများက ရာထောင်မကဘဲ သောင်းချီအောင် များလွန်းနေသောကြောင့် ဖြစ်သည်။ နင်းထားသော ကျောက်ပြားတစ်ပြား၏ အဓိပ္ပါယ်ကိုပင် မခန့်မှန်းနိုင်ရကား ကျောက်ပြားသောင်းချီ၏ အဓိပ္ပါယ်ကို မည်သို့ ခန့်မှန်းနိုင်ပါမည်နည်း။
ခဏအကြာတွင် သူတို့အားလုံး ကျောက်ပြားခင်းကွင်းပြင်ကို ကျော်၍ တာအိုနန်းတော်သို့ ရောက်လာခဲ့သည်။
အဆောင်ဆောင် အခန်းခန်းနှင့် ခမ်းနားဆန်းကြယ်သော နန်းတော်ကြီး။ တချို့အဆောင်များ တချို့အခန်းများက ကျောက်တံခါးများ ပိတ်ထားသည်။ တချို့အဆောင်များ အခန်းများက ကျောက်တံခါးများ ဖွင့်ထားသည်။ တံခါးပိတ်ထားသော ခန်းဆောင်များထဲတွင် တာအိုဆရာသခင်များ တံခါးပိတ်ကျင့်ကြံနေကြခြင်း ဖြစ်ပေမည်။
ရှောင်လုံတို့ လူငယ်များသာမက ရသေ့ကြီးပင်လျှင် ထိုအဆောင်များအခန်းများကို သေချာလိုက်ကြည့်နေခဲ့သည်။
တစ်နေရာအရောက်တွင် တံခါးဖွင့်ထားသော အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။ အထဲတွင် ရုပ်တုတစ်ခုအလား ငြိမ်သက်စွာ ထိုင်နေသော လူတစ်ယောက် ရှိနေ၏။ ထိုလူက တံခါးဘက်ကို ကျောပေး၍ ထိုင်နေသဖြင့် မျက်နှာကို မမြင်ရပါ။ ဆံပင်များကတော့ အဖြူတစ်ဝက် အမည်းတစ်ဝက် အညိုတစ်ဝက် ဖြစ်၍ အသက်ခြောက်ဆယ်ဝန်းကျင် တာအိုဆရာသခင်တစ်ယောက် ဖြစ်ပေလိမ့်မည်။ အခန်းကြမ်းပြင်ပေါ်တွင် ဖုန်များ ရှိနေပြီး ထိုလူ၏ အဝတ်စားပေါ်တွင်လည်း ဖုန်မှုန့်အနည်းငယ် တင်နေသည်။ သို့ဖြစ်၍ ထိုလူ ထိုင်နေသည်မှာ တစ်ရက်နှစ်ရက်မက ကြာနေခဲ့ပုံရသည်။
ရသေ့ကြီးနှင့်တကွ အားလုံးက ငြိမ်သက်နေသော ထိုလူကြီးကို စိတ်ဝင်တစား ကြည့်နေမိကြသည်။
ဖန်းချင်းနှင့် ကျန်းရှီက တစ်ယောက်နှင့်တစ်ယောက် ‘အဲဒီလူက အသက်ရော ရှိသေးရဲ့လား’ဟူသော အဓိပ္ပါယ်ဖြင့် မျက်ရိပ်ပြနေကြသည်။ သူတို့က ထိုကဲ့သို့ အသက်ပင်မရှူဘဲ မလှုပ်မယှက် ငြိမ်သက်နေသော လူမျိုးကို မမြင်ဖူးသောကြောင့် ဖြစ်သည်။
ရသေ့ကြီးကလည်း လေးနက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ရှောင်လုံကတော့ ထိုလူမှာ လူသေမဟုတ်ကြောင်း သိနေသည်။ ထိုလူက အသက်ရှူနေသောကြောင့် ဖြစ်သည်။ သို့သော် ထိုလူ၏ အသက်ရှူနှုန်းက အလွန်နှေးကွေးပြီး အလွန်ညင်သာသိမ်မွေ့၏။ အသက်ရှူနေမှန်းပင် မသိရအောင် ညင်သာလွန်းနေခဲ့သည်။ သာမန် အသက်ရှူနှုန်း ဆယ်ကြိမ်စာလောက်တွင်မှ ထိုလူက တစ်ကြိမ်လောက်သာ အသက်ရှူသည်။ အသက်ရှူလိုက်တိုင်းလည်း အလွန်ဖြည်းနှေးညင်သာနေသည်။
ထို့ကြောင့်လည်း ဖန်းချင်းနှင့် ကျန်းရှီက အသက်ရှူနေမှန်း မသိခြင်း ဖြစ်သည်။
‘ဒီအသက်ရှူပုံစံကလည်း တစ်မျိုး ထူးဆန်းတာပဲ။ ခုနက ဟိုတာအိုတပည့်နှစ်ယောက် အသက်ရှူတဲ့နည်းကလည်း တစ်မျိုး ထူးဆန်းတယ်…’
ရှောင်လုံတို့ ကြည့်နေစဉ်မှာပင် ထိုလူကြီး၏ ဆံပင်များက လေမတိုက်ဘဲ လှုပ်ရှားသွားသည်။ အဝတ်စားများလည်း အနည်းငယ် လှုပ်သွားပြီး အဝတ်စားပေါ်က ဖုန်မှုန်းများ လွင့်စင်ပြီး အခန်းကြမ်းပြင်ပေါ် ကျဆင်းသွားသည်။
လှုပ်ရှားမှုလေးက အလွန်ညင်သာ၏။ သတိမထားလျှင် မသိနိုင် မမြင်နိုင်လောက်အောင် သိမ်မွေ့သည်။ သို့သော်လည်း ရှောင်လုံတို့အဖွဲ့က စိတ်ဝင်တစား ကြည့်နေချိန်နှင့် တိုက်ဆိုင်သွားသဖြင့် ထိုလှုပ်ရှားမှုကို မြင်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လျှင် ရသေ့ကြီး၏ မျက်လုံးများက အရောင်တောက်ပသွားသည်။
ထိုအတူ ရှောင်လုံ၏ မျက်လုံးများလည်း လက်ကနဲ ဖြစ်သွားသည်။
‘လေလား…’
ခုနက လှုပ်ခတ်သွားသည်မှာ လေကြောင့် ဖြစ်သည်ကို ရှောင်လုံက အာရုံခံမိခဲ့သည်။ သို့သော် ထိုလေက အပြင်က တိုက်ခတ်သော လေ မဟုတ်ပေ။ ရှောင်လုံတို့ ရပ်နေသော အပြင်ဘက်တွင် လေအနည်းငယ် တိုက်ခတ်နေသော်လည်း ထိုလူ ထိုင်နေသော အခန်းထဲတွင် လေမတိုက်ပါ။ လေတိုက်နေပါလျှင် ထိုလူ၏ ဆံပင်နှင့် အဝတ်စားက အရင်ကတည်းက လှုပ်ရှားနေရမည် ဖြစ်သည်။ အခန်းထဲက ဖုန်မှုန့်များလည်း အနည်းငယ်တော့ လွင့်မျောနေရမည် ဖြစ်သည်။ သို့သော် ထိုသို့ မဖြစ်နေခဲ့ပေ။ အရာအားလုံးက ငြိမ်သက်နေခဲ့သည်။ ထိုသို့ ငြိမ်သက်နေရာမှ ရုတ်တရက် လေတိုက်၍ လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ အပြင်လေတိုက်၍ လှုပ်သွားခြင်း မဟုတ်ကြောင်းကို ရသေ့ကြီးနှင့် ရှောင်လုံတို့ သတိထားမိခဲ့ကြသည်။
ထိုလေက ထိုလူထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အတွင်းအား သန့်စင်မြင့်မားသော အထွတ်ထိပ်သိုင်းပညာရှင်များ အတွင်းအားအရှိန်ဝါ ထုတ်ဖော်လျှင်လည်း လေမတိုက်ပါဘဲ ဆံပင်နှင့် အဝတ်အစားများ လှုပ်ခတ်သွားတတ်သည်သာ။ သို့သော် ထိုလူထံမှ ထွက်ပေါ်လာသည်က အတွင်းအားအရှိန်ဝါ မဟုတ်ပေ။ လေသက်သက်သာ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။
‘ထူးဆန်းတယ်။ အဲဒီလူဆီကနေ လေထွက်လာတယ်။ အဲဒါက ဘာလဲ။ ဘယ်လို လုပ်လိုက်တာလဲ။ လေကို ထိန်းချုပ်လိုက်တာလား။ လေကို ဖန်တီးလိုက်တာလား…’
ရှောင်လုံကိုယ်တိုင်လည်း လေဟုန်စီးကိုယ်ဖော့ပညာကို လေ့ကျင့်ထားသဖြင့် လေ၏ သဘာဝနှင့် စွမ်းအားကို နားလည်ပြီး ကိုယ်ဖော့ပညာနှင့်တွဲ၍ အသုံးချနိုင်သည်။ သို့သော် ထိုအရာက လေကို ထိန်းချုပ်ခြင်း မဟုတ်ပေ။ လေ၏ သဘာဝနှင့် လေ၏ စွမ်းအားကို အတားဆီးမဖြစ်စေဘဲ အထောက်ပံ့အဖြစ် အသုံးပြုနိုင်ခြင်းသာ ဖြစ်သည်။ ထိုလူလုပ်သလိုမျိုး မလှုပ်ရှားဘဲ ငြိမ်သက်နေလျက်မှ လေဟုန်တစ်ခု ဖြစ်ပေါ်လာအောင် မလုပ်နိုင်ပေ။ သူ့ဆရာ အရိပ်မဲ့ကျွန်းသခင်လည်း မလုပ်နိုင်ပေ။
‘ထူးဆန်းတဲ့ ပညာရပ်ပဲ…’
ရသေ့ကြီးကလည်း တွေးနေသည်။
‘ဒီတာအိုဆရာသခင်က လေသဘာဝကို ကျင့်ကြံနေတာများလား…’
ထိုတာအိုဆရာသခင်က လေငြိမ်နေသော အခြေနေတွေ သူ့ကိုယ်ပေါ်မှ ဖုန်များကို လေဖြင့် ဖယ်ရှားခဲ့သည်။ ၎င်းမှာ လေသဘာဝကို အဆင့်တစ်ခုအထိ နားလည်နေသော တာအိုဉာဏ် ရထားသောကြောင့် ဖြစ်ပေလိမ့်မည်ဟု ရသေ့ကြီးက သိလိုက်သည်။
ထို့ကြောင့် ရသေ့ကြီးက ထိုတာအိုဆရာသခင်ကို လေးစားစွာ ကြည့်နေခဲ့သည်။ ရသေ့ကြီးကိုယ်တိုင်လည်း တာအိုဝါဒကို လက်ခံကျင့်ကြံသူဖြစ်သည် မဟုတ်ပါလား။ ထိုကဲ့သို့ တာအိုဉာဏ်ရထားသော တာအိုဆရာသခင်တစ်ယောက်ကို တွေ့ရခြင်းက ရသေ့ကြီးအတွက် အလွန်အားရကျေနပ်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။
ရသေ့ကြီးက ထိုတာအိုဆရာခင် ကျင့်ကြံနေသည်ကို အနှောက်ယှက်မဖြစ်စေချင်သောကြောင့် လူငယ်များကို မျက်ရိပ်ပြကာ ထိုနေရာမှ အသာထွက်လာလိုက်ကြသည်။
ထို့နောက် တခြားနေရာများသို့ လိုက်ကြည့်ကြသော်လည်း လူမရှိသော အခန်းများ၊ လူရှိ၍ တံခါးပိတ်ထားသော အခန်းများနှင့် လူကို တွေ့သော်လည်း ကျောက်ရုပ်လို ငြိမ်သက်နေသည်ကိုသာ တွေ့ခဲ့ရသည်။ ထူးခြားသော မြင်ကွင်းများကိုလည်း မမြင်ရတော့ပေ။
ထို့ကြောင့် ပြန်ထွက်သွားကြရန် ဆုံးဖြတ်ပြီး တာအိုနန်းတော်တောင်ကြားမှ ထွက်လာလိုက်ကြသည်။
တောင်ကြားအပြင်သို့ ရောက်သည်နှင့် ရှောင်လုံက သူသိချင်နေသည်ကို ချက်ချင်း မေးတော့သည်။
“ဘိုးဘိုး…၊ ဟိုကျောက်ပြားတွေက ဘာတွေလဲ။ အသေးစိတ်ထုဆစ်ပုံဖော်ထားတာဆိုတော့ အလှတော့ မဟုတ်ဘူးမလား။ အဓိပ္ပါယ်တစ်ခုခု ရှိလား”
ရှောင်လုံ၏ အမေးကို ကြားလျှင် ကျန်းရှီနှင့် ဖန်းချင်းလည်း စိတ်ဝင်စားသွားကြသည်။ သူတို့က ထိုကျောက်ပြားများကို အလှခင်းထားသည်ဟုသာ ထင်ခဲ့ကြသည်လေ။
ရသေ့ကြီးက ချက်ချင်းမဖြေသေးဘဲ ပြုံးလိုက်ပြီး မုတ်ဆိတ်ဖြူဖြူကို အသာအယာ ပွတ်သပ်ကာ လူငယ်အားလုံးကို ကြည့်လိုက်သည်။
“ဘယ်လို ထင်ကြလဲ”
“ကျွန်တော်တို့က အလှခင်းထားတယ်ပဲ ထင်နေတာ။ ဒါပေမဲ့ အခု ရှောင်လုံပြောမှ အဲဒီကျောက်ပြားတွေက နည်းနည်း ထူးဆန်းတယ်လို့ ထင်လာတယ်။ အလှခင်းကျောက်ပြားတွေနဲ့လည်း သိပ်မတူသလိုပဲ”
နှင်းပန်းကလည်း ပြောသည်။
“ဟုတ်တယ်။ အဲဒီ ကျောက်ပြားတွေက အလှခင်းကျောက်ပြားတွေ မဟုတ်လောက်ဘူး။ အဓိပ္ပါယ်တစ်ခုခု ရှိလောက်တယ်”
ရသေ့ကြီးက အသာခေါင်းညိတ်ပြီး ပြောပြသည်။
“ဟုတ်တယ်။ အဲဒါက သာမန်ကျောက်ပြားတွေ မဟုတ်ဘူး။ တာအိုလမ်းစဉ်ကျောက်ပြားတွေလို့ ခေါ်တယ်။ မူလကတော့ ကျောက်ပြားသုံးထောင်ပဲ ခင်းထားတာတဲ့။ နောက်ပိုင်းမှာမှ များလာတာလို့ ပြောတယ်။ အခု ကြည့်ရတာ သောင်းချီ ရှိနေတာပဲ”
ရသေ့ကြီးက ပြောရင်း အလွန်ကျေနပ်ဟန်ဖြင့် ပြုံးနေခဲ့သည်။ ထိုကျောက်ပြားများကို မြင်ရခြင်းက ရသေ့ကြီးကို စိတ်ကျေနပ်ပုံပင်။
“တာအိုလမ်းစဉ်ကျောက်ပြားတွေလား။ အဲဒါက ဘာအဓိပ္ပါယ်လဲဟင် ဘိုးဘိုး”
“တာအိုလမ်းစဉ်မှာ တာအိုက သုံးထောင်ရှိတယ်လို့ ဆိုထားတယ်။ အဲဒီ တာအိုသုံးထောင်ကို အမှတ်အသားအဖြစ် ကျောက်ပြားတစ်ချပ်စီမှာ ထွင်းထုပုံဖော်ပြီး ခင်းထားတာတဲ့လေ”
“ဘယ်သူ ခင်းသွားတာလဲ ဘိုးဘိုး”
“ဘယ်သူ ခင်းသွားတာလဲ ဆိုတာ မပြောခင် မူလတာအိုကျမ်းဆိုတာကို အရင်ပြောရမယ်။ တာအိုဘုရားကျောင်းမှာ သင်ပေးနေတဲ့ တာအိုကျမ်းစာတွေက တာအိုဆရာသခင်တွေ သူတို့ နားလည်ခဲ့တဲ့ တာအိုဉာဏ်တွေနဲ့ ရေးသားထားခဲ့တဲ့ ကျမ်းစာတွေလေ။ မူလတာအိုကျမ်း မဟုတ်ဘူး။ တာအိုဖခင် ရခဲ့တဲ့ မူလတာအိုကျမ်းဆိုတာက တာအိုဖခင်နဲ့အတူ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့တယ်တဲ့။ တာအိုဖခင်ရဲ့ သင်ပြမှုတွေနဲ့ တာအိုဉာဏ်ရလာကြတဲ့ ပထမမျိုးဆက် တပည့်ကြီးတွေ ရှိတယ်။ အဲဒီ တပည့်ကြီးတွေက ဒုတိယမျိုးဆက်တပည့်တွေ ထပ်မွေးထုတ် ပေးခဲ့တယ်။ တာအိုဝါဒရဲ့ ဒဏ္ဍာရီလာ တာအိုဝိဇ္ဇာရှစ်ပါးဆိုတာ အဲဒီ ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက် တပည့်ကြီးတွေပဲ။ တာအိုဝိဇ္ဇာရှစ်ပါးက သူတို့ နားလည်ခဲ့တဲ့ တာအိုဉာဏ်တွေကို ကျောက်ပြားတွေပေါ်မှာ အမှတ်သားထွင်းထုပြီး ချန်ထားပေးခဲ့ကြတယ်တဲ့။ ဒါပေမဲ့ အရမ်းလေးနက်လို့ နားလည်ဖို့ ခက်ခဲနေခဲ့တယ်။ လူတိုင်း နားမလည်နိုင်ကြဘူး။ ဒါပေမဲ့ တာအိုဉာဏ်ရင့်သန်တဲ့ နောက်မျိုးဆက်တပည့်တွေက တချို့ကျောက်ပြားတွေကို နားလည်ခဲ့ပြီး တာအိုဉာဏ်တွေ ရခဲ့ကြတယ်။ အဲဒီလို နောက်မျိုးဆက်တပည့်တွေကလည်း သူတို့ နားလည်ခဲ့တဲ့ တာအိုဉာဏ်ကို ကျောက်ပြားတွေမှာ ရေးထွင်းပြီး ရှေးမျိုးဆက်တပည့်ကြီးတွေလို လုပ်ခဲ့ကြတယ်။ အဲဒီလိုနဲ့ ကျောက်ပြားတွေက သောင်းချီအောင် များလာတာ ဖြစ်လိမ့်မယ်”
“ဪ…၊ အဲဒီလိုကိုး။ ဒါကြောင့် နားလည်ဖို့ ခက်နေတာကိုး။ ကျောက်ပြားတွေက တစ်ခုခုတော့ အဓိပ္ပါယ်ရှိနေတယ်လို့ သိပေမဲ့ ဘာမှ နားမလည်ခဲ့ဘူး”
“ငါတို့ဆို ဘာဆိုဘာမှ မသိဘူး။ အလှခင်းထားတယ်ပဲ ထင်တာ”
ရသေ့ကြီးက ပြုံး၍ ရှောင်လုံကို ကြည့်နေခဲ့သည်။ တာအိုလမ်းစဉ်ကျောက်ပြားများကို သာမန်ကျောက်ပြားဟု မမြင်ဘဲ အဓိပ္ပါယ်တစ်ခုခု ရှိနေသည်ဟု မြင်နိုင်ခြင်းကပင် သူ့မြေး၏ နားလည်နိုင်စွမ်းကို အသိမှတ်ပြုရပေမည်။ သာာမန်လူ မဆိုထားနှင့် တာအိုကျင့်ကြံသူများပင် လူတိုင်း ထိုသို့ မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ထိုကျောက်ပြားများကို တာအိုလမ်းစဉ်ကျောက်ပြားများဟု သိနေပြီး လေ့လာကြသည့်တိုင် ဘာမှ မသိမမြင်နိုင်ကြသည်များလည်း ရှိသည်။
သူ့မြေးကတော့ ထိုကျောက်ပြားများကို တာအိုလမ်းစဉ်ကျောက်ပြားများဟု မသိပါဘဲလျက် ခဏမျှ အကဲခတ်ရုံဖြင့် အဓိပ္ပါယ်တစ်ခုခု ရှိနေမှန်း သိနေခဲ့သည်။
အကယ်၍သာ အချိန်တစ်ခုပေး၍ တာအိုလမ်းစဉ်ကျောက်ပြားများကို လေ့လာနိုင်လျှင် တာအိုအသိဉာဏ်တစ်ခုခု ရသွားချင် ရသွားနိုင်သည်။
သို့သော်လည်း တာအိုဉာဏ်ဆိုသည်မှာ ထိုမျှ လွယ်လွယ် သိမြင်နားလည်နိုင်သော ဉာဏ်မျိုး မဟုတ်ပေ။ တာအိုဉာဏ်ကို ထိတွေမိပြီး အရိပ်အယောင်မျှ နားလည်သူ တာအိုဆရာသခင်များသည်ပင် သူတို့ ထိတွေ့မိသော တာအိုဉာဏ်ကို ဖမ်းဆုပ်နိုင်ရန် တစ်ဘဝလုံးစာ အချိန်ပေး၍ ကျင့်ကြံသွားရသည်များ ရှိသည်မဟုတ်ပါလား။
ရှောင်လုံက ထပ်မေးသည်။
“ဘိုးဘိုး…၊ ဟိုတာအိုဆရာသခင်က လေတိုက်အောင် ဘယ်လို လုပ်လိုက်တာလဲဟင်”
“အဲဒါက…”
ရသေ့ကြီးက ချက်ချင်း မပြောသေးဘဲ ရိုသေးလေးစားသော ဟန်ဖြင့် တာအိုနန်းတော်တောင်ကြားသို့ အရိုသေပြုသည်။
“အိမ်း…၊ အဲဒါကို မပြောခင် တာအိုကျင့်ကြံခြင်း၊ သဘာဝနဲ့ တစ်သားတည်းဖြစ်အောင် နေထိုင်ခြင်း၊ သဘာဝကို နားလည်အောင် ကြိုးစားခြင်းဆိုတာတွေကို သေချာနားလည်ထားဖို့ လိုတယ်။ သဘာဝကို နားလည်အောင်ကြိုးစားခြင်းဆိုတာက သဘာဝအားလုံးကို နားလည်အောင် ကြိုးစားခြင်းလို့ ပြောတာ မဟုတ်ဘူး။ တစ်ဖက်မှာလည်း သဘာဝအားလုံးကို နားလည်အောင် မကြိုးစားရဘူးလို့ မဆိုလိုပြန်ဘူး”
“ဟီးဟီး…၊ ဘိုးဘိုးပြောတာ ရှုပ်နေတာပဲ။ သား နားမလည်ဘူး”
“ဆက်နားထောင်ကြည့်ပါဦးလေ။ ခုနက စကားရဲ့ အဓိပ္ပါယ်က သဘာဝအားလုံးထဲကနေ သဘာဝတစ်ခုကို နားလည်အောင် စတင် ကြိုးစားရမယ်။ သဘာဝတစ်ခုကို နားလည်မှ သဘာဝနှစ်ခုကို နားလည်အောင် ကြိုးစားရမယ်။ ပြီးတော့ သဘာဝသုံးခုကို နားလည်အောင် ကြိုးစားရမယ်။ အဲဒီလို သဘာဝတစ်ခုချင်းကို နားလည်အောင် ကြိုးစားပြီး သဘာဝအားလုံးကို နားလည်အောင် ကြိုးစားသွားရမယ်လို့ ဆိုလိုတာပါ”
“ဟီးဟီး…၊ အဲဒီလိုလား။ နည်းနည်း နားလည်လာပြီ”
“အိမ်း…၊ ဒါကြောင့် တာအိုဝါဒဖခင်က မိုင်တစ်ထောင်ခရီးကိုလည်း ခြေတစ်လှမ်းနဲ့ စလျှောက်ရတယ်လို့ ဆိုခဲ့တာပေါ့။ အဲဒါအပြင် တာအိုဝါဒလမ်းစဉ်မှာလည်း ‘သုညကနေ တစ်၊ တစ်ကနေ နှစ်၊ နှစ်ကနေ သုံး၊ သုံးကနေမှ အရာအားလုံး’ဆိုတဲ့ လမ်းစဉ်စကား ရှိတယ်”
လူငယ်အားလုံး အလေးနက်ထား၍ နားထောင်နေကြသည်။
“ဒါကြောင့် တာအိုကျင့်ကြံခြင်းဆိုတာက သဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင်သဘာဝကို နားလည်ဖို့ လိုတယ်။ နားလည်အောင် ကြိုးစားကျင့်ကြံရတယ်။ ဒါပေမဲ့ သဘာဝတစ်ခုကနေ စပြီး နားလည်အောင် ကြိုးစားရတယ်”
“ဟုတ်ကဲ့ ဘိုးဘိုး…၊ ဒါဆို ခုနက အဲဒီ တာအိုဆရာသခင်က…”
“ဟုတ်တယ်။ အဲဒီတာအိုဆရာသခင်က လေသဘာဝကို နားလည်အောင် ကျင့်ကြံနေတာ ဖြစ်လိမ့်မယ်။ တာအိုဉာဏ်လည်း ရနေပုံပဲ။ ဒါကြောင့် ငြိမ်နေတဲ့ လေကို လှုပ်သွားအောင် လုပ်နိုင်ခဲ့တာပဲ”
“ဝါး…၊ အရမ်းစွမ်းတာပဲ။ အဲဒါက အတွင်းအားအရှိန်ဝါ ထုတ်လိုက်လို့ ဖြစ်သွားတာနဲ့လည်း မတူဘူးနော် ဘိုးဘိုး”
“ဟုတ်တယ်။ အဲဒါက သိုင်းပညာ မဟုတ်ဘူး။ ခုနက လေလှုပ်ခတ်သွားတာက အတွင်းအားအရှိန်ဝါ ထုတ်လိုက်လို့ မဟုတ်ဘူး။ တာအိုဉာဏ်ကြောင့်ပဲ။ လေသဘာဝကို နားလည်လို့ ငြိမ်နေတဲ့လေကို လှုပ်သွားအောင် လုပ်လိုက်တာ”
“တာအိုဉာဏ်က တကယ်ထူးဆန်းတာပဲ”
“ထူးဆန်းတာပေါ့။ သိပ်လည်း ကြီးကျယ်ခန်းနားတယ်။ ဒဏ္ဍာရီတွေထဲမှာဆိုရင် တာအိုကို နားလည်သူတွေက လေကိုလည်း ဆင့်ခေါ်နိုင်သလို မိုးကိုလည်း ဆင့်ခေါ်နိုင်တယ်လို့တောင် ပြောကြတယ်။ အဲဒီလိုပဲ လေကိုလည်း ရပ်တန့်နိုင်သလို မိုးကိုလည်း ရပ်တန့်နိုင်ကြတယ်တဲ့လေ”
လူငယ်များမှာ အံ့ဩမှင်တက်လျက် နားထောင်နေကြသည်။
“ရှေးဒဏ္ဍာရီတွေထဲမှာ တာအိုဆရာသခင်တွေက လူတွေရဲ့ အားကိုးယုံကြည်ရာ ဖြစ်ခဲ့ကြတာကလည်း မိုးမရွာရင် တာအိုဆရာသခင်တွေက မိုးကို ဆင့်ခေါ်ပေးနိုင်တဲ့အထိ အရည်ချင်းရှိကြတယ်လေ။ မိုးရွာများပြီး ရေကြီးရေလျှံဖြစ်ရင်လည်း တာအိုဆရာတွေက မိုးကို တားဆီးပေးနိုင်ကြတယ်တဲ့”
“တကယ် အံ့ဩစရာပဲ”
“လေသဘာဝကို နားလည်တဲ့ တာအိုဉာဏ်ရ တာအိုဆရာသခင်က လေကို ဖန်တီးနိုင်တယ်။ လေကို ဆင့်ခေါ်နိုင်တယ်။ လေမုန်တိုင်းတွေကိုတောင် တားဆီးနိုင်တယ်တဲ့။ အံ့ဩဖို့ မကောင်းဘူးလား။ မြေသဘာဝကို နားလည်တဲ့ တာအိုဉာဏ်ရ တာအိုဆရာသခင်က လယ်ယာမြေကို ထွန်ယက်ထားသလို ဖွပေးနိုင်တယ်။ ဆွပေးနိုင်တယ်။ မြေကြီးကို ခွဲပေးနိုင်တယ်တဲ့။ ‘မြေ၊ ရေ၊ လေ၊ မီး၊ သစ်သား’ဆိုတဲ့ ဓာတ်သဘာဝတွေကို နားလည်ထားတဲ့ တာအိုဉာဏ်ရ တာအိုဆရာသခင်တွေဆိုတာ ဒဏ္ဍာရီတွေထဲမှာ တန်ခိုးရှင်တွေလို အရည်ချင်းရှိတယ်တဲ့”
“အဲဒါက တကယ်ကို တန်ခိုးရှင်နဲ့ တူနေတာပဲ”
“အိမ်း…၊ ဒါကြောင့်လည်း နတ်ဘုရားတွေနဲ့ နတ်မင်းတွေကို ယုံကြည်အားကိုးပြီး ပူဇော်ပသနေခဲ့ကြတဲ့ ရှေးခေတ်ယဉ်ကျေးမှု လူအသိုက်ဝန်းမှာ တာအိုဆရာသခင်တွေကိုလည်း ယုံကြည်အားကိုးခဲ့ကြတာပေါ့။ အောက်ခြေ သာမန်လူတန်းစားကနေ လူလတ်တန်းစား အထက်တန်းစားနဲ့ အင်ပါယာဧကရာဇ်အထိ တာအိုဆရာတွေရဲ့ လမ်းညွှန်မှုနဲ့ ပြောစကားတွေကို လေးစားလိုက်နာခဲ့ကြတဲ့ အချိန်တွေ ရှိခဲ့ကြတယ်”
“အဲဒီလောက် အရည်ချင်းရှိနေမှာတော့ တန်ခိုးရှင် ဖြစ်သွားတာ မဟုတ်ဘူးလား”
“ဟားဟား…၊ တာအိုဆရာသခင်တွေက တန်ခိုးရှင်မဟုတ်ပါဘူး။ တာအိုဉာဏ်ကို ရရှိတာ တန်ခိုးရရှိတာ မဟုတ်ဘူး။ သဘာဝကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး သဘာဝကို အသုံးပြုနိုင်ကြတာပါ။ လေကို ဆင့်ခေါ်နိုင်တာက လေသဘာဝကို နားလည်လို့ပါ။ တန်ခိုးရှိလို့ မဟုတ်ဘူး”
ရသေ့ကြီး၏ စကားကို နားထောင်ပြီး နှင်းပန်းက တစ်စုံတစ်ခုကို မှတ်မိလာသည်။ လွန်ခဲ့သော ဆယ်ငါးနှစ်ခန့်က အော်မေ့တောင် အဆိပ်မှိုင်းတိုက်မှုကို သူ့အဘိုးက ဖယ်ရှားပေးခဲ့ဖူးသည်။
‘အဲဒီတုန်းက အဆိပ်ငွေ့တွေကို ဘိုးဘိုး ဖယ်ရှားပေးခဲ့တာကလည်း လေရဲ့ သဘာဝ၊ ရာသီဥတုသဘာဝကို နားလည်လို့ပဲ။ လေငြိမ်နေတာကို တောမီးရှို့ပြီး လေတိုက်အောင် လုပ်ပေးခဲ့တာပဲ…’
ရသေ့ကြီးက ဆက်ပြောပြသည်။
“တာအိုကို ကျင့်ကြံတာက တန်ခိုးကျင့်ကြံတာ မဟုတ်ဘူး။ တာအိုလမ်းစဉ်ဆိုတာကလည်း တန်ခိုးရှင်လမ်းစဉ်လည်း မဟုတ်ဘူး။ တာအိုဝါဒဆိုတာ နတ်ဘုရားဝါဒလည်း မဟုတ်ဘူး။ ဒါကြောင့် တာအိုဝါဒမှာ ယုံကြည်ကိုးကွယ်မှုတွေ ပူဇော်ပသမှုတွေ မရှိဘူး။ နတ်ဘုရားတွေ နတ်မင်းတွေလို လူတွေရဲ့ ကံကြမ္မာကို မပတ်သက်နိုင်ဘူး။ တာအိုလမ်းစဉ်က တာအိုကို ကျင့်ကြံပြီး တာအိုဉာဏ်ရရင် လူတွေကို ကူညီနိုင်တဲ့နေရာကနေ ကူညီပေးတာမျိုးပဲ လုပ်ကြတာ။ ဒီနှစ် မိုးရွာမယ်၊ မိုးများမယ်၊ မိုးခေါင်မယ် အဲဒီလို သဘာဝနဲ့ ရာသီဥတုအခြေနေတွေကို ပြောပြပေးတာမျိုးနဲ့ လူတွေရဲ့ ဘဝကို လွယ်ကူအောင် ကူညီပေးကြတာပဲ ရှိတာပါ”
“ဟုတ်ကဲ့ ဘိုးဘိုး…”
“အိမ်း…၊ နတ်ဘုရားဝါဒ တန်ခိုးရှင်လမ်းစဉ်မှာ တန်ခိုးကို ကျင့်ကြံကြတယ်။ တာအိုဝါဒ တာအိုလမ်းစဉ်မှာ တာအိုကို ကျင့်ကြံကြတယ်။ မတူညီတဲ့ လမ်းစဉ်နှင့် မတူညီတဲ့ ဝါဒတွေပါ။ အဲဒါကို ခွဲပြီး နားလည်ထားဖို့ လိုတယ်။ မဟုတ်ရင် တာအိုဆရာသခင်တွေကို တန်ခိုးရှင်လို့ ထင်ပြီး ပူဇော်ပသနေကြမှာ”
“ဒါပေမဲ့လေ ဘိုးဘိုး၊ ဒဏ္ဍာရီထဲက တာအိုဆရာသခင်တွေ တာအိုဝိဇ္ဇာတွေက အဲဒီလောက် အစွမ်းထက်တာ တန်ခိုးရှင်နဲ့ တူနေတာပဲ။ ဟိုလေ…၊ တာအိုဆရာသခင်တွေက တန်ခိုးရှင်လို ကောင်းကင်မှာ ပျံနိုင်လားဟင် ဘိုးဘိုး။ ဟီးဟီး…”
ရှောင်လုံက မေးချင်တာ လျှောက်မေးရင်း သဘောကျနေခဲ့သည်။ သူက ထိုကဲ့သို့ အထူးအဆန်းများကို အလွန်စိတ်ဝင်စားတတ်သောကြောင့်ပင်။
ကျန်လူငယ်များကလည်း အလွန်စိတ်ဝင်စားနေကြသည်။
ရသေ့ကြီးက ရှောင်လုံ၏ မေးခွန်းကို မဖြေသေးဘဲ လူငယ်များ၏ စိတ်ဝင်စားနေမှုကို ပြုံး၍သာ ကြည့်နေခဲ့လေ၏။
အခန်း(၃၄၀)ပြီး
***