“ဘိုးဘိုး…၊ ပြောပြပါလို့။ တာအိုဆရာသခင်တွေကရော တန်ခိုးရှင်တွေလို ကောင်းကင်မှာ ပျံနိုင်တာလား။ ပုံပြင်တွေထဲကလို နတ်သားရဲကြီး စီးပြီးတော့ ကောင်းကင်ဘုံအထိ ပျံတက်သွားနိုင်တာလားဟင် ဘိုးဘိုး… ”
ရှောင်လုံမှာ သူငယ်စဉ်က အဘွားလော့ထော်ထံမှ နားထောင်ခဲ့ရသော ထူးဆန်းအံ့ဩဖွယ်ရာ ပုံပြင်များကို အလွန်ကြိုက်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော ပုံပြင်များနှင့် ဒဏ္ဍာရီများကား ရှောင်လုံသာမက ကလေးတိုင်း ကြိုက်နှစ်သက်သော ပုံပြင်များပင် ဖြစ်သည်။
နှင်းပန်းက သူမ၏ မောင်လေးကိုကြည့်ပြီး စိတ်ထဲက ပြုံးနေမိသည်။ သို့သော် သူမကိုယ်တိုင်လည်း တာအိုကျင့်ကြံသူများက ဒဏ္ဍာရီလာ တန်ခိုးရှင်များလို ကောင်းကင်၌ ပျံနိုင်သလား သိချင်နေမိသည်။
ရသေ့ကြီးလည်း လူငယ်များ၏ သိချင်နေမှုကို ပြောပြသည်။
“အိမ်း…၊ တကယ်တမ်းကျတော့ လူဆိုတာက လေထဲမှာ ပျံနိုင်တဲ့အမျိုး မဟုတ်ပါဘူး။ ငှက်တွေမှပဲ လေထဲမှာ ပျံနိုင်ကြတာ မဟုတ်လား။ ဒါပေမဲ့ လူတွေဆိုတာက စူးစမ်းလေ့လာတတ်တဲ့ ဉာဏ်ပညာ ရှိတယ်။ အဲဒီ စူးစမ်းလေ့လာတတ်တဲ့ ဉာဏ်ပညာက လူသားတွေရဲ့ အတောင်ပံ ဖြစ်နေခဲ့တယ်”
လူငယ်များက ပြုံးလိုက်မိကြသည်။
“နတ်ဘုရားဝါဒ ဒဏ္ဍာရီတွေထဲမှာတော့ တချို့နတ်ဘုရားယုံကြည်သူတွေဟာ နတ်ဘုရားတွေ ချီးမြှင့်တဲ့ နတ်ဘုရားရတနာတွေ၊ နတ်ဘုရားလက်နက်တွေနဲ့ နတ်ဘုရားသားရဲတွေကို စီးနင်းပြီး ကောင်းကင်မှာ ခရီးသွားနိုင်ကြတယ်တဲ့။ ဒါက သာမန်လူတစ်ယောက်က နတ်ဘုရားတွေ ပေးတဲ့ စွမ်းအားကို ရရှိပြီး ပျံသန်းနိုင်တဲ့ ဒဏ္ဍာရီတွေ ပုံပြင်တွေပါပဲ။ တာအိုဝါဒမှာကတော့ အဲဒီလို မဟုတ်ဘူး။ ကောင်းကင်မှာ ပျံနိုင်တဲ့ တာအိုဝိဇ္ဇာတွေ ရှိတယ်လို့ ဒဏ္ဍာရီတွေမှာ ပြောကြပေမဲ့ တာအိုဝိဇ္ဇာတွေ ပျံနိုင်ကြတာက နတ်ဘုရားတွေ ချီးမြှင့်တဲ့ စွမ်းအားအထောက်အပံ့နဲ့ ပျံကြတာ မဟုတ်ဘူး။ တာအိုကို ကိုယ်တိုင်ကျင့်ကြံပြီး တာအိုဉာဏ်နဲ့ ပျံကြတာပါ”
“ဝါး…၊ တကယ်ကြီး ပျံနိုင်တယ်လား”
ရှောင်လုံသာမက နှင်းပန်းတို့လည်း အံ့ဩလျက် စိတ်ဝင်စားမှု မြင့်တက်လာကြသည်။ လူတစ်ယောက် လေထဲ ပျံနိုင်ခြင်းက အလွန်စိတ်ဝင်စားဖို့ကောင်းသည် မဟုတ်ပါလား။
“ဒါဆို ဟိုတာအိုဆရာသခင်လည်း ပျံနိုင်တော့မှာလား ဘိုးဘိုး”
“ဟားဟား…၊ ကောင်းကင်မှာ ပျံတာက အဲဒီလောက် ဘယ်လွယ်ပါ့မလဲ လူလေးရ။ တာအိုဉာဏ်ကို မြင့်မားတဲ့အဆင့်အထိ နားလည်ထားဖို့ လိုမှာပဲပေါ့”
“ဟီးဟီး…၊ ဟုတ်သားပဲနော်”
လူငယ်များမှာ တာအိုကျင့်ကြံခြင်းကို စိတ်ဝင်စားနေကြပြီး လေထဲပျံခြင်းကို အလွန်စိတ်ဝင်စားနေကြသည်။ နားထောင်ရင်းနှင့် သူတို့၏ မျက်လုံးများက တောက်ပနေကြ၏။
ရသေ့ကြီးက လူငယ်များ၏ စိတ်ကို သိဟန်ဖြင့် မုတ်ဆိတ်ဖြူဖြူကို ပွတ်သပ်ကာ ပြုံး၍သာ ကြည့်နေခဲ့လေ၏။ သူသည်လည်း ငယ်စဉ်အချိန် တာအိုကို သင်ယူစဉ်က ထိုကဲ့သို့ စိတ်ကူးယဉ်ဖူးသည် မဟုတ်ပါလား။
လေပေါ် ပျံသန်းခြင်း စိတ်ကူးယဉ်မှုကား စိတ်ကူးယဉ်မှုများစွာထဲတွင် အလွန်လှပပြီး အလွန်ဆန်းကြယ်သော စိတ်ကူးယဉ်မှုပင် မဟုတ်ပါလား။
‘အိမ်း…၊ ငယ်ရွယ်ရတာက တကယ်ကောင်းပေတယ်။ လွတ်လွတ်လပ်လပ်တွေးနိုင်တယ်။ အကြောင်းတွေ အကျိုးတွေ ညီညွတ်နေဖို့လည်း မလိုဘူး…’
ရသေ့ကြီးက သူ့အတွေးကို ဖြတ်ကာ မုတ်ဆိတ်ရှည်ကို ပွတ်သပ်ရင်း လူငယ်များကို ပြောလိုက်သည်။
“ကိုင်း…၊ စိတ်ကူးယဉ်နေကြတာ ရပ်ကြတော့။ ကိုယ်လေ့ကျင့်နေတဲ့ သိုင်းပညာကိုပဲ ကြိုးစားလေ့ကျင့်ကြပါ”
ရှောင်လုံက ရုတ်တရက် မေးလိုက်သည်။
“ဘိုးဘိုး…၊ ဒဏ္ဍာရီထဲက သိုင်းသမားတွေကရော ကောင်းကင်မှာ ပျံနိုင်ကြလားဟင်”
“လူလေးက အဲဒါကို တော်တော် စိတ်ဝင်စားနေတာပဲ။ လူသားဆိုတာ ပျံသန်းဖို့ မွေးလာတာမှ မဟုတ်တာ။ သိုင်းပညာလေ့ကျင့်တာကလည်း ကောင်းကင်မှာ ပျံဖို့ လေ့ကျင့်တာ မဟုတ်ဘူးလေ။ ခန္ဓာကိုယ်စွမ်းအားနဲ့ စိတ်စွမ်းအားကို မြင့်မားအောင် သိုင်းပညာကို လေ့ကျင့်ကြတာ။ အဲဒါက သိုင်းပညာကို လေ့ကျင့်ကြတဲ့ အဓိကရည်ရွယ်ချက်ပဲ”
ရှောင်လုံက ခေါင်းကုတ်ကာ စိမ်းဖြီးဖြီးနှင့် ရယ်သည်။
“ဟီးဟီး…၊ သားက ကောင်းကင်မှာ ပျံတာကို စိတ်ဝင်စားပေမဲ့ သိုင်းပညာကို ပိုစိတ်ဝင်စားတယ်။ ကောင်းကင်မှာ ပျံပြီးသွားတာထက် လုံထွေနဲ့ လောကကြီးအနှံ့ လျှောက်သွားတာကို ပိုစိတ်ဝင်စားတယ်။ ဟီးဟီး…”
“ကောင်းတယ်။ ဒါဆိုရင် သိုင်းပညာကိုပဲ ကောင်းကောင်း လေ့ကျင့်”
“ဟုတ်ကဲ့ ဘိုးဘိုး…”
“ကိုင်း…၊ တတိယတောင်ကြားကို သွားကြည့်ကြတာပေါ့”
ထို့နောက် ရသေ့ကြီးက လူငယ်များကို ခေါ်၍ တတိယတောင်ကြားထဲသို့ ဝင်သွားလိုက်သည်။
တတိယတောင်ကြား။ တာအိုဗိမာန်တောင်ကြား။ တာအိုဖခင် နေထိုင်ကျင့်ကြံခဲ့ရာ နေရာ။ ထို့ကြောင့် ထိုတတိယတောင်ကြားက တာအိုလမ်းစဉ်၏ မြင့်မြတ်သော နေရာဖြစ်သည်။
တောင်ကြားတစ်ခုလုံး ပကတိ တိတ်ဆိတ်နေ၏။ လူရိပ်လူယောင်ကို မမြင်ရသလို လူသံသူသံကိုလည်း မကြားရပါ။
တိုက်ခတ်နေသော လေပြေတိုးသံနှင့် သစ်ရွက်သစ်ခက်လှုပ်ခတ်သံများ၊ သစ်ရွကြွေသံများ၊ သစ်ခက်ခြောက်ကျသံများ၊ ငှက်ကလေးတို့ အော်မြည်သံများ၊ စမ်းရေစီးသံများ စသည့် သဘာဝအသံများကိုသာ ကြားနေရသည်။
‘သာယာလိုက်တာ…’
တိတ်ဆိတ်မှုနှင့်အတူ သဘာဝတရား၏ ငြိမ်သက်အေးချမ်းမှုကို ခံစားမိလိုက်ကြသည်။ အားလုံး၏ ကိုယ်ရောစိတ်ရောက သဘာဝနှင့် ပေါင်းစပ်သွားသလို ခံစားလိုက်ရသည်။ တောင်ကြားထဲ ဆက်ဝင်သွားနေသော်လည်း သူတို့၏ စိတ်က တောင်ကြား၏ သဘာဝနှင့် ကပ်ငြိကာ ရပ်တန့်နေသလို ဖြစ်နေကြသည်။
ရသေ့ကြီးက လူငယ်များကို ကြည့်၍ ပြုံးနေခဲ့သည်။ သူသည်လည်း ဤတတိယတောင်ကြားသို့ ပထမဆုံး ဝင်ရောက်လာခဲ့စဉ်က ထိုကဲ့သို့ပင် ခံစားခဲ့ရသည်ပင်။ ထိုခံစားချက်မှာ ဤတတိယတောင်ကြား၏ ထူးခြားဆန်းကြယ်မှုလည်း ဖြစ်သည်။
တာအိုဖခင်က ဤတောင်ကြား၌ တာအိုကို ကျင့်ကြံ၍ တာအိုဉာဏ်ကို ရရှိခဲ့သဖြင့် တောင်ကြားထဲ၌ တာအိုဉာဏ်အငွေ့အသက် ကြွင်းကျန်ရစ်သည်ဟု ဆိုကြသည်။ ထိုအငွေ့အသက်ကို တောင်ကြားထဲ ပထမဆုံး ဝင်လာသူများက ထိတွေ့ခံစားရတတ်သည်။
ရသေ့ကြီးက လူငယ်တစ်ယောက်ချင်း၏ မျက်နှာများကို အကဲခတ်နေခဲ့သည်။
ဖန်းချင်းနှင့် ကျန်းရှီထက် နှင်းပန်းက ပိုပြီး ငြိမ်သက်အေးချမ်းနေခဲ့သည်။ နှင်းပန်းထက် ရှောင်လုံက ပို၍ ငြိမ်သက်အေးချမ်းကာ တည်ငြိမ်လေးနက်နေခဲ့သည်။
အားလုံး ဆက်လျှောက်သွားကြရင်း တောင်ကြားအတွင်းက နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ တောင်ကြားထဲတွင် နောက်ထပ် တောင်ကြားအခွဲလေးတစ်ခု ရှိနေခြင်း ဖြစ်သည်။ ထိုတောင်ကြားအခွဲ၏ အဝင်လမ်းက မကျယ်ပါ။ တောင်ကြားအဝင်ဝ တစ်ဖက်တစ်ချက်တွင် ကျားတစ်ကောင်နှင့် နဂါးတစ်ကောင်၏ ရုပ်လုံး ရှိနေသည်။
တောင်ကြားထိပ်တွင်လည်း စာတန်းတစ်ခု ရေးထားသေးသည်။
ကျားနဂါးတောင်ကြား။
ထိုအခါ ရှောင်လုံက နှင်းပန်းကို ကြည့်လိုက်မိသည်။
နှင်းပန်းကလည်း ရှောင်လုံကို ကြည့်၍ အသာခေါင်းညိတ်ပြသည်။
ထို့နောက် သူတို့နှစ်ယောက်က ထိုကျားနဂါးတောင်ကြားထဲသို့ ဝင်လာလိုက်ကြသည်။ ရသေ့ကြီးနှင့် ကျန်းရှီတို့လည်း နောက်က လိုက်ဝင်သွားကြသည်။
လုံဟူတောင်သို့ လာခဲ့ကြသည်မှာ ကျားနဂါးဂိုဏ်း၏ တပည့်လက်ခံရာ ရှေးဟောင်းနေရာသို့ လေ့လာချင်ကြ၍ မဟုတ်ပါလား။ အခု ရောက်လာခဲ့ကြပေပြီ။
တောင်ကြားလမ်းထဲ ဝင်လိုက်သည်နှင့် တောင်ကြားနံရံနှစ်ဖက်တွင် စာလုံးများ ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။
**တာအိုဆိုတာ ဘာလဲ**
‘ဒါက…’
ဤနေရာက ကျားနဂါးဂိုဏ်း၏ နေရာမဟုတ်ပါလား။ အဘယ်ကြောင့် တာအိုအကြောင်း စာရေးထွင်းထားသနည်း။ လူငယ်များက နားမလည်ဟန်ဖြင့် ရသေ့ကြီးကို ကြည့်လိုက်ကြသည်။
ရသေ့ကြီးက အသာခေါင်းခါပြပြီး ဆက်သွားရန်သာ အမူအရာပြသည်။
ရှေ့သို့ ဆက်ဝင်လာသောအခါတွင်လည်း တောင်ကြားလမ်း တစ်ဖက်တစ်ချက်က ကျောက်တောင်ကမ်းပါးတွင် စာများ ရေးထွင်းထားသည်ကို ထပ်တွေ့ရသည်။
**တာအိုဆိုတာ လိုက်လျောညီထွေမှုလား၊ လိုက်နာစောင့်ထိန်းမှုလား**
**သဘာဝနဲ့ လိုက်လျောညီထွေဖြစ်မှုဆိုတာ ဘာလဲ**
**သဘာဝကို နားလည်တယ်ဆိုတာ ဘာလဲ**
**အရာအားလုံးက တာအိုဆိုရင် သဘာဝကို ဖျက်ဆီးနေတဲ့ အဖျက်အမှောက်တွေကရော တာအိုလား**
**သဘာဝဟန်ချက်ညီမှုက တာအိုဆိုရင် သဘာဝကို ဟန်ချက်ပျက်စေတဲ့ တည်ရှိမှုတွေကရော တာအိုလား**
**ဟန်ချက်ညီမှုကို လိုက်နာရင် ဟန်ချက်မညီမှုကို ဖယ်ရှားရမှာပဲ မဟုတ်ဘူးလား**
**အရာအားလုံးက တာအိုဆိုရင် သတ်ဖြတ်ခြင်းကရော တာအို မဟုတ်ဘူးလား**
**အသက်တစ်သောင်း ရှင်သန်ဖို့ အသက်တစ်ချောင်းကို သတ်တာက ရှင်သန်ခြင်းတာအိုကို လိုက်နာတာ မဟုတ်ဘူးလား**
**အသက်တွေ သေဆုံးတာကို မသိချင်ယောင်ဆောင်တာက တာအိုနှလုံးသား ခိုင်ကြည်မှုလား။ ဒါမှမဟုတ် တာအိုနှလုံးသား ကင်းမဲ့မှုလား**
တောင်ကြားအဝင်လမ်းတစ်လျှောက် တာအိုနှင့် ပတ်သက်၍ မေးခွန်းများစွာ ရေးထွင်းထားခဲ့သည်။
တာအိုကို မေးခွန်းထုတ်ခြင်း။
ဤအရာကား အလွန်ကြီးလေးသော အကြောင်းရာများ ဖြစ်နေသည်။ ရှောင်လုံတို့ လူငယ်များမဆိုထားနှင့် ရသေ့ကြီးအတွက်ပင် ထိုမေးခွန်းများကို ဖြေရန် ခက်သည်။
ကျားနဂါးဂိုဏ်းက မည်သို့သော တည်ရှိမှုနည်း။ တာအိုဂိုဏ်း၏ မြင့်မြတ်သောနေရာတွင် နေရာတစ်ခု ရယူထားပြီး တာအိုကို မေးခွန်းထုတ်ထားသည်။
ထိုမေးခွန်းများက တာအိုဂိုဏ်းကို ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ထိုမေးခွန်းများ၏ နောက်ကွယ်တွင် အကြောင်းရာများစွာလည်း ရှိနေပုံရသည်။ ထိုအကြောင်းရာများက ဖြေရှင်းရန် ခက်ခဲသော အရာများ ဖြစ်ပုံရသည်။ သို့ဖြစ်၍လည်း ထိုကဲ့သို့ မေးခွန်းများ ရှိလာခဲ့ခြင်း ဖြစ်ပုံရသည်။
အားလုံးမှာ တိတ်ဆိတ်စွာ စဉ်းစားနေမိကြသည်။ ကျောက်နံရံပေါ်က ထိုမေးခွန်းများအတွက် သူတို့တွင် အဖြေမရှိသလို ထိုမေးခွန်းများက ဘာကြောင့် မေးထားသည်ကိုလည်း သူတို့ မသိကြပေ။ ထို့ကြောင့် စာများကို ဆက်မဖတ်ကြတော့ဘဲ တောင်ကြားထဲသို့သာ ဆက်ဝင်လာလိုက်သည်။
တောင်ကြားလမ်း၏ အဆုံးတွင် အတော်လေး ကျယ်ဝန်းသော တောင်ကြားနေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။ အဝင်လမ်းကျဉ်းပြီး အတွင်းတွင် ကျယ်ဝန်းနေသော တောင်ကြားဖြစ်နေသည်။
ထိုတောင်ကြားထဲသို့ ရောက်သည်နှင့် သူတို့အားလုံး ရှေးဆန်၍ လေးလံသော အရှိန်ဝါတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရှိန်ဝါက သူတို့၏ စိတ်ကို ဖိနှိပ်ထားသလိုမျိုး လေးလံနေခဲ့သည်။
စာတန်းကြီးတစ်ခု။
သူတို့၏ ရှေ့တည့်တည့်က မြင့်မားမတ်စောက်သော ကျောက်တောင်ကမ်းပါးကြီးပေါ်တွင် စားတန်းကြီးတစ်ခု ရှိနေခဲ့သည်။ ရှေးဆန်၍ လေးလံသော အရှိန်ဝါက ထိုစာတန်းကြီးမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ မည်မျှ ရှေးကျသော အချိန်အခါက ရေးထွင်းထားသော စာတန်းကြီးမှန်း မသိပေ။
လှပခြင်း ကြီးကျယ်ခမ်းနားခြင်းဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့သည် ထိုစာတန်းကြီးရှေ့၌ သိမ်ငယ်နေပေလိမ့်မည်။ လှပခမ်းနားခြင်းကို ကျော်လွန်သော ရှေးဆန်၍ ခက်ထန်လေးလံသော အရှိန်ဝါကြီး ရှိနေခဲ့သည်။
**ကျားနဂါးဂိုဏ်းက ကျားတွေ နဂါးတွေပဲ မွေးတယ်။ ကြက်တွေ ဝက်တွေ မမွေးဘူး**
‘ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ စကားလဲလို့…’
ထိုစာတန်းကြီးက စကားအနေဖြင့်သာ ပြင်းထန်သည် မဟုတ်သေး။ စာလုံးတစ်လုံးစီတွင် ရှေးဆန်လေးလံသော အရှိန်ဝါဖိအားများ ရှိနေခဲ့သည်။
ထိုစာတန်းကြီးကို ကြည့်ပြီး ဖန်းချင်းနှင့် ကျန်းရှီမှာ သိမ်ငယ်သွားကြသည်။ ထိုစာတန်းကြီး၏ ရှေ့တွင် သူတို့ကိုယ်သူတို့ သိမ်ငယ်သလို ခံစားသွားရသည်။
“ဟင်း…”
ရသေ့ကြီးသည်ပင် သက်ပြင်းချနေခဲ့သည်။
ရှောင်လုံနှင့် နှင်းပန်းကတော့ ထိုစာတန်းကြီးကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
‘တကယ်ကို အရှိန်ဝါရှိတဲ့ စာတွေပဲ။ ဒီစာကို ရေးခဲ့တဲ့သူက သာမန်တော့ မဟုတ်လောက်ဘူး…’
ရှောင်လုံက စာလုံးများထဲက ပြင်းထန်သော အရှိန်အဝါကို ခံစားမိနေသည်။ သူက အက္ခရာဓားသိုင်းကို လေ့ကျင့်ထားသဖြင့် ထိုစာလုံးများကို ရေးထွင်းမှု၏ နောက်ကွယ်က သိုင်းပညာစွမ်းအားကို ပိုခံစားမိနေသည်။
ထိုစာလုံးများက ကျောက်ဆစ်ကိရိယာဖြင့် ရေထွင်းထားခြင်း မဟုတ်မှန်း သိသာနေသည်။ ကျောက်ဆစ်ကိရိယာဖြင့် ထိုမျှ နက်ရှိုင်းသော စာလုံးများ ရေးထွင်းရန် မဖြစ်နိုင်ပေ။ ကျောက်နံရံပေါ်တွင် ကျောက်ဆစ်ကိရိယာမသုံးဘဲ နက်ရှိုင်းကြီးမားသော စာလုံးကြီးများကို ရေးထွင်းနိုင်ခြင်းက အမှန်ပင် ထူးခြားလေးနက်လှသည်။
‘ဓားနဲ့ ခုတ်ပြီး ရေးထားတာဆိုရင်တော့ အဲဒီစာကို ရေးတဲ့လူရဲ့ ဓားလမ်းစဉ်က မြင့်မားတဲ့ အဆင့်ကို ရောက်နေလောက်ပြီ။ ဒါပေမဲ့ ဒီစာလုံးတွေထဲမှာ ဓားအရှိန်ဝါ မရှိနေဘူး။ တိုက်ပွဲစိတ်ဆန္ဒအငွေ့အသက်တော့ ရှိနေတယ်။ ဒီစာကို ဘယ်လိုလူက ရေထားတာလဲ မသိဘူး…’
ရှောင်လုံက သူ၏ ကျောက်ဖြတ်ဓားချက်နှင့် အက္ခရာဓားသိုင်းကို ပေါင်းစပ်၍ ကျောက်နံရံတွင် စာရေးနိုင်သော်လည်း ထိုစာတန်းကြီးကဲ့သို့ ကြီးမားနက်ရှိုင်းသော စာလုံးကြီးများကို မရေးနိုင်ပေ။ ထိုစာလုံးကြီးများထဲတွင် ရှိနေသော အရှိန်ဝါမျိုးကိုလည်း မချန်ထားနိုင်ပေ။ သူ၏ တိုက်ပွဲစိတ်ဆန္ဒကလည်း ထိုစာတန်းကြီးထဲက တိုက်ပွဲစိတ်ဆန္ဒလောက် မပြင်းထန် မလေးလံပေ။
သူ၏ တိုက်ပွဲစိတ်ဆန္ဒက သားရဲများနှင့် တိုက်ခိုက်လေ့ကျင့်ပြီး ရရှိခဲ့သော တိုက်ပွဲစိတ်ဆန္ဒဖြစ်၍ အတော်လေး ခက်ထန်ကြမ်းတမ်းသည်မှာ အမှန်ပင်။ သို့သော် ထိုစာတန်းကြီးထဲက တိုက်ပွဲစိတ်ဆန္ဒအငွေ့အသက်က ဒဏ္ဍာရီလာ သားရဲကြီးများ မကောင်းဆိုးဝါးကြီးများကို တိုက်ခိုက်ပြီးမှ ရလာသော တိုက်ပွဲစိတ်ဆန္ဒမျိုး ဖြစ်နေသည်။ အငွေ့အသက်လေးမျှသာ ရှိနေသည့်တိုင် စိတ်ကို လေးလံစေနိုင်လွန်းသည်။
‘ဆရာဆိုတောင် ဒီလို မရေးနိုင်လောက်ဘူး…’
အက္ခရာဓားသိုင်းက သူ့ဆရာ၏ မူပိုင်ဓားသိုင်းပညာဖြစ်သော်လည်း သူ့ဆရာက ကျောက်ဖြတ်ဓားချက်ကို မလေ့ကျင့်ပေ။ ထို့ကြောင့် သူ့ဆရာ၏ ဓားချက်များက စွမ်းအားကြီးသော်လည်း ကျောက်တောင်နံရံပေါ်တွင် ယခုလို စာလုံးကြီးများ ရေးနိုင်စွမ်း မရှိပေ။
ထိုစာလုံးကြီးများကို ရေးထွင်းရန် မြင့်မားနက်ရှိုင်းသော သိုင်းစွမ်းအားအပြင် လျှို့ဝှက်လေးနက်သော သိုင်းနည်းစနစ်လည်း ရှိထားမှ ရပေလိမ့်မည်။
‘အဲဒါက ဘယ်လို သိုင်းစွမ်းအားမျိုးလဲ မသိဘူး။ စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ ကျားနဂါးဂိုဏ်းက တကယ်ကို သာမန် မဟုတ်ဘူး။ အဲဒီလိုဂိုဏ်းက သာမန်တပည့်တွေကို လက်မခံတာကလည်း သဘာဝတော့ ကျပါတယ်လေ…’
ရှောင်လုံက ထိုစာတန်းကြီးကို ကြည့်ရင် စိတ်ထဲ မရိုးမရွ ဖြစ်နေခဲ့သည်။ ထိုစာတန်းကြီးထဲက နက်ရှိုင်းသော အရှိန်ဝါကို ဓားချက်ဖြင့် ခုခံချေဖျက်ချင်နေသည်။ လေးလံသော တိုက်ပွဲစိတ်ဆန္ဒကို ထိပ်တိုက် ရင်ဆိုင်ကြည့်ချင်နေသည်။ ထိုကျောက်နံရံပေါ်တွင်လည်း ဓားချက်တစ်ချက်လောက် ချန်ထားချင်နေခဲ့သည်။
‘အဲဒီလို သိုင်းစွမ်းအားမျိုးနဲ့ ရင်ဆိုင်ရရင် ငါက တစ်ချက်တောင် ခုခံနိုင်မယ် မထင်ဘူး။ လူတွေကို သိမ်ငယ်သွားစေနိုင်တဲ့ သိုင်းစွမ်းအား။ စိတ်ကို လေးလံသွားစေနိုင်တဲ့ တိုက်ပွဲစိတ်ဆန္ဒ။ တကယ် အရှိန်ဝါကြီးလွန်းတယ်…’
ထို့နောက် ရှောင်လုံက စာတန်းကြီးအောက်က ကျောက်တိုင်ကြီးကို အကြည့်ရောက်သွားသည်။
ထိုကျောက်တိုင်ကြီးက ဝါးတစ်ပြန်ခန့် မြင့်ပြီး လုံးချောကြီး ဖြစ်သည်။ ကျောက်တိုင်ကြီးပေါ်တွင် မည်သည့်စာလုံးမှ မရှိနေပေ။ သို့သော် ခုတ်ရာ ထစ်ရာ ခြစ်ရာများနှင့် လက်သီးရာများ လက်ဝါးရာများ ရှိနေခဲ့သည်။ တချို့အရာများက ခပ်မြင့်မြင့်တွင် ရှိနေပြီး တချို့အရာများက ခပ်နိမ့်နိမ့်တွင် ရှိနေသည်။
‘အဲဒီကျောက်တိုင်ကြီးက ဘာအဓိပ္ပါယ်လဲ။ ဒီနေရာကို လာတဲ့သူတွေက ကျောက်တိုင်ကြီးကို အားစမ်းတဲ့အနေနဲ့ တိုက်ခိုက်ထားတာများလား။ အိုး နေဦး…”
ရှောင်လုံက ကျောက်ကမ်းပါးနံရံပေါ်က စာတန်းကြီးကို ပြန်ကြည့်မိသည်။ တစ်ချိန်တည်းမှာပင် ပီကင်းဓားသိုင်းပြိုင်ပွဲတုန်းက ဓားသိုင်းပြိုင်ပွဲဝင် ရွေးချယ်သည့် နည်းလမ်းကို သတိရသွားသည်။
‘အဲဒီ ကျောက်တိုင်ကြီးက ကျားနဂါးဂိုဏ်း ဝင်ချင်တဲ့ လူတွေရဲ့ ခွန်အားကို စမ်းသပ်တာ များလား။ ကျောက်တိုင်ကြီးကို တိုက်ခိုက်ခိုင်းပြီး ခွန်အားကို စစ်ဆေးတာများလား…’
ရှောင်လုံလည်း သူထင်မိသည်ကို တွေးနေမိလေ၏။ သို့သော်လည်း သူ့အတွေးကို သေချာသည်ဟုတော့ တထစ်ချ မမှတ်ယူပါ။
‘ဒီကျောက်တိုင်ကြီးကလည်း တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီအတိုင်း ထားတာတော့ မဟုတ်လောက်ဘူး…’
ရှောင်လုံက တွေးရင်း တောင်ကြားပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ ထိုနေရာက ရှေးဟောင်းနေရာတစ်ခု မဟုတ်ပါလား။ ရှေးဟောင်းအဖိုးတန်ပစ္စည်း တစ်ခုခုများ ရှိနေလေမလားဟု လိုက်ကြည့်ခြင်းဖြစ်သည်။
ထိုတောင်ကြားက ရှေးဟောင်းနေရာတစ်ခု မှန်သော်လည်း လူသူ ရှာမတွေ့ခဲ့သော နေရာ မဟုတ်ပေ။ လူပေါင်းများစွာ လာရောက်ဖူးကြသည့် နေရာဖြစ်နေသည်။ သို့ဖြစ်၍ ရှေးဟောင်းအဖိုးတန်ပစ္စည်း ရှိခဲ့လျှင်ပင် ရှေးကလာဖူးသော လူများက ယူသွားပြီး ဖြစ်ပေလိမ့်မည်။
‘ဘာပစ္စည်းမှကို မရှိပါလား’
တောင်ကြားထဲတွင် ရှေးဟောင်းပစ္စည်းကောင်း မဆိုထားနှင့် မြေအိုးကွဲလေးတစ်ခုပင် မရှိနေခဲ့ပေ။
ထိုစဉ် ရသေ့ကြီးက ပြောလာသည်။
“ဒီနေရာက ကျားနဂါးဂိုဏ်းရဲ့ တပည့်ရွေးချယ်တဲ့ နေရာလို့ ပြောကြတယ်။ ရှေ့က ကျောက်တိုင်ကြီးက ကျားနဂါးဂိုဏ်းရဲ့ တပည့်ဖြစ်ချင်သူတွေကို ခွန်အား စစ်ဆေးတဲ့ ကျောက်တိုင် ဖြစ်လိမ့်မယ်”
လူငယ်အားလုံး ရသေ့ကြီးကို ကြည့်လိုက်ကြသည်။ ထို့နောက် အားလုံးပြိုင်တူ မေးလိုက်ကြသည်။
“ဒီနေရာမှာ စကားပြောလို့ ရတယ်လား”
“ဟားဟား…၊ ရလိုပဲ စကားပြောနေတာပေါ့။ တောင်ကြားအဝင်လမ်းမှာ စာတွေ မေးခွန်းတွေ ရေးထားတာ တွေ့တယ်မဟုတ်လား။ ကျားနဂါးဂိုဏ်းက တာအိုကိုတောင် မေးခွန်းတွေ ထုတ်ထားမှတော့ ရှေးဟောင်းတာအိုဂိုဏ်းရဲ့ စည်းမျဉ်းတွေကိုလည်း လေးစားနေမယ် ထင်လား။ တာအိုဗိမာန်တောင်ကြားထဲမှာ ဒီလိုနေရာမျိုး ချန်ထားကတည်းက တာအိုဂိုဏ်းကို ဆန့်ကျင်နေတာနဲ့ အတူတူပဲလေ”
နှင်းပန်းက သိချင်စွာ မေးလိုက်သည်။
“ဒါဆို ကျားနဂါးဂိုဏ်းက ရှေးဟောင်းတာအိုဂိုဏ်းနဲ့ ရန်သူတွေလား ဘိုးဘိုး…”
ချယ်ရီဂိုဏ်း၏ စာကြည့်တိုက်တွင်ပင် ကျားနဂါးဂိုဏ်း၏ မှတ်တမ်းမှတ်ရာ အချက်လက်များက နည်းလှသည်။ ရှေးဟောင်းတာအိုဂိုဏ်းနှင့် ကျားနဂါးဂိုဏ်းက ရန်သူဟု မဖော်ပြထားပေ။ သို့သော် ယခု တွေ့ရသော အခြေနေများအရ ကျားနဂါးဂိုဏ်းက တာအိုကို မေးခွန်းများ ထုတ်ထားခဲ့သည်။ ၎င်းက မည်သည့်အဓိပ္ပါယ်ပါနည်း။ ရှေးဟောင်းတာအိုဂိုဏ်းကို စိန်ခေါ်နေခြင်းလော။ ဆန့်ကျင်နေခြင်းလော။
ရသေ့ကြီးက တောင်ကြားပတ်လည်ကို လှည့်ပတ်ကြည့်ပြီး ပြောသည်။
“အဲဒီလိုလည်း ဟုတ်ပုံမရဘူး။ ကျားနဂါးဂိုဏ်းကသာ ရှေးဟောင်းတာအိုဂိုဏ်းနဲ့ ရန်သူဆိုရင် ဒီလိုနေရာမျိုး ဒီမှာ ရှိနေမယ် မထင်ဘူး။ တာအိုဂိုဏ်းသားတွေက ဒီအတိုင်း ထားပေးမှာ မဟုတ်ဘူး။ မဖျက်ဆီးရင်တောင် ချိပ်ပိတ်ထားလိမ့်မယ်။ အခုတော့ ဖျက်လည်း မဖျက်ဆီးဘူး။ ချိပ်လည်း မချိပ်ပိတ်ထားဘူး။ ဒီအတိုင်း ခွင့်ပြုထားတာဆိုတော့ ရန်သူတွေလည်း ဟုတ်ပုံ မရဘူး”
အားလုံး ခဏကြာအောင် စဉ်းစားနေမိကြသည်။
“ဟိုကျောက်တိုင်ကြီးက တပည့်သစ်ရွေးဖို့ ခွန်အားစမ်းသပ်တဲ့ ကျောက်တိုင်ကြီးလား ဘိုးဘိုး”
“အိမ်း…၊ ဟုတ်လိမ့်မယ်။ ကျောက်တိုင်ကြီးပေါ်က အရာတွေက အရင်က တပည့်သစ်တွေ ချန်ထားခဲ့တာ ဖြစ်လိမ့်မယ်”
လူငယ်အားလုံး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့၏ မျက်လုံးထဲတွင် စမ်းကြည့်ချင်စိတ်များ ပြည့်နေခဲ့သည်။
ရှောင်လုံက အလွန်စမ်းကြည့်ချင်နေသဖြင့် ရသေ့ကြီးကို မေးလိုက်သည်။
“စမ်းကြည့်လို့ ရလား ဘိုးဘိုး…”
ရသေ့ကြီးက ခေါင်းညိတ်ပြပြီး အဓိပ္ပါယ်လေးနက်သော မျက်လုံးဖြင့်လည်း ကြည့်လိုက်သည်။ စိတ်ထင်တိုင်း လျှောက်မလုပ်စေချင်၍ ဖြစ်သည်။ သူ့မြေး၏ ခွန်အားအရ ထိုကျောက်တိုင်ပေါ်တွင် အရာတစ်ခုခု ချန်ထားဖို့က မခက်မှန်း ရသေ့ကြီးက သိနေသည်။ သို့သော် ထိုနေရာက ကျားနဂါးဂိုဏ်း၏ တပည့်သစ်ခေါ်ယူသည့် နေရာဖြစ်သည်။ ထိုကျောက်တိုင်ကလည်း တပည့်သစ်၏ ခွန်အားကို စစ်ဆေးသည့် ကျောက်တိုင်ဖြစ်သည်။ လျှောက်လုပ်ရန် မသင့်တော်သော နေရာ ဖြစ်နေ၍ သူ့မြေးကို သတိပေးလိုက်ခြင်း ဖြစ်သည်။
ရှောင်လုံက သူ့အဘိုး၏ အကြည့်ကို နားလည်သဖြင့် စမ်းကြည့်ချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။ ထိုအစား သူက ဖန်းချင်းနှင့် ကျန်းရှီကို ကြည့်လိုက်သည်။
“ဖန်းချင်း၊ ကျန်းရှီ၊ မင်းတို့ သွားစမ်းကြည့်ပါလား။ အဲဒါက ဘယ်လို ကျောက်တိုင်မျိုးလဲ သိချင်လို့”
“ငါတို့ စမ်းရမှာလား…”
ကျန်းရှီက မေးရင်း ဘာလို့လဲဟူသော မျက်လုံးဖြင့် ကြည့်နေသည်။ သူတို့၏ ခွန်အားမျှဖြင့် ထိုကျောက်တိုင်ကြီးကို မည်သည့်နည်းနှင့်မှ အရာထင်အောင် မလုပ်နိုင်မှန်း သိနေ၍ပင် ဖြစ်သည်။
ဖန်းချင်းကလည်း မေးသည်။
“ကျောက်တိုင်ကြီးကို ဓားနဲ့ ခုတ်ရမှာလား”
ရှောင်လုံက ဖန်းချင်းကို ကြည့်ပြီး ပြန်မေးလိုက်သည်။
“မင်းက ခေါင်းနဲ့ ပြေးတိုက်ချင်လို့လား”
“… …”
ဖန်းချင်းလည်း ဘာမှ ထပ်မပြောတော့ဘဲ ရှေ့တက်သွားလိုက်သည်။ သို့သော် ခြေလှမ်းသုံးလှမ်းသာ လှမ်းပြီး ရပ်သွားခဲ့သည်။
“ဘာလို့ ရပ်လိုက်တာလဲ”
ဖန်းချင်းက ကျောက်ကမ်းပါးနံရံပေါ်က စာတန်းကြီးကို မော့ကြည့်ပြီး ပြန်ဖြေသည်။
“ရှေ့တိုးလာတော့ အဲဒီ စာတန်းကြီးက ပိုဖိအားများလာသလိုပဲ”
“အိုး…၊ ဟုတ်လား။ ထူးဆန်းတာပဲ”
လူငယ်သုံးယောက်လုံး စိတ်ဝင်စားသွားပြီး ဖန်းချင်းနားသို့ လျှောက်သွားကြည့်လိုက်သည်။
“အဲ…၊ ဟုတ်တယ်ဟ။ ရှေ့တိုးလာရင် အဲဒီ စာတန်းကြီးရဲ့ ဖိအားကို ပိုခံစားရတယ်”
ကျန်းရှီက ပြောရင်း ရှေ့သို့ ခြေလှမ်းသုံးလှမ်း ဆက်သွားကြည့်လိုက်သည်။
“တကယ် ထူးဆန်းတယ်။ ရှေ့ကို ခြေလှမ်းတိုးလာလေ ပိုလေးလံလာလေပဲ”
ကျန်းရှီက ပြန်ပြောရင်း ကျောက်ကမ်းပါးနံရံပေါ်က စာတန်းကြီးကို မသက်မသာဖြစ်နေသော မျက်နှာဖြင့် မော့ကြည့်နေသည်။
“ကြည့်ရတာ ငါတို့အတွက်က ကျောက်တိုင်နား ရောက်အောင် သွားဖို့တောင် ခက်ခဲနိုင်တယ်။ ဒီနားမှာကို ဖိအားက တော်တော်
များနေပြီ”
“အဲဒီလောက်တောင် ဖိအားများနေတာလားဟ”
ဖန်းချင်းလည်း ရှေ့တက်လာသည်။
“အား…၊ ဟုတ်တယ်ဟ။ ငါတို့ ကျောက်တိုင်နား ရောက်အောင် မသွားနိုင်လောက်ဘူး”
ဖန်းချင်းက ပြောရင်း ရှောင်လုံတို့ကို လှည့်ကြည့်သည်။
ရှောင်လုံနှင့် နှင်းပန်းက ရှေးမတက်လိုက်လာဘဲ ခြေသုံးလှမ်းစာ နေရာ၌သာ ဆက်၍ ရပ်နေကြသည်။ သူတို့က ကျောက်ကမ်းပါးပေါ်က စာတန်းကြီးကို လေးနက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေ၏။
“သူတို့က ဘာရပ်လုပ်နေကြတာလဲ”
ဖန်းချင်းက ကျန်းရှီကို မေးသည်။
“ငါလည်း မသိဘူး။ ရှေ့ကို ဘယ်လောက် ဆက်သွားနိုင်မလဲ သိချင်မိတယ်”
“ငါလည်း သိချင်တယ်”
ထို့နောက် ကျန်းရှီနှင့် ဖန်းချင်းက ရှေ့ကို ဆက်သွားလိုက်ကြသည်။
အခန်း(၃၄၁)ပြီး
***