ရှောင်လုံနှင့် နှင်းပန်းက ရှေ့ဆက်မသွားသေးဘဲ ထိုနေရာ၌ ရပ်၍သာ ကျောက်ကမ်းပါးနံရံပေါ်က စာတန်းကြီးကို ကြည့်နေမိသည်။ အတိအကျဆိုလျှင် စာတန်းကြီးထဲမှ ကျားဟူသော စာလုံးနှင့် နဂါးဟူသော စာလုံးကို ကြည့်နေမိခြင်း ဖြစ်သည်။
ခြေသုံးလှမ်း ရှေ့တိုးလိုက်သည်နှင့် စာတန်းကြီးထဲမှ ထိုကျားဟူသော စာလုံးနှင့် နဂါးဟူသော စာလုံးတွင် မတူကွဲပြားသော အရှိန်အဝါများ ရှိနေသည်ကို အာရုံခံမိခဲ့ကြသည်။
~~မမ…၊ ဘယ်လို မြင်လဲ~~
ရှောင်လုံက နှင်းပန်းကို လျှို့ဝှက်အသံဖြင့် မေးလိုက်သည်။
~~စာလုံးနှစ်လုံးက တခြားစာလုံးတွေနဲ့ မတူတဲ့ အရှိန်ဝါတွေ ရှိနေတယ်။ မောင်လေးရော ခံစားမိလား~~
~~ခံစားမိတယ် မမ။ အဲဒီ စာလုံးနှစ်လုံးက ကျားနဲ့ နဂါးဆိုတဲ့ စာလုံးနှစ်လုံးပဲ~~
~~ဟုတ်တယ်၊ မမက နဂါးဆိုတဲ့ စာလုံးထဲမှာ ပေါ့ပါးလျင်မြန်မှုနဲ့ နက်နဲသိမ်မွေ့မှုကို သေချာ ခံစားမိနေတယ်။ မောင်လေးကရော~~
~~ကျွန်တော်က ကျားဆိုတဲ့ စာလုံးထဲက ခက်ထန်မာကျောမှုနဲ့ လေးလံတဲ့ တိုက်ပွဲစိတ်ဆန္ဒဖိအားကို ခံစားမိတယ် မမ။ အဲဒါက ကျွန်တော့သွေးတွေကိုတောင် တစ်ခုခု လှုပ်ဆော်နေသလိုပဲ~~
ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လေးနက်စွာ ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။
~~ကျားနဂါးဂိုဏ်းက ဒီလိုမျိုးတောင် အရည်ချင်းရှိတယ်။ ကျောက်ကမ်းပါးနံရံမှာ ရေးထားတဲ့ စာလုံးထဲမှာ ဒီလို အရှိန်ဝါမျိုး ချန်ထားခဲ့နိုင်တယ်။ သိုင်းလောကကြီးက တကယ်ကျယ်ပြန့်နက်ရှိုင်းတာပဲ။ အဒီစာလုံးကို ခံစားပြီး လေ့လာကြည့်ရင် တစ်ခုခုတော့ နားလည်သွားမလားပဲ~~
~~ဒီနေရာက နည်းနည်းလှမ်းနေသေးတယ်။ ရှေ့တိုးပြီး အာရုံခံကြည့်ကြမယ်~~
~~ဟုတ်ကဲ့ မမ~~
ထို့နောက် နှစ်ယောက်သား ရှေ့သို့ ခြေသုံးလှမ်း ထပ်တိုးလိုက်ကြသည်။
ထိုအခါ ကျားနှင့်နဂါး စာလုံးထဲမှ အရှိန်ဝါကို ပို၍ အာရုံခံမိလာသည်။
~~ကောင်းတယ်၊ ပိုအားကောင်းလာတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ ဆက်သွားကြည့်ရအောင် မမ~~
~~အင်း…~~
ရှောင်လုံနှင့် နှင်းပန်းက ခြေလှမ်းကိုးလှမ်းအထိလှမ်းပြီး ကျန်းရှီနှင့် ဖန်းချင်းနားသို့ ရောက်သွားကြသည်။
“မင်းတို့ ဆက်မသွားကြဘူးလား”
ရှောင်လုံက မေးရင်း ကျန်းနှင့်ဖန်းတို့၏ မျက်နှာကို အကဲခတ်သည်။ ထိုနှစ်ယောက်က စာတန်း၏ ဖိအားကို အတော်ခံစားနေရပုံပေါ်သည်။ နှစ်ယောက်လုံး နဖူးကြောကြီးများ တင်းထောင်နေပြီး မျက်နှာက နီရဲနေကြသည်။
“ဒီအထိက ငါတို့ လာနိုင်တဲ့ အကန့်သတ်ထင်တယ်။ ခြေသုံးလှမ်းတိုးတိုင်း ဖိအားက သိသိသာသာ ပိုလေးလံလာတယ်။ နောက်ထပ်ခြေသုံးလှမ်း ထပ်တိုးလိုက်ရင် ငါတို့ မခုခံနိုင်မှာ စိုးရတယ်”
ကျန်းရှီက ပြောလျှင် ဖန်းချင်းကလည်း ခေါင်းညိတ်သည်။
“မင်းတို့ရော အဲဒီဖိအားကို မခံစားရဘူးလား”
ရှောင်လုံတို့နှစ်ယောက်၏ ပုံစံက ပေါ့ပေါ့ပါးပါး ပုံစံများ ဖြစ်နေသည်။ ထိုစာတန်းကြီး၏ ဖိအားကို မည်သို့မျှ မခံစားရပုံနှင့် သက်တောင်သက်သာ ဖြစ်နေကြသည်။
“အင်း…၊ ငါတို့လည်း ခံစားရတယ်။ ဒါပေမဲ့ အဲဒါကို ဘယ်လို ချေဖျက်ရမလဲ နားလည်သွားလို့ အခု အဆင်ပြေသွားပြီ”
“ချေဖျက်လိုက်တာလား”
“အင်း…၊ ဟုတ်တယ်။ ဖိအားကို အတင်းတောင့်ပြီး မခုခံဘဲ အလိုက်သင့်ခံစားကြည့်”
“အလိုက်သင့်ခံစားကြည့်ရမှာလား”
ကျန်းရှီနှင့် ဖန်းချင်းက ရှောင်လုံကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် နှစ်ယောက်သား သူတို့ အတင်းတောင့်ခံထားသော ဖိအားကို အလိုက်သင့်ခံစားကြည့်နေလိုက်ကြသည်။
ရှောင်လုံက အသာပြုံးလိုက်ပြီး နှင်းပန်းကို မျက်ရိပ်ပြကာ ရှေ့ဆက်သွားလိုက်သည်။
နောက်ထပ် ခြေလှမ်းသုံးလှမ်း။
“အိုး…”
ဖိအားက ရုတ်တရက် မြင့်တက်လာခဲ့သည်။ ပထမခြေလှမ်းသုံးလှမ်း ဒုတိယခြေလှမ်းသုံးလှမ်းနှင့် တတိယခြေလှမ်းသုံးလှမ်းက ဖိအား သိသိသာသာ တိုးလာသော်လည်း ရုတ်တရက်ကြီး မမြင့်တက်ခဲ့ပေ။ အခု စတုတ္ထမြောက်ခြေလှမ်းသုံးလှမ်းအရောက်တွင် ဖိအားက ရုတ်တရက်ကြီး မြင့်တက်လာသည်။
ရှောင်လုံ၏ သွေးများကလည်း ပူနွေးချင်လာသည်။ ထိုအရှိန်ဝါက ရှောင်လုံ၏ သွေးများကို ဆူပွက်အောင် လုပ်နေသလိုပင်။
“တကယ်ထူးဆန်းတယ်”
နှင်းပန်းက အရှေ့နှင့်အနောက်ကို ပြန်ကြည့်ကာ တွက်ချက်ကြည့်သည်။
“ဒီနေရာကနေ ကျောက်တိုင်နားရောက်ဖို့ဆိုရင် နောက်ထပ် ခြေလှမ်း ဆယ့်ငါးလှမ်းလောက် သွားရလိမ့်ဦးမယ်”
ရှောင်လုံလည်း တွက်ကြည့်ပြီး ခေါင်းညိတ်သည်။
“အဲဒါကိုလည်း ပိုခံစားလို့ ရလာတယ်”
“ဟုတ်တယ်။ ရှေ့ဆက်သွားမလား”
“ဟုတ်ကဲ့ ဆက်သွားကြမယ်”
ထို့နောက် နှစ်ယောက်သား ပဉ္စမမြောက်ခြေလှမ်းသုံးလှမ်းနှင့် ဆဋ္ဌမမြောက်ခြေလှမ်းသုံးလှမ်းအထိ ဆက်သွားလိုက်ကြသည်။ စတုတ္ထမြောက် ခြေလှမ်းသုံးလှမ်းမှ ဆဋ္ဌမမြောက် ခြေလှမ်းသုံးလှမ်းအထိ ဖိအားများ သိသိသာသာ ပို၍ များလာသော်လည်း ရုတ်တရက်ကြီး မြင့်တက်လာခြင်းမဟုတ်ပေ။
“ကြည့်ရတာ ခြေလှမ်းကိုးလှမ်းစီမှာ တစ်ဆင့် မြင့်တက်လာတာနဲ့ တူတယ်နော်”
“ကြည့်ရတာ အဲဒီလို ဖြစ်မယ်ထင်တယ်။ ဟုတ်မဟုတ် သိရအောင် ဆက်သွားကြည့်လိုက်ကြမယ်”
“ဟုတ်ကဲ့”
နှစ်ယောက်လုံး ခြေလှမ်းပြိုင်တူ လှမ်းလိုက်ကြသည်နှင့်
ပြင်းထန်သော ဖိအားကြီးတစ်ခု ကျဆင်းလာသည်။ ခက်ထန်ကြမ်းတမ်း၍ လေးလံသော တိုက်ပွဲစိတ်ဆန္ဒ ဖိအား။
ရှောင်လုံ၏ မျက်လုံးများ တဖျပ်ဖျပ်တောက်ပ၍ လေးနက်တည်ကြည်သွားသည်။ ကိုယ်ထဲက ဆူပွက်ချင်လာသွေးများက အရှိန်အဟုန်နှင့် စီးဆင်းကုန်သည်။
ရှောင်လုံနည်းတူ နှင်းပန်းလည်း လေးနက်လျက် အာရုံစူးစိုက်သွားခဲ့သည်။ နဂါးဟူသော စာလုံးမှ နက်နဲသိမ်မွေ့၍ လျင်မြန်ပေါ့ပါးသော အရှိန်ဝါကို သိသိသာသာ ခံစားလိုက်ရသည်။
“ဟုတ်တယ်။ နောက်တစ်ဆင့် မြင့်တက်သွားတာဆိုတော့ ခြေလှမ်းကိုးလှမ်းစီမှာ ဖိအား တစ်ကြိမ်စီ တစ်ဟုန်ထိုးမြင့်တက်လာတယ်”
“အဲဒါကိုလည်း သေချာခံစားလို့ ရနေတယ်”
ထို့နောက် နှစ်ယောက်လုံး တစ်လှမ်းချင်း ရှေ့ဆက်သွားလိုက်ကြသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ဖိအားက သိသိသာသာ မြင့်တက်လာသလို ကျားနှင့်နဂါး စာလုံးမှ အရှိန်ဝါကလည်း ပို၍ သိသာထင်ရှားလာသည်။
“အဲဒီ နှစ်ယောက်…”
ကျန်းရှီနှင့် ဖန်းချင်းက ရှောင်လုံတို့ မနားတမ်း တစ်လှမ်းချင်း ဆက်လျှောက်သွားသည်ကို အံ့ဩစွာ ကြည့်နေကြသည်။ သူတို့မှာ ပထမအဆင့် ခြေလှမ်းကိုးလှမ်း၌ပင် ကြိုးစား၍ တောင့်ခံနေရသည် မဟုတ်ပါလား။
“အလိုက်သင့်ဖြစ်အောင် ခုခံချေဖျက်တဲ့နည်းက တကယ်အလုပ်ဖြစ်တယ်ထင်တယ်”
ကျန်းရှီနှင့် ဖန်းချင်းက ရှောင်လုံတို့ ရှေ့ဆက်သွားနိုင်နေသည်မှာ ဖိအားကို အလိုက်သင့်ဖြစ်အောင် ခုခံနိုင်၍ဟု ထင်သွားကြပြီး တကယ်အလုပ်ဖြစ်သည်ဟုလည်း ယုံကြည်သွားကြသည်။ ထို့ကြောင့် သူတို့လည်း အလိုက်သင့် ခုခံနိုင်အောင် ကြိုးစားကြတော့သည်။
ရှောင်လုံနှင့် နှင်းပန်းက ရှေ့ဆက်သွားလိုက်ကြီး နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်ပြီးနောက်တွင် ကျောက်တိုင်ခြေရင်းသို့ ရောက်သွားကြသည်။
“အား…”
ရှောင်လုံတစ်ယောက် တစ်ကိုယ်လုံး သွေးများ ပွက်ပွက်ဆူမတတ် ဖြစ်သွားသည်။ သူ့ကိုယ်ထဲက သွေးများ အရှိန်ပြင်းစွာ စီးဆင်းလည်ပတ်နေကြသည်။
‘အဲဒါက ဘာဖြစ်တာလဲ။ ဘာလို့ အဲဒီ အရှိန်ဝါက ငါ့ကို သွေးဆူစေတာလဲ။ ဒါက ခက်ထန်ကြမ်းတမ်းတဲ့ တိုက်ပွဲစိတ်ဆန္ဒတစ်ခုပဲ မဟုတ်ဘူးလား…’
ရှောင်လုံမှာ သူ့ကိုယ်ထဲက ပြင်းထန်မြန်ဆန်နေသော သွေးလည်ပတ်မှုကို ထိန်းညှိထားလိုက်ရသည်။
“အဆင်ပြေရဲ့လား”
နှင်းပန်းက ရှောင်လုံ၏ အခြေနေကို သတိထားမိပြီး မေးသည်။
“အဆင်ပြေတယ်။ အဲဒါက ကျွန်တော့်ကို သွေးဆူစေသလိုပဲ။ ထူးဆန်းတယ်”
“အဲဒီလို ခံစားရတာလား။ ထူးဆန်းတာပဲ”
နှစ်ယောက်သား သူတို့ရှေ့က လူနှစ်ယောက်ဖက်ခန့် ရှိသော ကျောက်တိုင်ကြီးကို မော့ကြည့်လိုက်ကြသည်။ ထိုကျောက်တိုင်ကြီးမှာ ဤနေရာတွင် နှစ်ပေါင်းမည်မျှကြာအောင် တည်ရှိနေခဲ့သည် မသိပေ။ ရှေးဆန်၍ တည်ငြိမ်ခိုင်ခံ့သော အငွေ့သက်များ ပြည့်နက်နေခဲ့သည်။ ကျောက်တိုင်ပေါ်တွင် အနိမ့်အမြင့်မတူသော ပုံစံမတူသော ခုတ်ရာ ထစ်ရာ ခြစ်ရာများနှင့် လက်သီးရာ လက်ဝါးရာများကလည်း ကျောက်တိုင်ကြီးကို ထူးခြားဆန်းကြယ်နေစေသည်။
ကျောက်တိုင်ကျောက်သားကိုပင် လက်သီးရာ လက်ဝါးရာ ထင်အောင် လုပ်နိုင်သူများက သာမန်တော့ မဟုတ်နိုင်ပေ။
ရှောင်လုံက နှင်းပန်းကို တစ်ချက်ကြည့်ပြီး ထိုနေရာ၌ ထိုင်ချကာ မျက်လုံး မှိတ်ထားလိုက်သည်။
နှင်းပန်းကလည်း နားလည်ဟန်ဖြင့် ရှောင်လုံနှင့်အတူ ထိုင်ကာ မျက်လုံးများ မှိတ်ထားလိုက်သည်။
သူတို့က ကျောက်တိုင်ကို အားစမ်းရန် စိတ်မဝင်စားနိုင်သေးပေ။ သူတို့ အာရုံခံမိနေသော ကျားနှင့်နဂါး စာလုံးမှ အရှိန်ဝါကို အလေးအနက်အာရုံစိုက်ထားလိုက်ကြသည်။ ထိုအရှိန်ဝါက သာမန် မဟုတ်နေ၍ ဖြစ်သည်။ ထိုအရှိန်ဝါထဲတွင် တစ်စုံတစ်ခု ပါဝင်နေသည်ဟု သူတို့ အာရုံခံမိနေကြသည်။
အထူးသဖြင့် ရှောင်လုံက ကျားဟူသော စာလုံးမှ အရှိန်ဝါကို အလေးနက်အာရုံခံကြည့်နေသည်။
နှစ်ယောက်လုံး မျက်လုံးမှိတ်လျက် ငြိမ်သက်သွားကြသည်။
ကြမ်းတမ်းခက်ထန်သော တိုက်ပွဲစိတ်ဆန္ဒအရှိန်ဝါ။ ရှောင်လုံက ထိုအရှိန်ဝါကို အာရုံခံနေသည်။ သိပ်မကြာလိုက်ပါ ရှောင်လုံ၏ စိတ်အာရုံထဲတွင် မှောင်မည်းနေသော အာရုံတစ်ခု ထင်ဟပ်လာသည်။ မှောင်မည်းနေသော နေရာတစ်ခုလား၊ မှောင်မည်းနေသော လောကတစ်ခုလား မသဲကွဲပါ။ ခက်ထန်ကြမ်းတမ်းသော အငွေ့သက်များနှင့် ခြောက်ခြားစရာကောင်းသော အငွေ့အသက်များ ရှိနေသည်။
ရှောင်လုံ၏ စိတ်က ထိုအမှောင်ထုထဲ ရောက်သွားသည်။ ခြောက်ခြားစရာကောင်းသော အိပ်မက်တစ်ခုကို မက်နေသလိုပင်။
ထိုအမှောင်ထုထဲတွင် တစ်စုံတစ်ခု ရိပ်ကနဲ ရိပ်ကနဲ ထင်ဟပ်လာသည်။ ထိုအခါ ရှောင်လုံ၏ သွေးများ မထိန်းချုပ်နိုင်လောက်အောင် ဆူပွက်ချင်လာတော့သည်။
‘အာဒါက ဘာကြီးလဲ…’
ရှောင်လုံမှာ အိပ်မက်ဆိုးမှ လန့်နိုးလာသူတစ်ယောက်လို ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ ထို့ကြောင့် အတွင်းအား အမြန်စုစည်းပြီး တစ်ကိုယ်လုံးကို ဖြန့်ကျက်စီးဆင်းစေလိုက်သည်။ ထိုတော့မှ ကြမ်းတမ်းစွာ ဆူပွက်ချင်နေသော သွေးကို ထိန်းချုပ်လိုက်နိုင်သည်။ ထိတ်လန့်တုန်လှုပ်နေသော စိတ်ကလည်း ငြိမ်သက်သွားသည်။
‘အဲဒါ ဘာလဲဆိုတာ ငါ မြင်ချင်တယ်…’
ရှောင်လုံက အလျှော့မပေးချင်သဖြင့် ပြန်အာရုံစိုက်လိုက်သည်။ ပို၍လည်း အာရုံစူးစိုက်လိုက်သည်။
ထိုအခါ တရိပ်ရိပ် တဖျပ်ဖျပ် ထင်ဟပ်နေသော ပုံရိပ်က ပီသရှင်းလင်းလာသည်။
လားလား…။
ရှောင်လုံတစ်ယောက် ကြက်သီးများသာမက ဆံပင်များပင် ထောင်သွားသည်။
ဧရာမကျားဖြူကြီးတစ်ကောင်။ ခုန်ပျံလှုပ်ရှား၍ ခက်ထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေသော ဧရာမကျားဖြူကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ခက်ထန်ကြမ်းတမ်းသော တိုက်ပွဲစိတ်ဆန္ဒအရှိန်ဝါက ထိုကျားဖြူကြီးထံမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
ဟိန်းသည်။ ဟောက်သည်။ လက်သည်းများဖြင့် ကုတ်သည်။ ဆွဲသည်။ ကိုက်သည်။ လေအလျင်လို ပေါ့ပါးလျင်မြန်စွာ ခုန်ပျံလှုပ်ရှားသည်။
ကျားတစ်ကောင်၏ အား၊ ကျားတစ်ကောင်၏ မာန်၊ ကျားတစ်ကောင်၏ သန်မာမှု၊ ကျားတစ်ကောင်၏ လျင်မြန်မှု၊ ကျားတစ်ကောင်၏ ခက်ထန်ကြမ်းတမ်းမှုနှင့် ကျားတစ်ကောင်၏ တိုက်ပွဲစိတ်ဆန္ဒကို ခံစားနေရသည်။
ရှောင်လုံ၏ သွေးများက ထိန်းချုပ်ထားသည့်ကြားမှ ဆူပွက်လာကာ အရှိန်ပြင်းပြင်းဖြင့် စီးဆင်းကုန်တော့သည်။
ဤတစ်ခါတွင်တော့ ရှောင်လုံလည်း သူ့သွေးဆူပွက်မှုကို မထိန်းနေတော့ပေ။ ကျားဖြူကြီး၏ တိုက်ခိုက်သတ်ပုတ်မှုကိုသာ အာရုံစိုက်၍ ကြည့်နေလိုက်သည်။ သူ့စိတ်က ထိုအာရုံထဲမှ ထွက်မရတော့ပေ။
မရှေးမနှောင်းမှာပင် ကျားဖြူကြီး၏ ပြိုင်ဘက်ကိုလည်း မြင်လာရသည်။ ကျားဖြူကြီး၏ ပြိုင်ဘက်က လူလည်း မဟုတ်ပါ။ ဆင်၊ မြင်း၊ ကျွဲ၊ နွားလည်း မဟုတ်ပါ။ နဂါးနက်ကြီးတစ်ကောင်။ ဟုတ်သည်။ ဧရာမ ကျားဖြူကြီးက နဂါးနက်ကြီးတစ်ကောင်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
နဂါးနက်ကြီး။ အမှောင်ထုထဲတွင် ပျောက်ကွယ်လုမတတ် နက်မှောင်နေသော နဂါးနက်ကြီး။
ကျားနှင့် နဂါးတိုက်ပွဲ။ ဒဏ္ဍာရီလာ သားရဲကြီးနှစ်ကောင်၏ တိုက်ပွဲ။ ထို့ကြောင့် ထိုတိုက်ပွဲမှ ထွက်ပေါ်လာသော တိုက်ပွဲစိတ်အရှိန်ဝါက မခက်ထန်မကြမ်းတမ်းလျှင် မည်သည့်တိုက်ပွဲအရှိန်ဝါက ကြမ်းတမ်းပါတော့မည်နည်း။
ရှောင်လုံ တိုက်ခိုက်လေ့ကျင့်ခဲ့သော တိုက်ပွဲများက ယခု မြင်နေရသော အာရုံမြင်ကွင်းနှင့် အလွန်ကွာခြားသည်။ သူ့ဆရာ တိုက်လိုက်လေ့ကျင့်ခဲ့သော တိုက်ပွဲအရှိန်ဝါထက်ပင် ပြင်းထန်ကြမ်းတမ်းနေသေးသည်။ ထို့ကြောင့် ရှောင်လုံ၏ တိုက်ပွဲစိတ်ဆန္ဒက ထိုကျားဖြူကြီးနှင့် နဂါးနက်တို့၏ တိုက်ပွဲအရှိန်ဝါနှင့် နှိုင်ယှဉ်မရအောင် ကွာခြားနေခဲ့သည်။
အိပ်မက်လို စိတ်အာရုံဖြစ်၍ မြင်ကွင်းများက လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုကျားဖြူကြီးနှင့် နဂါးနက်ကြီးတို့၏ တိုက်ပွဲကြောင့် သစ်တောကြီးများ ပြိုလဲကုန်သည်။ တောင်များ ပြိုကျကုန်သည်။ မြစ်ချောင်းများ ပျက်စီးကုန်သည်။
‘ကြမ်းတမ်းလွန်းတယ်…’
ရှောင်လုံမှာ ကြက်သီးမွေးညင်းများ ထကာ သွေးများ ဆူပွက်လျက် မလှုပ်နိုင် မယှက်နိုင်နှင့် တောင့်တင်းနေခဲ့သည်။ အသိစိတ်လေးတစ်ခုသာ သိနိုင် တွေးနိုင် စဉ်းစားနိုင်သည်။
‘ငါ…၊ လေ့လာရမယ်၊ ဒါက ငါ့သွေးတွေကိုတောင် ဆူပွက်စေတဲ့ တိုက်ပွဲပဲ။ ဒီတိုက်ပွဲကနေ ငါ တစ်ခုခု ရအောင် လေ့လာရမယ်…’
ရှောင်လုံလည်း သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားလျက် အမှောင်ကမ္ဘာလောကထဲက ကျားဖြူကြီးနှင့် နဂါးနက်ကြီးတို့၏ တိုက်ပွဲကို ကြည့်ကာ လေ့လာသင်ယူနေလိုက်တော့သည်။
ထိုအချိန်တွင် နှင်းပန်းကလည်း အိပ်မက်လိုလို အာရုံမြင်ကွင်းတစ်ခုထဲ ရောက်နေခဲ့သည်။
တိုက်ပွဲကြီးတစ်ခု။ နီရဲကာ ရှည်လျားလှသော ဆံပင်များ လေထဲ လွင့်လျက် သွေးရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်က ကြာပွတ်လို လက်နက်တစ်ခုကို ကိုင်ဆောင်လျက် ထောင်ချီသော ဝံပုလွေရိုင်းအုပ်ကြီးကို တစ်ယောက်တည်း တိုက်ခိုက်နေသည်။ ဝံပုလွေကြီးများက လူတစ်ရပ်ထက် မြင့်သေး၏။ မြင်းတစ်ကောင်လောက် ရှိ၏။
ထိုမျှ ကြီးမားသော ဝံပုလွေကြီးများကြားထဲတွင် အမျိုးသမီးတစ်ယောက်က တရိပ်ရိပ် လှုပ်ရှားလျက် တိုက်ခိုက်နေခဲ့သည်။
ထိုအမျိုးသမီး၏ ခုန်ပျံလှုပ်ရှားမှုများက လေပြေလို ပေါ့ပါးလျင်မြန်ပြီး ရေစီးလို ညင်သာသိမ်မွေ့သည်။ ထိုအမျိုးသမီး၏ လက်ထဲက ကြာပွတ်လို လက်နက် ဖြတ်သန်းသွားရာ လမ်းကြောင်းရှိ ဝံပုလွေတချို့မှာ ထိုလက်နက်ရိုက်ချက်ထိပြီး လွင့်စင်ထွက်ကုန်သည်။ တချို့ဝံပုလွေများမှာ ခြေလက်များ ပြတ်တောက်ထွက်ကုန်သည်။ တချို့ဝံပုလွေများမှာ ထိုလက်နက်ဖြင့် ရစ်ပတ်ဆောင့်ဆွဲခံရပြီး ခေါင်းဖြစ်စေ ကိုယ်လုံးဖြစ်စေ ထက်ပိုင်း ပြတ်ထွက်ကုန်သည်။ လက်နက်ကို ဆန့်ထုတ်လိုက်သောအခါ ဧရာမဝံပုလွေကြီး၏ ခန္ဓာကိုယ်ကို ထုတ်ချင်းခတ် ထိုးဖောက်သွားသည်။
လေထဲတွင် သွေးများက မိုးရွာသလို တဖွားဖွား လွင့်စင်နေ၏။ လေထဲက သွေးများ ထိုအမျိုးသမီးပေါ် ကျဆင်းကုန်သည်။ သူမ၏ ဆံပင်နှင့် အဝတ်စားများ သွေးများနှင့် စိုရွှဲကုန်သည်။
ထိုအမျိုးသမီး လှုပ်ရှားဟန်၊ တိုက်ခိုက်ဟန်၊ လက်နက်အသုံးပြုဟန်များက နှင်းပန်း၏ စိတ်ကို ညို့ထားသလို ဆွဲငင်ထားသည်။
နှင်းပန်းရော ရှောင်လုံရောက သူတို့ မြင်နေရသော အာရုံပုံရိပ်ထဲ နစ်မျောလျက် လေ့လာသင်ယူနေကြသည်။
ထိုအချိန်တွင် ကျန်းရှီနှင့် ဖန်းချင်းက သူတို့ ရင်ဆိုင်နေရသော ဖိအားကို ခုခံချေဖျက်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆုတ်သွားလိုက်ရသည်။ အဘယ်ကြောင့် ဆိုသော် ဖိအားက ရုတ်တရက်ကြီး ပို၍ ပြင်းထန်လာသောကြောင့် ဖြစ်သည်။
“ဖိအားက ဘာလို့ ရုတ်တရက်ကြီး မြင့်တက်လာတာလဲ”
“ငါလည်း မသိဘူး။ ရှေ့တိုးသွားမှ ဖိအား မြင့်လာရမှာ မဟုတ်ဘူးလား”
ဖိအားက ပြင်းထန်လှသဖြင့် ကျန်းရှီနှင့် ဖန်းချင်းမှာ ဖိအား မသက်ရောက်သည့် နေရာအထိ နောက်ဆုတ်သွားလိုက်ကြသည်။
ရသေ့ကြီးက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် ရှောင်လုံနှင့် နှင်းပန်းကို လေးနက်စွာ လှမ်းကြည့်နေသည်။
“ဟိုနှစ်ယောက်က အဲဒီမှာ ဘာထိုင်လုပ်နေတာလဲ။ ဖိအားတွေ ဒီလောက် ပြင်းထန်နေတာကို သူတို့က တောင့်ခံနေနိုင်တယ်လား။ ငါထင်တာသာ မမှားရင် အဲဒီ ဖိအားက ရှေ့သွားလေ ပိုကြမ်းတမ်းလေ ဖြစ်နေမယ် ထင်တယ်”
“ဒါဆို သူတို့ နေရာမှာ ဖိအားက ဘယ်လောက်အထိ မြင့်မားနေလိုက်မလဲ။ အဲဒါကို ငါ တွေးကြည့်လို့တောင် မရဘူး”
ကျန်းရှီနှင့် ဖန်းချင်းက ရှောင်လုံတို့ကို လှမ်းကြည့်ရင်း နားမလည်အောင် ဖြစ်နေကြသည်။ ရှောင်လုံနှင့် နှင်းပန်းတို့၏ ခွန်အားကိုလည်း ပို၍ ခန့်မှန်းနိုင်လာသည်။
“သူတို့က တကယ်သန်မာတာပဲ”
“အင်း…”
အချိန်က တဖြည်းဖြည်း ကုန်ဆုံးနေသည်။
တောင်ကြားထဲတွင် အရှိန်ဝါဖိအားက ပို၍ မြင့်တက်လာနေသည်။
တစ်ချိန်တည်းမှာပင် ငြိမ်သက်စွာ ထိုင်နေကြသော ရှောင်လုံနှင့် နှင်းပန်းတို့၏ အရှိန်ဝါကလည်း မြင့်တက်လာနေသည်။
ရှောင်လုံထံမှ အလွန်ခက်ထန်ကြမ်းတမ်းသော တိုက်ပွဲစိတ်ဆန္ဒအရှိန်ဝါကြီးတစ်ခု ထွက်ပေါ်နေသည်။ ထိုတိုက်ပွဲစိတ်ဆန္ဒအရှိန်ဝါက ယခင်က ရှောင်လုံ ထုတ်ဖော်အသုံးပြုခဲ့သော တိုက်ပွဲစိတ်ဆန္ဒအရှိန်ဝါထက် ပိုကြမ်းတမ်းနေပြီး ပို၍လည်း ခက်ထန်နေသည်။
နှင်းပန်းထံမှလည်း သိမ်မွေ့နက်နဲသော အရှိန်ဝါတစ်ခု ထွက်ပေါ်နေသည်။
အချိန်တစ်ခုစာ ကြာသွားပြီးနောက်တွင်တော့ တောင်ကြားထဲ ပျံ့နှံ့နေသော အရှိန်ဝါများ ငြိမ်သက်သွားခဲ့သည်။
ရှောင်လုံနှင့် နှင်းပန်းလည်း မျက်လုံး ပွင့်လာကြသည်။
တစ်ပြိုင်နက်မှာပင် မည်သည့်နေရာက ကျလာမှန်း မသိသော အထုပ်နှစ်ခုက လေထဲမှ ကျဆင်းလာသည်။
“ဝှိ ဝှစ်…”
ရှောင်လုံနှင့် နှင်းပန်းလည်း သူတို့ထံ ကျဆင်းလာသော အထုပ်ကို ဖမ်းယူထားလိုက်သည်။
“ဖျပ် ဖပ်…”
“ဘာလေးလဲမသိဘူး”
နှင်းပန်းနှင့် ရှောင်လုံက သူတို့လက်ထဲက အထုပ်ကို ကြည့်ပြီး အပေါ်သို့လည်း မော့ကြည့်သည်။ မည်သည့်နေရာက ကျလာမှန်း မသိရပေ။
ကျားနဂါးဟူသော စာလုံးမှ အရှိန်ဝါကတော့ ပျောက်ပျယ်သွားခဲ့ပြီ ဖြစ်သည်။
~~ကြည့်ကြည့်လိုက်ကြမလား မမ~~
~~အင်း ကြည့်ကြည့်လိုက်ကြတာပေါ့~~
ရှောင်လုံနှင့် နှင်းပန်းက သူတို့လက်ထဲက အထုပ်ကို ဖြေကြည့်လိုက်သည်။
ဆီစိမ်စက္ကူဖြင့် အထပ်ထပ်ပတ်ထားသော အထုပ်နှစ်ထုပ်ကို ဖြေလိုက်သောအခါ ပစ္စည်းတစ်မျိုးစီကို တွေ့လိုက်ရသည်။
“ဒါက…”
နှင်းပန်းက သူမ လက်ထဲက ပစ္စည်းကို ကြည့်ပြီး အံ့ဩနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်းက လက်နက်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုမျှ မကသေးပါ။ ထိုလက်နက်မှာ ခုနက သူမ စိတ်အာရုံထဲ မြင်ခဲ့ရသော သွေးလွှမ်းနေသော အမျိုးသမီး ကိုင်ဆောင် အသုံးပြုနေသော လက်နက်နှင့် တူနေလေ၏။
ကြာပွတ်နှင့် တူသည်ဟု ထင်ခဲ့သော ထိုလက်နက်က ယခု နှင်းပန်း၏ လက်ထဲတွင် ရောက်နေခဲ့သည်။
၎င်းမှာ ကြာပွတ်တစ်ခု မဟုတ်ပါ။ ထိုလက်နက်မျိုးကို တစ်ခါမှ မမြင်ဖူးပါ။ လက်သန်းခန့် အလုံးတုတ်သော လက်နက်က နှင်းပန်း၏ လက်ထဲတွင် ကြိုးနက်တစ်ပင်လို မြွေနက်လေးတစ်ကောင်လို ပျော့ပျောင်းစွာ ရစ်ခွေနေ၏။
‘သတ္တုနဲ့ လုပ်ထားတဲ့ လက်နက်တစ်ခုက ဒီလို ပျော့ပျောင်းနေတယ်လား…’
ထိုလက်နက်ကို မည်သည့်သတ္တုအမျိုးစားမှန်း မသိရသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ ပိုးကြိုးတစ်ပင်လို ပျော့ပျောင်းနေ၏။ ကြာပွတ်လို အရင်းတုတ်၍ အဖျားသွယ်သွားသည်မျိုးလည်း မဟုတ်ပေ။ ကြိုးတစ်ပင်နှင့် ပိုတူနေသည်။ အရင်းတွင် လက်ကိုင်ပါပြီး အဖျားတွင် ထက်မြနေသော ဆူးတပ်ထားသည်။ ကြိုးလုံးတစ်လျှောက်တွင် လက်ကိုင်အရင်းဘက်သို့ ကောက်ချိတ်နေသော ချွန်မြထက်ရှနေသော ဆူးကလေးများနှင့် ပြည့်နှက်နေသည်။
နှင်းပန်းက လက်ကိုင်ကို ကိုင်ကြည့်ကာ စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ လက်ကိုင်တွင် စာရေးထားသည်ကို တွေ့လိုက်ရသည်။
နဂါးဆူးနွယ်။
‘ဒါက ဒီလက်နက်ရဲ့ နာမည်ထင်တယ်…။ ဒါက အရမ်းပျော့ပျောင်းလွန်းနေတယ်။ ပုံရိပ်ထဲမှာ ဟိုအမျိုးသမီး အသုံးပြုနေတာကတော့ အရမ်းကို ပြင်းထန်တဲ့ လက်နက်ဖြစ်နေခဲ့တာပဲ…’
နှင်းပန်းက နဂါးဆူးနွယ်ကို ကိုင်ပြီး အသာလှုပ်ရှားကြည့်လိုက်သည်။
ပိုးကြိုးတစ်ပင် ပြေကျသွားသလို ပျော့ပြောင်းစွာ ပြေကျသွားသည်။ အရှည်က နှစ်လံခန့်သာ ရှည်သည်။
နှင်းပန်းက အနည်းငယ်စဉ်းစားပြီး နဂါးဆူနွယ်လက်နက်ထဲသို့ အတွင်းအား စီးဆင်းစေလိုက်သည်။ သူမ၏ သိုင်းအဆင့်က အကျော်မော်အဆင့်သာ ဖြစ်သော်လည်း သူမ၏ အတွင်းအားက အတော်သန့်စင်နေပြီ ဖြစ်သည်။ ထို့ကြောင့် လက်နက်ထဲသို့ အတွင်းအားစီးဆင်းစေမှုကို ကောင်းစွာ လုပ်နိုင်နေပြီ ဖြစ်သည်။
နဂါးဆူးနွယ်ထဲသို့ အတွင်းအား ပို့လွှတ်လိုက်သည်နှင့် ပိုးကြိုးတစ်ပင်လို ပျော့ပျောင်းကျဆင်းနေသော နဂါးဆူးနွယ်က အသက်ဝင်လာသော မြွေတစ်ကောင်လို လှုပ်ရှားလာခဲ့သည်။
‘ဒါက…’
နဂါးဆူးနွယ်လက်နက်က နှင်းပန်း၏ လက်ထဲတွင် အသက်ဝင်နေသလို လူးလွန့်လှုပ်ရှားနေလေ၏။ လက်နက်ပေါ်က ဆူးချိတ်များကလည်း ခွေခေါက်နေရာမှ ထောင်ထလာကြသည်။
‘ကြောက်ဖို့ကောင်းလိုက်တဲ့ လက်နက်ပါလား။ အတွင်းအား စီးဆင်းစေလိုက်တာနဲ့ လက်နက်က ငါ့နဲ့ တစ်သားတည်း တစ်ဆက်တည်း ဖြစ်နေတယ်လို့တောင် ခံစားရတယ်။ ဘယ်လို လက်နက်ပါလိမ့်။ နောက်မှပဲ သေချာ လေ့လာကြည့်ရမယ်…’
နှင်းပန်းက သူမ၏ အတွေးကို ရုတ်သိမ်းပြီး အတွင်းအား ပို့လွှတ်စီးဆင်းထားသည်ကိုလည်း ပြန်ရုပ်သိမ်းလိုက်သည်။ ထိုအခါ နဂါးဆူးနွယ်က အသက်မဲ့သွားပြီး ပိုးကြိုးလို ပျော့ပျောင်းသွားတော့သည်။
နှင်းပန်းက နဂါးဆူးနွယ်လက်နက်ကို သဘောကျဟန်ဖြင့် ပြုံးလိုက်ပြီး သူမ၏ ခါးတွင် ရစ်ပတ်ထားလိုက်လေ၏။
‘မောင်လေးက ဘာရသွားတာလဲ မသိဘူး…’
နှင်းပန်းက ရှောင်လုံကို ကြည့်လိုက်သည်။
“ဟင်…”
ရှောင်လုံက သူ့လက်ထဲက ပစ္စည်းကို ကြည့်ကာ မျက်ခုံးတွန့်နေ၏။
ရှောင်လုံ၏ လက်ထဲတွင် အဖြူတစ်ဝက် အနက်တစ်ဝက် ပေါင်းစပ်ထားသော တံဆိပ်ပြားဝိုင်းတစ်ခု ရှိနေ၏။ ယင်ယန်တံဆိပ်နှင့် ဆင်တူသော်လည်း ယင်ယန် တံဆိပ် မဟုတ်ပေ။ ကျားဖြူတစ်ကောင်နှင့် နဂါးနက်တစ်ကောင်ကို ပေါင်းစပ်ထုဆစ်ထားသော တံဆိပ်ပြားလေး ဖြစ်သည်။
တံဆိပ်ပြား၏ နောက်ကျောဘက်တွင်တော့ ‘ကျားနဂါးတိုက်ပွဲကွင်းပြင်’ဟု ရေးထားသည်။
ရှောင်လုံက ဘာတံဆိပ်ပြားလေးမှန်း မသိသော ထိုကျားနဂါးတံဆိပ်ပြားလေးကို ကြည့်ပြီး စဉ်းစားနေခဲ့လေ၏။
အခန်း(၃၄၂)ပြီး
***