နက်ရှိုင်းသော တောနက်ကြီးတစ်ခု။ လေသံ၊ ရေသံ၊ သားရဲတိရိစ္ဆာန်၏ အော်သံစသည့် သဘာဝတောတောင်တို့၏ အသံများနှင့် နေရောင် မတိုးသော တောနက်ကြီး ဖြစ်သည်။ လူသံဟူ၍က တစ်စိုးတစ်စိမျှပင် မရှိပါ။
ထိုတောနက်ကြီး အတွင်းပိုင်းတွင် လှိုဏ်ဂူကြီးတစ်ဂူရှိနေ၏။ ထိုလှိုဏ်ထဲက ကျောက်ထိုင်ဖုံကြီးပေါ်တွင် တင်ပလ္လင်ခွေပုံစံနှင့် လူရုပ်ကြီးတစ်ရုပ် ရှိနေသည်။ အလွန်လက်ရာမြောက်သော ကျောက်ရုပ်ကြီးတစ်ရုပ်ပါပေ။
ဆံပင်၊ မျက်နှာ၊ မှိတ်ထားသော မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက် အစရှိသော အစိတ်အပိုင်းများကို အနုစိတ်ပီပြင်စွာ ထုဆစ်ထားသည်။ ထိုမျှမကသေးပါ။ ခန္ဓာကိုယ်နှင့် ခြေလက်များကလည်း အလွန်အချိုးစကျလျက် အလွန်ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်ပုံစံကို ပေါ်လွင်အောင် ထုဆစ်ထားသည်။
ထိုကျောက်ရုပ်၏ ရှေ့တွင် ကျားခုံတစ်ခုံလည်း ရှိနေသည်။ ကျားခုံပေါ်တွင် ကစားလက်စ ကစားကွက်တစ်ခုကို ပုံဖော်ထားသည့် ကျားစေ့များ ရှိနေသည်။
ထိုကျောက်ရုပ်ရော ကျားခုံရော ကျားစေ့ရောက အလွန်လက်ရာမြောက်သော ကျောက်ဆစ်ပန်းပုလက်ရာတစ်ခု ဖြစ်နေသည်။ မည်သို့သော လူက ထိုမျှ လက်ရာမြောက်သော ကျောက်ဆစ်ပန်းပုလာက်ရာမျိုးကို ထုဆစ်နိုင်ပါသနည်။
ထိုစဉ် ကျားခုံပေါ်က ကျားစေ့လေးတစ်စေ့က သူ့အလိုလို လှုပ်ရှားလာခဲ့သည်။
“တစ် တစ် တစ်…”
ကျားစေ့လေး၏ လှုပ်ရှားသံက တိတ်ဆိတ်နေသော ကျောက်ဂူကြီးထဲတွင် ထင်ရှားစွာ မြည်နေသည်။
ထိုအခါ ကျောက်ရုပ်ကလည်း အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် ကျောက်ရုပ်တုက မျက်လုံးပွင့်လာခဲ့သည်။
ကျောက်ရုပ်က လှုပ်ရှားပြီး မျက်လုံးပွင့်လာခြင်းလား။ မည်သို့သော အံ့ဖွယ်ကိစ္စပါနည်း။
ပို၍ အံ့ဩဖွယ်ကောင်းသည်က ထိုကျောက်ရုပ်၏ မျက်လုံးများက ပကတိလူသားတစ်ယောက်၏ မျက်လုံးများ ဖြစ်နေခဲ့သည်။ လူတစ်ယောက်၏ မျက်လုံးဆိုသော်လည်း ကန်ရေပြင်လို တည်ငြိမ်၍ ပင်လယ်သမုဒ္ဒရာလို နက်ရှိုင်းသော မျက်လုံးတစ်စုံ ဖြစ်နေသည်။ ထို့အပြင် ထိုတည်ငြိမ်နက်ရှိုင်းမှု၏ နောက်တွင် အလွန်ခက်ထန်ကြမ်းတမ်းသော တစ်စုံတစ်ခုက အိပ်မောကျနေသကဲ့သို့ ငြိမ်သက်စွာ ပုန်းကွယ်နေလေ၏။
ထိုကျောက်ရုပ်က ကျားခုံပေါ်က လှုပ်ရှားနေသော ကျားစေ့ကို စိတ်ဝင်စားဟန်ဖြင့် ကြည့်နေခဲ့သည်။
“စိတ်ဝင်စားစရာပဲ…၊ တစ်ယောက်ယောက်က ငါချန်ထားခဲ့တဲ့ ကျားနဂါးတိုက်ပွဲကွင်းပြင် ဝင်ခွင့်တံဆိပ်ပြားတစ်ခုကို ရသွားတယ်။ ဘယ်သူများ ဖြစ်မလဲ။ တာအိုဂိုဏ်းက တပည့်ပဲလား။ ဒါမှမဟုတ် အပြင်က လူလား…”
ထိုကျောက်ရုပ်က တီးတိုးရေရွတ်လိုက်၏။ တီးတိုးရေရွတ်သံမျှသာ ဖြစ်သော်လည်း ထိုကျောက်ရုပ်၏ အသံထွက်လာသည်နှင့် နက်ရှိုင်းသော တောကြီးတစ်ခုလုံး ငြိမ်ကျသွားခဲ့သည်။ မည်သည့် သားရဲတိရစ္ဆာန်၏ အသံကိုမှ မကြားရတော့ပေ။
လှုပ်ရှားနေသော ကျားစေ့က ခဏအကြာတွင် ငြိမ်သက်သွားခဲ့သည်။
“ဟင်…၊ သူက ကျောက်တိုင်ကို မစမ်းသပ်ခဲ့ဘူးလား။ စိတ်ဝင်စားစရာပဲ”
ကျောက်ရုပ်လူက ရေရွတ်ရင်း ပြုံးလိုက်သည်။ ထိုအခါ ကျောက်ရုပ်၏ မျက်နှာကျောက်သားများ တဖတ်ဖတ် အက်ကွဲ၍ ကွာကျသွားသည်။ ကျောက်လွှာက တစ်လက်မခန့် ထူသည်။ ကွာကျသွားသော ကျောက်လွှာ၏ အောက်တွင် ဝါကြန့်အသားအရေနှင့် အလွန်ဟိတ်ဟန်မာန်ကြီးသော လူကြီးတစ်ယောက်၏ မျက်နှာကြီး ပေါ်ထွက်လာခဲ့သည်။
“ဖတ်ဖတ်ဖတ်…”
တစ်ဆက်တည်းမှာပင် ထိုလူကြီးက အသာလှုပ်ရှားလိုက်သောအခါ တစ်ကိုယ်လုံးပေါ်က ကျောက်သားများ အက်ကွဲ၍ ပြုတ်ကျသွားကြသည်။
ထို့နောက် ထိုလူကြီးက တဖြည်းဖြည်း ထရပ်လိုက်သည်။
သွေးနီရောင် ဆံပင်မုတ်ဆိတ်များနှင့် ဧရာမလူကြီးတစ်ယောက်။ ခါးတွင် သားရေစတစ်ခု ပတ်ထားရုံကလွဲ၍ အဝတ်စားမဝတ်ထားပါ။ ထိုလူကြီး၏ ပုံစံကား လူတစ်ယောက်မှ ဟုတ်ပါလေစဟုပင်ထင်မှတ်ရသည်။ အရပ်ကြီးက မြင့်မားနေခဲ့ပြီး ခန္ဓာကိုယ်၊ ခြေတံလက်တံများနှင့် အရိုးအဆစ်ကြွက်သားများက ကျောက်စိုင်ကျောက်သားများလို ကြံ့သန်မာလွန်းနေသည်။ သက်ရှိကျောက်ဆစ်ပန်းပုလက်ရာကြီး တစ်ခုသဖွယ် ဖြစ်နေ၏။
လူသား တစ်ယောက်လော။ သို့တည်းမဟုတ် သားရဲကြီးတစ်ကောင်များလော။
“ကျားပေါက်လေးကို တိုက်ပွဲကွင်းပြင်ကနေ သွားကြိုနေရတော့မှာပေါ့”
ထိုလူကြီးက ခြေဗလာဖြင့် ထိုလှိုဏ်ဂူကြီးထဲမှ ထွက်သွားခဲ့လေ၏။
—————
ကျားနဂါးတိုက်ပွဲကွင်းပြင်။
ထိုအရာကား မည်သည့် အရာပေနည်း။ မည်သည့် အဓိပ္ပါယ်ပါနည်း။
တံဆိပ်ပြားပေါ်က စာကို ကြည်ပြီး ရှောင်လုံရော နှင်းပန်းရော နားမလည် ဖြစ်နေကြသည်။
~~အဲဒါက ဘာလဲဆိုတာ မမလည်း မသိဘူး။ အရင်ဆုံး သိမ်းထားလိုက်ဦး~~
~~ဟုတ်ကဲ့ မမ~~
ရှောင်လုံလည်း တံဆိပ်ပြားကို သိမ်းထားလိုက်သည်။
ထိုစဉ် ဖန်းချင်းနှင့် ကျန်းရှီက ရှောင်လုံတို့အနားသို့ ရောက်လာသည်။
“မင်းတို့ အဆင်ပြေကြရဲ့လား။ ခုနက ဖိအားတွေ ရုတ်တရက်ကြီး ပြင်းထန်လာတယ်”
ရသေ့ကြီးလည်း ရောက်လာသည်။ ရသေ့ကြီးက နှင်းပန်း၏ ခါးတွင် ပတ်ထားသော နဂါးဆူးနွယ်ကို တစ်ချက်ကြည့်သည်။ သို့သော် မည်သည့်မေးခွန်းမှ မမေးခဲ့ပေ။ ရသေ့ကြီးကိုယ်တိုင်လည်း လေထဲက အရာဝတ္ထုနှစ်ခု ရုတ်တရက် ကျလာသည်ကို နားမလည်သောကြောင့် မေးနေလည်း အဖြေမရနိုင်သည်ချင်း အတူတူ မမေးနေတော့ခြင်း ဖြစ်သည်။ သိုင်းလောကတွင် လျှို့ဝှက်ဆန်းကြယ်သော ကိစ္စများက ရှိတတ်သည်ပင်။
“ကျန်းရှီ၊ ဖန်းချင်း…၊ အခု ဖိအား မရှိတော့ဘူးဆိုတော့ မင်းတို့ စမ်းကြည့်လို့ ရပြီ”
ရှောင်လုံက ပြောရင်း ကျောက်တိုင်ကြီးရှေ့က ဖယ်ပေးသည်။ နှင်းပန်းလည်း အသာ ဖယ်ပေးသည်။
ရှောင်လုံ၏ စကားကြောင့် ကျန်းရှီနှင့် ဖန်းချင်းက သူတို့ မေးချင်သည်များကို ဆက်မမေးနိုင်တော့ဘဲ ကျောက်တိုင်ကြီးကိုသာ ကြည့်လိုက်ကြသည်။
“ကျောက်တိုင်ကြီး မာတော့ မာမယ့်ပုံပဲ”
“ကျောက်တိုင်ပါဆိုမှတော့ မာမှာပဲပေါ့ဟ”
“အေးလို့။ ဒါတောင် ခုတ်ရာထစ်ရာတွေ လက်သီးလက်ဝါးရာတွေ ထင်နေသေးတယ်။ စမ်းကြည်ရသေးတာပေါ့”
ဖန်းချင်းနှင့် ကျန်းရှီက ဓားများ ဆွဲထုတ်လိုက်ကြသည်။
“ရွှမ်း…၊ ရွှမ်း…”
ထို့နောက် မာန်သွင်း၍ ဓားချက်တစ်ချက်စီ ထုတ်ဖော်ခုတ်ပိုင်းလိုက်သည်။
“ဝှစ် ဝှစ်…”
“ချွမ်း ချွမ်း…”
ဓားနှင့် ကျောက်တိုင် ထိသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မီးများလည်း ပွင့်ထွက်သွားသည်။ သို့သော် ကျောက်တိုင်ကြီးတွင် အရာပင် မထင်သွားခဲ့ပေ။
“တော်တော်ကို မာတယ်ဟ”
“ဟုတ်တယ်။ မာလွန်းတယ်။ ဒီထက် အားစိုက်ခုတ်ရင်လည်း အရာထင်မှာ မဟုတ်ဘူး။ ငါတို့ ဓားတွေပဲ ပွန်းပဲကုန်လိမ့်မယ်”
ကျန်းရှီနှင့် ဖန်းချင်းက သူတို့၏ ဓားသွားကို စစ်ဆေးရင်း ပြောကြသည်။
ရှောင်လုံကလည်း ခေါင်းညိတ်သည်။ ထိုကျောက်တိုင်ကြီးက အမှန်ပင် မာကျောလှသည်။ သို့သော် ထိုမျှ မာကျောသော ကျောက်တိုင်ကြီးပေါ်တွင် အရာထင်အောင် ခုတ်ထစ်ထိုးနှက်နိုင်ခြင်းက သာမန်အတိုင်း ထိုးနှက်တိုက်ခိုက်ခြင်းတော့ ဟုတ်ပုံမရပေ။
ကျားနဂါးဂိုဏ်း၏ တပည့်သစ်ခေါ်ယူရန် စမ်းသပ်သည့် နေရာဖြစ်လျှင် ခွန်အားတစ်ခုတည်းကို စမ်းသပ်ခြင်းဆိုလျှင် ရိုးရှင်းလွန်းနေပေလိမ့်မည်။
“တစ်ခုခု တွေးမိလို့လား”
နှင်းပန်းက မေးလာသည်။
“ကြည့်ရတာ ခွန်အားကို စစ်ဆေးတာသက်သက်တော့ မဟုတ်ဘူး ထင်တယ်။ ဒါက ရှေးဟောင်းကျားနဂါးဂိုဏ်းရဲ့ စစ်ဆေးမှုဆိုတော့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုတော့ ရှိလိမ့်မယ်။ ဒီကျောက်တိုင်ကြီးရဲ့ မာကျောမှုကလည်း ခွန်အားသက်သက်နဲ့ အရာထင်အောင် လုပ်နိုင်မယ့် ကျောက်တိုင်မျိုး မဟုတ်နေဘူး”
ရှောင်လုံ၏ စကားကြောင့် နှင်းပန်းက အသာခေါင်းညိတ်သည်။
“ဘိုးဘိုးရော တစ်ခုခု သိထားသေးလား”
ရသေ့ကြီးက ခေါင်းခါသည်။
“ဘိုးဘိုးလည်း မသိဘူး။ ဒီနေရာနဲ့ ဒီကျောက်တိုင်က ကျားနဂါးဂိုဏ်းရဲ့ စမ်းသပ်စစ်ဆေးတဲ့ နေရာလို့ပဲ သိထားတယ်။ နောက်ကွယ်က လျှို့ဝှက်ချက်ကို မသိဘူး။ ကြည့်ရသလောက်ဆိုရင် ဘိုးဘိုးလည်း လူလေး ပြောသလိုပဲ တွေးမိတယ်။ ဒီကျောက်တိုင်ကို ခွန်အားသက်သက်နဲ့တော့ အရာထင်အောင် မလုပ်နိုင်လောက်ဘူး”
“ခွန်အားသက်သက်ကို စစ်ဆေးတာ မဟုတ်ဘူးဆိုတော့ ဘာကို စစ်ဆေးတာလဲ”
“စိတ်ဓာတ်ကို စစ်ဆေးတာများလား”
တချို့သော သိုင်းဂိုဏ်းများက တပည့်အဖြစ် ခေါ်ယူရန် သိုင်းပညာ အခြေခံကိုသာမက စိတ်ဓာတ် အခြေခံနှင့် ကြိုးစားအားထုတ်မှုကိုပါ စစ်ဆေးတတ်ကြသည် မဟုတ်ပါလား။
“ဒါဆို ကျောက်တိုင်ကို အရာမထင်မချင်း ခုတ်ပစ်ရမယ်လို့ ဆိုလိုတာလား။ အဲဒီလို ဆိုရင်တောင် တော်ရုံခွန်အားနဲ့တော့ လုပ်နိုင်မှာ မဟုတ်ဘူး”
ကျန်းရှီက ပြောရင်း ဖန်းချင်းကို ကြည့်သည်။
ဖန်းချင်းကလည်း ခေါင်းညိတ်သည်။ သူတို့တွင် သေသေကြေကြေ တိုက်စရာရှိလျှင် သေသည်အထိ တိုက်ခိုက်လိုသော စိတ်ဓာတ်ပြင်းထန်ခိုင်မာမှုများ ရှိသော်လည်း သူတို့၏ ခွန်အားအရတော့ ကျောက်တိုင်ကြီးကို အရာထင်အောင် ခုတ်ထစ်နိုင်စွမ်း မရှိပေ။ သူတို့၏ ဓားများသာ ပျက်စီး၍ လက်များသာ ဒဏ်ရာရသွားပေလိမ့်မည်။
စိတ်ဓာတ်ခိုင်မာမှုနှင့် ကြိုးစားအားထုတ်မှုသည် အရေးကြီးသော်လည်း သူ့အတိုင်းတာနှင့်သူတော့ ရှိသည်သာ။
“တချို့ဂိုဏ်းတွေက သိုင်းပညာအခြေခံ၊ စိတ်ဓာတ်အခြေခံနဲ့ ကြိုးစားအားထုတ်မှုအပြင် သိမြင်နားလည်မှုကိုလည်း စစ်ဆေးတတ်ကြသေးတယ်။ ဒါပေမဲ့ သိမြင်နားလည်မှုကို စစ်ဆေးတာက မေးခွန်းတွေ မေးပြီး စစ်ဆေးတာမျိုး၊ နားလည်ရခက်တဲ့ ကိစ္စကို ကိုယ်ပိုင်အတွေးနဲ့ စဉ်းစားဆင်ခြင်ခိုင်းတာမျိုးတွေပဲ စစ်ဆေးကြတာပါ။ အခုက ကျောက်တိုင်ကြီးမှာ အရာထင်အောင် လုပ်ရမှာဆိုတော့ သိမြင်နားလည်မှုကို စစ်ဆေးတာနဲ့လည်း မတူဘူး”
နှင်းပန်းက မျက်ခုံးတွန့်သွားသည်။
“မေးခွန်းတွေ မေးတာ။ တောင်ကြားအဝင်မှာ တာအိုကို မေးခွန်းထုတ်တာတဲ့ စာတွေ အများကြီး ရှိတယ်။ အဲဒါက တာအိုကို မေးခွန်းထုတ်ထားတာဆိုပေမဲ့ တပည့်သစ်စစ်ဆေးမှုနဲ့ တစ်ခုခုတော့ ပတ်သက်နေမယ်ထင်တယ်”
နှင်းပန်း၏ စကားကြောင့် ရသေ့ကြီးလည်း အတွေးနက်သွားရသည်။
“တာအိုကို မေးခွန်းထုတ်ထားတာက တပည့်သစ်စစ်ဆေးမှုနဲ့ ပတ်သက်နေတယ်ဆိုရင် အဲဒါက တပည့်သစ်ရဲ့ တာအိုနှလုံးသားကို စစ်ဆေးတာများ ဖြစ်နေမလား”
ကျန်းရှီ၏ မျက်လုံးများ တောက်ပသွားသည်။
“တာအိုနှလုံးသားကို စစ်ဆေးတာလား။ အဲဒါ ဖြစ်နိုင်တယ်။ မေးခွန်းတွေထဲမှာလည်း တာအိုနှလုံးသား ခိုင်ကြည်တာလား၊ တာအိုနှလုံးသား ကင်းမဲ့တာလားဆိုတဲ့ မေးခွန်းတစ်ခုတောင် ပါသေးတယ်။ ဒါပေမဲ့ အဲဒီတာအိုနှလုံးသားဆိုတာက ဘာများလဲ ဆရာကြီး”
ရသေ့ကြီးက မပြောခင် နှင်းပန်းကို တစ်ချက်ကြည့်သည်။
“ဒါက တာအိုလမ်းစဉ်မှာ ပြောတဲ့ စကားပါ။ တာအိုဆိုတာ လမ်းစဉ်လို့ ပြောခဲ့တယ်။ အရာအားလုံးက တာအိုဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်။ တာအိုကို ကျင့်ကြံတယ်ဆိုတာ သဘာဝတစ်ခုကို နားလည်အောင် စတင်ကျင့်ကြံရတယ်လို့လည်း ပြောခဲ့တယ်။ အဲဒါက တာအိုပညာကို ကျင့်ကြံခြင်းပါ။ တာအိုလမ်းစဉ်များစွာထဲကမှ လမ်းစဉ်တစ်ခုကို ခိုင်မာမြဲမြံစွာ လက်ခံယုံကြည်ပြီး လိုက်နာကျင့်ကြံတာ လက်ခံယုံကြည်ထားတဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းတာကိုတော့ တာအိုနှလုံးသား ကျင့်ကြံခြင်းလို့ ခေါ်တယ်”
ရသေ့ကြီးက ပြောရင်းနှင့် သူကိုယ်တိုင် နားလည်လာဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။
“နားလည်ပြီ။ ဒီကျောက်တိုင်ကြီးက ဂိုဏ်းသားသစ်ရဲ့ တာအိုပညာကိုရော တာအိုနှလုံးသားကိုရော စစ်ဆေးတာ ဖြစ်လိမ့်မယ်”
ကျန်းရှီက တစ်ခုခု နားလည်သွားဟန်ဖြင့် ပြောသည်။
“တာအိုပညာနဲ့ တာအိုနှလုံးသားကို စစ်ဆေးတာဆိုရင် တာအိုကို မလေ့ကျင့်ဖူးတဲ့ လူတွေအတွက် ဒီစစ်ဆေးမှုကို ဘယ်လိုမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒါကြောင့် ကျားနဂါးဂိုဏ်းရဲ့ တပည့်ခေါ်တဲ့ နေရာကို တာအိုတောင်ကြားမှာ ထားတာကိုး။ ခွန်အားသက်သက်နဲ့ ဒီကျောက်တိုင်ကြီးကို ဘာမှ မလုပ်နိုင်တာ မထူးဆန်းတော့ဘူး”
ရသေ့ကြီးက မုတ်ဆိတ်ကို အသာပွတ်၍ ခေါင်းညိတ်သည်။
“ဟုတ်လိမ့်မယ်။ ဒါပေမဲ့ တာအိုပညာဆိုတာကလည်း သိုင်းပညာနဲ့ ဆက်စပ်မှု ရှိနေတော့ သိုင်းပညာကို လေ့ကျင့်ထားတဲ့ ခွန်အားနဲ့လည်း တိုက်ခိုက်နိုင်လိမ့်မယ်။ တာအိုနှလုံးသားကတော့ ထူးခြားတယ်။ အဲဒါက တာအိုလမ်းစဉ်တစ်ခုကို ခိုင်ကြည်မြဲမြံတဲ့ စိတ်တဲ့ လျှောက်လှမ်းပြီးမှ ရလာတတ်တာမျိုးပဲ။ သိုင်းနှလုံးသားနဲ့တောင် မတူဘူး”
“တကယ်ကြီးကျယ်တဲ့ ကျားနဂါးဂိုဏ်းပဲ။ ဒါကြောင့် ကျားတွေနဂါးတွေကိုပဲ မွေးတယ်၊ ကြက်တွေဝက်တွေကို မမွေးဘူးလို့ ပြောထားတာကိုး”
ဖန်းချင်းက ပြောရင်း မချိတင်ကဲ ဖြစ်နေလေ၏။
ကျန်းရှီကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်။ တကယ်ကြီးကျယ်တယ်။ တော်သေးတာပေါ့။ ဒီစစ်ဆေးစမ်းသပ်မှုက တာအိုတောင်ကြားမှာ ရှိနေလို့။ သိုင်းလောကထဲမှာသာ ရှိနေရင် သိုင်းလောကသားတွေကို သိမ်ငယ်စေမလား မသိဘူး”
ရှောင်လုံနှင့် နှင်းပန်းကတော့ တည်ငြိမ်စွာ ပြုံးနေလေ၏။ တာအိုပညာလား။ တာအိုနှလုံးသားလား။ သူတို့က စိတ်ထဲ မထားပေ။ သူတို့မှာ သူတို့ ယုံကြည်မှုနှင့် သူတို့ လျှောက်လှမ်းမှု ရှိသည်။ နှင်းပန်းက သိုင်းပညာကို ခုံမင်၍ သိုင်းပညာကို သိမြင်နားလည်နိုင်စွမ်း မြင့်မားသော သိုင်းနှလုံးသား ရှိသည်။ ရှောင်လုံအတွက်ကတော့ ပို၍ပင် ရိုးရှင်းနေသေးသည်။ သိုင်းပညာက သူ၏ စိတ်ဝင်စားရာ သိုင်းပညာက သူ၏ ပျော်ရွှင်မှု ဖြစ်သည်။ တာအိုပညာနှင့် တာအိုနှလုံးသားကို သူက သိုင်းပညာလောက် စိတ်မဝင်စားပေ။
ရသေ့ကြီးက သူ့မြေးနှစ်ယောက်၏ တည်ငြိမ်မှုကို မြင်လျှင် ကျေနပ်စွာ ပြုံးသည်။ တာအို၌ပင် လမ်းစဉ်များစွာ ရှိပြီး ဖြစ်သည်။ သို့ဆိုလျှင် သိုင်းလမ်းစဉ်ကို တာအိုလမ်းစဉ်များထဲက တစ်ခုမဟုတ်ဟု မည်သူ ပြောနိုင်ပါသနည်း။ သူ့မြေးနှစ်ယောက်က တာအိုလမ်းစဉ်ကို မသိကြသော်လည်း သိုင်းလမ်းစဉ်ကိုတော့ ရှင်းလင်းစွာ သိနေကြပြီ မဟုတ်ပါလား။ သိုင်းလမ်းစဉ်ပေါ်သို့ ခြေချနေပြီ မဟုတ်ပါလား။ ထိုမျှဖြင့် လုံလောက်ပေပြီ။
“ကိုင်း…၊ ဒီလိုဆိုမှဖြင့် ခရီးဆက်ကြစို့ရဲ့”
“ဟုတ်ကဲ့ ဘိုးဘိုး…”
အားလုံး တောင်ကြားထဲက ပြန်ထွက်ဖို့ လုပ်ကြသည်။ ထိုစဉ် ကျန်းရှီက ရှောင်လုံကို ပြောလိုက်သည်။
“ရှောင်လုံ…၊ မစမ်းကြည့်တော့ဘူးလား။ စမ်းကြည့်ပါလား။ မင်းရဲ့ ခွန်အားနဲ့ဆို တစ်ခုခု လုပ်နိုင်လောက်တယ်”
ဖန်းချင်းကလည်း ရှောင်လုံကို လေးနက်စွာကြည့်၍ ခေါင်းညိတ်ပြသည်။
သူတို့က ရှောင်လုံ၏ ခွန်အားကို အတိအကျမသိသော်လည်း သာမန်မဟုတ်ကြောင်းကိုတော့ အတော်လေး ခန့်မှန်းမိနေကြပြီ ဖြစ်သည်။
“ငါ စမ်းကြည့်ရမှာလား။ စိတ်မဝင်စားဘူး။ သွားကြစို့”
ရှောင်လုံက ပြောပြီး ထိုနေရာမှ ထွက်သွားလေ၏။
နှင်းပန်းက သူ့မောင်လေးကို ကြည့်၍ ပြုံးလိုက်ပြီး သူမလည်း နောက်က လိုက်သွားခဲ့သည်။
ကျန်းရှီနှင့် ဖန်းချင်းလည်း ဘာမှ မတတ်နိုင်ဘဲ နောက်က လိုက်သွားကြသည်။
‘လူလေးက ပိုပြီး တည်ကြည်လာပြီပဲ…’
ရသေ့ကြီးကိုယ်တိုင်ပင် သူ့မြေး၏ ခွန်အားကို မြင်ချင်မိသည်။ သို့သော်လည်း ကျားနဂါးဂိုဏ်းလို လျှို့ဝှက်ဆန်းကြယ်ပြီး မရှင်းလင်းသော နေရာတွင် ခွန်အား ထုတ်ပြနေမှာကိုတော့ ရသေ့ကြီးက မလိုလားပေ။
ရှောင်လုံအတွက်ကတော့ ထိုရှေးဟောင်းကျောက်တိုင်ကြီးမှာ ကျောက်တိုင်ကြီးတစ်ခုထက် မပိုပေ။ သူ၏ ကျောက်ဖြတ်ဓားချက်က အဆုံးမဲ့ဓားကျင့်စဉ်ဟူသော ဓားလမ်းစဉ်မှ ဖြစ်တည်လာသော ဓားချက်ဖြစ်သည်။ သူသာ ခွန်အားလုံလောက်လျှင် ကျောက်တုံးဖြစ်စေ ကျောက်တိုင်ဖြစ်စေ အကုန်ခုတ်ဖြတ်ပစ်နိုင်သည်ဟု ယုံကြည်ထားသည်။ ဤကား ဓားလမ်းစဉ်ပင် ဖြစ်သည်။ ဓားလမ်းစဉ်မှ လာသော ဓားချက်တို့သည် ခွန်အားသက်သက်ဖြင့် လေ့ကျင့်ထားသော ဓားချက် မဟုတ်ပေ။ ဓားစိတ်ဆန္ဒ၊ သိမြင်နားလည်မှု၊ ယုံကြည်မှု၊ အကြိမ်ကြိမ်လေ့ကျင့်မှုနှင့် ဓားလမ်းစဉ်ပေါ်တွင် အခြေခံ၍ ဖြစ်တည်လာသော ဓားချက် ဖြစ်သည်။ ထို့ကြောင့် ထိုကျောက်တိုင်ကို အရာထင်အောင် ခုတ်ပိုင်းဖို့က ရှောင်လုံအတွက် စိတ်ဝင်စားဖို့ မကောင်းနေပေ။ နောက်တစ်ချက်မှာ သူက ကျားနဂါးဂိုဏ်း၏ တပည့်ဖြစ်ရန်လည်း စိတ်မဝင်စားသောကြောင့် ဖြစ်သည်။ သူ ဤနေရာသို့ လာခဲ့ခြင်းမှာ ရှေးဟောင်းနေရာတစ်ခုဟူ၍ လာခဲ့ခြင်း ဖြစ်ပြီး ရှေးဟောင်းပစ္စည်းကောင်းတစ်ခုခု တွေ့ရလေမလားဟု လာခဲ့ခြင်းလည်း ဖြစ်သည်။ ကျားနဂါးဂိုဏ်း၏ တပည့်ဖြစ်ချင်၍ မဟုတ်ပေ။
သို့သော်လည်း ကျားဟူသော စာလုံးမှ ခက်ထန်ကြမ်းတမ်းသော တိုက်ပွဲစိတ်ဆန္ဒအရှိန်ဝါကိုတော့ သူက စိတ်ဝင်စားခဲ့သည်။ ထိုတိုက်ပွဲစိတ်ဆန္ဒအရှိန်ဝါက သူ့ကို သွေးဆူစေခဲ့သည်။ ထို့ကြောင့် လေ့လာကြည့်ခဲ့သည်။ ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခုကို မြင်ခဲ့ရပြီး ကျားဖြူနှင့် နဂါးနက် ဒဏ္ဍာရီသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲကို မြင်ခဲ့ရသည်။ လေ့လာခဲ့ရသည်။ ထိုမျှနှင့်ပင် သူ့အတွက် အလွန်ကျေနပ်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ ထိုဒဏ္ဍာရီသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲမြင်ကွင်းကို လေ့လာပြီး သူ၏ တိုက်ပွဲစိတ်ဆန္ဒက တိုးတက်လာခဲ့သည် မဟုတ်ပါလား။
အဆုံးတွင် ဘာမှန်းမသိသော တံဆိပ်ပြားလေးတစ်ခုကိုပင် ရရှိခဲ့သေးသည်။
ခဏအကြာတွင် ရှောင်လုံတို့အားလုံး ကျားနဂါးတောင်ကြားအပြင်သို့ ရောက်လာခဲ့ကြသည်။
အပြင်ရောက်သည်နှင့် ရှောင်တို့ လူငယ်များက ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ကြသည်။
တာအိုဗိမာန်ကို လိုက်ရှာနေကြခြင်း ဖြစ်သည်။
ရသေ့ကြီးက လူငယ်များကို ကြည့်၍ ပြုံးနေခဲ့သည်။
တာအိုဗိမာန်ဆိုသည်မှာ အဆောက်ဦးတစ်ခု မဟုတ်ပေ။ တိတ်ဆိတ်ငြိမ်သက် တာအိုဉာဏ်အငွေ့အသက်များ ပျံ့နှံ့တည်ရှိနေသော ဤတောင်ကြားတစ်ခုလုံးသည် တာအိုဗိမာန် ဖြစ်နေသောကြောင့် ဖြစ်သည်။
ရှောင်လုံတို့က တောင်ကြားထဲ တာအိုဗိာန်ကို လိုက်ရှာကြည့်ပြီး မတွေ့သည့်အဆုံးတွင် နားမလည်ဟန်ဖြင့် ပြန်လည့်လာကြသည်။
‘တာအိုဗိမာန်က ဘယ်မှာလဲ’ဟူသော မေးခွန်းထုတ်သော မျက်လုံးများဖြင့် ရသေ့ကြီးကို ကြည့်နေကြသည်။
ရသေ့ကြီးက ပြုံး၍ တောင်ကြားတစ်ခုလုံးက တာအိုဗိမာန်ပါပဲဟူသော အဓိပ္ပါယ်ဖြင့် လက်ယမ်းပြသည်။
ထိုတော့မှ လူငယ်များလည်း သဘောပေါက်သွားကြပြီး ပြုံးစိစိ ဖြစ်ကုန်သည်။
လောက၌ တချို့စကားလုံးများ၏ အဓိပ္ပါယ်က လူတို့၏ အတွေး၊ လူတို့၏ သိမှတ်ထားမှုနှင့် ကွဲလွဲနေတတ်သည်။ တာအိုဗိမာန်သည် အဆောက်ဦးတစ်ခု မဟုတ်ဘဲ တောင်ကြားတစ်ခု ဖြစ်နေခဲ့သည်။
ထိုနောက် အာလုံး တောင်ကြားထဲမှ ပြန်ထွက်လာခဲ့လိုက်ကြသည်။
တောင်ကြားအပြင်ရောက်သည်နှင့် ရှောင်လုံက ရယ်သည်။
“ဟီးဟီး…၊ တာအိုဗိမာန်က တောင်ကြားကြီး ဖြစ်နေတာကိုး။ ဗိမာန်ကြီးတစ်ခုလို့ ထင်နေတာ”
“ဟုတ်တယ်လို့။ ငါလည်း အဲဒီလို ထင်နေတာ”
ရသေ့ကြီးက လူငယ်များကို ပြုံး၍ ကြည့်နေခဲ့သည်။ ထို့နောက် ကောင်းကင်သို့ မော့ကြည့်သည်။
“ကိုင်း…၊ ခရီးဆက်ကြစို့ရဲ့။ ဒီည သိပ်နောက်မကျခင် ဖူကျိုးမြို့ကို အရောက်သွားလိုက်ကြမယ်”
“ဟုတ်ကဲ့…”
ရသေ့ကြီးက တာအိုဗိမာန်တောင်ကြားကို ရိုသေလေးစားစွာ အရိုသေပေးပြီးနောက် လူငယ်များကို ခေါ်၍ ခရီးဆက်ထွက်ခဲ့သည်။
ဖူကျိုးမြို့။
လုံဟူတောင်နှင့် မဝေးလှသောကြောင့် ဖူကျိုးမြို့တွင် တာအိုဝါဒ လက်ခံယုံကြည်သူများ အလွန်ပေါများသည်။ တာအိုဆရာသခင်များလည်း ထိုဖူကျိုးမြို့မှ ထွက်ပေါ်ဖူးသည်။ ဖူကျိုးမြို့မှ တချို့လူငယ်များက လုံဟူတောင်တွင် တာအိုကျင့်ကြံရန် စိတ်ဝင်စားတတ်ကြသည်။
ထိုမျှမကသေးပါ။ ဖူကျိုးမြို့သည် ကွန်ဖျူးရှပ်ဝါဒလည်း ထွန်းကားသလို ကွန်ဖျူးရှပ်ကျောင်းတော်လည်း ရှိသည်။ ကွန်ဖျူးရှပ်ဝါဒနဲ့ တာအိုဝါဒနှစ်ခုလုံး ထွန်းကားသော မြို့ဖြစ်သောကြောင့်လည်း ဝါဒရောယှက်ပြီး ကွန်ဖျူးရှပ်ဝါဒသစ်သမားတို့ ပေါ်ထွက်လာသည့် မြို့လည်း ဖြစ်နေပြန်သည်။
စာပေပညာနှင့် တာအိုပညာများ ထွန်းကားသော မြို့ဖြစ်၍ ဖူကျိုးမြို့သားတို့၏ အသိဉာဏ်၊ အတွေးခေါ်နှင့် စိတ်နှလုံးတို့က သာမန်မဟုတ်ကြလေရကား လူမှုဘဝ၏ စီးပွားရေး ကြီးပွားရေး ကိစ္စများကို တည်ငြိမ်စွာ လုပ်ကိုင်နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် အင်ပါယာကြီးက ဆိုးရွားဆုတ်ယုတ်လာသည့်တိုင် ဖူကျိုးမြို့လေးက တည်ငြိမ်၍ အေးချမ်းစွာ စည်ကားနေခဲ့သည်။
ရှောင်လုံတို့အဖွဲ့လည်း လမ်းခရီးတွင် အနှောက်ယှက်လည်းကင်းပြီး တချို့သော နားမျက်စိများလည်း ကင်းရှင်းနေသဖြင့် ကိုယ်ဖော့ပညာအနည်းငယ်သုံး၍ လာခဲ့ကြသည်။ ထို့ကြောင့် မမှောင်ခင် ဖူကျိုးမြို့သို့ ရောက်လာခဲ့ကြသည်။
“တည်ခိုခန်းတစ်ခုရှာပြီး တည်းခိုကြတာပေါ့။ လူလေးတို့ ဗဟုသုတရအောင် မြို့ထဲ လျှောက်ကြည့်ချင်သေးလား”
ရှောင်လုံက နှင်းပန်းကို ကြည့်လိုက်သည်။ သူတို့က ဗဟုသုတရအောင် လျှောက်ကြည့်ခြင်းထက် ကျားနဂါးတောင်ကြားထဲက လေ့လာခဲ့ရသော စိတ်အာရုံမြင်ကွင်းထဲက လေ့လာခဲ့ရသည်များကို ပြန်ဆင်ခြင်သုံးသပ်ချင်နေကြသည်။
“သားတို့ လျှောက်မကြည့်တော့ဘူး ဘိုးဘိုး။ အစ်ကိုနဲ့ အတူလေ့ကျင့်ချင်တယ်”
ဖန်းချင်းနှင့် ကျန်းရှီကတော့ မြို့ထဲ လျှောက်ကြည့်ချင်နေကြသည်။
“ကျွန်တော်တို့က မြို့ထဲ လျှောက်ကြည့်ချင်တယ်”
“လူလေးတို့က လေ့ကျင့်ချင်ကြတာဆိုတော့ ကောင်းကောင်း အနားယူလို့ရတဲ့ တည်းခိုခန်းကို ရှာကြတာပေါ့”
ထို့နောက် သူတို့အားလုံး ဖူကျိုးမြို့ထဲသို့ ဝင်လာခဲ့ကြပြီး တည်းခိုခန်းကောင်းကောင်းတစ်ခုကို ရှာ၍ တည်းခိုလိုက်ကြသည်။
တည်းခိုခန်းခက ဈေးကြီးသော်လည်း အလွန်သန့်ရှင်းသန့်ရပ်ကာ လုံခြုံတိတ်ဆိတ်သည်။
အားလုံး ညနေစာကို စောစောစားကာ ရသေ့ကြီးက သတင်းနားစွင့်ရန် ထွက်သွားခဲ့သည်။ ဖန်းချင်းနှင့် ကျန်းရှီက မြို့ထဲ လျှောက်ကြည့်၍ ဗဟုသုတာ ရှာရန် ထွက်သွားကြသည်။
ရှောင်လုံနှင့် နှင်းပန်းကတော့ အခန်းထဲတွင်သာ ကျန်ခဲ့လိုက်ကြသည်။
ညက တိတ်ဆိတ်နေ၏။
~~မမရဲ့ လက်နက်က တကယ်ထူးခြားတယ်~~
~~ဟုတ်တယ်။ ဒီလက်နက်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီအတိုင်းဆိုရင် ပိုးကြိုးတစ်ချောင်းလို ပျော့ပျောင်းနေတယ်။အတွင်းအားစီးဆင်းစေလိုက်ရင်တော့ ကြောက်စရာကောင်းအောင်ကို လူနဲ့လက်နက် ပေါင်းစပ်သွားတယ်~~
နှင်းပန်းက ပြောရင်း ခါးမှ နဂါးဆူးနွယ်လက်နက်ကို ဖြုတ်ပြီး ရှောင်လုံကို ပေးလိုက်သည်။
~~မောင်လေး တစ်ချက် ကြည့်ကြည့်လိုက်~~
ရှောင်လုံလည်း နဂါးဆူးနွယ်လက်နက်ကို ယူပြီး အတွင်းအားစီးဆင်းစေကြည့်သည်။ သို့သော် လက်နက်က မလှုပ်ရှားလာခဲ့ပေ။
~~အဲ…၊ ထူးဆန်းတယ်။ ကျွန်တော့် အတွင်းအားကို ဒီလက်နက်ထဲ ပို့လို့ မရဘူး မမ~~
~~ဟင် ဟုတ်လား~~
နှင်းပန်းက နဂါးဆူးနွယ်လက်နက်ကို ပြန်ယူပြီး အတွင်းအား ပို့လွှတ် စီးဆင်းစေလိုက်သည်။
ထိုအခါ နဂါးဆူးနွယ်လက်နက်က အသက်ဝင်လာသလိုမျိုး လူးလွန့်လှုပ်ရှားလာခဲ့သည်။
~~တကယ်ထူးဆန်းတဲ့ လက်နက်ပဲ။ ကြည့်ရတာ လက်နက်က မမအတွက် ဖြစ်နေတဲ့ပုံပဲ။ မမပဲ ကိုင်လို့ရလိမ့်မယ် ထင်တယ်~~
~~အဲဒီလိုမျိုး လက်နက်လည်း ရှိသေးတာပဲလား။ အဲဒီ ပုံရိပ်မြင်ကွင်းကို လေ့လာပြီး နားလည်လိုက်တာကနေ ဒီလက်နက်ကို ရလာတာဆိုတော့ နောက်ကွယ်မှာ အကြောင်းရာတစ်ခုခု ရှိနေနိုင်တယ်~~
~~ကျွန်တော်လည်း အဲဒီလို ထင်မိတယ်။ ကျားနဂါးဂိုဏ်းက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်နေတယ်။ ကျွန်တော် ရခဲ့တဲ့ ဒီတံဆိပ်ကလည်း ဘာအဓိပ္ပါယ်လည်း မသိဘူး~~
နှစ်ယောက်သား သူတို့ ရရှိခဲ့သော အရာနှင့် သူတို့ မြင်ခဲ့သော မြင်ကွင်းများနှင့် ပတ်သက်၍ တွေးတောစဉ်းစားကြသော်လည်း အဖြေကို မရှာနိုင်ခဲ့ကြပေ။
~~စဉ်းစားလို့ မရတာတွေကို မစဉ်းစားတာ ကောင်းတယ်။ လေ့ကျင့်ကြစို့ မမ~~
~~အင်း လေ့ကျင့်ကြစို့~~
ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်သွားကြပြီး ကျားနဂါးတောင်ကြားတွင် သူတို့ မြင်ခဲ့သော တိုက်ပွဲများကို ပြန်အာရုံပြုကာ လေ့လာဆင်ခြင်နေလိုက်ကြလေ၏။
အခန်း(၃၄၃)ပြီး
***