သိုင်းလောက၏ အထင်ကရ တောင်ကြီး ဖြစ်သလို အော်မေ့ဂိုဏ်း၏ ဘူမိနက်သန်တောင်လည်း ဖြစ်သည်။
ဖြစ်ခဲ့သည်ဟု ပြောလျှင် ပိုမှန်ပေမည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်ကတည်းက အော်မေ့တောင်ကို အော်မေ့ဂိုဏ်းက လက်လွတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
ယခုတော့ အော်မေ့တောင်က နဂါးစိမ်းဂိုဏ်း၏ ဌာနခွဲတစ်ခု ဖြစ်နေခဲ့လေပြီ။
ယခင်က တောတောင်သဘာဝအလှနှင့် လိုက်ဖက်ညီစွာ ‘တောင်ပေါ်မှာ နတ်သမီး’ဟု ပြောစမှတ်ပြုရလောက်အောင် လှပသော အော်မေ့ရသေ့မလေးများနှင့် စည်ကားသာယာနေခဲ့သော အော်မေ့ဂိုဏ်းက ယခုတော့ နဂါးစိမ်းဂိုဏ်းသားများ၏ ခြေထောက်အောက်တွင် တိတ်ဆိတ်အကြည်းတန်နေလေ၏။
အော်မေ့တောင်မှာ အော်မေ့ဂိုဏ်း၏ ဘူမိနက်သန်ဖြစ်ခဲ့သော်လည်း နဂါးစိမ်းဂိုဏ်းက အော်မေတောင်ကို ဌာနခွဲတစ်ခုအဖြစ်သာ အသုံးပြုခဲ့သည်။ ဌာနချုပ်တစ်ခုအဖြစ်ပင် အသုံးမပြုခဲ့ပေ။
အဘယ်ကြောင့်ပါနည်း။ သိုင်းလောက၏ အထင်ကရနေရာ သိုင်းပညာလေ့ကျင့်ရန် ရေကောင်းမြေကောင်း၊ အော်မေ့ဂိုဏ်းလက်ကျန် အဆောက်ဦးများ ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ ရှိနေပါလျက် အော်မေ့တောင်ကို ဌာနခွဲတစ်ခုအဖြစ်သာ အသုံးပြုခြင်းက ဖြုန်းတီးရာ မကျပါသလော။
တစ်ခုရှိသည်မှာ နဂါးစိမ်းဂိုဏ်းက မြစ်ကြောင်းများကို လွှမ်းမိုးထားသော ဂိုဏ်းကြီးဖြစ်သည်။ နဂါးစိမ်းဂိုဏ်း၏ အဓိကအင်အားမှာလည်း ရေကြောင်းအင်အားဖြစ်သည်။ ယခုတွင်တော့ ပင်လယ်ပြင်အထိ ခြေလှမ်း ချဲ့ထွင်နေပြီ ဖြစ်သည်။
ထိုသို့ ရေကြောင်း မြစ်ကြောင်းကို အဓိကအားထားသော ဂိုဏ်းဖြစ်နေ၍ အော်မေ့တောင်ကြီးပေါ်တွင် ဌာနခွဲတစ်ခုသာ ဖွင့်ထားခဲ့ခြင်း ဖြစ်နိုင်သည်။
လွန်ခဲ့သော သုံးရက်က အော်မေ့တောင် ဌာနခွဲသို့ လူတစ်ယောက် ရောက်လာခဲ့သည်။ ထူလူသည်ကား ဒေါင်းမြီးစိမ်း ဖြစ်လေ၏။ ကွေ့ကျိုးဌာနချူပ်မှူးအဖြစ် တာဝန်ယူခဲ့သူ ဒေါင်းမြီးစိမ်းက အော်မေ့တောင်သို့ အပို့ခံလိုက်ရပြီး အော်မေ့ဌာနခွဲမှူး၏ လက်အောက်တွင် အထားခံလိုက်ရသည်။
သိုင်းထိပ်သီးတစ်ယောက်ကို အော်မေ့တောင်လို နေရာတွင် ချောင်ထိုးထားလိုက်ခြင်းက နဂါးစိမ်းဂိုဏ်း၏ ဆုပေးဒဏ်ပေးစနစ်မှာ အတော်ပြင်းထန်ကြောင်း ထင်ရှားနေ၏။
စာကြည့်ဆောင်…။
နဂါးစိမ်းဂိုဏ်းက အော်မေ့ဂိုဏ်း၏ လက်ကျန် အဆောက်ဦးများကို မဖျက်ဆီးဘဲ ဆက်လက်အသုံးပြုခဲ့သဖြင့် စာကြည့်ဆောင်ကလည်း အရင်တိုင်း အကောင်းပကတိ ရှိနေသေးသည်။
စာကြည့်ဆောင်တွင် အထပ်သုံးထပ်ရှိ၏။ မြေပေါ်က တစ်ထပ်မှာ ဂိုဏ်း၏ ကျမ်းစာဆောင် ဖြစ်ပြီး အော်မေ့ဂိုဏ်းသားများ စာဖတ်သည့် နေရာလည်း ဖြစ်သည်။ ပထမမြေအောက်ထပ်သည်ကား အပြစ်ဒဏ်ခံရသော အော်မေ့ဂိုဏ်းသားများကို ပိတ်လှောင်အပြစ်ပေးသည့် အပြစ်ဒဏ်ခန်းမ ဖြစ်သည်။
ထိုအထပ်၏ အောက်တွင် ဒုတိယ မြေအောက်ထပ် ရှိသေး၏။ ဒုတိယမြေအောက်ထပ်မှာ အော်မေ့ဂိုဏ်း၏ လျှို့ဝှက်ခန်း ဖြစ်ခဲ့လေ၏။
ယခု ပထမ မြေအောက်ခန်းတွင် ဒေါင်းမြီးစိမ်းတစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်၍ စာဖတ်နေ၏။ သူဖတ်နေသော စာအုပ်မှာ အပြစ်ဒဏ်ခံရသော အော်မေ့ဂိုဏ်းရသေ့မများ ကူးရေးထားသော ကျမ်းစာအုပ်များထဲမှ တစ်အုပ်ဖြစ်သည်။
ဒေါင်းမြီးစိမ်း၏ ဆံပင်မုတ်ဆိတ်များက ရက်အနည်းငယ်အတွင်း ပို၍ ဖြူလာခဲ့သည်။ အမြဲတမ်း စိမ်းလဲ့တောက်ပ၍ အားမာန်ပြည့်နေလေ့ရှိသော မျက်လုံးစိမ်းများကလည်း အားမာန်လျှော့ရဲကာ မှိန်ဖျော့နေခဲ့သည်။ သူ့မျက်လုံးများက စာအုပ်ကို ကြည့်နေသော်လည်း စာကို မြင်ပုံမရပါ။ သူက စာအုပ်ကို ကျော်၍ အတွေးပုံရိပ်များကို မြင်ယောင်နေသည်။ ထိုအတွေးပုံရိပ်များကား သူ စနစ်တကျ စီစဉ်အကွက်ချ၍ လုပ်ဆောင်ခဲ့သော လုပ်ငန်းများ၏ ပုံရိပ်များဖြစ်သည်။
ဒေါင်းမြီးစိမ်းတစ်ယောက် သူ့လုပ်ဆောင်ချက်များထဲမှ သူ့အမှားကို ပြန်ဆင်ခြင်နေခြင်း ဖြစ်သည်။
ထိုအခိုက်…
ငိုသံလိုလို ညည်းသံလိုလို တိုးညင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“… …”
အသံက တိုးလွန်းသော်လည်း သိုင်းထိပ်သီးတစ်ယောက်ဖြစ်သော ဒေါင်းမြီးစိမ်းက ရှင်းရှင်းလင်းလင်း ကြားသည်။
“ဟင်း…”
ဒေါင်းမြီးစိမ်းက သက်ပြင်းချရင်း ကြည့်နေသော စာအုပ်ကို ပိတ်လိုက်သည်။
“ဒီအသံတွေက တကယ် စိတ်အနှောက်ယှက်ဖြစ်တာပဲ”
ဒေါင်းမြီးစိမ်းက ထရပ်လိုက်ပြီး အောက်ထပ်သို့ ဆင်းသော တံခါးဘက်သို့ တစ်ချက်ကြည့်ကာ လျှောက်သွားလိုက်သည်။
“ဒုန်း ဒုန်း ဒုန်း…”
“အရိုင်းစိုင်းကောင်တွေ…၊ မင်းတို့ တိတ်တိတ် နေစမ်း”
ဒေါင်းမြီးစိမ်းက တံခါးကို ထုပြီး အော်ငေါက်လိုက်သည်။
ထိုအခါ ငိုသံညည်းသံများ ပျောက်သွားခဲ့သည်။
“ဒီ အရိုင်းစိုင်းကောင်တွေကို ဘာလုပ်ဖို့ ဖမ်းထားတာလဲမသိဘူး။ တစ်ခါတည်း သတ်ပစ်လိုက်ရင် ရှင်းသွားမှာကို”
ဒေါင်းမြီးစိမ်းက ခက်ထန်ကြမ်းတမ်းနေသော သူ့စိတ်ကို သတိပြုမိသော်လည်း ဂရုမစိုက်ခဲ့ပေ။ သူ့တွင် မကျေနပ်ချက်များ ရှိနေသည်။ သူ တိုက်ခိုက်သတ်ဖြတ်ချင်သော ရန်သူများလည်း ရှိနေသည်။ သို့သော် သူ့ မကျေနပ်ချက်ကို ပြောဖို့ နေရာမရှိသလို ရန်သူကို တိုက်ခိုက်သတ်ဖြတ်ဖို့လည်း အခွင့်ရေး မရှိပေ။ သူက အပြစ်ပေးခံနေရသည်။ အော်မေ့တောင်ဌာနခွဲကို စောင့်ရှောက်ရမည်ဟုဆိုသော်လည်း အမှန်တကယ်တွင် မြေအောက်ခန်းတွင် ကိုယ့်အမှားကိုယ် ပြန်ဆင်ခြင်နေရသည်။
ထို့ကြောင့် သူ့စိတ်က ခက်ထန်ကြမ်းတမ်းနေခဲ့သည်။ ထိုခက်ထန်ကြမ်းတမ်းမှုကို ဂိုဏ်းသားများပေါ်တွင် ဖေါက်ထုတ်၍ မရသဖြင့် အောက်ထပ်မှ အရိုင်းစိုင်းကောင်များကိုသာ အော်ဟစ်ကြိမ်းမောင်းနေခဲ့သည်။
ဒေါင်းမြီးစိမ်းက အော်ငေါက်ကြိမ်းမောင်းရုံနှင့် မကျေနပ်သေးဟန်ဖြင့် မြေအောက်ခန်းတံခါးကို ဖွင့်၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်ထပ် မြေအောက်ခန်း…။
လေထုက အသက်ရှူခက်အောင် ဆိုးရွားနေ၏။ လေဝင်လေထွက် မကောင်းသဖြင့် ဆိုးရွားနံစော်သော အနံ့က မြေအောက်ခန်းထဲ လှောင်ပိတ်နေခဲ့သည်။
အော်မေ့ဂိုဏ်း၏ လျှို့ဝှက်မြေအောက်ခန်း ဖြစ်ခဲ့သော ထိုအောက်ထပ်မှာ အခုတော့ သံတိုင်များဖြင့် တည်ဆောက်ထားသော လှောင်အိမ်များ ရှိနေခဲ့သည်။ အားလုံး လှောင်အိမ်ဆယ်ခုတိတိ ရှိနေ၏။ လှောင်အိမ်တစ်ခုစီတွင် လူငယ်တစ်ယောက်စီ ချုပ်နှောင်ထားသည်။
ထိုအကျဉ်းသားလူငယ်များမှာ ဆံပင်များ ဖွာကျဲနေပြီး မျက်နှာပေါ် အုပ်ကျနေ၏။ အဝတ်စားများကလည်း အပိုင်းပိုင်းအစစ စုတ်ပြတ်နေသည်။ တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာပရပွနှင့် ဖြစ်နေ၏။ တချို့ဒဏ်ရာများက သွေးစို့ရုံ ဖြစ်သော်လည်း တချို့ဒဏ်ရာများက အရေပြား ပြတ်ကွဲ၍ သွေးများ စိမ့်ထွက်နေသည်။ တချို့ဒဏ်ရာများက သွေးခြောက်၍ အနာချိုးတက်နေသည်။ ဒဏ်ရာသက်သာ၍ အနာချိုးကွာကျနေသော အမာရွတ်များလည်း ရှိနေသည်။
လူတစ်ကိုယ်လုံးကို မွမွကြေမတတ် ရိုက်နှက်နှိပ်စက်ထားသော ဒဏ်ရာများ ဖြစ်သည်။ အသက် မသေစေဘဲ နာကျင်ခံစားရအောင် တမင် နှိပ်စက်ထားသော ဒဏ်ရာများ ဖြစ်နေသည်။
ဤမျှ ခိုင်မာသော မြေအောက်ခန်းလိုနေရာတွင် သံလှောင်အိမ်တည်ဆောက်၍ ချုပ်နှောင်ကာ ဤမျှအထိ နှိပ်စက်ခံနေရသည်က ထိုလူငယ်လူရွယ်များမှာ မည်သို့သော လူငယ်များပေနည်း။
“နံစော်နေတဲ့ အရိုင်းစိုင်းကောင်တွေ…”
“ဗြောင်း…! ဂျောင်း…! ဂျိုင်း…!”
ဒေါင်းမြီးစိမ်းက အောက်ထပ်ရောက်သည်နှင့် သံလှောင်အိမ်များကို ကန်ကျောက်ရိုက်နှက်၍ လှောင်အိမ်ထဲက လူငယ်လူရွယ်များကို ကြိမ်းမောင်းသည်။
လှောင်အိမ်ထဲက လူငယ်များမှာ ဒဏ်ရာပရပွ ရထားကြသော်လည်း ဒေါင်းမြီးစိမ်းကို ကြောက်ရွံ့ဟန် မပြဘဲ အရိုင်းဆန်သော မျက်လုံးများဖြင့် စူးစူးရဲရဲ ပြန်ကြည့်နေကြသည်။ သွားများကို တစ်ကျစ်ကျစ်မြည်အောင် ကြိတ်၍ လက်သီးများကို တင်းတင်းဆုပ်ထားလျက်။ တရှူးရှူးတရှဲရှဲနှင့် အသက်ရှူနေကြသည်။
သူတို့၏ အရိုင်းဆန်သော အကြည့်က ဒေါင်းမြီးစိမ်းကို တစ်စစီ ဆွဲဖြဲပစ်ချင်သည့် အကြည့်မျိုးဖြစ်သည်။
“မင်းတို့ရဲ့ အကြည့်ကို ငါ သဘောကျတယ်”
ဒေါင်းမြီးစိမ်းက ပြောပြောဆိုဆိုနှင့် နံရံတွင် ချိတ်ထားသော ကြာပွတ်ကို ဖြုတ်ယူလိုက်သည်။
“ရွှမ်း…”
ကြာပွတ်ကို လေထဲ တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ကြာပွတ်သံကြားလျှင် လှောင်အိမ်ထဲက လူငယ်များက ပို၍ ခက်ထန်လာကြသည်။ သူတို့၏ မျက်လုံးများက ပို၍ အရိုင်းဆန်လာကြသည်။
“ဟုတ်တယ် အဲဒီ အကြည့်တွေကို ငါက သဘောကျတာပဲ”
ထို့နောက် ဒေါင်းမြီးစိမ်းက နံရံပေါ်က မောင်းတံတစ်ခုကို ဆွဲချလိုက်သည်။
“ဂျောင်း…”
“ဂျိုင်း…”
မောင်တံဆွဲချသံနှင့်အတူ သံလှောင်အိမ်တစ်ခုက ဂျိုင်းကနဲ တံခါးပွင့်သွားခဲ့သည်။
“ဂါး…”
လှောင်အိမ်တံခါး ပွင့်သွားသည်နှင့် အထဲမှ လူငယ်က သားရဲတစ်ကောင်လို ခုန်ထွက်လာသည်။
“ဝှီး…”
လှုပ်ရှားမှုက အတော်မြန်သည်။
ဒေါင်းမြီးစိမ်းထံ ရိပ်ကနဲ ရောက်လာ လက်သည်းများနှင့် ကုတ်ဆွဲတိုက်ခိုက်သည်။
“ဝှစ် ဝှစ်…”
လူငယ်၏ လက်ချောင်းများက အလွန်သန်မာပုံရ၏။ လက်သည်းများကလည်း ရှည်နေ၏။ ထိုလက်သည်းများဖြင့်သာ ကုတ်ဆွဲခံရလျှင် အသားစများ ပြတ်ထွက်သွားပေလိမ့်မည်။
ထိုလူငယ်၏ တိုက်ခိုက်မှုတွင် မည်သည့် သိုင်းကွက်သိုင်းဟန်မှ မပါဘဲ သားရဲတစ်ကောင်၏ လျင်မြန်မှု၊ အရိုင်းဆန်မှုနှင့်၊ ခက်ထန်ကြမ်းကြုတ်များသာ ရှိနေခဲ့သည်။
သို့သော် ထိုလူငယ်၏ လျင်မြန်မှုက သိုင်းထိပ်သီးအဆင့်ဖြစ်သော ဒေါင်းမြီးစိမ်းအတွက် နှေးလွန်းနေသေးသည်။ ထို့ကြောင့် အသာအယာ တိမ်းရှောင်ပေးပြီး ကြာပွတ်နှင့် ရိုက်ထုတ်လိုက်သည်။
“ဟမ့် အရိုင်းစိုင်းကောင်၊ ကဲကွာ…”
“ဖြောင်း…”
“အီး…”
ကြာပွတ်ရိုက်ချက်က လူငယ်၏ ကျောပြင်ပေါ် တည့်တည့် ကျသွားသည်။ ရိုက်ချက်က ပြင်းထန်သည်။ ကျောပြင်အရေပြား ကွဲထွက်ပြီး သွေးစို့ဒဏ်ရာကြီး ရသွားသည်။ လူငယ်လည်း နာကျင်စွာ ညည်းညူရင်း လွင့်စင်ထွက်သွားသည်။
သို့သော် လူငယ်က အကျမနာပါ။ လေထဲမှာပင် ဟန်ချက်ထိန်းလိုက်ပြီး ခြေလက်အစုံ လေးဖက်ထောက်၍ ဟန်မပျက် ကျသွားသည်။ လွင့်စင်ထွက်လာသော အားကြောင့် တရွတ်တိုက် စိုင်းထွက်သွားရုံကလွဲ၍ လဲကျမသွားခဲ့ပေ။
လူငယ်က ခြေလက်များဖြင့် ကြမ်းပြင်ကို အတင်းကုတ်၍ ပြန်ထိန်းပြီး တည်ငြိမ်အောင် လုပ်သည်။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်တစ်ကြိမ် ပြေးဝင်လာပြီး ခုန်အုပ်ပြန်သည်။
လူငယ်မှာ လုံးဝ အရိုင်းဆန်နေပြီး သားရဲတစ်ကောင်လို သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။ သူက ဒေါင်းမြီးစိမ်းကို အပိုင်းပိုင်းအစစဖြစ်အောင် ကုတ်ဆွဲချင်နေပုံရသည်။
လူငယ်၏ လက်သည်းကုတ်ချက်များက လေကိုသာ ကုတ်ခြစ်မိသည်။ ဒေါင်းမြီးစိမ်း၏ အင်္ကျီကိုပင် ထိအောင် မလုပ်နိုင်ခဲ့ပေ။
ဒေါင်းမြီးစိမ်းက အသာတိမ်းရှောင်ပေးရင်း ကြာပွတ်နှင့် ထပ်ရိုက်ထုတ်သည်။
လူငယ်က အသားနာလေ ခက်ထန်ကြမ်းတမ်းလေ ဖြစ်လာပြီး ပို၍လည်း အရိုင်းဆန်လာသည်။ တိုက်ခိုက်မှုများ လှုပ်ရှားမှုများကလည်း ပိုပြင်းထန်မြန်ဆန်လားသည်။ တုံ့ပြန်မှုများ ပိုကောင်းလာပြီး ကြာပွတ်ရိုက်ချက်များကို ရှောင်တိမ်းလာသည်။
သို့သော်လည်း ဒေါင်းမြီးစိမ်းကတော့ အသာအယာ တိမ်းရှောင်၍သာ ကြာပွတ်ဖြင့် ရိုက်နှက်နေ၏။ ကြာပွတ်ရိုက်ချက်တိုင်းက လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုစီ ထင်ကျန်သွားသည်။
လူငယ်က အကြိမ်ကြိမ် ကြိုးစားတိုက်ခိုက်သော်လည်း သူ၏ တိုက်ခိုက်မှုများက လေကိုသာ ကုတ်ဆွဲမိနေခဲ့သည်။ သူ၏ လျင်မြန်မှုများက အရာမရောက်ခဲ့ပေ။ သူ၏ သန်မာမှုနှင့် ခံနိုင်ရည်ရှိမှုတို့ကလည်း ပြင်းထန်သော ကြားပွတ်ရိုက်ချက်များအောက်တွင် တဖြည်းဖြည်း အားပျော့လာသည်။
နောက်ဆုံးရိုက်ချက်အပြီးတွင် လူငယ်တစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားပြီး သွေးချင်းချင်းရဲသွားသည်။ ရှိသမျှ ခွန်အား အားလုံးကို အသုံးပြုတိုက်ခိုက်ခဲ့ပြီးပြီဖြစ်၍ သူ့တွင် ခွန်အား မကျန်တော့ပါ။ သူ၏ ခံနိုင်ရည်ကလည်း မရှိတော့ပါ။
“အီး အား…”
နာကျင်ညည်းညူလျက် တဆတ်ဆတ်တုန်ကာ ကြမ်းပြင်တွင် ဖွဲအိတ်တစ်အိတ်လို လဲကျသွားခဲ့သည်။
လူငယ်က တဆတ်ဆတ် တုန်နေသည့်ကြားမှ အံတင်းတင်းကြိတ်ပြီး ကုန်းရုန်းထရန် ကြိုးစားသည်။
“ဟမ့်…၊ မင်းရဲ့ ခွန်အားလောက်နဲ့”
ဒေါင်းမြီးစိမ်းက ကြာပွတ်ကို ဝှေ့ယမ်းပြီး ကုန်းရုန်းထနေသော လူငယ်၏ လည်ပင်းကို ရစ်ပတ်ကာ ဆောင့်ဆွဲလိုက်သည်။
“ဖျပ်…”
“အင့်…”
လည်ပင်းကို ကြာပွတ်ဖြင့် ရစ်ပတ်ခံရပြီး ဆောင့်ဆွဲလိုက်သည့် အားကြောင့် လူငယ် ကုန်းရုန်းထနေရင်းမှာ တရွတ်တိုက်စိုင်းပါသွားပြီး သံလှောင်အိမ်ထဲ ပြန်ထည့်ခံလိုက်ရသည်။
“ဘုန်း…”
ဒေါင်းမြီးစိမ်းက လူငယ်ကို လှောင်အိမ်ထဲသို့ ခွေးတစ်ကောင်လို ပစ်ထည့်ပြီး မောင်းတံဆွဲ၍ လှောင်အိမ်တံခါးကို ပြန်ပိတ်လိုက်သည်။
လူငယ်မှာ လုံးဝ မထနိုင်တော့ပေ။ လှောင်အိမ်ထဲတွင် ပျော့ခွေကာ လဲနေခဲ့သည်။ သူ့တစ်ကိုယ်လုံး ခွန်အားကုန်သွားပုံရသည်။ တဆတ်ဆတ်တုန်လျက် လဲကျနေသည်။ သို့သော်လည်း သူ၏ စူးရဲခက်ထန်သော မျက်လုံးများကတော့ မမှိတ်သွားပါ။ ဒေါင်းမြီးစိမ်းကို နာကြည်းစွာ ကြည့်နေခဲ့သည်။
“ဟင်းဟင်း…၊ အရိုင်းစိုင်းတစ်ကောင်ကိုတော့ ဆုံးမပြီးပြီ။ ကျန်တဲ့အကောင်တွေကလည်း အဆုံးမ ခံချင်နေပုံပဲ”
ဒေါင်းမြီးစိမ်းက တခြားလှောင်အိမ်ကိုးခုထဲက လူငယ်များကို ကြည့်၍ ပြုံးလိုက်သည်။
တခြားလှောင်အိမ်ကိုးခုထဲက လူငယ်များက ဒေါသထွက်လွန်းသဖြင့် တရှူးရှူးတရှဲရှဲ ဖြစ်နေကြသည်။ မေးကြောကြီးများထောင်ထအောင် အံကြိတ်ပြီး ဒေါင်းမြီးစိမ်းကို စားတော့ဝါးတော့မတတ် ကြည့်နေကြသည်။
“ဒီလောက်တောင် အရိုက်ခံချင်နေတာကို မရိုက်နှက်ပေးရင် မကောင်းလောက်ဘူး”
ဒေါင်းမြီးစိမ်းက နံရံပေါ်က တခြားမောင်းတံတစ်ခုကို ဆွဲလိုက်ပြန်သည်။
သံလှောင်အိမ်တံခါးတစ်ခု ထပ်ပွင့်သွားသည်။ တံခါးပွင့်သွားသည်နှင့် လူငယ်တစ်ယောက်က သားရဲတစ်ကောင်လို ခုန်ထွက်လာပြီး ဒေါင်းမြီးစိမ်းကို စူးစူးရဲရဲ ကြည့်နေသည်။ ထိုလူငယ်က ချက်ချင်း ဝင်မတိုက်ခိုက်ဘဲ အခြေနေကို လှည့်ပတ်ကြည့်၍ သားကောင်ကို ချောင်းသလို လိုက်ချောင်းနေသည်။ သူက ခုနက လူငယ်ထက်တော့ ပါးနှပ်ပုံရသည်။
“ဟင်းဟင်း…။ လာစမ်းပါ။ ငါ့ကို စောင့်ရအောင် မလုပ်နဲ့”
ဒေါင်းပြီးစိမ်းက ပြောရင်း ကြာပွတ်ကို ဝှေ့ယမ်း၍ အသံပေးသည်။ တစ်ဆက်တည်း ကြာပွတ်လွတ်ကျသွားသလိုလုပ်ကာ ကြာပွတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ လစ်ကွက်ဟာကွက်ပေါ်အောင်လည်း ဖန်တီးပေးလိုက်သည်။
ဟာကွက် ပေါ်သွားသည်နှင့် လူငယ်က လွှားကနဲ ခုန်ဝင်လာတော့သည်။
“ဝှစ်…”
လူငယ်၏ လှုပ်ရှားမှုက မြန်လှ၏။ ဒေါင်းမြီးစိမ်းထံသို့ ရိပ်ကနဲ ရောက်လာသည်။
“ဟင်းဟင်း…၊ မင်းတို့တွေ ငယ်ပါသေးတယ်လေ”
ဒေါင်းမြီးစိမ်းက ရယ်ရင်း အသာအယာတိမ်းရှောင်သည်။ တိမ်းရှောင်ရင်းက ကြမ်းပြင်ပေါ်က ကြာပွတ်ကို ကောက်ယူ၍ တစ်ခါတည်း လွှဲရိုက်ထုတ်လိုက်သည်။
“ရွှမ်း…ရွှမ်း…”
“ဖြောင်း…ဖြောင်း…”
ကြာပွတ်ရိုက်ချက်များက ဆက်တိုက်ထွက်သွားပြီး လူငယ်၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု ရသွားခဲ့သည်။
လူငယ်က ညည်းညူရင်း လွင့်ထွက်သွားသည်။ လေထဲတွင်ပင် ခန္ဓာကိုယ်ကို လူးလွန့်လှုပ်ရှား၍ ဟန်ချက်မပျက်အောင် ကျသွားသည်။ လူငယ်က ခြေချမိသည်နှင့် အမြန်နောက်ဆုတ်၍ ရှောင်တိမ်းဟန် ပြင်သည်။
“ဖျပ်ဖျပ်…”
“ဝှစ် ရွှစ်…”
သို့သော် လူငယ်၏ လှုပ်ရှားမှုထက် ကြာပွတ်က ပိုမြန်နေသည်။ နောက်ဆုတ်ရှောင်တိမ်းရန် ပြင်နေသော လူငယ်၏ ခြေထောက်ကို ကြာပွတ်က ရစ်ပတ်သွားသည်။ တစ်ဆက်တည်း ဆောင့်ဆွဲခံလိုက်ရပြီး လေထဲ မြောက်တက်သွားသည်။
ထိုအခါ ခြေထောက်မှ ကြာပွတ်က ပြေသွားသည်။ ထို့နောက် ဝှေ့ဝဲပျံသန်း၍ ရိုက်ချက်တစ်ခုအဖြစ် ပြန်ရောက်လာပြန်သည်။
“အား…”
ထိုလူငယ်၏ ပါးနပ်မှု၊ လျင်မြန်မှု၊ တိုက်ခိုက်မှု၊ ရှောင်တိမ်းမှု၊ ကြိုးစားအားထုတ်သမျှက ဒေါင်းမြီးအတွက် ကစားစရာ ဖြစ်နေသည်။ ထို့ကြောင့်လည်း ဒေါင်းမြီးစိမ်း၏ ကြာပွတ်ရိုက်ချက်များအောက်တွင် အလူးအလှိမ့် နာကျင်ခံစားပြီး နောက်ဆုံးတွင် လဲကျသွားခဲ့သည်။
ဒေါင်းမြီးစိမ်းကလည်း ထိုလူငယ်ကို ကြာပွတ်ဖြင့် ရစ်ပတ်၍ လှောင်အိမ်ထဲ ပြန်ပစ်ထည့်ကာ တံခါးပိတ်ထားလိုက်သည်။
ဒေါင်းမြီးစိမ်းက ဒဏ်ရာကိုယ်စီနှင့် လဲကျနေသော လူငယ်နှစ်ယောက်ကို ကြည့်ပြီး ပြုံးသည်။
“မဆိုးဘူး…၊ ပိုပြီး ရိုင်းစိုင်းလာတယ်။ ပိုပြီး သန်မာလာတယ်။ ပိုပြီး လျင်မြန်လာတယ်။ ဘယ်လို တိုက်ခိုက်ရမလဲ စဉ်းစားထားကြတယ်။ ကောင်းတယ်။ ဒါပေမဲ့ အဲဒါတွေက ငါ့ရှေ့မှာ အလုပ်မဖြစ်သေးဘူး”
ဒေါင်းမြီးစိမ်းက ကျန်သံလှောင်အိမ်များကို ကြည့်ကာ ပြုံးလိုက်ပြီး နံရံပေါ်က မောင်တံနှစ်ခုကို ဆွဲချလိုက်သည်။
“တစ်ကောင်ချင်းစီ ရိုက်နေရတာ ပျင်းလာပြီ။ နှစ်ကောင် ထွက်လာခဲ့…”
“ဂျောင်း ဂျောင်း…”
“ဂျိုင်း ဂျိုင်း…”
လှောင်အိမ်တံခါးနှစ်ခု ပွင့်သွားခဲ့သည်။
“ဂါး…ဂါး…”
“လာပါ…၊ မင်းတို့ ဘာလုပ်နိုင်လဲဆိုတာ ငါ့ကို ပြကြ”
လူငယ်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် တစ်ချက်ကြည့်လိုက်ကြသည်။ ထို့နောက် လူချင်းခွဲ၍ ဒေါင်းမြီးစိမ်း၏ ဘယ်ဘက်မှတစ်ယောက် ညာဘက်မှတစ်ယောက် နေရာယူလိုက်ကြသည်။
“ကောင်းတယ်။ ဘယ်လို ပူးပေါင်းရမလဲဆိုတာ သိနေကြတယ်ဆိုတော့ မင်းတို့က သိပ် မရိုင်းစိုင်းသေးဘူးပဲ”
“ဒီအတိုင်း ရိုက်နှက်နေရတာ ပျင်းဖို့ကောင်းတယ်။ မင်းတို့နဲ့ ငါ နည်းနည်း ကစားပေးပါ့မယ်”
ဒေါင်းမြီးစိမ်းက ညာဘက်မှ လူငယ်ကို ကြာပွတ်ဖြင့် လှမ်းရိုက်သည်။ ထိုရိုက်ချက်က အနည်းငယ် နှေးနေပြီး အားလည်း လျော့နေသည်။
လူငယ်က ထိုကြာပွတ်ရိုက်ချက်ကို ဖျပ်ကနဲ ရှောင်ထွက်သွားပြီး ချက်ချင်းနေရာ ပြန်ယူထားလိုက်သည်။ ထိုအချိန်မှာပင် ဘယ်ဘက်က လူငယ်က ခုန်ဝင်ဟန် ပြင်သည်။ သို့သော် သူ ခုန်မဝင်ခင်မှာပင် သူ့ဆီသို့ ကြာပွတ်က ပျံသန်းလာသည်။
ထို့ကြောင့် လူငယ်လည်း ခုန်ဝင်တိုက်ခိုက်ခွင့် မရလိုက်ဘဲ ကြာပွတ်ကိုသာ တိမ်းရှောင်လိုက်ရသည်။
“ငါပြောထားတယ်။ မင်းတို့နဲ့ ကစားပေးမယ်လို့။ ဘာလို့ တိုက်ခိုက်ဖို့ လောနေကြတာလဲ။ ဟားဟား…။ ရော့ ရှောင်ကြည့်ကြစမ်း…”
“ရွှမ်း ရွှမ်း…”
ဒေါင်းမြီးစိမ်းက ကြာပွတ်ကို တရွှမ်းရွှမ်း ဝှေ့ယမ်း၍ လူငယ်နှစ်ယောက်ကို အဆက်မပြတ် ရိုက်နှက်သည်။ ရိုက်ချက်များက သိပ်လည်း မမြန်သလို သိပ်လည်း မပြင်းထန်ပေ။ လူငယ်များ ရှောင်တိမ်းခွင့်ရအောင် လျှော့ပေးထားသည်။ သို့မဟုတ် လူငယ်များကို တမင် ကစားနေသည်။
လူငယ်များမှာ တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ကြာပွတ်ကိုသာ အလူးအလဲ ရှောင်တိမ်းနေရသည်။ အနားခံ၍ အတင်းတိုးဝင်တိုက်ခိုက်ဖို့ပင် အခွင့်ရေး မရပေ။ အနာခံ၍ အားယူခုန်အုပ်ဖို့ ကြိုးစားလျှင်ပင် အားယူလိုက်သော ခြေထောက်ကို ကြာပွတ်ရိုက်ချက်က ရောက်လာသည်။ ထိုရိုက်ချက်များကြောင်း အားယူမှု၊ ဟန်ချက်ထိန်းမှုများ ပျက်စီးပြီး တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့ကုန်သည်။
အဆော့ကစားခံနေရသဖြင့် လူငယ်နှစ်ယောက်က စုတ်ပြတ်သတ်အောင် အရိုက်ခံရသည်ထက် ခံရခက်နေသည်။ ဒေါသလည်း ပိုထွက်လာကြသည်။
ဒေါင်းမြီးစိမ်းကလည်း ထိုသို့ဖြစ်အောင်ပင် တမင် လုပ်နေခြင်းဖြစ်သည်။ ဒေါသထွက်လေ၊ ရန်လိုလေ၊ အရိုင်းဆန်လေ သူက သဘောကျလေ ဖြစ်သည်။
“ဒေါသထွက်တယ်လား။ ငါ့ကို တိုက်ခိုက်ချင်တယ်လား။ မင်းတို့မှာ ဒေါသထွက်ရုံကလွဲလို့ ဘာလုပ်နိုင်စွမ်းမှ မရှိပါဘူး။ ကစားလို့ ဝပြီ။ ကဲ အော်ကြစမ်း…”
“ဟားဟားဟား…”
“ရွှမ်း ရွှမ်း ရွှမ်း…”
ဒေါင်းမြီးစိမ်းက ကစားလို့ ဝသွားသည်နှင့် ဟားတိုက်ရယ်မောရင်း တရစပ် ရိုက်နှက်သည်။ ရိုက်ချက်များက ရက်စက်ကြမ်းကြုတ်လွန်းသည်။ ပြင်းထန်လွန်းသည်။
“ဖြောင်း ဖြောင်း ဖန်း ဖြန်း…”
“အီး အား ဂါး…”
လူငယ်နှစ်ယောက်မှာ အလဲလဲအပြိုပြိုနှင့် လွင့်စင်ထွက်ကုန်သည်။ ပြန်ထရန် ကြိုးစားတုန်းမှာပင် နောက်ထပ်ရိုက်ချက်များက သူတို့ကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာပြန်သည်။
“ရွှမ်းရွှမ်းရွှမ်း…”
“ဖန်း…ဖြောင်း…”
လူငယ်နှစ်ယောက်မှာ နာကျင်ညည်းညူရင်း လူးလွန့်ရုန်းကန်ရင်း ရှောင်တိမ်းရန် ကြိုးရင်း ခုခံကာကွယ်ရင်းက ကြာပွတ်ရိုက်ချက်များအောက်တွင် ငြိမ်ကျသွားခဲ့သည်။ ခုခံကာကွယ်နိုင်စွမ်းလည်း မရှိတော့ပေ။ တောင့်ခံထားနိုင်စွမ်းလည်း မရှိတော့ပေ။ အသံကုန် မအော်ဟစ် မညည်းညူမိအောင် အံတင်းကြိတ်၍သာ တုန်နေကြသည်။
“အသားနာတော့ အတော်ခံနိုင်ကြတာပဲ”
ကြာပွတ်ဆိုသည်မှာ အရေပြားကို ကွဲပြဲစေပြီး အနာကျင်ဆုံးသော ဒဏ်ရာကို ရစေသော လက်နက် ဖြစ်သည်။ ကြာပွတ်ဖြင့် အရိုက်ခံရ၍ သေဆုံးကြခြင်းမှာလည်း ကိုယ်တွင်းကလီစာနှင့် အရိုးများ အကြောများ ပျက်စီး၍ သေရခြင်းက ဖြစ်ခဲလှသည်။ လည်ပင်းကို အရိုက်ခံရလျှင်ပင် လည်ပင်းသွေးမကြီးကို ပြတ်တောက်ပျက်စီးစေနိုင်ခြင်း မရှိပေ။ လည်ပင်းကို ကြာပွတ်ဖြင့် ရစ်ပတ်၍ ဆောင့်ဆွဲမှသာ လည်ပင်းသွေးကြောမကြီး ပိတ်ဆို့ခြင်း ပျက်စီးခြင်း လည်ပင်းရိုးကျိုးခြင်းများ ဖြစ်ပြီး သေနိုင်သည်။
ကြိမ်ဒဏ် အပြစ်ပေးခံရပြီး ကြာပွတ်ဖြင့် အရိုက်ခံရပြီး သေကြရခြင်း နာကျင်မှုကို တောင့်မခံတော့၍ သေကြရခြင်း ဖြစ်သည်။
အခုလည်း လူငယ်နှစ်ယောက်မှာ ဒေါင်းမြီးစိမ်း၏ အချက်ပေါင်းများစွာ ရိုက်နှက်မှုအောက်တွင် တဆတ်ဆတ်တုန်လျက် မလှုပ်နိုင်အောင် ပျော့ခွေနေကြသည်။
ဒေါင်းမြီးစိမ်းက ရိုက်ရင်းနှင့် လက်အရှိန်လွန်လာသည်။ ထိုအရိုင်းစိုင်းများကို ရိုက်သတ်ချင်လာသည်။ သူ့ မကျေနပ်မှုနှင့် သူ့ဒေါသများကို ထိုအရိုင်းစိုင်းကောင်များပေါ်တွင် ပုံချချင်လာသည်။
“သေကြစမ်း…”
အရင်ကထက် နှစ်ဆ ပြင်းထန်သော ကြာပွတ်ရိုက်ချက် ထွက်ပေါ်လာသည်။
အသေရိုက်သတ်ပစ်မည့် ရိုက်ချက် ဖြစ်နေသည်။
ထိုစဉ်
“တော်လောက်ပြီ…”
တည်ငြိမ်အားကောင်းသော တားမြစ်သံ ထွက်ပေါ်လာသည်။
ဒေါင်းမြီးစိမ်းလည်း တစ်ချက်တုန်သွားပြီး လက်ကောက်ဝတ်ကို လှုပ်ကာ ရိုက်ချက်ကို လမ်းကြောင်းပြောင်းလိုက်ရသည်။
ကြာပွတ်ရိုက်ချက်က ကြမ်းပြင်ပေါ် ကျသွားခဲ့သည်။ ကျောက်သားကြမ်းပြင်က ဘာမှ မဖြစ်သွားသော်လည်း မြေအောက်ခန်းကတော့ သိမ့်ကနဲ တစ်ချက် တုန်သွားခဲ့သည်။
“သူတို့ကို သေစေလို့ မရဘူး”
စကားသံနှင့်အတူ မြေအောက်ခန်းထဲသို့ လူနှစ်ယောက် ဆင်းလာကြသည်။
တစ်ယောက်က အော်မေ့တောင် ဌာနခွဲမှူးဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဆံပင်၊ မျက်ခုံး၊ မျက်လုံး၊ မျက်ဆံ အားလုံး ဖြူနေသော ထောင်ထောင်မောင်းမောင်း အဘိုးကြီးတစ်ယောက် ဖြစ်သည်။
ထိုအဘိုးကြီးသည်ကား မျက်လုံးဖြူအဘိုးအို ကောင်းထုံးပင် ဖြစ်လေ၏။
အခန်း(၃၄၄)ပြီး
***