မျက်လုံးဖြူကောင်းထုံး။
ဒေါင်းမြီးစိမ်းမှာ မပြောမဆိုနှင့် ရောက်လာကြသော မျက်လုံးဖြူကောင်းထုံးကို မြင်လျှင် မသိမသာ တုန်လှုပ်သွားသည်။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော် နှစ်ခုလောက်အထိ ဒေါင်းမြီးစိမ်းနှင့် မျက်လုံးဖြူကောင်းထုံးတို့က အလုပ်တချို့ တွဲလုပ်ဖူးပြီး ဒေါင်းမြီးစိမ်းက မျက်လုံးဖြူကောင်းထုံးကို နောင်ကြီးကောင်းထုံးဟု တရင်းတနှီး ခေါ်ပြောခဲ့ဖူးသည်။
နောက်ပိုင်းတွင် မျက်လုံးဖြူကောင်းထုံးကို မမြင်ရသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ်သည်။ မျက်လုံးဖြူကောင်းထုံးက နဂါးစိမ်းဂိုဏ်းတွင် မည်သို့သော အဆင့်တန်းရှိမှန်း မသိရတော့ပေ။
ဒေါင်းမြီးစိမ်း၏ လက်ထဲက ကြာပွတ်မှာ အနည်းငယ် တုန်ခါနေသည်။ ဒေါင်းမြီးစိမ်း၏ လက် တုန်နေသောကြောင့် ဖြစ်သည်။
အန္တရာယ်အငွေ့အသက်။
ဒေါင်းမြီးစိမ်းမှာ သိုင်းထိပ်သီးအဆင့်တစ်ယောက်ဖြစ်သလို ပင်ကိုယ်အရည်ချင်းကောင်းများလည်း ရှိသူဖြစ်သည်။ နဂါးစိမ်းဂိုဏ်း၏ အစီစဉ်များကို အကောင်ထည်ဖော်ဆောင်ရွက်ပေးရသည့်အတွက် အလုပ်များသော်လည်း သူ့ကိုယ်ပိုင် သိုင်းပညာလေ့ကျင့်မှုကို မလစ်ဟင်းခဲ့ပေ။ ထို့ကြောင့်လည်း ဌာနခွဲမှူးများတွင် ကိုယ်ပိုင်ကြိုးစားမှုဖြင့် ပထမဆုံးသိုင်းထိပ်သီးအဆင့်သို့ ရောက်လာသူလည်း ဖြစ်သည်။
ထိုသို့သော ပင်ကိုယ်အရည်ချင်းကောင်းသူတစ်ယောက်ပင်လျှင် မျက်လုံးဖြူအဖိုးအိုကောင်းထုံးထံမှ အန္တရာယ်အငွေ့သက်ကို ခံစားနေရသည်။
မျက်လုံးဖြူကောင်းထုံးက ဒေါင်းမြီးစိမ်းကို မကြည့်ပေ။ သူ၏ မျက်လုံးဖြူဖြူများက လှောင်အိမ်ထဲက လူငယ်များကိုသာ လိုက်ကြည့်နေသည်။
“မဆိုးဘူး။ တကယ် မဆိုး”
လှောင်အိမ်ထဲက လူငယ်များက မျက်လုံးဖြူအဘိုးအို ကောင်းထုံးကို ကြည့်ပြီး အနည်းငယ် တွန့်ဆုတ်သွားကြသည်။ သူတို့၏ အရိုင်းဆန်မှုထဲတွင် စိုးရွံ့ထိတ်လန့်မှု အနည်းငယ် ပေါ်လာသည်။ ခုနက ဒေါင်းမြီးစိမ်းက သာလွန်သော ခွန်အားဖြင့် ဖိနှိပ်၍ သေလုမျောပါး ရိုက်နှက်နှိပ်စက်ခဲ့သည်တိုင် စိုးရိမ်ကြောက်ရွံ့ဟန် မပြခဲ့သော လူငယ်များက မျက်လုံးဖြူအဘိုးအို ကောင်းထုံး၏ အကြည့်ကို စိုးရိမ်နေကြသည်။
သားရဲများ၏ သဘာဝအသိဖြင့် အန္တရာယ်ကို ခံစားမိ၍ စိုးရိမ်ထိတ်လန့်နေသည်နှင့်ပင် တူနေသည်။
မျက်လုံးဖြူကောင်းထုံးက ခေါင်းကို အနောက်သို့ အနည်းငယ် စောင်းငဲ့ပြီး ပြောလိုက်သည်။
“ကျုပ်ကို တစ်ယောက်တည်း ထားခဲ့ပါ။ မြေအောက်ခန်းတံခါးကိုလည်း ပိတ်ထားပေးပါ”
မျက်လုံးဖြူအဘိုးအို ကောင်းထုံး၏ စကားကြောင့် ဌာနခွဲမှူးက ချက်ချင်းဦးညွှတ်ပြီး နောက်ဆုတ်သွားသည်။ တစ်ဆက်တည်း ဌာနခွဲမှူးက ဒေါင်းမြီးစိမ်းကိုလည်း မျက်ရိပ်ပြ၍ သတိပေးသည်။
ဒေါင်းမြီးစိမ်းကလည်း နားလည်ဟန်ဖြင့် အသာခေါင်းညိတ်ကာ နောက်ဆုတ်သွားပြီး ဌာနခွဲမှူးနှင့်အတူ မြေအောက်ခန်းမှ ပြန်တက်လာလိုက်ကြသည်။
“ဂျိုင်း…”
မြေအောက်ခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ဌာနခွဲမှူးက ဒေါင်းမြီးစိမ်းကို ကြည့်လိုက်သည်။
“ဆရာဒေါင်းမြီးစိမ်း…၊ အဲဒီ အကျဉ်းသားတွေကို နှိပ်စက်လို့ ရပေမဲ့ သတ်ပစ်လို့တော့ မရဘူးလို့ ကျွန်တော် ကြိုမှာထားခဲ့တယ်လေ။ နည်းနည်း သတိထားပေးပါ”
“သတိပေးလို့ ကျေးဇူးတင်ပါတယ်။ ကျုပ် နည်းနည်း စိတ်လွတ်သွားတယ်”
ဌာနခွဲမှူးက ဒေါင်းမြီးစိမ်း၏ စိတ်အခြေနေကို နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။ သက်ပြင်းလည်း ကျိတ်ချသည်။
ထိုအခိုက်
“…!! …!!”
မြေအောက်ခန်းထဲမှ နာကျင်စွာ အော်ဟစ်သံများ ထွက်လာသည်။
“ဒါက…”
ဒေါင်းမြီးစိမ်းမှာ မျက်ခုံးတွန့်သွားသည်။ ထိုအော်ဟစ်သံက ခြောက်ခြားစရာ ကောင်းလောက်အောင် အူလိုက်သည်းလိုက် ဖြစ်နေ၍ပင်။ ထိုအကျဉ်းသားအရိုင်းစိုင်းများကို သေလုမျောပါးဖြစ်အောင် အနာကျင်ဆုံး ရိုက်နှက်နှိပ်စက်သည့်တိုင် အနည်းငယ် ညည်းညူကြရုံကလွဲ၍ အူလိုက်သည်းလိုက် မအော်ဟစ်ကြပေ။ သို့သော် ယခုတော့ ထိုအရိုင်းစိုင်းများက အူလိုက်သည်းလိုက် အော်ဟစ်နေကြသည်။
ဒေါင်းမြီးစိမ်းက သူ့လက်ထဲမှ ကြာပွတ်ကို အလိုလို ကြည့်မိသွားသည်။ အနာကျင်စေဆုံး ရိုက်နှက်နှိပ်စက်မှုကိုပင် အံကြိတ်၍ တောင့်ခံထားနိုင်ကြသည့် ထိုအရိုင်းစိုင်းလူငယ်များက မည်သို့သော နာကျင်မှုကို ခံစားနေရသနည်း။
မြေအောက်ခန်းတံခါးကိုသာ မပိတ်ထားလျှင် ထိုအော်ဟစ်သံများက အော်မေ့တောင်တစ်ခုလုံးကို ပျံ့နှံ့သွားမည်ကို စိုးရိမ်ရသည်။
မြေအောက်ခန်းထဲတွင် နာကျင်အော်ဟစ်သံများ ဆူညံနေ၏။
အော်ဟစ်နေသူမှာ ဒေါင်းမြီးစိမ်း ရိုက်နှက်နှိပ်စက်ထား၍ ပျော့ခွေအားနည်းနေသော ပထမဆုံး လူငယ်ဖြစ်သည်။ လူငယ်မှာ သွေးပျက်မတတ် အော်ဟစ်၍ ရုန်းကန်နေသည်။ အသက်ငင်နေသကဲ့သို့ တဆတ်ဆတ်တုန်နေပြီး အသေအလဲ ရုန်းကန်နေသည်။
လူငယ်မှာ အော်ဟစ်ရုန်းကန်နေသော်လည်း နာကျင်မှုမှ မလွတ်မြောက်ပါ။ မျက်လုံးဖြူအဖိုးအိုကောင်းထုံးက လူငယ်ကို မှောက်ခုံဖိထားပြီး လက်နှစ်ဖက်ကို နောက်ပြန် လိမ်ချုပ်ထားသည်။
ထိုသို့ လိမ်ချုပ်ရုံနှင့်တော့ လူငယ်က ထိုမျှအထိ အူလှိုက်သည်းလှိုက် အော်ဟစ်နေမည် မဟုတ်ပေ။ လက်များကို ချိုးပစ်လိုက်လျှင်ပင် ထိုသို့ အော်ဟစ်နေမည် မဟုတ်ပေ။
လူငယ်က အော်ဟစ်ရုန်းကန်နေရင်းက တဖြည်းဖြည်း ငြိမ်ကျသွားသည်။ ပါးစပ်ကလည်း အမြှုပ်များထွက်ပြီး မျက်ဖြူလန်သွားသည်။ လူငယ်၏ မျက်နှာသာမက တစ်ကိုယ်လုံးလည်း သွေးဆုတ်ဖြူရော်သွားသည်။
အသက် မသေသေးသော်လည်း အသက်ယဲ့ယဲ့သာ ကျန်တော့သည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက လူငယ်ကို လွှတ်ပေးပြီးနောက် အရိုးပုလွေကို ထုတ်ကာ အသာမှုတ်လိုက်သည်။
“… …”
ပုလွေက အသံမမြည်ပါ။
ထိုအခါ လူငယ် ကျောရိုးနေရာ အရေပြားအောက်တွင် လူးလွန့်လှုပ်ရှားသွားသည်။ ထို့နောက် အရေပြားကို ထိုးဖောက်၍ သွေးရောင်သန်းနေသော မြွေလိုလို တီကောင်လိုလို ရှည်ရှည်မျောမျော သေးသေးသွယ်သွယ် အကောင်လေးတစ်ကောင် တိုးထွက်လာသည်။ အကောင်လေးက မကြီးပါ။ တီကောင်ခန့်သာ ရှိသည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက အိုးတစ်လုံးနှင့်တူသော အနီရောင် ပစ္စည်းတစ်ခုကို ထုတ်၍ အပေါက်ကို ဖွင့်ကာ တိုးထွက်လာသော အကောင်ကို ဝင်စေလိုက်သည်။
ထို့နောက် မျက်လုံးဖြူအဖိုးအိုကောင်းထုံးက လူငယ်၏ ဦးခေါင်းနောက်စေ့မှ ရှုပ်ပွနေသော ဆံပင်ကို လှန်၍ ပုလွေကို ထပ်မှုတ်လိုက်သည်။
ထိုအခါ လူငယ်မှာ အကြောတစ်ချက်ဆွဲသွားသည်။ လူငယ်၏ ဦးခေါင်းနောက်စေ့ အရေပြားအောက်မှ လူးလွန့်လှုပ်ရှားမှုနှင့်အတူ အရေပြားကို ဖောက်၍ ခုနက အကောင်လေးလို တီလိုလို မြွေလိုလို အကောင်လေးတစ်ကောင် တိုးထွက်လာပြန်သည်။
ထိုအကောင်ကိုလည်း မျက်လုံးဖြူအဖိုးအိုကောင်းထုံးက သိမ်းဆည်းလိုက်သည်။
အကောင်လေးများ တိုးထွက်လာသည် အရေပြားက မျှော့ကိုက်ထားသလို အပေါက်ငယ်တစ်ခုသာ ထင်ကျန်ပြီး သွေးအနည်းငယ်သာ ထွက်နေသည်။ ဒဏ်ရာကြီးကြီးမားမား မဖြစ်နေခဲ့ပေ။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက လူငယ်ကို ပက်လက်ပြန် လှန်ပေးပြီး သက်တောင့်သက်သာဖြစ်အောင် ထားပေးသည်။ ထို့နောက် လူငယ်၏ ပါးစပ်ထဲသို့ ဆေးတစ်လုံး ထည့်ပေးကာ လည်ချောင်းကို ပြုပြင်ပေးလိုက်သည်။
အသက်ငင်နေသော လူငယ်မှ သေမင်းချောက်ကမ်းပါးမှ ပြန်လှည့်လာသလိုမျိုး ပြန်တည်ငြိမ်သွားသည်။ သို့သော်လည်း အသက်ကိုပင် ကောင်းစွာ မရှူနိုင်ပါ။ လှုပ်လည်း မလှုပ်နိုင်ပါ။ ဖုတ်လိုက်ဖုတ်လိုက်နှင့် အသက်ရှူရင်း ငြိမ်သက်စွာ လဲလျောင်းနေလေ၏။
“ရှေးဟောင်းကျားလူသားမျိုးနွယ်လို့ မပြောရဘူး။ တကယ်ခံနိုင်ရည်ရှိတယ်။ ဒါတောင် နာကျင်မှုတွေကို ခံနိုင်ရည်ရှိအောင် ကြာပွတ်နဲ့ ကျင့်ပေးထားလို့သာပဲ။ မဟုတ်ရင် သေသွားလောက်တယ်။ လူကို မသေစေဘဲ မျိုးရိုးဗီဇအဆီအနှစ်ထုတ်ယူရတာက တကယ်ကို မလွယ်တဲ့ ကိစ္စပဲ။ ဒီနာကျင်မှုကို ခံနိုင်တာက တကယ်ထူးခြားတယ် ပြောရမယ်”
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက လူငယ်၏ အခြေနေကို ခဏစောင့်ကြည့်ပြီး မသေလောက်သည့် အခြေနေအထိ တည်ငြိမ်လာတော့မှ သံလှောင်အိမ်ထဲက ထွက်လာလိုက်သည်။ သူက တခြားလှောင်အိမ်များထဲက လူငယ်များကို လှမ်းကြည့်ပြီး ပြုံးပြသည်။
“အရမ်းမစိုးရိမ်ပါနဲ့။ အဲဒါ နာကျင်ပေမဲ့ သေတော့ မသေနိုင်ပါဘူး။ ငါ့ ကိစ္စတွေ ပြီးသွားရင် မင်းတို့ကို ပြန်လွှတ်ပေးပါ့မယ်။ မင်းတို့တွေ အိမ်ပြန်ချင်နေကြတာ ငါ သိပါတယ်။ နည်းနည်းပဲ တောင့်ခံလိုက်ကြပါ”
တခြားလှောင်အိမ်ထဲမှ လူငယ်များကတော့ မျက်လုံးဖြူအဖိုးအိုကောင်းထုံးကို ခက်ထန်ကြမ်းကြုတ်သော မျက်များဖြင့် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများလည်း ရှိနေခဲ့သည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက နောက်ထပ်လှောင်အိမ်တစ်ခုကို ထပ်ဖွင့်လိုက်သည်။ ထိုလှောင်အိမ်ထဲတွင် ဒေါင်းမြီးစိမ်းလက်ချက်ဖြင့် ခွေလဲနေသော လူငယ်တစ်ယောက် ရှိနေသည်။
လှောင်အိမ်ထဲက လူငယ်မှာ နာကျင်ပင်ပန်းနေသည့်ကြားမှ အထိတ်တလန့်နှင့် ရုန်းကန်လှုပ်ရှားရန် ကြိုးစားသည်။
“မလိုအပ်ဘဲ ခွန်အားတွေ မဖြုန်းတီးနေပါနဲ့။ မင်းရဲ့ ခွန်အားတွေကို နာကျင်မှုကို တောင့်ခံနိုင်ဖို့အတွက် ချန်ထားပါ။ အဲဒါက တကယ်နာကျင်တာမို့ တောင့်ခံဖို့ ခွန်အားလိုတယ်”
လူငယ်က ထိန်လန့်သော မျက်လုံးများဖြင့် အသနားခံသလို ကြည့်လာသည်။
“ငါက ရက်စက်တာ မဟုတ်ပါဘူး။ မနာကျင်စေဘဲ အဲဒါကို ထုတ်ယူရင် ငါ လိုချင်တာတွေ မရမှာ စိုးရတယ်။ တကယ်လို့ မရလိုက်ရင် နောက်တစ်ခါ ထပ်လာယူနေရလိမ့်မယ်။ အဲဒါဆိုရင် မင်းတို့လည်း ခံနိုင်ရည် မရှိလောက်ဘူး။ မင်းတို့ အိမ်မပြန်နိုင်ဘဲ နေလိမ့်မယ်။ ဒါကြောင့် တစ်ခါတည်းနဲ့ အဆင်ပြေသွားအောင် တောင့်ခံပေးပါ”
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက ပြောဆိုနားချရင်း လှောင်အိမ်ထဲသို့ ဝင်သွားသည်။
ရုန်းကန်ရန် ကြိုးစားနေသော လူငယ်ကို မှောက်ခုံ ဆွဲမှောက်ပြီး လက်နှစ်ဖက်ကို လိမ်ချုပ်ထားလိုက်သည်။
“အီး…အား…”
လူငယ်မှာ အကြောက်အကန် ရုန်းသည်။ မည်သည့်နေရာက ထွက်လာမှန်းမသိသော ခွန်အားများဖြင့် အတင်းရုန်းသည်။ ခုနက ပျော့ခွေနေသော လူငယ်က သားရဲတစ်ကောင်လို ကြမ်းတမ်းစွာ ရုန်းသည်။
သို့သော်လည်း မျက်လုံးဖြူအဖိုးအိုကောင်းထုံး၏ ထိန်းချုပ်မှုအောက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။ ခွန်အားချင်းက အလွန်ကွာခြားနေ၍ ဖြစ်သည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက လူ၏ နောက်ဆုံးခွန်အားဖြင့် သားရဲတစ်ကောင်လို ရုန်းကန်နေသည်ကို သဘောကျဟန်ဖြင့် ခေါင်းညိတ်သည်။
“ကောင်းတယ်။ ဒီလိုခွန်အားမျိုးကို ငါက လိုချင်တာ။ တကယ်ပြောတာ။ မင်းတို့ရဲ့ ခွန်အားတွေကို ငါ တကယ်သဘောကျတယ်”
ထို့နောက် မျက်လုံးဖြူအဖိုးအိုကောင်းထုံးက လူငယ်၏ ကျောရိုးကို အပ်ဖြင့် ထိုးလိုက်သည်။ ဒဏ်ရာမှ လတ်ဆတ်ပျစ်နှစ်နေသော သွေးများ ထွက်လာသည်။ လူငယ်၏ သွေးက သာမန်လူတို့၏ သွေးထက် ပိုနီရင့်ပြီး ပိုပျစ်သည်။
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက ခုနက အိုးလိုပစ္စည်းကို ထုတ်ယူ၍ အဖုံးကို ဖွင့်ကာ လူငယ်၏ ကျောရိုးဒဏ်ရာနားတွင် တေ့ထားလိုက်သည်။
ထိုအခါ အိုးထဲမှ ဆံပင်ဖြူတစ်ပင်လို သေးမျှင်သော ရှည်မျောမျောနှင့် အဖြူရောင်အကောင်လေးတစ်ကောင် တလှုပ်လှုပ်နှင့် ထွက်လာသည်။ ထိုအကောင်လေးက သွေးထွက်နေသော ဒဏ်ရာကို အာရုံခံမိသွားပြီး အပ်ဖြင့် ထိုးဖောက်ထားသော ဒဏ်ရာထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။
“အား…ဂါး…အီး…”
လူငယ်မှာ တွန့်တွန့်လူးသွားပြီး အသေအလဲ ရုန်းကန်တော့သည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက အတင်းဖိနှိပ်ကာ ထိန်းချုပ်ထားလိုက်သည်။
“တောင့်ခံထား တောင့်ခံထား။ အဲဒါက သိပ်မကြာဘူး။ ပြီးသွားလိမ့်မယ်”
သူက ပြောရင်း လူငယ်၏ ဆံပင်ကို လှန်၍ နောက်စေ့ကို အပ်ဖြင့် ထိုးဖောက်လိုက်ပြန်သည်။ ထို့နောက် ထိုဒဏ်ရာထဲသို့လည်း အဖြူရောင်အကောင်လေးတစ်ကောင် ထည့်လိုက်သည်။
“အီး…ဂါး…”
လူငယ်မှာ ပါးစပ်မှ အမြုပ်များပင် ထွက်လာပြီး အသည်းအသန် ရုန်းကန်နေ၏။ သို့သော်လည်း မည်မျှ ရုန်းကန်ပါစေ နာကျင်မှုက မလွတ်မြောက်ခဲ့ပါ။ နောက်ပိုင်းတွင် လူငယ်က မရုန်းနိုင်တော့သည်အထိ အားနည်းသွားသည်။ သို့သော်လည်း ခန္ဓာကိုယ်က နာကျင်မှုကြောင့် သူ့အလိုလျောက် အကြောဆွဲ၍ ရုန်းကန်နေသေးသည်။
အချိန်ခဏအကြာတွင် တဖြည်းဖြည်းနှင့် လူငယ်မှာ ငြိမ်ကျသွားခဲ့သည်။ တစ်ကိုယ်လုံးလည်း ဖြူဖျော့သွားသည်။ အသက်လည်း သေလုသေခင်အနေထား ဖြစ်သွားသည်။
“အင်း…”
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက အရိုးပုလွေကိုကို မှုတ်လိုက်သည်။
ထိုအခါ ခုနက အတိုင်းပင် လူငယ်၏ ကျောရိုးနေရာ အရေပြားအောက်မှ လူးလွန့်လှုပ်ရှားလာပြီး တီကောင်လိုလို မြွေလိုလိုနှင့် သွေးများပြည့်ကာ နီရင့်ပြည့်ဖောင်းနေသော အကောင်လေး တိုးထွက်လာသည်။ ဆံပင်လို သေးငယ်ပြီး ဖြူဖျော့နေသော အကောင်လေးက တီတစ်ကောင်လို သွေးအဆီအနှစ်များ အပြည့်အတင်း စုပ်ယူပြီး ပြန်ထွက်လာခဲ့သည်။
မျက်လုံးဖြူအဖိုးအိုက ထိုအကောင်လေးကို အိုးထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် နောက်စေ့မှ အကောင်ကိုလည်း ခေါ်ထုတ်၍ သိမ်းဆည်းလိုက်သည်။
လူငယ်မှာတော့ မျက်ဖြူလန်လျက် အသက်ငင်နေလေ၏။
“မသေသွားဘူး။ ကောင်းတယ်”
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက ထိုလူငယ်ကိုလည်း ဆေးတစ်လုံးတိုက်ကျွေး၍ သက်တောင့်သက်သာဖြစ်အောင် ထားပေးလိုက်သည်။ ထို့နောက် သူက တခြားလှောင်အိမ်ကို ကြည့်လိုက်လေ၏။
အပေါ်ထပ်တွင်တော့ ဒေါင်းမြီးစိမ်းနှင့် ဌာနခွဲမှူးတို့မှာ မသက်သာသော မျက်နှာများဖြင့် ရပ်နေကြသည်။ အောက်ထပ်မှ အော်ဟစ်သံများကြောင့် သူတို့ပင် ကြက်သီးထနေကြသည်။
‘အောက်မှာ ဘာတွေ လုပ်နေတာလဲ’ဟုလည်း တွေးနေကြသည်။
နာကျင်အော်ဟစ်သံများက ပေါ်လာလိုက် ပျောက်သွားလိုက်နှင့် ဆက်တိုက် ကြားနေရသည်။
“ဟူး…”
နှစ်ယောက်လုံး စိတ်မသက်သာစွာ သက်ပြင်းချကြသည်။
အချိန်တစ်ခုအကြာတွင်တော့ အော်ဟစ်သံများကို ထပ်မကြားရတော့ပေ။
ခဏအကြာတွင် မြေအောက်ခန်းတံခါးက ပွင့်သွားသည်။
“ကျီ…”
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက မြေအောက်ခန်းထဲမှ တက်လာသည်။ သူ့မျက်နှာက အလွန်လေးနက်နေ၏။ နှူတ်ခမ်းဒေါင့်တွင်တော့ ကျေနပ်စိတ်လှုပ်ရှားဟန် အပြုံးတစ်ခု ရှိနေခဲ့သည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက ဌာနခွဲမှုးကို ကြည့်လိုက်ပြီး ပြောသည်။
“သူတို့ကို ကောင်းကောင်း ဂရုစိုက်ပြီး သေချာ ကျွေးမွေးထားပါ။ မသေစေနဲ့”
“ကောင်းပါပြီ ဆရာကြီး”
ဌာနခွဲမှူးက ဦးညွှတ်၍ တလေးတစား နာခံသည်။
ထို့နောက် မျက်လုံးဖြူအဖိုးအိုကောင်းထုံးက ဒေါင်းမြီးစိမ်းကို ကြည့်၍ ပြောသည်။
“သူတို့ကို တစ်လလောက် မနှိပ်စက်ဘဲ လွှတ်ပေးထားလိုက်ပါ”
ဒေါင်းမြီးစိမ်းကလည်း ဌာနခွဲမှူးကဲ့သို့ပင် ဦးညွှတ်၍ နာခံသည်။ သို့သော် သူ့ပုံစံက အနည်းငယ် ခက်ခဲနေပုံပေါ်နေသည်။ အထူးသဖြင့် ဆရာကြီးဟု ထုတ်ပြောသော စကားလုံးက အနည်းငယ် လေးလံနေသည်။ အရင်က နောင်ကြီးကောင်းထုံးဟု တရင်းတနှီး ခေါ်ပြောခဲ့သော လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ဆရာကြီးဟု တလေးတစား ဦးညွှတ်နေရသည်က ဒေါင်းမြီးစိမ်းအတွက် အနည်းငယ် ခက်ခဲနေသည်။
ဒေါင်းမြီးစိမ်းက ကိုယ့်အနေထားကို ကိုယ်မသိသော လူတစ်ယောက်တော့ မဟုတ်ပေ။ အခြေနေကို နားမလည်သော လူလည်း မဟုတ်ပေ။ ကိုယ့်အခြေနေကို သိ၍ နိမ့်ချရမည့်အချိန်တွင် နိမ့်ချ၍ နေရမည်ဟူသော ယဉ်ကျေးမှုကို သိသူလည်း ဖြစ်သည်။ သို့တိုင် သူ့အတွက် ခက်ခဲနေသည်။ သူ့စိတ်ထဲက မကျေနပ်မှုနှင့် မရှင်းလင်းမှုများက သူ့ကို ယဉ်ကျေးမှုကို နားမလည်သူတစ်ယောက်လို ဖြစ်နေစေသည်။
မျက်လုံးဖြူအဖိုးအိုကောင်းထုံးက ဒေါင်းမြီးစိမ်းကို အကဲခတ်သလို တစ်ချက်ကြည့်ပြီးနောက် ထွက်သွားလေ၏။
ဌာနခွဲမှူးကလည်း နောက်က လိုက်သွားသည်။
ထိုနေရာတွင် ဒေါင်းမြီးစိမ်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ဒေါင်းမြီးစိမ်းက သက်ပြင်းချရင်း ခေါင်းခါသည်။
“ငါ ဒါကို ကျော်ဖြတ်ရမယ်”
ကြီးမားသော ရှုံးနိမ့်မှု။ ကြိုးစားခဲ့သမျှ လက်လွှတ်ဆုံးရှုံးမှု။ လက်ရှိအခြေနေကို နားလည်နေသော်လည်း ကောင်းစွာ မကိုင်တွယ်နိုင်မှု။ ထိုအရာများက သူ့စိတ်ထဲတွင် အစိုင်ခဲဖြစ်နေသည်။ ထိုအရာများကို ကျော်ဖြတ်ဖို့ လိုနေသည်။ မဟုတ်လျှင် သူ့စိတ်ထဲက အစိုင်ခဲက ပို၍ ကြီးမားလာပေလိမ့်မည်။
ဒေါင်းမြီးစိမ်းက လက်ထဲက ကြာပွတ်ကို တစ်ချက်ကြည့်ပြီး ကြာပွတ်ပြန်ထားရန် မြေအောက်ခန်းသို့ ပြန်ဆင်းလာခဲ့သည်။
မြေအောက်ခန်းသို့ ရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒေါင်းမြီးစိမ်းမှာ အံ့ဩသွားရသည်။
သံလှောင်အိမ်ထဲတွင် အရိုင်းစိုင်းအကျဉ်းသားလူငယ်များအားလုံး အသက်မရှိသလို ပျော့ခွေလဲကျနေကြသည်။ သေလုမျောပါးရိုက်နှက်နှိပ်စက်သည့်တိုင် တဆတ်ဆတ်တုန်နေသည့်ကြားမှ အရိုင်းဆန်သော နာကြည်းဒေါသ မျက်လုံးများဖြင့် ပြန်ကြည့်နေတတ်သော လူငယ်များအားလုံး ပျော့ခွေလဲကျနေကြသည်။ မျက်လုံးများပင် မဖွင့်နိုင်ကြပါ။ အသက်ကိုလည်း ဖြည်းညင်းစွာသာ ရှူနိုင်ကြသည်။ တစ်ကိုယ်လုံး သွေးဆုတ်ဖြူရော်နေကြသည်။
“ဘာလုပ်လိုက်လို့ ဒီအရိုင်းစိုင်းတွေ ဒီပုံစံ ဖြစ်သွားတာလဲ”
ဒေါင်းမြီးစိမ်းမှာ အဖြေမသိရသော မေးခွန်းကို ရေရွတ်ရင်း အကျဉ်းဆယ်ယောက်လုံးကို လိုက်စစ်ဆေးကြည့်သည်။ ဆယ်ယောက်လုံး အခုပင် အသက်ထွက်တော့မလို အားနည်းဖျော့တော့နေကြသည်။ မည်သည့် ဒဏ်ရာကြီးကြီးမားမားကိုမှလည်း မတွေ့ရပါ။
“ဘယ်လိုများ နှိပ်စက်ခဲ့တာလဲ။ မဟုတ်ဘူး။ ဒါက နှိပ်စက်ထားတဲ့ လက္ခဏာမျိုး မဟုတ်ဘူး။ အငွေ့သက်၊ အရှိန်ဝါနဲ့ အသက်ဓာတ်တွေ အားလုံး အားနည်းနေတယ်။ အဲဒါတွေ ထုတ်ယူခံလိုက်ရသလိုမျိုး အားနည်းနေတယ်”
ဒေါင်းမြီးစိမ်းလည်း တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း နားမလည်နိုင်ဟန်ဖြင့် ခေါင်းခါသည်။ ထို့နောက် သူက ကြာပွတ်ကိုပင် ပြန်မထားနိုင်သေးဘဲ ထိုလူငယ်များကို ကြည့်လိုက် စဉ်းစားလိုက်နှင့် ထိုနေရာ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။
‘ဒီ အရိုင်းစိုင်းအကျဉ်းသားတွေက ဘယ်သူတွေလဲ။ ဘယ်က ဖမ်းလာတာလဲ။ ဘာလို့ ဒီအော်မေ့တောင်မှာ လာထားတာလဲ…’
ဒေါင်းမြီးစိမ်းက စဉ်းစားရင်း သူ့ကိုယ်သူလည်း ပြန်စဉ်းစားလာသည်။
‘ငါ့ကိုရော ဘာလို့ အော်မေ့တောင်ကို ပို့လိုက်တာလဲ။ ဂိုဏ်းရဲ့ လက်ရှိအခြေနေအရဆိုရင် ရှေ့မျက်နှာစာမှာ အင်အားလိုနေတာပဲ မဟုတ်ဘူးလား။ အဲဒါကိုတောင် အင်အားလိုနေတဲ့ နေရာကို မပို့ဘဲ ဘာလှုပ်ရှားမှုမှ မရှိတဲ့ ဒီအော်မေ့တောင်ဌာနခွဲကို ပို့လိုက်ရတာက အဓိပ္ပါယ်မရှိတာတော့ မဟုတ်ဘူးထင်တယ်…’
နဂါးစိမ်းဂိုဏ်း၏ နယ်မြေလွှမ်းမိုးမှုနဲ့ ချဲ့ထွင်မှုကို ကြိုးစားနေသော လက်ရှိအခြေနေအရ ဒေါင်းမြီးစိမ်းလို သိုင်းထိပ်သီးအဆင့်ကို ရှေ့မျက်နှာစာတွင် လိုအပ်နေသည်မှာ အမှန်ပင်။ ဌာနချုပ်မှူးရာထူးမဟုတ်လျှင်ပင် အင်အားလိုအပ်ချက်အရ ဌာနချုပ်တစ်ခုခုတွင် အင်အားဖြည့်ထားသင့်သည်မှာ အမှန်ပင်။
သို့သော် နဂါးစိမ်းဂိုဏ်းက ထိုသို့ မလုပ်ဘဲ ဒေါင်းမြီးစိမ်းကို ငြိမ်သက်တိတ်ဆိတ်၍ မည်သည့်လှုပ်ရှားမှုမှ မရှိသော အော်မေ့တောင်ဌာနခွဲသို့ ပို့ခဲ့သည်။ အော်မေ့ဌာနခွဲက ဌာနခွဲများအားလုံးထဲတွင် အငြိမ်သက်ဆုံး ဖြစ်သည်။
‘ကြည့်ရတာ ငါ့ကို ချောင်ထိုးလိုက်တာတော့ မဟုတ်ဘူးထင်တယ်။ ဒီအရိုင်းစိုင်းတွေက ဂိုဏ်းအတွက် တော်တော်လေး အရေးကြီးပုံရတယ်။ ဒါကြောင့် တခြားဌာနခွဲတွေမှာ မထားဘဲ ဒီအော်မေ့တောင်ဌာနခွဲမှာ လာထားတာက လုံခြုံရေးအတွက် ဖြစ်လိမ့်မယ်။ အော်မေ့တောင် ဌာနခွဲက ဘယ်ဌာနခွဲထက်မဆို လုံခြုံရေး ပိုအားကောင်းတယ်။ အထူးနယ်မြေကလွဲရင် အော်မေ့တောင်ဌာနခွဲက အလုံခြုံဆုံးပဲ…’
အထူးနယ်မြေက နဂါးစိမ်းဂိုဏ်း၏ ပင်ပဌာနချုပ်လည်း ဖြစ်သလို အထူးဂိုဏ်းသားများကို လေ့ကျင့်ပေးရာ နေရာလည်း ဖြစ်ပြီး ဒုဂိုဏ်းချုပ်ကိုယ်တိုင် ထိန်းချုပ်ထားသော နေရာဖြစ်၍ အလုံခြုံဆုံးနေရာ ဖြစ်သည်။ ဒုတိယ အလုံခြုံဆုံးမှာ အော်မေ့တောင် ဌာနခွဲဖြစ်သည်။
‘ဒီလိုဆိုတော့ ငါ့ကို ဒီပို့လိုက်တာက ဒီနေရာရဲ့ လုံခြုံရေးက တော်တော် အရေးကြီးနေလို့ပဲ ဖြစ်လိမ့်မယ်…’
ဒေါင်းမြီးစိမ်းက အခြေနေတစ်ခုကို ခန့်မှန်းတွက်ချက်မိလာပြီး သူ့မျက်နှာက တဖြည်းဖြည်း ကြည်လင်လာသည်။ သူ့ကို ချောင်ထိုးထားခြင်း မဟုတ်ဘဲ ဂိုဏ်း၏ အရေးကြီးသော လျှို့ဝှက်ချက်တစ်ခုကို စောင့်ရှောက်ဖို့ တာဝန်ပေးထားမှန်း နားလည်လာသည်။
ထိုလျှို့ဝှက်ချက်က မည်မျှ အရေးကြီးသည်တော့ မသိရပေ။ ထိုအရိုင်းစိုင်းများက အလွန်အရေးကြီးသည်၊ လျှို့ဝှက်ထိန်းသိမ်းထားခြင်း ဖြစ်သည်၊ ထို့ကြောင့် အထူးဂရုစိုက်ပါဟူသော ညွှန်ကြားချက်မျိုး မပေးဘဲ သာမန်ကိစ္စတစ်ခုလိုသာ သဘောထား၍ လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့သည်။ အော်မေ့တောင်ဌာနခွဲ၌ ရှိနေသော ဌာနခွဲမှူးအပါအဝင် ဂိုဏ်းသားများမှာလည်း သာမန်အတိုင်းသာ နေထိုင်ကြသည်။ လျှို့ဝှက်ချက်ကြီးတစ်ခုကို ထိန်းသိမ်းထားရသည်ဟူသော အမူအရာမျိုး မရှိကြပေ။ သူတို့ မသိကြသောကြောင့် ဖြစ်သည်။ ဂိုဏ်းက သူတို့ကို မသိစေထားသောကြောင့်လည်း ဖြစ်သည်။
ဂိုဏ်းသားများက အလေးနက်ပုံစံဖြစ်နေလျှင် တစ်ခုခုကို ထုတ်ပြောနေသလို ဖြစ်နေနိုင်သည် မဟုတ်ပါလား။ ထိုအစား ဒေါင်းမြီးစိမ်းလို သိုင်းထိပ်သီးအဆင့် အရည်ချင်းရှိသူတစ်ယောက်ကိုသာ အပြစ်ပေးသည့် အနေဖြင့် အော်မေ့ဌာနခွဲသို့ ပို့ခဲ့သည်။
“ဟားဟားဟား…”
ဒေါင်းမြီးစိမ်းက ကျေနပ်စွာ ရယ်လိုက်သည်။ သူ့စိတ်ထဲက မကျေနပ်မှု နားမလည်မှု အစိုင်အခဲက ပြေလျှော့သွားခဲ့ပြီ ဖြစ်သည်။ သူ့ကိုယ်သူ ချောင်ထိုးခံရသော လူတစ်ယောက် မဟုတ်ဟု သိလိုက်၍ ဖြစ်သည်။
တစ်ဆက်တည်းတွင် ဒေါင်းမြီးစိမ်းက ထိုအရိုင်းစိုင်းလူငယ်များကို ပို၍ သိချင်လာသည်။ မျက်လုံးဖြူကောင်းထုံး အဘယ်ကြောင့် ရောက်လာခဲ့သည်ကိုလည်း သိချင်လာသည်။ သို့သော်လည်း ထိုကိစ္စမှာ ဂိုဏ်းက လျှို့ဝှက်ထားသော ကိစ္စဖြစ်နေ၍ သူ့အနေဖြင့် မသိသင့်ကြောင်းကို နားလည်သည်။
ထို့ကြောင့် သူက ဆက်မတွေးတော့ဘဲ ကြာပွတ်ကို နံရံတွင် ပြန်ချိတ်ခဲ့ပြီး မြေအောက်ခန်းထဲမှ ထွက်သွားခဲ့သည်။ အခုတော့ ဒေါင်းမြီးစိမ်း၏ မျက်နှာက ကြည်လင်နေသလို ခြေလှမ်းများကလည်း ပေါ့ပါးနေလေ၏။
မျက်လုံးဖြူအဘိုးအို ကောင်းထုံး…။
‘လိုချင်တာ ရလာပြီဆိုတော့ အထူးနယ်မြေကို ပြန်ပြီး စမ်းသပ်ကြည့်ရမယ်။ ကျားလူသားမျိုးနွယ်နဲ့ ဝံပုလွေလူသားမျိုးနွယ်ရဲ့ မျိုးရိုးဗီဇသွေးသားအဆီနှစ်တွေနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ ‘မနာ-မသေ-စေလိုရာစေ’ဆေးကြီးက ပြည့်စုံသွားလောက်တယ်။ ဒါဆိုရင် မကောင်းဆိုးဝါးအဆင့် ဂိုဏ်းသားတွေရဲ့ အားနည်းချက်ကိုလည်း ပြင်နိုင်လောက်။ ဟင်းဟင်းဟင်း…’
မျက်လုံးဖြူအဖိုးအို ကောင်းထုံးက တွေးရင်း ကျေနပ်စွာ ပြုံးနေခဲ့သည်။
‘အဲဒါကို မစမ်းသပ်ခင် အဆိပ်ကဝေရဲ့ မျိုးစေ့ကို ခြေရာခံကြည့်ရမယ်။ သတင်းအချက်လက်တွေအရဆိုရင်တော့ အဲဒီ ဟန်းကွာဆိုတဲ့ တံငါရွာေလးကို တစ်ချက်သွားကြည့်ရမှာပဲ။ ပြီးရင် ဓားသုံးဖော်ရဲ့ အလောင်းတွေ ပြန်ရှာမတွေ့တာကိုလည်း တစ်ချက် စစ်ဆေးကြည့်ရမယ်။ အလောင်းကို ဖျောက်ဖျက်ပျက်တဲ့ ဆေးတစ်ခုခု သုံးခဲ့ရင်တော့ ရှာရတာ ပိုလွယ်သွားလိမ့်မယ်။ အဲဒီ ကလေးသာ အသက်ရှင်နေပြီး အဆိပ်ကဝေဆီက အမွေဆက်ခံထားတယ်ဆိုရင်တော့ အဲဒါက တကယ်စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်။ ဟင်းဟင်းဟင်း…’
မျက်လုံးဖြူအဘိုးအို ကောင်းထုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် စိတ်ဝင်စားမှုများ ထင်ဟပ်နေခဲ့လေ၏။
အခန်း(၃၄၅) ပြီး
***