ကွမ်တုံပြည်နယ်သည် အင်ပါယာတွင် စီးပွားရေးအားကောင်းသော ပြည်နယ် ဖြစ်လေ၏။
အင်ပါယာ၏ စီးပွားရေးလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်မှု၌ အဓိကအားထား၍ တည်ဆောက်ထားသည့် ခေတ်ကာလဖြစ်သောကြောင့် ကမ်းရိုးတန်းမြို့များသည် ပင်လယ်ကမ်းရိုးတန်းကုန်သွယ်မှုနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု၏ အဓိကအားထားရာ ဆိပ်ကမ်းများဖြစ်လာခဲ့သည်။
အင်ပါယာ၏ ကမ်းရိုးတန်းသည် ရှည်လျား၏။ ထိုရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်နယ်များနှင့် ဆိပ်ကမ်းမြို့များထဲတွင် ကွမ်တုံပြည်နယ်ရှိ ကွမ်ကျိုးဆိပ်ကမ်းမြို့သည် အင်ပါယာ၏ အဓိကဆိပ်ကမ်းမြို့ကြီး တစ်မြို့ ဖြစ်သည်။ ကွမ်ကျိုးဆိပ်ကမ်းက ပင်လယ်ရပ်ခြား တိုင်းတပါးနိုင်ငံများနှင့် ကုန်သွယ်ရာ ဆိပ်ကမ်းကြီး ဖြစ်နေသောကြောင့်ပင် ဖြစ်လေ၏။
ယခု ကွမ်ကျိုးမြို့တွင် စီးပွားရေးလုပ်ငန်းများကြား ပဋိပက္ခဖြစ်နေကြသည်။ သာမန် ပြိုင်ဆိုင်မှု မဟုတ်တော့သလို ပုန်းလျှိုးကွယ်လျှိုး တိတ်တဆိတ် တိုက်ခိုက်မှုများလည်း မဟုတ်တော့ပေ။ စီးပွားရေးလုပ်ငန်းများက နောက်လိုက်နောက်ပါ လူသူလက်နက်အင်အားကို အသုံးပြု၍ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လာကြသည်။
မည်သည့်အကြောင်းကြောင့် ထိုမျှအထိ အခြေနေပြင်းထန်လာမှန်း မသိရသော်လည်း ကွမ်ကျိုးမြို့၏ စီးပွားရေးလုပ်ငန်းများ၊ ကုန်းကြောင်း၊ မြစ်ကြောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုများနှင့် ပင်လယ်ရပ်ခြား တိုင်းတပါးကုန်သွယ်မှုများအားလုံး ထိခိုက်ကုန်သည်။
ဖူကျိုးလို ကုန်းတွင်းပိုင်းက စီးပွားရေးမြို့ငယ်လေးများမှာ ကွမ်ကျိုးမြို့လို စီးပွားရေးမြို့တော်ကြီးများကို အမှီပြု၍ စီးပွားရေးလုပ်နေရခြင်းကြောင့် ကွမ်ကျိုးမြို့ရှိ စီးပွားရေးလုပ်ငန်းများကြား ပဋိပက္ခဖြစ်ပွားမှုက တခြားမြို့များ၏ စီးပွားရေးကိုပါ ထိခိုက်စေကုန်သည်။
တစ်နည်းအားဖြင့် အင်ပါယာ၏ စီးပွားရေးကို ထိခိုက်ကျဆင်းစေခဲ့သည်။
အင်ပါယာမြောက်ပိုင်းမှ မွန်ဂိုနယ်ခြား စစ်ပွဲများနှင့် ပင်လယ်ပြင်မှ ဓားပြများကြောင့် အင်ပါယာ၏ စီးပွားရေးက ဆုတ်ယုတ်ကျဆင်းနေသည့် ကြားတွင် ယခုလို ကွမ်ကျိုးမြို့ရှိ စီးပွားရေးလုပ်ငန်းကြီးများကြားက လူသူလက်နက်အင်အားသုံး၍ တိုက်ခိုက်မှုများ ဖြစ်လာခြင်းက အင်ပါယာ၏ စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။
ကွမ်ကျိုးမြို့၏ ထိုသတင်းများက ရှောင်လုံတို့၏ ခရီးစဉ်ကို အပြောင်းအလဲလုပ်ရန် အကြောင်းဖြစ်လာခဲ့ရသည်။
သူတို့က ကွမ်တုံပြည်နယ်ထဲသို့ မဝင်တော့ဘဲ ဘေးမှ ဖြတ်ကျော်သွားရန်သာ စိတ်ကူးထားကြသည်။ ကျန်းရှီနှင့် ဖန်းချင်းကိုလည်း ကွမ်တုံပြည်နယ်စပ်အထိ လမ်းကြုံခေါ်ဆောင်သွားကြမည်ဟု ရည်ရွယ်ထားကြသည်။ ဖန်းချင်းတို့ကို ကွမ်ကျိုးအထိ လိုက်ပို့နေလျှင် ရှောင်လုံတို့၏ စီချွမ်ပြည်နယ် အော်မေ့တောင် ခရီးစဉ်က တစ်ကွေ့တစ်ပတ်ကြီး ဖြစ်သွားပြီး အချိန်ပိုကြာသွားနိုင်သည်။
သို့သော်လည်း ယခု ကြားနေရသော သတင်းများကြောင့် ကျန်းရှီနှင့် ဖန်းချင်းတို့ကို ကွမ်ကျိုးသို့ နှစ်ယောက်တည်း လွှတ်လိုက်ရန် မသင့်တော်သလို ဖြစ်နေသည်။
စီးပွားရေးလုပ်ငန်းများကြားက ပဋိပက္ခနှင့် တိုက်ခိုက်မှုများက သိုင်းလောကသား ဂိုဏ်းအဖွဲ့များကြားက တိုက်ခိုက်မှုကဲ့သို့ပင် ပြင်းထန်သည်။ စီးပွားရေးလုပ်ငန်းများတွင် လက်သပ်မွေးမြူထားသော တပည့်တပန်းများ ရှိသလို ငှားရမ်းထားသော ကြေးစားများလည်း ရှိသည့်အတွက် လူသူလက်နက်အင်အား အတော်အားကောင်းကြသည်။
“လူလေး ဘယ်လို စဉ်းစားထားလဲ”
“ဒီအထိ ခေါ်လာကြပြီးမှတော့ ကွမ်ကျိုးအထိ လိုက်ပို့လိုက်ကြတာ ကောင်းမယ်ထင်တယ် ဘိုးဘိုး။ မဟုတ်ရင် သူတို့နှစ်ယောက်ကို ပဋိပက္ခကြားထဲ လွှတ်လိုက်သလို ဖြစ်နေမှာ စိုးရတယ်။ ကွမ်ကျိုးကို ဝင်လိုက်မယ်ဆိုရင် ခရီးက ဘယ်လောက် ကြာသွားနိုင်လဲ ဘိုးဘိုး”
“ပုံမှန်သွားရင် ခုနစ်ရက် ပိုကြာသွားနိုင်တယ်”
“သူတို့ကို ကွမ်ကျိုးအထိ လိုက်ပို့ပြီးမှပဲ သားတို့သုံးယောက် ခပ်မြန်မြန် ခရီးဆက်လိုက်မယ်ဆိုရင်လည်း သိပ်တော့ နောက်မကျလောက်ပါဘူး”
“အိမ်း…၊ ဘိုးဘိုးတို့ချည်းပဲဆိုရင် လှုပ်ရှားရတာလည်း ပိုကောင်းသွားမှာပါ။ သူတို့ကို ငဲ့နေရတော့ လှုပ်ရှားမှုတွေကို ထိန်းနေရတယ်”
နှင်းပန်းကလည်း ခေါင်းညိတ်သည်။
ဟုတ်လည်း ဟုတ်သည်။ သူတို့သုံးယောက်တည်းသာ ဖြစ်ပါက ကိုယ်ဖော့ပညာကို လွတ်လွတ်လပ်လပ် အသုံးပြု၍ တချို့မျက်လုံးများကိုလည်း ရှောင်တိမ်းလှုပ်ရှားနိုင်မည် ဖြစ်သည်။
“ဒါဆို အဲဒီလိုပဲ လုပ်လိုက်ကြရအောင်။ ကွမ်ကျိုးကို အရင်ဝင်ပြီးမှပဲ ကွမ်ရှီးပြည်နယ်နဲ့ ကွေ့ကျိုးပြည်နယ်ကို ဖြတ်ကျော်ပြီး စီချွမ်ပြည်နယ်ထဲ ဝင်ကြတာပေါ့။ ကွမ်ရှီးနဲ့ ကွေ့ကျိုးမှာ နဂါးစိမ်းဂိုဏ်းက ခြေကုပ်ယူထားပြီးပြီဆိုတော့ ဂရုတော့ စိုက်ရမယ်”
နှင်းပန်းက ပြောလာသည်။
“မြေးတို့ရဲ့ ဒီပုံစံနဲ့ဆိုရင် အဆင်မပြေလောက်ဘူးထင်တယ်နော် ဘိုးဘိုး”
သူတို့က အခုထိ သူတောင်းစားမြေးအဘိုးသုံးယောက်အဖြစ် ရုပ်ဖျက်ထားကြခြင်း ဖြစ်၍ ထိုပုံစံဖြင့် နဂါးစိမ်းဂိုဏ်း၏ နယ်မြေထဲသို့ ဝင်ခြင်းက မသင့်တော်ပေ။ လက်ရှိအချိန်တွင် သူတောင်းစားဂိုဏ်းနှင့် နဂါးစိမ်းဂိုဏ်း၏ ထိပ်တိုက်တွေ့မှုက ပြင်းထန်နေသဖြင့် သူတို့၏ သူတောင်းစား အသွင်ပြင်က မသင့်တော်ပေ။
“အိမ်း…၊ ဒီပုံစံကိုလည်း ကွမ်ကျိုးရောက်ရင် ပြောင်းလဲလိုက်ကြတာပေါ့”
“ဟုတ်ကဲ့ ဘိုးဘိုး…”
ဤသို့ဖြင့် ရှောင်လုံတို့၏ ခရီးစဉ်က ကွမ်ကျိုးမြို့သို့ တစ်ထောက်ဝင်ရန် ဖြစ်လာခဲ့သည်။
ခရီးလမ်းက ကွေ့ပတ်သွားရမည့် ခရီးဖြစ်နေ၍ ဖူကျိုးမှ ထွက်လာကတည်းက ခပ်မြန်မြန် ခရီးဆက်လာခဲ့ကြသည်။ မလိုအပ်ဘဲနှင့် မကြန့်ကြာနေရလေအောင် အနှောက်ယှက်အဟန့်အတားများကိုလည်း ရှောင်ကွင်းလာခဲ့လိုက်ကြသည်။
ထိုကြောင့် ခုနစ်ရက်ကြာပြီးနောက်တွင် ရှောင်လုံတို့အဖွဲ့ ကွမ်ကျိုးမြို့သို့ ရောက်လာခဲ့ကြသည်။
ကွမ်ကျိုးမြို့က ညနေခင်း နေရောင်အောက်တွင် နွေးထွေးနေခဲ့သည်။ ဆောင်းဦးရာသီ၏ အေးမြမှုက ပင်လယ်မှ တိုက်ခတ်လာသော လေများကြောင့် အားနည်းကာ မအေးမြနိုင် ဖြစ်နေခဲ့လေ၏။
ရသေ့ကြီးမှာ ကွမ်ကျိုးမြို့သို့ ရောက်လာသည်နှင့် မျက်နှာအမူအရာ တစ်မျိုး ဖြစ်သွားခဲ့သည်။ စကားလည်း သိပ်မပြောတော့ပေ။
ရသေ့ကြီး၏ စိတ်ထဲတွင် လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က အဖြစ်အပျက်များ မတွေးဘဲနှင့် ပြန်ပေါ်လာနေခဲ့သည်။ ရှောင်ဂေဟာ၊ ရှောင်မိသားစု၊ ရှောင်ပိုင်ချွမ်းနှင့် ရှန်းမေတို့၏ ပုံရိပ်များက အတွေးထဲ ဝင်ရောက်လာခဲ့သည်။
ရသေ့ကြီးမှာ သက်ပြင်းများ မကြာခဏ ချနေမိသည်။
“ဟင်း…”
နှင်းပန်းက သူမအဘိုး၏ မျက်နှာကို တချိန်လုံး အကဲခတ်နေခဲ့သည်။ အကြောင်းရင်းတစ်ခုခု ရှိမှန်းလည်း ရိပ်မိနေခဲ့သည်။ သူမ၏ အဘိုးက ကွမ်ကျိုးမြို့အကြောင်း ပြောတိုင်း စိတ်မသက်မသာ ဖြစ်သွားတတ်သည် မဟုတ်ပါလား။ ကွမ်ကျိုးမြို့တွင် ရှောင်မိသားစုအိမ် ရှိသည်ဟုလည်း သိထားသဖြင့် သူမမောင်လေးနှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သက်ဆက်စပ်နေနိုင်သည်ဟု တွေးမိခဲ့သည်။
ရှောင်လုံကတော့ ကျန်းရှီနှင့် ဖန်းချင်းတို့နှင့်အတူ စည်ကားလှသော ကွမ်ကျိုးမြို့၏ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေလေ၏။
“တကယ်စည်တဲ့ မြို့ကြီးပဲ။ စီးပွားရေးဆိပ်ကမ်းမြို့လို့ မပြောရဘူး။ တကယ်ကြီးကျယ်ခမ်းနားတယ်”
“ဒါတောင် ဒီနှစ်တွေထဲ စီးပွားရေးတွေ သိပ်မကောင်းတော့လို့တဲ့။ အရင်ကဆိုရင် ဒီထက်တောင် စည်သေးတယ်တဲ့”
ညနေခင်းအချိန်ဖြစ်၍ လမ်းပေါ်တွင် လမ်းသွားလမ်းလာများနှင့် စည်ကားနေသလို ညနေခင်းတွင် ရောင်းသော လမ်းဘေးဈေးသည်များလည်း ရောက်လာပြီး ခင်းကျင်းနေသဖြင့် အနည်းငယ် ရှုပ်ထွေးနေသည်။
“ဘိုးဘိုး…၊ ရှောင်အိမ်က ဘယ်နားမှာလဲ”
နှင်းပန်းက တီးတိုးမေးလိုက်တော့မှ ရသေ့ကြီးလည်း အတွေးလွန်နေသော စိတ်ကို စုစည်း၍ လမ်းပြပေးသည်။
“ဒီဘက်ကို သွားကြမယ်”
ရသေ့ကြီး၏ ဦးဆောင်လမ်းပြမှုဖြင့် သူတို့အားလုံး ခြံဝင်းတစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။
“ဒါက ရှောင်ဂေဟာခြံဝင်းပဲ။ ကွမ်ကျိုးမှာ ရှောင်အိမ်က ဒီတစ်အိမ်ပဲ ရှိတယ်”
“ဒါ…ဒါက ရှောင်အိမ်လား…”
ဖန်းချင်းနှင့် ကျန်းရှီက ရှောင်ဂေဟာခြံဝင်းကို ကြည့်ပြီး မည်သို့ပြောရမှန်းမသိ ဖြစ်သွားကြသည်။
ခြံဝင်းတံခါးက တံခါးရွက်ပင် မရှိတော့ပေ။ မည်သည့်အချိန်က ပြုတ်ကျပျက်စီးသွားမှန်း မသိရပေ။ ခြံဝင်းတံတိုင်းကလည်း ပြိုသည့်နေရာက ပြို၊ ပျက်သည့်နေရာက ပျက်နေသည်။ ခြံဝင်းထဲက အိမ်ကြီးမှာလည်း ယခင်က မည်သည့်ပုံစံရှိသည်ဟု ခန့်မှန်းမရအောင်ပင် ပြိုကျပျက်စီးနေခဲ့ပြီး ခြုံများ နွယ်များနှင့် ဖုံးအုပ်နေခဲ့သည်။ အိမ်ထဲသို့ သွားရန်ပင် လမ်းမရှိဘဲ ခြံဝင်းတစ်ခုလုံး ခြံနွယ်များနှင့် ပိတ်ဖုံးပြည့်နက်နေခဲ့သည်။
ကျန်းရှီနှင့် ဖန်းချင်းတို့က ကွမ်ကျိုးမြို့သို့ လာခဲ့ကြခြင်းမှာ ရှောင်အိမ်၌ အလုပ်လုပ်နေသော ဖန်းမျိုးရိုးတစ်ယောက် ရှိသည်ဟူ၍ လာခဲ့ကြခြင်း ဖြစ်သည်။ ယခုတွင်တော့ ရှောင်အိမ်က လူမနေသည်မှာ ဆယ်စုနှစ်တစ်ခုစာ မကလောက်တော့ပေ။ ဖန်းချင်း၏ ဆွေမျိုး ဖန်းမျိုးရိုးလည်း မရှိသလို ရှောင်မိသားစုလည်း မရှိနေတော့ပေ။ ပြိုပျက်နေသော ခြံဝင်းတစ်ခုနှင့် အိမ်ပျက်ကြီးတစ်ဆောင်သာ ရှိနေ၏။
ရှောင်ဂေဟာခြံဝင်းပျက်ကြီးကို ကြည့်၍ ကျန်းရှီနှင့် ဖန်းချင်းမှာ စိတ်မသက်သာ ဖြစ်နေကြသည်။ သူတို့၏ မျှော်လင့်ချက်နှင့် ဦးတည်ချက်က ဤပုံစံဖြင့် အဆုံးသတ်သွားခဲ့သည်။ သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လေးသည်လည်း ပြိုကျသွားခဲ့သည်။ မိသားစု မရှိ၊ ခိုကိုးရာမရှိသော ခြေသလုံးအိမ်တိုင်ဘဝဖြင့် သိုင်းလောကထဲ ကျင်လည်ရအောင်ကလည်း သူတို့၏ သိုင်းပညာက နိမ့်ကျလွန်းနေသည်။ အလယ်အလတ်အဆင့်သိုင်းပညာမျှဖြင့် သိုင်းလောကထဲ ကျင်လည်ရန် မစွမ်းသာပေ။ ဧကရာဇ်အမှုထမ်း လုပ်ရန်မှာလည်း ကျိန့်အမတ်ကြီး၏ အထုတ်ပယ်ခံခဲ့ရ၍ နာမည်ကောင်း မရှိတော့ပေ။ ဧကရာဇ်အမှုထမ်း ထပ်လျှောက်ရန် မဖြစ်နိုင်တော့ပေ။
ဖန်းချင်းနှင့် ကျန်းရှီတို့ မျက်နှာ မကောင်းကြသလို ရသေ့ကြီးမှာလည်း မျက်နှာမကောင်းပါ။ တစ်ချိန်က မြင်ခဲ့ မှတ်မိခဲ့သော ရှောင်ဂေဟာကား မမှတ်မိလောက်အောင် ပြိုကျပျက်စီးနေခဲ့လေပြီ။ လူလည်း မနေ၊ ထိန်းသိမ်းစောင့်ရှောက်မည့်သူလည်း မရှိသဖြင့် ဆယ့်ငါးနှစ်ဟူသော အချိန်ကာလက ခြံဝင်းတစ်ခုကို ယခုပုံစံဖြစ်အောင် ဖျက်ဆီးပစ်နိုင်ခဲ့သည်။
ရသေ့ကြီးအပြင် ရှောင်ဂေဟာခြံဝင်းကို ကြည့်ပြီး ဝမ်းနည်းသလိုလို နာကျင်သလိုလိုနှင့် ခံစားနေရသူတစ်ယောက်လည်း ရှိသေး၏။ သူက ရှောင်လုံပင်။
ရှောင်လုံက ခြံဝင်ပျက်ကြီးနှင့် ခြံနွယ်များအောက်က အိမ်ပြိုကြီးကို ကြည့်ပြီး ဝမ်းနည်းသလိုလို နာကျင်သလိုလို ခံစားနေရသည်။ မည်သူမှ ခြံဝင်းထဲ ဝင်ကြည့်ဖို့ မပြင်ရသေးခင်မှာပင် ရှောင်လုံက ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။ သူ့လက်ထဲတွင် မည်သည့်အချိန်က ထုတ်ကိုင်ထားမှန်းမသိရသော မြေခွင်းဓားမြှောင်နှစ်လက်လည်း ရှိနေသည်။
ရှောင်လုံက ပိတ်ဖုံးနေသော ခြုံနွယ်များကို မြေခွင်းဓားမြှောင်ဖြင့် ခုတ်ထွင်ရှင်းလင်း၍ ခြံထဲ ဝင်သွားခဲ့သည်။
ထိုအခါ ဖန်းချင်းနှင့် ကျန်းရှီလည်း သူတို့၏ ဓားရှည်များကို ထုတ်၍ ရှောင်လုံနှင့်အတူ ဝင်လိုက်သွားရင်း ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းကြသည်။
ရသေ့ကြီးက ခြံဝင်းရှေ့တွင် ရပ်၍ ရှောင်လုံကိုသာ ကြည့်နေခဲ့သည်။ သူ့မြေးက စိတ်ခံစားမှု အလွန်ထက်မြက်အားအောင်းသလို ချစ်ခင်ရင်းနှီးသူများကိုလည်း အလွန်တွယ်တာတတ်သူ ဖြစ်သည်။ ဤရှောင်ဂေဟာခြံဝင်က သူ့မြေး၏ အိမ်ဖြစ်သည်။ သူ့မိဘဘိုးဘွားများ၏ အိမ်ဖြစ်သည်။ ရသေ့ကြီးက ဘာတစ်ခွန်းမှ မပြောပြခဲ့သည့်တိုင် ရှောင်လုံမှာ စိတ်ခံစားချက်၏ စေ့ဆော်မှုဖြင့် ခြံဝင်းထဲသို့ ဦးဆောင်၍ ဝင်သွားခဲ့လေပြီ။
နှင်းပန်းမှာလည်း ဝမ်းနည်း နာကျင်နေခဲ့ပြီ ဖြစ်သည်။ သူမက ဦးလေးရှောင်ပိုင်ချွမ်းနှင့် ဒေါ်လေးရှန်းမေတို့ ဇနီးမောင်နှံကို မြင်ဖူးသည်။ သိဖူးသည်။ တစ်ယောက်နှင့်တစ်ယောက် မည်မျှအထိ ချစ်ခင်ကြင်နာကြပြီး မည်မျှ ရိုးသားဖြူစင်ကြသည်ကို သူမ မှတ်မိနေသည်။ မည်သို့ သေဆုံးခဲ့ကြသည်ကိုလည်း သူမက မှတ်မိသည်။ ဤရှောင်ဂေဟာက သူမမောင်လေး၏ အိမ်ဖြစ်နေမှန်းကို သူ့အဘိုး၏ မျက်နှာအမူအရာကို အကဲခတ်၍ ရိပ်မိနေခဲ့ပြီ ဖြစ်သည်။
အခု သူမမောင်လေး၏ စိတ်ထဲက နာကျင်ခံစားမှုကို သူမကလည်း ခံစားမိနေသည်။ သူမနှင့် သူမမောင်လေးက စိတ်ချင်းဆက်နေသည်ဟု ပြောရလောက်သည်အထိ စိတ်ချင်းခံစားနားလည်ကြသူများဖြစ်၍ သူမမောင်လေး၏ နာကျင်ဝမ်းနည်းနေမှုကို သူမလည်း ခံစားနေမိသည်။
‘မောင်လေး…’
နှင်းပန်းလည်း ခြံဝင်းထဲသို့ ဝင်လိုက်သွားခဲ့သည်။ သူမမောင်လေးကို တစ်ယောက်တည်း မလွှတ်ထားနိုင်သောကြောင့် ဖြစ်သည်။ သူမမောင်လေး နာကျင်ဝမ်းနည်းနေသည်ကို သူမက အနားတွင် ရှိနေပေးချင်သည်။ တစ်ချိန်တည်းမှာပင် နှင်းပန်းမှာ ဘာမှန်းမသိသော တစ်စုံတစ်ခုကို ထိတ်လန့်နေခဲ့သည်။ သူမ၏ မသိစိတ်ထဲတွင် အမည်မသိသော တုန်လှုပ်မှုတစ်ခု ကိန်းအောင်းလာခဲ့သည်။ သူမမောင်လေးက သူ့ဘဝအကြောင်းကို သိသွားခဲ့လျှင်ဟူသော အတွေးတစ်ခုနှင့်အတူ နှင်းပန်းတစ်ယောက် ဘာကို စိုးရိမ်၍ စိုးရိမ်မှန်း မသိဘဲ စိုးရိမ်ထိတ်လန့်နေမိသည်။
ရသေ့ကြီးလည်း သက်ပြင်းချရင်း ခြံဝင်းထဲသို့ ဝင်လိုက်သွားခဲ့သည်။
ရှောင်လုံတစ်ယောက် သူ့လက်ထဲက ဓားမြှောင်နှစ်လက်ကို တရိပ်ရိပ်လှုပ်ရှား၍ ခုတ်ထွင်ရှင်းလင်းရင်း အိမ်ပြိုကြီးဆီသို့ သွားနေသည်။ သူ့ရင်ထဲတွင် တလှပ်လှပ် တစိမ့်စိမ့် ခံစားချက်များက အိမ်ကြီးနှင့် နီးလာလေလေ ပိုအားကောင်းလာလေလေ ဖြစ်နေသည်။
အိမ်…။
ထိုခံစားချက်က ရှောင်လုံ၏ ရင်ဘတ်တစ်ခုလုံးကို နွေးကနဲ ဖြစ်သွားစေသလို ပြိုကျပျက်စီးနေသော အိမ်ပျက်ကြီးကို ကြည့်မိတိုင်လည်း သူ့ရင်ဘတ်တစ်ခုလုံး အေးကနဲ စိမ့်ကနဲ ဖြစ်သွားသည်။ လက်ဖျားခြေဖျားများပင် အေးစိမ့်လာသည်။ ခြုံနွယ်ရှင်းရသည်မှာ အားမစိုက်ရပါဘဲ၊ မပင်ပန်းပါဘဲနှင့် ဓားကိုင်လက်နှစ်ဖက်လုံး ချွေးစို့လာခဲ့သည်။
ဤခြံဝင်းနှင့် ဤအိမ်အကြောင်းကို သူ သိချင်သည်။ သို့သော် သူ မမေးရဲဘဲ ဖြစ်နေသည်။ မမေးရဲရုံသာမက သူ့ဘိုးဘိုးနှင့် သူ့မမကိုပင် လှည့်မကြည့်ရဲအောင် ဖြစ်နေသည်။ သူ့ဘိုးဘိုးနှင့် သူ့မမ၏ မျက်နှာပေါ်က တစ်စုံတစ်ခုသော အရိပ်ယောင်ကို သူ မြင်ရမှာ စိုးရွံ့နေသည်။
ထို့ကြောင့် မည်သည့်စကားမှ မဆိုဘဲ တလှပ်လှပ်ဖြစ်နေသော စိတ်ဖြင့် ရှေ့သို့သာ သွားနေခဲ့သည်။ သူ့နှလုံးအိမ်က နွေးထွေးချည်တစ်ခါ အေးစိမ့်ချည်တစ်လှည့်နှင့် ဖြစ်နေ၏။
ကျန်းရှီနှင့် ဖန်းချင်းမှလည်း ထူးထူးခြားခြား တိတ်ဆိတ်နေသော ရှောင်လုံကို အကဲခတ်နေကြသည်။ ရှောင်လုံ၏ မျက်နှာအရိပ်အကဲကို ကြည့်ပြီး ရှောင်လုံ၏ စိတ်အခြေနေကို ခန့်မှန်းမိနေကြသည်။ ထို့ကြောင့် သူတို့ကလည်း မည်သည့်မေးခွန်းမှ မထုတ်ဘဲ ခြုံနွယ်များကိုသာ ကူရှင်းပေးနေကြသည်။
လူငယ်သုံးယောက်၏ ခုတ်ထွင်ရှင်းလင်းမှုဖြင့် နောက်ဆုံးတွင် သူတို့အားလုံး ပြိုကျပျက်စီးနေသော အိမ်ကြီးဆီသို့ ရောက်လာခဲ့ကြသည်။
“အိမ်က လူဝင်လို့တောင် မရလောက်တော့ဘူး။ လူဝင်လိုက်ရင် အကုန်ပြိုကျလာမှာ စိုးရတယ်”
ကျန်းရှီက ပြောရင်း အိမ်အခြေနေကို အကဲခတ်သည်။
အိမ်ကြီးက အတော်ကို ပြိုကျနေပြီ ဖြစ်သည်။ တချို့အမာခံအစိတ်အပိုင်းများ ဟန်မပျက် ရှိနေသေးသော်လည်း လူတက်နိုင်လောက်သည်အထိ မခိုင်ခံ့တော့ပေ။ လူဝင်လိုက်လျှင် ပြိုကျသွားမည့် အနေထားမျိုး ဖြစ်နေသည်။
ရှောင်လုံက အိမ်ကြီးကို ခဏကြာအောင် တွေတွေကြီး ကြည့်နေခဲ့သည်။ သူ့နှလုံးခုန်သံများက နှေးလိုက်မြန်လိုက် ဖြစ်နေသည်။ တစ်ခါမှ မခံစားဖူးသော ဝမ်းနည်းနာကျင်မှုနှင့် စိတ်ပင်ပန်းမှုကို ခံစားနေရသည်။ အိမ်ပျက်ကြီးထဲကိုလည်း ဝင်ကြည့်ချင်လာသည်။
ဝင်ကြည့်ချင်စိတ်ဖြစ်လာသည်နှင့် ရှောင်လုံမှာ အိမ်ထဲသို့ လှမ်းဝင်သွားလိုက်တော့သည်။
“သတိထား၊ အရမ်းမဝင်နဲ့။ ပြိုကျသွားမယ်”
ဖန်းချင်းက သတိပေးသည်။
ကျန်းရှီက ဖန်းချင်းကို တားထားလိုက်သည်။
“ဝင်သွားပါစေ”
ရသေ့ကြီးနှင့် နှင်းပန်းကလည်း ရှောင်လုံကို မတားပါ။ ကြည့်၍သာ နေကြသည်။ တား၍လည်း မရနိုင်မှန်း သိနေ၍ ဖြစ်သည်။
အိမ်အိုကြီး၏ အခြေနေက သာမန်လူတစ်ယောက် ဝင်လျှင် ပြိုကျသွားနိုင်သော်လည်း ရှောင်လုံကတော့ ကိုယ်ဖော့ပညာသုံး၍ ငှက်တစ်ကောင်လို ပေါ့ပါးစွာ တိုးဝင်လာခဲ့သည်။
“ကျီ ကျွီ…”
ရှောင်လုံ၏ ကိုယ်ဖော့ပညာဖြင့်ပင် အိမ်ပျက်ကြီးက တောင့်မခံနိုင်ပုံဖြင့် တကျီကျီ အသံများ မြည်လာသည်။
ရှောင်လုံလည်း သတိထား၍ မည်သည့်ပစ္စည်းကိုမှ မထိမကိုင်ဘဲ အိမ်ထဲသို့ ဝင်လို့ရသမျှ ဝင်လာခဲ့လိုက်သည်။ နွယ်များ ပင့်ကူအိမ်များကိုပင် အရမ်း မဖယ်ရှားဘဲ တိမ်းရှောင်နေရသည်။ နွယ်ဖြစ်စေ ပင့်ကူအိမ်ဖြစ်စေ ဖယ်ရှားလိုက်လျှင် ငြိတွယ်၍ တည်းတည်းလေး ရှိနေသော တစ်စုံတစ်ခု ပြုတ်ကျသွားနိုင်၍ ဖြစ်သည်။ တစ်ခုခု ပြုတ်ကျသွားလျှင် တစ်ခုတည်းနှင့် ပြီးမည် မဟုတ်ပေ။ နောက်ဆက်တွဲ ပြိုကျမှုများ ဆက်တိုက် ဖြစ်လာနိုင်သည်။
ထို့ကြောင့်လည်း ရှောင်လုံက ကိုယ်ဖော့ပညာကို ထုတ်ဖော်အသုံးပြုနေရုံသာမက အသံနိမ့်လှိုင်းသိုင်းပညာဖြင့် အိမ်ပြိုကြီး တစ်ခုလုံးကို အာရုံခံ၍ ခြေလှမ်းတိုင်း လှုပ်ရှားမှုတိုင်းကို သတိထား၍ လှုပ်ရှားနေရသည်။
အောက်ထပ်မှ အပေါ်ထပ်သို့ တက်သော လှေကားကို တွေ့လျှင် ရှောင်လုံက ကိုယ်ရှိန်သတ်လိုက်သည်။ လှေကားတွင် လှေကားထစ်များ မစုံတော့ပေ။ ပြုတ်ကျသည် လှေကားထစ်များက ပြုတ်ကျ၊ တွဲလောင်းကျနေသည့် လှေကားထစ်က တွဲလောင်းနှင့် ဖြစ်နေကြသည်။
အပေါ်ထပ် ကြမ်းပြင်များမှာလည်း အများစုက ပြိုကျနေခဲ့ပြီ ဖြစ်သည်။ ကြမ်းခင်းအနည်းငယ်သာ ကျန်တော့သည်။
ရှောင်လုံလည်း ခန္ဓာကိုယ်ကို အသာလှုပ်ရှား၍ အပေါ်ထပ်သို့ ခုန်တက်လာလိုက်သည်။
ကျန်းရှီနှင့် ဖန်းချင်းက အိမ်အပြင်မှ စောင့်ကြည့်နေရင်း ရှောင်လုံ၏ ပေါ့ပါးလျင်မြန်သော ကိုယ်ဖော့ပညာကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့က ရှောင်လုံ၏ အစွမ်းအစကို အတော်မြင့်မြင့်အထိ ခန့်မှန်းထားကြသော်လည်း ယခု သူတို့ မြင်ရသော ရှောင်လုံ၏ ကိုယ်ဖော့ပညာက သူတို့ ခန့်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။
ငှက်တစ်ကောင်လို ပေါ့ပါးပြီး သရဲတစ္ဆေလို လျင်မြန်သော ကိုယ်ဖော့ပညာ မဟုတ်ပါလား။
“ဂလု…”
ဖန်းချင်းနှင့် ကျန်းရှီက တံတွေးကျိတ်မြိုရင်း သူတို့၏ မျက်လုံးများကို ပွတ်နေကြသည်။ သူတို့ မြင်နေရသော မြင်ကွင်းကို မယုံနိုင်သောကြောင့် ဖြစ်သည်။ သူတို့က သိုင်းပညာ အဆင့်မမြင့်သော်လည်း အဆင့်မြင့်သိုင်းသမားကြီးများကို မြင်ဖူးသည်။ အဆင့်မြင့်ကိုယ်ဖော့ပညာရှင်ကြီးများ၏ လှုပ်ရှားမှုကိုလည်း မြင်ဖူးသည်။ ကျိန့်အမတ်ကြီး၏ အိမ်တော်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်တုန်းက အံ့ဩရလောက်အောင် လျင်မြန်ကြသော ကိုယ်ဖော့ပညာရှင်များကို မြင်ဖူးခဲ့သည်။
ကျိန့်အမတ်ကြီး ဖိတ်ခေါ်ထားသော သိုင်းပညာရှင်များကို အနိုင်ပိုင်း၍ ထွက်ခွာသွားသော ထူးဆန်းသော အဘိုးအိုကြီး၏ ကိုယ်ဖော့ပညာကိုလည်း မြင်ခဲ့ဖူးသည်။
သို့သော်လည်း ထိုကိုယ်ဖော့ပညာရှင်များ၏ လှုပ်ရှားမှုက ရှောင်လုံ၏ လှုပ်ရှားမှုနှင့် နှိုင်းယှဉ်မရအောင် ကွာခြားနေခဲ့သည်။
ဖန်းချင်းနှင့် ကျန်းရှီတို့ အံ့ဩမည်ဆိုလျှင်လည်း အံ့ဩစရာပင်။ ရှောင်လုံက သူ၏ ကိုယ်ဖော့ပညာကို ဖုံးကွယ်ထားဖို့ သတိမရဘဲ လေဟုန်စီးကိုယ်ဖော့ပညာကို လွတ်လွတ်လပ်လပ် ထုတ်သုံးကာ အိပ်ပျက်ကြီးထဲတွင် ငှက်တစ်ကောင်လို သွားလာလှုပ်ရှားနေခဲ့သည်။ ထိုသို့ မလှုပ်ရှား၍လည်း မရပေ။ ထိုသို့သာ မလှုပ်ရှားလျှင် အိမ်အိုကြီးက ပြိုကျသွားပေလိမ့်မည်။
နောက်ဆုံးတွင် ရှောင်လုံက အပေါ်ထပ်ရှိ အတော်အတန် ကောင်းနေသေးသော အခန်းတစ်ခန်းသို့ ရောက်လာခဲ့သည်။ အိမ်ကြီးတစ်ဆောင်လုံးတွင် ထိုအခန်းတစ်ခန်းသာ အနည်းငယ် ကောင်းတော့သည်။ ကျန်သော မည်သည့်အခန်းမှ အကောင်းမရှိတော့ပေ။ အခန်းတံခါးများ နံရံများ ပြိုကျပျက်စီးနေကြပြီ ဖြစ်သည်။
ထိုအနည်းငယ်ကောင်းသေးသော အခန်းသည်ပင် တံခါးရွက်တစ်ချပ် မရှိတော့ဘဲ ပြုတ်ကျနေ၏။
ရှောင်လုံက အခန်းရှေ့မှနေ၍ အခန်းထဲကို ရပ်ကြည့်နေမိသည်။
အခန်းတစ်ခုလုံး ပင့်ကူအိမ်များနှင့် ပြည့်နေ၏။ ဖုန်များ အမှိုက်များကလည်း အပြည့်ပင်။
ကမ္ပည်းတိုင်များ…။
ဟုတ်သည်။ ထိုအခန်းထဲတွင် ကမ္ပည်းတိုင်များ ရှိနေသည်။ တချို့ကတော့ လဲကျနေ၏။ တချို့က ကြမ်းပြင်သို့ ပြုတ်ကျနေ၏။ အထောင်တိုင်း ရှိနေသော ကမ္ပည်းတိုင်ငယ်တချို့ ရှိသော်လည်း ဖုန်များ ဖုံးအုပ်နေ၍ ကပ္မည်းစာများကို မမြင်ရတော့ပါ။ ဖုန်များကို ဖယ်လျှင်ပင် ကမ္ပည်းစာလုံးများက ပျက်ပြယ်နေပြီဖြစ်၍ ဖတ်မရလောက်တော့ပေ။
အမြင့်ဆုံးတွင် ထားသော ကမ္ပည်းတိုင်ကြီးတစ်ခုကတော့ ဖုန်များနှင့် ပင့်ကူအိမ်များ တက်နေသော်လည်း စာလုံးကို ဖတ်၍ ရနေသေးသည်။ ကမ္ပည်းတိုင်ကြီးက ကြီးလည်း ကြီး၍ စာလုံးများကလည်း ဆေးရေးစာလုံးများ မဟုတ်ဘဲ သစ်ထွင်းစာလုံးများ ဖြစ်နေ၍ ဖုန်တက်နေသည့်တိုင် မြင်နေရသည်။ ဖတ်လို့ ရနေသေးသည်။
ရှောင်မိန်…။
ထိုကမ္ပည်းတိုင်ကြီးကို ကြည့်ပြီး ရှောင်လုံ၏ ရင်ထဲ လှပ်ကနဲ ဖြစ်သွားသည်။ စူးကနဲ နင့်ကနဲလည်း ဖြစ်သွားသည်။ အလိုလို ဝမ်းနည်းလာပြီး ရင်ထဲ ဆို့နင့်ချင်လာသည်။
မည်သည့်အချိန်ကတည်းက ကျလာမှန်းမသိသော မျက်ရည်စက်တချို့က ပါးပြင်ကို ဖြတ်စီး၍ အိမ်အိုကြီးပေါ်သို့ ကျသွားခဲ့သည်။
ရှောင်လုံတစ်ယောက် ကမ္ပည်းတိုင်ကြီးကို ကြည့်ပြီး အလိုလို မျက်ရည်ကျနေခဲ့သည်။
ဖုန်များ ပင့်ကူအိမ်များကြားက ရှောင်ဘိုးဘေး၏ ကမ္ပည်းတိုင်၊ ပြိုလဲပျက်စီးနေသော ရှောင်မိသားစုဝင်များ၏ ကမ္ပည်းတိုင်များ။
ဤအိမ်ကား ရှောင်အိမ်၊ ရှောင်ဂေဟာ၊ ရှောင်မိသားစုတို့ နေထိုင်သွားခဲ့သော အိမ်။ သူကလည်း ရှောင်အိမ်သား။ ရှောင်မျိုးဆက်။
ယခုအချိန်ထိ မိဘကိုလည်း မသိ၊ ဆွေမျိုးကိုလည်း မသိ၊ မျိုးရိုးကိုပင် သေချာမသိဘဲ နေထိုင်လာခဲ့ရသော စိတ်က ဘိုးဘေး၏ ကမ္ပည်းတိုင်ကို ကြည့်ပြီး အလိုလို ဝမ်းနည်းနေခဲ့သည်။
ရှောင်လုံက သူလက်နက်သေတ္တာထဲက ကျောက်နက်သေတ္တာကို ထုတ်ယူပြီး တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထားလိုက်သည်။
သူနှင့် တစ်လျှောက်လုံး ရှိနေခဲ့သော ထိုကျောက်နက်သေတ္တာလေးက ဘိုးဘေး၏ အမွေအနှစ်ဖြစ်သည်။ ရှောင်မျိုးဆက် ရှောင်မျိုးရိုး ရှောင်မိသားစုနှင့် ပတ်သက်၍ သူ့လက်ထဲတွင် ရှိနေသော တစ်ခုတည်းသော ပစ္စည်းလေးလည်း ဖြစ်သည်။
“ဘိုးဘေး…၊ ဘိုးဘေး…။ ကျွန်တော် အိမ်ပြန်လာပါပြီ”
ရှောင်လုံတစ်ယောက် အမေကို တမ်းတချင်သော်လည်း အမေကိုလည်း မသိ၊ အဖေကို တမ်းတချင်သော်လည်း အဖေကိုလည်း မသိရသဖြင့် သူ သိသော ဘိုးဘေးကိုသာ တမ်းတမ်းတတဖြင့် ခေါ်ရင်း ကျိတ်ငိုနေခဲ့သည်။
တစ်လောလုံးတွင် သူတစ်ယောက်တည်းဟူသော ခံစားချက်ဖြင့် ရှောင်မျိုးဆက် လူငယ်လေးတစ်ယောက်၏ ဝမ်းနည်း မျက်ရည်စက်များက ကျောက်နက်သေတ္တာလေးပေါ်သို့ တပေါက်ပေါက်နှင့် ကျဆင်းနေလေ၏။
—————
တိမ်ပင်လယ်ကြား ကောင်းကင်အထိ ထိုးထွက်နေသော တောင်ထိပ်ပေါ်က ဝါးကျောင်းဆောင်လေးထဲတွင် ငြိမ်သက်စွာ ကျင့်ကြံနေသော တိမ်လိုဖြူစင်သော ဝတ်စုံနှင့် ငွေရောင်ဆံပင်ပိုင်ရှင် ပုဂ္ဂိုလ်က ကျင့်ကြံနေရာမှ မျက်လုံးဖွင့်လာသည်။
သူက တိမ်ပင်လယ်ကို ကျော်ဖြတ်၍ တစ်ချက်လှမ်းကြည့်ခဲ့သည်။
သူ၏ မျက်လုံးများက ကြယ်လိုလလို ကြည်လင်တောက်ပနေ၏။ ထိုမျက်လုံးများထဲတွင် နွေးထွေးကြင်နာသော အငွေ့သက်လေးတစ်ခုလည်း ရှိနေခဲ့လေ၏။
အခန်း(၃၄၆)ပြီး
***