နှင်းပန်းမှာလည်း အိမ်ပြင်မှ လှမ်းကြည့်ရင်း သူမမောင်လေး၏ စိတ်ထဲက တစ်ယောက်တည်းဟူသော ခံစားချက်ကို ကူးစက်ခံစားမိပြီး မျက်ရည်ကျလာခဲ့သည်။
သူမမောင်လေး ပျော်လျှင် သူမလည်း ပျော်သည်။ သူမမောင်လေး ဝမ်းနည်းလျှင် သူမလည်း ဝမ်းနည်းသည်။ သူမမောင်လေး မျက်ရည်ကျလျှင် သူမလည်း မျက်ရည်ကျသည်။
တစ်ယောက်တည်း။
သူမမောင်လေးက တစ်ယောက်တည်းဟူသော ခံစားချက်ဖြင့် ဝမ်းနည်း၍ မျက်ရည်ကျနေခဲ့သည်။
သူမကိုယ်တိုင်ကရော…။ သူမသည်လည်း တစ်ယောက်တည်းပင်။ သူမသည်လည်း နှင်းပန်းဟူသော နာမည်တစ်လုံးကိုသာ သူမအဖွား အဆိပ်ကဝေက ပေးခဲ့သည်။ မျိုးရိုးနာမည်ကို မပေးခဲ့ပေ။ ဖခင်ဘက်ကရော မိခင်ဘက်ကပါ မျိုးရိုးနာမည် မပေးဘဲ နှင်းပန်းဟူသော နာမည်တစ်လုံးတည်းကိုသာ ပေးထားခဲ့သည်။ သူမအဘွား၏ နာကြည်းချက်တချို့ကို နှင်းပန်းက ငယ်စဉ်ကတည်းက ရိပ်မိသဖြင့် သူမ၏ မျိုးရိုးနာမည်ကို မမေးဖူးပေ။ ထို့ကြောင့် သူမသည်လည်း သူမ၏ မျိုးရိုးနာမည်ကို မသိပေ။ သူမက ရုပ်ဖျက်၍ လှုပ်ရှားတိုင်း နှင်းပန်းနာမည်ကို မသုံးသည့်အခါ သူ့မောင်လေးလိုပင် ရှောင်ယွဲ့ဟူသော နာမည်ဖြင့် လှုပ်ရှားခဲ့သည်။
သူမအတွက် သူမမောင်လေးမှာ တစ်ယောက်တည်းသော သွေးသားဖြစ်ပြီး တစ်ယောက်တည်းသော ဆွေမျိုးဖြစ်သည်။ သူမ၏ မောင်လေးက သူမအတွက် အရာအားလုံး ဖြစ်သည်။ ထို့အတူ သူမက သူမမောင်လေး၏ အစ်မဖြစ်သည်။ ဆွေမျိုးဖြစ်သည်။ သွေးသားဖြစ်သည်။ နှင်းပန်းက ရှောင်လုံနှင့်ပတ်သက်၍ ထိုအတိုင်းသာ စိတ်ထားသည်။
အခု သူမမောင်လေးက အလိုလိုသိစိတ်ဖြင့် ရှောင်မျိုးဆက်တွင် သူတစ်ယောက်တည်းဖြစ်နေသည်ဟူသော အသိဖြင့် မျက်ရည်ကျနေခဲ့သည်။ ထိုအတွက် နှင်းပန်းက မကြည့်နေနိုင်ပေ။
နှင်းပန်းက ဖျတ်ကနဲ လှုပ်ရှားပြီး အိမ်ထဲ ဝင်လိုက်သွားသည်။
“သတိထား…”
နှင်းပန်း၏ ကိုယ်ဖော့ပညာမျှဖြင့် အိမ်အိုကြီးထဲ မဝင်နိုင်မှာကို စိုးရိမ်၍ ရသေ့ကြီးက တားသည်။
သို့သော် နှင်းပန်းက အိမ်ထဲသို့ လစ်ကနဲ ဝင်သွားခဲ့လေပြီ။
အိမ်ပျက်ကြီး ပြိုကျကျ မကျကျ နှင်းပန်းက စိတ်မဝင်စားပေ။ ဂရုလည်း မစိုက်နိုင်ပေ။ သူမမောင်လေးအနားတွင် ရှိနေပေးလိုစိတ်သာ ရှိနေသည်။
“ပျစ်…ကျီ…ဖြောင်း…”
နှင်းပန်းဝင်သွားသည်နှင့် နှင်းပန်း ခြေချလိုက်သော ကြမ်းခင်းက အသံမြည်ပြီး ကျိုးကျသွားသည်။
သို့သော် နှင်းပန်းက အားယူ၍ ရှေ့သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
“ပျစ်… ကျီ… ကျွီ… ဖြောင်း ဖောင်း…”
နှင်းပန်း ဝင်သွားရာ လမ်းတစ်လျှောက် အသံများ ဆက်တိုက် မြည်သွားပြီး ကြမ်းခင်းများ ဆက်တိုက် ကျိုးပဲပျက်စီးသွားသည်။ ကြမ်းခင်းများ ပြိုကျပြုတ်ကျကုန်သည်။
နှင်းပန်းကလည်း အတော်မြန်သည်။ သူမ၏ ကိုယ်ဖော့ပညာက အိမ်ပျက်ကြီးပေါ် ဘာမှ မဖြစ်စေဘဲ လှုပ်ရှားနိုင်စွမ်းတော့ မရှိပေ။ သို့သော်လည်း ပြိုကျပျက်ကျသည့်အထဲ ပါမသွားအောင်တော့ လှုပ်ရှားနိုင်စွမ်း ရှိသည်။
နောက်ဆုံး နှင်းပန်းက အပေါ်ထပ်သို့ ခုန်ပျံတက်သွားခဲ့သည်။
“ကျီ…ကျွီ…ဗျော…ဗြောင်း…ဝုန်း…”
အောက်ထပ်တွင် ဟိုမှသည်မှ ပြုတ်ကျပျက်ကျကုန်သည်။ ထို့နောက် အောက်ထပ်တစ်ထပ်လုံး အကုန်ပြိုကျသွားသည်။
“မောင်လေး…”
နှင်းပန်းက တီးတိုးခေါ်ရင်း ရှောင်လုံဘေးသို့ ရောက်လာခဲ့သည်။
“မမ…”
နာကျင်ဝမ်းနည်းလျက် မျက်ရည်ကျနေခဲ့သော ရှောင်လုံတစ်ယောက် သူ့ဘေးသို့ ရောက်လာခဲ့သော သူ့မမကို လှည့်ကြည့်လာသည်။ သူ့ရင်ဘတ်တစ်ခုလုံး နွေးထွေးအေးမြသွားခဲ့သည်။ သူ့ရင်ထဲက နာကျင်ဝမ်းနည်းမှုများ ပျောက်ကွယ်သွားခဲ့သည်။
သူတစ်ယောက်တည်း မဟုတ်ဟူသော အတွေးနှင့်အတူ သူ့တွင် သူ့မမ ရှိသေးသည်ဟူသော အသိဖြင့် ရင်ထဲ နွေးထွေးလာခဲ့သည်။
ရှောင်လုံက နှင်းပန်းကို ပြုံး၍ ကြည့်နေသလို နှင်းပန်းကလည်း ရှောင်လုံကို ပြုံး၍ ကြည့်နေသည်။
ထိုအခိုက်မှာပင် အိမ်ပျက်ကြီးက အသံများအော်မြည်ပြီး ယိမ်းယိုင်လာသည်။ အောက်ထပ်ပြိုကျသွားပြီဖြစ်၍ တောင့်ခံထားသော အထောက်အကန်များ မရှိတော့၍ အပေါ်ထပ်ကလည်း မတည်နေနိုင်တော့ဘဲ ယိမ်းယိုင်လာသည်။
“ပျစ်…ပျစ်…ကျီ…ကျွီ…”
“အိမ်ပြိုကျတော့မယ်…”
“မြန်မြန် ဆင်းလာကြ…”
ကျန်းရှီနှင့် ဖန်းချင်းက အော်ပြောရင်း အမြန်နောက်ဆုတ်ပြီး ခြံဝင်းတံခါးနားအထိ ပြေးထွက်သွားကြသည်။
ရသေ့ကြီးလည်း အသာနောက်ဆုတ်၍ ခြံဝင်းတံခါးနားအထိ ရှောင်နေလိုက်သည်။ အိမ်ပျက်ကြီးက အသံများအော်မြည်ပြီး တအိအိနှင့် ပြိုကျလာနေပြီ မဟုတ်ပါလား။
ရှောင်လုံက သူ့မမကို ပြုံးပြလိုက်ပြီး လက်ကို အသာကိုင်ဆွဲလိုက်သည်။ ထို့နောက် ကမ္ပည်းတိုင်ခန်းထဲ ဖျပ်ကနဲ ဝင်ပြီး ဘိုးဘေးရှောင်မိန်၏ ကမ္ပည်းတိုင်ကို ယူလိုက်သည်။ ထိုနောက် တအိအိ ပြိုကျနေသော အိမ်ပျက်ကြီးကို ဆောင့်နင်းအားယူ၍ လေထဲသို့ ငှက်တစ်ကောင်လို ခုန်ပျံတက်သွားလိုက်သည်။ သူ့လက်တစ်ဖက်တွင် ဘိုးဘေးကမ္ပည်းတိုင်နှင့် ကျောက်နက်သေတ္တာကို ပွေ့ပိုက်ထားပြီး ကျန်လက်တစ်ဖက် သူ့မမကို ဆွဲခေါ်လာခဲ့သည်။
နှင်းပန်းက သူ့မောင်လေး၏ မျက်နှာကိုသာ ပြုံး၍ ကြည့်နေခဲ့ပြီး သူ့မောင်လေး ဆွဲခေါ်ရာသို့ အလိုက်သင့် မျောလိုက်ရင်း လေထဲ ပါသွားခဲ့သည်။ သူမ၏ ကိုယ်ဖော့ပညာက သူမမောင်လေးလောက် မလျင်မြန် မပေါ့ပါးသော်လည်း သူမမောင်လေး ဆွဲခေါ်ရာနောက်သို့ အလိုက်သင့် မျောလိုက်နိုင်သဘ်အထိတော့ အဆင့်ရှိသည်။ ထို့အပြင် သူမမောင်လေး ယခုအသုံးပြာသော ကိုယ်ဖော့ပညာက အမှောင်ထုခြေလှမ်းဟူသော ကိုယ်ဖော့ပညာလောက် မမြန်သေးပေ။ ထို့အတွက် သူမက အလွယ်တကူ မျောလိုက်နိုင်သည်။
“ဗျစ် ဗျစ်…ဗြောင်း…ဝုန်း…”
အိမ်ပျက်ကြီးက လုံးဝ ပြိုကျသွားခဲ့သည်။ ဖုန်များလည်း တထောင်းထောင်း ထသွားသည်။
“အဟွတ် အဟွတ်…”
ဖုန်များကို ဘေးသို့ လွင့်စင်ပျံ့နှံ့လာ၍ ကျန်းရှီနှင့် ဖန်းချင်းမှာ ဖုန်မွှန်ပြီး ချောင်းဆိုးသွားကြသည်။ အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ဖုန်မှုန့်များကို ဖယ်ရှားကာ ရှောင်လုံတို့ကို ရှာသည်။
ထိုအချိန်မှာပင် ရှောင်လုံနှင့် နှင်းပန်းက လေထဲသို့ ဝါးတစ်ပြန်ကျော်အထိ ရောက်သွားပြီး လေထဲတွင် ငှက်မွေးလေးလို ပေါ့ပါးစွာ လွင့်မျောနေသည်။ လေဟုန်စီးကိုယ်ဖော့ပညာကို ရှောင်လုံ၏ နားလည်မှုက တစ်ဆင့်ပိုမြင့်လာခဲ့ပြီးနောက် လေထဲတွင် အလွန်ပေါ့ပါးညင်သာစွာ လှုပ်ရှားနိုင်လာသည်။
လေထဲသို့ တက်ရောက်လွင့်မျောသည့် အရှိန်ကုန်၍ ပြန်ကျခါနီးတွင် ရှောင်လုံက လေထဲမှာပင် နောက်တစ်ကြိမ် ထပ်လှုပ်ရှားလိုက်သည်။
“ဟိတ်…”
ထိုအခါ ရှောင်လုံတို့မှာ ထပ်လွင့်မျောသွားပြီး ဖုန်မှုန့်များ လွတ်သော ခြံဝင်းအပြင်ထိ လေဟုန်စီး၍ လွင့်မျောရောက်ရှိသွားခဲ့သည်။
ကျန်းရှီနှင့် ဖန်းချင်းက ဖုန်မှုန့်များကို ခါယမ်းဖယ်ရှားရင်း အိမ်ပြိုအပုံကြီးကို ကြည့်၍ လူရှာနေကြသည်။ သူတို့ ရှာနေသော လူက သူတို့ခေါင်းပေါ်မှ ကျော်၍ သူတို့ နောက်သို့ ရောက်နေခဲ့သည်ကို မသိကြပေ။
ရှောင်လုံနှင့် နှင်းပန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။
~~မမ ဘာဖြစ်သွားသေးလဲ။ တစ်ခုခု ထိမိခိုက်မိသွားသေးလား~~
~~မမ ဘာမှ မဖြစ်ဘူး။ ဖုန်တောင် မပေဘူး။ မောင်လေးရော ဘာဖြစ်သွားသေးလဲ~~
ရှောင်လုံက ခေါင်းခါပြရင်း စိတ်အေးသွားသည်။ သူ့မမက အိမ်ပြိုကျမည်မှန်း သိလျက်နှင့် သူ့ထံသို့ ရောက်အောင် အတင်းဝင်လာခဲ့သည် မဟုတ်ပါလား။ သူ့မမ တစ်ခုခု ထိခိုက်နာကျင်သွားမည်ကို သူက မလိုလားပေ။
“မင်းတို့ ဘာရှာနေတာလဲ”
ရှောင်လုံက ခြံဝတွင် ရပ်၍ ဖန်းချင်းတို့ကို ပြောလိုက်သည်။
“အမ်…”
ဖန်ချင်းနှင့် ကျန်းရှီလည်း သူတို့အနောက်မှ ထွက်လာသော စကားသံကြောင့် တအံ့တဩနှင့် လှည့်ကြည့်လာကြသည်။
“မင်းတို့…”
ဖန်းချင်းက အိမ်ပြိုကြီးဘက်ကို ကြည့်လိုက် ရှောင်လုံတို့ကို ကြည့်လိုက်နှင့် အံ့ဩနေသည်။ သို့သော် များများတော့ မအံ့ဩပါ။ သူက ရှောင်လုံတစ်ယောက် ကိုယ်ဖော့ပညာဖြင့် အိမ်ပြိုကျသည့်ကြားထဲမှ အလွယ်တကူ ခုန်ထွက်လာနိုင်ကြောင်းကို သိလိုက်၍ ဖြစ်သည်။ ရှောင်လုံ၏ ကိုယ်ဖော့ပညာကိုလည်း ပို၍ လေးစားသွားခဲ့သည်။
“မင်းတို့ ဘာဖြစ်သွားသေးလဲ”
“ငါတို့ ဘာမှ မဖြစ်ဘူး”
ဖန်းချင်းတို့ ဘာမှ မဖြစ်ဟု ဆိုမှ ရှောင်လုံက သူ့အဘိုးကို ကြည့်လိုက်သည်။
ရသေ့ကြီးက ရှောင်လုံကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
ရှောင်လုံက တစ်ခုခု ထုတ်မေးရန် ပြင်ပြီးမှ မမေးတော့ဘဲ နေလိုက်သည်။ သူမေးချင်သော မေးခွန်းအတွက် အဖြေကို သူက သိနေပြီး ဖြစ်၍ပင်။
သူက ရှောင်မျိုးရိုး။ ဤအိမ်က ရှောင်မိသားစု အိမ်။ သူ့အိမ်။ မေးနေစရာ မရှိတော့ပေ။ တချို့အကြောင်းရာများကိုတော့ သူက မမေးချင်၍ မမေးဘဲ နေလိုက်သည်။
ရသေ့ကြီးလည်း သူ့မြေးက သူ့အလိုလို သိပြီး မည်သည့်မေးခွန်းမှ မမေးသည့်အတွက် စိတ်သက်သာသွားသည်။
ရသေ့ကြီးက ဖန်းချင်းနှင့် ကျန်းရှီကို ပြောလိုက်သည်။
“ဒီအိမ်က မင်းတို့ ရှာနေတဲ့ ရှောင်အိမ်ပဲ။ မင်းတို့ ရှာနေတဲ့ ဖန်းမျိုးရိုးကတော့ မရှိတော့ဘူး။ ရှောင်မိသားစုတွေကို သစ္စာရှိရှိနဲ့ ကာကွယ်စောင့်ရှောက်ရင်း ဆုံးသွားခဲ့တာ ကြာပြီ”
“ဆုံးသွားခဲ့ပြီလား”
ဖန်းချင်းက မျက်နှာ ညိုးကျသွားသည်။ ထိုသို့ဖြစ်လိမ့်မည်ဟု သူက တွေးတော့ တွေးထားပြီး ဖြစ်သည်။ ရှောင်အိမ်သည်ပင် ယခုအခြေနေထိ ပျက်စီးနေခဲ့ပြီ မဟုတ်ပါလား။
ရသေ့ကြီးက ဆက်ပြောသည်။
“မင်းတို့ ဒီမှာ အိမ်တစ်ဆောင် ပြန်ဆောက်ပြီး နေကြမလား။ ဒီခြံဝင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီး နေကြမလား။ မင်းတို့ နေကြမယ်ဆိုရင် လိုအပ်တာတွေကို ငါ စီစဉ်ပေးခဲ့မယ်။ ဒီကွမ်ကျိုးက လောလောဆယ် ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုပေမဲ့ စီးပွားရေးကောင်းတဲ့ မြို့ကြီးတစ်မြို့ပဲ။ ဒီအိမ်နဲ့ ဒီခြံကို စောင့်ရှောက်ရင်း မင်းတို့နှစ်ယောက် ဒီမြို့မှာ အခြေချနေထိုင်လို့ ရတယ်။ လုပ်ကိုင်စားသောက်လို့လည်း ရတယ်”
ရသေ့ကြီးမှာ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က အဖြစ်အပျက်များကို ပြန်သတိရသည့်အထဲတွင် ဦးလေးဖန်းက ရှန်းမေကို အသက်ပေး၍ ကာကွယ်သွားခဲ့သည်ကို မှတ်မိသည်။ ယခု ဤဖန်းချင်းက ဦးလေးဖန်း၏ မိသားစုမှဖြစ်ပြီး ဦးလေးဖန်းလိုပင် သစ္စာရှိကြပြီး ယုံကြည်ရသူများ ဖြစ်နေ၍ ရှောင်အိမ်ကို ထိန်းသိမ်းစောင့်ရှောက်စေရင်း လူငယ်နှစ်ယောက်ကို နေစရာ ပေးချင်နေသည်။ မဟုတ်လျှင် ဤလူငယ်နှစ်ယောက်က ခြေသလုံးအိမ်တိုင်ဘဝဖြင့် ခက်ခဲနေကြပေလိမ့်မည်။
ဖန်းချင်းက ကျန်းရှီကို ကြည့်လိုက်သည်။ ကျန်းရှီကလည်း ဖန်းချင်းကို ကြည့်သည်။
အိမ်ပြန်ဆောက်၍ အိမ်နှင့် ခြံဝင်းကို စောင့်ရှောက်ပေးရသည့်အလုပ်က သူတို့ ဖန်းနှင့်ကျန်းတို့ လုပ်နိုင်သော အလုပ်ဖြစ်သည်။ သို့သော် အိမ်ရှင် မရှိဘဲ သူတို့ချည်း နေရသည်က အနည်းငယ်တော့ ထူးဆန်းနေသည်။ အိမ်ရှင်က မည်သူနည်း။ ရှောင်မျိုးရိုးက မည်သူနည်း။ အိမ်ရှင်မရှိဘဲ သူတို့ချည်းနေရသည်ကို သိပ်ဘဝင်မကျချင် ဖြစ်နေသည်။ သူတို့ကို တမင်သက်သက် နေစရာရှာပေး၍ ကူညီခြင်းမျိုးကို သူတို့က လက်မခံလိုပေ။ သူတို့ လုပ်ရမည့် အလုပ်၊ သူတို့ ယူရမည့် တာဝန်နှင့် ဝတ္တရားကို လိုသည်။ ထိုတာဝန်နှင့် ဝတ္တရားကို အိပ်ရှင်က ပေးရမည် ဖြစ်သည်။
ဖန်းချင်းနှင့် ကျန်းရှီက ရှောင်လုံနှင့် နှင်းပန်းကို ကြည့်သည်။
ရှောင်လုံနှင့် ရှောင်ယွဲ့…။
တစ်ဆက်တည်း ရှောင်လုံ၏ လက်ထဲက ရှောင်မိန်ဟူသော ကမ္ပည်းတိုင်ကြီးကို ကြည့်မိကြသည်။ သို့ဆိုလျှင်…
ရှောင်လုံက ဖန်းချင်းတို့၏ အကြည့်ကို နားလည်သဖြင့် ပြုံးလိုက်ပြီး ပြောသည်။
“တကယ်တော့ ငါက ရှောင်အိမ်သားပါ။ ဒါက ငါ့ဘိုးဘေးရဲ့ ကမ္ပည်းတိုင်။ ဒါပေမဲ့ ရှောင်အိမ်ကို ပြန်တည်ဆောက်ဖို့ရော စောင့်ရှောက်ဖို့ရော ငါ့မှာ အချိန်မပေးနိုင်သေးဘူး။ အဲဒီတာဝန်ကို မင်းတို့ ယူနိုင်ကြလား”
ရှောင်အိမ်သား…။
သို့ဆိုလျှင် အိမ်ပြန်ဆောက်ပြီး ရှောင်အိမ်ကို ထိန်းသိမ်းစောင့်ရှောက်သည့်ကိစ္စက အိမ်ရှင်ပေးသော တာဝန်ဖြစ်သွားလေပြီ။
ဖန်းချင်းနှင့် ကျန်းရှီက ပြုံးလိုက်ကြသည်။ သူတို့က ရှောင်လုံကို ခင်မင်ရင်းစွဲ ရှိပြီး ဖြစ်သည်။ ရှောင်လုံ၏ အရည်ချင်းတချို့ကိုလည်း မြင်ထားပြီး ဖြစ်သည်။ ဤရှောင်အိမ်မှာလည်း ဖန်းမျိုးရိုးတစ်ယောက်က အသက်သေသည်အထိ ကာကွယ်စောင့်ရှောက်ပေးခဲ့သော အိမ်ဖြစ်နေ၍ ရှောင်အိမ်က ဖန်းနှင့် ကျန်းတို့၏ သစ္စာစောင့်သိမှုနှင့် ထိုက်တန်ကြောင်းကို ဖော်ပြနေသည်။
ဖန်းချင်းနှင့် ကျန်းရှီတို့နှစ်ယောက် ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် နှစ်ယောက်လုံး ရှောင်လုံနှင့် နှင်းပန်းရှေ့တွင် ဦးညွှတ်လိုက်ကြသည်။
“ကျွန်တို့ ဖန်းနဲ့ကျန်းက သခင်လေးရှောင်လုံ ပေးတဲ့တာဝန်ကို လက်ခံပြီး ရှောင်အိမ်ကို စောင့်ရှောက်ပေးပါ့မယ်”
သခင်လေးရှောင်လုံ…။
ရှောင်လုံမှာ သူ၏ နာမည် ရှောင်က အငယ်လေးဟူသော ရှောင်မဟုတ်တော့ဘဲ ရှောင်မျိုးရိုး ရှောင်ဖြစ်သွားပြီမှန်း နားလည်လိုက်သည်။ သူက ရှောင်ဟူသော မျိုးရိုးနာမည်ကို ရရှိခဲ့ပေပြီ။
“ငါ့ကို သခင်လေးလို့ မခေါ်ပါနဲ့။ ငါတို့က သူငယ်ချင်းတွေပဲလေ။ အရင်လို နာမည်ပဲ ခေါ်ပါ”
ဖန်းချင်းနှင့် ကျန်းရှီက ပြိုင်တူ ခေါင်းခါလိုက်ကြသည်။
“အဲဒီလို ကျွန်တော်တို့ မလုပ်နိုင်ပါဘူး သခင်လေးရှောင်လုံ။ ခုနကအထိ ကျွန်တော်တို့က သူငယ်ချင်းတွေ ဟုတ်ပါတယ်။ အခုတော့ သခင်လေးရှောင်လုံက ကျွန်တော်တို့ရဲ သခင်လေးပါ။ မလေးမစား လုပ်လို့ မရပါဘူး”
ဒီနှစ်ယောက်…။ ရှောင်လုံလည်း ဖန်းချင်းနှင့် ကျန်းရှီတို့၏ စိတ်ဓာတ်နှင့် သစ္စာသိမှု တာဝန်ဝတ္တရားအပေါ် အလေးထားမှုတို့ကို သိနေပြီးဖြစ်၍ ထပ်မပြောနေတော့ပေ။
“ဒါဆိုရင် ဒီအမှိုက်တွေကို ရှင်းလင်းပြီး အိမ်ပြန်ဆောက်တာ၊ ခြံဝင်းပြန်ပြင်တာကစလို့ ရှောင်အိမ်ကို ထိန်းသိမ်းစောင့်ရှောက်တာတွေက မင်းတို့ တာဝန်ယူပြီး လုပ်လိုက်ကြပါ”
“ဟုတ်ကဲ့ သခင်လေး”
ဖန်းချင်းနှင့် ကျန်းရှီက ပြိုင်တူပြောရင်း ရှောင်လုံကို ကြည့်နေကြသည်။
“မင်းတို့ ဘာပြောချင်လို့လဲ”
“သခင်လေး…၊ ဒီအမှိုက်တွေကို ရှင်းဖို့က ကျွန်တော်တို့ ခွန်အားနဲ့ လုပ်သွားလို့ ရပေမဲ့ အိမ်ပြန်ဆောက်ဖို့ကတော့ အိမ်ဆောက်သမား ငှားရမယ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ရမယ်။ အဲဒီအတွက် ငွေလိုပါတယ်”
“ငွေလား…”
ရှောင်လုံက ခေါင်းကုတ်နေသည်။ သူက ထိုကိစ္စမျိုးကို လုံးဝ မသိသလို မည်သို့ လုပ်ရမှန်းလည်း မသိပေ။
“ငါ့မှာ ငွေတုံးတချို့တော့ ရှိတယ်။ ပြီးတော့ ရတနာတချို့လည်း ရှိတယ်”
ရှောင်လုံက ပြောရင်း သေတ္တာထဲမှ ငွေတုံးတချို့နှင့် အိတ်လေးနှစ်လုံးကို ယူထုတ်ပြသည်။ ထိုအိတ်လေးနှစ်လုံးထဲတွင် ရတနာတချို့ ရှိသည်။ မည်မျှ အဖိုးတန်မှန်းတော့ ရှောင်လုံက မသိပေ။ ထိုရတနာအိတ်နှစ်လုံးက တောင်နှင့်မြစ် သိုင်းသင်တန်းကျောင်း ကျောင်းအုပ်နှင့် လက်ထောက်ကျောင်းအုပ်ထံမှ ရခဲ့ခြင်း ဖြစ်သည်။
ဖန်းချင်းနှင့် ကျန်းရှီက ရှောင်လုံလက်ထဲမှ ငွေတုံးများနှင့် ရတနာထုပ်ဟူသော အထုပ်နှစ်ထုပ်ကိုကြည့်ပြီး မျက်လုံးပြူးသွားသည်။
“အဲဒါတွေ လုပ်ဖို့ ဘယ်လောက် ကုန်ကျနိုင်မလဲ ငါ မသိဘူး။ ငွေကတော့ ရှိသေးတယ်”
ရသေ့ကြီးပင် ရှောင်လုံကို ကြည့်လာသည်။ ရှောင်လုံထံတွင် ငွေတုံးများ ရှိနေသည်ကို ရသေ့ကြီးက မသိထား၍ ဖြစ်သည်။
“နေဦး လူလေး…။ အိမ်ပြန်ဆောက်တာကလည်း လောဖို့ မလိုဘူး။ အိမ်ကို အမြန်ပြန်ဆောက်မယ်ဆိုရင် လက်ထဲမှာ ငွေ လုံလုံလောက်လောက် ရှိထားဖို့ လိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ လောလောဆယ် ကွမ်ကျိုးမှာ ပဋိပက္ခတွေ ဖြစ်နေတယ်။ ဘိုးဘိုးတို့ကလည်း ခရီးဆက်ရဦးမယ်။ ဒီတော့ ငွေတွေ ရတနာတွေကို သူတို့ လက်ထဲ အလုံအလောက် ပေးထားတာက သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်”
ကျန်းရှီနှင့် ဖန်းချင်းကလည်း ခေါင်းညိတ်ကြသည်။
မငြိမ်မသက် အခြေနေတွင် သူတို့နှစ်ယောက်တည်း ငွေများနှင့် ရတနာများကို လက်ထဲထားပြီး အိမ်ကို အလောတကြီး တည်ဆောက်နေလျှင် တချို့လူများ အာရုံစိုက်လာပေလိမ့်မည်။ ငွေများနှင့် ရတနာများ အလုံအလောက် ပေးထားသည်က သူတို့အတွက် တာဝန်ပိုနေပေလိမ့်မည်။ သူတို့တွင် ထိုရတနာများကို ကာကွယ်စောင့်ရှောက်ရန် ခွန်အား မလုံလောက်သေးပေ။
“ဘယ်လိုလုပ်ရင် ကောင်းမလဲ ဘိုးဘိုး”
“အင်း…၊ ဘိုးဘိုး တွေးထားတာ ရှိတယ်။ အရင်းဆုံး ခြံဝင်း ရှင်းလင်းဖို့နဲ့ လိုအပ်တဲ့ အခြေခံဆောက်လုပ်ရေးတွေအတွက် ငွေကို လိုအပ်သလောက်ပဲ သူတို့လက်ထဲ ပေးထားခဲ့မယ်။ ကျန်ငွေတွေကို ကွမ်ကျိုးငွေတိုက်မှာ ထည့်ထားပေးလိုက်မယ်။ ပြီးတော့ ပုံမှန်ဝင်ငွေတစ်ခု ရနေအောင်လည်း စီစဉ်ပေးထားလိုက်မယ်။ အဲဒီ ပုံမှန်ဝင်ငွေက သူတို့ နေထိုင်ဖို့အတွက်ရော အိမ်ကို ဖြည်းဖြည်းချင်း ပြန်ဆောက်သွားဖို့အတွက်ရော ဖြစ်လိမ့်မယ်”
“ပုံမှန်ဝင်ငွေလား ဘိုးဘိုး…။ အဲဒါက ဘယ်လိုမျိုးလဲ”
“ဒီကွမ်ကျိုးက ဆေးဆိုင်ကြီး တစ်ခုမှာ ဘိုးဘိုးရဲ့ ဆေးနည်းတစ်ခုနှစ်ခုလောက် ပေးပြီး ဆေးထုတ်ခိုင်းမယ်။ ဆေးရောင်းလို့ရတဲ့ အကျိုးမြတ်ကို ဆေးဆိုင်နဲ့ ရှောင်အိမ် ညှိနှိုင်းပြီး ယူကြပေါ့။ အဲဒါကနေ ပုံမှန်ဝင်ငွေတစ်ခု ရနေလိမ့်မယ်။ တကယ်ဆိုရင် ကိုယ်တိုင် ဆေးထုတ်ပြီး ဆေးဆိုင်ဖွင့်ရောင်းတာက ပိုပြီး အကျိုးမြတ်များပေမဲ့ သူတို့က ဆေးဖော်စပ်နိုင်ကြမှာ မဟုတ်ဘူး”
ကျန်းရှီနှင့် ဖန်းချင်းက ခေါင်းညိတ်ကြသည်။
“ဟုတ်ကဲ့။ ကျွန်တော်တို့ ဆေးပညာကို နားမလည်ကြပါဘူး”
“အိမ်း…၊ ဒီလိုဆိုတော့ ဆေးဆိုင်တစ်ဆိုင်ဆိုင်နဲ့ပဲ လက်တွဲပြီး အလုပ်လုပ်ဖို့ စဉ်းစားကြတာပေါ့”
“ဟုတ်ကဲ့ ဘိုးဘိုး…၊ ဒါဆို အဲဒါကို ဘိုးဘိုးပဲ စီစဉ်ပေးလိုက်ပါ။ သား မလုပ်တတ်ဘူး”
“ကိုင်း…၊ လောလောဆယ်တော့ မြို့ထဲသွားပြီး တည်းခိုခန်းတစ်ခန်းမှာ သွားတည်းခိုကြတာပေါ့။ လူတွေလည်း လာနေကြတယ်။ သွားကြစို့”
ရသေ့ကြီးက လူငယ်များကို ခေါ်၍ ထိုနေရာမှ ရှောင်ထွက်သွားသည်။
ခုနက အိမ်ပြိုကျသံကြောင့် တချို့လူများ လမ်းထဲဝင်လာကြသည်။
“ဟိုအိမ်ပျက်ကြီး ပြိုကျသွားပြီပဲ”
“အဲဒီ ရှောင်အိမ်သားတွေက တကယ်ကို ပြန်မလာနိုင်ကြတော့ဘူးထင်တယ်”
“ဟိုမှာကြည့်၊ ခြံထဲ ဝင်တဲ့လမ်းကို ရှင်းထားတာ မဟုတ်ဘူးလား”
“ဟုတ်တယ်ဟ။ တစ်ယောက်ယောက် လမ်းရှင်းပြီး ခြံထဲ ဝင်ထားတာပဲ။ ဒါဆို ရှောင်အိမ်သားတွေ ပြန်လာတာများလား”
လူများက ပြောကြဆိုကြရင်း ဘေဘီကို လိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် ရှောင်လုံတို့က ကွမ်ကျိုးမြို့ထဲသို့ သွားနေကြသည်။
တည်းခိုခန်း ကောင်းကောင်းတစ်ခုကို တွေ့လျှင် တည်းခိုဖို့ စာရင်းပေးလိုက်ကြသည်။
“ဒီည ဒီမှာ တည်းကြမယ်။ ပြီးတော့ ဘိုးဘိုးတို့ရဲ့ ပုံစံကိုလည်း တစ်ခါတည်း ပြောင်းကြမယ်။ ပုံစံပြောင်းပြီးရင် ဆေးဆိုင်ကောင်းကောင်း တစ်ဆိုင်လောက်ရှာပြီး အလုပ်တွဲလုပ်ဖို့ကိစ္စ သွားပြောကြတာပေါ့။ ဒီပုံစံနဲ့က အလုပ်ကိစ္စသွားပြောလို့ မကောင်းဘူး”
ထို့နောက်တွင်တော့ သူတို့အားလုံး အခန်းကိုယ်စီယူလိုက်ကြသည်။
ကျန်းရှီနှင့် ဖန်းချင်းက တစ်ခန်း၊ နှင်းပန်းက တစ်ခန်း၊ ရှောင်လုံနှင့် ရသေ့ကြီးက တစ်ခန်း ဖြစ်သည်။
အခန်းထဲ မဝင်ခင် ရသေ့ကြီးက ကျန်းရှီနှင့် ဖန်းချင်းကို မေးလိုက်သည်။
“ကောင်လေးတွေ…၊ မင်းတို့မှာ ကောင်းကောင်းမွန်မွန် ဝတ်စားဖို့ အဝတ်စား ရှိကြရဲ့လား”
ကျန်းရှီနှင့် ဖန်းချင်း၏ အဝတ်စားများက အတော်နွမ်းပါးနေသည်။
“မရှိပါဘူး ဆရာကြီး”
“အိမ်း…၊ ဒါဆို မင်းတို့ သခင်လေးဆီက ငွေယူပြီး သင့်တော်မယ့် အဝတ်စားတွေ သွားရှာဝယ်ကြဦး။ အလုပ်ကိစ္စ စကားသွားပြောကြတဲ့အခါ ကောင်းကောင်းမွန်မွန် ဝတ်သွားဖို့ လိုတယ်”
“ဟုတ်ကဲ့ ဆရာကြီး”
ကျန်းရှီက ရှောင်လုံတို့ကို ကြည့်သည်။
“သခင်လေးတို့အတွက်လည်း အဝတ်စား လိုကြမှာပဲ”
ရှောင်လုံက ပြုံးလိုက်ပြီး ငွေတုံးတစ်တုံး ပေးလိုက်သည်။
“ရော့…၊ ဒါကို သုံးလိုက်။ အဝတ်စားကို မင်းတို့အတွက်ပဲ ဝယ်လိုက်ပါ။ ငါတို့မှာ ရှိပါတယ်”
ကျန်းရှီနှင့် ဖန်းချင်းက ငွေတုံးယူပြီး အဝတ်စားဝယ်ရန် ထွက်သွားကြသည်။
“ကဲ…၊ ဘိုးဘိုးတို့လည်း ရေချိုးပြီး အဝတ်စား လဲကြတာပေါ့”
ရသေ့ကြီးက ပြောပြီးနောက် အခန်းထဲ ဝင်သွားသည်။
“ဟုတ်ကဲ့ ဘိုးဘိုး”
ရှောင်လုံက အခန်းထဲ မဝင်သေးဘဲ နှင်းပန်းကို ကြည့်နေသည်။
~~မမ…၊ မမလို ပုံစံပြောင်းမှာလား။ သခင်လေးရှောင်ယွဲ့လို ပုံစံပြောင်းမှာလား~~
~~အဲဒါက ကွာခြားလို့လား။ တူတူပဲ မဟုတ်ဘူးလား~~
နှင်းပန်းက ပြန်မေးရင်း မျက်လုံးဒေါင့်ကပ်၍ ကြည့်လာခဲ့သည်။
~~အဲ…၊ ဘာမှ မဟုတ်တော့ဘူး။ ရေ ကောင်းကောင်းချိုးနော် မမ၊ ဟီးဟီး~~
ရှောင်လုံက ပြောပြီးသည်နှင့် စပ်ဖြီးဖြီးရယ်ရင်း အခန်းထဲသို့ လစ်ကနဲ ပြေးဝင်ကာ တံခါးပိတ်လိုက်တော့သည်။
နှင်းပန်းက ပျောက်ကွယ်သွားသော ရှောင်လုံကို ကြည့်နေခဲ့ပြီး တဖြည်းဖြည်းနှင့် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ့မောင်လေးက သူ့ကိုယ်သူ မည်သူဖြစ်မှန်း သိခဲ့ပြီးနောက် စိတ်ထိခိုက်မှု ကြီးကြီးမားမား မဖြစ်ဘဲ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး နေနိုင်သည့်အတွက် နှင်းပန်းမှာ စိတ်အေးရသည်။ စိတ်သက်သာရာ ရသည်။ ဤသည်မှာလည်း မောင်လေးက သူမ စိတ်မပူနေရလေအောင် သူ့ခံစားချက်များကို ရှင်းလင်းပစ်ခဲ့မှန်း သူမက သိနေခဲ့သည်။
“ဒီကလေးကတော့လေ…”
နှင်းပန်းက တီးတိုးရေရွတ်ရင်း သူမ၏ အခန်းထဲသို့ ဝင်သွားလိုက်သည်။
‘အင်း…၊ သန့်သန့်ရှင်းရှင်းလေး ပြန်နေရမယ့် အချိန်ရောက်ပြီပေါ့…’
နှင်းပန်းက သူတောင်းစားကဲ့သို့ ရုပ်ဖျက်ထားသော သူမပုံစံကို ပြန်ငုံ့ကြည့်ပြီး ခေါင်းခါသည်။ ထို့နောက် ရေချိုးခန်းထဲ ဝင်ကာ သူတောင်းစားအဝတ်စားများကို ချွတ်လိုက်သည်။
ရုပ်ဖျက်ဆေးများ သုံးထားသော ခြေ၊ လက်၊ မျက်နှာနှင့် တချို့နေရာများက ညစ်ပတ်ပေတူးနေသော်လည်း ရုပ်ဖျက်ဆေး မသုံးထားသော တချို့နေရာများက နှင်းပွင့်လေးလို သန့်စင်သော အသားရေများ ပေါ်ထွက်လာသည်။
ကြပ်စည်းများ…။
နှင်းပန်း၏ ခန္ဓာကိုယ် တစ်ခုလုံးနီးပါးမှာ ပိတ်စဖြင့် တင်းကြပ်စွာ စည်းထားသည်။
နှင်းပန်း၏ ခန္ဓာကိုယ်က မိန်းမချင်းပင် ငေးယူရလောက်အောင် အရှိုက်အဖို အမို့အမောက်များနှင့် အလွန်ပြည့်စုံလှပသော မိန်းမလှတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်သည်။ ထိုသို့သော ခန္ဓာကိုယ်ပိုင်ရှင် မိန်းမလှလေးက ယောကျ်ားတစ်ယောက်လို ရုပ်ဖျက်နိုင်ရန် သူမ၏ တစ်ကိုယ်လုံးနီးပါးကို တင်းကြပ်စွာစည်းနှောင်ထားခဲ့ရသည်။
နှင်းပန်းက သူ့ခန္ဓာကိုယ်တွင် တင်းတင်းကြပ်ကြပ် ရစ်ပတ်စည်းနှောင်ထားသော ကြပ်စည်းကို ငုံ့ကြည့်ရင်း သက်ပြင်းချသည်။
“ဟူး…။ ကြပ်စည်းတွေလည်း လျှော်မှ ရတော့မယ်”
နှင်းပန်းက ဗိုက်နားမှ ကြပ်စည်းစကို ဖြေလိုက်ရင်း ရေစည်ထဲသို့ ဝင်၍ ရေစိမ်လိုက်သည်။
“အင်း…၊ လန်းဆန်းသွားတာပဲ”
ရေထဲစိမ်ရင်းမှ သူမတစ်ကိုယ်လုံးက ကြပ်စည်းများကို ဖြေလိုက်သည်။
ရုပ်ဖျက်ဆေးများ ပျက်သွားသောအခါမှာတော့ သန့်စင်ကြည်လင်သော နှင်းပန်း၏ ပကတိ မျက်နှာလေး ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် ရေအထက်တွင် ဝင်းမွတ်သန့်စင်သော လည်တိုင်လေးနှင့် ပြေပြစ်သော ပခုံးလေးနှစ်ဖက်က မပေါ်တပေါ် ညှပ်ရိုးလေး နှစ်ချောင်းနှင့် လိုက်ဖက်လှပစွာ ပေါ်ထွက်နေခဲ့လေ၏။
အခန်း(၃၄၇)ပြီး
***