“အဲဒီလူက…”
ရှောင်လုံတို့အဖွဲ့ တည်းခိုခန်းထဲမှ ထွက်လာကြသည်။
ယခု ရှောင်လုံတို့က သူတောင်းစားပုံစံ မဟုတ်တော့ပေ။ ဝတ်ကောင်းစားကောင်းများ ဝတ်ဆင်ထားကြသည်။
ရသေ့ကြီးက သန့်စင်ရိုးရှင်းသော ဖျင်ကြမ်းဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ဆံပင်မုတ်ဆိတ်များကို သန့်သန့်ရပ်ရပ်ဖြစ်အောင် ပြုပြင်ထားသည်။ ထို့ကြောင့် ယခုအခါ ရသေ့ကြီး၏ ပုံစံက တည်ကြည်လေနက်သော ဟန်ပန်ရှိနေခဲ့သည်။
ရှောင်လုံကလည်း အဖြူရောင်အနားကွပ်ပါသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက သူ၏ မွေးစားအမေ လီရှင်းဟွာကိုယ်တိုင် တိုင်ထွာ၍ ချုပ်ပေးထားသော ဝတ်စုံဖြစ်သည်။ နောက်ကျောတွင်တော့ ရှောင်လုံး လုပ်ပေးထားသော လက်နက်သေတ္တာကို လွယ်ပိုးထားသည်။ ယခုတော့ ရှောင်လုံ၏ ပုံစံက သခင်လေးတစ်ယောက်၏ ပုံစံမျိုး သန့်သန့်ပြန့်ပြန့် ဖြစ်နေသည်။
နှင်းပန်းကလည်း ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စာပေသမားလူချောလေး ရှောင်ယွဲ့အဖြစ် ပုံစံပြောင်းထားသည်။
ဖန်းချင်းနှင့် ကျန်းရှီတို့လည်း သူတို့ ဝယ်လာသော အပြာရောင်ဝတ်စုံဆင်တူကို ဝတ်ဆင်ထားသည်။ သူတို့က သူတို့၏ ပုံစံကို သဘောကျ ကျေနပ်နေကြသလို သူတို့၏ သခင်လေး ရှောင်လုံနှင့် ရှောင်ယွဲ့ကို ကြည့်၍လည်း ကျေနပ်နေကြသည်။ သူတို့၏ သလေးနှစ်ယောက်လုံးက သူတောင်းစားပုံစံကို ဖယ်လိုက်သည်နှင့် လေးစားလောက်သော ဟန်ပန်သွင်ပြင်မျိုး ရှိနေသောကြောင့် ဖြစ်သည်။ သူတို့ အလုပ်ကျွေးပြုမည့် သခင်လေးနှစ်ယောက်လုံးတွင် အသက်အရွယ်နှင့် တိုင်းတာမရသော အလွန်မြင့်မားသည့် သိုင်းပညာများ ရှိနေသည်ကို သူတို့က သိထားကြပြီး ဖြစ်သည်။ ထိုအတွက်လည်း သူတို့က သူတို့၏ သခင်းလေးနှစ်ယောက်ကို ပို၍ လေးစားနေကြသည်။
ဖန်းချင်းနှင့် ကျန်းရှီက ရှောင်လုံတို့နောက်မှ သစ္စာရှိနောက်လိုက်များပုံစံဖြင့် တိတ်ဆိတ်စွာ လိုက်လာကြသည်။
ရှောင်လုံတို့ တည်းခိုခန်းမှ ထွက်လာသောအခါ တည်းခိုခန်းရှေ့၌ နေလောင်ထားသော အသားညိုညို၊ ဆံပင်နီကြောင်ကြောင်၊ အရပ် မနိမ့်မမြင့်၊ ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်ပုံစံနှင့် အသက်နှစ်ဆယ်ကျော် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူရွယ်၏ နောက်ကျောတွင် ဓားတစ်လက် လွယ်ထား၏။ ဓားက သာမန် မဟုတ်ပေ။ ဓားလက်ကိုင်နှင့် ဓားအိမ်ကို လက်ရာမြောက်စွာ ဖန်တီးထားသည်။ အဖိုးတန်ဓားကောင်းတစ်လက်မှန်း မြင်ရုံနှင့် သိနိုင်သည်။
အဖိုးတန်ဓားကောင်းကို အလှဆောင်ထားသော သခင်လေးတစ်ယောက်လော။ မဟုတ်ပါ။ အစစ်မှန် ဓားသမားတစ်ယောက် ဖြစ်သည်။
ရှောင်လုံရော နှင်းပန်းရောက ထိုလူရွယ်ကို မှတ်မိနေသည်။
ကွေ့လင်…။
ဟုတ်သည်။ ထိုလူရွယ်မှာ ကွေ့လင် ဖြစ်နေသည်။ ပီကင်းမြို့တော် ဓားသိုင်းပြိုင်ပွဲတွင် ကွေ့လင်၏ ထူးခြားသော ငှက်တစ်ရာဓားသိုင်းက လူတိုင်း၏ မျက်လုံးကို ဖမ်းစားနိုင်ခဲ့သည်လေ။ ထိုကြောင့် ရှောင်လုံတို့က ကွေ့လင်ကို သေချာမှတ်မိနေကြသည်။
‘သူက ဓားသိုင်းပြိုင်ပွဲမှာတုန်းကထက် ပိုအားကောင်းလာတာပဲ။ သူက ကွမ်ကျိုးကို ဘာလာလုပ်တာလဲ မသိဘူး…’
ရှောင်လုံက ကွေ့လင်ကို ကြည့်ပြီး စဉ်းစားနေမိသည်။
ကွေ့လင်ကတော့ ဘေဘီကို မကြည့်ဘဲ တည်းခိုခန်းထဲသို့ ဝင်သွားခဲ့သည်။
‘အထုပ်အပိုးတွေ မပါဘူးဆိုတော့ သူက ဒီတည်းခိုခန်းမှာ တည်းနေတာ ဖြစ်မယ်…’
ရှောင်လုံ ထင်သည့်အတိုင်းပင် ကွေ့လင်က တည်းခိုခန်းစာရင်းမှတ်ထံမှ သော့တောင်းယူပြီး တည်းခိုခန်းထဲသို့ ဝင်သွားခဲ့သည်။
ရသေ့ကြီးက မေးလာသည်။
“အဲဒီ ဓားသမားလူရွယ်လေးကို သိကြတာလား”
“ဟုတ်ကဲ့ သိတယ် ဘိုးဘိုး…။ သူ့နာမည်က ကွေ့လင်တဲ့။ ပီကင်းဓားသိုင်းပြိုင်ပွဲမှာတုန်းက သူလည်း ဝင်ပြိုင်ခဲ့တယ်။ သူ့ဓားသိုင်းက ထူးထူးခြားခြားမို့ မှတ်မိနေတာပါ”
“ဘယ်လိုဓားသိုင်းလဲ”
“ငှက်တစ်ရာဓားသိုင်းတဲ့။ ငှက်တစ်ရာအဘိုးအိုရဲ့ တပည့်လို့လည်း ပြောတယ်”
“ဪ…၊ ငှက်တစ်ရာအဘိုးကြီးရဲ့ တပည့်ကိုး။ ငှက်တစ်ရာဓားသိုင်းက တကယ်ထူးခြားတဲ့ ဓားသိုင်းပါပဲ။ ပြည်မဓားသိုင်းတွေနဲ့ တကယ်မတူဘူးလို့ ပြောကြတယ်”
“ဘိုးဘိုးက ငှက်တစ်ရာအဘိုးအိုနဲ့ သိလား”
ရသေ့ကြီးက ခေါင်းခါသည်။
“လူချင်းတော့ မသိပါဘူး။ နာမည်ပဲ ကြားဖူးတာပါ။ ဒီခေတ်ရဲ့ မျိုးဆက်ဟောင်းတွေထဲမှာ ငှက်တစ်ရာအဘိုးအိုကလည်း တစ်ယောက်ပါတယ်။ အနောက်ပင်လယ် ဓားသိုင်းလောကမှာ နာမည်ရှိတဲ့ ဓားသမားတစ်ယောက်လို့ ပြောကြတယ်”
“အနောက်ပင်လယ်သိုင်းလောကဆိုတာက ဘယ်နားမှာလဲ ဘိုးဘိုး”
“အနောက်ပင်လယ်သိုင်းလောကဆိုတာက ဒီကွမ်ကျိုးကနေ ထွက်သွားရင် တွေ့ရမယ့် ပင်လယ်ပြင်ထဲက ကျွန်းတွေကို ပြောတာပါ။ သိုင်းလောကကြီးကို ပြည်မသိုင်းလောက၊ နယ်ခြားသိုင်းလောက၊ အရှေ့ပင်လယ်သိုင်းလောက၊ တောင်ပင်လယ်သိုင်းလောကနဲ့ အနောက်ပင်လယ်သိုင်းလောကလို့ ခွဲပြောကြတယ်။ အားလုံးထဲမှာ ပြည်မသိုင်းလောကက အင်အားအကြီးဆုံးနဲ့ သိုင်းပညာ အထွန်းကားဆုံးပေါ့။ ဒါပေမဲ့လည်း နယ်ခြားသိုင်းလောကသားတွေနဲ့ ပင်လယ်ခြားသိုင်းလောကသားတွေကလည်း အားမနည်းကြပါဘူး။ သူတို့ရဲ့ သိုင်းပညာတွေက တစ်မျိုးတစ်ဖုံ ထူးခြားဆန်းကြယ်ကြတယ်”
“ဟုတ်တယ်။ အဲဒီ ကွေ့လင်ရဲ့ ဓားသိုင်းက တကယ်ထူးဆန်းတယ်။ ငှက်အော်သံတွေရော ငှက်ရိပ်တွေရော ထွက်လာတယ်။ အဲဒီလို ဓားသိုင်းမျိုး မမြင်ဖူးဘူး”
“အိမ်း…၊ သိုင်းလောကကြီးက တကယ်ကျယ်ပြန့်ပါတယ်။ သိုင်းပညာရှင်အမျိုးမျိုး၊ သိုင်းပညာရပ်အမျိုးမျိုး ထွန်းကားကြတယ်။ သူ့နည်းသူ့ဟန်နဲ့ အားကောင်းကြတယ်။ ဒါကြောင့် သိုင်းပညာကို ဘယ်သိုင်းပညာက ပိုအားကောင်းတယ်လို့ သတ်မှတ်လို့ မရတာပဲ။ သိုင်းပညာတစ်ခုတည်းကို အတူလေ့ကျင့်ကြရင်တောင် တစ်ယောက်နဲ့တစ်ယောက် သိမြင်နားလည်မှု မတူရင်၊ ကြိုးစားအားထုတ်မှု မတူရင်၊ ပင်ကိုယ်ပါရမီ မတူရင် သိုင်းစွမ်းအားက မတူတော့ဘူးလေ။ ဒါကြောင့် ပြည်မသိုင်းလောကကြီးက အားကောင်းတယ်ဆိုပေမဲ့လည်း တခြားသိုင်းလောကသားတွေကလည်း အားမနည်းကြပါဘူး။ ခေတ်တိုင်းလိုလိုမှာ နယ်ခြားသိုင်းလောကနဲ့ ပင်လယ်ခြားသိုင်းလောကကနေ ပြည်မသိုင်းလောကထဲ ဝင်လာပြီး လက်စွမ်းပြကြတဲ့ သိုင်းပညာရှင်တွေ အမြဲရှိတယ်”
ရှောင်လုံနှင့် နှင်းပန်းက ခေါင်းညိတ်လိုက်ကြသည်။ ပီကင်းဓားသိုင်းပြိုင်ပွဲတွင်လည်း ယာမတိုက ပထမဓားဘွဲ့ ရသွားခဲ့သည် မဟုတ်ပါလား။ ယာမတို၏ ဓားသိုင်းနှင့် သိုင်းပညာနည်းစနစ်များကလည်း အမှန်ပင် ထူးခြားသည်။
“နယ်ခြားသိုင်းလောကသားက ပြည်မသိုင်းလောကသားတွေကို လာအနိုင်ယူသွားတာမျိုးရော ရှိလား ဘိုးဘိုး…”
“အိမ်း…၊ ရှိတာပေါ့။ ဒါပေမဲ့လည်း အဲဒါက ကြာကြာမခံတဲ့ လမ်းကြောင်းပါ။ သိုင်းပညာကို ဆာလောင်လွန်းတာ၊ တိုးတက်မှုကို ဆာလောင်လွန်းတာ၊ အောင်မြင်ကျော်ကြားမှုကို ဆာလောင်တာတွေက ရေတိုမှာပဲ တွန်းအားတစ်ခုအဖြစ်နဲ့ အောင်မြင်တာပါ။ အဲဒီလမ်းကို ရေရှည် မလျှောက်နိုင်ဘူး။ သိုင်းလောကကြီးဆိုတာက ကျယ်ပြန့်ရုံတင် မကဘူးလေ။ နက်လည်း နက်ရှိုင်းတယ်။ တချို့သိုင်းပညာရှင်ကြီးတွေက ထင်ထင်ပေါ်ပေါ် မနေထိုင်ကြဘူး။ ဇာတ်မြှုပ်ပြီး နေထိုင်ကြတယ်။ အဲဒီလို နှိမ့်ချနေထိုင်တဲ့ သိုင်းပညာရှင်ကြီးတွေ ထွက်လှုပ်ရှားလိုက်တာနဲ့ ထင်ပေါ်ကျော်ကြားမှုလမ်းကြောင်းပေါ်က ပါရမီရှင်ဆိုတာ ပျောက်ကွယ်သွားရတာပါပဲ။ ဒါကြောင့် နယ်ခြားသိုင်းလောကသားတွေ ပင်လယ်ခြားသိုင်းလောကသားတွေ ပြည်မသိုင်းလောကထဲ ဝင်လာပြီး စိန်ခေါ်ယှဉ်ပြိုင်တာတွေ ရှိပေမဲ့ နိုင်ပွဲတွေနဲ့ အောင်မြင်ကျော်ကြားကြပေမဲ့ တစ်ဟုန်ထိုး တိုးတက်လာတတ်ပေမဲ့ ပြိုင်ဘက်ကင်းလို့ ပြောရလောက်တဲ့အထိ ပါရမီကြီးကြပေမဲ့ သိုသိုသိပ်သိပ်နေကြတဲ့ သိုင်းပညာရှင်တွေကို သွားလှုပ်နှိုးမိရင် အဆုံးသတ်သွားကြတာ များတယ်”
ရသေ့ကြီး၏ စကားများကို ရှောင်လုံနှင့် နှင်းပန်းသာမက ကျန်းရှီနှင့် ဖန်းချင်းကလည်း သေချာနားထောင်ကြသည်။
“ပြည်မသိုင်းလောကသားတွေကရော နယ်ခြားသိုင်းလောက ပင်လယ်ခြားသိုင်းလောကအထိ သွားယှဉ်ပြိုင်တာမျိုးတွေ ရှိလား ဘိုးဘိုး”
“ရှိတာပေါ့ကွယ်။ ခုနက ဘိုးဘိုး ပြောသလိုပါပဲ။ သိုင်းပညာကို ဆာလောင်လွန်းတာက ရေရှည်အတွက် မကောင်းဘူး။ ဘယ်လောက်ကောင်းတဲ့ မြင်းဖြစ်ပါစေ မနားတမ်းပြေးရင် အမောဖေါက်သွားတယ် မဟုတ်လား။ အဲဒီလိုပဲ ဘယ်လောက် ထူးချွန်ပြီး ဘယ်လောက်ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ဖြစ်ပါစေ အောင်မြင်ကျော်ကြားမှုနဲ့ သိုင်းပညာဆာလောင်မှုနောက်ကို လိုက်လွန်းရင် အမောဖောက်သွားတယ်။ ကျရှုံးသွားကြတယ်။ ပြည်မသိုင်းလောကသား ပါရမီရှင်တချို့လည်း တလောကလုံးက သိုင်းပညာရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ ထွက်သွားကြဖူးတယ်။ အောင်မြင်မှုကြီးတွေ ရခဲ့ကြဖူးတယ်။ ဒါပေမဲ့ အဲဒါက ခဏပါပဲ။ မကြာခင်မှာပဲ ပျောက်ကွယ်သွားကြရတယ်”
ရသေ့ကြီးက ထိုစကားများကို လေးလေးနက်နက် ပြောပြနေခဲ့သည်။ သူ့မြေးက သိုင်းပညာကို အလွန်ခုံမင်သလို သိုင်းလောကကြီးအနှံ့ ခြေဆန့်မည်ဟုလည်း အမြဲပြောနေခဲ့ဖူးသည် မဟုတ်ပါလား။ သူ့မြေးက သိုင်းပညာအပေါ် ဆာလောင်မှု မပြင်းထန်ဘဲ နှိမ့်နှိမ့်ချချသိုသိုသိပ်သိပ် နေရကောင်းမှန်း သိနေ၍ သိပ်စိတ်ပူစရာ မရှိသော်လည်း သိုင်းလောကကြီးက ကျယ်ပြန့်နက်ရှိုင်းရုံမက ရှုပ်လည်း ရှုပ်ထွေးပြီး ခန့်မှန်းရလည်း ခက်သေးသည်။ အထူးသဖြင့် ရေခြားမြေခြားသိုင်းလောကသားများ၏ သိုင်းပညာက ထူးခြားဆန်းကြယ်ပြီး ပြည်မနှင့် ကွဲပြားသလို ရေခြားမြေခြား အတွေးခေါ်အယူဆများကလည်း ပြည်မနှင့် မတူပေ။ ထိုအတွက် သိုသိုသိပ်သိပ်နေရုံမျှနှင့်ပင် မလုံလောက်ဘဲ အသိမြင်နားလည်မှုများ ရှိရန်လည်း လိုအပ်သည်။
“လူတွေက ထင်သာမြင်သာ ယူလွယ်ရလွယ်တဲ့ ကြက်ဥ၊ ဘဲဥကိုပဲ စားကြတာ မဟုတ်ဘူး။ အပင်မြင့်ကြီးထက်က ငှက်ဥကိုလည်း ရှာစားသူ ရှိတယ်။ သဲထဲ မြေထဲဝှက်ထားသော ဖွတ်ဥ လိပ်ဥကိုလည်း ရှာစားသူ ရှိတယ်။ ဒါကြောင့် ခွန်အားမြင့်မားရုံနဲ့ မလုံလောက်သလို သိုသိုသိပ်သိပ် နှိမ့်နှိမ့်ချချ နေရုံနဲ့လည်း မလုံလောက်ဘူး”
ရှောင်လုံက သိချင်စွာ မေးသည်။
“ဒါဆို ဘယ်လို နေရမလဲ ဘိုးဘိုး…”
“ဒီလောကကြီးမှာ အလွန်အရေအတွက်နည်းပေမဲ့ အလွန်ခွန်အားကြီးတဲ့ သားရဲကြီးတွေ ရှိတယ်။ ဒဏ္ဍာရီတွေထဲက သားရဲကြီးတွေကို မပြောနဲ့ဦး ဒီနေ့ခေတ်ရဲ့ အသန်မာဆုံး သားရဲကြီးတွေတောင် သူတို့ရဲ့ အသိုက်ကို သိုဝှက်ပြီး တည်ဆောက်တတ်ကြတယ်။ အဲဒါက ခွန်အားသန်မာမှု၊ သိုသိုသိပ်သိပ်နေထိုင်မှုနဲ့ အသိဉာဏ်မြင့်မားမှုကို ပေါင်းစပ်ထားတဲ့ အမှတ်သားပဲ။ နေထိုင်မှုပုံစံတစ်ခုဆိုလည်း ဟုတ်တယ်။ တစ်တောလုံးမှာ တစ်ကောင်နှစ်ကောင်ပဲ ရှိပေမဲ့ တစ်တောလုံးကို လွှမ်းမိုးနိုင်တဲ့ ခွန်အားမျိုးရှိတယ်။ ကာလရှည်ကြာ ရှင်သန်တည်ရှိနေနိုင်ကြတယ်။ အဲဒါကို ဥပမာယူပြီး ပြောရရင် လူတစ်ယောက်ဟာလည်း ခွန်အားသန်မာဖို့လိုတယ်။ သိုသိုသိပ်သိပ်နှိမ့်နှိမ့်ချချ နေတတ်ဖို့ လိုတယ်။ ဘယ်လို ရှင်သန်နေထိုင်ရမလဲဆိုတဲ့ အသိဉာဏ်ပညာလည်း လိုတယ်”
“ဒါဆို ခွန်အားသန်မာမှု၊ နှိမ့်ချနေထိုင်မှုနဲ့ အသိဉာဏ်ပညာပေါ့နော် ဘိုးဘိုး”
“ဟုတ်တယ်။ ကိုင်း…၊ စကားဖြတ်ကြစို့ရဲ့။ ရှေ့မှာ ဆေးဆိုင် ရောက်ပြီ”
စကားတပြောပြောနှင့် လာခဲ့ကြရာ ရှောင်လုံတို့အဖွဲ့သည် ဆေးဆိုင်ကြီးတစ်ဆိုင်သို့ ရောက်လာခဲ့လေ၏။
ဆရာကုန်း - ပရဆေးဆိုင်။
“ဒီဆေးဆိုင်က ကွမ်ကျိုးမြို့မှာတော့ အကြီးဆုံး ဆေးဆိုင်ပဲ”
ထို့နောက် သူတို့အဖွဲ့က ဆေးဆိုင်ထဲသို့ ဝင်သွားကြသည်။
ဆေးဆိုင်တွင် ဆေးဝယ်သူ အတော်များများ ရှိနေ၏။
ရသေ့ကြီးတို့ကို မြင်လျှင် ဆေးဆိုင်အလုပ်သမားတစ်ယောက်က ယဉ်ကျေးစွာ မေးသည်။
“ဘာဆေးများ လိုအပ်ပါသလဲ”
ရသေ့ကြီးက ဆေးဆိုင်အနေထား၊ အလုပ်သမားများ၏ အနေထားကို အကဲခတ်ပြီး အသာခေါင်းညိတ်သည်။ ဆေးဆိုင်က ဆေးဝါးစုံလင်သည့် ဆေးဆိုင်ကြီးဖြစ်သလို အလုပ်လုပ်နေကြပုံကလည်း ကောင်းမွန်ကြသည်။ အလုပ်တွဲလုပ်ရန် သင့်တော်သည့် အနေထား ဖြစ်နေသည်။
“ဆိုင်ရှင်နဲ့ စကားပြောချင်တယ်”
ဆေးဆိုင်အလုပ်သမားက ရသေ့ကြီးကို အကဲခတ်သလို ကြည့်သည်။
“ချိန်းဆိုထားပါသလား”
ရသေ့ကြီးက ခေါင်းခါပြသည်။
ဆေးဆိုင်အလုပ်သမားက ခဏစဉ်းစားပြီး ပြောသည်။
“ခဏ စောင့်ပေးပါ”
ပြောပြီးနောက် ဆေးဆိုင်အတွင်းပိုင်းသို့ ဝင်သွားသည်။
ခဏအကြာတွင် ဆေးဆိုင်အလုပ်သမားက အသက်လေးဆယ်ခန့်ရှိသော ဥပဓိကောင်းကောင်းနှင့် လူတစ်ယောက်ကို ခေါ်၍ ပြန်ထွက်လာသည်။
ထိုလူက ရသေ့ကြီးနှင့် ရှောင်လုံတို့ကို အကဲခတ်ပြီးနောက် ယဉ်ကျေးစွာ ပြောသည်။
“ကျွန်တော်က ကုန်း-ဆေးဆိုင်ရဲ့ တာဝန်ခံပါ။ ဒီက ဆရာကြီးက ဘာများ ပြောချင်လို့များလဲ”
ရသေ့ကြီးကလည်း တာဝန်ခံကို တစ်ချက်အကဲခတ်ပြီး မေးလိုက်သည်။
“ကုန်း-ဆေးဆိုင်အတွက် အကျိုးမြတ်ကြီးတစ်ခု ရစေမယ့် အလုပ်တစ်ခု တွဲလုပ်ချင်တယ်။ အဲဒါကို တာဝန်ခံနဲ့ ပြောလို့ ဖြစ်ရဲ့လား”
အကျိုးမြတ်ကြီးတစ်ခု…။
ဆိုင်တာဝန်ခံက တည်ငြိမ်စွာ ပြုံးလိုက်သည်။ အကျိုးမြတ်ကြီးဟူသော စကားကို သူက စိတ်ဝင်စားပုံ မရပေ။ သို့မဟုတ် စိတ်လှုပ်ရှားပုံ မရပေ။
ရသေ့ကြီးကလည်း ဆိုင်တာဝန်ခံ၏ တည်ငြိမ်မှုကို သဘောကျသွားသည်။ အကျိုးမြတ်ဟူသော စကားကြားရုံနှင့် စိတ်ဝင်စားပြီး လိုချင်မက်မောနေလျှင် ရသေ့ကြီးက စကားဆက်မပြောတော့ဘဲ လှည့်ထွက်လာခဲ့မည် ဖြစ်သည်။
ကုန်း-ဆေးဆိုင်က အောင်မြင်နေသော ဆေးဆိုင်ကြီးတစ်ခုပီသသလို ဆိုင်တာဝန်ခံကလည်း အလုပ်သဘော နားလည်သူ ဖြစ်နေသည်။
“အထဲမှာ လက်ဖက်ရည်သောက်ရင်း စကားပြောကြရအောင်လား ဆရာကြီး။ ဒီမှာ လူရှုပ်နေတယ်”
“ကောင်းပြီ”
ထို့နောက် ဆိုင်တာဝန်ခံက ရသေ့ကြီးနှင့် ရှောင်လုံတို့ကို ဆေးဆိုင်အတွင်းပိုင်းသို့ ဖိတ်ခေါ်ပြီး နေရာထိုင်ခင်း ပေးသည်။
“ဆရာကြီးက ဘယ်လို အလုပ်မျိုး တွဲလုပ်ချင်တာလဲ သိပါရစေ။ ကုန်း-ဆေးဆိုင်က ဆေးစိုက်တောင်သူတွေနဲ့ လက်တွဲပြီး ပရဆေးတွေ လက်ခံရောင်းချပေးပါတယ်။ ပြီးတော့ ဆေးဆရာတချို့နဲ့ လက်တွဲပြီး ဆေးဝါးထုတ်လုပ်ရောင်းချပါတယ်။ ဆေးကုန်သည်တွေနဲ့ လက်တွဲပြီး ကွမ်ကျိုးအပြင် တခြားမြို့တွေကိုလည်း ဆေးရောင်းပါတယ်”
‘ကုန်း-ဆေးဆိုင်က တကယ်ကို ကောင်းကောင်း အလုပ်လုပ်တတ်တာပဲ…’
ရသေ့ကြီးက ပြုံး၍ ခေါင်းအသာညိတ်သည်။ အဆင်သင့် ပြင်ဆင်လာသော ဆေးပုလင်းတစ်လုံးကို ထုတ်ပေးလိုက်သည်။
“ဒီအဘိုးကြီး လုပ်ချင်တာက တာဝန်ခံပြောတာတွေနဲ့တော့ မတူဘူး။ ဒါက ဒီအဘိုးကြီး ရထားတဲ့ ရှေးဟောင်းဆေးညွှန်းအတိုင်း ဖော်စပ်ထားတဲ့ ဆေးလုံးပါ။ ဒီဆေးလုံးရဲ့ ဆေးညွှန်းကို ကုန်း-ဆေးဆိုင်ကို ပေးမယ်။ ကုန်းဆေးဆိုင်က ဆေးညွှန်းအတိုင်း ဆေးဖော်ရောင်းနိုင်လိမ့်မယ်။ ရလာတဲ့ အကျိုးမြတ်ကို ခွဲယူမယ်”
ဆေးရောင်းခြင်းလည်း မဟုတ်သလိုဆေးညွှန်းကို ရောင်းခြင်းလည်း မဟုတ်ဘဲ ဆေးညွှန်းပေး၍ ဆေးထုတ်ရောင်းကာ အကျိုးမြတ်ခွဲယူခြင်း ဖြစ်သည်။
ဆေးဆိုင်တာဝန်ခံက ရသေ့ကြီး ပြသော ဆေးပုလင်းကို ယူကြည့်သည်။
“ဒါက…”
ဆေးပုလင်းထဲတွင် ဆေးလုံးတစ်လုံး ရှိနေသည်။
ဆေးဆိုင်တာဝန်ခံက ဆေးလုံးကို သေချာစစ်ဆေးကြည့်သည်။ ကြည့်နေရင်းက သူ၏ မျက်လုံးများက စိတ်ဝင်စားမှုကြောင့် တောက်ပလာသည်။
“တကယ်ကို ကောင်းမွန်တဲ့ ဆေးပဲ။ တချို့ပါဝင်ပစ္စည်းကို ကြည့်ရသလောက်ဆိုရင် ဒါက သွေးတိတ်ဆေး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သာမန်သွေးတိတ်ဆေးတော့ မဟုတ်နေဘူး”
“အိမ်း…၊ တာဝန်ခံက အမြင်တချို့တော့ ရှိတာပဲ။ ဟုတ်ပါတယ်။ ဒါက သွေးတိတ်ဆေးပါ။ ဒါပေမဲ့ သာမန်သွေးတိတ်ဆေးတော့ မဟုတ်ဘူး။ ကိုယ်တွင်းသွေးယိုစီးမှုအတွက် သွေးတိတ်ဆေးပါ”
ကိုယ်တွင်းသွေးယိုစီးမှုအတွက် သွေးတိတ်ဆေး။
ဆေးဆိုင်တာဝန်ခံမှာ စိတ်လှုပ်ရှားသွားသည်။ ကိုယ်တွင်းသွေးတိတ်ဆေးဆိုသည်မှာ အသက်ကယ်ဆေးတစ်မျိုးပင် မဟုတ်ပါလား။ အထူးသဖြင့် သိုင်းလောကသားများ၊ စစ်သည်များ အတွင်းဒဏ်ရာရ၍ သေဆုံးရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ကိုယ်တွင်းသွေးယိုစီးမှုကြောင့် ဖြစ်သည်။ အပြင်ဒဏ်ရာ ရှာမတွေ့ဘဲ ချက်ချင်း ကောက်ကာငင်ကာလည်း သေဆုံးသွားနိုင်သလို နာတာရှည်ဒဏ်ရာဖြင့် တဖြည်းဖြည်း ခံစားရပြီးလည်း သေသွားနိုင်သည်။
အတွင်းဒဏ်ရာကြောင့် ကိုယ်တွင်းသွေးယိုစီးမှုကို ကုသနိုင်သော ဆေးများရှိသော်လည်း လုံလောက်အောင် အစွမ်းထက်သော ဆေးကတော့ အလွန်ရှားသည်။ လုံလောက်အောင် အစွမ်းမထက်သော ဆေးသည်ပင် ဆေးဈေးကွက်တွင် လိုအပ်ချက် မြင့်မားပြီး ရောင်းအားကောင်းသည်။ အစွမ်းထက်သော ကိုယ်တွင်းသွေးတိတ်ဆေးက အလွန်ရှားသလို တန်ဖိုးလည်း ကြီးသည်။ လိုအပ်ချက်မြင့်မားမှုကား ပြောရန်မလိုပေ။ အစွမ်းထက်ဆေး မရနိုင်သောကြောင့် သာမန်မျှသာကောင်းသော ဆေးများကို သုံးစွဲနေကြရသည် မဟုတ်ပါလား။
ထို့ကြောင့်လည်း ဆိုင်တာဝန်ခံက စိတ်လှုပ်ရှားသွားရခြင်း ဖြစ်သည်။ သူလက်ထဲမှ ဆေးလုံးကလည်း အရည်သွေးမြင့်သော ကိုယ်တွင်းသွေးတိတ်ဆေးလုံးဖြစ်နေ၍ပင်။
“ဆရာကြီးရဲ့ ဆေးက တကယ်ကို ကောင်းပါတယ်”
ရသေ့ကြီးက ပြုံးပြီး ပြောသည်။
“ဆေးက ကောင်းပေမဲ့ ဆေးညွှန်းက နည်းနည်းရှုပ်ထွေးပြီး ဖော်စပ်ရတာ ခက်တယ်”
ဆိုင်တာဝန်ခံကလည်း ခေါင်းညိတ်သည်။ သူ့တွင် ဆေးပညာအဆင့်တန်းတစ်ခု ရှိသော်လည်း ထိုဆေးလုံးကို ခွဲခြမ်းစိတ်ဖြာ၍ မမြင်နိုင်ခဲ့ပေ။ အကယ်၍ မြင်နိုင်ခဲ့လျှင်လည်း သူက သိပ်စိတ်ဝင်စားမည် မဟုတ်ပေ။
ရသေ့ကြီးက ဆက်ပြောသည်။
“ဒါကြောင့် ဒီအဘိုးကြီး သိချင်တာက ကုန်း-ဆေးဆိုင်ရဲ့ ဆေးဖော်စပ်သူတွေထဲမှာ ဒီဆေးလုံးမျိုး ဖော်စပ်နိုင်တဲ့ ဆေးဆရာ ရှိရဲ့လားဆိုတာ သိချင်ပါတယ်”
ဆိုင်တာဝန်ခံက ပြုံး၍ ခေါင်းညိတ်သည်။
“ဆရာကြီးကသာ ဆေးညွှန်းကို ပေးရင် ဆေးလုံးဖြစ်အောင် ကုန်း-ဆေးဆိုင်က လုပ်ပေးနိုင်ပါတယ်”
“ကောင်းတယ်။ ဒါဆိုရင် အလုပ်တွဲလုပ်ဖို့နဲ့ အကျိုးမြတ်ခွဲတဲ့အကြောင်း ဆက်ပြောကြမလား”
ဆိုင်တာဝန်ခံလည်း ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် လုပ်ငန်းနှင့်ဆိုင်သော အကြောင်းရာများ ဆက်ဆွေးနွေးပြီး အကျိုးမြတ်ခွဲဝေမှုကိုလည်း ဆွေးနွေးကြသည်။
ကုန်းဆေးဆိုင်က လိုအပ်သော ဆေးအမယ်များ ထောက်ပံ့ရမည်ဖြစ်ပြီး ဆေးလည်း ဖော်စပ်ရမည်။ ဈေးကွက်တင်၍ ရောင်းချမှုကိုလည်း တာဝန်ယူရမည် ဖြစ်၍ အကျိုးမြတ် ခြောက်ဆယ်ရာခိုင်နှုန်းကို ယူပြီး ရသေ့ကြီးက လေးဆယ်ရာခိုင်နှုန်းယူရန် သဘောတူလိုက်ကြသည်။
ထို့နောက်တွင် စာချုပ်ရေးပြီး လက်ဗွေနှိပ်ကာ အတည်ပြုလိုက်ကြသည်။
လက်ဗွေကို ရသေ့ကြီးက မနှိပ်ဘဲ ရှောင်လုံကို နှိပ်ခိုင်းခဲ့သည်။ စာချုပ်မိတ္တူနှစ်စောင်လည်း လုပ်ပြီး ကုန်းဆေးဆိုင်က မိတ္တူတစ်စောင်၊ ကျန်းရှီနှင့် ဖန်းချင်းက မိတ္တူတစ်စောင် ယူလိုက်ကြသည်။ စာချုပ်မူရင်းကိုတော့ ရှောင်လုံက ယူထားလိုက်ရသည်။
စာချုပ်ချုပ်ပြီးနောက်တွင် ရသေ့ကြီးက ဆေးညွှန်း ထုတ်ပေးလိုက်သည်။
“ဒါက ဆေးညွှန်းပါ”
တာဝန်ခံက ဆေးညွှန်းကို လက်ခံပြီး စိတ်ဝင်တစား ဖတ်ကြည့်နေခဲ့သည်။
“တကယ်ကို ထူးခြားတဲ့ ဆေးညွှန်းပါပဲ။ အခုလို ဆေးကောင်းမျိုးကို ကုန်းဆေးဆိုင်နဲ့ လက်တွဲအလုပ်လုပ်ပေးတဲ့ ဆရာကြီးတို့ကို ကျေးဇူးတင်ပါတယ်။ ကုန်ဆေးဆိုင်က ဒီလို ကောင်းမွန်တဲ့ လုပ်ငန်းမျိုးတွေအတွက် အမြဲတမ်း ကြိုဆိုပါတယ်။ နောက်ထပ် ဒီလို ဆေးကောင်းတွေအတွက် အလုပ်လုပ်ချင်ရင်လည်း ကြိုဆိုပါတယ်”
“ကျုပ်တို့လည်း ကုန်းဆေးဆိုင်နဲ့ လက်တွဲရတာကို သဘောကျပါတယ်။ ဒီဆေးက ကျုပ်တို့နဲ့ ကုန်းဆေးဆိုင် လက်တွဲလုပ်တဲ့ ပထမဆုံး ဆေး ဖြစ်ပါလိမ့်မယ်။ အဆင်ပြေရင် နောက်ထပ် ဆေးကောင်းတွေလည်း လက်တွဲလုပ်ဖို့ စီစဉ်ပါ့မယ်”
ဆေးဆိုင်တာဝန်ခံက အလွန်ကျေနပ်စွာ ပြုံးသည်။
“တကယ်လို့ နောက်ထပ်ဆေးတွေ ထုတ်ဖို့ ထပ်လက်တွဲရင် အကျိုးမြတ်ကို ပိုပေးပါ့မယ်”
“ဟားဟား…၊ တာဝန်ခံက တကယ်ကို အလုပ်ကောင်းကောင်း လုပ်တတ်တဲ့သူပဲ။ ကဲ ကောင်းပြီ။ အဲဒါကို နောက်တော့ ပြောကြသေးတာပေါ့။ အခုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ကြစို့ရဲ့”
“ကောင်းပါပြီ ဆရာကြီး…။ ကျွန်တော် လိုက်ပို့ပါရစေ”
ဤသို့ဖြင့် ကုန်းဆေးဆိုင်နှင့် လက်တွဲ၍ ဆေးတစ်မျိုး ထုတ်ဖော်ရောင်းချ၍ အကျိုးမြတ်ခွဲယူပြီး ရှောင်အိမ်အတွက် ပုံမှန်ဝင်ငွေ ရရှိစေမည့် အစီစဉ်က အောင်မြင်ပြီးဆုံးသွားသည်။
မည်မျှ အောင်မြင်၍ အကျိုးမြတ်မည်မျှရမည်ကိုကား လက်တွေ ထုတ်လုပ်ရောင်းချပြီးမှသာ သိနိုင်ပေလိမ့်မည်။
ဆိုင်တာဝန်ခံက ရသေ့ကြီးနှင့် ရှောင်လုံတို့ကို ဆိုင်အပြင်ထိ လိုက်ပါပို့ဆောင်ပေးပြီး နှုတ်ဆက်သည်။
အလုပ်ကိစ္စ ပြီးပြီဖြစ်၍ ရှောင်လုံတို့လည်း တည်းခိုခန်းသို့သာ ပြန်လာခဲ့လိုက်ကြသည်။
ညကလည်း တဖြည်းဖြည်း မှောင်လာပြီ ဖြစ်သည်။
လမ်းဘေးဝဲယာရှိ အိမ်များ၊ ဆိုင်များတွင် မီးပုံးများ ချိတ်ဆွဲထွန်းညှိထားကြသည်။ တချို့ဆိုင်များက လမ်းကိုပါ ဖြတ်ကျော်၍ ကြိုးတန်းများ ဆွဲပြီး အလှမီးပုံးလေးများ အများအပြား ချိတ်ဆွဲထွန်းညှိထားသည်။
ထိုမီးရောင်အောက် လမ်းတစ်ယောက်တွင် သွားလာသူများ၊ လည်ပတ်သူများ၊ ဆိုင်များတွင် ဝင်ထွက်စားသောက်သူများနှင့် စည်ကားနေလေ၏။
“ကွမ်ကျိုးက တကယ်စည်တာပဲ။ လှလည်း လှတယ်”
ရှောင်လုံတို့က လမ်းတစ်လျှောက် လှပသော မြင်ကွင်းများကို လိုက်ကြည့်ရင်း တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။
ညက တစ်စတစ်စနှင့် ညဦးယံကို ကျော်၍ သန်းခေါင်ယံသို့ ရောက်လာခဲ့သည်။
ညဦးယံတွင် စည်ကားနေခဲ့သော ကွမ်ကျိုးမြို့ကြီးက ညသန်းခေါင်ယံ၌ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ပုံမှန်ဆိုလျှင် ကွမ်ကျိုးမြို့၏ ညသည် ယခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခဲလှသည်။
ယခုတော့ ကွမ်ကျိုးမြို့ရှိ စီးပွားရေးလုပ်ငန်းကြီးများကြားက ပဋိပက္ခကြောင့် ညနက်သန်းခေါင်အထိ သွားလာလည်ပတ်ခြင်း၊ စားသောက်ပျော်ပါးခြင်းများ မလုပ်ကြတော့ပေ။ ဆိုင်များကလည်း ညနက်သည်အထိ မဖွင့်ကြတော့ပေ။
ရှောင်လုံက ညနက်သည်အထိ မအိပ်သေးဘဲ အတွင်းအား လေ့ကျင့်နေခဲ့သည်။
ရသေ့ကြီးကတော့ အိပ်နေခဲ့ပြီ ဖြစ်သည်။
ထိုစဉ်…
ရှောင်လုံ၏ မျက်လုံးများ ဖျပ်ကနဲ ပွင့်လာသည်။
‘ဒီအချိန်ကြီး လှုပ်ရှားနေတာ ဘယ်သူတွေလဲ မသိဘူး…’
တည်းခိုခန်း ခေါင်မိုးပေါ်မှ လျင်မြန်ပေါ့ပါးသော လုပ်ရှားသံကို ကြားလိုက်၍ ဖြစ်သည်။
‘တစ်ချက် ထွက်ကြည့်လိုက်မယ်…’
ရှောင်လုံက ပြတင်းပေါက်ကို အသာဖွင့်ပြီး အပြင်ကအခြေနေကို အာရုံခံလိုက်သည်။ ထို့နောက် လေဟုန်စီးကိုယ်ဖော့ပညာဖြင့် ခေါင်မိုးပေါ် ရိပ်ကနဲ ခုန်ပျံတက်သွားလိုက်သည်။
ကောင်းကင်ကြီးက ကြယ်ရောင်တချို့ကလွဲ၍ မှောင်နက်နေ၏။
ညလူနှစ်ယောက်…။
တည်းခိုခန်းခေါင်မိုးပေါ်တွင် ညလူနှစ်ယောက်က လျင်မြန်ပေါ့ပါးစွာ လှုပ်၍ အဝေးသို့ ပြေးထွက် သွားကြသည်။
‘သူပါလား…’
ရှောင်လုံလည်း သိချင်စိတ်ဖြင့် နောက်မှ အသာလိုက်သွားလိုက်လေ၏။
အခန်း(၃၄၈)ပြီး
***