ကြယ်ရောင်မှိန်ပြပြ ညသန်းခေါင်ယံ ကောင်းကင်အောက်၌ လူရိပ်နှစ်ခုက ခေါင်မိုးပေါ်တွင် တဖျပ်ဖျပ် ခုန်ပျံ၍ ပြေးလွှားလှုပ်ရှားနေကြသည်။
တည်းခိုခန်းခေါင်မိုးမှ တစ်ဆင့် တခြားအဆောက်ဦးခေါင်မိုးများပေါ်သို့ လွှားကနဲ လွှားကနဲ ခုန်ကူး၍ ပြေးလွှားသွားကြသည်။
ရှောင်လုံက လူရိပ်နှစ်ခုနောက်သို့ လိုက်သွားရင်းမှ လူရိပ်တစ်ခုမှာ ကွေ့လင်ဖြစ်ကြောင်း အာရုံခံမိခဲ့သည်။
ကွေ့လင်၏ လှုပ်ရှားမှုက သူ့သိုင်းစွမ်းအားအဆင့်ထက် ပို၍ ပေါ့ပါးလျင်မြန်နေသည်။ အဆင့်မြင့်သိုင်းသမားတစ်ယောက်၏ သိုင်းစွမ်းအားသည် သိုင်းအကျော်မော်တစ်ယောက်၏ သိုင်းစွမ်းအားနှင့် မယှဉ်နိုင်သလို ကိုယ်ဖော့ပညာချင်းလည်း မယှဉ်နိုင်ပေ။
သို့ဖြစ်ပါလျက် ကွေ့လင်၏ ကိုယ်ဖော့ပညာက သိုင်းအကျော်မော်တစ်ယောက်နီးပါး လျင်မြန်ပေါ့ပါးနေခဲ့သည်။
‘သူ့ရဲ့ ကိုယ်ဖော့ပညာကလည်း ထူးခြားတာပဲ…’
ကွေ့လင်၏ ကိုယ်ဖော့ပညာနည်းစနစ်ကလည်း သူ၏ ဓားသိုင်းကဲ့သို့ပင် တစ်မူထူးခြားနေသည်။ တဖျပ်ဖျပ် ခုန်လွှား၍ ပြေးလွှားလှုပ်ရှားသည့် ပုံစံက ပြည်မသိုင်းလောကမှ ကိုယ်ဖော့ပညာများနှင့် မတူနေပါ။
ကွေ့လင်၏ ရှေ့မှ ပြေးလွှားလှုပ်ရှားနေသူက ကွေ့လင်ထက်ပင် ပေါ့ပါးလျင်မြန်နေသေး၏။
ရှေ့မှလူကလည်း တဖျပ်ဖျပ်တရိပ်ရိပ်နှင့် ပေါ့ပါးညင်သာစွာ ပြေးလွှားနေ၏။ ထိုလူ၏ လှုပ်ရှားမှုများက ထူးထူးခြားခြား ညင်သာလွန်းနေခဲ့သည်။
‘အဲဒီလူက ဘယ်သူလဲ မသိဘူး။ သူ့လှုပ်ရှားမှုတွေက တကယ်ကို ပေါ့ပါးညင်သာတယ်…’
ရှောင်လုံက ရှေ့ကလူကို မသိပါ။ ထိုလူ၏ လှုပ်ရှားသည့် နည်းစနစ်ကိုလည်း မရင်းနှီးပါ။ ပထမဆုံး မြင်ဖူးခြင်းလည်း ဖြစ်သည်။ ထို့အပြင် ထိုလူက မျက်နှာဖုံးတစ်ခုကိုလည်း တပ်ထားသေးသည်။ သို့သော် ထိုလူ၏ သိုင်းအဆင့်ကိုတော့ ရှောင်လုံက မြင်နိုင်ခဲ့သည်။
သိုင်းအကျော်မော်အဆင့် တစ်ယောက်။ ငှက်တစ်ကောင်၏ မျက်နှာပုံစံ မျက်နှာဖုံးကို တပ်ဆင်ထားသည်။
ထိုလူက ကွေ့လင်ထက် သိုင်းအဆင့်ရော လှုပ်ရှားမှုရော သာလွန်သော်လည်း ကွေ့လင်ကို မျက်ခြေမဖြတ်သွားဘဲ လှုပ်ရှားနေသည်။ သူ၏ လျင်မြန်မှုကို လျှော့ချထားပုံရသည်။ ကွေ့လင်ကို တမင် စောင့်ခေါ်နေပုံလည်း ရသည်။
တဖြည်းဖြည်းနှင့် ထိုနှစ်ယောက်မှာ မြို့တောင်ဘက်သို့ ဦးတည်ပြေးလာကြပြီးနောက် မြစ်ကမ်းဘေးသို့ ရောက်လာခဲ့ကြသည်။
ဆက်ပြေးစရာ မရှိတော့ပေ။
ရှေ့မှ ဦးဆောင်ပြေးနေသူက အိမ်ခေါင်မိုးပေါ်မှ မီးရောင်မရှိသော လမ်းပေါ်သို့ လွှားကနဲ ခုန်ဆင်းသွားပြီး မြစ်ကမ်းဘေးတွင် သွားရပ်နေလိုက်သည်။
ကွေ့လင်က ရှေ့မှ လူကဲ့သို့ ခေါင်မိုးပေါ်မှ တိုက်ရိုက် မခုန်ချဘဲ အမိုးစွန်းသို့ ဆင်းပြီး တံစက်မြိတ်ပေါ်သို့ တစ်ဆင့်ခုန်ဆင်းပြီးမှ လမ်းပေါ်သို့ ထပ်ခုန်ဆင်းသွားသည်။ ထို့နောက် သူကလည်း မြစ်ကမ်းဘေးတွင် သွားရပ်နေလိုက်သည်။
တိတ်တဆိတ် လှုပ်ရှားခဲ့ကြသော လူနှစ်ယောက်က အမှောင်ထဲတွင် စကားမဆိုကြဘဲ တိတ်ဆိတ်စွာ ရပ်နေကြသည်။
မြစ်ပြင်မှ ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းဦးညလေပြေ တိုက်ခတ်သံ ခပ်သဲ့သဲ့နှင့် မြစ်ပြင်မှ ပြေးလာသော လှိုင်းတချို့ ကမ်းစပ်သို့ လာရိုက်ပုတ်နေသံတို့မှလွဲ၍ ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်နေ၏။
ရှောင်လုံက ကွေ့လင်တို့နှင့် ပေနှစ်ထောင်ခန့်အကွာက အိမ်ကြီးတစ်ဆောင်၏ ခေါင်မိုးပေါ်တွင် ရပ်၍ အခြေနေကို စောင့်ကြည့်အာရုံခံနေသည်။
ကွေ့လင်က မျက်နှာဖုံးနှင့်လူကို မေးလိုက်သည်။
“နံပါတ်ငါး ဆရာတူအစ်ကို မဟုတ်လား…”
ငှက်မျက်နှာဖုံးနှင့်လူက ချက်ချင်းပြန်မဖြေဘဲ ခဏ တိတ်ဆိတ်နေပြီး လေးပင်စွာ ပြောသည်။
“ငါက ဇီးကွက်။ မင်းရဲ့ ဆရာတူအစ်ကို မဟုတ်ဘူး”
ကွေ့လင်က ချက်ချင်း ပြန်ပြောသည်။
“ဆရာက ကျွန်တော့်ကို နံပါတ်ခြောက်တပည့်လို့ ခေါ်တယ်”
ကွေ့လင်၏ စကားကို ကြားလျှင် ဇီးကွက်၏ ခန္ဓာကိုယ်က မသိမသာ တုန်ခါသွားသည်။
ကွေ့လင်က ဆက်ပြောသည်။
“ကျွန်တော် ထွက်လာတော့ ဆရာက စကားတစ်ခွန်း မှာလိုက်တယ်။ ခေတ်ကြီး အပြောင်းအလဲ ဖြစ်လိမ့်မယ်။ ဂရုစိုက်နေထိုင်ကြပါတဲ့”
“ဟူး…”
ဇီးကွက်က သက်ပြင်း ချသည်။ မည်သည့်စကားမှတော့ မပြောပေ။
“ဆရာတူအစ်ကိုတို့ကို ရှာတွေ့ဖို့က မလွယ်လို့ ကျွန်တော် ပြည်မရောက်လာတယ်ဆိုတာ ဆရာတူအစ်ကိုတွေ သိရအောင်လို့ ပီကင်းဓားသိုင်းပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်”
“အင်း…၊ ငါ သိတယ်”
“ဒါပေမဲ့ ဘယ်ဆရာတူအစ်ကိုမှ ကျွန်တော့်ကို မဆက်သွယ်လာကြဘူး။ ပင်ကျိုးမြို့မှာ နံပတ်နှစ်ဆရာတူအစ်ကို ရှိတယ် သတင်းရလို့ သွားရှာပေမဲ့ နောက်ကျသွားတယ်။ နံပါတ်နှစ်ဆရာတူအစ်ကို အသတ်ခံလိုက်ရတယ်။ ခုထိ ဘယ်သူ့လက်ချက်မှန်း မသိရသေးဘူး”
“အဲဒါက နဂါးစိမ်းဂိုဏ်းရဲ့ လက်ချက်ပါ”
“နဂါးစိမ်းဂိုဏ်းပဲပေါ့”
“ဟုတ်တယ်။ ပြည်မမှာ လက်ရှိအခြေနေအရ နဂါးစိမ်းဂိုဏ်းနဲ့ အထွတ်ထိပ်ဂိုဏ်းကြီးတွေကြားက အားပြိုင်မှုက ပြင်းထန်နေတယ်။ ခိုစိမ်းက အဲဒီကြားထဲ ဝင်ပတ်သက်ခဲ့တယ်”
“နံပါတ်ငါး ဆရာတူအစ်ကို…၊ ကျန်တဲ့ ဆရာတူအစ်ကိုတွေ ဘယ်မှာလဲ”
“ငါ မသိဘူး။ ကျီးဖြူနဲ့ သိန်းငှက် သတင်းကို မကြားရတာ နှစ်တွေ မနည်းတော့ဘူး။ ဗျိုင်းနက်ရဲ့ သတင်းကိုလည်း မြောက်ပိုင်းနယ်ခြားဒေသမှာ ပေါ်လာတယ်လို့ ကြားပြီးကတည်းက ထပ်မကြားရတော့ဘူး”
“မြောက်ပိုင်း နယ်ခြားဒေသလား။ ဆရာတူအစ်ကို ဗျိုင်းနက်က တစ်ယောက်တည်း လှုပ်ရှားတတ်တာ မဟုတ်ဘူးလား။ မြောက်ပိုင်းနယ်ခြားမှာ အင်ပါယာစစ်ပွဲတွေ ဖြစ်နေတာ မဟုတ်ဘူးလား။ ဘာသွားလုပ်တာလဲ”
“အဲဒါကို ငါ မသိဘူး။ သိန်းငှက်လည်း မြောက်ပိုင်းနယ်ခြားကို သွားပြီး သတင်းပျောက်သွားတာပဲ”
“ဒါဆို မြောက်ပိုင်းနယ်ခြားကို တစ်ခေါက်သွားကြည့်ရမယ် ထင်တယ်”
“အလောတကြီး မလှုပ်ရှားနဲ့။ အချိန်ရသလောက် ပြည်မထဲမှာပဲ အရင်အတွေ့ကြုံရှာပြီး သတင်းအချက်လက်တွေကို နားထောင်ပြီးမှ သွားသင့်တယ်”
“ဟုတ်ကဲ့ ဆရာတူအစ်ကို”
“ဒီကွမ်ကျိုးမှာ စီးပွားရေးလုပ်ငန်းတွေကြား တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ သူဌေးတစ်ယောက်ယောက်ဆီမှာ ဝင်အလုပ်လုပ်ပြီး အတွေ့ကြုံရှာလို့ ရတယ်”
ကွေ့လင်က စဉ်းစားနေသည်။ သူဌေးများကြားက အားပြိုင်မှုများက နောက်လိုက်အင်အားချင်း တိုက်ခိုက်ကြသည့်အဆင့်ထိ ရောက်နေပြီ ဖြစ်သည်။ သူသာ သူဌေးတစ်ယောက်ယောက်ထံတွင် အလုပ်ဝင်လုပ်လျှင် ထိုတိုက်ခိုက်မှုများကြားမှ တိုက်ပွဲအတွေ့အကြုံ ရနိုင်သည်။ သို့သော် ထိုအလုပ်က ကြေးစားအလုပ်ဖြစ်သည်။ ကြေးစားအလုပ်ကို နံပါတ်တစ် ဆရာတူအစ်ကိုကြီး ကျီးဖြူက ကျွမ်းကျင်သည်။ ကွေ့လင်က ကြေးစားအလုပ်ကို မကျွမ်းကျင်ပေ။
ဇီးကွက်က ကွေ့လင်၏ အတွေးကို ရိပ်မိပုံရသော်လည်း သူက ထပ်၍ မတိုက်တွန်းသလို တခြားအကြံကိုလည်း မပေးခဲ့ပေ။ ငှက်ဆိုးငါးကောင်က တစ်ဆရာတည်း ဖြစ်သော်လည်း ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် ရပ်တည်လှုပ်ရှားကြသည်။ ပူးပေါင်းလှုပ်ရှားခြင်းလည်း မရှိသလို တစ်ယောက်၏ စိတ်ဆန္ဒကို အခြားတစ်ယောက်က ကောင်းသည်ဆိုးသည်လည်း မပြောကြပါ။ သို့သော် အချင်းချင်းတော့ မတိုက်ခိုက်ကြပါ။
ကွေ့လင်က မေးလိုက်သည်။
“နံပါတ်ငါး ဆရာတူအစ်ကိုလည်း ဒီကွမ်ကျိုးမှာ အလုပ်လုပ်နေတာလား”
“မဟုတ်ဘူး။ ငါ့အလုပ်ကိစ္စနဲ့ ကွမ်ကျိုးကို လာတာ။ မင်း ချထားတဲ့ ငှက်တစ်ရာအမှတ်သားကို တွေ့မိလို့ မင်းကို လာရှာတာပါ”
ထို့နောက် နှစ်ယောက်သား စကားပြတ်သွားကြသည်။
ဆရာတူ ညီအစ်ကိုများ ဖြစ်ကြသော်လည်း သူတို့ကြားတွင် မည်သည့်ခံစားချက်မှလည်း မရှိနေသလို မည်သည့် ရင်းနှီးမှုမှလည်း မရှိနေသဖြင့် ပြောစရာအကြောင်းအရာ ရှိ၍သာ စကားပြောနေခဲ့ကြသည်။ ပြောစရာ အကြောင်းရာ မရှိတော့သောအခါ အလိုလို စကားပြတ်သွားခဲ့သည်။
“ငါ သွားတော့မယ်”
ဇီးကွက်က ပြောပြီး အသာလှုပ်ရှားလိုက်ရာ အမှောင်ထဲ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
ကွေ့လင်က ပျောက်ကွယ်သွားသော သူ၏ နံပါတ်ငါး ဆရာတူအစ်ကို ကြည့်ပြီး ခေါင်းခါသည်။
“ဆရာတူအစ်ကိုက တကယ် ခံစားချက် မဲ့တာပဲ။ ဆရာ့ကို နေကောင်းလားလို့တောင် မမေးသွားဘူး။ နံပါတ်နှစ်အစ်ကို အသတ်ခံရတာ နဂါးစိမ်းဂိုဏ်းကမှန်း သိနေပေမဲ့ ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ကလဲ့စားချေဖို့ မပြောရင်တောင် မကျေမနပ်တော့ ပြောသင့်တယ် မဟုတ်ဘူးလား။ ဆရာတူညီအစ်ကိုတွေ အချင်းချင်းလည်း ဒီလိုမျိုး နေကြတယ်။ ဟူး…၊ ဆရာက သူတို့ကို ဘယ်လိုများ လေ့ကျင့်ပေးခဲ့တာလဲ မသိဘူး”
ကွေ့လင် သိထားသလောက်မှာ သူ့ဆရာ ငှက်တစ်ရာအဘိုးအိုက တပည့်ငါးယောက် မွေးခဲ့ပြီး တပည့်တစ်ယောက်စီကို ပညာတစ်မျိုးစီ သင်ပေးခဲ့သည်ဟု သိရသည်။ မည်သို့ လေ့ကျင့်သင်ကြားပေးခဲ့မှန်းတော့ မသိရပေ။ သို့သော်လည်း ယခု တွေ့ရသော နံပါတ်ငါး ဆရာတူအစ်ကို၏ အခြေနေကို ကြည့်ရသလောက် ပုံမှန်မဟုတ်သော သင်ကြားလေ့ကျင့်မှုများ ပေးခဲ့ပုံရသည်။ ဆရာကိုပင် သတိရမေးမြန်းခြင်း မရှိသလို ဆရာတူညီအစ်ကိုချင်းလည်း ဂရုစိုက်ခြင်း အလျှင်းမရှိပေ။
“အဲဒါဆို ဆရာက ဘာဖြစ်လို့ ငါ့အလှည့်ကျမှ ဆရာတူအစ်ကိုတွေကို ရှာခိုင်းရတာလဲ”
ကွေ့လင်တစ်ယောက် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။ သူ လေ့ကျင့်သင်ကြားခဲ့ရသည့် ပုံစံက သူ့ဆရာတူအစ်ကိုများနှင့် ကွဲပြားနေမှန်း နားလည်လိုက်သည်။ သူ့ဆရာက သူ့ကို ဓားသမားတစ်ယောက်အဖြစ် လေ့ကျင့်ပေးခဲ့သည်လေ။
ကွေ့လင်တစ်ယောက် စိတ်ရှုပ်ထွေးလျက် ကောင်းကင်ပေါ်ကို မော့ကြည့်နေမိသည်။ ကောင်းကင်က မှိန်ဖျော့ဖျော့ ကြယ်ရောင်လေးတချို့မှလွဲ၍ အလုံးစုံ မှောင်မိုက်နေ၏။
ကွေ့လင်၏ စိတ်ထဲတွင်လည်း သူ့ဆရာ၏ ရည်ရွယ်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရ၊ သူ့ကိုယ်ပိုင်လမ်းကြောင်းကိုလည်း ပြတ်ပြတ်ထင်ထင် မသိရနှင့် မှောင်မိုက်ဝေဝါးနေခဲ့သည်။
ကွေ့လင်တစ်ယောက် သက်ပြင်းချရင်း ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
ရှောင်လုံက ကွေ့လင်နှင့် ဇီးကွက်တို့၏ စကားကို နားထောင်ပြီးနောက် ခေါင်းခါသည်။
‘ဓားကိုင်တဲ့လူက ဒီလို စိတ်ရှုပ်ထွေးနေတာ မကောင်းဘူး…’
ရှောင်လုံလည်း မည်သည့် ထူးခြားမှုကိုမှ မသိရဘဲ ကွေ့လင်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုသာ ကြားရသဖြင့် စိတ်မဝင်စားတော့ဘဲ ထိုနေရာမှ လှည့်ပြန်လာခဲ့လိုက်သည်။
သို့သော် ကွေ့လင်နှင့် ဇီးကွက်တို့၏ မတူကွဲပြားသော လှုပ်ရှားနည်းစနစ်များကို မြင်ခွင့်ရခဲ့ခြင်းက သူ့အတွက် အသိမြင်တော့ တိုးခဲ့ရသည်။
‘အဲဒီ ဇီးကွက်ရဲ့ နောက်ဆုံးလှုပ်ရှားသွားတဲ့ ကိုယ်ယောင်ဖျောက်ကလည်း တကယ်မဆိုးဘူး။ သူ ဝတ်ထားတဲ့ ဝတ်စုံက ပတ်ဝန်းကျင်နဲ့ ရောထွေးကိုယ်ယောင်ဖျောက်ဖို့ အသုံးဝင်နေတယ်။ မဟုတ်ဘူး…၊ သူ့ဝတ်စုံက ပတ်ဝန်းနဲ့ ရောထွေးကိုယ်ယောင်ဖျောက်ဖို့အတွက် အထူးတလည် ဖန်တီးထားတဲ့ ဝတ်စုံပဲ။ အင်း…၊ စိတ်ဝင်စားဖို့တော့ ကောင်းသား…’
သူမြင်ခဲ့ဖူးသော ပတ်ဝန်းကျင်နှင့် ရောထွေးကိုယ်ယောင်ဖျောက်သည့် နည်းစနစ်ထဲတွင် ဟူလောင်တို့၏ နည်းစနစ်က အထူးခြားဆုံး ဖြစ်သည်။ ရှေးဦးကျားလူသားမျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ်ဟု ပြောရလောက်အောင် ထူးခြားပြီး ကောင်းမွန်သည်။
‘ဇီးကွက်ရဲ့ ကိုယ်ယောင်ဖျောက်နည်းစနစ်ကလည်း ဟူလောင်တို့ရဲ့ နည်းစနစ်နဲ့ ခပ်ဆင်ဆင်တော့ တူသားပဲ…’
ရှောင်လုံတစ်ယောက် တွေးတောစဉ်စားရင်းနှင့် ပြန်လာခဲ့ရာ တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့သည်။
‘မမ…၊ မအိပ်သေးပါလား’
တည်းခိုခန်း ခေါင်မိုးပေါ်တွင် နှင်းပန်းက ငြိမ်သက်စွာ ရပ်လျက် ရှောင်လုံပြန်လာသည်ကို လှမ်းကြည့်နေခဲ့သည်။
~~မမ~~
~~ပြန်လာပြီလား~~
~~ဟုတ်ကဲ့ မမ၊ လှုပ်ရှားမှုလေးတစ်ခု တွေ့လို့ လိုက်ကြည့်တာပါ။ ကျွန်တော် လိုက်သွားတာ မမ သိတယ်လား~~
နှင်းပန်းက ခေါင်းခါသည်။
~~မောင်လေး လိုက်သွားတာကို မမ မသိဘူး။ ဒါပေမဲ့ အိပ်ခါနီးမှ မောင်လေးတို့အခန်းဘက် အာရုံခံကြည့်တော့မှ မောင်လေး မရှိမှန်း သိလိုက်တာ~~
ရှောင်လုံက သူ့မမ အနားသို့ သွားလိုက်သည်။ အခန်းထဲ သူ မရှိမှန်း သိပြီးနောက် သူ့မမက အပြင်ထွက်ပြီး စောင့်နေသည် မဟုတ်ပါလား။
~~မမ…၊ လာ~~
ရှောင်လုံက နှင်းပန်း၏ လက်ကို ဆွဲ၍ တည်းခိုခန်းခေါင်မိုးပေါ်မှ မြားတစ်စင်းလို တစ်ဟုန်ထိုး ခုန်ချသွားသည်။
နှင်းပန်းကလည်း ဘာမှ မမေးနေဘဲ နောက်က လိုက်ခုန်ချသွားခဲ့သည်။
~~အရမ်းကို တိတ်ဆိတ်အေးချမ်းနေတာပဲနော် မမ~~
~~အင်း…၊ တိတ်ဆိတ်တယ်။ အေးချမ်းတယ်~~
ဤအချိန်ကား လူတိုင်း အိပ်မောကျနေချိန် ဖြစ်နေ၏။ အင်ပါယာကြီး ဆုတ်ယုတ်ယိုယွင်း၍ လူတိုင်း ခက်ခဲပင်ပန်းနေသော်လည်း အိပ်မောကျသွားချိန်မှာတော့ အရာအားလုံးကို မေ့ပျောက်၍ တိတ်ဆိတ်အေးချမ်းမှုလေးတစ်ခုကို လူတိုင်း ရရှိနေကြသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေကြသည်။ အိပ်မပျော်ခင်အထိ တွေးတောပူပန်နေခဲ့သော အကြောင်းရာများကိုပင် သတိမရကြတော့ပေ။
ရှောင်လုံနှင့် နှင်းပန်းက လက်ချင်းတွဲ၍ လူသူကင်းရှင်းကာ တိတ်ဆိတ်နေသော လမ်းမကြီးပေါ်တွင် ဦးတည့်ရာ လျှောက်နေခဲ့သည်။
တစ်နေ့လုံး လူသူလေးပါးတို့ဖြင့် သွားလာရှုပ်ထွေးစည်ကားနေခဲ့သော လမ်းမကြီးပေါ်တွင် သူတို့ နှစ်ယောက်တည်းသာ ရှိနေခဲ့သည်။
ကောင်းကင်ကြီးက မှောင်နေသော်လည်း လမ်းဘေးဝဲယာ အဆောက်ဦးများ၊ အိမ်များ၊ သစ်ပင်များတွင် ချိတ်ဆွဲထွန်းညှိထားသော စက္ကူမီးပုံးအိမ်များကြောင့် လမ်းပေါ်တွင် အလင်းရောင် ရှိနေသည်။ တစ်ချက်တစ်ချက် တသုန်သုန် တိုက်ခတ်လိုက်သော ညလေက အေးမြလတ်ဆတ်နေ၏။ လေတိုက်လိုက်တိုင်း မီးအိမ်များက အသာအယာ လှုပ်ခါသွားကြသည်။
လမ်းတစ်လျှောက်တွင် သူတို့ နှစ်ယောက်သာ ရှိနေသည့် ခံစားချက်က ကွမ်ကျိုးတစ်မြို့လုံးတွင် သူတို့နှစ်ယောက်သာ ရှိနေသလိုမျိုး ခံစားလာရသည်။
လမ်းကြား လမ်းဒေါင့်မှ ခွေးတချို့ ရှိသော်လည်း ရှောင်လုံတို့ကို မဟောင်ဘဲ ငြိမ်ကုတ်နေကြသည်။
နှင်းပန်းက သူ့မောင်လေးကို ကြည့်နေခဲ့သည်။
ဤမြို့ကား သူ့မောင်လေး၏ ရှောင်မိသားစု ဇာတိမြို့ဖြစ်သည်။ သူ့မောင်လေး၏ မြို့ဖြစ်သည်။ အိမ်ပြန်လာရသည့် ခံစားချက်နှင့် ဇာတိမြို့ကို ပြန်လာရသော ခံစားချက်တစ်ခု သူ့မောင်လေး စိတ်ထဲတွင် သိမ်မွေ့စွာ ခံစားနေရမှန်း သူမက သိနေသည်။ ခံစားမိနေသည်။
“ညက တကယ်လှတာပဲ”
ရှောင်လုံက ပြောရင်း လက်နှစ်ဖက်ကို ဆန့်တန်း၍ တိုက်ခတ်လာသော ညလေပြေကို ခံစားသည်။
နှင်းပန်းကလည်း ရှောင်လုံ လုပ်သလို လိုက်လုပ်သည်။
“ဟီးဟီး…”
“ခစ်ခစ်…”
“ဒီကိုယ်ဖော့ပညာကို လေဟုန်စီးကိုယ်ဖော့ပညာလို့ ခေါ်တယ် မမ။ နားလည်မှုတချို့ ထပ်ရထားတာက ဘယ်လိုလဲဆိုတာ သေသေချာချာ မထုတ်သုံးရသေးဘူး။ လာ မမ…”
ရှောင်လုံက ပြောရင်း နှင်းပန်း၏ လက်ကို ဆွဲ၍ လမ်းပေါ်တွင် ပေါ့ပါးစွာ ပြေးလိုက်သည်။
နှင်းပန်းက ဘာမှ မပြောဘဲ အပြုံးဖြင့်သာ ခေါင်းညိတ်ပြီး ရှောင်လုံ ဆွဲခေါ်ရာနောက်သို့ မျောလိုက်သွားသည်။
ရှောင်လုံက လေဟုန်စီးကိုယ်ဖော့ပညာအပေါ် ပိုနားလည်လာပြီးနောက် မည်မျှအထိ လှုပ်ရှားနိုင်စွမ်း ရှိကြောင်းကို မစမ်းကြည့်ရသေးပေ။ ထို့ကြောင့် ယခု စိတ်ကူးရပြီး စမ်းကြည့်နေသည်။ သူ့မမကို ဆွဲခေါ်၍ လေဟုန်စီးကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံး၍ ပြေးလွှား လှုပ်ရှားနေသည်။
နှင်းပန်းမှာ ရှောင်လုံ ဆွဲခေါ်ရာနောက်သို့ အလိုက်သင့် မျောပါရင်းက ခြေထောက်နှင့် မြေကြီး မထိတစ်ချက် ထိတစ်ချက် ဖြစ်နေခဲ့သည်။ နားထဲတွင် လေတိုးသံ တဟူးဟူး ကြားနေရသည်။
~~တကယ် ဆန်းကြယ်တဲ့ ကိုယ်ဖော့ပညာပဲ။ လေဆန် ပြေးနေပေမဲ့ လေကြောင့် အရှိန်အဟုန်ကို မထိခိုက်သလိုပဲ~~
~~မမက အဲဒါကို မြင်နိုင်တာဆိုတော့ မဆိုးဘူး~~
ရှောင်လုံက ပြောရင်းနှင့် လမ်းပေါ်မှ အဆောက်ဦးပေါ်သို့ ခုန်ပျံတက်သွားသည်။ အိမ်ခေါင်မိုးများပေါ်မှ ခုန်ပျံ၍ သွားပြန်သည်။
တချို့နေရာများတွင် လမ်းကြောင်း ပြောင်း၍ သွားလိုက်သည်။
~~လူရှိနေလို့လား~~
~~ဟုတ်တယ် မမ၊ တချို့အိမ်ကြီးတွေမှာ အစောင့်တွေ ရှိတယ်~~
ရှောင်လုံက ဦးတည့်ရာ လျှောက်ပြေးနေသော်လည်း သည်အတိုင်း ပြေးနေသည်တော့ မဟုတ်ပေ။ ပတ်ဝန်းကျင်ကို အာရုံခံ၍ ပြေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် တချို့နေရာများ တချို့အိမ်ကြီးများတွင် အစောင့်များ ရှိနေ၍ ကြိုတင်၍ ရှောင်ကွင်းခဲ့လိုက်သည်။
နှင်းပန်းက ပြုံး၍ ရှောင်လုံ၏ ကိုယ်ဖော့ပညာနည်းစနစ်ကို လေ့လာသင်ယူနေခဲ့သည်။ သူ့မောင်လေးက အကြောင်းမဲ့သက်သက် တဇွတ်ထိုး လျှောက်ပြေးနေခြင်းမဟုတ်မှန်း သိလိုက်ရသည်လေ။ သူမကို တိုက်ရိုက် သင်ပြခွင့် မရှိသော ကိုယ်ဖော့ပညာကို ထုတ်ဖော်ပြသ၍ သူမကို လေ့လာခွင့်ရအောင် ဖန်တီးပေးနေသည် မဟုတ်ပါလား။ ထို့ကြောင့် သဘောကျစွာ ပြုံး၍ လေ့လာနေလိုက်သည်။
အဖြူနှင့် အနက် လူရိပ်နှစ်ခုက လူသူတိတ်ဆိတ်သော ညကောင်းကင်အောက်တွင် တစ္ဆေသရဲလို လျင်မြန်ပေါ့ပါးမှုမျိုးဖြင့် လွင့်မျောပျံသန်းကာ တစ်ခါတစ်ရံကွမ်းကျိုးမြို့ထဲ လမ်းများပေါ်၌လည်းကောင်း၊ တစ်ခါတစ်ရံ အဆောက်ဦးခေါင်မိုးများပေါ်၌ လည်းကောင်း၊ တစ်ခါတစ်ရံ သစ်ပင်ထိပ်ဖျားများပေါ်မှလည်းကောင်း တရိပ်ရိပ်နှင့် ဦးတည့်ရာ လျှောက်သွားနေကြလေ၏။
နှင်းပန်းမှာလည်း အလိုက်သင့် လိုက်ပါလွင့်မျောရင်းက လေဟုန်စီးကိုယ်ဖော့ပညာကို လေ့လာသည်။ ဉာဏ်အလင်းပွင့်အဆင့် ကိုယ်ဖော့ပညာဖြစ်၍ လေဟုန်စီးကိုယ်ဖော့ပညာကို ယခုလို ကိုယ်တွေ့ လိုက်ပါစီးမျောရင်း လေ့လာရသည်က နှင်းပန်းအတွက် အလွန်အကျိုးရှိခဲ့သည်။ ကိုယ်ဖော့ပညာနှင့် ပတ်သက်၍ ပိုနားလည်လာသည်။
ရှောင်လုံကလည်း ပြေးချင်ရာ တဇွတ်ထိုး မပြေးနေဘဲ သူ့မမ၏ ခန္ဓာကိုယ် အနေထား၊ လှုပ်ရှားမှု၊ လိုက်ပါစီးမျောမှုတို့ကို သတိထားကြည့်ပေးပြီး သူ့လှုပ်ရှားမှုများကို ချိန်ညှိပေးသည်။ သူ့မမ နားလည်အောင် လက်တွေ့ ကူညီပေးသည်။ ကိုယ်ဖော့ပညာနှင့် ပတ်သက်၍ ရှောင်လုံ၏ သိမြင်နားလည်မှုက ဉာဏ်အလင်းပွင့်အဆင့်နှင့် တူညီနေပြီ ဖြစ်၍ သူ့မမ၏ လိုအပ်ချက်ကို ရှင်းလင်းစွာ မြင်သည်။ ထိုလိုအပ်ချက်ကို လက်တွေ့ ပြပေးသွားသည်။
နှင်းပန်း၏ နားလည်နိုင်စွမ်းကလည်း သိုင်းနှလုံးသားပိုင်ရှင်ဟု မပြောရပါ။ ရှောင်လုံ သင်ပြသည်ကို နားလည်ပြီး သူမ၏ လိုအပ်ချက်ကို ဖြည့်နိုင်အောင် ကြိုးစားသင်ယူသည်။
အချိန်မည်မျှကြာအောင် ခုန်ပျံပြေးလွှားနေမိကြမှန်း မသိပေ။ အရှေ့ဘက် ကောင်းကင်မှ အရုဏ်အလင်းရောင် ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် နှင်းပန်းက ရှောင်လုံနောက်မှ အလိုက်သင့်မျောပါခြင်းသက်သက် မဟုတ်တော့ဘဲ သူ့မ၏ ကိုယ်ဖော့ပညာကို ထုတ်ဖော်၍ လိုက်ပါလှုပ်ရှားနိုင်လာသည်။
“မမက အရမ်းတော်တာပဲ”
ရှောင်လုံက ပြောရင် တည်းခိုခန်းဘက်သို့ ပြန်ဦးတည်၍ လာခဲ့လိုက်သည်။ အချိန်ကလည်း အရုဏ်ကျင်းလာပြီ ဖြစ်သည်။ သူမမကလည်း ကိုယ်ဖော့ပညာနှင့်ပတ်သက်၍ သိမြင်နားလည်မှုတချို့ ရလာပြီ ဖြစ်သည်။ ထိုသိမြင်နားလည်မှုကို အမိအရ ဆုပ်ကိုင်မိရန် လိုသည်။ သို့မှသာ ကိုယ်ပိုင်အသိဉာဏ်နှင့် ကိုယ်ပိုင်နားလည်မှု ဖြစ်လာပေမည်။
ထို့နောက် သိပ်မကြာခင်မှာပင် ရှောင်လုံနှင့် နှင်းပန်းက တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့သည်။
~~မမ၊ ကောင်းကောင်းလေ့ကျင့်။ ကျွန်တော် စောင့်နေပေးမယ်~~
ရှောင်လုံက နှင်းပန်းကို သူမအခန်းထဲ ပြန်ပို့ပေးပြီး စောင့်ပေးနေလိုက်သည်။
~~မမကို စောင့်နေပေး~~
နှင်းပန်းလည်း ပြုံး၍ ခေါင်းညိတ်ပြပြီး ကုတင်ပေါ်တွင် တင်ပလ္လင်ထိုင်ကာ သူမ သိမြင်နားလည်ခဲ့သည် ကိုယ်ဖော့ပညာသဘောတရားများကို အာရုံစိုက်၍ ဆင်ခြင်နေလိုက်တော့သည်။
‘ကိုယ်ဖော့ပညာဆိုတာက ပေါ့ပါးမှုကို ဦးစားသိပ်မပေးရဘူးပဲ။ ပေါ့ပါးမှုကို ဦးစားပေးလွန်းရင် လျင်မြန်မှုမှာ အားနည်းသွားတယ်။ အထူးသဖြင့် အပြင်လေဖိအားကို ဆန်ပြီး သွားတဲ့အခါ ပေါ့ပါးမှုကို ဦးစားပေးတဲ့ ကိုယ်ဖော့ပညာက အမြန်နှုန်း သိသိသာသာ ကျဆင်းသွားတယ်။ ငါ သိထားတဲ့ ကိုယ်ဖော့ပညာတွေအားလုံးမှာ အဲဒီ အပြင်အားက အတားဆီးကြီး ဖြစ်နေခဲ့တယ်။ အမြန်နှုန်းအတွက် အဟန့်အတား ဖြစ်နေခဲ့တယ်…’
နှင်းပန်းက သူမ လေ့ကျင့်ထားသော ကိုယ်ဖော့ပညာနှင့် သူမ သိထားသော ကိုယ်ဖော့ပညာများ၏ လိုအပ်ချက်နှင့် အားနည်းချက်ကို ရှင်းရှင်းလင်းလင်း မြင်လာခဲ့သည်။
ပေါ့ပါးမှုကို ဦးစားပေးလွန်းခြင်းက အမြန်နှုန်းအတွက် အကန့်သတ်အတားဆီး ဖြစ်သွားစေသည် မဟုတ်ပါလား။
‘မောင်လေးရဲ့ ကိုယ်ဖော့ပညာ နည်းစနစ်က ပေါ့ပါးမှုကို ဦးစားမပေးဘူး။ လျင်မြန်မှုကို ဦးစားပေးတယ်။ တစ်ချိန်တည်းမှာပဲ လျင်မြန်လာရင် ရင်ဆိုင်ရတဲ့ အပြင်အား အတားအဆီးကို အလိုက်သင့်ဖြစ်အောင် ပြန်အသုံးချသွားတယ်။ ငါတို့ လေ့ကျင့်နေကြတဲ့ ကိုယ်ဖော့ပညာတွေမှာ အပြင်အားအတားဆီးကို ဖြတ်ကျော်မရတဲ့ နံရံတစ်ခုလို သတ်မှတ်ထားခဲ့ကြတာ…’
အပြင်သိုင်းလောက၏ အထွတ်ထိပ်အဆင့် ကိုယ်ဖော့ပညာများ၏ သဘောတရားများ အသိမြင်များက ဉာဏ်အလင်းပွင့်အဆင့် ကိုယ်ဖော့ပညာသဘောတရားများနှင့် အလွန်ပင် ကွာခြားနေခဲ့သည်။ အထွတ်ထိပ်အဆင့် ကိုယ်ဖော့ပညာရှင်များအတွက် အပြင်အားဆိုသည်မှာ အတားဆီးကြီးတစ်ခု ဖြစ်နေခဲ့၏။ ဉာဏ်အလင်းပွင့်အဆင့် ကိုယ်ဖော့ပညာရှင်များအတွက် အပြင်အားဆိုသည်မှာ ပြန်လည်အသုံးချစရာ ဖြစ်နေခဲ့လေ၏။
‘ပြီးတော့ အတွင်းအားနဲ့ ဟန်ချက်ပဲ။ မောင်လေးရဲ့ လှုပ်ရှားမှုတွေမှာ အတွင်းအားပါနေတယ်။ ဟန်ချက်ကို သေချာအလေးထားပြီး လှုပ်ရှားတယ်။ ဒီနှစ်ချက်က တကယ်ထူးခြားလွန်းတယ်။ ကိုယ်ဖော့ပညာမှာ အတွင်းအား ထည့်သုံးတယ်တဲ့လား…’
သူမတို့ သိထားသည်မှာ အတွင်းအားကို သိုင်းပညာနှင့်သာ ပေါင်းစပ် အသုံးပြုန်ိုင်သည်။ ထိုကဲ့သို့သာ လေ့ကျင့်ခဲ့ရသည်။ ယခုတော့ သူ့မောင်လေးက အတွင်းအားကို ကိုယ်ဖော့ပညာနှင့် ပေါင်းစပ်အသုံးပြုထားသည်။ ထူးခြားဆန်းကြယ်လွန်းသလို အမြန်နှုန်းကလည်း အံ့ဩစရာကောင်းနေခဲ့သည်။
‘အတွင်းအားနဲ့ ကိုယ်ဖော့ပညာကို ပေါင်းစပ်အသုံးပြုလို့ ရတယ်တဲ့လား…။ ပြီးတော့ ဟန်ချက်ပဲ။ ဟန်ချက်က အပြင်အားကို ခြေဖျက်ဖို့၊ အလိုက်သင့် ဖြစ်စေဖို့၊ ပြန်လည်အသုံးချဖို့အတွက် အဓိက သော့ချက်ပဲ…’
သူမတို့၏ ကိုယ်ဖော့ပညာများတွင် ဟန်ချက်ကို လှုပ်ရှားမှု ချောမွေ့ပြေပြစ်ရန်မျှကိုသာ အာရုံစိုက်ထားခဲ့သည်။ အခု သူမမောင်လေး အသုံးပြုသွားသော ဟန်ချက်များက လှုပ်ရှားမှု ချောမွေ့ပြေပြစ်ရန် မဟုတ်နေပေ။ တစ်ခါတစ်ရံ သူမမောင်လေး၏ လှုပ်ရှားမှုများက မချောမွေ့နေပေ။ မပြေပြစ်နေပေ။ တစ်ဟုန်ထိုး တရကြမ်းပင် ဖြစ်နေတတ်သေးသည်။ သို့သော် အမြန်နှုန်းကိုတော့ မထိခိုက်ပေ။ အပြင်အားကို ချေဖျက်ရန်၊ အလိုက်သင့်ဖြစ်ရန်၊ ပြန်လည်အသုံးပြုရန်ကိုသာ အဓိကအာရုံစိုက်၍ ဟန်ချက်ကို လိုသလို အသုံးပြုသွားခဲ့သည်။
အထူးသဖြင့် အမြင့်မှ ခုန်ပျံဆင်းသည့်အခါမျိုးတွင် ပေါ့ပါးစွာ ကျသွားရန် အာရုံစိုက်လေ့ မရှိပေ။ မြားတစ်စင်းလို တစ်ရှိန်ထိုး ထိုးဆင်းသွားတတ်သည်။ မြေပြင်နှင့် ထိတွေ့ပြီး ဖြစ်ပေါ်လာမည့် အပြင်အားကို ဟန်ချက်ဖြင့် ချေဖျက်သည်။ ဟန်ချက်ဖြင့် အလိုက်သင့် ဖြစ်သွားစေသည်။ ဟန်ချက်ဖြင့် အပြင်အားကို ပြန်အသုံးချသွားသည်။
နှင်းပန်းမှာ ဆင်ခြင်ရင်းဖြင့် ကိုယ်ဖော့ပညာကို သိမြင်နားလည်မှုများ မြင့်တက်လာခဲ့သည်။ ထိုအသိအမြင်များက ဉာဏ်အလင်းပွင့်ခြင်း မဟုတ်သော်လည်း ဘာမှ မသိမမြင်ခဲ့သော အခြေနေမှာ အသိအမြင်တချို့ ရလာသော အခြေနေဖြစ်နေသည်။ ထိုသို့ အသိမြင်တချို့ ရရှိခြင်းကပင် သူမ၏ ကိုယ်ဖော့ပညာကို နောက်တစ်ဆင့် တက်လှမ်းရန် ကြီးမားသော အထောက်အပံ့ ဖြစ်လာခဲ့သည်။
နှင်းပန်းက ဆင်ခြင်သုံးသပ်မှုကို အဆုံးသတ်ပြီး မျက်လုံး ဖွင့်လိုက်သည်။
အခန်းထဲတွင် အလင်းရောင် ရှိနေခဲ့ပြီ ဖြစ်သည်။
မိုးလင်းနေခဲ့လေပြီ။
ရှောင်လုံက ကျေနပ်ဝမ်းသာသော အပြုံးဖြင့် ရပ်ကြည့်နေခဲ့လေ၏။
နှင်းပန်းကလည်း မျက်လုံးဖွင့်ဖွင့်ချင်း သူမမောင်လေးကို မြင်လိုက်ရလျှင် ကျေနပ်စွာ ဖြင့် ပြုံးလိုက်လေ၏။
မနက်ခင်းသစ်လေးက အပြုံးများဖြင့် လှပနေခဲ့လေ၏။
အခန်း(၃၄၉)ပြီး
***