ရှောင်လုံ၊ နှင်းပန်းနှင့် ရသေ့ကြီးတို့ သုံးယောက် မြင်းကိုယ်စီဖြင့် ခရီးဆက်လာခဲ့ကြသည်။
သူတို့က ကွမ်ကျိုးတွင် တစ်ညသာ အိပ်ခဲ့ကြပြီး ခရီးဆက်ခဲ့ကြခြင်း ဖြစ်သည်။ ကွမ်ကျိုးက ကိစ္စများကိုတော့ ဖန်းချင်းနှင့် ကျန်းရှီတို့ကိုသာ တာဝန်ပေးခဲ့လိုက်သည်။ ပြိုကျပျက်စီးသွားသော ရှောင်အိမ်ကို ရှင်းလင်းရန်နှင့် အိမ်သစ်ပြန်ဆောက်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားရန် ဖြစ်သည်။
ယခု ရှောင်လုံတို့၏ ပုံစံက ဆောင်းဦးရာသီတွင် သဘာဝအလှအပများ ခံစားရန် ခရီးထွက်လာကြသော စာပေသမား၊ ဂီတသမား၊ သိုင်းလုလင်များကဲ့သို့ အသွင်ယူထားကြသည်။ မြင်းကိုယ်စီဖြင့် ခရီးသွားရန် စီစဉ်ခဲ့ခြင်းမှာ တခြားခရီးသွားများနှင့် တူသွားစေရန်ဖြစ်ပြီး ခရီးမြန်မြန်သွားနိုင်ရန်လည်း ဖြစ်သည်။ ခရီးစဉ်တစ်လျှောက်လုံး ကိုယ်ဖော့ပညာသုံး၍ လျှို့ဝှက်လှုပ်ရှားနေလျှင် တချို့မျက်လုံးများက သတိပြုမိသွားမည်ကို စိုးရိမ်၍ ဖြစ်သည်။
မြင်းများနှင့် သွားနေသည့်တိုင် ခရီးကြမ်းမနှင်ကြဘဲ တခြားခရီးသွားများလိုသာ မနှေးမမြန် ခပ်မှန်မှန် ခရီးဆက်နေသူများပုံစံဖြစ်အောင် ခရီးဆက်ခဲ့ကြသည်။ သို့သော်လည်း ဒုန်းစိုင်းနှင်၍ မြင်းအပျော်စီးသလိုပုံစံမျိုးဖြင့် ခရီးနှင်ခဲ့ကြသေးသည်သာ။ တခြားခရီးသွားများလိုတော့ ခရီးတစ်လျှောက် အချိန်ပေး၍ အနားယူမနေခဲ့ကြဘဲ မှန်မှန်ခရီးဆက်ခဲ့ကြသည်။
ထို့ကြောင့် ဆယ့်နှစ်ရက် ခရီးဆက်ပြီးနောက် ကွေ့ကျိုးပြည်နယ်သို့ ရောက်လာခဲ့ကြသည်။
နဂါးစိမ်းဂိုဏ်း၏ ပိုင်နက်ထဲသို့ ရောက်ပြီ ဖြစ်၍ အစစအရာရာကိုလည်း သတိထားဂရုစိုက်ခဲ့ကြရသည်။
သူတို့၏ ရည်ရွယ်ချက်က အော်မေ့တောင်တွင် လူကယ်ရန်သာ ဖြစ်သည်။ နဂါးစိမ်းဂိုဏ်းကို တိုက်ခိုက်ရန်လည်း မဟုတ်သဖြင့် လမ်းတစ်လျှောက်တွင် နဂါးစိမ်းဂိုဏ်းသားများနှင့် ပဋိပက္ခမဖြစ်အောင် လာခဲ့လိုက်ကြသည်။
ထူးခြားချက်တစ်ခုမှာ နဂါးစိမ်းဂိုဏ်းက သူတို့ လွှမ်းမိုးထားသော နယ်မြေများအတွင်း အားနည်းသူများကို ဖိနှိပ်ခြင်းများ၊ အနိုင်ကျင့်ခြင်းများ မရှိဘဲ ကောင်းကောင်းမွန်မွန်နေထိုင်ပြီး ဂိုဏ်း၏ ပုံရိပ်ကို ဂရုစိုက်ကြသည်။
ထို့အပြင် ရှောင်လုံတို့လို ခရီးသွားဧည့်သည်များကိုလည်း အနှောက်ယှက် မပေးကြပေ။
စီချွမ်ပြည်နယ်က နွေဦးရာသီနှင့် ဆောင်းဦးရာသီတွင် သဘာဝရေမြေတောတောင်များ၏ အလှအပက အလွန်နာမည်ကြီးသောကြောင့် ဆောင်းဦးရာသီရောက်တိုင်း စာပေသမား၊ ဂီတသမား၊ သိုင်းလောကသားများနှင့် တရားကျင့်ကြံသူများ၊ တာအိုကျင့်ကြံသူများ၊ ခရီးသွားဧည့်သည်များ စီချွမ်ပြည်နယ်သို့ အများအပြား လာရောက်လည်ပတ်လေ့ရှိသည်။
ထိုအချက်ကို နဂါးစိမ်းဂိုဏ်းက ဂရုတစိုက်ကိုင်တွယ်ပြီး ခရီးသွားဧည့်သည်များ၏ အမြင်ကောင်းကို ရရှိအောင် ကြိုးစားထားသည်။ ယခင်ကလို စီချွမ်ပြည်နယ်ကို ရောက်လာလျှင် နဂါးစိမ်းဂိုဏ်းကို သတိထားရမည်၊ ရှောင်ကြဉ်ရမည်ဟူသော အမြင်မျိုး မဖြစ်အောင် ဖန်တီးထားသည်။
နဂါးစိမ်းဂိုဏ်း၏ ထိုကြိုးစားမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်လာသောအခါ စီချွမ်ပြည်နယ်သားများနှင့် ခရီးသွားဧည့်သည်များ၏ အမြင်မှာလည်း ပြောင်းလဲသွားခဲ့သည်။ နဂါးစိမ်းဂိုဏ်းကို ကြောက်ရွံ့၍ သတိထားရှောင်ကြဉ်နေမှုအစား ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။ နဂါးစိမ်းဂိုဏ်းနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသလို နဂါးစိမ်းဂိုဏ်းသို့ လူငယ်မျိုးဆက်များ ဝင်ရောက်လာကြသည်။
နဂါးစိမ်းဂိုဏ်းကလည်း ထိုပူးပေါင်းဆောင်ရွက်မှုများကို အလေးနက်ထားသည်။ စီချွမ်ပြည်နယ်အတွင်းက သူတို့နှင့် ပူးပေါင်းဆောင်ရွက်ထားသော စီးပွားရေးလုပ်ငန်းများကို အပြည့်အဝ စောင့်ရှောက်ပေးသည်။ မည်သည့် သူခိုးဓားပြ၏ အနှောက်ယှက်မှ မပေါ်လာရအောင်လည်း စီချွမ်ပြည်နယ်တစ်ခုလုံးကို သေချာ ကိုင်တွယ်ထိန်းချုပ်ထားသည်။
နဂါးစိမ်းဂိုဏ်းသို့ ဝင်လာကြသည့် ဂိုဏ်းသားများကိုလည်း လှိုက်လှိုက်လှဲလှဲကြိုဆို၍ ဂုဏ်သိက္ခာရှိသော၊ လူငယ်အချင်းချင်းက အားကျရသော၊ မိသားစုက ဂုဏ်ယူရသော၊ အများက လေးစားရသော ဂိုဏ်းသားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးသည်။ စီချွမ်ပြည်နယ်တွင် နဂါးစိမ်းဂိုဏ်းသားဖြစ်ရသည်က ဂုဏ်ယူစရာတစ်ခု ဖြစ်လာခဲ့သည်အထိ ဂရုတစိုက် ကိုင်တွယ်ခဲ့သည်။
ထို့အပြင် ဂိုဏ်းသားတစ်ယောက်စီတိုင်းကို သေချာထောက်ပံ့ပေးသည်။ နဂါးစိမ်းဂိုဏ်း၏ ဂိုဏ်းသားသစ်တစ်ယောက်သည်ပင် တစ်ကိုယ်ရေ စားဝတ်နေရေးအတွက်ကို ပူပန်စရာမလိုဘဲ သိုင်းပညာကို စိတ်ဖြောင့်ဖြောင့်နှင့် ကြိုးစားလေ့ကျင့်နိုင်ကြသည်။ အရည်ချင်းကောင်းများရှိသော ဂိုဏ်းသားများ ဖြစ်ပါမူ အဆင့်မြင့်ဂိုဏ်းသားများ လက်ရွေးစင်ဂိုဏ်းသားများအထိ ဖြစ်လာနိုင်ပြီး မိသားစုကိုပင် ပြန်လည်ထောက်ပံ့စောင့်ရှောက်နိုင်သည်အထိ ခံစားခွင့် ကြီးမားသည်။
အထူးဂိုဏ်းသားအဖြစ် ရွေးချယ်ခံရလျှင်ကား မိသားစုကို လှည့်ကြည့်နေစရာမလိုလောက်အောင် နဂါးစိမ်းဂိုဏ်းက အထူးဂိုဏ်းသားများ၏ မိသားစုကို စောင့်ရှောက်ထောက်ပံ့မှုများ ပေးထားလေ့ရှိသည်။
ထို့ကြောင့် နဂါးစိမ်းဂိုဏ်း၏ အထူးဂိုဏ်းသားဖြစ်ခွင့်သည် ဂိုဏ်းသားတိုင်း၏ အိပ်မက်သဖွယ်ဖြစ်လာကြသည်။ ဆုတ်ယုတ်ကျဆင်းနေသော ခေတ်ဆိုးကြီးတွင် မိသားစုကို အာမခံချက်တစ်ခု ဖန်တီးပေးနိုင်ခြင်းရန်မှာ နဂါးစိမ်းဂိုဏ်း၏ အထူးဂိုဏ်းသား ဖြစ်အောင် ကြိုးစားခြင်းက လူငယ်များအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာခဲ့သည်။
ထို့ကြောင့်လည်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း နဂါးစိမ်းဂိုဏ်း၏ ဂိုဏ်းသားအင်အားက အဆမတန်ကြီးထွားလာခဲ့သည်။ ဂိုဏ်းသားအရေတွက်ကလည်း နှစ်စဉ် တိုးလာခဲ့သည်။ ဂိုဏ်းသားသစ်လည်း မရှား၊ ဂိုဏ်းသားဟောင်း၊ အဆင့်မြင့်ဂိုဏ်းသား၊ လက်ရွေးစင်ဂိုဏ်းသား၊ အထူးဂိုဏ်းသား အဆင့်တိုင်းတွင် ဂိုဏ်းသားအင်အား အများအပြားကို ပိုင်ဆိုင်လာခဲ့သည်။ အထွတ်ထိပ်ဂိုဏ်းကြီး ကိုးဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည်အထိ အားကောင်းလာခဲ့သည်။
ရှောင်လုံတို့မှာ ကွေ့ကျိုးပြည်နယ်တွင်သာ ရှိသေးသည့်တိုင် နဂါးစိမ်းဂိုဏ်းသားများကို နေရာတိုင်းတွင် တွေ့နေရသည်။
လမ်းတစ်လျှောက်တွင်လည်း စီချွမ်ပြည်နယ်သို့ ဦးတည်သွားနေသော ခရီးသွားအများအပြား ရှိနေသည်။ တချို့က စီချွမ်ပြည်နယ်၏ သဘာဝအလှအပကို ကြည့်ရှုခံစားရန် သွားနေကြသော ခရီးသွားများ ဖြစ်ပြီး တချို့က နဂါးစိမ်းဂိုဏ်းသို့ ဝင်ရောက်ရန် သွားနေကြသော လူငယ်များ ဖြစ်နေကြသည်။ တချို့က မိသားစုလိုက် ရွှေ့ပြောင်းလာသည့်ပုံစံမျိုးပင် ဖြစ်နေကြသည်။
တချို့မိသားစုများက ဘေးမကင်းသော၊ မလုံခြုံသော၊ အလုပ်ကိုင်နှင့် စားဝတ်နေရေးအတွက် အာမခံချက်မရှိသော မွေးရပ်ဇာတိကို စွန့်ခွာ၍ စီချွမ်ပြည်နယ်သို့ ရွှေ့ပြောင်းလာကြသည်။ တချို့မိသားစုများက ပြေပြေလည်လည် ပုံစံများ ဖြစ်သည်။ တချို့မိသားစုများက အသင့်အတင့် ပုံစံများဖြစ်သည်။ တချို့မိသားစုများက နွမ်းပါးကြသည်။
ပြေလည်သော မိသားစုများက သူတို့၏ မိသားစုအခြေနေ မပျက်စီးသွားရေးအတွက် အာမခံချက်ရှိရှိ လုံခြုံအေးချမ်းစွာ ရပ်တည်နေနိုင်ရန် စီချွမ်ပြည်နယ်သို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ သူတို့၏ မွေးရပ်ဇာတိတွင် သူခိုးဓားပြများ၊ အာဏာပိုင်များ၊ သိုင်းလောကပဋိပက္ခများကြောင့် သူတို့၏ မိသားစုဘဝလေးက အချိန်မရွေး ပျက်စီးသွားနိုင်သောကြောင့် မွေးရပ်ဇာတိမှ ထွက်ခွာလာကြခြင်း ဖြစ်သည်။
အခြေနေအသင့်အတင့်ရှိသော မိသားစုများက မိသားစုရှေ့ရေး တည်ငြိမ်အေးချမ်းရန်၊ တိုးတက်ကြီးပွားရန်၊ အခွင့်လမ်းကောင်းများ ရှာရန် စီချွမ်ပြည်နယ်သို့ ရွှေ့ပြောင်းလာခဲ့ကြသည်။
မပြည့်စုံသော မိသားစုများကတော့ သူတို့အိမ်၏ လူငယ်များကို နဂါးစိမ်းဂိုဏ်းသို့ ဝင်စေပြီး မိသားစုအတွက် အားကိုးအားထားပြုစရာ ရှာဖွေရန် ဖြစ်နေကြသည်။ စီချွမ်ပြည်နယ်နှင့် နဂါးစိမ်းဂိုဏ်းက သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်သဖွယ် ဖြစ်နေခဲ့သည်။
ထိုမြင်ကွင်းများကိုကြည့်ပြီး ရှောင်လုံတို့မှာ တွေးစရာများနှင့် ပြည့်နေတော့သည်။
နဂါးစိမ်းဂိုဏ်းက ရှောင်လုံတို့ သိထားသလို နယ်မြေလွှမ်းမိုးနိုင်ရန်နှင့် ဂိုဏ်းကြီးကိုးဂိုဏ်းနှင့် ရင်ဆိုင်ရန်သာ ကြိုးစားနေခြင်း မဟုတ်နေဘဲ နဂါးစိမ်းဂိုဏ်းကြီးတစ်ခုလုံး အင်အားကြီးထွားလာအောင်လည်း ကြိုးစားနေခဲ့သည် မဟုတ်ပါလား။ ထိုမျှ မကသေးဘဲ အများ၏ ယုံကြည်အားကိုးစရာ အားထားမှီခိုရာ တစ်ခုအဖြစ်လည်း သူတို့၏ ပုံရိပ်ကို တည်ဆောက်နေခဲ့သည်။
ကောင်းသည်လား ဆိုးသည်လား ပြောရန် ခက်လှတော့သည်။
သာမန်လူများ သိထားကြသလို နဂါးစိမ်းဂိုဏ်း၏ ပုံရိပ်က အစစ်အမှန်ဆိုပါက အမှန်ပင် ကောင်းပေလိမ့်မည်။ စီချွမ်ပြည်နယ်သားများအတွက် သာမက တခြားပြည်နယ်သားများအတွက်လည်း နဂါးစိမ်းဂိုဏ်းက လက်ရှိတွင် အားကိုးယုံကြည်စရာ အမှီပြုစရာ ဖြစ်နေပေလိမ့်မည်။ အစဉ်လာကြီးခဲ့သော အထွတ်ထိပ်ဂိုဏ်းကြီးများက မလုပ်ပေးနိုင်သည်များကို နဂါးစိမ်းဂိုဏ်းက လုပ်ပေးနေသည် မဟုတ်ပါလား။
သို့သော်လည်း ရှောင်လုံတို့မှာ နဂါးစိမ်းဂိုဏ်း၏ အထူးဂိုဏ်းသားများနှင့် မကောင်းဆိုးဝါးအဆင့် ဂိုဏ်းသားများကို ရင်ဆိုင်ဖူးထား၍ ထိုဂိုဏ်းသားများ၏ လူသားမဆန်မှုနှင့် သာမန်လူတစ်ယောက်နှင့် မတူမှုတို့ကို သိထားသည်။ နဂါးစိမ်းဂိုဏ်း၏ နောက်ကွယ်က ရည်ရွယ်ချက်နှင့် ရည်မှန်းချက်က သာမန်လူများ သိထားသလို မရိုးရှင်းနေခဲ့ပေ။
ရှောင်လုံတို့လည်း အတွေးကိုယ်စီဖြင့် ကွေ့ယန်မြို့တံခါးသို့ ရောက်လာခဲ့ကြသည်။
မြို့တံခါးတွင် မြို့စောင့်ရဲမက်များနှင့်အတူ နဂါးစိမ်းဂိုဏ်းသားများလည်း ရှိနေသည်။
နဂါးစိမ်းဂိုဏ်း၏ ပိုင်နက်အတွင်းတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအတွက် နဂါးစိမ်းဂိုဏ်းနှင့် အာဏာပိုင်တို့ လက်တွဲ၍ ထိန်းချုပ်ထားကြသည်။
ကွေ့ယန်မြို့မှာ ကွေ့ကျိူးပြည်နယ်၏ မြို့တော်ဖြစ်၍ ယခုလို ခရီးသွားရာသီတွင် ကွေ့ယန်မြို့သို့ ခရီးသွားအများအပြား ရောက်လာတတ်ကြသည်။ စီချွမ်ပြည်နယ်သို့ သွားရန်ကလည်း အင်ပါယာအလယ်ပိုင်းနှင့် အင်ပါယာအနောက်တောင်ပိုင်းမှ လာသူများအတွက် ကွေ့ကျိုးပြည်နယ်ကို ဖြတ်ကျော်သွားရသဖြင့် ဤကွေ့ယန်မြို့ကိုလည်း ဖြတ်သွားကြရသည်သာ ဖြစ်သည်။
“ညီလေး…၊ အဲဒီလူက ဟိုတစ်ယောက် မဟုတ်ဘူးလား”
အတွေးနက်နေသော ရှောင်လုံကို နှင်းပန်းက တီးတိုးပြောလာသည်။
ရှောင်လုံလည်း သူ့မမ ပြောတော့မှ မြို့တံခါးအဝင်တွင် တန်းစီနေကြသော လူများထဲတွင် မြင်းပေါ်မှ လူတစ်ယောက်ကို သတိပြုမိသွားသည်။
ထိုလူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကာ ဇာပဝါတပ်ထားသော ဝါးဦးထုက်ကို ဆောင်းထားသည်။ သူ၏ နောက်ကျောတွင် ကုချင်းတစ်လက်ကိုလည်း လွယ်ပိုးထားသည်။
ထိုလူမှာ ဟန်ကျိုးမြို့၊ ရှီရေကန် လရိပ်ကျွန်းတွင် ကုချင်းတီးခတ်ခဲ့သူ ဖြစ်နေသည် မဟုတ်ပါလား။
ရှောင်လုံက ပတ်ဝန်းကျင်ကို တစ်ချက် အာရုံခံကြည့်လိုက်ပြီး အသာပြုံးသည်။
“သူ တစ်ယောက်တည်းတောင် မဟုတ်ဘူး”
ရှောင်လုံက မသိမသာ ကြည့်သလိုနှင့် တခြားနေရာသို့ လှမ်းကြည့်သည်။
နှင်းပန်းကလည်း ရှောင်လုံကြည့်သည့်ဘက်သို့ လှမ်းကြည့်ပြီး ခေါင်းညိတ်သည်။
“သူတို့ရောပါလား”
လူအများကြားတွင် ဝတ်ရုံဖြူနှင့် ဝမ်သခင်လေး၊ သူ၏ နောက်လိုက် ဓားသမားနှစ်ယောက်၊ အေးစိမ့်အဆိပ်ဓားသမား ယဲ့ကျုံးနှင့် မိုးမြေအမွှာဓားသမား ပိုင်ဖေးယိတို့ကိုလည်း တွေ့လိုက်ရသည်။
ရှောင်လုံက ဝမ်သခင်လေး၊ ယဲ့ကျုံးနှင့် ပိုင်ဖေးယိတို့ကို ကြည့်ပြီး တီးတိုးပြောသည်။
“စိတ်ဝင်စားစရာပဲ၊ အဲဒီ ဝမ်ကောင်စုတ်လေးကို ဒီမှာ လာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
နှင်းပန်းက ပြုံး၍ အသာခေါင်းညိတ်သည်။
“သိုင်းလောကထဲ ဆင်းလာကြတဲ့ သခင်လေးတစ်ယောက်ဆိုတော့ သိုင်းလောကအတွေ့ကြုံရှာဖို့ ခရီးသွားနေတာ ဖြစ်မယ်”
ရှောင်လုံက ပြုံးလိုက်ပြီး တီးတိုး ထပ်ပြောသည်။
“အဲဒါထက် သူတို့က တစ်ဖွဲ့တည်း ဖြစ်နေကြတာကို စိတ်ဝင်စားဖို့ကောင်းတယ်”
နှင်းပန်းက မျက်ခုံးပင့်ပြီး ပြန်အကဲခတ်သည်။
“အို…၊ သူတို့က တစ်ဖွဲ့တည်း ဖြစ်နေတာလား”
“ဟုတ်တယ်။ သူတို့အချင်းချင်း ဆက်သွယ်နေကြတယ်။ သူတို့က ဟိုကုချင်းသမားနောက် လိုက်လာကြတာ”
နှင်းပန်းလည်း စိတ်ဝင်စားသွားသည်။ ကုချင်းသမားက နဂိုကတည်းက စိတ်ဝင်စားဖို့ ကောင်းနေသူ ဖြစ်သည်။ ယခု ဝမ်သခင်လေးတို့နှင့် ယဲ့ကျုံးတို့ ပိုင်ဖေးယိတို့ကို ခေါ်၍ ခရီးသွားနေခြင်းက သာမန်တော့ မဟုတ်လောက်ပေ။ သူတို့က ကိစ္စမရှိဘဲ ပူးပေါင်းမည့်သူများ မဟုတ်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် အေးစက်ပြီး သီးသန့်နေတတ်သော ယဲ့ကျုံးလို လူပင် ထိုအဖွဲ့ထဲ ပါနေသဖြင့် အကြောင်းတစ်ခုခုတော့ ရှိပေလိမ့်မည်။
သူတို့က တစ်ဖွဲ့တည်းဟု မထင်ရအောင် လူခွဲထားခြင်းကလည်း ပို၍ စိတ်ဝင်စားဖို့ ကောင်းနေခဲ့သည်။
ရှောင်လုံတို့ အကဲခတ်နေစဉ်မှာပင် ကုချင်းသမားက မြို့ထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် ဝမ်သခင်လေးနှင့် အဖော်ဓားသမားနှစ်ယောက်က ခပ်ခွာခွာမှ လိုက်ဝင်သွားကြသည်။ ထို့နောက်တွင်မှ ယဲ့ကျုံးနှင့် ပိုင်ဖေးယိတို့က တခြားလူများနှင့် ရော၍ လိုက်ဝင်သွားကြသည်။
လူတချို့ ထပ်ဝင်ပြီးနောက်တွင် ရှောင်လုံတို့ သုံးယောက်လည်း ကွေ့ယန်မြို့တံခါးကို ဖြတ်၍ မြို့ထဲသို့ ဝင်လာခဲ့လိုက်ကြသည်။
မြို့တံခါးစောင့်ရဲမက်များက လုပ်ရိုးလုပ်စဉ်အတိုင်းသာ စစ်ဆေးခြင်း မေးမြန်းခြင်းများ လုပ်ကြသည်။ အားလုံးက ပေါ့ပေါ့ပါးပါး ပြုံးပြုံးရွှင်ရွှင်နှင့် အလုပ်လုပ်နေကြသည်။
အချိန်ကလည်း ညနေရောက်နေပြီဖြစ်၍ ဤကွေ့ယန်မြို့တွင် တစ်ည နားရပေတော့မည်။ ထို့ကြောင့် တစ်ညတည်းခိုရန် နေရာ ရှာရတော့သည်။
ခရီးသွားဧည့်သည့် များလှသဖြင့် တည်းခိုခန်းများတွင် လူစည်လှသည်။
“အဲဒီ တည်းခိုခန်းမှာ သွားတည်းရအောင်”
ရှောင်လုံက နှာခေါင်းတရှုံ့ရှုံ့လုပ်၍ တည်းခိုခန်းတစ်ခုကို ညွှန်ပြသည်။
ထိုတည်းခိုခန်းက စောက်သောက်ဆိုင်နှင့် တွဲ၍ ဖွင့်ထားသည်။
နှင်းပန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ခရီးတစ်လျှောက်တွင် တည်းခိုခန်းများကို ရှောင်လုံက ရွေးချယ်ခဲ့သည်လေ။ အစားကောင်းကြိုက်သော သူမမောင်လေးက အစားသောက်ကောင်းကောင်း ရသော စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသော တည်းခိုခန်းများကို ဦးစားပေး၍ ရွေးချယ်သည်။ ခရီးစဉ်တစ်လျှောက်က မတူကွဲပြားသော အစားသောက်များကို မြည်းစမ်းစားသောက်ချင်၍ ဖြစ်သည်။
လူကယ်ရန် သွားနေသူလား၊ ခရီးသွား၍ အစားကောင်း လျှောက်စားနေသူလား မသဲကွဲအောင်ပင်။
ရသေ့ကြီးနှင့် နှင်းပန်းကလည်း ကန့်ကွက်ခြင်း မရှိဘဲ ရှောင်လုံရွေးချယ်သော တည်းခိုခန်းသို့ သွားလိုက်သည်။ ရှောင်လုံ၏ နှာခေါင်းကပဲ ကောင်းသည်လား မသိပေ။ ခရီးတစ်လျှောက်က ရှောင်လုံရွေးချယ်သော တည်းခိုခန်းများက တည်းခိုနေရာရော အစားသောက်ပါ အဆင်ပြေနေတတ်သည်။ ထို့ကြောင့် ရှောင်လုံ၏ ရွေးချယ်မှုကို နှင်းပန်းတို့ကလည်း သဘောတူပြီးသား ဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ် ရှောင်လုံ၏ တည်းခိုခန်း ရွေးချယ်မှုက အစားသောက်ကောင်းရခြင်း တစ်ခုတည်းကြောင့် ဟုတ်ပုံမရပေ။ အဘယ်ကြောင့်ဆိုသော် ကုချင်းသမား၊ ဝမ်သခင်လေးနှင့် သူ့အဖော်ဓားသမားနှစ်ယောက်၊ ပိုင်ဖေးယိနှင့် ယဲ့ကျုံးတို့ကလည်း ထိုတည်းခိုခန်းထဲသို့ပင် ဝင်သွားကြသောကြောင့် ဖြစ်သည်။
တည်ခိုခန်းက လူစည်လှသည်။
ဧည့်ကြိုအလုပ်သမားများ ရှောင်လုံတို့ကို ကြိုဆိုပြီး မြင်းများကိုလည်း နေရာချပေးသည်။
အခန်းကိုတော့ ရသေ့ကြီးနှင့် ရှောင်လုံတို့က နှစ်ယောက်ခန်းတစ်ခန်း၊ နှင်းပန်းက တစ်ယောက်ခန်းတစ်ခန်း ယူပြီး အခန်းသို့ လာခဲ့လိုက်ကြသည်။
အခန်းထဲ ရောက်လျှင် ရသေ့ကြီးက ပြောသည်။
“လူလေး…၊ သူများကိစ္စထဲ ဝင်မပါနေနဲ့ဦးနော်”
ရသေ့ကြီးက သူ့မြေး၏ စိတ်ကို အကဲခတ်မိ၍ သတိပေးခြင်း ဖြစ်သည်။ သူ့မြေးက ဝမ်သခင်လေးတို့၏ ပူးပေါင်းနေသည့် ကိစ္စကို စိတ်ဝင်စားနေသည် မဟုတ်ပါလား။ သူ့မြေးက တစ်ခုခုကို စိတ်ဝင်စားလျှင် သေချာသိချင်တတ်သည် မဟုတ်ပါလား။
“ဟီးဟီး…၊ ဟုတ်ကဲ့ပါ ဘိုးဘိုး၊ သားက စိတ်ဝင်စားရုံပါ”
“အိမ်း…၊ ကောင်းပါပြီ။ ဘိုးဘိုး ရေချိုးလိုက်ဦးမယ်။ ရေချိုးကြပြီးရင် ညနေစာ ဆင်းစားကြတာပေါ့”
“ဟုတ်ကဲ့ ဘိုးဘိုး”
ထို့နောက် ရသေ့ကြီးက ရေအရင်ချိုးပြီး ရှောင်လုံက နောက်မှ ချိုးသည်။ သူတို့ ရေချိုးပြီး အပြင်ပြန်ထွက်လာချိန်တွင် နှင်းပန်းက အခန်းရှေ့တွင် စောင့်နေခဲ့သည်။
“ညနေစာ ဆင်းစားကြစို့။ ဒီစားသောက်ဆိုင်က အစားသောက်တွေက ကောင်းလောက်တယ်”
စားသောက်ခန်းမထဲတွင် လူများလှသည်။ သို့သော်လည်း မည်သည့်ကိစ္စမှ မဖြစ်ပျက်ဘဲ ပုံမှန်အတိုင်းသာ အေးချမ်းတည်ငြိမ်နေခဲ့သည်။ ဤကား နဂါးစိမ်းဂိုဏ်းက သူ့ပိုင်နက်ကို တည်ငြိမ်အေးချမ်းအောင် ကောင်းမွန်စွာ ထိန်းချုပ်စောင့်ရှောက်ပေးထားခြင်း၏ ရလဒ်များပင် ဖြစ်သည်။
ရှောင်လုံတို့လည်း နဂါးစိမ်းဂိုဏ်း၏ ပိုင်နက်ထဲသို့ ဝင်လာကတည်းက မည်သည့်တည်းခိုခန်း မည်သည့်စားသောက်ဆိုင်တွင်မှာမှ အချင်းများခြင်း ပဋိပက္ခဖြစ်ခြင်းများ တိုက်ခိုက်ခြင်းများ မဖြစ်ပွားသည်ကို သတိထားမိခဲ့သည်။
တခြားပြည်နယ်များတွင် ထိုသို့သော တည်ငြိမ်အေးချမ်းမှုများကို မရနိုင်ကြပေ။ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များ၊ အရက်ဆိုင်များတွင် အချင်းများမှုများ ပဋိပက္ခများနှင့် တိုက်ခိုက်မှုများက အနည်းနှင့်အများ ဖြစ်ပွားတတ်ကြသည်။ နဂါးစိမ်းဂိုဏ်း၏ နယ်မြေထဲတွင် ထိုကိစ္စမျိုး မဖြစ်အောင်၊ စီးပွားရေးလုပ်သူများ ကောင်းမွန်အေးချမ်းစွာ စီးပွားရေး လုပ်နိုင်အောင်၊ ခရီးသွားဧည့်သည်များ အနှောက်ယှက်မရှိဘဲ သွားလာ တည်းခိုနိုင်အောင် နဂါးစိမ်းဂိုဏ်းက ထိန်းချုပ်စောင့်ရှောက်ပေးထားသည်။
စားသောက်ကြပြီးနောက်တွင် အခန်းသို့ ပြန်ကာ အနားယူကြသည်။
ည…။
ကောင်းကင်တွင် ဆယ်လပိုင်း ဆယ်ရက်နေ့၏ လမင်းက တစ်ဝက်တစ်ပျက်နှင့် သာနေလေ၏။ ကြယ်များကလည်း တောက်ပလင်းလက်နေခဲ့သည်။
အရာအားလုံး ပုံမှန်ဖြစ်လျက် တိတ်ဆိတ်ငြိမ်သက်နေသော တည်းခိုခန်း၏ တစ်နေရာမှ တိတ်တဆိတ်လှုပ်ရှားမှုများ ရှိလာခဲ့သည်။ တည်းခိုခန်း ပြတင်းပေါက်တချို့ တိတ်တဆိတ်ပွင့်လာပြီး လူရိပ်များ တရိပ်ရိပ် ခုန်ထွက်လာကြသည်။
“ဝှစ် ဝှစ်…”
ဝတ်စုံနက်များနှင့် လူခုနစ်ယောက်။ အားလုံး အမှောင်ရိပ်ထဲသို့ ပြေးဝင်ခိုကပ်၍ ကိုယ်ယောင်ဖျောက်လိုက်ကြသည်။
သူတို့က ချက်ချင်းဆက်မလှုပ်ရှားသေးဘဲ မှောင်ရိပ်ထဲတွင် ပုန်းခို၍ ပတ်ဝန်းကျင်ကို အချိန်ခဏကြာအောင် စောင့်ကြည့်အကဲခတ်နေကြသည်။
သူတို့၏ လှုပ်ရှားမှုကို မည်သူမှ သတိမထားမိဟု သေချာအတည်ပြုပြီးနောက်တွင်မှ မှောင်ရိပ်တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းရင်း လှုပ်ရှားသွားကြသည်။
“ဖျပ် ဖျပ်…”
ခဏအကြာတွင် ထိုလူခုနစ်ယောက်က တည်းခိုခန်း၏ အဝေးသို့ ရောက်သွားကြသည်။
ထိုလူခုနစ်ယောက် ထွက်သွားပြီးနောက် ခဏအကြာတွင်မှ နောက်ထပ် လူရိပ်နှစ်ခုက တည်းခိုးခန်းထဲမှ ရှေ့ဆက်နောက်ဆက် ထပ်ခုန်ထွက်လာပြီး မှောင်ရိပ်ထဲ ခိုကပ်ကာ ကိုယ်ယောင်ဖျောက်ထားလိုက်ကြသည်။
~~သူတို့ ကိစ္စထဲ ဝင်မပါသင့်ဘူးနော် မောင်လေး~~
~~ဟီးဟီး…၊ သူတို့ ဘာအတွက် လှုပ်ရှားနေကြတာလဲဆိုတာ သိချင်လို့ပါ မမ~~
ထိုနှစ်ယောက်မှာ ရှောင်လုံနှင့် နှင်းပန်းတို့ပင် ဖြစ်လေ၏။
ခုနက လူခုနစ်ယောက်၏ လှုပ်ရှားမှုကို နှင်းပန်းက အာရုံခံမိပြီး သူမမောင်လေး အပြင်ထွက်လာသည်ကိုလည်း အာရုံခံမိ၍ လိုက်ထွက်လာခဲ့ခြင်း ဖြစ်သည်။
~~သူတို့ ဘာလုပ်နေလဲ သိချင်ရုံပါ မမ။ သူတို့ကိစ္စထဲ ဝင်မပါပါဘူး။ မမရဲ့ ကိုယ်ဖော့ပညာကိုလည်း လေ့ကျင့်တဲ့အနေနဲ့ လိုက်ကြည့်ကြမလား~~
~~ခစ်ခစ်…၊ မမရဲ့ ကိုယ်ဖော့ပညာကို လေ့ကျင့်လေ့ကျင့်ရမယ်ပေါ့~~
~~ဟီးဟီး…၊ ဟုတ်ကဲ့။ ဒါက လေ့ကျင့်ဖို့ အခြေနေကောင်းလေး ဖြစ်နိုင်တယ်~~
ရှောင်လုံက သူစိတ်ဝင်စားနေသော ကိစ္စကို လက်မလွှတ်ထားနိုင်ပဲ လိုက်ကြည့်ချင်နေသည့်အတွက် သူ့မမကို အဖော်ညှိနေတော့သည်။
နှင်းပန်းက ကျိတ်ရယ်ရင်း ခေါင်းညိတ်ပြလိုက်သည်။
~~သူတို့ ထွက်သွားတာ တော်တော်ကြာနေပြီ~~
~~ဒါပေမဲ့ ကျွန်တော့် အာရုံခံနယ်မြေထဲမှာပဲ ရှိသေးတယ် မမ။ လိုက်ကြည့်ကြစို့~~
ထို့နောက် ရှောင်လုံက ထိုမှောင်ရိပ်ထဲမှ တခြားမှောင်ရိပ်သို့ လစ်ကနဲ ကူးပြောင်းရွှေ့လျား၍ လူခုနှစ်ယောက် ထွက်သွားသည့်ဘက်သို့ လိုက်ခဲ့ကြသည်။
နှင်းပန်းကလည်း ထက်ချပ်မကွာ လိုက်သွားသည်။
အတန်ကြာအောင် လိုက်လာကြပြီးနောက် ရှေ့မှ လှုပ်ရှားနေကြသော လူခုနစ်ယောက်၏ လမ်းကြောင်းကို နှင်းပန်းက ခန့်မှန်းမိလာခဲ့သည်။
~~သူတို့က မြွေဟောက်ဂိုဏ်းဘက်ကို သွားနေကြတာပဲ~~
~~မြွေဟောက်ဂိုဏ်းလား…။ အဲဒါက ဘာဂိုဏ်းလဲ မမ~~
~~မြွေဟောက်ဂိုဏ်းက နဂါးစိမ်းဂိုဏ်းမတိုင်ခင် ဒီကွေ့ကျိုးပြည်နယ်မှာ အင်အားကြီးခဲ့တဲ့ ဂိုဏ်းတစ်ခုပဲ~~
~~နဂါးစိမ်းဂိုဏ်းက ကွေ့ကျိုးပြည်နယ် လွှမ်းမိုးတော့ မြွေဟောက်နဲ့ ထိပ်တိုက်မတွေ့ခဲ့ဘူးလား မမ~~
~~ထိပ်တိုက် မတွေ့ခဲ့သလိုပဲ။ နဂါးစိမ်းဂိုဏ်းက ဘယ်လို ကိုင်တွယ်လိုက်လဲ မသိဘူး။ မြွေဟောက်ဂိုဏ်းက ဟန်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လည်ပတ်နေခဲ့တယ်။ နဂါးစိမ်းဂိုဏ်းနဲ့ ပူးပေါင်းလိုက်တယ်လို့တော့ သတင်းရခဲ့တယ်~~
~~ဪ…၊ ပူးပေါင်းလိုက်တာကိုး~~
ပြောဆိုရင်း လိုက်လာကြရာ နောက်ဆုံးတွင် မြို့စွန်သို့ ရောက်လာခဲ့ကြသည်။
ရှေ့တွင် တောင်ကုန်းကြီးတစ်ခု ရှိနေသည်။ တောင်ကုန်းကြီးက လရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
~~အဲဒီ တောင်ကုန်းပေါ်မှာ မြွေဟောက်ဂိုဏ်း ရှိတယ်~~
~~သူတို့ တောင်ပေါ် တက်သွားကြပြီ မမ~~
~~တက်လိုက်ဦးမှာလား။ သူတို့က မြွေဟောက်ဂိုဏ်းထဲကို ခိုးဝင်နေကြတာဆိုတော့ ကိစ္စက ခပ်သေးသေးတော့ မဟုတ်လောက်ဘူး။ မြွေေဟာက်ဂိုဏ်းရဲ့ နဂိုအင်အားဆိုရင်တောင် အင်အားက မသေးဘူး။ အခုက နဂါးစိမ်းဂိုဏ်းနဲ့ ပူးပေါင်းထားတော့ ပိုအင်အားကြီးနေမှာ~~
ရှောင်လုံက ခဏစဉ်းစားပြီး တက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
~~တက်လိုက်ကြမယ် မမ။ သူတို့တောင် ခိုးဝင်ကြသေးတာ။ ကျွန်တော်တို့က သူတို့နောက်က လိုက်သွားရုံဆိုတော့ လွယ်ပါတယ် ဟီးဟီး…~~
~~အင်း…~~
ထို့နောက် နှစ်ယောက်သား အချိန်မဖြုန်းတော့ဘဲ တောင်ကုန်းပေါ်သို့ တက်လိုက်သွားကြသည်။ တောင်တက်လမ်းက ထင်ထင်ရှားရှား ရှိနေသလို လမ်းဘေး တစ်လျှောက်တွင်လည်း သစ်ပင်ကြီးများ ရှိနေ၍ မှောင်ရိပ်ခို၍ လှုပ်ရှားရန် အခွင့်ရေးကောင်းများ ရှိနေသည်။
ရှောင်လုံက သစ်ပင်ထိပ်ပေါ်သို့ မတက်ဘဲ သူမမ၏ ကိုယ်ဖော့ပညာ ထုတ်ဖော်နိုင်စွမ်းကိုသာ လိုက်၍ လှုပ်ရှားသည်။ သူက သူ့မမကို တကယ်ပင် လေ့ကျင့်ပေးလိုနေခဲ့သည်။
နှင်းပန်းလည်း သူမ၏ ကိုယ်ဖော့ပညာနှင့် သူမ၏ ကျွမ်းကျင်မှုများကို ထုတ်သုံး၍ တောင်ပေါ်သို့ တက်သွားခဲ့သည်။
~~သူတို့ ဘယ်ရောက်သွားပြီလဲ~~
တောင်ကုန်းပေါ်သို့ ရောက်လာချိန်တွင် ကင်းလှည့်နေသော အစောင့်များကိုသာ တွေ့လိုက်ရသည်။ ရှေ့က တက်သွားသော ခုနှစ်ယောက်ကို မတွေ့ရတော့ပေ။
~~သူတို့ ဟိုအဆောက်ဦးထဲ ဝင်သွားတယ် မမ~~
ရှောင်လုံက သူ အာရုံခံမိသော အဆောက်ဦးကို ညွှန်ပြလိုက်သည်။
အခန်း(၃၅၀)ပြီး
စာစဉ်(၁၉)ပြီး