"ဝီ..."
ချန်လော့၏ တန်ထျန်း မှ နောက်ထပ် ပဲ့တင်ထပ်ခြင်း တစ်ခု ထွက်ပေါ်လာပြီး ယခင် လှိုင်းသုံးခု
ပေါင်းထားသည်ထက်ပင် ပို၍ အားကောင်းနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အလယ်လှိုင်း သုံးခုသည် ကြေးအရေပြားကျင့်စဉ် ကိုးဆင့်၏
စွမ်းအားကြောင့် တောင့်ခံထားနိုင်သေးသည်။
နောက်ထပ် ပဲ့တင်ထပ်ခြင်း နှစ်ခုကလည်း ယခင်တစ်ခုထက် ပို၍ အားကောင်းနေပြီး ၊ ဆဋ္ဌမမြောက်
ပဲ့တင်ထပ်ခြင်း ဖြစ်ပေါ်လာချိန်တွင် ချန်လော့သည် နောက်ထပ် သွေးတစ်လုပ်စာကို အန်ချလိုက်သည်။
"ချီးပဲ... ဒီအတိုင်းသာ ဆက်သွားနေရင် အတွင်းပိုင်းပဲ့တင်ထပ်ခြင်း ကြောင့် မသေခင်
သွေးအားနည်းရောဂါနဲ့ အရင် သေရလိမ့်မယ်..."
ချန်လော့သည် စိတ်ထဲကနေ ညည်းတွားလိုက်သည် ။
ထို့နောက် သူ၏ စိတ်ထဲရှိ "သံအရိုး အခန်း" မှ ကျင့်ကြံခြင်း နည်းလမ်းကို ပြန်လည် အမှတ်ရကာ
ကျင့်စဉ် ကို စတင် အသက်သွင်းလိုက်သည်။
ကျင့်စဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း လည်ပတ်စေခြင်းဖြင့် ချန်လော့သည် သူ၏
အရိုးအဆစ်များအတွင်းမှ စွမ်းအားသစ်များ တဖြည်းဖြည်း နိုးထလာသည်ကို ရှင်းလင်းစွာ
ခံစားလိုက်ရ၏။
သို့သော် ချန်လော့သည် ဤအရာအားလုံးကို အပြည့်အဝ နားမလည်နိုင်မီမှာပင် တန်ထျန်း အတွင်းမှ
ပဲ့တင်ထပ်ခြင်းက ပြန်လည် ရောက်ရှိလာ၏။
ရေကန်ထဲတွင် ထိုင်နေသော ချန်လော့၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားသည်။
ထိုအချိန်တွင် မိုးကြိုး တစ်သောင်းက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကျဆင်းလာသကဲ့သို့
ခံစားလိုက်ရသော်လည်း ၊ ဘေးမှ ကြည့်နေသူများအဖို့မူ ချန်လော့၏ ခန္ဓာကိုယ်မှာ
အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ ရုတ်ချည်းဆိုသလို တုန်ယင်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
"ဒါက သတ္တမမြောက် ပဲ..."
ကျန်းချွမ် သည် ဘေးမှနေ၍ ပြောလိုက်သည်။ ချန်လော့၏ အဆင့်တက်လှမ်းမှု စတင်ချိန်မှစ၍ သူသည်
ချန်လော့၏ အခြေအနေအရပ်ရပ်ကို အစအဆုံး မျက်ခြေမပြတ် စောင့်ကြည့်နေခဲသည်။
ရေစီးကြောင်း ကိုးခု ပဲ့တင်ထပ်ခြင်းတွင် ချန်လော့သည် သတ္တမမြောက် အထိ တောင့်ခံထားနိုင်ခဲ့ပြီ
ဖြစ်ရာ ၎င်းက သူ မျှော်လင့်မထားခဲ့သော အရာပင် ဖြစ်သည်။
သူ၏အမြင်အရ ၊ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း လက်ရှိကျင့်ကြံမှုအဆင့်ကို ခိုင်မာအောင်
တည်ဆောက်ရန် မလုံလောက်ချေ။ သို့ဖြစ်ရာ နောက်ထပ်အဆင့်တစ်ခုသို့ ထပ်မံ
တက်လှမ်းရန်ဆိုသည်မှာ ပြောနေရန်ပင် မလိုတော့ပေ။
သို့သော် ချန်လော့သည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
"ဒါဆို အစ်ကိုကြီး ချန် က နောက်ဆုံး ရေစီးကြောင်း နှစ်ခုကို တောင့်ခံထားနိုင်မယ် ဆိုရင် ဒုတိယအဆင့်
ကို အဆင့်တက် နိုင်ပြီပေါ့..."
"သိပ်ခက်ခဲမယ့်ပုံ မပေါ်ပါဘူး..."
အတွင်းဂိုဏ်းသားများ၏ စကားများကို ကြားပြီး ကျန်းချွမ် သည် ပြုံးရုံသာ ပြုံးလိုက်၏။
"ခန္ဓာကိုယ်တွင်း ပဲ့တင်ထပ်ခြင်း ကိုးခုထဲမှာ ကျော်လွှားဖို့ အခက်ခဲဆုံးက တတိယမြောက် နဲ့ နောက်ဆုံး
နဝမမြောက် ပဲ့တင်ထပ်ခြင်း တွေပဲ..."
"တတိယမြောက် ပဲ့တင်ထပ်ခြင်း ရဲ့ အကြောင်းရင်းက သူတို့က ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုပဲ အားကိုးပြီး
ကျော်ဖြတ်ရမှာ ဖြစ်လို့ပဲ... ခန္ဓာကိုယ်ကျင့်ကြံမှု ရဲ့ စွမ်းအားကို အသုံးပြုလိုက်တာနဲ့ ကျရှုံးတာနဲ့
အတူတူပဲ..."
"နောက်ဆုံး နဝမမြောက် ပဲ့တင်ထပ်ခြင်း ကတော့ အရင် ရှစ်ခု ပေါင်းထားတာထက်တောင် ပိုပြီး
ကြောက်ဖို့ ကောင်းသေးတယ်..."
"အစ်ကိုကြီး ချန် ရဲ့ အဆင့်တက်တာက လွယ်ကူပြီး ရိုးရှင်းနေသလို မြင်နေရတကာ အစ်ကိုကြီး ချန် ရဲ့
ပါရမီက ထူးချွန်လွန်းလို့လေ... မဟုတ်ရင် နေရာတိုင်းမှာ ခန္ဓာကိုယ်ကျင့်ကြံသူတွေ အများကြီး
ရှိနေလောက်ပြီ..."
ကျန်းချွမ်၏ စကားများကို ကြားပြီးနောက် လူတိုင်းက ခေါင်းညိတ်သဘောတူလိုက်ကြသည် ။
အမှန်အားဖြင့် အဆင့်တက်ခြင်းသည် ဤမျှလောက် ရိုးရှင်းနေမည် ဆိုပါက ၊ ကျန်းချွမ်သည်လည်း
ဤအဆင့်တွင် အချိန်အကြာကြီး ပိတ်မိနေမည် မဟုတ်ပေ။
ချန်လော့၏ ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ယင်လာ၏။
ထိုအသံ ထွက်ပေါ်လာသည့် အချိန်တွင် လူတိုင်း၏ အကြည့်များက သူ့အပေါ်သို့
ကျရောက်သွားကြသည်။
"ဒါက အဋ္ဌမမြောက် ရေစီးကြောင်း မဟုတ်လား..."
"တစ်ကြောင်းပဲ ကျန်တော့တယ်..."
ထိုအချိန်တွင် လူတိုင်း၏ နှလုံးသားများသည် စိတ်လှုပ်ရှားမှုကြောင့် စတင် ဝုန်းဒိုင်းကျဲနေပြီး၊
အဆင့်တက်နေသူမှာ ချန်လော့ မဟုတ်ဘဲ သူတို့ကိုယ်တိုင် ဖြစ်နေသကဲ့သို့ပင်။
ထိုအချိန်တွင် ချန်လော့သည် တန်ထျန်း မှ ထွက်ပေါ်လာသော အားကောင်းသည့် စွမ်းအားကို
ခံစားလိုက်ရပြီး ၊ အသက်ရှူမှားမတတ် ဖြစ်ခဲ့ရသည်။
နောက်ဆုံးအကြိမ် ပဲ့တင်ထပ်မှုသည် တန်ထျန်းအတွင်း၌ ကျန်ရှိနေသမျှသော စွမ်းအားအားလုံးကို
တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာစေမည် ဖြစ်သည်။
ထို့နောက် ဤပဲ့တင်ထပ်ခြင်း စွမ်းအားကို အသုံးချ၍ သူသည် အောင်မြင်စွာဖြင့် အဆင့်တက်ကာ
သံအရိုး အဆင့်သို့ ဝင်ရောက်သွားပေတော့မည်။
သို့သော် ချန်လော့သည် တန်ထျန်း အတွင်း၌ ကျန်ရှိနေသော အားကောင်းသည့် စွမ်းအားများကို
ခံစားနိုင်သည်။
ယခင်ပဲ့တင်ထပ်မှုအားလုံး ပေါင်းစပ်ထားသည်ထက်ပင် ဤစွမ်းအားသည် ပိုမိုအားကောင်းနေသည်ကို
သူ အာရုံခံစားမိလိုက်သည်။ အနည်းငယ်မျှ ပိုမိုအားကောင်းရုံသာမကဘဲ အနည်းဆုံး နှစ်ဆ၊
သုံးဆခန့်အထိပင် ပြင်းထန်သည်။
သို့သော် ဤအခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်သောကြောင့် လက်လျှော့လိုက်ရန်မှာ လုံးဝ
မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။
“သေမလား ရှင်မလားက ကြိုတင် သတ်မှတ်ထားပြီးသားပဲ... ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာက
ကံကြမ္မာအပေါ်မှာ မူတည်တယ်..."
ချန်လော့ သည် အံကြိတ်လိုက်ပြီး အဆင့်တက်ရန် ပြင်ဆင်လိုက်သည်။
ချက်ချင်းပင် ချန်လော့၏ ထိန်းချုပ်မှုမှ လွတ်ကင်းသွားသော တန်ထျန်း အတွင်းရှိ စွမ်းအားများသည်
ဗြောက်အိုးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။
"ဘုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချန်လော့၏ ခန္ဓာကိုယ်မှ မယုံနိုင်လောက်အောင်
အားကောင်းသည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာ၏။
မြေအောက်ရေပူစမ်း အတွင်းရှိ ရေများသည် ချက်ချင်း လှိုင်းထန်သွားပြီး ဘေးတွင် ရပ်နေသော
ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များမှာ အဆိုပါ အားကောင်းသည့် စွမ်းအားကြောင့် အဝေးသို့
လွင့်ထွက်သွားကြသည်။
ကံကောင်းထောက်မစွာဖြင့် လူတိုင်းမှာ ခန္ဓာကိုယ်ကျင့်ကြံမှု အခြေခံကောင်းများ ရှိကြသည့်အပြင်၊
ပေါက်ကွဲမှုမှာလည်း အလွန်အမင်း ပြင်းထန်ခြင်းမရှိသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ
ရရှိခဲ့ခြင်း မရှိပေ။
သို့သော် သူတို့ ချန်လော့ကို ပြန်ကြည့်လိုက်သောအခါတွင် ၊ သူ၏ ပါးစပ်ထောင့်မှ သွေးများ
အဆက်မပြတ် စီးကျနေပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်လျက် အရေပြားများက နီရဲကာ အပူများကို
ထုတ်လွှတ်နေ၏။
မြေအောက်ရေပူစမ်း အတွင်းရှိ ရေများပင်လျှင် ရေနွေးငွေ့များ ထွက်လာပြီး စတင်
ဆူပွက်လာတော့သည်။
"အစ်ကိုကြီး... ဒါက ကျရှုံးတာလား ဒါမှမဟုတ် အောင်မြင်တာလား..."
အတွင်းဂိုဏ်းသား များထဲမှ တစ်ဦးက မမေးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ကျန်းချွမ် ကို ကြည့်ကာ
မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ၊ ဤနေရာရှိ သူတို့ အားလုံးထဲတွင် ကျန်းချွမ်
တစ်ယောက်တည်းကသာ ဤအဆင့်သို့ ရောက်ရန် နီးစပ်နေသူ ဖြစ်သည်။
ကျန်းချွမ် က ခေါင်းခါလိုက်သည်။
"မအောင်မြင်သေးဘူး... ဒါပေမဲ့ ကျရှုံးသွားတာလည်း မဟုတ်သေးဘူး..."
"ဟင်..." လူတိုင်း အံ့အားသင့်သွားကြ၏။
"အစ်ကိုကြီး ချန် က အခု သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ထိန်းချုပ်ပြီး ဒုတိယအဆင့် ကို
တက်လှမ်းဖို့ ကြိုးစားနေတာ ဖြစ်ရမယ်..."
“အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာက အစ်ကိုကြီး ချန် က ဒီစွမ်းအားကို သူပိုင်တဲ့
အရာတစ်ခုအဖြစ် ပြောင်းလဲနိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်တယ်…
ဤသည်ကို ကြားပြီးနောက်၊ လူတိုင်းက ချန်လော့ကို လှည့်ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် ချန်လော့သည် မျက်လုံးများကို မှိတ်ထားပြီး သူ၏ ခန္ဓာကိုယ်အတွင်း လှိုင်းထန်နေသော
စွမ်းအားများကို ခံစားရင်း အံကြိတ်ထားသည်။
စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်နှင့်အမျှ ၊ တစုတစည်းတည်းရှိနေသော စွမ်းအားများသည်
စွမ်းအားအပိုင်းအစများစွာအဖြစ် ကွဲကြေသွားကာ၊ ချန်လော့၏ ကိုယ်ခန္ဓာအတွင်း၌ ဖရိုဖရဲ
လှည့်လည်စီးဆင်းနေတော့သည်။
ယခု ချန်လော့ လုပ်ရမည့်အရာမှာ ဤစွမ်းအားများကို သူ၏ အရိုးများထဲသို့ တစ်ခုပြီးတစ်ခု
ပေါင်းစပ်ထည့်သွင်းရန် ဖြစ်ပြီး သံအရိုး အဆင့်သို့ အဆင့်တက် ရန် ဖြစ်သည်။
ချန်လော့သည် စွမ်းအားတစ်ခုကို ထိန်းချုပ်လိုက်ပြီးနောက် ၎င်းကို သူ၏ ကျောရိုးထဲသို့
ထည့်သွင်းလိုက်၏။
"ဂျွတ်..."
ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး ၊ အလွန် တိုးညင်းသဖြင့် ချန်လော့သာလျှင်
ကြားနိုင်သည်။
သူ၏ ကျောရိုးမှ ထွက်ပေါ်လာသော စူးရှသည့် နာကျင်မှုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
တစ်ယောက်ယောက်က သူ၏ ကျောရိုးကို ဓားမကြီး တစ်လက်ဖြင့် ပြင်းထန်စွာ
ခုတ်ပိုင်းလိုက်သကဲ့သို့ပင်။
"ဆက်လုပ်..."
ချန်လော့သည် အံကြိတ်လိုက်ပြီးနောက် တိုက်ခိုက်လာသော စွမ်းအားနှစ်ခုကို သူ၏ လက်ရိုးများထဲသို့
ပို့လွှတ်လိုက်၏။
အရိုးများက နောက်တစ်ကြိမ် အက်ကွဲသွားပြီး နာကျင်မှုကြောင့် ချန်လော့၏ မျက်နှာပေါ်တွင် ချွေးများ
စီးကျလာသော်လည်း ၊ ချန်လော့သည် မရပ်တန့်ခဲ့ချေ။
ခြေထောက်ရိုးများ၊ နံရိုးများ၊ လက်ချောင်းရိုးများ၊ တင်ပါးဆုံရိုးများ…
စွမ်းအားများက ချန်လော့၏ အရိုးများထဲသို့ အတင်းအကျပ် ဝင်ရောက်သွားပြီး ၊ အကြိမ်တိုင်းတွင်
အရိုးများထံမှ ဂျွတ်ခနဲ ဟူသော အသံတစ်ခုကို အတိုင်းသား ကြားနေရ၏။
ဆယ်မိနစ် အကြာတွင် ချန်လော့၏ ခန္ဓာကိုယ်ထဲ၌ နောက်ဆုံး စွမ်းအား တစ်ခုသာ ကျန်ရှိတော့ပြီး ၊
၎င်းသည် အကြီးမားဆုံးသော စွမ်းအားလည်း ဖြစ်သည်။
သူသည် အဆိုပါ စွမ်းအားကို သူ၏ ဦးခေါင်းခွံ ထဲသို့ ပေါင်းစပ်ထည့်သွင်းရန် ကြံစည်ထားသည်။
ချန်လော့၏ ထိန်းချုပ်မှုအောက်တွင် အဆိုပါ စွမ်းအား၏ ပုံမှန်မဟုတ်သော ရွေ့လျားမှုသည်
ရပ်တန့်သွားပြီး ဦးခေါင်းခွံ ဆီသို့ စတင် သွားလေတော့သည်။
စွမ်းအားတစ်ခုက ဦးခေါင်းခွံ ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင်၊ ချန်လော့၏ ဦးနှောက်မှ
ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤခံစားချက်သည် အရိုးတစ်ချောင်းက ဦးနှောက်ကို ဖောက်ထွင်းဝင်ရောက်သွားသကဲ့သို့ ဖြစ်ပြီး ၊
နာကျင်မှုနှင့်အတူ မူးဝေသည့် ခံစားမှုတစ်ခုလည်း ပါဝင်သည်။
ထိုသို့ ဖြစ်နေသည့်တိုင် ချန်လော့သည် လက်မလျှော့ခဲ့ဘဲ အဆိုပါစွမ်းအားကို ဦးခေါင်းခွံ ထဲသို့
ဆက်လက် စီးဆင်းစေသည်။
"ဂျွတ်... ဂျွတ်..."
သူ၏ ဦးခေါင်းခွံဆီမှ တိုးညင်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသော်လည်း ချန်လော့အတွက်မူ
တစ်စုံတစ်ဦးက သူ၏နားစည်ကို မောင်းကြီးတစ်လုံးဖြင့် ပြင်းထန်စွာ ရိုက်ခတ်လိုက်သကဲ့သို့ပင်။ သူ၏
ဦးနှောက်တစ်ခုလုံးမှာလည်း အရှိန်အဟုန်ဖြင့် စတင်တုန်ယင်လာတော့သည်။
"နည်းနည်းလေးပဲ ထပ်တောင့်ခံထား... မကြာခင် ပြီးတော့မှာ.."
ချန်လော့သည် စိတ်ထဲမှ မိမိကိုယ်ကိုယ် နှစ်သိမ့်လိုက်သော်လည်း သူ၏ လက်များက ပို၍ မြန်ဆန်စွာ
စတင် လှုပ်ရှားလာ၏။
ထိုအချိန်တွင် နာကျင်မှုက လှုံ့ဆော်မှု တစ်ခုအဖြစ် လုပ်ဆောင်နေပုံရပြီး ၊ ချန်လော့ကို ပို၍ မြန်ဆန်စွာ
လှုပ်ရှားစေသည်။
ချန်လော့သည် နောက်ဆုံး စွမ်းအားကို ဦးခေါင်းခွံ ထဲသို့ ပို့လွှတ်လိုက်စဉ် ထိုရင်းနှီးနေသော အသံက
နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။
သို့သော် တစ်ချိန်တည်းမှာပင် ချန်လော့သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ နွေးထွေးမှု တစ်ခု
ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
သူ၏ အရိုးထဲတွင် မူလက မရှိခဲ့သော စွမ်းအားတစ်ခု မွေးဖွားလာပြီး ၊ ဤစွမ်းအားသည် ယခုအခါ သူ၏
ပျက်စီးနေသော အရိုးများကို အားစိုက်ထုတ်စရာမလိုဘဲ တဖြည်းဖြည်း ပြန်လည်ပြုပြင်
ကုစားပေးနေခဲ့သည်။
"နောက်ဆုံးတော့ အဆင့်တက် ခြင်း ပြီးဆုံးသွားပြီပဲ..."
***