နှစ်ရက် အကြာတွင် ချန်လော့သည် မြေအောက်ရေပူစမ်း ထဲမှ ထွက်လာခဲ့သည်။
နှစ်ရက်တာ ကျင့်ကြံပြီးနောက် ချန်လော့၏ ကျင့်ကြံခြင်းအဆင့်သည် သံအရိုး ဒုတိယအဆင့် သို့
ရောက်ရှိသွားပြီ ဖြစ်သည်။
တစ်ဘက်တွင်မူ ကျန်းချွမ် သည် ဒုတိယအဆင့် သို့ပင် မဝင်ရောက်ရသေးချေ။
ချန်လော့သည် သံအရိုး ဒုတိယအဆင့် သို့ အဆင့်တက်သွားသည်ကို မြင်တွေ့လိုက်ရသော
ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား အချို့မှာ ၎င်းတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို
မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
ကြိုးစားပမ်းစား ကျင့်ကြံနေသော ချန်လော့သည် သုံးရက်အတွင်း၌ပင် အဆင့်ငယ် သုံးဆင့်အထိ
မည်သို့များ ကျော်ဖြတ်တက်လှမ်းနိုင်ခဲ့သည်ကို နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။ သူတို့မှာဖြင့်
၊ထိုကာလအတွင်း အဆင့်တစ်ခုတောင်မှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပေ ။
"ညီလေး ကျန်း... မင်းတို့ မြေအောက်ရေပူစမ်း မှာ ဆက်ပြီး ကျင့်ကြံဦးမှာလား... ဒါမှမဟုတ်
တခြား နေရာကို သွားကြမလား..."
ချန်လော့သည် မြေအောက်ရေပူစမ်း ထဲတွင် ရှိနေဆဲ ဖြစ်သော ကျန်းချွမ် နှင့် အခြားသူများကို
ကြည့်လိုက်သည်။
"စမ်းသပ်မှု ပြီးတဲ့အထိ ငါတို့ ဒီနေရာမှာပဲ နေဖြစ်လောက်တယ်..."
"ဘာပဲဖြစ်ဖြစ် စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲမှာ ဒီ မြေအောက်ရေပူစမ်း က ငါတို့အတွက်
အသုံးဝင်ဆုံးပဲလေ..."
"တစ်ခုခု မှားနေလို့လား အစ်ကိုကြီး ချန်..."
စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲတွင် ရတနာများစွာ ရှိသော်လည်း ခန္ဓာတောင်ထွတ် အတွက်မူ
အသုံးဝင်ဆုံးအရာမှာ မြေအောက်ရေပူစမ်း ပင် ဖြစ်သည်။
အချို့သော ရတနာများက မြေအောက်ရေပူစမ်း ထက် ပို၍ အသုံးဝင်သော်လည်း၊ ခန္ဓာတောင်ထွတ် မှ
အတွင်းဂိုဏ်းသား များအတွက် ၎င်းတို့ကို ယှဉ်ပြိုင်လုယူရန် အရည်အချင်း မပြည့်မီသေးပေ။
ထို့ကြောင့် မြေအောက်ရေပူစမ်း တွင် နေပြီး တစ်လတိတိ တိတ်ဆိတ်စွာ ကျင့်ကြံခြင်းက သူတို့အတွက်
အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်။
"ဂူထဲက အဲ့ဒီ မီးတောက်မြိုသားရဲ သားပေါက်လေးတွေကို ကျေးဇူးပြုပြီး စောင့်ရှောက်ပေးထားလို့
ရမလား..."
"အကယ်၍ ဖြစ်နိုင်ရင် မင်းတို့ ထွက်သွားတဲ့အခါ သူတို့ကိုပါ တစ်ပါတည်း ခေါ်သွားပေးပါ့လား.."
ချန်လော့၏ စကားများကို ကြားပြီး၊ ကျန်းချွမ် နှင့် အခြားသူများက တစ်နေရာတွင် ကစားနေကြသော
မီးတောက်မြို သားပေါက်လေးများကို လှမ်းကြည့်လိုက်သည်။
သားပေါက်လေးများသည် အများကြီး မရှိသော်လည်း စုစုပေါင်း ခုနစ်ကောင်၊ ရှစ်ကောင်ခန့်တော့
ရှိနေသေးသည်။
"အစ်ကိုကြီး ချန် က သူတို့ကို ဖမ်းပြီး အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမလို့လား..." အတွင်းဂိုဏ်းသား
တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။
ချန်လော့ က ခေါင်းညိတ်လိုက်သည်။ သူသည် သားရဲများကိုဖမ်းပြီး အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးရန်
ရည်ရွယ်ထားသည်မှာ မှန်သော်လည်း ၊ သို့သော် သူ့အတွက် မဟုတ်ပေ။ ယင်းအစား သူသညိ
မီးတောက်မြိုသားရဲများကို သားရဲတောင်ထွတ် မှ အတွင်းဂိုဏ်းသား များထံသို့ ရောင်းချရန်
စီစဉ်ထားခြင်းသာ ဖြစ်၏။
"ပြဿနာ မရှိပါဘူး... ဒီကိစ္စကို ငါတို့ကို လွှဲထားလိုက်ပါ..."
အတွင်းဂိုဏ်းသား တစ်ယောက်က ယုံကြည်ချက် ရှိရှိဖြင့် ခေါင်းညိတ်လိုက်တယ်။ မည်သို့ပင်ဖြစ်စေ
၎င်းသည် ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။
ဤ သားပေါက်လေးများသည် ချီသန့်စင်ခြင်း ကနဦးအဆင့် ကိုပင် မရောက်သေးဘဲ မည်သည့်
ကျင့်ကြံခြင်းအဆင့်မှ မရှိကြသဖြင့် သူတို့ကို မည်သည့် အန္တရာယ်မှ မပေးနိုင်ချေ။
အလားအလာရှိသော တိုက်ရိုက်တပည့် တစ်ဦး ဖြစ်သည့် ချန်လော့ကို ကူညီခြင်းသည် ကောင်းမွန်သော
အထင်အမြင် တစ်ခုကို ချန်ရစ်စေမည် ဖြစ်ရာ ၊ ဤကဲ့သို့သော အခွင့်ကောင်းကို မည်သူကမျှ
ငြင်းဆန်မည် မဟုတ်ပေ။
ထို့နောက် ချန်လော့နှင့် ကျောက်မန်တို့ သည် ဂူထဲမှ အတူတကွ ထွက်ခွာလာခဲ့ကြသည်။ မထွက်ခွာမီ
ချန်လော့သည် မြေအောက်ရေပူစမ်း ကို အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင်
နှမြောတသဖြစ်သော အရိပ်အယောင်အချို့ ရှိနေခဲ့သည်။
"နောက်တစ်ခု... အဆိပ်မြူစိမ့်မြေ ကို သွားကြစို့..."
ချန်လော့သည် စကားပြောရင်း ကျောက်မန်ကို ကြည့်လိုက်သည်။
ကျောက်မန်က ချန်လော့၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ဘူးသီးမှုတ် ကို ကူကယ်ရာမဲ့စွာဖြင့်
ဆင့်ခေါ်ကာ ဘူးသီးမှုတ်ပေါ်တွင် ရပ်လိုက်သည်။
ထို့နောက် ချန်လော့သည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ သူမ၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
"မြောက်ဘက်ကို သွား...... အဆိပ်မြူစိမ့်မြေ..."
သူမသည် ချန်လော့ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သော်လည်း နောက်ဆုံးတွင်
ဘာမှ ထပ်မပြောတော့ချေ။
မည်သို့ပင်ဖြစ်စေ အဆိပ်မြူစိမ့်မြေ သည် သူမ၏ ရည်မှန်းချက် ဖြစ်ပြီး ချန်လော့သည် သူမကို
အဖော်ပြုပေးရန် ရှိနေပေးသည် မဟုတ်လော။
…
သူတို့ နှစ်ဦးည် ရက်အနည်းငယ်ကို ခရီးသွားရင်း ကုန်ဆုံးခဲ့ကြသည် ။
လမ်းတစ်ဝက်တွင် ချန်လော့သည် သူ့ကို သယ်ပိုးထားသော ကျောက်မန်မှာ ချွေးများ အဆက်မပြတ်
ထွက်နေသည်ကို မြင်ပြီး၊ သူမအတွက် အနည်းငယ် သနားစိတ်ဖြစ်လာခဲ့သည်။
"ငါ့ကို သယ်ရတာ မင်း ပင်ပန်းနေပြီ ထင်တယ်... နားကြမလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန် သည် မှင်တက်သွားပြီး အံ့အားသင့်စွာဖြင့် ချန်လော့ကို
လှည့်ကြည့်လိုက်သည်။
ဒီကောင် ဒီနေ့ ဆေးမှားစားထားတာများလား... ဘာလို့ ရုတ်တရက်ကြီး ငါ့ကို ဂရုစိုက်လာရတာလဲ…
သို့သော် ချန်လော့၏ နောက်ထပ် စကားများ ထွက်ပေါ်လာချိန်တွင် သကောင့်သားသည် လုံးဝ
မပြောင်းလဲသေးကြောင်း သူမ သိလိုက်ရသည်။
"မင် အောက်ဆင်းပြီး ပြေးလေ... ငါ ဒီဘူးသီးမှုတ် ကို ကိုယ်တိုင် ထိန်းချုပ်လိုက်မယ်..."
"စိတ်မပူပါနဲ့... ငါ ဖြည်းဖြည်းချင်း ပျံသန်းပြီး မင်းကို စောင့်ပါ့မယ်..."
ကျောက်မန်သည် ချန်လော့၏ "ဂရုစိုက်မှု" ကို မကြားချင်ဟန်ဆောင်လိုက်၏။
သူမသာ ချန်လော့ကို နိုင်မည်ဆိုပါက ၊ ဤနေရာ၌ပင် သူ့ကို အသေအလဲ ရိုက်နှက်ဆုံးမမိမည်မှာ
သေချာသည်။
နောက်ထပ် ခရီးစဉ် တစ်ဝက်ခန့် ပျံသန်းပြီးနောက် ၊ ချန်လော့နှင့် ကျောက်မန်တို့သည် နောက်ဆုံးတွင်
အဆိပ်မြူစိမ့်မြေ သို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ချန်လော့သည် အဆိပ်မြူစိမ့်မြေ အပြင်ဘက်တွင် အဆိပ်တောင်ထွတ် ၏
အတွင်းဂိုဏ်းသား ဝတ်စုံများ ဝတ်ဆင်ထားသော လူအချို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ရွှေမြုတေအဆင့် တစ်ဝက် လောက်ရှိတဲ့ သားရဲ နဲ့ ငါတို့ ထပ်ကြုံရပြန်တာလား..."
ချန်လော့သည် မကျေမနပ် ညည်းတွားလိုက်ပြီး ၊ ကျောက်မန်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ကာ
ကျော့ဆန့်လိုက်သည် ။
တစ်ဖက်တွင်မူ ကျောက်မန်သည် ကျောနာနေပြီး မတ်မတ်ပင် မရပ်နိုင်တော့ဟန် ရသည်။
"သူတို့ အားလုံးက မင်းရဲ့ အဆိပ်တောင်ထွတ် က အတွင်းဂိုဏ်းသား တွေပဲ မဟုတ်လား... သွားပြီး
သတင်း နည်းနည်းပါးပါး သွားမေးကြည့်လေ..."
ချန်လော့သည် သူမကို ဤသို့ အမိန့်ပေးနေသည်ကို ကျောက်မန် အနေဖြင့် သဘောမကျသော်လည်း
ဘာမှ မတတ်နိုင်ချေ။
မည်သို့ပင်ဖြစ်စေ ချန်လော့သည် အဆိပ်မြူစိမ့်မြေ ကို ဂရုမစိုက်ပေ။ သူသည် သူမကို
အဖော်ပြုပေးရန်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ကျောက်မန်သည် အံကြိတ်ကာ ခါးကို မတ်လိုက်ပြီး အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား
များဆီသို့ လျှောက်သွားလိုက်သည်။
"မောင်လေးတို့... ဒါက ဘာတွေ ဖြစ်နေတာလဲ... တစ်ခုခု ဖြစ်လို့လား..."
အတွင်းဂိုဏ်းသား သည် အာရုံပျံ့လွင်ရာမှ ပြန်သတိဝင်လာပြီး ၊ ဘေးရှိ ကျောက်မန်ကို
ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော တွေဝေမှု အရိပ်အယောင်တစ်ခု
ရှိနေခဲ့သည်။
ထိုအချိန်တွင် အတွင်းဂိုဏ်းသား တစ်ဦးက လျှောက်လာပြီး ကျောက်မန်၏ ဘေးတွင် ဝင်ရပ်လိုက်သည်။
"အစ်မကြီး ကျောက်မန်... ဒီအတွင်းဂိုဏ်းသား က အဆိပ်မြူစိမ့်မြေ ထဲကနေ အခုလေးတင်
ပြန်ထွက်လာတာပါ... သူ့ကိုယ်ထဲက အဆိပ်တွေက မပြယ်သေးတော့ သူ အပြည့်အဝ
သတိမဝင်သေးဘူး...”
ဤသည်ကို ကြားသောအခါ ကျောက်မန်သည် တစ်ခဏမျှ ရပ်တန့်သွားပြီး မလှမ်းမကမ်းရှိ
အဆိပ်မြူစိမ့်မြေ ကို လှည့်ကြည့်လိုက်ရာ ၊ သူမ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချက်ချင်း
မှင်တက်သွားတော့၏။
စိမ့်မြေထဲတွင် အတွင်းဂိုဏ်းသား ခုနစ်ဦး၊ ရှစ်ဦးခန့် ရှိသော အလောင်းများ နစ်မြုပ်နေပြီး ၊ သူတို့၏
မျက်နှာများသည် တည်ငြိမ်နေကာ မျက်လုံးများ အနည်းငယ် မှိတ်ထားသဖြင့် အိပ်ပျော်နေသကဲ့သို့
ထင်မှတ်ရသည်။
သူတို့၏ ဖြူရော်နေသော မျက်နှာများနှင့် အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်များကို ကြည့်လျှင်ဖြင့် ၊
သူတို့သည် သေဆုံးနေပြီ ဖြစ်သည်။
ကျောက်မန်သည် အံ့အားသင့်မှုမှ ပြန်သတိမဝင်လာနိုင်မီမှာပင် ၊ ဝါးလုံး တစ်ချောင်းကို
ထမ်းပိုးထားသော ပုံရိပ်တစ်ခုက အဆိပ်မြူစိမ့်မြေ၏ ဘေးဘက်သို့ ပြေးသွားသည်ကို
တွေ့လိုက်ရသည်။
"ချီးပဲ... အဲ့ကောင်ရဲ့ ပိုက်ဆံအိတ်က အမျိုမခံရသေးဘူး”
"မင်းတို့ အားလုံး သေသွားပြီဆိုတော့ အဲဒါကို လိုအပ်တော့မှာ မဟုတ်ဘူးလေ... ဒါကြောင့် မင်းတို့
ကိုယ်စား ငါ အရင် ယူထားလိုက်မယ်..."
"သတိထား... သတိထား... အရမ်း သတိထား... မပြုတ်ကျစေနဲ့..."
ဝါးလုံး တစ်ချောင်းကို ထမ်းထားသော ချန်လော့သည် အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား များ၏
အလောင်းများပေါ်ရှိ သိုလှောင်အိတ် များကို တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ဆွဲထုတ်နေလေ၏။
မိနစ်အနည်းငယ် အတွင်းမှာပင် ချန်လော့သည် သိုလှောင်အိတ် နှစ်လုံး၊ သုံးလုံးခန့်ကို အမှန်တကယ်ပင်
ဆွဲယူနိုင်ခဲ့သည်။
ချန်လော့သည် မည်သည့် အရှက်တရားမှ မရှိဘဲ အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသားများ၏
အလောင်းများပေါ်ရှိ သိုလှောင်အိတ်များကို သူ၏ ကိုယ်ပိုင် သိုလှောင်အိတ် ထဲသို့ တိုက်ရိုက်
ထည့်သိမ်းလိုက်သည်။
ဤမြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားတော့သည်။ ချန်လော့သည် ဤမျှလောက် အရှက်မရှိမှန်း သူတို့
ကိုယ်တိုင်ပင် ထင်မထားချေ။
သေသွားတဲ့ လူဆီကနေ ပစ္စည်းတွေ ယူတာက တစ်ပိုင်းပေါ့... ပြဿနာက ဒီကောင်က
အဆိပ်တောင်ထွတ် က အတွင်းဂိုဏ်းသား တွေရဲ့ မျက်စိရှေ့မှာတင် ပေါ်တင်နိုက်နေတာလေ... ဒါ
အဆိပ်တောင်ထွတ် က လူတွေကို လုံးဝ ဂရုမစိုက်တဲ့ သဘောထားပဲ…
သို့သော် ချန်လော့သည် စမ်းသပ်လေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်
အလောင်းထံမှ ပစ္စည်းများကို ဗြောင်ကျကျ လုယက်သိမ်းပိုက်ခဲ့သည့် လုပ်ရပ်ကို ပြန်လည်တွေးမိပြီး၊
မည်သူကမျှ နောက်ထပ် ဘာမှ မပြောခဲ့ကြပေ။
ကျောက်မန်သည် ချန်လော့ကို လျစ်လျူရှုကာ အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို
"မောင်လေးတို့... အဲ့ဒီ အတွင်းဂိုဏ်းသား တွေ ဘာဖြစ်သွားတာလဲ... ဘာလို့ သူတို့ အားလုံး
စိမ့်မြေထဲမှာ သေသွားကြတာလဲ..."
အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသားများသည် ကျောက်မန်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ
ခေါင်းခါလိုက်၏။
"အဆိပ်မြူစိမ့်မြေ က အဆိပ်ပုလဲ ကို ပြုစုပျိုးထောင်ပေးတယ်... အဆိပ်ပုလဲ တစ်လုံး ဖြစ်တည်ဖို့
ယေဘုယျအားဖြင့် ငါးနှစ်လောက် အချိန်ယူရတယ်..."
"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ စမ်းသပ်လေ့ကျင့်ရေးကွင်း က အချိန်မတိုင်မီ စတင်ခဲ့တာဆိုတော့
အဆိပ်မြူစိမ့်မြေ က အဆိပ်ပုလဲ ကို ပြုစုပျိုးထောင်ဖို့ သုံးနှစ်ပဲ အချိန်ရလိုက်တယ်..."
"အကယ်၍ အဆိပ်မြူစိမ့်မြေ ထဲက အဆိပ်တွေကို စုပ်ယူဖို့ ဖွဲ့စည်းထားတဲ့ အဆိပ်ပုလဲ မရှိဘူးဆိုရင်
အဆိပ်အများစုက စိမ့်မြေ မျက်နှာပြင်ပေါ်မှာ ပေါ်နေလိမ့်မယ်... ပြီးတော့ အဆိပ်ရဲ့ ပြင်းအားက
အဆိပ်ပုလဲ ရှိနေတဲ့ အချိန်ထက် အဆပေါင်းများစွာ ပိုပြင်းထန်လိမ့်မယ်..."
" ကျွန်တော်တို့ အရင်က ဒီအချက်ကို သတိမပြုမိဘဲ အတင်း ဝင်သွားမိလို့..."
စကားစပြီးနောက် အတွင်းဂိုဏ်းသား သည် ဆက်မပြောတော့ချေ။
သို့သော် အနီးနားရှိ စိမ့်မြေထဲတွင် အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသားများ၏ အလောင်းများသည်
အရာအားလုံးကို ပြောပြနေပြီ ဖြစ်သည်။
***