အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား ၏ စကားများကို နားထောင်ပြီးနောက် ကျောက်မန်၏
မျက်နှာသည် ချက်ချင်း မည်းမှောင်သွား၏။
အဆိပ်တောင်ထွတ် သို့ သူမ လာရသည့် ရည်ရွယ်ချက်မှာ အဆိပ်ပုလဲကို ရှာဖွေရန် ဖြစ်သည်။
ယခုအခါ အဆိပ်ပုလဲ သည် မဖြစ်တည်သေးရုံသာမက အဆိပ်မြူစိမ့်မြေ အတွင်းရှိ အဆိပ်
ပြင်းအားသည် ပုံမှန်ထက် ဆယ်ဆကျော် ပိုမို မြင့်မားနေသည်။
သူမ အနေဖြင့် မည်သို့လုပ်သင့်သနည်း။
"ဒီနေရာက အရမ်း အန္တရာယ် များတယ်... ငါတို့ အခု ထွက်သွားသင့်ပြီလို့ ငါ ထင်တယ်..."
ချန်လော့သည် ယခုလေးတင် သေဆုံးသွားသော အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား ထံမှ
ရွေးထုတ်ထားသော သိုလှောင်အိတ်ထဲကို ကြည့်ရှုရင်း ပြောလိုက်သည်။
ကျောက်မန် သည် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ခေါင်းခါလိုက်သည်။
"မဖြစ်ဘူး... အဆိပ်ပုလဲ က အပြည့်အဝ မဖြစ်တည်သေးဘူး ဆိုရင်တောင် ကျွန်မ အဲဒါကို ရအောင်
ယူရမယ်..."
ဤသည်မှာ မထွက်ခွာမီက အဆိပ်တောင်ထွတ် အကြီးအကဲ မှ ကျောက်မန်ကို အထူးတလည်
ညွှန်ကြားခဲ့သော ကိစ္စ ဖြစ်သည်။
ထို့အပြင် အဆိပ်ပုလဲ သည် အပြည့်အဝ ဖြစ်တည်မှု မရှိဘဲ တစ်ဝက်တစ်ပျက် အခြေအနေတွင်သာ
ရှိနေနိုင်ကြောင်း အကြီးအကဲ မှ အစကတည်းက ခန့်မှန်းထားခဲ့ပြီး ဖြစ်ပြီး ၊ ပြဿနာကြီးကြီးမားမား
မဟုတ်ပေ။
အကြောင်းမှာ ကျောက်မန်သည် အဆိပ်ပုလဲကို ရရှိသွားသည်နှင့် ၊ အကြီးအကဲတွင် ထိုအဆိပ်ပုလဲကို
အစွမ်းကုန် ကြီးထွားဖွံ့ဖြိုးလာအောင် ပြုလုပ်ပေးနိုင်သည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင်
ရှိနေသောကြောင့်ပင် ။
ထို့ကြောင့် ကျောက်မန်သည် မည်သို့ပင်ဖြစ်စေ အဆိပ်ပုလဲ ကို ရအောင် ယူရမည် ဖြစ်သည်။
ကျောက်မန်၏ ခိုင်မာသော သဘောထားကို မြင်ပြီး ၊ ချန်လော့သည် မျက်မှောင်ကြုတ်မိလေသည်။
အဆိပ်မြူစိမ့်မြေ မှ ထိုလူများ၏ အလောင်းများသည် သူ့တို့ မျက်စိရှေ့တွင် ရှိနေပြီး ၊ သူသည် ၎င်းတို့၏
သိုလှောင်အိတ် များကို ယခုလေးတင်မှ နိုက်ယူခဲ့သည် မဟုတ်လော။
နောက်တစ်စက္ကန့်တွင် သူ၏ သိုလှောင်အိတ် ကို အခြား တစ်ယောက်ယောက်က ကောက်ယူသွားမည်ကို
သူ မလိုလားပေ။
"လူတွေ သေနိုင်တယ်နော်..." ချန်လော့က သတိပေးလိုက်၏။
သို့သော် ကျောက်မန်က ချက်ချင်း ခေါင်းခါလိုက်သည်။
"ကျွန်မ မကြောက်ဘူး..."
ချန်လော့ က တောက်ခေါက်လိုက်၏။
"ဒါပေမဲ့ ငါက ကြောက်တယ်လေအေ”
ပုံမှန်အားဖြင့် ချန်လော့သည် အတိုးအလျှော့မရှိဘဲ ခေါင်းမာတတ်သူတစ်ဦး ဖြစ်သော်လည်း၊
မိတ်ဆွေသူငယ်ချင်းများကို ကူညီရမည့် ကိစ္စတွင်မူ မည်သည့်အခါမျှ ဝန်လေးတွန့်တိုတတ်သူ
မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် ကျောက်မန်နှင့်အတူ ဤခရီးကို လိုက်ပါလာခဲ့မည် မဟုတ်ချေ။
သို့သော် ဤ အဆိပ်မြူစိမ့်မြေ၏ အန္တရာယ် အဆင့်သည် ချန်လော့၏ ခံနိုင်ရည် ကန့်သတ်ချက်ထက်
သိသိသာသာ ကျော်လွန်နေသည်။
အဆိပ်မြူစိမ့်မြေထဲမှ ထိုကျင့်ကြံသူများသည် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သို့
ရောက်ရှိထားသူများ ဖြစ်သည်။ အဆိပ်တောင်ထွတ်မှ အတွင်းဂိုဏ်းသားများ ဖြစ်သည်နှင့်အညီ ၊
အဆိပ်အတတ်၌ အထူးနှံ့စပ်ကြပြီး၊ မိမိတို့၏ ကိုယ်ခန္ဓာအတွင်း၌ပင် မည်သည့်အဆိပ်ကိုမဆို
ခုခံနိုင်စွမ်းရှိသော အဆိပ်ဖြေဆေးများကို ဖော်စပ်နိုင်ကြသူများ ဖြစ်သည်။
ထိုသို့ ဖြစ်နေသည့်တိုင် ၊ ၎င်းတို့သည် အဆိပ်မြူစိမ့်မြေ၏ ဝါးမျိုခြင်းကို ခံလိုက်ရသေးသည်။
အဆိပ်အတတ်နှင့် ပတ်သက်၍ ဘာမှမသိနားမလည်သော သူသာဆိုလျှင်ဖြင့် ပြောနေစရာပင်
မလိုတော့ချေ။
ကျောက်မန်သည် ချန်လော့ကို တစ်ချက် ကြည့်လိုက်သည်။ ချန်လော့ စိုးရိမ်နေကြောင်း သူမ
သိထားသော်လည်း၊ သို့သော် သူမ တစ်ယောက်တည်း ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။
အဆိပ်မြူစိမ့်မြေ ထဲတွင် အစွမ်းထက်သော သားရဲ တစ်ကောင်ကောင် ရှိနေမည်လား ဆိုသည်ကို သူမ
အတပ်မပြောနိုင်ပေ။
မရှိဘူး ဆိုရင်တော့ ကောင်းတာပေါ့... ဒါပေမဲ့ ရှိနေရင်ရော ဘယ်လိုလုပ်မလဲ... သူမရဲ့
ချီသန့်စင်ခြင်း သတ္တမအဆင့် စွမ်းအားနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် ခက်ခဲလိမ့်မယ်…
အတန်ကြာ စဉ်းစားပြီးနောက် ကျောက်မန်သည် ချန်လော့ကို ကြည့်ကာ အံကြိတ်ပြောလိုက်သည်။
"၅၀၀..."
"ဘယ်လို..."
ဂဏန်းကို ကြားသည်နှင့်၊ ချန်လော့ တစ်ယောက် မှင်တက်သွားပြီး ကျောက်မန်၏ ဆိုလိုရင်းကို
နားမလည်ခဲ့ပေ။
ကျောက်မန်က ထပ်ပြောလိုက်သည်။
"အဲဒါ ပြီးသွားရင် နင့်ကို ဝိညာဉ်ကျောက်တုံး ၅၀၀ ပေးမယ်..."
ထိုစကားကို ကြားသည်နှင့် ချန်လော့သည် ချက်ချင်း တက်ကြွသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။
သို့သော် သူသည် ထိုလှည့်ကွက်ထဲသို့ ကျရောက်မသွားဘဲ လက်ကို အရင် ဖြန့်လိုက်သည်။
"ဝိညာဉ်ကျောက်တုံး တွေကို အရင်ပေး..."
"ငါ မယူလာဘူး..." ကျောက်မန်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
ချန်လော့ မျက်မှောင်ကြုတ်သွားသည်။
"ဒါဆို နင်က ငါ့ကို ပိုက်ဆံလက်မှတ် အလွတ် ပေးနေတာပေါ့..."
"ကျွန်မသာ ဝိညာဉ်ကျောက်တုံး တွေကို ကိုယ်နဲ့ တစ်ပါတည်း သယ်လာခဲ့ရင်... ရှင်က အဲ့တာတွေကို
ကြိုးစားစရာတောင် မလိုဘဲ လုယူသွားလိမ့်မယ်... ကျွန်မ မသိဘူးလို့ မထင်နဲ့..."
ထိုစကားကို ကြားသည်နှင့် ၊ ချန်လော့သည် အနေခက်စွာ ပြုံးလိုက်သည်။ မိမိ၏ စစ်မှန်သော
ရည်ရွယ်ချက်များကို တစ်ဖက်လူက ထွင်းဖောက်မြင်သွားလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
သူသည် ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် ။
"အဟမ်း... အဲဒီအကြောင်းကို မပြောနဲ့တော့.. ငါ သိချင်တာက အဲ့ဒီဝိညာဉ်ကျောက်တုံး ၅၀၀ ရဲ့
ကုန်ကျစရိတ်ကို နင် ဘယ်လို အာမခံနိုင်မလဲ ဆိုတာပဲ..."
ကျောက်မန်သည် ချန်လော့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ အကူအညီ လိုအပ်ရင် ရှင့်ဆီကနေ အကူအညီ တောင်းလို့ ရတယ်လို့ ကျွန်မဆရာ က
ပြောထားတယ်... ပြီးတော့ ကျွန်မဆရာ ကပဲ အတူတူ ပေးချေပေးလိမ့်မယ်..."
"ရှင့်နောက်မှာ အကြီးအကဲ လော ရှိနေတာပဲ... ကျွန်မဆရာ က ရှင့်ကို မပေးမှာကို စိုးရိမ်မနေနဲ့...
အဲ့တာဆို လုံလောက်ပြီလား..."
ချန်လော့သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ကျောက်မန်၏ စကားများသည် အဓိပ္ပာယ်ရှိသည်ဟု
တွေးလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ၊ သူ၏ဆရာကို မည်သူကမျှ ထိပ်တိုက်မရင်ဆိုင်ရဲသည်ဖြစ်ရာ၊
သူသည်လည်း ငြင်းဆန်ခြင်းမပြုတော့ဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။
"ကောင်းပြီလေ... ဒါဆို ငါ မင်းကို စိတ်မပါလည်း ကူညီပေးရတာပေါ့..."
"ဒါပေမဲ့ ငါ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်... ငါ မကိုင်တွယ်နိုင်တဲ့ အရာတစ်ခုခုနဲ့
ကြုံတွေ့ရရင် ငါက အရင်ဆုံး ထွက်ပြေးမှာပဲ..."
"ငါ့အသက်က အရမ်း တန်ဖိုးရှိတယ်..."
ကျောက်မန်သည် နောက်ထပ် ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းညိတ်လိုက်၏။
ထို့နောက် သူတို့ နှစ်ဦးသည် စိမ့်မြေထဲသို့ တစ်ယောက်နောက် တစ်ယောက် လျှောက်ဝင်သွားကြသည်။
ထိုမြင်ကွင်းကြောင့် အဆိပ်တောင်ထွတ် မှ အတွင်းဂိုဏ်းသား များ၏ မျက်နှာပေါ်တွင် ထူးဆန်းသော
အမူအရာများ ဖြစ်ပေါ်လာကြသည်။
"ချန်လော့ က အဲဒီထဲကို ဝင်သွားပြီး ဘာလုပ်မလို့လဲ... သူ သေချင်နေတာလား..."
"ဒီကောင် လုံးဝ ရူးသွားပြီပဲ... သူ့ရဲ့ သေမျိုးခန္ဓာကိုယ်က အဆိပ်မြူစိမ့်မြေ ရဲ့ အဆိပ်ကို ခံနိုင်ရည်
ရှိမယ်လို့ ထင်နေတာလား..."
"အဆင်အခြင်မရှိဘူးပဲ... ဒါပေမဲ့လည်း ငါတို့ သူ့ရဲ့ သိုလှောင်အိတ် ကို စစ်ကြည့်လို့ ရတာပေါ့...
တိုက်ရိုက်တပည့် တစ်ယောက်ရဲ့ သိုလှောင်အိတ် ထဲမှာ ပစ္စည်းကောင်းတွေ ရှိနိုင်တယ်လေ..."
သူတို့ စကားပြောနေစဉ် ချန်လော့ကို လှောင်ပြောင်ပြောဆိုလိုက်ကြသည်။
ချန်လော့သည် သူတို့ထက် အားနည်းပြီး မည်သည့် အဆိပ်နည်းစနစ်ကိုမှ မကျင့်ကြံထားပေ။
ဤအခြေအနေတွင် သူသည် အထဲတွင် သုံးမိနစ်ထက် ပို၍ တောင့်ခံနိုင်မည် မဟုတ်ချေ။
"ဒီတစ်ကြိမ်တော့ အဆိပ်ပုလဲ က ဒီနေရာမှာပဲ ကျန်ခဲ့ရတော့မယ့်ပုံပဲ..."
"အစ်မကြီး ကျောက် က အဆိပ်တစ်သောင်းခန္ဓာ ကို ပိုင်ဆိုင်ထားရင်တောင်မှ သူမက အထဲမှာ
အလွန်ဆုံး ဆယ်မိနစ်လောက်ပဲ နေနိုင်မှာ... အဆိပ်ပုလဲ တွေ စုစည်းနေတဲ့ နေရာကို ရောက်ဖို့က
အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ယူရတယ်လေ..."
"ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို လည်ပတ်စေလိုက်ရင် အဆိပ်တွေက ပိုပြီး မြန်မြန် စိမ့်ဝင်လာမှာ...
ပြီးတော့ ဆယ်မိနစ် မပြည့်ခင်မှာပဲ အဲ့တာကြောင့် သေသွားလိမ့်မယ်... ကြည့်ရတာ ငါတို့ ဒီအဆိပ်ပုလဲ
ကို မရနိုင်တာကလည်း ငါတို့ရဲ့ ကံကြမ္မာပဲ ထင်တယ်..."
မလှမ်းမကမ်းရှိ အဆိပ်မြူစိမ့်မြေအတွင်းသို့ ဝင်ရောက်ပြီး (၅) မိနစ်ခန့်အကြာတွင်မူ၊ ချန်လော့သည်
မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းနွမ်းလျလာသည်ကို စတင်ခံစားလိုက်ရပြီး
နဖူးပြင်ပေါ်၌လည်း ချွေးစေးများ စီးကျလာလေ၏။
"ဆက်မတောင့်ခံနိုင်တော့ဘူးလား..."
ချန်လော့၏ ပုံစံကို ကြည့်ရင်း ကျောက်မန်က မေးလိုက်သည်။
ချန်လော့သည် ဤမျှလောက် မြန်မြန် ခံနိုင်ရည်မရှိလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့သည်မှာ
ထင်ရှားသည်။
ချန်လော့သည် ကျောက်မန်ကို ဆွံ့အနေသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူသည် အဆိပ်များနှင့်
ပတ်သက်သော မည်သည့် ကျင့်စဉ် ကိုမှ မကျင့်ကြံဖူးသလို၊ ကျောက်မန်ကဲ့သို့ အဆိပ်တစ်သောင်းခန္ဓာ
ကိုလည်း မပိုင်ဆိုင်ထားချေ။
သူသည် ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာ အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်
ကြောင့်သာ ဖြစ်၏။
အခြား တစ်ယောက်ယောက်သာ ဆိုလျှင် အစောကြီးကတည်းက လဲကျသွားလောက်ပြီ ဖြစ်ပေမည်။
သူ့ရှေ့က ချန်လော့ကို ကြည့်ရင်း ကျောက်မန်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ၊ သူမ၏
သိုလှောင်အိတ် ထဲမှ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ချန်လော့ထံသို့ ကမ်းပေးလိုက်၏။
"ဒါက တတိယအဆင့် အဆိပ်ကာကွယ်ရေး ဆေးလုံး ပဲ... ဒါကို သောက်ပြီးသွားရင် ရှင်
ဆယ်မိနစ်လောက် အဆိပ်ဒဏ်ကို ခံနိုင်ရည် ရှိသွားလိမ့်မယ်..."
"ရှင် ဆက်မခံနိုင်တော့ဘူးလို့ ခံစားရရင် အဲဒါကို စားလိုက်... ဒါပေမဲ့ မှတ်ထားနော်... ရှင် တကယ်
ဆက်မခံနိုင်တော့တဲ့ အချိန်ကျမှပဲ စားသင့်တယ်..."
ချန်လော့သည် သူ့ လက်ထဲက ဆေးလုံး ကို ကြည့်လိုက်ပြီး အတန်ကြာ စဉ်းစားကာ ကျောက်မန်ကို
ကြည့်လိုက်၏။
"မင်းဆီမှာ ဘယ်နှလုံး ကျန်သေးလဲ..."
"တစ်လုံးပဲ ကျန်တော့တယ်..."
"အဲဒီကို ရောက်ဖို့ အနည်းဆုံး မိနစ် ၃၀ လောက် ကြာမယ်လို့ သူတို့ ပြောတယ်လေ... ဒါဆို
အသွားအပြန်ဆိုရင် တစ်နာရီလောက် ကြာမှာပေါ့..."
ချန်လော့၏ စကားများကို ကြားပြီးနောက် ကျောက်မန်သည် ထိုအရာကို စဉ်းစားမိသွားသည်။
အဆိပ်စွမ်းအားများမှာ ဆယ်ဆကျော်မျှ ပိုမိုအစွမ်းထက်လာမည်ဟူသော အဆိပ်တောင်ထွတ်
ဂိုဏ်းသားများ၏ သတိပေးချက်ကို သူမ လျစ်လျူရှုမိခဲ့သည်။
သူမ၏ "အဆိပ်တစ်သောင်းခန္ဓာ" ဖြင့် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ပြီး ၊ ချန်လော့သည် သူ၏
သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားကိုး၍ တောင့်ခံနိုင်မည်ဟု သူမ ထင်ခဲ့၏။
သို့သော် ယခု ကြည့်ရသည်မှာ သူမ မှားယွင်းသွားပုံရသည်။
သူတို့သည် ထိုနေရာသို့ သွားရန်ပင် အခွင့်အရေး မရှိခဲ့ပေ။
"ဒါဆို... ငါတို့ ပြန်သွားကြတာပေါ့..."
ကျောက်မန်သည် ခေါင်းလေးငုံ့လျက် ၊ သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်မှု အရိပ်အယောင်အချို့
ဖြစ်ပေါ်လာ၏။
သို့သော် ချန်လော့သည် သူမကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု
ပေါ်ထွက်လာခဲ့သည်။
"ဝိညာဉ်ကျောက်တုံး ၁၀၀ တိုးပေး... အို မဟုတ်ဘူး... ၂၀၀ တိုးပေး..."
ကျောက်မန် သည် တစ်ခဏမျှ မှင်တက်သွားပြီး ဘာဖြစ်နေသည်ကို သူမ မစဉ်းစားနိုင်မီမှာပင် ၊
ချန်လော့သည် ပါးစပ်ကို ဖွင့်ကာ အဆိပ်ကာကွယ်ရေး ဆေးလုံး ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို
တွေ့လိုက်ရ၏။
အစကတည်းက ချန်လော့သည် သူ၏ အဆ ၁၀၀ တိုးပွားခြင်း ကို စတင်ထားပြီး ဖြစ်သည်။
***