နောက်တစ်နေ့ နံနက်။
ချန်ရှင်းဂိုဏ်း၏ ရင်ပြင်ပေါ်တွင် အတွင်းဂိုဏ်းသား ဝတ်စုံများကို ဝတ်ဆင်ထားသော အတွင်းဂိုဏ်းသား ရာပေါင်းများစွာ ရပ်နေကြသည်။
ဤလူများ အားလုံးသည် ပြိုင်ပွဲတစ်ခုမှတစ်ဆင့် စမ်းသပ်လေ့ကျင့်ရေးကွင်း သို့ ဝင်ရောက်ရန် ရွေးချယ်ခံခဲ့ရသူများ ဖြစ်ပြီး ၊ စုစုပေါင်း လူ ၃၀၀ ကျော် ရှိသည်။
အရေအတွက်မှာ အများကြီးဟု ထင်ရသော်လည်း ၊ ဂိုဏ်းအတွင်းရှိ အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ အတွင်းဂိုဏ်းသား ၁၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက ၊ ဤလူသုံးရာ ဆိုသည်မှာ နည်းပါးသော အရေအတွက် တစ်ခုဟု သတ်မှတ်ရပေမည်။
ချန်လော့သည် လောချင်းယွီ၏ ဘေးတွင် ရပ်လျက် အတွင်းဂိုဏ်းသားများ၏ အရှေ့ဆုံးတွင် ရှိနေသည်။
သူသည် တိုက်ရိုက်တပည့် တစ်ဦး ဖြစ်သောကြောင့် ၊ အများတကာထက် အထူး အခွင့်အရေးများ ရရှိခြင်းသည် ပုံမှန်ပင် ဖြစ်သည်။
ချန်လော့နှင့် မလှမ်းမကမ်းတွင် သူ၏ မိတ်ဟောင်းဆွေဟောင်း တစ်ဦး ဖြစ်သော ကျောက်မန် ရပ်နေသည်။
"မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ..." ချန်လော့က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
ကျောက်မန်သည် ချန်လော့ဘက်ကို လှည့်ကြည့်လာကာ မျက်မှောင်ကြုတ်သွားသည်။
"စမ်းသပ်လေ့ကျင့်ရေးကွင်း ကို သွားမလို့လေ..."
"ဟင်..."
ချန်လော့ အံ့အားသင့်သွားသည်။
"မင်း ကြည့်ရတာ အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်သေးတဲ့ပုံ မပေါ်ပါဘူး..."
"ရွှေမြုတေအဆင့် အောက်က ဘယ်သူမဆို ဝင်ခွင့် ရှိတယ်... အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်ဖို့ မလိုအပ်ဘူး..."
အဆိပ်တောင်ထွတ် အကြီးအကဲ က ဝင်ရောက် ရှင်းပြလိုက်သည်။
"ချန်လော့... မင်း အဆင်ပြေမယ်ဆို စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲ ရောက်သွားရင် ကျေးဇူးပြုပြီး ကျောက်မန် ကို စောင့်ရှောက်ပေးပါလား..."
"ဘာပဲဖြစ်ဖြစ် မင်းတို့ နှစ်ယောက်က မိတ်ဟောင်းဆွေဟောင်း တွေပဲလေ..."
အဆိပ်တောင်ထွတ် အကြီးအကဲ သည် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆောင်ထားရင်း ပြောလိုက်သည်။
ဆရာဖြစ်သူ၏ စကားများကို ကြားပြီး ကျောက်မန်မှာ စကားပြောရန်ပင် ဆွံ့အသွားတော့သည်။
သူမကို စောင့်ရှောက်ခိုင်းသတဲ့လား... ဒီသကောင့်သားကသာ သူမရဲ့ အကြီးမားဆုံး အန္တရာယ်ကောင်ကြီးလေ... ချန်လော့သာ မရှိရင် သူမက အဆပေါင်းတစ်ရာလောက် ပိုပြီး လုံခြုံဦးမယ်…
ချန်လော့သည် အစပိုင်းတွင် ငြင်းဆန်ချင်ခဲ့သော်လည်း ၊ ထို့နောက် ကျောက်မန်သည် အဆိပ်တောင်ထွတ် အကြီးအကဲ ၏ တပည့် တစ်ဦး ဖြစ်သည့်အပြင် အဆိပ်တစ်သောင်းခန္ဓာ လည်း ရှိနေသဖြင့် သူမသည် ချန်ရှင်းဂိုဏ်း ၏ အဖိုးတန် ရတနာ တစ်ပါး ဖြစ်ကြောင်း တွေးမိလိုက်သည်။
ယခု သူမသည် ချီသန့်စင်ခြင်းအဆင့် တွင်သာ ရှိနေသေးရာ စမ်းသပ်လေ့ကျင့်ရေးကွင်း သို့ ဝင်ရောက်ခြင်းသည် သူမအတွက် အန္တရာယ်များနှင့် ပြည့်နှက်နေမည်မှာ သေချာသည်။ ထိုကြောင့် သူမ၏ လုံခြုံရေးကို အာမခံနိုင်ရန် အဆိပ်တောင်ထွတ် အကြီးအကဲ သည် သူမကို အသက်ကယ် ပစ္စည်းများစွာ ပေးထားမည် မဟုတ်လော။
သူမ၏ စောင့်ရှောက်သူ အနေဖြင့် ထိုဆုကြေးကို ရယူခြင်းသည် သဘာဝကျပေသည် …
ထိုအရာကိုတွေးမိသည်နှင့် ချန်လော့သည် ချက်ချင်းလက်ငင်း တောက်ပစွာ ပြုံးလိုက်သည် ။
"အကြီးအကဲ... စိတ်မပူပါနဲ့... ကျွန်တော်တို့ စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲ ရောက်တာနဲ့ ကျွန်တော် ချန်လော့ အသက်ရှင်နေသရွေ့ ကျောက်မန် ကို အထိခိုက်ခံမှာ မဟုတ်ပါဘူး..."
ထိုစကားကို ကြားလိုက်ရချိန်တွင် အဆိပ်တောင်ထွတ် အကြီးအကဲ သည် အလွန် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သို့သော် ကျောက်မန်သည် ချန်လော့၏ အပြုံးကို ကြည့်လိုက်သောအခါ သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
ဒီလိုအပြုံးမျိုးကို သူမ အရင်က မြင်ဖူးသလိုပဲ... သွေးသဲကန္တာရ မှာ ချန်လော့ သူမကို အဆိပ်သီး ကျွေးတုန်းကလည်း ဒီအမူအရာမျိုးပဲလေ…
"တိတ်တိတ်နေကြ..."
အသံထွက်လာသည်နှင့် အနည်းငယ် ဆူညံနေသော ရင်ပြင်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားပြီး ၊ လေတိုက်ခတ်ခြင်းကြောင့် သစ်ရွက်လှုပ်ရှားသံသာ ကျန်ရစ်ခဲ့သည်။
ယွီထျန်းစီ သည် ရင်ပြင်၏ အလယ်တွင် ရပ်ကာ အတွင်းဂိုဏ်းသား များကို ကြည့်လိုက်သည်။
"ဒီနေ့ စမ်းသပ်လေ့ကျင့်ရေးကွင်း ကို စတင် ဖွင့်လှစ်မယ်... ပြီးတော့ တစ်လကြာမယ်... ဒီတစ်လတာ ကာလအတွင်းမှာ မင်းတို့ကို အခွင့်အရေး တွေရော အန္တရာယ်တွေကပါ အဖော်ပြုပေးလိမ့်မယ်... ဘာအခွင့်အရေးတွေ ရမလဲ၊ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ ဆိုတာက မင်းတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာ အပေါ်မှာပဲ မူတည်တယ်..."
"မင်းတို့ အားလုံးက ဂိုဏ်းရဲ့ ထိပ်တန်း အစွမ်းအစ ရှိသူတွေပဲ... ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ မင်းတို့ အားလုံး စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲမှာ တိုးတက်လာဖို့နဲ့ တစ်ခုခု ရရှိလာဖို့ မျှော်လင့်ပါတယ်... ဒီ ရှားပါးတဲ့ အခွင့်အရေးကို အလဟဿ မဖြုန်းတီးပစ်ကြနဲ့..."
ထိုသို့ ပြောပြီးနောက် သူသည် ဝင်္ကပါတောင်ထွတ် အကြီးအကဲ ကို လှည့်ကြည့်လိုက်သည်။
"နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို အသက်သွင်းလိုက်..."
ယွီထျန်းစီ ၏ စကားများသည် အလွန် တိုတောင်းပြတ်သားသည်။ တစ်မနက်ခင်းလုံး ကြာအောင် စကားအရှည်ကြီး ပြောတတ်သည့် ခေါင်းဆောင်အချို့နှင့် မတူချေ။
ဝင်္ကပါတောင်ထွတ် အကြီးအကဲ သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် မြေပြင်တွင် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို ဖန်တီးဆောက်လုပ်ပြီးကာ လူတိုင်း၏ ရှေ့တွင်ပေါ်ထွက်လာစေသည်။
"စမ်းသပ်မှုမှာ ပါဝင်မယ့်သူတွေ အထဲဝင်ကြ..."
ယွီထျန်းစီ၏ စကားသံအဆုံးတွင် ၊ အတွင်းဂိုဏ်းသား အားလုံးသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ဆီသို့ ဦးတည် သွားကြသည်။
သို့သော် ချန်လော့သည် အလျင်စလို မထွက်ခွာသေးပေ။ ယင်းအစား သူသည် ကျောက်မန်ကို ကြည့်ကာ သူမ အရင် သွားမည့် အချိန်ကို စောင့်ဆိုင်းနေပုံရသည်။
"အမျိုးသမီးက ပထမလေ..."
ချန်လော့သည် အလွန် ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။
အကြောင်းရင်း တစ်ခုခုကြောင့် သူမကို ကြည့်နေသည့် ချန်လော့၏အကြည့်က အနည်းငယ် မရိုးမသား ဖြစ်နေသည်ဟု ကျောက်မန်တစ်ယောက် ခံစားနေမိသည်။
သို့သော် အတန်ကြာ စဉ်းစားပြီးနောက် သူမသည် ရှေ့ကနေ ထွက်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၊ သူမသည် ချန်လော့နှင့် အတူ ဤနေရာတွင် တစ်နေကုန် အချိန်ဖြုန်းနေရန် အချိန်မရှိပေ။
ကျောက်မန် ထွက်သွားသည်ကို မြင်ပြီး ချန်လော့သည် ချက်ချင်း နောက်မှ လိုက်ပါသွားသည်။
ကျောက်မန်၏ နောက်သို့ ကပ်လျက် လိုက်သွားသော ချန်လော့ကို ကြည့်ရင်း အဆိပ်တောင်ထွတ် အကြီးအကဲ က ပြုံးလိုက်သည်။
"လူငယ်လေးတွေ... လူငယ်လေးတွေ ဆိုတာ အံ့သြစရာ ကောင်းတာပဲ..."
…
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ဖြတ်သန်းပြီးနောက် ချန်လော့နှင့် ကျောက်မန်တို့ သည် စမ်းသပ်လေ့ကျင့်ရေးကွင်း သို့ ရောက်ရှိသွားကြသည်။
ဤနေရာသည် အတွင်းဂိုဏ်းသားများ အားလုံး နေရာရွှေ့ပြောင်းခြင်း ခံခဲ့ရသော ရှေးဟောင်း သစ်တောကြီး တစ်ခု ဖြစ်သည်။
ချန်လော့သည် ရှေးဟောင်း သစ်တောကြီး ၏ သာယာလှပသော ရှုခင်းများကို ငေးမောကြည့်ရှုရင်း၊ အလှတရားများမှ ပြန်လည်သတိမဝင်လာသေးမီ မလှမ်းမကမ်းမှ စူးရှသော အော်ဟစ်သံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"အား..."
ထိုအသံကို ကြားသည်နှင့် ချန်လော့သည် သူ၏ ဓားရိုးကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး သတိထားလိုက်သည်။
ကျောက်မန်သည် ချန်လော့၏ နောက်တွင် ဝင်ပုန်းရန် အလိုအလျောက် ရွေ့လျားသွားသည်။
ချန်လော့သည် သိပ်ပြီး အားကိုးရလောက်သည့်သူ မဟုတ်သော်လည်း အနည်းဆုံးတော့ သူ၏ စွမ်းရည်များသည် အတော်လေး ကောင်းမွန်သည် မဟုတ်လော။
လူတိုင်းက အသံလားရာ ဘက်သို့ ကြည့်လိုက်ကြသည်။
မကြာမီမှာပင် အော်ဟစ်ခဲ့သူမှာ မိန်းကလေး အတွင်းဂိုဏ်းသား တစ်ဦး ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ အော်ဟစ်ရသည့် အကြောင်းရင်းမှာ အလောင်း တစ်လောင်းကြောင့် ဖြစ်ပြီး ၊ ပို၍ အတိအကျဆိုရလျှင်ဖြင့် ၎င်းမှာ ချန်ရှင်းဂိုဏ်း မှ အတွင်းဂိုဏ်းသားတစ်ဦး၏ အလောင်း ဖြစ်သည်။
အလောင်းကို ကြည့်ရသည်မှာ ထိုနေရာတွင် ရှိနေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်ပုံရသည်။ ၎င်းသည် မံမီ အလောင်း တစ်လောင်း ဖြစ်နေပြီ ဖြစ်ကာ မြေပြင်ပေါ်တွင် လဲကျနေပြီး ၊ ရင်ဘတ်ပေါ်တွင် သိသာထင်ရှားသော ကုတ်ခြစ်ရာများ ရှိနေသဖြင့် အစွမ်းထက်သော သားရဲ တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ညွှန်ပြနေသည်။
"ဒါ... ဒါက အရင်တုန်းက စမ်းသပ်လေ့ကျင့်ရေးကွင်း ကို လာခဲ့ဖူးတဲ့ အတွင်းဂိုဏ်းသား လား..."
"ကြည့်ရတာ သူက သားရဲ တစ်ကောင်ကောင်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတဲ့ပုံပဲ..."
"သူ ဝတ်ထားတာက ဝင်္ကပါတောင်ထွတ် က အဓိကတပည့် ရဲ့ ဝတ်စုံနဲ့ တူတယ်..."
အလောင်းကို မြင်ပြီး လူအုပ်ကြီးမှာ ထိတ်လန့်သွားကြသည်။
ချန်ရှင်းဂိုဏ်း တွင် အဓိကတပည့် ဖြစ်လာနိုင်သူများမှာ ယေဘုယျအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် သို့မဟုတ် ရွှေမြုတေအဆင့် ကျင့်ကြံသူ များပင် ဖြစ်ကြသည်။
စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲသို့ ဝင်ရောက်နိုင်ပုံအရ ၊ ၎င်းသည် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် သို့ ရောက်ရှိနေရမည်ဟု ဆိုလိုသည်။ ဤနေရာရှိ သားရဲ များသည် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ကိုပင် သတ်ဖြတ်နိုင်ပါက ၊ ၎င်း၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။
ထိုအရာကိုတွေးမိသည်နှင့် လူတိုင်းမှာ ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံလိုက်ရသည်။ သူတို့သည် သားရဲ များနှင့် မကြုံတွေ့ရသေးမီမှာပင် ၊ ကြောက်လန့်လွန်းသဖြင့် သတိလစ်လုမတတ် ဖြစ်နေကြပြီ ဖြစ်သည်။
တစ်ဘက်တွင် ချန်လော့သည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ အလောင်းဆီသို့ ပြေးသွားပြီး၊ ထို အဓိကတပည့် ၏ ကိုယ်ပေါ်၌ စတင် ရှာဖွေတော့သည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် လူတိုင်း မှင်တက်သွားကြပြီး ချန်လော့ ဘာလုပ်နေသည်ကို သတိမပြုမိသေးပုံရသည်။
ချန်လော့သည် အလောင်းပေါ်မှ သိုလှောင်အိတ် တစ်လုံးကို ဖြည်းညင်းစွာ ရှာတွေ့သွားသည့် အချိန်အထိပင်။
"ဘုရားရေ ကျေးဇူးပဲ... သိုလှောင်အိတ် က ဒီနေရာမှာ ရှိနေတုန်းပဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း ဆွံ့အသွားတော့သည်။
“အစ်ကိုကြီး... ခင်ဗျားက ချန်ရှင်းဂိုဏ်း ရဲ့ တိုက်ရိုက်တပည့် တစ်ယောက်လေ... အနည်းဆုံးတော့ ဂိုဏ်းရဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် မဟုတ်ဘူးလား…”
“ခင်ဗျားက ကိုယ့်ဂိုဏ်းက အတွင်းဂိုဏ်းသား ရဲ့ အလောင်းကို လူပုံအလယ်မှာ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ မျက်နှာပြောင်တိုက်ပြီး လုပ်ရက်တာလဲ…”
ကျောက်မန်ခမျာ သူမသည် ချန်လော့နှင့် သိကျွမ်းသူဖြစ်မှန်း တစ်စုံတစ်ယောက်က မှတ်မိသွားမည်ကို စိုးရိမ်သဖြင့်၊ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ဘေးသို့ အမြန်ရှောင်ထွက်သွားခဲ့သည်။
“ဝေါင်း..."
ရှေးဟောင်း သစ်တောကြီး ၏ အနက်ရှိုင်းဆုံး နေရာမှ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို ချက်ချင်း သတိထားမိသွားစေသည်။
"ခုနက ဟိန်းဟောက်သံက ငါတို့နဲ့ သိပ်ဝေးတဲ့ပုံ မပေါ်ဘူးနော်..."
"ဒါ့အပြင် အဲ့ဒီဟိန်းဟောက်သံက အခြေခံတည်ဆောက်ခြင်းအဆင့်ရှိတဲ့ သားရဲ ရဲ့ အသံနဲ့ မတူဘူး..."
"စမ်းသပ်လေ့ကျင့်ရေးကွင်း ထဲမှာ ရွှေမြုတေအဆင့် ရှိတဲ့ သားရဲ တွေ ရှိတယ်လို့ ငါ ကြားဖူးတယ်... ငါတို့ ရောက်ရောက်ချင်း အဲဒါနဲ့ သွားတိုးရလောက်အောင် အထိ ကံမဆိုးလောက်ပါဘူးနော်..."
"ချီးပဲ... အထက်တန်းစား မှော်လက်နက် ပဲ..."
လူတိုင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေစဉ် ၊ အံ့အားသင့်သော အသံတစ်ခုကို ကြားလိုက်ရသည်။
လူတိုင်း လှည့်ကြည့်လိုက်ရာ ချန်လော့သည် သိုလှောင်အိတ် ထဲမှ ရှာတွေ့ခဲ့သည့် တောက်ပသော ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။
အထက်တန်းစား မှော်လက်နက် သည် အမှန်တကယ်ပင် အဖိုးတန်သော်လည်း လူအုပ်ကြီးသည် ချန်လော့ကို မနာလို မဖြစ်ခဲ့ကြပေ။ အကြောင်းမှာ သူတို့သည် သူတို့၏ အနီးနားတွင် ရှိနေသော သားရဲ ကို ပို၍ စိုးရိမ်နေကြသောကြောင့် ဖြစ်သည်။
ချန်လော့၏ မျက်လုံးများမှာ လင်းလက်သွားသည်။
"စမ်းသပ်လေ့ကျင့်ရေးကွင်း က နှစ်တစ်ရာကျော် တည်ရှိခဲ့ပြီး ၅ နှစ် တစ်ကြိမ် ဖွင့်တယ်... ပြီးတော့ အကြိမ်တိုင်း လူသေတယ်လေ..."
"ဒီအတိုင်းသာဆို ငါ အလောင်းတွေဆီကနေ ပစ္စည်းတွေ လုယူပြီး ချမ်းသာလာနိုင်တယ်ပေါ့..."
လူတိုင်း : .......
***