ထူထပ်သော မီးခိုးများ တဖြည်းဖြည်း လွင့်စင်သွားသည်နှင့်အမျှ မှုန်ဝါးနေသော ပုံရိပ်တစ်ခုက လူတိုင်း၏ အမြင်အာရုံထဲတွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ ထိုအချိန်တွင် ထိုအနှီသူသည် ဘောင်းဘီ ဝတ်နေပုံရသည်။
မကြာမီမှာပင် သူသည် ဘောင်းဘီကို ဝတ်ပြီးသွားပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
"ရွှေမြုတေအဆင့် မိစ္ဆာ သာမည လေးက ငါ့ရှေ့မှာ ဒီလောက်တောင် မိုက်ရိုင်းရဲတယ်ပေါ့..."
ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာပြီး ၊ လူပုံသဏ္ဌာန် တစ်ခုက သားရဲ ၏ အလောင်းပေါ်တွင် ရပ်နေသည်။
လက်တစ်ဖက်ကို နောက်တွင် ပစ်ထားပြီး ၊ ကျန်လက်တစ်ဖက်က ဓားရှည် ကို ကိုင်လျက် ဓားသွားက သူ၏ ခြေအောက်ရှိ သားရဲကို တည့်တည့် ချိန်ရွယ်ထားသည်။
"ချန်... ချန်လော့လား..."
ကျောက်မန်သည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။ သို့သော် သူမ၏ အသံထဲတွင် မသေချာမှု အရိပ်အယောင်အချို့ ပါဝင်နေပုံရသည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ရွှေမြုတေအဆင့်ရှိသော ဖောက်ခွဲမှုဖြစ်သည်။ စစ်မှန်သော ရွှေမြုတေအဆင့်ရှိ စွမ်းအားရှင် တစ်ဦးပင် ခံနိုင်ရည် ရှိချင်မှ ရှိမည် ဖြစ်ရာ အခြေခံတည်ဆောက်ခြင်း တတိယအဆင့် တွင်သာ ရှိသေးသော ချန်လော့သာဆိုရင်ဖြင့် ပြောနေစရာပင် မလိုတော့ချေ။
သို့သော် ထူထပ်သော မီးခိုးများ လွင့်စင်သွားချိန်တွင် ၊ ရင်းနှီးနေသော မျက်နှာတစ်ခုက ကျောက်မန်၏ ရှေ့တွင် ပေါ်ထွက်လာသဖြင့် ထိုအချိန်မှသာလျှင် ကျောက်မန်၏ နှလုံးသားမှာ ငြိမ်သက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ချန်လော့သည် သားရဲဘုရင်၏ အလောင်းပေါ်တွင် ရပ်နေပြီး ၊ ထို သံချပ်ကာအပျော့စား ကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ၊ သူ၏ ဘောင်းဘီကိုတော့ လဲလှယ်ထားဟန် ရှိသည်။ သူသည် လက်တစ်ဖက်တွင် ဓားကို ကိုင်ထားပြီး သားရဲဘုရင်အား ချိန်ရွယ်ထားသည်မှာ အတော်လေး ခန့်ညားသော ပုံပေါက်နေသည်။
သူ၏ ခြေအောက်ရှိ သားရဲဘုရင် မှာ ခေါင်းနှင့် ကိုယ် ကွာသွားသည်မှာ ကြာပြီ ဖြစ်ပြီး လုံးဝ သေဆုံးနေပြီ ဖြစ်သည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များသည် အစပိုင်းတွင် မှင်တက်သွားကြပြီး ၊ ရုတ်တရက်ဆိုသလိုပင် ခန္ဓာကိုယ်ရှိသွေးများ ပွက်ပွက်ဆူလာကာ ကျန်ရှိနေသေးသော မီးတောက်မြိုသားရဲ များကို အကြီးအကျယ် တိုက်ခိုက်ကြတော့သည်။
တစ်ဖက်တွင်မူ မီးတောက်မြိုသားရဲ များသည် သူတို့၏ သားရဲဘုရင် သေဆုံးသွားသည်ကို မျက်မြင်တွေ့လိုက်ရသောကြောင့် ချက်ချင်း စိတ်ဓာတ်ကျသွားကြပြီး အကြီးအကျယ် ရှုံးနိမ့်သွားကြတော့သည်။
သို့သော် ချန်လော့သည် သွားရောက် မကူညီခဲ့ပေ။ အကြောင်းမှာ သူ၏ ဝိညာဉ်စွမ်းအင်များကို အကုန်အစင်နီးပါး သုံးစွဲပြီးသွားပြီ ဖြစ်ပြီး ၊ ၎င်းတို့ကို သွားရောက်ကူညီရန် စွမ်းအား မရှိတော့သောကြောင့် ဖြစ်သည်။
သားရဲဘုရင်၏ အလောင်းကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီးနောက် ၊ သူသည် ကျောက်မန်ဆီသို့ လျှောက်သွားလိုက်သည်။
"ရှင်... ရှင် အဆင်ပြေရဲ့လား..."
ကျောက်မန်သည် သံသယဖြစ်ဖွယ် အရိပ်အယောင်အချို့ဖြင့် ချန်လော့ကို ကြည့်လိုက်သည်။
အဲဒါက သားရဲ ရဲ့ ရွှေမြုတေ လေ... ရွှေမြုတေအဆင့် တစ်ဝက်ဆိုပေမဲ့... စစ်မှန်သော ရွှေမြုတေအဆင့် ရှိတဲ့ စွမ်းအားရှင်တောင် အထိအခိုက်မရှိ လွတ်မြောက်နိုင်မယ် မထင်ဘူး... ဘာလို့ ချန်လော့က ဘာမှ မဖြစ်ရတာလဲ…
ရွှေမြုတေ က အတုများ ဖြစ်နေမလား…
သို့သော် ချန်လော့သည် အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်သည်။
"ရွှေမြုတေ ဖောက်ခွဲတာလောက်တော့... နောက်ထပ် အကြိမ်တစ်ရာလောက် ဖြစ်လာရင်တောင် ငါ့ကို နည်းနည်းလေးတောင် ထိခိုက်စေမှာ မဟုတ်ဘူး..."
သို့သော် ထိုသို့ပြောပြီးသည်နှင့် ချန်လော့ ဝတ်ဆင်ထားသော သံချပ်ကာအပျော့စား သည် "ဖောင်း" ခနဲ အသံနှင့်အတူ ရုတ်တရက် ပြုတ်ကျသွားသည်။
"အဲဒီလောက်လည်း ကြီးကျယ်မနေပါဘူး... သူက ရွှေမြုတေဖောက်ခွဲတုန်းက ငါ့ကိုယ်စား ထိခိုက်ခံလိုက်ရလို့ အဲ့လိုဖြစ်သွားတာ..."
ကျောက်မန်မှာ ချန်လော့ကို ဆွံ့အစွာဖြင့် ကြည့်နေမိသည်။ လျှို့ဝှက်ဆန်းကြယ်သော လက်နက် အတု တစ်ခုက ရွှေမြုတေဖောက်ခွဲမှုကို တစ်ကြိမ်ကို တားဆီးပေးနိုင်ခဲ့သည်မှာ ၎င်း၏ ကန့်သတ်ချက်ထိ ရောက်ရှိနေပြီ ဖြစ်သည်။ မပျက်စီးမှသာလျှင် ထိုအရာမှာ ဆန်းကြယ်ပေလိမ့်မည်။
"ဒါနဲ့... သားရဲဘုရင် ကို နင် သတ်လိုက်တာလား..."
ကျောက်မန်က ရုတ်တရက် မေးလိုက်သည်။
"ဘာလဲ... သင်ချင်လို့လား... သင်ချင်ရင် ငါ သင်ပေးနိုင်ပါတယ်..."
သူ၏ ပျက်စီးသွားသော သံချပ်ကာအပျော့စား ကို ပြုပြင်ရန်အတွက် ကျောက်မန်ထံမှ သင်တန်းကြေး အချို့ကို မည်သို့ ညှစ်ထုတ်ရမည်ကို စဉ်းစားရင်း ချန်လော့က ပြုံးလိုက်သည်။
သို့သော် ကျောက်မန်သည် သူ့ကို မျက်စောင်းထိုးရုံသာမျှသာ ကြည့်လိုက်သည်။
"ဒါပေမဲ့ ချန်လော့က သားရဲဘုရင် ကို သတ်လိုက်တာ ဆိုရင်... ငါ့ရဲ့ ဓားမြှောင် က ဘယ်ရောက်သွားတာလဲ..."
ကျောက်မန်သည် ဤအကြောင်းကို စဉ်းစားနေစဉ် ချန်လော့၏ လက်ထဲတွင် ဓားမြှောင် တစ်လက် ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ ၎င်းမှာ သူမ အစောပိုင်းက အသက်သွင်းခဲ့သော ဓားမြှောင် ပင် ဖြစ်သည်။
"ငါ့ကို ပြန်ပေး..."
ကျောက်မန်သည် အလျင်အမြန် လက်လှမ်း၍ လုယူရန် ကြိုးစားလိုက်သော်လည်း ၊ ချန်လော့သည် အလွန် မြန်ဆန်စွာ ရှောင်တိမ်းလိိုက်ကာ သူမကို လုံးဝ အခွင့်အရေး မပေးခဲ့ချေ။
ထိုအခိုက်အတန့်တွင် ချန်လော့သည် ကျောက်မန်ကို ပြုံးတုံးတုံး ကြည့်လိုက်သည်။
“မင်း ခုနတင်ပဲ ဒီဓားမြှောင်ကို သုံးခဲ့တာမလား... ပစ်မှတ်က သားရဲဘုရင် ဖြစ်ရမှာပေါ့ ဒါပေမဲ့ သားရဲဘုရင်က ငါ့လက်ချက်နဲ့ သေသွားပြီဆိုတော့၊ ဓားမြှောင်ကလည်း ပစ်မှတ်ပျောက်ပြီး ဒီအတိုင်း ရပ်သွားတော့တာပဲ”
"ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီအရာက ရွှေမြုတေအဆင့် ကိုတောင် သတ်နိုင်စွမ်း ရှိရမယ်မလား”
ကျောက်မန်သည် ချန်လော့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ကျောက်မန်သည် သူ၏ မေးခွန်းကို မဖြေသည်ကို မြင်ပြီး ချန်လော့ တစ်ယောက် ပြုံးလိုက်သည်။
ငါ့ရဲ့ ခန့်မှန်းချက်က မှန်ပုံရတယ်…
ထို့ကြောင့် သူသည် ဓားမြှောင် ကို သူ၏ သိုလှောင်အိတ် ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။
"ဒီ ဓားမြှောင် က အရမ်း အန္တရာယ် များတယ်... မင်းအတွက် ငါ သိမ်းထားပေးမယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန်မှာ ဒေါသမီးများ တောက်လောင်ခဲ့ရပြန်သည်။
"အဲဒီထဲမှာ ရှင် ဘာလို့ မသေသွားရတာလဲ..."
ချန်လော့သည် ကျောက်မန်ကို မဖြေဘဲ ဂူထဲသို့ သူ့ဘာသာ လျှောက်ဝင်သွားတော့သည်။
"ရှင် ဘယ်သွားမလို့လဲ..." ကျောက်မန်က အော်ဟစ်လိုက်သည်။
"မြေအောက်ရေပူစမ်း ထဲ စိမ်မလို့..."
"ဒါဆို ရှင် သူတို့ကို မကူညီဘူးလား..."
ကျောက်မန်သည် ဘေးတွင် ရပ်နေသော ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား များကို လက်ညိုးထိုးပြလိုက်သည်။
သို့သော် ချန်လော့သည် လက်ဝှေ့ယမ်းလိုက်သည်။
"ငါ့ဆီမှာ ဝိညာဉ်စွမ်းအင် မရှိတော့ဘူး... သူတို့ဘာသာ သူတို့ ကိုင်တွယ်ပါစေ..."
ကျောက်မန်သည် ခေါင်းလှည့်၍ ခန္ဓာတောင်ထွတ် မှ အတွင်းဂိုဏ်းသား တစ်စုကို တစ်ချက်၊ ချန်လော့ကို တစ်ချက် ကြည့်လိုက်ပြီး အတန်ကြာ စဉ်းစားကာ ချန်လော့နောက်သို့ လိုက်သွားတော့သည်။
မကြာမီမှာပင် သူတို့ နှစ်ဦးသည် ဂူ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားကြပြီး ၊ မြေအောက်ရေပူစမ်း ကို ချက်ချင်း သတိပြုမိလိုက်ကြသည်။
မြေအောက်ရေပူစမ်း အတွင်းရှိ ရေသည် နီရဲနေပြီး မှိန်ဖျော့သော အလင်းရောင်များဖြင့် တောက်ပနေကာ ၊ ၎င်းသည် စမ်းရေတွင်း အတွင်းရှိ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ်လည်း ဖြစ်သည်။
"ဝေါင်း..."
တိုးညင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ချန်လော့သည် ကျောက်မန်ထံမှ ရရှိထားသော ဓားမြှောင် ကို ချက်ချင်း ထုတ်ယူလိုက်သည်။
သူသည် သူ၏ ဝိညာဉ်စွမ်းအင်များကို အကုန်အစင် သုံးစွဲထားပြီး ဖြစ်သဖြင့် တိုက်ခိုက်ရန် ခွန်အား မကျန်တော့ပေ။ အကယ်၍ အခြား အစွမ်းထက်သော သားရဲ တစ်ကောင်သာ ထပ်ပေါ်လာမည် ဆိုပါက၊ ဤဓားမြှောင် ကို အသုံးပြုရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
တစ်ချိန်တည်းမှာပင် ဘေးတွင် ရပ်နေသော ကျောက်မန်ကလည်း လေးနက်သောအမူအရာဖြင့် သူမ၏ ကြာပွတ် ရှည်ကို ဆွဲထုတ်လိုက်သည်။
ထိုစဉ် ဘတ်စကက်ဘောလုံး အရွယ်အစားခန့်သာ ရှိသော သားရဲ အချို့သည် အရိပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
သားရဲများသည်် သူတို့ အပြင်ဘက်တွင် အခုလေးတင် သတ်ဖြတ်ခဲ့သော မီးတောက်မြိုသားရဲ များနှင့် အနည်းငယ် တူသော်လည်း ၊ သို့သော် ၎င်းတို့ထက် ပိုသေးငယ်ပြီး ပိုချစ်စရာကောင်းကာ မီးတောက်မြိုသားရဲ သားပေါက်ကလေးများ ဖြစ်သည်မှာ ထင်ရှားသည်။
"ဒီအကောင်တွေက မီးတောက်မြိုသားရဲ တွေရဲ့ သားပေါက်လေးတွေလား..."
"အင်း..."
ချန်လော့သည် အဆိုပါ မီးတောက်မြိုသားရဲများအပေါ် စိတ်ဝင်စားမှု အနည်းငယ်မျှသာ ပြသကာ ခေါင်းညိတ်လိုက်သည်။
ကျောက်မန်သည် သူတို့ကို အတော်လေး သဘောကျပုံရပြီး သူတို့၏ ခေါင်းများကို ပွတ်သပ်ရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။
ဤသားရဲလေးများသည် ယခုမှ မွေးကာစဖြစ်ပြီး ကျင့်ကြံခြင်းလည်း မရှိသေးသလို၊ ရန်သူဆိုတာကိုလည်း နားမလည်ကြသေးပေ။ ထို့ကြောင့် သူတို့ရှေ့တွင် ရှိနေသော လူသားများကို ရန်ပြုဖို့ စိတ်ကူးမရှိကြသည်မှာ ထင်ရှားသည်။
"သူတို့က အရမ်း သေးငယ်ပေမဲ့ နို့ကွာပြီးသားဆိုတော့ အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးဖို့ သင့်တော်တယ်..."
"ရှင် တစ်ကောင်လောက် အိမ်ပြန်ခေါ်သွားပြီး မွေးချင်လား..."
ချန်လော့သည် ငြင်းဆန်ရန် ခေါင်းခါတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရသည်။
ချန်ရှင်းဂိုဏ်း တွင် သားရဲများကို ပြုစုပျိုးထောင်ရန် အထူးပြုသော သားရဲတောင်ထွတ် တစ်ခု ရှိကြောင်း သူ မှတ်မိသွားသည်။
ဒီအကောင်တွေကို သားရဲတောင်ထွတ်ဆီ ရောင်းလိုက်မယ်ဆိုရင် ငါ ချမ်းသာလာနိုင်ပြီ မဟုတ်ဘူးလား…
"သူတို့ က ဗိုက်ဆာနေပုံရတယ်..."
ကျောက်မန်သည် သူမ၏ ကိုယ်ပိုင် လက်ချောင်းများကို အဆက်မပြတ် ကိုက်နေသော မီးတောက်မြိုသားရဲ တစ်ကောင်ကို ကြည့်ရင်း ပြောလိုက်သည်။
"သူတို့ က အသား စားလို့ ရလား..."
ချန်လော့က မေးလိုက်သည်။ သူသည် ၎င်းတို့ကို ပိုက်ဆံရရန် ရောင်းရမည် ဖြစ်ပြီး ပိန်လွန်းနေလျှင် အမြင်လှမည် မဟုတ်ပေ။
ကျောက်မန်သည် တစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး ၎င်း၏ ပါးစပ်ကို ဖွင့်ကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
"သွားတွေ အကုန် ပေါက်နေပြီဆိုတော့ အခုဆို အသား စားလို့ ရလောက်ပြီ..."
ချန်လော့သည် ခေါင်းညိတ်လိုက်ပြီး သူ၏ သိုလှောင်အိတ် ထဲမှ သားရဲ အလောင်း တစ်လောင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။
သို့သော် ဘေးတွင် ရပ်နေသော ကျောက်မန်က မြင်တွေ့သွားပြီး လုံးဝ မှင်တက်သွားသည်။
အကြောင်းမှာ ထိုအလောင်းသည် မီးတောက်မြိုသားရဲ တစ်ကောင်၏ အလောင်း ဖြစ်နေသောကြောင့် ဖြစ်သည်။
"မြန်မြန် စားကြ..."
ထိုအခိုက်အတန့်တွင် ချန်လော့သည် ပြဿနာ၏ ကြီးလေးမှုကို လုံးဝသိရှိပုံမရဘဲ သူသည် သားရဲသားပေါက်လေးများ စားရန်အတွက် အလောင်းကို သူတို့ရှေ့သို့ အေးအေးလူလူပင် ပစ်ချပေးလိုက်သည်။
သို့သော် သားပေါက်လေးများသည် သူတို့၏ ကိုယ်ပိုင် မိသားစုဝင်များ၏ အလောင်းများကို မြင်ပြီး ကြောက်လန့်ကာ ထွက်ပြေးသွားကြတော့သည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် ချန်လော့တစ်ယောက် မျက်မှောင်ကြုတ်မိလေသည်။
"အစား ရွေးနေတုန်းပဲလား..."
"ဒါက နံနံပင်မှ မဟုတ်တာ... ဘာလို့ ဒီလောက် မြန်မြန် ထွက်ပြေးရတာလဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန်မှာ ချန်လော့ကို ပစ်ကန်လုမတတ် ဖြစ်သွားသည်။
"အဲဒါတွေက သူတို့ရဲ့ ဆွေမျိုးတွေလေ..."
ချန်လော့ သည် ခဏတာ မှင်တက်သွားပြီးနောက် သတိပြန်ဝင်လာကာ မီးတောက်မြိုသားရဲ များ၏ အလောင်းကို ရှက်ရှက်ဖြင့် သိမ်းဆည်းလိုက်ပြီး ၊ မီးခိုးရောင် ဝံပုလွေသားရဲ ၏ အလောင်းဖြင့် အစားထိုးလိုက်သည်။
"ငါ့ကိုယ်စား သူတို့ကို အစာကျွေးပေးလို့ ရမလား... တစ်ကောင်ချင်းစီ ကျွေးပေး.. သူတို့ကို ဗိုက်မဆာစေနဲ့... ငါ အခု ကျင့်ကြံခြင်း လုပ်တော့မယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်မန် မှာ အနည်းငယ် အံ့အားသင့်သွားသည်။
"ရှင်က ဒီလောက် စိတ်ထား ကောင်းမယ်လို့ ကျွန်မ မထင်ခဲ့ဘူး..."
***