“ဒီအခြေအနေကို ငါတို့ သေချာကိုင်တွယ်နိုင်ပါ့မလား”
ကောင်းမင်က ဆက်တိုက်ပြန့်ကားကြီးထွားနေဆဲဖြစ်သော ပုံပျက်ပန်းပျက် သတ္တဝါကြီးကို ညွှန်ပြကာ မေးလိုက်သည်။
“ဒါကြီူက ဒီမြို့ကြီးထဲက ပျက်စီးသွားခဲ့သမျှ ဘဝတွေအားလုံးကို လိမ်ကျစ်ပြီး ရက်လုပ်ထားသလိုပဲ”
“ကျွန်တော် မကိုင်တွယ်နိုင်ရင်တောင် ခင်ဗျားရှိနေသေးတာပဲ မဟုတ်လား”
စီနျန်က ကောင်းမင်၏ အင်္ကျီကို လှမ်းကြည့်လိုက်သည်။
“ဝမ်ရှန့်ရဲ့ နာမည်ကျော် ပိုင်ဟောက်တောင် ခင်ဗျားဆီမှာ အလုပ်လုပ်ပေးနေတာပဲ၊ ထူးခြားတဲ့ စွမ်းရည်တွေသာ မရှိရင် ဒီလို ကြမ်းတမ်းတဲ့ ကျားတစ်ကောင်ကို ခင်ဗျားဘယ်နှိမ်နင်းနိုင်ပါ့မလဲ”
“ဘာလို့ ငါ့ကို လှောင်နေတယ်လို့ ခံစားနေရတာလဲ”
ကောင်းမင်သည် ပလက်ဖောင်းတလျှောက် ပြန့်ကျဲနေသော ကိတ်မုန့်များဆီသို့ လျှောက်သွားလိုက်သည်။ ကိတ်မုန့် အတော်များများသည် မစားရသေးမီ ရိုက်ခွဲခံထားရသော်လည်း အများစုတွင် ဆုတောင်းများ ရေးသားထားသော ကတ်ပြားများ ပါရှိသည်။ တစ္ဆေဆုတောင်းသည် မျှော်လင့်ချက်မဲ့နေသူများ၏ မှတ်ဉာဏ်များထဲသို့ ကျူးကျော်ဝင်ရောက်ပြီး သူတို့ မြင်ချင်သောလူ သို့မဟုတ် သူတို့ နာကျင်အောင်မလုပ်ရက်သော အရာတစ်ခုအဖြစ် အသွင်ပြောင်း၍ တားမြစ်နယ်မြေများအတွင်းသို့ ဝင်ရောက်တတ်ပုံရသည်။
ပလက်ဖောင်းတစ်ခုလုံးတွင် ကိတ်မုန့်များ ပြည့်နှက်နေပြီး အန်းလွမ်၏ ခန္ဓာကိုယ်တွင်လည်း သိပ်သည်းသော ဆုတောင်းပုံစံကွက်များဖြင့် ဖုံးလွှမ်းနေသည်။ တစ္ဆေဆုတောင်းသည် အန်းလွမ်၏ အသိစိတ်ကိုပါ သိမ်းပိုက်ချင်နေပုံရသည်။
“အခုမှ ကြောက်နေတာလား၊ အစောကြီးကတည်းက ဘာလုပ်နေခဲ့တာလဲ”
စီနျန်သည် ကောင်းမင်ထွက်ပြေးတော့မည်ဟု ထင်ကာ ဓမ္မဆရာ၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ကောင်းမင်နောက်သို့ လိုက်ရန် ခိုင်းစေလိုက်သည်။
“ကျွန်တော် ခင်ဗျားကို လှောင်နေတာ မဟုတ်ပါဘူး၊ ဒီကနေ ထွက်သွားနိုင်အောင် ခင်ဗျား တကယ် ကြိုးစားဖို့ လိုတယ်၊ ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ပထမဆုံးရောက်တုန်းက ပိုင်ဟောက်က ခင်ဗျားကို နားရွက်ပုံဆွဲထားတဲ့ ပုလင်းလေးတစ်လုံးပေးတာ တွေ့လိုက်တယ်၊ အဲ့ဒါက ဒီအမှောင်မြို့တော်ရဲ့ တားမြစ်ပစ္စည်းတစ်ခုပဲ၊ အမှောင်ထုကို ဖယ်ရှားဖို့ လိုအပ်တဲ့ ပူဇော်သက္ကာတစ်ခုပေါ့၊ ကရုဏာဖောင်ဒေးရှင်းက အဲ့ဒါတွေကို တိတ်တဆိတ် စုဆောင်းနေခဲ့တာလေ”
“ကရုဏာဖောင်ဒေးရှင်းမှာ တခြားပုလင်းတွေ ရှိသေးလား”
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကရုဏာဖောင်ဒေးရှင်းဆိုတာ မြို့တော်ကောင်စီက လူထုကို လှည့်စားဖို့ သုံးတဲ့ ကိရိယာသက်သက်ပဲ၊ ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုတဲ့ နာမည်ကို သုံးထားပေမဲ့ တားမြစ်ပုလင်းတွေကို ရှာတွေ့ရင်တောင် ထောက်ပံ့မှုတွေ ပိုရဖို့အတွက် မြို့တော်ကောင်စီဆီကို တိတ်တဆိတ် အပ်ကြမှာပဲ”
စီနျန်သည် တားမြစ်နယ်မြေအတွင်း၌သာ ဤမျှ အတင့်ရဲစွာ ပြောရဲခြင်း ဖြစ်သည်။ သူသည် ကလေးတစ်ယောက်သာ ဖြစ်သော်လည်း သူ့မျက်လုံးများက အညစ်ညမ်းဆုံး၊ အမှောင်မိုက်ဆုံးသော အရာများကို မြင်တွေ့ခဲ့ဖူးသည်။
“တားမြစ်နယ်မြေထဲက ‘နတ်ဘုရား’ က ထွက်သွားပြီ၊ ဒီအရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးက အသိစိတ်ဘူး၊ သူက ပိုသန့်စင်တဲ့ အမှောင်ထုကို မွေးမြူဖို့အတွက် ဒုက္ခရောက်နေတဲ့ဘဝတွေကိုပဲ ဗီဇအရ ဝါးမြိုနေတာ၊ သူ့မှာ ကိုယ်ပိုင်အသိစိတ် မရှိတဲ့အတွက် ခင်ဗျား အဲ့ဒီတားမြစ်ပုလင်းကို တွန့်လိမ်နေတဲ့ အမှောင်ထုထဲ ပစ်ထည့်ကြည့်လို့ ရတယ်၊ ကျွန်တော်တို့အတွက်တော့ ပုလင်းထဲက အသံတွေက လှပတဲ့အရာတွေကို ကိုယ်စားပြုပြီး ဒဏ်ရာတွေကို ကုသပေးနိုင်ပေမဲ့ အမှောင်ထဲက မကောင်းဆိုးဝါးအတွက်တော့ အဲ့ဒါက နူးညံ့တဲ့ အဆိပ်တစ်ခုပဲ”
စီနျန်က အလွန်ယုံကြည်မှု ရှိနေသည်။
“ကျွန်တော်တို့ ကံကောင်းရင် အမှောင်ထုတွေ အများကြီးကို တစ်ခါတည်း ဖယ်ရှားပစ်နိုင်လိမ့်မယ်၊ တားမြစ်နယ်မြေကို အားနည်းသွားအောင်လုပ်ပြီး ထွက်ပေါက်ရှာဖို့ အချိန်ရအောင် လုပ်နိုင်လိမ့်မယ်”
ထောင့်တစ်နေရာတွင် ပြန့်ကျဲနေသော ကိတ်မုန့်များကို ကြည့်ရင်း ကောင်းမင်က ၎င်းအား အကြံကောင်းတစ်ခုဟု ယူဆလိုက်သည်။
“ငါ ဘာလုပ်ပေးရမလဲ”
“ခင်ဗျား အဲ့ဒီတွန့်လိမ်နေတဲ့ မကောင်းဆိုးဝါးရဲ့ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးထဲအထိ ဝင်သွားနိုင်ဖို့ ဘေးကင်းတဲ့ လမ်းကြောင်းတစ်ခု ပြပေးမယ်၊ သူ့ရဲ့ ဗဟိုချက်ကို တွေ့ပြီဆိုရင် တားမြစ်ပုလင်းကို ဖွင့်ပြီး ပုလင်းထဲမှာ ပိတ်လှောင်ထားတဲ့ အသံတွေအားလုံးကို လွှတ်ထုတ်လိုက်”
“ဒါက ရိုးရှင်းပုံရပေမဲ့...”
ကောင်းမင်က စီနျန်ကို လှမ်းဆွဲလိုက်ပြီး အိမ်နီးနားချင်း ကလေးတစ်ယောက်ကို ချီထားသကဲ့သို့ သူ့ဘေးကို ဆွဲခေါ်လိုက်သည်။
“မင်းလည်း ငါနဲ့အတူ လိုက်ခဲ့ရမယ်၊ ငါ မင်းကို ကာကွယ်ပေးမယ်လို့ ကောင်စီဝင်စီမေကို ကတိပေးထားတယ်လေ”
“ကျွန်တော်က အခြေအနေတစ်ခုလုံးကို ခြုံငုံကြည့်နေဖို့ လိုတယ်”
စီနျန်က ပြင်းပြင်းထန်ထန် ငြင်းဆန်ရင်း အတင်း ရုန်းကန်နေသည်။
ကောင်းမင်က လက်တစ်ဖက်ဖြင့် အနက်ရောင် သေနတ်တစ်လက်ကို ထုတ်၍ စီနျန်၏ ဦးခေါင်းကို ချိန်လိုက်သည်။
“ငါနဲ့အတူ လိုက်ခဲ့၊ မင်းကို ဒီကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်အောင် ငါလုပ်ပေးမယ်”
ကောင်းမင်က သူ့ကို စမ်းသပ်ကြည့်ချင်ရုံသာ ဖြစ်သည်။ အကယ်၍ စီနျန်က ဆက်လက်ငြင်းဆန်နေပါက သူလိမ်ပြောနေခြင်း မဟုတ်ကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။ ယခုအချိန်၌ သူသည် စီနျန်ကို သူ့မျက်လုံးများအဖြစ် တကယ် လိုအပ်နေခြင်းဖြစ်သည်။
အေးစက်သော သေနတ်ပြောင်းဝက သူ့ဦးခေါင်းကို ကပ်ဖိထားသည်။ စီနျန်၏ ပါးစပ်က ဟလာသော်လည်း စကားတစ်ခွန်းမှ မထွက်လာပေ။ သူ့နဖူးမှ ချွေးစေးများက ဓမ္မဆရာဝတ်ရုံပေါ်သို့ တစက်စက် စီးကျလာလေသည်။
“ကောင်းပြီ... ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်”
စီနျန် ချက်ချင်း လေသံပျော့သွားသည်။ သူသည် ခဲယမ်းများ သယ်ဆောင်ထားသော ဓမ္မဆရာကို နောက်တွင် ထားခဲ့ပြီး အန်းလွမ် ဆွဲခေါ် ခံလိုက်ရသော လမ်းကြောင်းအတိုင်း ကောင်းမင်နှင့်အတူ အပြေးလိုက်ပါသွားတော့သည်။
သိပ်သည်းသော အမှောင်ထုအတွင်း၌ ကောင်းမင်သည် တားမြစ်နယ်မြေရှုထောင့်ကို မဖွင့်ဘဲ မည်သည့်အရာမှ မမြင်နိုင်သော်လည်း စီနျန်ကမူ မည်သို့မျှ သက်ရောက်မှု မရှိပေ။ သူနှင့် ကောင်းမင်တို့သည် ပထမဆုံး စွန့်ပစ်ထားသော ရထားလမ်းတစ်ခုကို ရှာတွေ့ခဲ့ပြီးနောက် ရှည်လျားသော ဥမင်လှိုင်ဂူတစ်ခုအတွင်းသို့ တွားဝင်ကြသည်။ သူတို့သည် စွန့်ပစ်ထားသော ရထားအမျိုးမျိုးကို ဖြတ်ကျော် သွားလာကြသည်။
ဇောက်ထိုးဖြစ်နေသော ဘေးတစောင်း လဲနေသော ထိုရထားများသည် ချိန်းကြိုးများအလား တစ်ခုနှင့်တစ်ခု ယှက်ပတ်နေကြသည်။ ရထားတစ်စင်းချင်းစီ၏ အတွင်းပိုင်းမှာ ကွဲပြားကြသည်။ အချို့တွင် ကြောက်စရာကောင်းသော နံရံပန်းချီ များ ရေးဆွဲထားပြီး အချို့တွင် ကွဲအက်နေသော ပန်းအိုးများ ပြန့်ကျဲနေကာ အချို့မှာမူ ဆေးရုံလူနာဆောင်များအဖြစ် ပြင်ဆင်ထားကြသည်။ ဤရထားများသည် မြို့သူမြို့သားများ၏ ရှုံးနိမ့်သွားသော ဘဝများကို ကိုယ်စားပြုနေကြခြင်းပင်။
သူတို့၏ ပိုင်ရှင်များက မိမိကိုယ်ကိုယ် လက်လျှော့၍ မကောင်းဆိုးဝါးများ၏ အစိတ်အပိုင်းအဖြစ် ဆန္ဒရှိရှိ ခံယူလိုက်ကြသဖြင့် ဤနေရာတွင် စွန့်ပစ်ခံထားရခြင်း ဖြစ်သည်။
“အိပ်မက်ဆန်တဲ့ အတွေ့အကြုံပဲ”
ရထားလမ်းများမှာ တွန့်လိမ်နေပြီး ခြေလှမ်းတိုင်းက လုံးဝကွဲပြားသော ဘဝတစ်ခုစီသို့ ဦးတည်နေသည်။ စီနျန်က လမ်းပြပေးနေသဖြင့် ကောင်းမင်သည် သိပ်အများကြီး စဉ်းစားနေစရာ မလိုဘဲ ဤနေရာအား အိပ်မက်သရဲ၏ စွမ်းရည်များကိုသုံး၍ မည်သို့ ပြန်လည် ဖန်တီးရမည်ကိုပင် အစီအစဉ် ဆွဲနေနိုင်သေးသည်။
ရထားတစ်စင်းချင်းစီမှ ထွက်ပေါ်လာသော အရှိန်အဝါများကလည်း မတူညီကြပေ။ အချို့မှာ ဟောင်းနွမ်း ဆွေးမြည့်နေပြီး အချို့မှာမူ ဈေးပေါသော ရေမွှေးနံ့များ နံစော်နေသည်။ သို့သော် ကောင်းမင်သည် ၁၁ စင်းမြောက် ရထားအတွင်းသို့ ဝင်လိုက်သောအခါ လေထုထဲတွင် သွေးညှီနံ့များသာ ကျန်ရှိတော့သည်။
ဤနေရာရှိ ရထားများအတွင်းတွင် ထူထဲသော သွေးကြောများ ကြီးထွားနေကြသည်။ ရထားတွဲများပေါ်တွင် သိုင်းကွက်အမျိုးမျိုးကို ထွင်းထုထားကာ ပြတင်းပေါက် အက်ကြောင်းများမှ ညစ်ညမ်းသည့်သွေးများဖြင့် ချက်ထားသော ‘ကျားရိုးစွပ်ပြုတ်’ရည် များ တစက်စက် ကျဆင်းနေလေသည်။
“ကျွန်တော်တို့ ဗဟိုချက်ဆီကို ရောက်တော့မယ်၊ ခင်ဗျားကို အန္တရာယ်တွေကနေ ရှောင်ကွင်းနိုင်အောင် ကျွန်တော် အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တာနော်၊ ပြန်ပေးဆပ်ဖို့ မမေ့နဲ့”
စီနျန်သည် အမှန်တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။ သူသည် မျက်လုံးများ မဖွင့်နိုင်လောက်အောင် ဖြစ်နေသော်လည်း ရှင်သန်နိုင်ရန်အတွက် ကောင်းမင်ကို ရထားတွဲများကြားတွင် ဆက်တိုက် ပြေးခိုင်းနေရသည်။
နောက်ထပ် ၁၀ မိနစ်ခန့် ကုန်ဆုံးသွားသောအခါ မြေပြင်ပေါ်ရှိ ညစ်ညမ်းသော သွေးများ ပိုမိုများပြားလာပြီး လေထုထဲမှ သွေးညှီနံ့သည်လည်း ကောင်းမင်အတွက် သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။ ထို့နောက် သူတို့သည် ‘ဒုတ်... ဒုတ်...’ ဟူသော အသံတစ်ခုကို ကြားလိုက်ရသည်။
“ဟိုရှေ့မှာတင်ပဲ”
အမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာ တွန့်လိမ်နေသော ရထားတွဲများ၏ ဗဟိုချက်တွင် ကြီးမားလှသော သန္ဓေသားလောင်းကြီးတစ်ခုကို မွေးမြူထားသည်။ အန်းလွမ်၏ ခန္ဓာကိုယ်တစ်ဝက်သည် ၎င်းအတွင်းသို့ ပေါင်းစည်းနေပြီး ဆုတောင်းများမှ ဖြစ်ပေါ်လာသော သူ့ကိုယ်ပေါ်မှ ပုံစံကွက်များနှင့် အမှောင်ထုစည်းမျဉ်း ပုံစံကွက်များသည် ဤအခွင့်အရေးကို အသုံးချ၍ ထိုသန္ဓေသားလောင်းကို ကျူးကျော်ရန် ကြိုးစားနေကြသည်။
နှစ်ဖက်စလုံးမှာ အသေအလဲ တိုက်ခိုက်နေကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အမှောင်စည်းမျဉ်းများက အသာစီး ရလာလေသည်။ ၎င်း၏ပြိုင်ဘက်ကို မယှဉ်နိုင်ကြောင်း မြင်သောအခါ ဆုတောင်းပုံစံကွက်များသည် အန်းလွမ်၏ခန္ဓာကိုယ်အတွင်းသို့ ပြတ်ပြတ်သားသား ပြန်လည် ဝင်ရောက်သွားပြီး အမှောင်စည်းမျဉ်းများ၏ လွှမ်းမိုးမှုကို ဖယ်ရှားရန်နှင့် သူ၏ နာကျင်စရာ မှတ်ဉာဏ်များကို ဖျက်ဆီးရန် ကြိုးစားတော့သည်။ ၎င်းသည် အန်းလွမ်၏ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်ရမည် ဆိုလျှင်တောင် သူ၏ အသိစိတ် အစိတ်အပိုင်းတစ်ခုကို ယူဆောင်၍ ဤနေရာမှ ထွက်ပြေးမည် ဖြစ်သည်။
ယင်းကို မြင်သောအခါ ကောင်းမင်သည် အန်းလွမ်အနေဖြင့် ဤလုပ်ငန်းစဉ်ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း အကြမ်းဖျင်း နားလည်လိုက်သည်။ သူသည် တစ္ဆေဆုတောင်း၏ ပူးကပ်ခြင်းကို ခံထားရပြီး တစ္ဆေဆုတောင်းသည် လုံလောက်သော စွမ်းအားများ စုဆောင်းမိပြီဟု ခံစားရတိုင်း အန်းလွမ်မှတစ်ဆင့် အမှောင်သန္ဓေသားလောင်းကို လုယူရန် ကြိုးစားလေ့ရှိသည်။ ပြိုင်ဘက်ကို မယှဉ်နိုင်တော့ပါက အန်းလွမ်၏ စိတ်ဆန္ဒ အစိတ်အပိုင်းတစ်ခုကို ချက်ချင်း ယူဆောင်၍ ဆုတ်ခွာသွားလေ့ ရှိသည်။
“တစ္ဆေဆုတောင်းက အန်းလွမ်ဆီကို ဆင်းသက်လာတာလား”
၎င်းမှာ အန်းလွမ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော တောင်ဘုရင်မဟုတ်ဘဲ မြို့တော်ကောင်စီ ခန်းမက တားမြစ်နယ်မြေထဲတွင် ပိတ်လှောင်ထားခဲ့သော အန်းလွမ်၏ဝိညာဉ်ပင် ဖြစ်သည်။ စတင်လာခဲ့သော ငရဲခန်းအခြေအနေအရ ကြည့်ပါက တစ္ဆေဆုတောင်း၏ အခြေအနေမှာ ကောင်းမင်ထက်ပင် ပို၍ ဆိုးရွားနေပုံရသည်။
“အခုပဲ၊ လီဆန်းစီ… တားမြစ်ပစ္စည်းကို ဖွင့်လိုက်တော့”
တစ္ဆေဆုတောင်းရှိနေသည်ကို မသိသော စီနျန်သည် အန်းလွမ်၏ စိတ်ဆန္ဒနှင့် အမှောင်ထုထဲမှ သက်ရှိအရာတို့ တိုက်ခိုက်နေသည်ဟု ထင်မှတ်ကာ အော်ဟစ်သတိပေးလိုက်သည်။
သွေးမြို့တော်တက်တူးကို နိူးဆွလိုက်ရာ ကောင်းမင်ထံမှ သင်းပျံ့သော အသားနံ့တစ်ခု ထွက်ပေါ်လာလေသည်။ ဤနေရာအထိ ရောက်လာပြီဖြစ်သဖြင့် သူသည် ဖုံးကွယ်ထားရန် စိတ်ကူး မရှိတော့ပေ။ သူ့ခန္ဓာကိုယ်သည် မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားရာ အရှိန်ပြင်းလွန်းသဖြင့် စီနျန်ပင် စကားပြောရန် အချိန်မရလိုက်ချေ။ စီနျန် သတိပြန်ဝင်လာချိန်တွင် သူတို့သည် အမှောင်သန္ဓေသားလောင်းဘေးသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
***