ကောင်းမင်နှင့် စီနျန်တို့ မြေအောက်ရထားဘူတာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။ ခရိုင် ၃ ရှိ ဆေးဝါးစက်ရုံဟောင်း ဒုက္ခသည်စခန်းသည် ကရုဏာဖောင်ဒေးရှင်း၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ သူတို့၏ ဝါဒဖြန့်ချိရေးနှင့် ရုပ်ရှင်ရိုက်ကူးရေး အခြေစိုက်စခန်းတစ်ခုအလား ဖြစ်နေတော့သည်။ ရေတွက်မရသော ကင်မရာများသည် စစ်ပွဲ၏ ရက်စက်မှုများ၊ ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခများနှင့် ကရုဏာဖောင်ဒေးရှင်း၏ မြင့်မြတ်မှုများကို အရပ်မျက်နှာပေါင်းစုံမှ မှတ်တမ်းတင်နေကြသည်။
“ဒါရိုက်တာလီ ပြန်မလာတာ သုံးရက်ရှိနေပြီ၊ သူ လူမသိသူမသိ တစ်နေရာရာမှာ သေသွားပြီလား”
သန့်ရှင်းစင်ကြယ်သော ဆရာဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျားယိုကျစ်သည် ကွန်ပျူတာရှေ့တွင် လူကြီးကြည့်ဝက်ဘ်ဆိုက်များကို ကြည့်ရှုနေသည်။သူ့လက်တွင် သမ္မာကျမ်းစာအုပ် တစ်အုပ်ကို ကိုင်ထား၏။
“ကရုဏာဖောင်ဒေးရှင်း ရိုက်ကူးရေးအဖွဲ့က တပ်ဆင်ပေးထားတဲ့ အင်တာနက်က တကယ်ကောင်းတာပဲ၊ လုံးဝ လိုင်းမကျဘူး”
“အင်တာနက်အမြန်နှုန်းတော့ မသိဘူး၊ ဒါပေမဲ့ ရှင့်ကြည့်ရတာတော့ ဘာမှစိတ်ပူနေပုံမရဘူး”
တင်းရှန်းက သူမ၏ အလှပြင်ထားသော လက်သည်းများကို ကြည့်ရင်း ပြောလိုက်သည်။
“တကယ်တော့ ကျွန်မတို့ ဒီလို သက်တောင့်သက်သာ နေနေရတာက ဒါရိုက်တာလီရဲ့ ကျေးဇူးကြောင့်ပဲ၊ သူက အလုပ်လုပ်နေရင် တော်တော် ဆွဲဆောင်မှုရှိတယ်၊ သူသာ နည်းနည်း ပိုအရပ်ရှည်ပြီး ပိုငယ်ပြီး ပိုချောမယ်ဆိုရင် ကျွန်မတော့ သူ့ကို သေချာပေါက်လိုက်မှာပဲ”
“ရှင်တို့နှစ်ယောက် အနားယူလို့ ဝပြီလား”
အမှောင်ကာလိုက်ကာကို မလိုက်သောအခါ နေရောင်ခြည်နှင့်အတူ ဒုက္ခသည်စခန်းမှ ဆိုးဝါးသော အနံ့အသက်များ ဝင်ရောက်လာသည်။ ဝူဝေသည် စာရွက်စာတမ်းသေတ္တာကြီးတစ်လုံးကို သယ်ဆောင်ရင်း အခန်းထဲသို့ ဝင်လာ၏။
“လာကူကြပါဦး”
“ဒါရိုက်တာလီက အသက်တောင် ရှိတော့မှာ မဟုတ်ဘူး၊ မင်းက ဘာလို့ သူ့အတွက် ဒီအချက်အလက်တွေကို နေ့တိုင်း စုပေးနေသေးတာလဲ”
ကျားယိုကျစ်က ဝက်ဘ်စာမျက်နှာကို မချင့်မရဲ ပိတ်လိုက်သည်။
“ငါတို့ ပျော်နိုင်တုန်း ပျော်ထားရမှာလေ”
“ကျွန်မဆီမှာ ဒါရိုက်တာလီနဲ့ ပတ်သက်တဲ့ သတင်းအချို့ ရှိတယ်လို့ ထင်တယ်”
ဝူဝေ စကားပြောပြီးသည်နှင့် တင်းရှန်းနှင့် ကျားယိုကျစ်တို့က ချက်ချင်း အနားရောက်လာကြသည်။
“သူ အသက်ရှင်သေးတာလား”
“ဒါရိုက်တာလီ ဘယ်မှာလဲ”
“ခရိုင် ၁၃ မှာပဲ”
ဝူဝေက သေတ္တာထဲမှ စာရွက်စာတမ်းအားလုံးကို စားပွဲပေါ်သို့ ပုံချလိုက်သည်။
“ဒါရိုက်တာလီနဲ့ ဓမ္မဆရာလေး ပျောက်နေတဲ့ ရက်တွေအတွင်း ခရိုင် ၅ ၊ ခရိုင် ၉ ၊ ခရိုင် ၁၁နဲ့ ခရိုင် ၁၂ တွေမှာရှိတဲ့ တားမြစ်နယ်မြေတွေအားလုံး ထိန်းချုပ်မှု လွတ်ကုန်ကြပြီ၊ ဖောက်ခွဲမှုတွေကြောင့် အဆောက်အအုံ ပြတင်းပေါက်တွေ အက်ကွဲကုန်ပြီး ညစ်ညမ်းမှုတွေ အများကြီး ထွက်လာခဲ့တယ်၊ အချိန်ကိုက်ဖြစ်နေတာက အရမ်းတိုက်ဆိုင်လွန်းတယ်...”
“မင်းက ဒါကို ဒါရိုက်တာလီလုပ်တာလို့ သံသယရှိနေတာလား”
ကျားယိုကျစ်က သူ့ပါးစပ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။ အကယ်၍ လီဆန်းစီက ယင်းကို အမှန်တကယ်လုပ်ခဲ့သည်ဆိုပါက ခရိုင်ပေါင်းစုံမှ ဂိုဏ်းများက သူ့ကို အရှင်လတ်လတ် အရေခွံခွာကြလိမ့်မည်ဖြစ်သည်။ သူ့လက်အောက်ငယ်သား သုံးဦးလည်း သေချာပေါက် အရေးယူခံရမည်ဖြစ်သည်။
“ပထမဆုံးအနေနဲ့ ဒါက သေချာပေါက် တမင်လုပ်တာပဲ၊ စဉ်းစားကြည့်လေ၊ ဘယ်သူက ဒီလောက်အကျိုးမရှိတဲ့အလုပ်ကို လုပ်မှာလဲ”
ဝူဝေက လီဆန်းစီ၏ ဒါရိုက်တာဦးထုပ်ကို လက်ဖြင့် ဖိလိုက်သည်။
“ခရိုင် ၄ က ညရဲတွေရဲ့ ခုခံမှုက ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ပြင်းထန်နေတယ် တိုက်ပွဲက မြေကြီးပေါ်ကနေ မြေအောက်ဘန်ကာတွေအထိ ရောက်သွားပြီ၊ သူတို့မှာတော့ ဒီလိုလုပ်ဖို့ အကြောင်းပြချက် ရှိနိုင်တယ်၊ ဒါပေမဲ့ သူတို့သာ တရားခံတွေဆိုရင် သူတို့ရဲ့ အဓိကပစ်မှတ်က တောင်ဘုရင်ရှိနေတဲ့ တားမြစ်နယ်မြေ ၁ ပဲ ဖြစ်ရမှာ၊ ဒါ့အပြင် သူတို့က ရှေ့တန်းမှာ တောင်ဘုရင်ဖိနှိပ်တာကို ခံနေရတာလေ၊ သူတို့နှစ်ဖက်လုံးက သေရာပါရန်သူတွေပဲ”
“ဟုတ်တယ်၊ ဒါ အပြင်လူတစ်ယောက် လုပ်တာလည်း ဖြစ်နိုင်တယ်”
ကျားယိုကျစ်က တစ်စုံတစ်ခုကို သတိရသွားပြီး ကွန်ပျူတာကို ပြန်ဖွင့်လိုက်သည်။
“မြို့တော်ကောင်စီက အပြင်လူတွေကို အကြီးအကျယ် လိုက်ဖမ်းဆီးနေတာ၊ အရင်ကထက်တောင် ပိုပြင်းထန်သေးတယ်၊ လူကြီးကြည့်ဝက်ဘ်ဆိုက်တွေမှာတောင် ဝရမ်းတွေ ကပ်ထားတာ၊ သိသိကြီးနဲ့ သတင်းမပို့တဲ့သူ ဘယ်သူမဆို အဖမ်းခံရမှာပဲ၊ သူတို့က ခွေးရူးတွေလိုပဲ မဲမဲမြင်ရာ လျှောက်ကိုက်နေကြတာ”
“အဲ့ဒါကိုပဲ ကျွန်မအစိုးရိမ်ဆုံးပဲ...”
ဝူဝေက သူမ၏ လုပ်ဖော်ကိုင်ဖက်များကို ကြည့်ကာ စာရွက်တစ်ရွက် ထုတ်လိုက်သည်။
“ဒါရိုက်တာလီက အပြင်လူများ ဖြစ်နေမလား”
သူမ စာရွက်စာတမ်းကို ဖွင့်လိုက်ရာ ခရိုင် ၁၃ တွင် ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံ ပါရှိသည်။
အခြားခရိုင်များနှင့်မတူဘဲ ခရိုင် ၁၃ ရှိ တားမြစ်နယ်မြေပတ်ပတ်လည်တွင် လုံခြုံရေး အလွန်တင်းကြပ်လှသည်။ သို့သော် မနေ့ညက မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ထိန်းချုပ်မှုလွတ်နေသော ဆိုးယုတ်မှုလူနာ အများအပြား ရုတ်တရက် ပေါ်ထွက်လာကာ တားမြစ်နယ်မြေကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးတွင် လုံခြုံရေးကို ဖောက်ထွက်သွားခဲ့ကြသည်။
မြို့တော်ကောင်စီ ဝန်ထမ်းများ ရိုက်ကူးထားသည့် ဓာတ်ပုံထဲတွင် မရေမတွက်နိုင်သော လူနာများသည် အော်ဟစ်ရင်း တားမြစ်နယ်မြေထဲသို့ တိုးဝင်နေကြသည်။ ထိုလူများထဲတွင် လီဆန်းစီနှင့် အလွန်တူသော ပုံရိပ်တစ်ခု ပါဝင်နေခဲ့သည်။
“မဖြစ်နိုင်တာ၊ ဒါက ရုပ်ချင်းဆင်တာပဲ ဖြစ်မယ်၊ ဒါရိုက်တာလီက စိတ်မနှံ့ဘူးဆိုရင်တောင် မြို့တော်ကောင်စီရဲ့ နယ်မြေထဲဝင်ပြီး တားမြစ်နယ်မြေကို ချိုးဖောက်တဲ့အထိ ဒီလောက်ရူးသွပ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး၊ အဲ့ဒါက ကရုဏာရဲ့ ကိုယ်တော်တစ်ပါးကို ခေါ်ပြီး ညစ်ညမ်းကား ရိုက်ခိုင်းတာနဲ့ ဘာထူးမှာလဲ”
ကျားယိုကျစ်က အရှိတရားကို ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်သည်။ တင်းရှန်း၏ မျက်နှာကား ဖြူဆွတ်နေပြီဖြစ်သည်။ သူမသည် မီးခြစ်ကို ထုတ်၍ ထိုစာရွက်ကို မီးရှို့ပစ်လိုက်သည်။
“မီးရှို့လည်း မထူးဘူး၊ ဒါက သတင်းစာထဲမှာ ပါပြီးသားပဲ”
ဝူဝေ သက်ပြင်းချလိုက်သည်။ လက်အောက်ငယ်သားတွေကို ခေါင်းအကိုက်စေဆုံး ခေါင်းဆောင်မျိုးက ဘယ်လိုမျိုးလဲ။ အခြားသူတွေကို လှည့်စားတတ်တဲ့သူ မဟုတ်ဘူး၊ လစာ မပေးတဲ့သူလည်း မဟုတ်ဘူး။ ဒါပေမဲ့ လက်အောက်ငယ်သားတွေကို အချိန်မရွေး ခေါင်းပြတ်သွားစေနိုင်တဲ့ ခေါင်းဆောင်မျိုးပဲ။
သူတို့အဖွဲ့သည် မျက်မှောင်ကြုတ်နေကြပြီး ဘာလုပ်ရမည်ကို ဆွေးနွေးနေစဉ် ကျားယိုကျစ်၏ ဖုန်းက မြည်လာလေသည်။ သူ ကြည့်လိုက်ရာ အမည်မသိ နံပါတ်တစ်ခု ဖြစ်နေသည်။
“နှောင့်ယှက်တဲ့ ဖုန်းလား”
ကျားယိုကျစ်သည် ဖုန်းကိုင်သည့်ခလုပ်ကို နှိပ်၍ ဒေါသထွက်ရန် ပြင်ဆင်လိုက်သည်။ ထိုစဉ် ဖုန်းတစ်ဖက်မှ ကောင်းမင်၏ အသံ ထွက်ပေါ်လာသည်။
“သန့်ရှင်းတဲ့ မိန်းကလေးဝတ် အဝတ်အစားနည်းနည်းနဲ့ ဆေးဝါးတချို့ ယူလာပေးပါ၊ တခြားသူတွေ သတိမထားမိအောင် လုပ်၊ မြောက်ဘက် မြစ်ကမ်းဘေးကို လာကြို”
“ဒါရိုက်တာလီ”
ကျားယိုကျစ်သည် ဖုန်းသရဲ ခေါ်ခံရသကဲ့သို့ တုံ့ပြန်လိုက်မိသည်။ ဖုန်းက သူ့လက်ကို လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။
“ခင်ဗျား... ခင်ဗျား အခု ပြန်လာတာက သိပ်တော့...”
“ဘာဖြစ်လို့လဲ၊ ကရုဏာဖောင်ဒေးရှင်းမှာ ပြဿနာရှိလို့လား”
“ကရုဏာဖောင်ဒေးရှင်း မဟုတ်ဘူး၊ အပြင်က တခြားဂိုဏ်းတွေကပါ”
ကျားယိုကျစ်က တတ်နိုင်သမျှ သတိထား ပြောလိုက်သည်။
“သူတို့ ငါ့အတွက် အချိန်မရှိပါဘူး၊ ခရိုင် ၁၃ အပါအဝင် တားမြစ်နယ်မြေ အတော်များများက ထိန်းချုပ်မှုလွတ်နေတာ၊ သူတို့ အခု အလုပ်ရှုပ်နေကြလိမ့်မယ်”
ကောင်းမင်၏ အသံသည် ပင်ပန်းနေပုံရသည်။
“ကောင်းပြီ... တတ်နိုင်သမျှ မြန်မြန်လာကြိုဦး”
ဖုန်းချပြီးနောက် ကျားယိုကျစ်သည် သူ့ပစ္စည်းများကို ထုပ်ပိုး၍ ထွက်ခွာရန် ပြင်ဆင်နေစဉ် သူ့ဖုန်းထဲမှ နောက်ဆုံးရသတင်းကို ကြားလိုက်ရသည်။ခရိုင် ၁၃ ရှိ အကြီးဆုံး တားမြစ်နယ်မြေဖြစ်သော ‘အမှောင်တောင်တန်း’ မှာ ထိန်းချုပ်မှု လွတ်သွားခဲ့ပြီ ဖြစ်သည်။
“ဒါရိုက်တာလီက အခင်းဖြစ်ပွားရာနေရာက သတင်းထောက်တွေထက်တောင် အရင်သိနေတာပဲ”
ကျားယိုကျစ်က ဘာမှ ထပ်မပြောရဲတော့ဘဲ သူ့ပါးစပ်ကို ချုပ်ထားချင်စိတ် ပေါက်သွားသည်။ သူသည် ဆေးဝါးများနှင့် အဝတ်အစားများကို ယူ၍ ဒုက္ခသည်စခန်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
သုံးရက်ကြာပြီးနောက် ကျားယိုကျစ်သည် ကောင်းမင်ကို ပြန်လည် မြင်တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲတွင် ကောင်းမင်သည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ကိုယ်နူတ်အမူအရာတစ်ခုလုံးမှာ ယခင်နှင့် မတူတော့ပေ။ ဘယ်လို ပြောရမလဲ။ အလွန်ပင် ထူးဆန်းကြောက်မက်ဖွယ် ကောင်းလှပြီး သူ့ဆံပင် တစ်မျှင်တိုင်းမှပင် ခြောက်ခြားဖွယ် အငွေ့အသက်များ ထွက်ပေါ်နေခြင်းဖြစ်သည်။ သူ၏ မျက်လုံးများမှာ အလွန်မည်းနက်နေပြီး သာမန်လူတစ်ယောက်၏ မျက်လုံးများနှင့် မတူတော့ဘဲ ခံစားချက်များ ကင်းမဲ့နေသည့် အပေါက်လေးနှစ်ပေါက်အလား ဖြစ်နေပြီး အရေပြားအောက်ရှိ မကောင်းဆိုးဝါးက ပြင်ပကမ္ဘာကြီးကို ကြည့်ရှုရန် အသုံးပြုနေပုံရသည်။
“ဒါရိုက်တာလီ... ဒီကောင်မလေးက ဘယ်သူလဲ”
ကျားယိုကျစ်က သူပြင်ဆင်လာသော အဝတ်အစားများကို ကလေးထံ ကမ်းပေးလိုက်သည်။ ထိုကလေးသည် အလွန်ထိတ်လန့်လွယ်သော ငှက်ငယ်လေးအလား ဖြစ်နေပြီး လူတိုင်းကို ကြောက်လန့်နေလေသည်။
“ငါ့ရဲ့ မွေးစားသမီးလေးပါ”
ကောင်းမင်က မိန်းကလေး၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး စခန်းထဲသို့ ခေါ်ဆောင်သွား၏။
“ခရိုင် ၄ က အခြေအနေတွေ ဘယ်လိုလဲ၊ ညရဲတွေ အမြစ်ပြတ်သွားပြီလား”
ကောင်းမင်က သူ့မျက်နှာကို ရေအေးဖြင့် ဆေးကြောလိုက်ပြီး ဆရာဝန်ကို ထိုကလေး၏ ဒဏ်ရာများကို ကုသပေးရန် ခိုင်းစေလိုက်သည်။
“ညရဲတပ်ဖွဲ့တွေက အခုထိ ခုခံနေတုန်းပဲ၊ တိုက်ပွဲက မြေအောက်ဘန်ကာတွေရဲ့ အနက်ရှိုင်းဆုံးအထိ ရောက်သွားပြီ”
“တကယ် ခံနိုင်ရည်ရှိတာပဲ၊ ဒါပေမဲ့ သူတို့ ကြာကြာခုခံလေလေ ငါတို့အတွက် ပိုအကျိုးရှိလေလေပဲ”
ကောင်းမင် မျက်နှာသုတ်ပဝါကို ပြန်ချလိုက်သည့်အချိန်မှာပင် ကြင်နာတတ်သော ကိုယ်တော်နှင့် စီထုံတို့က သူ့ဆီသို့ ရောက်လာကြသည်။
“မင်းနဲ့ စီနျန် ဒီရက်တွေမှာ ဘယ်တွေသွားနေကြတာလဲ”
အရေးအကြောင်းများ ထင်နေသော တင်းမာသည့် မျက်နှာထားသည် တည်ကြည်နေသော်လည်း အာဏာရှင်ဆန်သည့် အရှိန်အဝါ ရှိသည်။
“စီနျန်က ဘာလို့ ပြန်မလာသေးတာလဲ”
“သူက တားမြစ်နယ်မြေထဲမှာ ပိတ်မိနေလို့ လောလောဆယ် ထွက်လို့မရသေးဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့ သူ အသက်ရှင်ပါသေးတယ်”
ကောင်းမင်က မျက်နှာသုတ်ပဝါကို ပစ်ချလိုက်ပြီး ကိုယ်တော်ကို ကြည့်ကာ ပြုံးလိုက်သည်။
“သူ အသက်ရှင်နေသေးတာ ငါသိတာပေါ့၊ သူသာ သေသွားရင် ကရုဏာဖောင်ဒေးရှင်းထဲမှာရှိတဲ့ သူ့ရဲ့ ‘ကရုဏာပုလင်း’ က ကွဲသွားမှာ၊ အဲ့ဒါကြောင့်လည်း ငါ မင်းကို အခုထိ ကောင်းကောင်းမွန်မွန် စကားပြောနေတာ”
ကိုယ်တော်၏ မျက်နှာက တည်ကြည်သွားသည်။
“မင်းတို့နှစ်ယောက် ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ငါသိဖို့ လိုတယ်”
***