“ဘိုးတော်... လူငယ်တွေကိစ္စထဲ အရမ်းဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ”
ကောင်းမင်က ယင်းကို အလေးအနက်မထားပေ။
“ကျုပ်တို့က အထက်အမိန့်ကို နာခံနေရုံပဲ”
“မင်း ငါ့ကို မပြောဘူးဆိုရင် ဒီအကြောင်းတွေအားလုံးကို ကောင်စီဝင်စီမေဆီ သတင်းပို့ရလိမ့်မယ်”
စီရှန့်က ကောင်းမင်ဆီသို့ လျှောက်လာသည်။ ခြေတစ်လှမ်းချင်းစီတွင် ဖိအားများထုတ်လွတ်နေပြီး နောက်ဆုံး၌ ကောင်းမင်ရှေ့တွင် ရပ်လိုက်သည်။ သူသည် လီဆန်းစီထက် အရပ်အနည်းငယ် ပိုရှည်သူဖြစ်သည်။ သူက ခေါင်းကို အနည်းငယ်ငုံ့၍ ကောင်းမင်၏ နားနားတွင် ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
“တားမြစ်နယ်မြေတွေ ထိန်းချုပ်မှုလွတ်သွားရင် လူဘယ်လောက်များများ သေသွားမလဲဆိုတာ မင်းသိလား၊ ဒီမြို့ကြီးတစ်ခုလုံး အလောင်းတွေနဲ့ ပြည့်သွားလိမ့်မယ်”
“ကျုပ်တို့ ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျား သေချာသိနေပုံရတယ်”
ကောင်းမင်က အလျှော့မပေးဘဲ ပြန်ချေပလိုက်သည်။
“ဒါဆိုရင် ထပ်စဉ်းစားကြည့်လေ၊ ကျုပ်တို့က ဘယ်သူ့အမိန့်ကို နာခံနေတာလဲဆိုတာကိုပေါ့”
“မင်းက ကောင်စီဝင်စီမေကို သွေးထိုးပေးနေတဲ့ကောင်ပဲ”
“ဒါဆို ကျုပ်ကို သတ်လိုက်လေ”
ကောင်းမင် ကိုယ်တော်စီရှန့်ဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။ သူသည် အရေးကြီးသော သတင်းအချက်အလက် နောက်တစ်ခုကို ရရှိခဲ့သည်။ ကရုဏာဖောင်ဒေးရှင်း၏ အဆင့်မြင့်အဖွဲ့ဝင်တိုင်းတွင် ‘စီပုလင်း’ တစ်လုံးစီ ရှိပုံရပြီး သူတို့ သေဆုံးသွားပါက ထိုပုလင်းမှာ ကွဲကြေသွားပေလိမ့်မည်။ (မှတ်ချက် - ကရုဏာဖောင်ဒေးရှင်းကို စီကျိဖောင်ဒေးရှင်းလို့ခေါ်ပါတယ်၊ စီဆိုတာက ကရုဏာကို ပြောတာပါ)
“ဒီ စီမျိုးရိုးနဲ့ ဓမ္မဆရာတွေကို ငါပေါ့ပေါ့တန်တန် ကိုင်တွယ်လို့ မရဘူးပဲ၊ ငါ့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိလိမ့်မယ်”
စီနျန်၏ စောင့်ကြည့်မှု မရှိတော့သဖြင့် ကောင်းမင်မှာ အလွန်ပင် လွတ်လပ်နေလေသည်။ သူ့အစီအစဉ်များသည် တစ်ဆင့်ချင်းစီ ဖြစ်မြောက်လာနေသည်။
“ရပ်လိုက်စမ်း”
ကိုယ်တော်က ကောင်းမင်ကို စိုက်ကြည့်နေသော်လည်း ကောင်းမင်က သူ့စကားများကို လုံးဝ လျစ်လျူရှုထားသည်။ ကိုယ်တော်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းမင်၏ ပုခုံးကို လှမ်းဖမ်းလိုက်သည်။
အရေးအကြောင်းများ ထင်နေသော သူ့လက်မောင်းပေါ်တွင် နဂါး၊ ကျား၊ လင်းယုန်၊ ဝံပုလွေ၊ တောင်မိစ္ဆာနှင့် ပင်လယ်မိစ္ဆာများကဲ့သို့သော ဂိုဏ်းအမျိုးမျိုး၏ တက်တူးများ ပေါ်ထွက်လာသည်။ ကိုယ်တော်က ကောင်းမင်ကို နောက်တစ်လှမ်း ထပ်မလှမ်းနိုင်အောင် တင်းတင်းကြပ်ကြပ် ဖမ်းထားလိုက်သည်။
“မင်း ငါ့အကြံဉာဏ်ကို နားမထောင်ဘူးဆိုရင်တော့ ငါလည်း သိုင်းနည်းနည်းပါးပါး တတ်တယ်ဆိုတာ သိထားလိုက်”
ကိုယ်တော်သည် သူငယ်စဉ်က မြို့ထဲရှိ ဂိုဏ်းအားလုံးနီးပါးနှင့် ပတ်သက်မှု ရှိခဲ့ဖူးသည်။ ဂိုဏ်းအများအပြားမှာ အမြစ်ပြတ်သွားခဲ့ကြသော်လည်း သူကား ယနေ့တိုင် အသက်ရှင်နေဆဲဖြစ်ရာ သူ့စွမ်းအားကို ငြင်းစရာမရှိပေ။
“ဒါဆို ခင်ဗျားက တိုက်ခိုက်ပြီးတော့ ကိုယ်တော် ဖြစ်လာတာပေါ့”
ကောင်းမင်သည် အစပိုင်းက သိပ်အလေးအနက်မထားချေ။ သူသည် သွေးမြို့တော်သရဲတက်တူး၏ စွမ်းအားအချို့ကို သုံးလိုက်သော်လည်း လွတ်အောင် မရုန်းနိုင်သေးပေ။
“ခင်ဗျား စောဒကတက်စရာရှိရင် ကောင်စီဝင်စီမေဆီ သွားပြောပါ၊ မဟုတ်ရင်တော့ ခင်ဗျား ကျုပ်ကို သတ်လိုက်ရင်တောင် သူက တခြားတစ်ယောက်ကို ဒီအလုပ်ပဲ ခိုင်းဦးမှာပဲ”
“မင်းက အရမ်းငယ်သေးတယ်၊ မင်း ဘာလုပ်နေသလဲဆိုတာ မင်းကိုယ်တိုင် မသိဘူး၊ မင်းက ကရုဏာဖောင်ဒေးရှင်းကို ဖျက်ဆီးပစ်လိမ့်မယ်”
ကိုယ်တော်၏ လက်ချောင်းများက ပိုမို တင်းကြပ်လာ၏။ သူ့အသံမှာ တိုးညင်းနေသော်လည်း စကားလုံးတိုင်းသည် ကောင်းမင်၏ နားထဲသို့ တိုက်ရိုက်ရောက်ရှိလာသကဲ့သို့ အလွန်ရှင်းလင်းနေသည်။
“တခြားခရိုင်တွေက ကိစ္စမရှိပေမဲ့ ခရိုင် ၁၃ရဲ့ တားမြစ်နယ်မြေကို မင်းကျူးကျော်ခဲ့တာကတော့ ကြီးလေးတဲ့ ပြစ်မှုပဲ”
“ခင်ဗျား ဘာတွေပြောနေလဲ ကျုပ်မသိဘူး”
ကောင်းမင်က အကူညီမဲ့နေဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
ကိုယ်တော်သည် သူ၏လက်အင်္ကျီအတွင်းမှ သတင်းစာတစ်စောင်ကို ထုတ်ယူကာ ကောင်းမင်၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။
“ခရိုင် ၁၃မှာ ရှိတဲ့ ‘အမှောင်တောင်တန်း’ တားမြစ်နယ်မြေ ထိန်းချုပ်မှုလွတ်သွားတယ်ဆိုတဲ့ သတင်း ထွက်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကရုဏာဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေ အကုန်ထွက်လာခဲ့တာ၊ အချို့သတင်းတွေကဆိုရင် ကောင်စီဝင်စီမေကို တိုက်ရိုက်ပစ်မှတ်ထားပြီး မဟုတ်တာတွေ လုပ်ကြံဖန်တီးထားကြတာ၊ မင်းလုပ်လိုက်တဲ့ လုပ်ရပ်က မြို့တော်ကောင်စီကို ဒေါသထွက်စေခဲ့ပြီ၊ ဒါက သူတို့ရဲ့ လက်စားချေမှုပဲ”
“ကောင်စီဝင်စီမေက ဖြောင့်မတ်တဲ့သူပဲ၊ သူ ဘာမှ ကြောက်စရာမလိုဘူး၊ ကရုဏာဖောင်ဒေးရှင်းကလည်း အလင်းရောင်အတွက် စိတ်ရင်းမှန်နဲ့ လုပ်ဆောင်နေတာပဲလေ၊ ဒီကောလာဟလတွေက နောက်ဆုံးကျရင် သူ့အလိုလို ပျောက်သွားမှာပါ”
ကောင်းမင်က အပြစ်ကင်းစင်ဟန် ပြောလိုက်သော်လည်း သူ့စကားများက သရော်နေခြင်းပင်။ ကိုယ်တော်မှာ ထပ်မံသည်းမခံနိုင်တော့ဘဲ ကောင်းမင်၏ နှာခေါင်းကို လက်သီးဖြင့် လှမ်းထိုးလိုက်တော့သည်။
သို့သော် ထိုလက်သီးက ကောင်းမင်၏ မျက်နှာရှေ့တွင် ရပ်တန့်သွားသည်။ အကြောင်းမှာ ကောင်းမင်လက်ထဲမှ အနက်ရောင်သေနတ်က ကိုယ်တော်၏ နားထင်ကို ချိန်ထားသောကြောင့်ပင်။
“ခင်ဗျားရဲ့ သခင်က ခင်ဗျားဒီလောက်အကြမ်းဖက်တတ်တာကို သိလား”
“မင်းလမ်းပေါ်မှာ သေမသွားအောင် ငါကယ်ပေးနေတာကွ”
ကိုယ်တော်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်သီးကို ပြန်ရုပ်ကာ ကောင်းမင်ကို စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
“ဒါရိုက်တာလီ... သူ့ကို ဒီလောက်အထိ အဖတ်ဆယ်မရအောင် လုပ်လိုက်တာက အရမ်းမများလွန်းဘူးလား”
ကျားယိုကျစ်သည် မကြာသေးမီက ရုပ်ရှင်များကြည့်ထားပုံရသဖြင့် သူ့လေသံနှင့် အမူအရာမှာ ‘ဖော်လံဖား’ တစ်ဦးနှင့် အလွန်တူနေသည်။
“ငါတို့ အသုံးဝင်နေလို့ သူကောင်းပြနေတာ၊ ငါတို့ အသုံးမဝင်တော့ရင် သူတို့က ချက်ချင်း မျက်နှာပြောင်းသွားကြလိမ့်မယ်”
ကောင်းမင်က ကျားယိုကျစ်၏ ပုခုံးကို ဖက်လိုက်သည်။
“ငါ မင်းကို တိတ်တဆိတ် ရိုက်ခိုင်းထားတဲ့ ဗီဒီယိုတွေကို သေချာဝှက်ထားရဲ့လား”
“ကျွန်တော် အများကြီး ရိုက်ထားပါတယ်၊ ဒုက္ခသည်စခန်းထဲက မိန်းမတွေက ကောင်စီဝင်စီမေ မဟုတ်ဘူးဆိုတာကို ထောင့်ပေါင်းစုံကနေ သက်သေပြဖို့ လုံလောက်ပါတယ်”
“မင်း ကြိုးစားမှုအတွက် ကျေးဇူးပဲ၊ အခု ပိုင်ဟောက်ကို သွားဆက်သွယ်လိုက်ဦး၊ ငါ သူ့အကူအညီ လိုနေတယ်”
ကောင်းမင်သည် ကျားယိုကျစ်၏ စွမ်းဆောင်ရည်ကို ကျေနပ်သွားသည်။
“ဟုတ်ကဲ့ပါ”
ကြောက်တတ်ပြီး သတ္တိကြောင်သော ကျားယိုကျစ်သည် အန္တရာယ်ကို ဗီဇအရ သိနေခဲ့သည်။ သူဘာမှ ထပ်မမေးတော့ဘဲ ချက်ချင်း ပြေးထွက်သွား၏။
“လီဆန်းစီ ရွေးထားတဲ့ ဒီလက်အောက်ငယ်သား သုံးယောက်ကတော့ တကယ့်ကို ထူးခြားတာပဲ”
ကောင်းမင်သည် သူ့အခန်းသို့ ပြန်ကာ အနားယူလိုက်သည်။
နောက်ထပ် နှစ်ရက်အတွင်းတွင် တားမြစ်နယ်မြေများမှ ထွက်ပြေးလာသော ညစ်ညမ်းမှုများက ပျက်စီးဆုံးရှုံးမှုများ စတင်ဖြစ်ပေါ်စေခဲ့သည်။ ကရုဏာဖောင်ဒေးရှင်းသည် ဒဏ်ရာရသူများကို ကုသရန် ခရိုင်အသီးသီးသို့ အပြေးအလွှား သွားရောက်ခဲ့သဖြင့် သာမန်ပြည်သူများကြားတွင် ပုံရိပ်ကောင်းမွန်လာခဲ့သည်။ သို့သော်လည်း ခရိုင် ၄ မှ ညရဲတပ်ဖွဲ့၏ ခုခံမှုအားနည်းသွားပြီး ဘန်ကာအများစုကို သိမ်းပိုက်နိုင်ခဲ့ချိန်တွင် ရှေ့တန်းမှ ဖိအားများ လျော့ကျသွားသည်။ ကရုဏာဖောင်ဒေးရှင်းနှင့် ကောင်စီဝင်စီမေတို့အပေါ် မကောင်းသတင်းများမှာ မြို့ထဲတွင် ပျံ့နှံ့လာတော့သည်။ မြို့တော်ကောင်စီသည် ဝါဒဖြန့်ချိရေးစွမ်းအားကို အစစ်အမှန် ပိုင်ဆိုင်ထားသဖြင့် သူတို့သည် ကရုဏာဖောင်ဒေးရှင်းကို နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်ထားပုံရသည်။
ကောင်စီဝင်စီမေသည်လည်း ဘေးအန္တရာယ်ကို ရိပ်မိသည်။ အပေါ်ယံတွင်မူ သူမသည် စီထုံကို သူမ၏ ကိုယ်ပွားအဖြစ် ဆက်လက်အသုံးချ၍ ရှေ့တန်းမှ ဒုက္ခသည်များကို ကယ်တင်ခိုင်းခြင်းဖြင့် ကောလာဟလများကို ဂရုမစိုက်ဘဲ အများအကျိုးအတွက် အနစ်နာခံနေသည့် ပုံရိပ်ကို ဖော်ဆောင်နေခဲ့သည်။ ဤကာလအတွင်း သူမကိုယ်တိုင်ပင် ထွက်ပေါ်လာကာ လုံခြုံရေးများကြားမှ မိန့်ခွန်းများစွာ ပြောကြားခဲ့သည်။ ကောင်စီဝင်စီမေသည် လူထုကို စိတ်အားတက်ကြွစေရန်နှင့် လှည့်စားရန်အတွက် အလွန်ပင် ကျွမ်းကျင်လှသည်ဟု ဆိုရပေမည်။
သို့သော်လည်း ကွယ်ရာတွင်မူ ကောင်စီဝင်စီမေသည် လုံးဝကွဲပြားသော မျက်နှာတစ်ခုကို ပြသခဲ့သည်။ သူမသည် ကောင်းမင်အား ခရိုင် ၂ တွင် သူမကို လာတွေ့ရန် အဆက်မပြတ်တိုက်တွန်းနေခဲ့ပြီး သူသည် ခရိုင် ၁၃ ရှိ တားမြစ်နယ်မြေကို အဘယ်ကြောင့် ကျူးကျော်ကာ တားမြစ်ချက်များကို ချိုးဖောက်ခဲ့ရကြောင်း မေးခွန်းထုတ်နေခဲ့သည်။
သုံးရက်မြောက်နေ့တွင် ကောင်းမင်သည် ကျီးကန်းနက်ထံမှ သတင်းတစ်ခု ရရှိခဲ့သည်။ ညရဲတပ်ဖွဲ့ဝင်များသည် အမြစ်ပြတ်လုနီးပါး ဖြစ်နေပြီဖြစ်ကာ ခရိုင်များကြားမှ စစ်ပွဲမှာလည်း ပြီးဆုံးတော့မည် ဖြစ်သည်။
“သွားရမယ့် အချိန်ရောက်ပြီ၊ အဲ့ဒီ ညရဲတွေ ငါ့အတွက် အချိန်ဆွဲပေးခဲ့တာက ငါမျှော်လင့်ထားတာထက်တောင် ပိုများနေသေးတယ်”
နေဝင်သွားပြီးနောက် ကောင်းမင်သည် ဆေးဝါးစက်ရုံတားမြစ်နယ်မြေမှ ပြုပြင်မွမ်းမံထားသော ခွေးလူသား ငါးယောက်ကို ခေါ်ယူလိုက်သည်။ သူတို့ကို မှောင်ခိုဈေးကွက်မှ ခိုးယူထားသော လက်နက်များကို ပေးအပ်လိုက်ပြီး သတ်မှတ်ထားသော နေရာတစ်ခုတွင် ကြိုတင်စောင့်ဆိုင်းနေရန် အမိန့်ပေးလိုက်သည်။
ထို့နောက် ကောင်းမင်သည် လီဆန်းစီ၏ ပြန်လည်နိုးထလာသော မိခင်ကို ရှာဖွေလိုက်သည်။ သူမအား အနက်ရောင်ဝတ်ရုံတစ်ခု ခြုံပေးပြီး ကရုဏာဖောင်ဒေးရှင်း၏ ကားဖြင့် သူမနှင့် အတူတူ လိုက်ပါသွားခဲ့သည်။
ရက်ပေါင်းများစွာ ကြန့်ကြာနေခဲ့ပြီးနောက် နောက်ဆုံးတွင် ကောင်းမင်သည် ကောင်စီဝင်စီမေနှင့် တွေ့ဆုံရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
“မင်းသာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က သွားခဲ့မယ်ဆိုရင် မင်းအတွက် တောင်းပန်ပေးနိုင်ဦးမယ်၊ အခုတော့ ဘုရားသခင်ဆီမှာပဲ ဆုတောင်းနေပေတော့”
ကြင်နာတတ်သော ကိုယ်တော်သည် ကားရှေ့ခန်းတွင် ထိုင်နေပြီး သူ့မျက်နှာက လေးနက်နေသည်။ လက်ရှိ အခြေအနေသည် ကရုဏာဖောင်ဒေးရှင်းအတွက် အလွန်ဆိုးရွားနေကြောင်း သူသိပေသည်။
ကံကောင်းသည်မှာ တားမြစ်နယ်မြေအများအပြားမှာ ထိန်းချုပ်မှုလွတ်နေသဖြင့် ဂိုဏ်းများ အလုပ်ရှုပ်နေကြခြင်းပင်။ မဟုတ်လျှင် ညရဲတပ်ဖွဲ့ အမြစ်ပြတ်သွားသည့်နေ့သည် ကရုဏာဖောင်ဒေးရှင်း ဇာတ်သိမ်းသည့်နေ့ ဖြစ်သွားပေလိမ့်မည်။ သူတို့သည် ဂိုဏ်းများကြား စစ်ပွဲကို အခွင့်ကောင်းယူကာ အင်အားချဲ့ထွင်ခဲ့ကြသဖြင့် သဘောတူညီချက်များစွာကို ချိုးဖောက်ခဲ့ကြသည်။
ကောင်းမင်က သူ့ကို လျစ်လျူရှု၍ တစ်ခုခုကို စဉ်းစားနေသကဲ့သို့ တိတ်ဆိတ်နေ၏။
ကားသည် ခရိုင် ၃ မှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ပြီး ည ၈ နာရီခန့်တွင် ကရုဏာဖောင်ဒေးရှင်း ဘုရားကျောင်းသို့ ရောက်ရှိလာသည်။ ဤနေရာသည် ကောင်းမင်နှင့် ကောင်စီဝင်စီမေတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော နေရာပင် ဖြစ်သည်။
“ကောင်စီဝင်မေက ဒီမှာပဲ အမြဲတမ်း နေနေတာလား၊ တခြား ဘေးကင်းတဲ့နေရာကို မပြောင်းဘူးလား”
ကောင်းမင်က အနည်းငယ် အံ့သြသလို မေးလိုက်သည်။
“ဒီနေရာက ဘေးအကင်းဆုံးနေရာပဲ”
ကိုယ်တော်သည် စိတ်အားထက်သန်သည့် ယုံကြည်သူ အများအပြား ဝန်းရံထားသော ဘုရားကျောင်းကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း ပြောလိုက်သည်။
***