ဒရိုင်ဘာသည် ကားပေါ်မှ မဆင်းဘဲ ဘေးတံခါးမှတစ်ဆင့် ဘုရားကျောင်း၏ နောက်ရှိ ခြံဝင်းအတွင်းသို့ တိုက်ရိုက် မောင်းဝင်သွားသည်။
ပန်းများပွင့်လန်းနေပြီး ဝေဝေဆာဆာရှိနေသော သစ်ပင်များနှင့် ခင်းထားသော အဖြူရောင် စကျင်ကျောက်များကြောင့် ဤနေရာသည် အလွန် သန့်ရှင်းမြင့်မြတ်ပုံရသည်။ အနည်းဆုံးတော့ အပြင်ပန်းကြည့်လျှင် ထိုသို့ပင်။
“ဆင်းတော့”
ဒရိုင်ဘာက ကောင်းမင်ကို အေးစက်စွာ နှင်ထုတ်လိုက်သည်။ ကောင်းမင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ရာ ဘုရားကျောင်းအတွင်းရှိ လေထုသည် အပြင်ဘက်နှင့်မတူဘဲ လန်းဆန်းစေသော ရနံ့တစ်ခု ကိန်းအောင်းနေလေသည်။
“ရနံ့က အရင်ကနဲ့ မတူဘူးပဲ”
“ဒီဘက်”
ကိုယ်တော်က ကောင်းမင်အား ဘုရားကျောင်းအတွင်းသို့ ကြင်နာစွာ တွန်းပို့လိုက်သည်။ သူတို့သည် လျှို့ဝှက်လမ်းတစ်ခုအတွင်းသို့ ချိုးကွေ့ကာ မြေအောက်သို့ ဆင်းသွားကြသည်။
ပတ်ပတ်လည်တွင် ယုံကြည်သူများ၏ ရိုသေကိုင်းရှိုင်းသော ဆုတောင်းသံများ ပဲ့တင်ထပ်နေ၏။ နူးညံ့သောအလင်းရောင်က သူတို့၏မျက်နှာများကို လင်းထိန်နေစေသည်။ စင်ကြယ်သော အဖြူရောင် ဓမ္မဆရာဝတ်ရုံများသည် ဘုရားသခင်၏ ပန်းချီကားချပ်အလားဖြစ်နေပြီး ပျံ့လွင့်နေသောအလင်းစက်တို့က ကောင်းကင်တမန်များ၏ အမွေးအတောင်များနှင့် တူလှသည်။ ကရုဏာအဖွဲ့ဝင်များ၏ ရုပ်တုများကို ဖြတ်သွားစဉ် နံရံပေါ်၌ သူတို့၏ လုပ်ရပ်များကို ကမ္ဗည်းထိုးထားပေသည်။ ရာနှင့်ချီသော လူနာများကို ကယ်တင်ခဲ့သည့် ဆရာဝန်များ၊ တားမြစ်နယ်မြေအတွင်းသို့ စွန့်စားဝင်ရောက်ခဲ့သည့် စစ်သည်တော်များ၊ ရက်ရောသော သူဌေးကြီးများနှင့် လေးစားဖွယ် ပညာရှင်များ။ သူတို့၏ တောက်ပမှုက အမှောင်ထုကို ဖယ်ရှားပေးနေသကဲ့သို့ ထိုရုပ်တုများကိုယ်တိုင်ကပင် စိတ်ကောင်းစေတနာကို ဖြစ်ပေါ်စေသည်။
လေထဲမှ ရနံ့မှာ တဖြည်းဖြည်း မှေးမှိန်သွားသည်။ ကောင်းမင်နှင့် စီရှန့်တို့သည် တံခါးသုံးချပ်ကို ဆက်တိုက် ဖြတ်သန်းလာကြသည်။ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာပြီး ကောင်းမင်၏ နဖူးတွင် ချွေးစက်များ ထွက်ပေါ်လာသည်။ ၎င်းမှာ ပတ်ဝန်းကျင်အငွေ့အသက်ကြောင့်လော သို့မဟုတ် အခြားအကြောင်းကြောင့်လော မသိနိုင်ပေ။
“ကောင်စီဝင်က အောက်ဆုံးထပ်မှာ အနားယူနေတယ်၊ သူ ဒီရက်ပိုင်းမှာ အရမ်းပင်ပန်းနေလို့ပါ”
စတုတ္ထမြောက်တံခါးတွင် ကောင်းမင်နှင့် ကိုယ်တော်စီရှန့်တို့ တားဆီးခံလိုက်ရသည်။ နားရွက်များ ဖြတ်တောက်ခံထားရသော မိန်းမငယ်နှစ်ဦးက သူတို့၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြပြီး ကိရိယာမျိုးစုံကို ထုတ်၍ ကောင်းမင်၏ ခန္ဓာကိုယ် တစ်လက်မကျန်ကို စစ်ဆေးကြသည်။
သေနတ်၊ လက်နက်များနှင့် သတ္တုကြယ်သီးများကိုပင် ချန်ထားခဲ့ရသည်။ ဘေးအန္တရာယ်ဖြစ်စေသော ပစ္စည်းများ မပါရှိကြောင်း အတည်ပြုပြီးနောက် ထိုအမျိုးသမီးနှစ်ဦးက ကောင်းမင်ကို ဝင်ခွင့်ပြုလိုက်သည်။
“ကျွန်မတို့နဲ့ လိုက်ခဲ့ပါ”
ထိုအမျိုးသမီးနှစ်ဦးက စီရှန့်ကို ဦးညွှတ်လိုက်သည်။
“ကောင်စီဝင်က အရမ်းပင်ပန်းနေလို့ ဒီနေ့ လီဆန်းစီ တစ်ယောက်တည်းကိုပဲ တွေ့ချင်တာပါ”
“မိုက်မဲလိုက်တာ၊ ဒီလီဆန်းစီက မကောင်းစိတ်တွေ ပြည့်နေတဲ့ ဝံပုလွေတစ်ကောင်လိုပဲကွ၊ ငါဒီနေ့ ကောင်စီဝင်ကို သေချာပေါက် တွေ့မှရမယ်၊ သူ လီဆန်းစီကို ထပ်ယုံကြည်လို့ မဖြစ်ဘူး”
စီရှန့်က ပြောပြီး အတင်းဝင်ရန် ကြိုးစားသည်။ အစောပိုင်းက နူးညံ့နေသော အမျိုးသမီးက စီရှန့် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူမလက်ထဲတွင် ထက်မြက်သည့် ဓားတစ်ချောင်း ပေါ်လာတော့သည်။
“အားအင်တွေ ချန်ထားလိုက်ပါဦး၊ ဒီနှစ်ယောက်လုံးက နားရွက်တွေ ဖြတ်ထားတာဆိုတော့ ခင်ဗျားပြောတာကို မကြားနိုင်ဘူး၊ သူတို့က ကောင်စီဝင်ခိုင်းတာကိုပဲ လုပ်ကြမှာ”
ကောင်းမင် ထိုအမျိုးသမီးနှစ်ဦးနောက်မှ စတုတ္ထမြောက်တံခါးအတွင်းသို့ ဝင်သွားလိုက်သည်။
ယခင်က ကောင်စီဝင်စီမေနှင့် တွေ့ဆုံမှုများသည် ရုံးခန်းထဲတွင်သာ ဖြစ်သော်လည်း ယခုတွင် ဘုရားကျောင်း၏ မြေအောက်အနက်ရှိုင်းဆုံးသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။
အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ကောင်းမင်၏ ရှေ့တွင် ပဉ္စမမြောက်တံခါးချပ် ထွက်ပေါ်လာသည်။
“ကောင်စီဝင်က ရှင့်ကို အထဲမှာ စောင့်နေပါတယ်”
ထိုသို့ပြောပြီးနောက် အမျိုးသမီးနှစ်ဦးက လှည့်ထွက်သွားပြီး ကောင်းမင်မှလွဲ၍ ဘယ်သူမှ မဝင်နိုင်စေရန် တံခါးတွင် စောင့်ကြပ်နေကြသည်။
တံခါးလက်ကိုင်ကို ညင်သာစွာ လှည့်လိုက်သောအခါ လမ်းတလျှောက်မှ ရနံ့များကို ဖျက်ဆီးပစ်သည့် ပြင်းထန်သော သွေးညှီနံ့တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ကောင်းမင် အထဲသို့ မဝင်မီမှာပင် သစ်သားတုတ်ဖြင့် အသားကို ရိုက်နှက်နေသည့် ‘ဘုန်း... ဘုန်း’ ဟူသော အသံများကို ကြားလိုက်ရသည်။
မော့ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကောင်းမင်၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး တစ်ချက်တည်းကိုသာ အာရုံစိုက်လိုက်မိသည်။
လူငယ်လေးနှစ်ဦး၏ အလောင်းမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး သူတို့၏ ခြေလက်များကို သေသည်အထိ တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရသည်။ သူတို့၏ မျက်နှာများသည် ရိုက်နှက်ခံထားရသဖြင့် ပုံပျက်နေပြီး ခေါင်းမှ အပေါက်ကြီးများထဲမှ သွေးမည်းများ ယိုစီးကျနေလေသည်။
အနက်ရောင် ကာလိုက်ကာများက တစ်ဝက်တစ်ပျက်ပွင့်နေပြီး ဝိုင်ပုလင်းကွဲများသည်လည်း နေရာအနှံ့ ပျံ့ကြဲနေသည်။ ဝိုင်နှင့် သွေးတို့ ရောနှောနေသည်မှာ သွေးအိုင်ကြီးအတွင်း ယစ်မူးဖွယ် အငွေ့အသက်ကို ဖန်တီးပေးနေသည်။
တဘုန်းဘုန်း မြည်သံများမှာ ဆက်တိုက်ထွက်ပေါ်နေဆဲဖြစ်ပြီး ပျက်စီးနေသော ဗုံတစ်လုံးကို အသံထွက်လာအောင် အတင်းထုရိုက်နေသကဲ့သို့ပင်။
လိုက်ကာကို မတင်လိုက်သောအခါ ကောင်းမင်သည် ရေကန်ဘေးတွင် လဲလျောင်းနေသော အမြွှာညီအစ်ကိုနှစ်ဦးကို မြင်လိုက်ရ၏။ ဓမ္မဆရာဝတ်ရုံကို ဖြစ်ကတတ်ဆန်း ခြုံထားသော ကောင်စီဝင်စီမေမှာမူ ၎င်းတို့ကို သစ်သားတုတ်ဖြင့် အဆက်မပြတ် ရိုက်နှက်နေလေသည်။
တဖျတ်ဖျတ် တုန်ခါနေသော ဖယောင်းတိုင်အလင်းရောင်က သူမ၏ အရိပ်ကို နံရံပေါ်တွင် ထင်ဟပ်နေစေရာ ငရဲမှ တက်လာသော နတ်ဆိုးတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။
သူမ၏ အဖြူရောင်ဝတ်ရုံပေါ်တွင် သွေးများ စိုရွှဲနေသော်လည်း သူမသည် ရပ်တန့်ခြင်းမရှိဘဲ လက်မောင်းများ ညောင်းညာလာပြီး တုတ်ကို မမနိုင်တော့သည့်အထိ ဆက်တိုက် ရိုက်နှက်နေခဲ့သည်။
“ထပ်”
သူမသည် တုတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အဝတ်အစားဖရိုဖရဲဖြင့် ရေကန်ဘေးတွင် ထိုင်ချလိုက်သည်။ ချွေးနှင့် သွေးများက သူမ၏ ကိုယ်ပေါ်တွင် ရောယှက်နေလေသည်။ သူမသည် ပုံပျက်နေသော အလောင်းနှစ်ခုကို မှီ၍ အသက်ကို ပြင်းပြင်းရှူနေရသည်။
အတော်ကြာမှ ကောင်စီဝင်စီမေက ကောင်းမင်ကို ကြည့်လာသည်။ သူမ၏ မျက်နှာမှာ လှပနူးညံ့သော မိခင်တစ်ဦး၏ အသွင်အပြင်သို့ ပြန်လည်ပြောင်းလဲသွားသော်လည်း သူမမျက်နှာပေါ်ရှိ သွေးစွန်းကွက်များက ပို၍ပင် ထင်ရှားလာတော့သည်။
ဝမ်ရှန့်ဂိုဏ်းက ရိုက်ကူးခဲ့သော ဗီဒီယိုမှာ လုံးဝအစစ်အမှန်ဖြစ်သည်။ ဤကောင်စီဝင်စီမေသည် ပြည်သူလူထုရှေ့တွင် သူမ၏ ဖျက်ဆီးလိုသော စိတ်ရိုင်းများကို အတင်းအကျပ် ဖိနှိပ်ထားသော်လည်း အမှောင်ခန်းထဲသို့ ရောက်သည်နှင့် ၎င်းတို့ကို အကန့်အသတ်မရှိ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သူမသည် ကောင်းမင် ထင်ထားသည်ထက်ပင် ပို၍ဆိုးရွားလှသည်။
“ကောင်းသော ညနေခင်းပါ... အနာဂတ် မြို့တော်ဝန်ကြီး”
ကောင်းမင်သည် လှေကားခြေရင်းတွင် ရပ်၍ ကြမ်းပြင်ပေါ်ရှိ ရေကန် သို့မဟုတ် သွေးကန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကိုလာပါ”
ကြမ်းပြင်ပေါ်တွင် လဲနေသော ကောင်စီဝင်စီမေက ကောင်းမင်ကို လက်ယပ်ခေါ်လိုက်သည်။ ကောင်းမင်ကား တုပ်တုပ်မလှုပ်ပေ။
“မင်း ကြောက်နေတာလား၊ ငါခိုင်းတဲ့အလုပ်ကို မင်း အကောင်းဆုံး လုပ်ခဲ့တာပဲ၊ ဘာလို့ ကြောက်နေတာလဲ”
“မြို့တော်ကောင်စီခန်းမရဲ့ ဖိအားတွေ များလွန်းလို့ ခင်ဗျား အခုလိုပေါက်ကွဲနေတာလား”
ကောင်းမင်က ပတ်ဝန်းကျင်ရှိ အလောင်းများကို ကြည့်လိုက်သည်။
“ငါအခု မင်းကို မေးနေတာလေ... ငါအခု မင်းကို မေးနေတာ”
ကောင်စီဝင်စီမေသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။ သူမ သစ်သားတုတ်ကို ဆွဲကိုင်လိုက်သည်။ သူမသည် ဒေါသကြောင့် မျက်စိကန်းနေခြင်းလား သို့မဟုတ် အရက်ရှိန်လား မသိရဘဲ မတ်တပ်ထရပ်လာပြီး ကောင်းမင်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လာလေ၏။
“ခရိုင် ၁၃ ကို မထိပါနဲ့လို့ ငါမင်းကိုပြောခဲ့တယ် မဟုတ်လား”
“ခင်ဗျား သူတို့ကို မထိရင်တောင် သူတို့က ခင်ဗျားနောက်ကို လိုက်လာမှာပဲ၊ ခင်ဗျားက ကောင်စီဝင်တစ်ယောက်ဆိုတော့ သူတို့ရဲ့ စရိုက်ကို အသိဆုံးဖြစ်မှာပါ”
ကောင်းမင်သည် ကောင်စီဝင်စီမေက တုတ်ကို မြှောက်လိုက်သည်ကို မြင်သော်လည်း စကားပြောခြင်း မရပ်တန့်ခဲ့ပေ။
“သူတို့ မျက်လုံးထဲမှာတော့ ခင်ဗျားက အချိန်မရွေး စားလို့ရတဲ့ အသားတစ်တုံးပဲ”
“ငါက ဘယ်သူမဆို စားလို့ရတဲ့ အသားတစ်တုံး ဟုတ်လား”
ကောင်စီဝင်စီမေသည် အတိတ်မှ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူမ၏ အမူအရာက မည်းမှောင်သွားသည်။ သူမမျက်နှာက ကြောက်စရာကောင်းလာပြီး သွေးကြောများလည်း တုန်ခါလာသည်။
“ခင်ဗျား တကယ်တော့ အရာအားလုံးကို သိနေတာပဲ၊ အဲ့ဒါကြောင့်လည်း ခင်ဗျားရဲ့ ဒေါသတွေကို ဒီအပြစ်မဲ့တဲ့လူတွေအပေါ် ပုံချနေတာ၊ ဒီမှာ ရမ္မက်ဆိုတာ မရှိဘူး၊ ဖျက်ဆီးခြင်းနဲ့ အကြမ်းဖက်ခြင်းပဲ ရှိတယ်၊ ခင်ဗျားကိုယ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင် နေထိုင်နေတာပဲ”
သူစိမ်းများ၏ သွေးများက ကောင်းမင်၏ ဖိနပ်အတွင်းသို့ စေးကပ်စွာ စိမ့်ဝင်လာသည်။
“ဟုတ်တယ်၊ ငါ အကုန်သိတယ်”
ကောင်စီဝင်စီမေသည် စားပွဲပေါ်မှ စာရွက်တစ်ရွက်ကို ဆွဲယူ၍ ကောင်းမင်ဆီသို့ ပစ်ပေါက်လိုက်သည်။
“ငါ လီဆန်းစီရဲ့ အချက်အလက်တွေ အားလုံးကို နှိုင်းယှဉ်ပြီးပြီ၊ အခု မင်းက အပြင်လူတစ်ယောက်ဆိုတာ ငါ သေချာ သိသွားပြီ”
သွေးအိုင်ပေါ်တွင် စာရွက်အစအနများမှာ ပျံ့လွင့်နေသည်။ အဖြူရောင်က အမှန်တရားကို ကိုယ်စားပြုပြီး အနီရောင်က လက်တွေ့ဖြစ်ရပ်များကို ကိုယ်စားပြုခြင်းဖြစ်သည်။
“ငါ့အထောက်အထားက နည်းနည်းစောစော ပေါ်သွားတာပဲ၊ ဒါပေမဲ့ ငါလည်း ဖုံးကွယ်ထားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး”
ကောင်းမင် ထိုစာရွက်များကို ငုံ့ကြည့်လိုက်သည်။
“ငါ့အထောက်အထားက မင်းအတွက် အရေးမကြီးပါဘူး၊ အရေးကြီးတာက ငါတို့မှာ မြို့တော်ကောင်စီဆိုတဲ့ တူညီတဲ့ရန်သူ ရှိနေတာပဲ”
“ငါတို့က အမြဲတမ်းပါတနာတွေလို့ မင်း တကယ်ကြီး ထင်နေတာလား”
ကောင်စီဝင်စီမေက ၎င်းကို ရယ်စရာတစ်ခုအလား မှတ်ချက်ပေးလိုက်သည်။ သူမသည် သူမ၏ ကိုယ်ပိုင်ရေမွှေးပုလင်းကို ဖြန်းလိုက်ရာ ထူးခြားသော ရနံ့က လျင်မြန်စွာ ပျံ့နှံ့သွား၏။ နားရွက်များ ဖြတ်တောက်ခံထားရသော မိန်းမငယ်အများအပြားသည် တံခါးအပြင်ဘက်နှင့် အခန်းထောင့်များမှ ထွက်ပေါ်လာပြီး လက်နက်များဖြင့် ကောင်းမင်ကို ဝိုင်းထားလိုက်ကြသည်။
“မင်း ငါ့အတွက် အများကြီး လုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ အခုတော့ ငါ မင်းအကူအညီကို ထပ်လိုနေပြန်ပြီ”
ကောင်စီဝင်စီမေ၏ အပြုံးသည် မိစ္ဆာတစ်ကောင်အလား ကြောက်စရာကောင်းလှသည်။
“ဒီည မင်းရဲ့ အရေပြားပေါ်မှာ တားမြစ်နယ်မြေထဲက ငါတွေ့ခဲ့တဲ့ ပုံစံကွက်တွေကို ထွင်းထုပေးမယ်၊ ဒါဆိုရင် မင်းက အပြင်လူတွေရဲ့ ခေါင်းဆောင်အဖြစ် ဟန်ဆောင်လို့ ရသွားပြီ၊ မိုးလင်းတဲ့အခါ မင်းကို မြို့တော်ကောင်စီဆီ ငါ ပို့လိုက်မယ်၊ ဒါက ကရုဏာဖောင်ဒေးရှင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်နည်းနည်းလောက် ထပ်ဝယ်ပေးနိုင်လိမ့်မယ်”
***