"ငါ့ကို အပြင်လူတွေရဲ့ ခေါင်းဆောင်အဖြစ် ဟန်ဆောင်ခိုင်းပြီး မြို့တော်ကောင်စီဆီကို အပ်မယ်ပေါ့"
ကောင်းမင်သည် ကောင်စီဝင်စီမေ၏ ယုတ်မာမှုကို နားလည်မှုအသစ်တစ်ခု ရရှိသွားပြန်သည်။ သူ့အား သတ်ဖြတ်ရန် လက်နက်တစ်ခုကဲ့သို့ အသုံးချပြီး သူ၏နောက်ဆုံးတန်ဖိုးအထိ ညှစ်ထုတ်ယူသွားခြင်းပင်။
"မင်းက အလင်းရောင်နောက်ကို လိုက်ချင်တယ်မှဆိုတော့ အခုက မင်းရဲ့ ခွန်အားတွေကို ပေးဆပ်ရမယ့် အချိန်ပဲ"
ကောင်စီဝင်စီမေသည် ကောင်းမင်၏ ကံကြမ္မာကို အချိန်အတော်ကြာကတည်းက ကြိုတင် စီစဉ်ထားပုံရသည်။
"ငါသာ အမှောင်ထုကို ဖယ်ရှားနိုင်ခဲ့ရင် မင်းအတွက် ရုပ်တုတစ်ခု ထုပေးပြီး ယုံကြည်သူတွေရဲ့ ပူဇော်မှုကို ခံယူစေရပါ့မယ်"
"လမ်းတလျှောက်မှာရှိတဲ့ ရုပ်တုတွေကလည်း ကရုဏာဖောင်ဒေးရှင်းရဲ့ သားကောင်တွေပဲလား"
လမ်းတွင် နံရံ၌ ချိတ်ဆွဲထားသည့် ‘အရေးကြီးပုဂ္ဂိုလ်များ’ ကို ကောင်းမင် ဝေဝေဝါးဝါး သတိရသွားသည်။
"သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်တွေနဲ့ ကယ်တင်ခြင်းလမ်းကို ခင်းပေးခဲ့ကြတာပါ"
ကောင်စီဝင်စီမေက ယင်းကို အလွန်မြင့်မြတ်သယောင် ပြောနေခြင်းဖြစ်သည်။ သို့သော်လည်း သူမသည် အလောင်းများပေါ်တွင် ရပ်နေကာ မျက်နှာပေါ်တွင် သွေးများ စွန်းထင်နေပြီး သူမ၏ အပြုံးတွင်ပင် လှောင်ပြောင်သရော်မှုများ ပါဝင်နေသည်။
မရေမတွက်နိုင်သည့် ယုံကြည်သူများ ကိုးကွယ်နေသော အလင်းရောင်သည် ခမ်းနားသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ‘သရဲ’ တစ်ကောင်သာဖြစ်ပြီး ကြောက်စရာအကောင်းဆုံး ‘လူသား’ ပင် ဖြစ်သည်။
ဤမှောင်မိုက်သော မြို့ကြီးတွင် ကရုဏာအဖွဲ့ကို အဘယ်ကြောင့် တည်ရှိခွင့်ပြုထားသနည်း။ မြို့တော်ကောင်စီက ကောင်စီဝင်စီမေကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။ ကောင်းမင် အခုမှ နားလည်သွားတော့သည်။ သူမက အမှန်တကယ်ကြင်နာတတ်သည့် စိတ်ထားရှိလို့ မဟုတ်ဘဲ လုံလောက်အောင် မှောင်မိုက်နေလို့သာ ဖြစ်သည်။
“တကယ့်ကို ပြောင်မြောက်တဲ့ အစီအစဉ်ပဲ”
ကောင်းမင်က လက်ခုပ်လက်ဝါးပင် တီးလိုက်ချင်မိသည်။
“ငါက မင်းအသုံးချခဲ့တဲ့ ပထမဆုံးလူ မဟုတ်ဘူးမလား၊ လမ်းတလျှောက်က ရုပ်တုတွေက ဒီမြို့ကြီးရဲ့ တကယ့်အလင်းရောင်တွေ ဖြစ်မှာပါ၊ သူတို့က မင်းရဲ့ လှည့်စားမှုကိုခံရပြီး အရာအားလုံးကို စတေးခဲ့ကြတယ်၊ နောက်ဆုံးတော့ မင်းရဲ့ အလျှော့အတင်းလုပ်စရာ အပေါင်ပစ္စည်းတွေ ဖြစ်သွားကြတာပဲ”
“ကရုဏာအဖွဲ့က စကားလေးပြောရုံနဲ့ ဒီအခြေအနေအထိ ရောက်လာတာလို့ မင်းထင်နေတာလား၊ အမြဲတမ်း စတေးမှုတွေနဲ့ ပေးဆပ်မှုတွေရှိနေမှ ရှေ့ကို ဆက်သွားနေနိုင်မှာ”
ကောင်စီဝင်စီမေသည် သွေးကန်ကို နောက်ခံထား၍ စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။
“တကယ်တော့ အသက်ရှင်ကျန်ရစ်တဲ့သူတွေက ပိုအခံစားရဆုံးပဲ၊ အလင်းရောင်ဆောင်ကြဉ်းပေးဖို့ ငါဟာ ဘယ်လောက်တောင် နာကျင်မှုတွေ ခံစားခဲ့တယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး”
“မျက်နှာဖုံးစွပ်ပြီး မင်းရဲ့ ရက်စက်ကြမ်းတမ်းတဲ့ဗီဇကို အတင်းအကျပ် ဖိနှိပ်ထားရတာ တကယ် နာကျင်ရမှာပဲ”
ကောင်းမင် သူ့အရေပြားကို ဓားဖြင့် လှီးချလိုက်သည်။ သွေးများသည် စီးကျမလာဘဲ အသက်ဝင်နေသည့်အလား အန္တရာယ်ရှိသော အမျှင်တန်းများအဖြစ် ပေါ်ထွက်လာသည်။
“ဒီရက်ပိုင်းအတွင်း မင်းဟာ ကရုဏာအဖွဲ့အတွက် အများကြီး လုပ်ပေးခဲ့တယ်၊ ဒီတစ်ခုကတော့ နောက်ဆုံးအလုပ်ပါပဲ”
ကောင်စီဝင်စီမေက လက်ယပ်ခေါ်ကာ သွေးကန်ဘေးတွင် ထိုင်ချလိုက်သည်။ သေနတ်ကိုင်ထားသော လက်အောက်ငယ်သားများက ကောင်းမင်ဆီသို့ ချဉ်းကပ်လာကြသည်။ သူတို့သည် ကောင်းမင်ကို အရှင်ဖမ်း၍ တားမြစ်နယ်မြေမှ တွေ့ရှိထားသော ထူးဆန်းသည့် ပုံစံကွက်များကို သူ့ကိုယ်ပေါ်တွင် ထွင်းထုပြီး မြို့တော်ကောင်စီထံ ပို့ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
"မင်းရုန်းကန်ရင် ပိုနာကျင်ရုံပဲ ရှိမယ်နော်"
သေနတ်ဖြင့် အချိန်ခံထားရသော ကောင်းမင်သည် အစကတည်းက စစ်ဆေးခံထားရသဖြင့် လက်နက်မဲ့နေလေသည်။ သူသည် ရုန်းကန်မှုကို လက်လျှော့လိုက်သည့်အလား လက်နှစ်ဖက်ကို တိတ်ဆိတ်စွာ မြှောက်ထားလိုက်သည်။
"မင်းရဲ့ မျက်လုံးတွေနဲ့ မင်းရဲ့ အလုပ်လုပ်ပုံကို ငါ တကယ်သဘောကျတယ်၊ မင်းသာ ဒီလောက် ရုပ်မဆိုးဘဲနဲ့ မအိုသေးရင် မင်းကို ကစားစရာတစ်ခုလို နှိပ်စက်ချင်သေးတယ်"
အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဟု ထင်နေသော ကောင်စီဝင်စီမေက သူမ၏ စိတ်ရင်းကို ဖွင့်ဟပြောလိုက်သည်။ လီဆန်းစီ၏ ရုပ်ဆိုးအိုမင်းသော မျက်နှာက ထိုမျှအကာအကွယ် ပေးနိုင်လိမ့်မည်ဟု ကောင်းမင် လုံးဝမမျှော်လင့်ထားခဲ့ပေ။
သွေးကန်နောက်ကွယ်ရှိ လျှို့ဝှက်လမ်းကြောင်းက ပွင့်ဟလာသည်။ ကောင်းမင်အား သေနတ်ဖြင့် ချိန်၍ အတွင်းသို့ အတင်းအကျပ်ဝင်ခိုင်းလိုက်ကြသည်။ သူသည် လုံးဝမရုန်းကန်ဘဲ တစ်စုံတစ်ခုကို ခပ်တိုးတိုး ရေရွတ်နေခဲ့သည်။
သွေးနံ့မှာ ပြင်းထန်လှသည်။ လျှို့ဝှက်လမ်းကြောင်းနောက်တွင် လူ့အင်္ဂါအစိတ်အပိုင်းများ ထားရှိသည့် ပြခန်းတစ်ခု ရှိနေသည်။ ၎င်းမှာ ကောင်စီဝင်စီမေ၏ ဝါသနာလော သို့မဟုတ် ကရုဏာဖောင်ဒေးရှင်းက လူ့အင်္ဂါအစိတ်အပိုင်းများကို ရောင်းစားပြီး ပိုက်ဆံရှာနေခြင်းလော မသိရပေ။ သို့သော်လည်း အင်္ဂါတစ်ခုချင်းစီသည် အလွန်ပင် ပြည့်စုံသပ်ရပ်လှပြီး အချို့မှာ အထူးနည်းလမ်းဖြင့် ထိန်းသိမ်းခံထားရသည်။
"ကောင်စီဝင်ရဲ့ ပန်းတွေကို မထိခိုက်စေနဲ့"
ခေါင်းပြားပြားနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဆရာဝန်တစ်ဦးက ပြခန်းအတွင်း အလုပ်ရှုပ်နေလေသည်။ သူ့ခန္ဓာကိုယ်မှာ ပြုပြင်မွမ်းမံခံထားရခြင်းဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်းက နံရံနှင့် ဆက်နေကာ ထိုနေရာမှ လက်မောင်းများနှင့်တူသော အသားရောင် အမြစ်များ ထွက်ပေါ်နေခဲ့သည်။
"ကောင်စီဝင် ဘာလိုချင်လဲဆိုတာ ငါသိတယ်၊ အဲ့ဒီတော့ အသုံးမကျတဲ့ လူတွေ... အပြင်ထွက်သွားကြစမ်း"
ထိုခေါင်းပြားဆရာဝန်သည် နားရွက်ဖြတ်ခံထားရသော အမျိုးသမီးများအပေါ် လေးစားမှု သို့မဟုတ် သနားမှု လုံးဝမရှိချေ။ သူတို့အား ပစ္စည်းများကဲ့သို့ သဘောထားကာ ဆိုးယုတ်သည့် စကားများ ပြောဆိုနေခဲ့သည်။
ကောင်းမင်၏ ခြေလက်များသည် ထိုအသားရောင် အမြစ်များဖြင့် ရစ်ပတ်ခံလိုက်ရပြီး ခွဲစိတ်ခုတင်ပေါ်သို့ ဆွဲတင်ခံလိုက်သည်။ ဗြိဟူသော အသံနှင့်အတူ သူ့အဝတ်အစားများလည်း ဆွဲဖြဲခံလိုက်ရသည်။
ခေါင်းပြားဆရာဝန်က အနားသို့ ချဉ်းကပ်လာ၏။ တစ်လုံးကြီး တစ်လုံးသေးဖြင့် မညီမညာဖြစ်နေသော သူ့မျက်လုံးနှစ်လုံးက အံ့သြမှုကြောင့် ရုတ်တရက် ပြူးကျယ်သွားသည်။
"ဒါ ဘယ်ဂိုဏ်းရဲ့ တက်တူးလဲ၊ ငါ တစ်ခါမှ မမြင်ဖူးပါလား"
သူသည် တားမြစ်နယ်မြေမှ ရရှိထားသော တက်တူးကို ကောင်းမင်၏ ကိုယ်ပေါ်တွင် ရေးဆွဲရန် ကောင်စီဝင်စီမေထံမှ အမိန့်ရထားခြင်း ဖြစ်သည်။ သို့သော် ကောင်းမင်၏ အဝတ်အစားများကို ဆွဲဖြဲလိုက်သောအခါ တစ်ဖက်လူတွင် နဂိုကတည်းက ထူးဆန်းပြီး အန္တရာယ်ရှိသော တက်တူးတစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။
"ဂိုဏ်းတစ်ခုတိုင်းရဲ့ တက်တူးက စွမ်းအားတစ်ခု ဒါမှမဟုတ် ဒီမြို့ရဲ့ စည်းမျဉ်းတစ်ခုကို ဖော်ပြနေတာ၊ မင်းရဲ့ တက်တူးက... အပြင်လူတစ်ယောက်နဲ့ တူပေမဲ့ ငါသတ်ခဲ့ဖူးတဲ့ အပြင်လူတွေထဲမှာ ဒီလိုတက်တူးမျိုး တစ်ယောက်မှ မရှိဘူး... မင်းကများ..."
ဆရာဝန်၏ ပါးစပ်မှာ အလိုလို ပွင့်ဟသွားပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာတော့သည်။
ကောင်းမင်သည် အချိန်ကို တွက်ချက်နေခဲ့ပြီး သွေးများ သွေးမြို့တော်သရဲတက်တူး တစ်ခုလုံးကို ဖုံးလွှမ်းသွားသောအခါမှ ခေါင်းကို မော့လိုက်သည်။
"မှန်တယ်... ငါက အစကတည်းက ခေါင်းဆောင်ပဲ"
အပေါ်ထပ်မှ နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို မြေအောက်အနက်ပိုင်းအထိပင် ခံစားလိုက်ရသည်။ ကရုဏာဖောင်ဒေးရှင်း၏ ဘုရားကျောင်း တိုက်ခိုက်ခံလိုက်ရပြီဖြစ်ကာ တစ်စုံတစ်ယောက်က ဖျက်အားမြင့် ပေါက်ကွဲပစ္စည်းများကို အသုံးပြုလိုက်ခြင်းပင်။
“ပိုင်ဟောက်က တကယ် အချိန်တိကျတာပဲ”
ကောင်းမင်သည် ဤနေရာသို့ မလာမီကတည်းက ဤအစီအစဉ်ကို ကြိုတင်ဆွဲထားခဲ့ခြင်း ဖြစ်သည်။
သူသည် ကောင်စီဝင်စီမေအတွက် အသုံးမဝင်တော့သလို ကောင်စီဝင်စီမေသည်လည်း သူ့အတွက် အရေးမပါတော့ပေ။ လီဆန်းစီ၏ မိခင်မှာ ကောင်စီဝင်စီမေထက် ပို၍ ကိုးကွယ်ထိုက်သော ပစ္စည်းတစ်ခုဖြစ်လာပြီ ဖြစ်သည်။
ဆိုးယုတ်မှုများ တိုးထွက်လာပြီး ကောင်းမင်ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော်တက်တူးက လီဆန်းစီ၏နှလုံးသားထဲမှ ဆိုးယုတ်မှုများနှင့် ပေါင်းစပ်သွား၏။၎င်းက ခေါင်းပြားဆရာဝန်အား ကြိတ်ခြေလိုက်သော အနီရောင်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။
မကြာသေးမီ ရက်များအတွင်း လီဆန်းစီ၏ ဆိုးယုတ်မှုများက သူ့ခန္ဓာကိုယ်ကို ဝါးမြိုသွားခြင်းမှ ကာကွယ်ရန် ကောင်းမင်သည် သူ့စွမ်းအားကို မသုံးမိအောင် ကြိုးစားခဲ့သည်။ လီဆန်းစီနှင့် အမှန်တကယ် ပေါင်းစပ်သွားပါက မည်မျှ ကြောက်စရာကောင်းသွားမည်ကို သူမသိပေ။ နောက်ထပ် တောင်ဘုရင်အသစ်တစ်ဦး မွေးဖွားလာခြင်းလည်း ဖြစ်နိုင်ပေသည်။
သိပ်သည်းလှသော သရဲပုံစံကွက်များက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး အသားနံ့တွင် ထူးဆန်းသော ဆိုးယုတ်မှုများကို သယ်ဆောင်လာသည်။ ကောင်းမင်၏ နောက်ကျောတွင် ဆယ်မီတာခန့် မြင့်မားသော သရဲနတ်ဘုရားကြီးတစ်ပါး ပေါ်လာပုံရသည်။ ၎င်းသည် သားစားကြူးနတ်ဘုရားနှင့် ရှစ်ပုံကိုးပုံခန့် ဆင်တူသော်လည်း အလွန်ပြင်းထန်သည့် မိစ္ဆာမျက်လုံးများ ပါရှိနေသည်။ ၎င်း၏ ခန္ဓာကိုယ်တွင်လည်း အနက်ရောင် ဆိုးယုတ်မှုချိန်းကြိုးများ ထွက်ပေါ်လာလေသည်။
အမှောင်ယဇ်ပလ္လင်အတွင်း ဖြစ်ပျက်နေသမျှ အရာအားလုံးမှာ ပုံရိပ်တစ်ခုသာ ဖြစ်သည်။ အခြား ရှုထောင့်မှ ကြည့်လျှင် တစ်စုံတစ်ယောက်သည် ကောင်းမင်နှင့် လီဆန်းစီတို့ကြား ခန္ဓာကိုယ်ကို လုယူရန် ကြိုးစားနေခြင်းကို မြင်ရမည် ဖြစ်သည်။ယင်းသည် အမှောင်ယဇ်ပလ္လင်ပိုင်ရှင်နှင့် သားစားကြူးနတ်ဘုရားတို့က ကောင်းမင်၏ ခန္ဓာကိုယ်အတွက် တိုက်ပွဲဝင်နေခြင်းလည်း ဖြစ်သည်။
"ဒါက ဘာကြီးလဲ"
ခေါင်းပြားဆရာဝန် မတုံ့ပြန်နိုင်မီမှာပင် အသားမြစ်များ ဖြတ်တောက်ခံလိုက်ရသည်။ ကောင်းမင်၏ လက်ငါးချောင်းက သူ၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် ဆယ်မီတာမြင့်သော နတ်ဘုရားတစ်ပါးက သူ့နှလုံးသားကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရပြီး မည်သို့ပင် ရုန်းကန်သော်လည်း အချည်းနှီးသာ။
"မင်း လူတွေရဲ့ ကိုယ်အင်္ဂါတွေကို အများကြီး ထုတ်ယူခဲ့တယ်၊ တစ်နေ့မှာ မင်းကိုယ်တိုင်လည်း အခေါင်းပေါက်ကြီး ဖြစ်သွားမယ်လို့ စဉ်းစားဖူးလား"
ကောင်းမင်၏ လက်က ဆရာဝန်၏ ဝမ်းဗိုက်အတွင်းသို့ ထိုးဝင်သွားပြီး သူ့အား နံရံမှ ဆွဲထုတ်လိုက်သည်။
ထိုအချိန်တွင် သေနတ်သံများ ထွက်ပေါ်လာတော့သည်။ ကောင်းမင် ရှောင်တိမ်းလိုက်ပြီး ခေါင်းပြား ဆရာဝန်၏ အလောင်းကို နားရွက်ဖြတ်ခံထားရသော အမျိုးသမီးများဆီသို့ ပစ်ပေါက်လိုက်သည်။ သူသည် အခန်းအတွင်းရှိ လျှပ်စစ်မီးကို ဖြတ်တောက်လိုက်ပြီး တားမြစ်နယ်မြေ ရှုထောင့်ကို အသုံးပြု၍ အမှောင်ထဲတွင် သူ၏ အမဲလိုက်ခြင်းကို စတင်လိုက်တော့သည်။
သွေးမြို့တော်သရဲတက်တူးနှင့် ဆိုးယုတ်မှုစွမ်းအားတို့ ပေါင်းစပ်ခြင်းသည် ကောင်းမင်နှင့် လီဆန်းစီကို ပိုမို နက်ရှိုင်းစွာ ပေါင်းစပ်သွားစေမည်ဖြစ်သည်။ သို့သော်လည်း ကောင်းမင်သည် ကောင်စီဝင်စီမေကို သတ်ဖြတ်ရန်နှင့် ကရုဏာဖောင်ဒေးရှင်းကို ထိန်းချုပ်ရန်အတွက် ၎င်းတို့ကို ဂရုမစိုက်နိုင်တော့ပေ။ လူ့အင်္ဂါအစိတ်အပိုင်းများ ထည့်ထားသောပုလင်းများ တစ်ခုပြီးတစ်ခု ပြုတ်ကျကုန်ပြီး ဖော်မလင်နံ့နှင့် အသားညှီနံ့များ ရောနှောသွားသည်။ ကောင်းမင်သည် ထိုအရာများကြားမှ လျင်မြန်စွာ ဖြတ်သန်းသွားကာ ကောင်စီဝင်စီမေဆီသို့ ခုန်ဝင်လိုက်တော့သည်။
***