“ခင်ဗျားသိလား... ကရုဏာကိုယ်တော်က တော်တော်လေး အတွေ့အကြုံရင့်ကျက်တာပဲ၊ မဟုတ်ဘူးလား”
ကောင်းမင်က သူ၏အစစ်အမှန် ရည်ရွယ်ချက်ကို ထိမ်ချန်မထားတော့ဘဲ ခြောက်ကပ်ကပ်ရယ်မောလိုက်ရင်း ပြောလိုက်သည်။
“အကယ်၍ တောင်ဘုရင်က ကျုပ်ခေါင်းကို လိုချင်တယ်ဆိုရင်တော့ သူကိုယ်တိုင်လည်း ကျုပ်နဲ့အတူ ငရဲကိုလိုက်ဖို့ အဆင်သင့်ပြင်ထားသင့်တယ်”
“မင်း သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူးနော်”
ကြင်နာတတ်သော ကိုယ်တော်သည် ကောင်းမင်၏ မြေအောက်ရုံးခန်းအတွင်း၌ သူ၏ ဆိုးယုတ်မှုများ ပေါက်ကွဲထွက်လာပုံနှင့် သူ့နောက်ကျောတွင် ပေါ်လာသော သရဲပုံရိပ်များကို မြင်တွေ့ခဲ့ရသော်လည်း ကောင်းမင်က တောင်ဘုရင်ကို သတ်နိုင်လိမ့်မည်ဟု အယုံအကြည်မရှိသေးပေ။
“ဒါရိုက်တာလီ... စိတ်အေးအေးထားပါဦး”
ကျားယိုကျစ်က ကောင်းမင်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားသည်။
“လက်တွေ့ဘဝက ရုပ်ရှင်မဟုတ်ဘူး၊ ခင်ဗျားမှာ အသက်တစ်ချောင်းပဲရှိတာ၊ အရင်က ကံကောင်းခဲ့တာကို ခင်ဗျားရဲ့ ကိုယ်ပိုင်စွမ်းရည်လို့ အထင်မမှားလိုက်ပါနဲ့”
“တောင်ဘုရင်နဲ့ မြို့တော်ကောင်စီကြားက ဆက်ဆံရေးက တော်တော်လေး ထူးခြားတယ်၊ သူတို့ကြားမှာ သပ်လျှိုဖို့က ခက်ခဲလိမ့်မယ်၊ ဒါ့အပြင် ငါကလည်း တောင်ဘုရင်ရဲ့ ခန္ဓာကိုယ်ကို မျက်စိကျနေတာဆိုတော့”
ကောင်းမင်သည် အန်းလွမ်နှင့် ကွေ့ယွမ်တို့၏ ခန္ဓာကိုယ်များကို ပြန်လည်ရရှိရန်နှင့် တားမြစ်နယ်မြေအတွင်းရှိ ‘နတ်ဘုရား’ ကို ဖျက်ဆီးရန် လိုအပ်သည်။ ၎င်းက အမှောင်ထု၏ အစွမ်းကို သက်ရောက်မှုရှိစေမည်ဖြစ်သည်။ ထို့နောက် အမှောင်ယဇ်ပလ္လင်ကိုသာ ဖျက်ဆီးနိုင်ခဲ့လျှင် ဟန်ဟိုင်းအတွက် အောင်ပွဲလမ်းစ ပွင့်လာပေလိမ့်မည်။
“ခင်ဗျားကလား ၊ တောင်ဘုရင်ကို မျက်စိကျနေတယ် ဟုတ်လား... What the hell?”
ကျားယိုကျစ်က သူ့ထိုင်ခုံပေါ်မှ ဝုန်းခနဲ ထရပ်လိုက်သည်။
“နိုးထတော့”
“ကျုပ်သွားပြီး စီစဉ်စရာရှိတာတွေ လုပ်လိုက်ဦးမယ်”
ကောင်းမင်က ကြင်နာတတ်သောကိုယ်တော်ရှေ့တွင် ရပ်လိုက်သည်။
“ရှင်မလား၊ သေမလားဆိုတာကတော့… ဒါက နောက်ဆုံးတိုက်ပွဲပဲ”
“ကရုဏာဖောင်ဒေးရှင်းက ဘယ်သူမှ မင်းနဲ့အတူ အသေခံမှာမဟုတ်ဘူး၊ တောင်ဘုရင်က ခရိုင် ၂ ထဲကို ခြေချလိုက်တာနဲ့ တခြားကိုယ်တော်နှစ်ပါးက သူ့ခြေဖဝါးနားမှာ ဒူးထောက်ပြီး ဖိနပ်တွေကို ပြေးနမ်းကြမှာပဲ”
ကြင်နာတတ်သော ကိုယ်တော်က ကောင်းမင်အား လက်တွေ့မကျသော စိတ်ကူးများကို စွန့်လွှတ်ရန် ဖျောင်းဖျချင်သော်လည်း မည်သို့ပြောရမှန်းမသိ ဖြစ်နေလေသည်။
“ကျုပ်က ခင်ဗျားကို တောင်ဘုရင်နဲ့ တိုက်ခိုင်းနေတာမဟုတ်ပါဘူး၊ ခင်ဗျားအနေနဲ့ ဆုံးဖြတ်ချက်ကို သေသေချာချာချမှတ်ဖို့နဲ့ အရမ်းစောစောစီးစီး အညံ့မခံဖို့ပဲ ကျုပ်မျှော်လင့်ပါတယ်၊ တောင်ဘုရင်နဲ့ ကျုပ် အပြတ်အသတ် ရှင်းပြီးတဲ့အထိ စောင့်ကြည့်ပေးပါဦး”
ကောင်းမင်က ကိုယ်တော်၏ အင်္ကျီကို ဆွဲကိုင်ကာ သူ့မျက်နှာနှင့် ဆွဲကပ်လိုက်သည်။
“တကယ်လို့ မြေအောက်ရထားလမ်းကနေ အသက်ရှင်လျက် ထွက်လာတာ ကျုပ်ဖြစ်ခဲ့ရင်တော့ ကျုပ်ကို သစ္စာဖောက်တဲ့သူ တစ်ယောက်မကျန် ကျုပ်ကိုယ်တိုင် သတ်ပစ်မယ်”
ကောင်းမင်၏ ယုံကြည်မှုက မည်သည့်နေရာမှ ရောက်လာသနည်းဆိုသည်ကို ကိုယ်တော် နားမလည်နိုင်သော်လည်း ကောင်းမင်၏ လေသံထဲတွင် ဖုံးကွယ်ထား၍မရသော လူသတ်လိုသည့် အငွေ့အသက်များကို ခံစားနေရသည်။
“ကောင်းပြီလေ... ငါ မင်းကို ကတိပေးပါတယ်၊ ကရုဏာဖောင်ဒေးရှင်း ဌာနချုပ်ကို ငါကာကွယ်ထားမယ်၊ အခြေအနေကို ထိန်းသိမ်းဖို့ အစွမ်းကုန်ကြိုးစားပြီး တခြားကိုယ်တော် နှစ်ပါးကိုလည်း ဖျောင်းဖျပေးထားမယ်၊ တခြား ဘာလိုအပ်တာရှိသေးလဲ”
“ပိုက်ဆံနဲ့ ဆေးဝါးတွေက ကျုပ်အတွက် အသုံးမဝင်ဘူး၊ သေနတ်တွေကလည်း တားမြစ်နယ်မြေထဲမှာ အကန့်အသတ်နဲ့ပဲ သုံးလို့ရတာ၊ တောင်ဘုရင်လို မကောင်းဆိုးဝါးမျိုးကို ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး၊ တကယ်လို့ ခင်ဗျားတကယ်ကူညီချင်တယ်ဆိုရင်တော့ ကရုဏာဖောင်ဒေးရှင်းရဲ့ တခြားလျှို့ဝှက်ရတနာတွေထဲက တားမြစ်ပုလင်းတွေကိုပဲပေးပါ”
“ကောင်းပြီလေ”
...
သုံးရက်ကြာပြီးနောက်။
ခရိုင် ၂ နှင့် ခရိုင် ၃ စပ်ကြားရှိ လူနေအိမ်ရာတစ်ခု၏ အမိုးပေါ်တွင် တောင်ဘုရင်သည် တင်ပျဉ်ခွေထိုင်ရင်း အသက်ရှူထုတ်လိုက်ရာ မြူခိုးများ ထွက်ပေါ်လာ၏။ နေရောင်ခြည်မှာ ပုံပျက်နေပြီး သူ့အား ဆိုးယုတ်မှုများနှင့် အရိပ်များ ဖုံးလွှမ်းနေခဲ့သည်။ သူရပ်နေသော နေရာသည် လက်တွေ့ဘဝနှင့် တားမြစ်နယ်မြေတို့၏ ဆုံမှတ်နှင့် တူနေလေသည်။
“တောင်ဘုရင်က ဒဏ်ရာတွေ ကုသနေတာမို့လို့ ဧည့်သည်မလက်ခံပါဘူး”
“လမ်းဖယ်စမ်း”
ဒေါသထွက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“တောင်ဘုရင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး”
“ဒိုင်း”
သေနတ်သံတစ်ချက်က နံနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ကောင်စီဝင် ယွမ်နျန်၏ ဝဖြိုးသော ခန္ဓာကိုယ်က သစ်သားတံခါးကို တိုးဝှေ့ကာ ဝင်ရောက်လာလေသည်။ သူ့ဖိနပ်များပေါ်တွင် သွေးများ စွန်းထင်းနေပြီး သူ့နောက်တွင် အနီရောင်ဝတ်စုံဝတ် မြို့တော်ကောင်စီ ဝန်ထမ်းနှစ်ဦး လိုက်ပါလာကြသည်။
“တောင်ဘုရင်... ကရုဏာဖောင်ဒေးရှင်းကို ဖျက်ဆီးဖို့ဆိုတာ ခင်ဗျားအတွက်တော့ ကိတ်ခွဲသလိုပါပဲ၊ ဘာလို့ ခရိုင် ၃ ထဲမှာ သုံးရက်တောင် အချိန်ဖြုန်းနေပြီး အထဲမဝင်သေးတာလဲ”
အမိုးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော တောင်ဘုရင်မှာ မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည်။
“တားမြစ်နယ်မြေက ထိန်းချုပ်မရတော့ဘူး၊ မြို့တော်ကလည်း ရှုပ်ထွေးနေပြီ၊ ဒီမကောင်းဆိုးဝါးတွေက လူတွေကို သွေးထိုးပေးပြီး နေရာအနှံ့မှာ ပြဿနာရှာနေကြတာ၊ သူတို့ကို အမြန်ဆုံး နှိမ်နင်းရမယ်”
ကောင်စီဝင် ယွမ်နျန်က သူ၏ ဝဖြိုးသောခန္ဓာကိုယ်ကို လှုပ်ရှားကာ ခြေတစ်လှမ်းချင်းစီ ချဉ်းကပ်လာသည်။
“ခင်ဗျား ဘယ်လိုမျိုး တောင်ဘုရင် ဖြစ်လာတယ်ဆိုတာကို မမေ့နဲ့”
သူ့မျက်ခွံများ ပွင့်ဟလာ၏။ သူ့အကြည့်သည် လျှပ်စီးကဲ့သို့ ထက်မြက်လှပြီး ဧရာမ ကျားကြီးတစ်ကောင် မျက်လုံးဖွင့်လိုက်သကဲ့သို့ပင်။ ထိုအေးစက်သော အရှိန်အဝါက ကောင်စီဝင် ယွမ်နျန်ကို ကြောက်လန့်သွားစေပြီး တစ်ကိုယ်လုံး တုန်ရီသွားစေသည်။ သူ၏ လှမ်းလက်စ ခြေထောက်မှာ မြေပြင်ကို မထိရဲတော့ဘဲ ထိုနေရာမှာတင် ကျောက်ရုပ်အလား ဖြစ်သွားတော့သည်။ နောက်ဆုံး အသက်ရှူထုတ်ပြီးနောက် တောင်ဘုရင်က ထရပ်လိုက်သည်။ ကြောက်စရာကောင်းသော ဒဏ်ရာအများစုမှာ ကျက်သွားပြီဖြစ်သော်လည်း သူ့ကျောဘက်နှင့် နံရံများတွင်မူ သွေးများ စီးကျနေဆဲဖြစ်သည်။ ဒဏ်ရာများအတွင်း၌ အနက်ရောင်စာလုံးများမှာ ကျိန်စာတိုက်ခံထားရသကဲ့သို့ လှုပ်ရှားနေကြသည်။
“ပခုံးတံဆိပ်တွေနဲ့ ညရဲတွေက ကိုင်တွယ်ရခက်တယ်၊ ငါလည်း ဒဏ်ရာတချို့ ရခဲ့လို့ ကုသဖို့ အချိန်လိုအပ်တယ်”
တောင်ဘုရင်က ဝဖြိုးသော ယွမ်နျန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“အထက်လူကြီးတွေက ဖိအားပေးနေပြီ၊ ခင်ဗျား ဘယ်တော့လောက်စဖို့ စီစဉ်ထားလဲ”
“ငါ့ဒဏ်ရာတွေ မကျက်သေးဘူး၊ ဒါကြောင့် မဆင်မခြင် မလုပ်ရဲဘူး၊ ကရုဏာဖောင်ဒေးရှင်းက ညရဲတွေလို အပြင်လူတွေနဲ့ မတူဘူး၊ သူတို့က ငါတို့လူတွေပဲ”
တောင်ဘုရင် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ကြီးမားသော ဖိအားများကို ဖြစ်ပေါ်စေသည်။ မြို့တော်ကောင်စီ၏ ကိုယ်စားလှယ်ဖြစ်သော ယွမ်နျန်မှာ အလွန်အင်အားကြီးမားသင့်သော်လည်း ယခုမူ တရစပ် နောက်ဆုတ်နေရသည်။
“ခင်ဗျား မြို့တော်ကောင်စီဆီက တောင်းဆိုထားတာတွေကို ယူလာပေးတယ်၊ ဒါက ခင်ဗျားရဲ့ ဒဏ်ရာတွေ ကုသဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်”
ယွမ်နျန်၏ လေသံက ပျော့ပြောင်းသွား၏။ အနီရောင်ဝတ်စုံဝတ် ဝန်ထမ်းနှစ်ဦးက သေတ္တာတစ်လုံးကို သယ်ယူလာ၏။ ၎င်းကို ဖွင့်လိုက်သောအခါ ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်လာသည်။
“ဒါကို မြို့တော်ကောင်စီက အနက်ရောင်တောင်တန်း တားမြစ်နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာကနေ တူးဖော်ခဲ့တာ၊ ကောင်စီရဲ့ တစ်နှစ်စာခွဲတမ်းရဲ့ သုံးပုံတစ်ပုံနီးပါး ရှိပါတယ်”
“ဘာလို့ ငါ့စကားကို အစောကြီးကတည်းက နားမထောင်ခဲ့တာလဲ”
တောင်ဘုရင်က သေတ္တာထဲမှ အရာများကို တစ်ချက်ကြည့်လိုက်ရာ သူ၏ လူသတ်လိုသော အငွေ့အသက်များမှာ တဖြည်းဖြည်း လျော့ပါးသွားသည်။
“ဒီနေ့ မွန်းတည့်ချိန်မှာ ကရုဏာဖောင်ဒေးရှင်းဆီ သွားပြီး သူတို့ရဲ့ ‘နတ်ဘုရား’ ကို ငါ သွားကြည့်လိုက်မယ်”
“ခင်ဗျားရဲ့ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ၊ ပင်ပန်းသွားရပြီ”
ကောင်စီဝင်ယွမ်နျန်က ထိုသေတ္တာကို နှမြောတသစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို အချက်ပြလိုက်သည်။
“သွားကြစို့”
“နေဦး”
တောင်ဘုရင်က ပြုံးလိုက်ပြီး သူ့လက်ကို မြှောက်လိုက်သည်။
“ခုနက သေနတ်သံတွေ ကြားလိုက်ပါတယ်၊ ငါ့နယ်မြေထဲမှာ ငါ့လူကို သတ်သွားတာပဲ၊ မင်းဘေးက ဒီကောင်လေးနှစ်ယောက် ပစ်လိုက်တာ မဟုတ်လား”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ တားမြစ်နယ်မြေများတွင်သာ တွေ့ရလေ့ရှိသော ထူထဲသော သွေးကြောများမှာ အမိုးပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာလေသည်။ ထိုဝန်ထမ်းနှစ်ယောက်မှာ ဧရာမမြွေဟောက်များ၏ အကိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ တောင်ဘုရင်က သူ၏လက်ကို တင်းကျပ်လိုက်သောအခါ သူတို့၏ ခန္ဓာကိုယ်များ ပုံပျက်သွားပြီး အရိုးများ ကျိုးကြေသွား၏။ အရိုးစများက အရေပြားကို ဖောက်ထွက်လာပြီး ခန္ဓာကိုယ်အနှံ့မှ သွေးများ ပန်းထွက်လာတော့သည်။
“မင်း သွားလို့ရပြီ၊ ဒါပေမဲ့ သူတို့ကတော့ ဒီမှာပဲ နေခဲ့ရမယ်”
ကောင်စီဝင်ယွမ်နျန်သည် နောက်ပြန်လှည့်မကြည့်တော့ဘဲ လက်ကိုင်ပုဝါကို ထုတ်၍ နဖူးမှ ချွေးများကို သုတ်ရင်း ခြေလှမ်းများကို မြှင့်ကာ အမိုးပေါ်မှ အမြန်ထွက်ခွာသွားတော့သည်။
အမိုးပေါ်တွင် ရယ်မောသံများ ပဲ့တင်ထပ်သွားသည်။ ကောင်စီဝင်ယွမ်နျန် ထွက်သွားပြီးနောက် ယင်ရှို့နှင့် သန့်ရှင်းရေးဝန်ထမ်းနှစ်ဦးတို့ အမိုးပေါ်သို့ ရောက်လာကြသည်။သူတို့က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်လိုက်ကြသည်။
“တောင်ဘုရင်... ကရုဏာဖောင်ဒေးရှင်းရဲ့ အခြေအနေကို စုံစမ်းပြီးပါပြီ၊ သူတို့က အပြင်လူတွေနဲ့ ပူးပေါင်းနေကြတာပါ၊ ဒါပေမဲ့ အဲ့ဒီ ‘နတ်ဘုရား’ မှာတော့ အပြင်လူရဲ့ အငွေ့အသက်မရှိပါဘူး၊ သူက တားမြစ်နယ်မြေထဲကနေ ထွက်ပြေးလာတာ ဖြစ်ရမယ်”
“သူ့ရဲ့ နောက်ခံကို မသိရဘူးလား”
“အသင့်ရဲ့ လက်အောက်ငယ်သားက မစွမ်းဆောင်နိုင်ခဲ့ပါဘူး”
ယင်ရှို့၏ ဦးခေါင်းသည် ကြမ်းပြင်နှင့် ထိလုနီးပါး ဖြစ်နေချေသည်။ သူသည် ကြက်ကလေးတစ်ကောင်ကဲ့သို့ အလွန်ပင် ရိုသေကိုင်းညွတ်နေလေသည်။
“ငါတို့ရဲ့ မှောင်ခိုဈေးကွက် သတင်းကွန်ရက်ကတောင် ဘာမှ ရှာမတွေ့ဘူးဆိုတော့ တစ်ဖက်လူက ငါ့လိုမျိုး ဖြစ်နေဖို့ များတယ်”
တောင်ဘုရင်က သေတ္တာထဲကို လက်နှိုက်လိုက်ပြီး စေးကပ်နေဆဲဖြစ်သော အသားတစ်ဆုပ်ကို ဆွဲထုတ်လိုက်သည်။
“ဒီမြို့ကြီးက နတ်ဘုရားရဲ့ စိတ်ဆန္ဒနဲ့ ခန္ဓာကိုယ်ပဲ၊ယဇ်ပလ္လင်က မြို့တော်ရဲ့ အုတ်မြစ်ကို ကိုယ်စားပြုတယ်၊ မြို့တော်ကောင်စီခန်းမကတော့ အမှောင်စည်းမျဉ်းတွေကို ကိုယ်စားပြုပြီး ငါကတော့ နတ်ဘုရားတွေရဲ့ အကန့်အသတ်မဲ့ လွတ်လပ်တဲ့ဆန္ဒကို ကိုယ်စားပြုတယ်၊ တခြား တားမြစ်နယ်မြေတွေမှာတော့ နတ်ဘုရားရဲ့ မှတ်ဉာဏ်တွေ၊ ဝိညာဉ်နဲ့ အသားတွေကို ဝှက်ထားကြတယ်၊ အနက်ရှိုင်းဆုံးအမှောင်ထုကို ရှာဖွေရာမှာ အဲ့ဒါက များသောအားဖြင့် သူ့ကိုယ်သူ အစိတ်အပိုင်း အမျိုးမျိုး ခွဲထုတ်လိုက်ပြီး အမှောင်ထုထဲမှာ နစ်မြုပ်စေတယ်၊ ဆိုးယုတ်မှုတွေကို သုံးပြီး တစ်ခုနဲ့တစ်ခု အပြန်အလှန် စူးစမ်းကြရင်း ပိုပြီးဆိုးယုတ်တဲ့ ကိုယ်ပွားတစ်ခုကို မွေးမြူဖို့ ကြိုးစားနေတာပဲ”
ယင်ရှို့မှာ နားမထောင်ရဲသလို နားမထောင်ဘဲလည်း မနေရဲပေ။ သူသည် ကျောက်ရုပ်တစ်ခုကဲ့သို့ ငြိမ်သက်စွာ နေနေရသည်။
“နတ်ဘုရားရဲ့ အစိတ်အပိုင်းတိုင်းက အဆုံးစွန်မကောင်းမှုကိုပဲ လိုက်စားကြတာ၊ ဒါပေမဲ့ ကရုဏာဖောင်ဒေးရှင်းမှာ ကပ်ဘေးတွေကို ကုသပေးချင်တဲ့ ‘နတ်ဘုရား’ တစ်ပါး ပေါ်လာတယ်ဆိုတာ... တော်တော်လေး ထူးဆန်းတယ်”
***